လိပ်နက်
Vol. 117 Ch. 1606
“အရှင်မီးတောက်…အတိတ်တုန်းက ကိစ္စဟာ သင် ထင်ထားသလို မဟုတ်ဘူး…”
အရှင်ကျုံးရွှမ်သည် သူ့ဆရာကြောင့် နောင်တကြီးစွာ ရမိနေသလို ဝမ်းနည်းမှုတို့လည်း ပြည့်နှက်နေ၏။ သူ ထွက်ခွာသွားသည့်နောက် အရှင်မီးတောက်ထံ စိတ်ရှုပ်ထွေးဟန်ဖြင့် ပြန်လှည့်ကြည့်လိုက်သည်။
အရှင်လုံဖန် ဖန်တီးလိုက်သော မုန်တိုင်းသည် အနီရောင်အလင်းကို ဖျက်စီးကာ ချိပ်ပိတ်မှုအားလုံးကို ပြေလျော့သွားစေသည်။ သို့ဖြစ်၍ ခုနစ်ရောင်စုံနယ်မြေသည် ဝမ်လင်းရှေ့တွင် ရှင်းလင်းစွာ ပေါ်လာသည်။
အက်ကြောင်းအဟအတွင်းမှ ခုနစ်ရောင်စုံအလင်း တောက်ပနေလျက် ရူးသွပ်စွာအော်သံတစ်သံ အတွင်းမှ ထွက်ပေါ်လာနေ၏။ ထိုအသံထဲ၌ သွေးဆာမှု၊ သတ်ဖြတ်လိုမှုတို့ဖြင့်သာ ပြည့်နှက်သည်။
ထိုအသံကို နားထောင်နေရင်း ဝမ်လင်းသည် တည်ငြိမ်လာ၏။ သူက ခုနစ်ရောင်စုံအက်ကွဲကြောင်းကို ငြိမ်သက်စွာ ကြည့်နေသည်။ အချိန်အတန်ကြာပြီးနောက် သူက အရှင်မီးတောက်ကို ပြန်လှည့်ကြည့်လိုက်သည်။
အရှင်မီးတောက်၏အကြည့်က အရှင်ကျုံးရွှမ် ပျောက်ကွယ်သွားသော နေရာသို့ မြဲမြံစွာ ကျရောက်နေဆဲပင်။ သူ၏မျက်လုံးထဲရှိ အမုန်းတရားသည် ပြင်းထန်လှ၏။
ဝမ်လင်းသည် အရှင်မီးတောက်နှင့် အရှင်ကျုံးရွှမ်တို့ကြားရှိ ရန်ငြှိုးနှင့် ပတ်သတ်၍ မသိပေ။ သို့ပေမည့် အရှင်မီးတောက်က အလုံးစုံကောင်းကင်သို့ ထွက်ပြေးလွန်မြောက်လာပြီးနောက် မဟာမိတ်ကို တိုက်ခိုက်နိုင်ရန် အရာအားလုံးကို လုပ်ဆောင်ခဲ့ပေသည်။ ထိုအဖြစ်က သူတို့နှစ်ယောက်ကြားမှ ရန်ငြှိုးသည် ပင်လယ်တမျှ နက်ရှိုင်းမည်ကို မီးမောင်းထိုးပြနေပေသည်။
“ဒီကိစ္စနဲ့ ပတ်သတ်လို့တော့ ငါ သင့်ကို မကူညီပေးနိုင်ဘူး..” ဝမ်လင်းသည် သက်ပြင်းချမိ၏။ သူက အမုန်း၏စွမ်းအားကို သိထားသည်။ ထိုအမုန်းတရားက လူတစ်ယောက်ကို ရူးသွပ်သွားစေဖို့ထိ လုံလောက်ပေ၏။
အရှင်မီးတောက်သည် ငြိမ်သက်စွာ စဉ်းစားနေ၏။ အချိန်အတန်ကြာပြီးနောက်မှ သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။ သူက လက်နှစ်ဖက်ဆုပ်ကာ ခပ်တိုးတိုး ပြောလာသည်။ “ဂျူနီယာနဲ့ အရှင်ကျုံးရွှမ်တို့ကြားက ကိစ္စဟာ ကိုယ်ရေးကိုယ်တာပါ။ ဒါ့ကြောင့် ချိပ်ပိတ်နယ်မြေအရှင်အနေနဲ့ စိတ်ပူပေးဖို့ မလိုအပ်ပါဘူး။ အခုအခြေအနေကသာ ပိုအရေးကြီးပါတယ်။ ဂျူနီယာ ဒါကို နားလည်ပါတယ်။ ဒီစစ်ပွဲ အဆုံးသပ်မှာ ဂျူနီယာ သေသွားခဲ့ရင်တော့ ဒီကိစ္စဟာ အပြီးသပ်သွားလိမ့်မယ်။ ဒါမှမဟုတ် သူ သေသွားခဲ့ရင်ပေါ့…”
“ဒါပေမဲ့ အဆုံးသပ်မှာ ဂျူနီယာတို့ နှစ်ယောက်လုံး အသက်ရှင်လျက် ရှိနေခဲ့ရင်တော့ ဂျူနီယာ ပြန်လက်စားချေနိုင်မယ့် အချိန် ရောက်လာအုံးမှာပါ…” အရှင်မီးတောက်သည် သူ့မျက်လုံးထဲရှိ အမုန်းတရားကို ပြန်ဖုံးကွယ်ထားလိုက်သည်။ သူသည် နှစ်ပေါင်းများစွာ သည်းခံတောင်ခံခဲ့ရ၏။ ထို့အတွက် သူ့အဖို့ နောက်ထပ်နည်းနည်း အချိန်ထပ်စောင့်ရခြင်းသည် ပြဿနာ မဟုတ်ပေ။
သူသည် အတိတ်တုန်းက ဖြစ်ပျက်ခဲ့မှုကို ဘယ်တော့မှ မေ့နိုင်လိမ့်မည် မဟုတ်ပေ။ သူသည် မူလတုန်းက အရှင်ကျုံးရွှမ်နှင့် အကောင်းဆုံးမိတ်ဆွေတွေ ဖြစ်ခဲ့ကြ၏။ အရှင်ကျုံးရွှမ်ကြောင့်လည်း သူနှင့် သူ့တာအိုလက်တွဲဖော်တို့သည် မဟာမိတ်အဖွဲ့သို့ ဝင်ရောက်ခဲ့ကြခြင်းပင်။
သူတို့သုံးယောက်သည် မကြာဆိုသလို တာအို ဆွေးနွေးခဲ့ကြသည်။ သူသည် အရှင်ကျုံးရွှမ်ကြောင့်လည်း ဉာဏ်အလင်းများ ရခဲ့ရာ ထို့အတွက် သူသည် အရှင်ကျုံးရွှမ်ကို နာခံလိုသော ဆန္ဒ ရှိခဲ့သည်။ အရှင်ကျုံးရွှမ်ကလည်း အလွန်ကောင်းမွန်ခဲ့ကာ သူတို့နှစ်ယောက်သည် မိတ်ဆွေကောင်းများ ဖြစ်ခဲ့သည်။
သို့ပေမည့် ထိုဆက်ဆံရေးသည် ကိစ္စတစ်ခုကြောင့် ပြောင်းလဲသွားခဲ့၏။ အရှင်မီးတောက်သည် သူ့စိတ်အတွင်း၌ ရေးထွင်းနေသော ထိုမှတ်ဉာဏ်ကို ပြန်တွေးမိတိုင်း ကျင့်ကြံနေရာကနေ မကြာဆိုသလို နိုးထခဲ့ရသည်။ အကြိမ်တိုင်းတွင် သူသည် လက်သီးတင်းတင်း ဆုပ်မိကာ ရှက်ခြင်း၊ဒေါသဖြစ်ခြင်းတို့ကြောင့် အော်ဟစ်ခဲ့ရသည်။
သူက ထိုအတိတ်ကို ပြန်မတွေးမိချင်ပေ။ သို့သော် ထိုမှတ်ဉာဏ်မှာ သူ့စိတ်ထဲ၌ နက်ရှိုင်းစွာ ရှိနေပြီး သူ့စိတ်နှလုံးတွင်း ဆူးတစ်ချောင်း ဖြစ်လာခဲ့သည်။ ထိုဆူးသည် သူ့ခန္ဓာကိုယ်အတွင်း နက်ရှိုင်းစွာ မြှုပ်နှံ့ထား၏။
ဝမ်လင်းသည် သက်ပြင်းချကာ ခေါင်းယမ်းလိုက်၏။ “သင် နဂါးနက်ရဲ့ အပူဇော်ခံမီးတောက် စွမ်းအားကို စုပ်ယူနိုင်ခဲ့ရင် သင့်အတွက် အတော်လေး အကျိုးရှိနိုင်လိမ့်မယ်…။ အခုတော့ ငါ ခုနစ်ရောင်စုံနယ်မြေထဲ ဝင်ရောက်တော့မယ်။ အန္တရာယ်များလွန်းတဲ့အတွက် ငါ့ နောက်လိုက်မလာတော့နဲ့…”
အရှင်မီးတောက်သည် ခေါင်းညိတ်လိုက်၏။ သူက ဝမ်လင်းကို နှုတ်ဆက်စကား ဆိုပြီးနောက် ထွက်သွားတော့သည်။
အရှင်မီးတောက် ထွက်သွားပြီးမှ ဝမ်လင်းက သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်၏။ အရှင်မီးတောက်နှင့် အရှင်ကျုံးရွှမ်တို့ကြား အမုန်းတရားသည် သူတို့၏ကိုယ်ရေးကိုယ်တာ ကိစ္စဖြစ်သည်မှာ ထင်ရှား၏။ ဝမ်လင်းသည် မခန့်မှန်းကြည့်ချင်ပေ။ သူက ခန့်မှန်းကြည့်ဖို့လည်း မကြိုးစားပေ။
စဉ်းစားနေရင်း ဝမ်လင်းသည် ခုနစ်ရောင်စုံနယ်မြေထံ လှမ်းလျှောက်လာ၏။ သူက မမြန်လွန်းပေ။ သို့သော် ခြေလှမ်းတိုင်းမှာ ပြတ်သားမှုတို့ ပြည့်နေသည်။ သူသည် ခုနစ်ရောင်စုံနယ်မြေအတွင်းသို့ နောက်မတွန့်ဘဲ ဝင်ရောက်လာတော့၏။
ထိုလောကသည် ခုနစ်ရောင်စုံအလင်းများနှင့် ပြည့်နေကာ မြေပြင်ထက်တွင် ရောင်ပြန်ဟပ်နေ၏။ ယင်းမြင်ကွင်းကား ကျက်သရေရှိ လှပကာ ထိုလောကအတွင်း၌ လူတစ်ယောက်သည် ကိုယ့်ကိုယ်ကိုယ် ဆုံးရှုံးသွားဖို့ရာ လွယ်ကူပေမည်။
သက်တန့်ကဲ့သို့ ခုနစ်ရောင်စုံများ။
ဝမ်လင်းသည် ခုနစ်ရောင်စုံနယ်မြေ၏ ကောင်းကင်ထက်တွင် ရပ်ကာ လေ့လာကြည့်နေ၏။ သည်နယ်မြေက သူ အရင်က ဝင်ရောက်ခဲ့ဖူသော နယ်မြေနှင့် သိပ်တော့ တူမနေပေ။ ဒီနေရာတွင် တောင်များ နေရာအနှံ့တွင် ရှိနေသော်လည်း ယင်းတို့က ကြီးမားသောအစီအရင်ကြီးတစ်ခုအသွင် ဖြစ်ပေါ်နေဟန် တူ၏။
ထိုအစီအရင်ကို တောင်ပေါင်းတစ်သိန်းနီးပါးနှင့် ပြုလုပ်ထားခြင်းပင်။ ၎င်းထံမှ ပြင်းထန်သောအော်ရာတစ်ခုကို ပေးစွမ်းနေ၏။
တောင်တိုင်းသည် အစီအရင်၏အစိတ်အပိုင်း ဖြစ်ကြ၏။ အတွင်းနက်ပိုင်းရှိ တောင်သည် မိုးထိထိုးနေကာ ခုနစ်ရောင်စုံတိမ်ထုများဖြင့် ခြုံလွှမ်းထားသည်။
ပို၍ တုန်လှုပ်ဖွယ်ကောင်းသည်မှာ ထိုတောင်ပေါင်းတစ်သိန်းလုံးတွင် ကျင့်ကြံသူတစ်ယောက်စီ ထိုင်နေကြခြင်း ဖြစ်သည်။
သူတို့သည် ကျင့်ကြံနေခြင်း မဟုတ်ပေ။ နာကျင်စွာ အော်ဟစ်နေခြင်း ဖြစ်၏။ သူတို့၏ အော်သံများက အတူတကွ ပေါင်းစပ်ကာ ဗလုံးဗထွေးအသံတစ်ခုအဖြစ် ကောင်းကင်နှင့်မြေကြီး တလျှောက် ပဲ့တင်ထပ်နေ၏။
ထိုအော်သံကို ခုနစ်ရောင်စုံနယ်မြေ အပြင်ဘက်မှ ကြားရနိုင်မည် မဟုတ်ပါ။ သို့သော် သင်သာ ဒီနယ်မြေအတွင်း၌ ရှိနေပါက ၎င်းအသံသည် သင့်စိတ်အတွင်းသို့ တိုက်ရိုက် ဝင်ရောက်လာလိမ့်မည်။ ၎င်းအော်သံမှာ တစ္ဆေတစ်သိန်း၏ ရုန်းကန်အော်မြည်သံများပင်။ ၎င်းအသံသည် အလွန်ပြင်းထန်ရာ လောကကိုပါ လှုပ်ခါစေနိုင်လောက်၏။
ထိုကျင့်ကြံသူတိုင်း၏ ခန္ဓာကိုယ်များထဲတွင် ထက်ရှသော စူးများ နစ်ဝင်နေ၏။ သူတို့သည် ကျင့်ကြံနေသည့်ပုံနှင့် တစ်စက်မျှ မတူပေ။ သူတို့က ထိုစူးများကို အတင်းအကြပ် ပြန်ထုတ်ဖယ်နေသည့် အသွင်ဟန်ပန်နှင့် ပိုတူနေပေ၏။
ကျင့်ကြံသူတိုင်းက ခေါင်းမော့ထားကြပြီး အော်ငြီးသံများ ထုတ်ဖော်ကာ မျက်လုံးဟောက်ပက်ဖြင့် ကောင်းကင်ထက်သို့ ကြည့်နေလေသည်။
ထိုကျင့်ကြံသူများထံမှ သွေးများအဆတ်မပြတ် ထွက်ကာ တောင်ပေါ်သို့ ကျဆင်းနေသည့်အလား။
သွေးကမူ မများလှပေ။ တောင်တစ်တောင်ပေါ်တွင် လူတစ်ယောက်သာ ရှိသည့်အတွက် တောင်နှင့်ယှဉ်ပါက သွေးပမာဏသည် မပြောပလောက်တော့ပေ။ သို့ပေမည့် ထိုသွေးများက နှစ်ပေါင်းများစွာ အဆက်မပြတ် စီးကျနေခဲ့၏။ ထိုနေရာရှိ ပိတ်မိနေသော ထိုကျင့်ကြံသူများ မသေသေးသ၍ သူတို့၏ခန္ဓာကိုယ်များက သွေးများ ဖန်တီးပေးနေအုံးမည်သာ။
တောင်တစ်တောင်ချင်းစီထံမှ အနီရောင်အခိုးငွေ့များ ထွက်ပေါ်ကာ ခုနစ်ရောင်စုံတိမ်စိုင်ထုများနှင့် အမြင့်ဆုံးတောင်ထံသို့ ဦးတည်ဝင်ရောက်ကုန်၏။
တောင်တစ်သိန်း၊ ကျင့်ကြံသူတစ်သိန်း။
ထိုကျင့်ကြံသူများထဲမှ တစ်ဝက်သည် သူတို့၏မျက်ခုံးများကြား၌ အမှတ်အသားများ ရှိကြ၏။ သူတို့သည် ပြင်ပနယ်မြေမှ ကျင့်ကြံသူများ ဖြစ်သည်မှာ ရှင်းလင်းပေသည်။ ကျန်တစ်ဝက်ကမူ မဟာမိတ်မှ ကျင့်ကြံသူများ ဖြစ်ဟန်တူ၏။ သူတို့ ဒီနေရာတွင် ရုန်းကန်နေရသည်မှာ အချိန်မည်မျှ ရှိသွားခဲ့ပြီကို မသိရနိုင်တော့ပေ။
သည်ခုနစ်ရောင်စုံနယ်မြေ၌ သွေးနံ့များ ပြည့်နေကာ ခုနစ်ရောင်စုံတိမ်စိုင်များနှင့် ပေါင်းစပ်နေသည့်ဟန်ပင်။ ၎င်းက လှပသောခုနစ်ရောင်စုံကို နတ်ဆိုးဆန်စေ၏။
တစ္ဆေကဲ့သို့ အရိပ်များကလည်း တောင်ပေါင်းတစ်သိန်းကြားတွင် မြောလွင့်လျက် ရှိ၏။ သူတို့က တာအိုကျမ်းစာများကို ရေရွတ်နေသည်။
တောင်ပေါင်းတစ်သိန်းကြားတွင် စိတ်ရှုပ်ထွေးဟန် အမူအရာဖြင့် လျှောက်နေသော အလောင်းကောင်များလည်း ရှိကြ၏။ သူတို့၏ဝတ်စုံများမှာ ဆုတ်ပြဲနေသလို မျက်လုံးများက မီးခိုးရောင်သန်းနေသည်။
ဝမ်လင်းသည် သူ့ရှေ့ရှိ အရာအားလုံးကို ကြည့်နေ၏။ အချိန်အတန်ကြာပြီးနောက် သူက ရှေ့သို့ ဖြည်းဖြည်းချင်း လျှောက်လှမ်းလာကာ တောင်တစ်သိန်းထံ ဝင်ရောက်လာ၏။ သူနီးကပ်လာနေရင်း တောင်များအတွင်းရှိ အတားအဆီးကို စွဲဆောင်မိသွားပြီးနောက် အတောမသပ်နိုင်သော အော်မြည်သံများမှာ ရုတ်တရက် ရပ်တန့်သွားသည့်ပုံပင်။
မူလတုန်းက ကောင်းကင်ထက်သို့ ကြည့်နေသော တောင်များပေါ်ရှိ ကျင့်ကြံသူတိုင်း၏ အကြည့်က ရုတ်တရက် ဝမ်လင်းထံ ကျရောက်လာ၏။ သူတို့က ဆက်လက် အော်မြည်ငြီးငြူခြင်း မရှိတော့။ သူတို့၏ ရှုပ်ထွေးသောအကြည့်များထဲ၌ ခုချိန်တွင် မကျေမချမ်းမှုများ ပြည့်လာကာ ဝမ်လင်းကို စိုက်ကြည့်လေသည်။
ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်သွား၏။ ထိုသူများ၏အကြည့်က သူ့ပေါ်သို့ ကျရောက်လာသည့်အခါ သူက ခဏတာ ခြေလှမ်း ရပ်တန့်သွားသည်။
တစ်ချိန်တည်းမှာ တောင်များကြား မြောလွင့်နေသော ဉာဏ်အလင်းရသူများကလည်း ရုတ်တရက် ရေရွတ်ခြင်းကို ရပ်တန့်သည်။ သူတို့၏ မျက်လုံးဟောက်ပက်များဖြင့် ဝမ်လင်းကို စိုက်ကြည့်ကြသည်။
ဝမ်လင်း ထွက်ပေါ်လာမှုက ဒီနေရာရှိ မျှခြေတစ်ခုကို ဖျက်စီးလိုက်သည့်နှယ်။ သို့မဟုတ် သက်ရှိတစ်ယောက်က သေလူများကြားတွင် ရုတ်ချည်း ပေါ်လာသည့်အလား။
“သွေး…သွေး…” အလွန်တရာ တိတ်ဆိတ်သွားပြီးနောက် ဝမ်လင်းနှင့် အနီးဆုံးရှိ တောင်တစ်လုံးထံမှ ပင့်သက်ရှိုက်ငိုသံတစ်သံ ထွက်ပေါ်လာ၏။ ၎င်းအသံမှာ ပြင်ပနယ်မြေ ကျင့်ကြံသူတစ်ယောက်၏ ပါးစပ်မှ ထွက်လာခြင်းပင်။
ထိုအသံ ပေါ်လာသည့်အခါတွင် နောက်ထပ် ရှိုက်သံများ ထွက်ပေါ်လာတော့သညည်။ ကျင့်ကြံသူအားလုံးသည် တူညီသောအရာတစ်ခုကိုသာ ပြောကြလေ၏။
“သွေး…သွေး…” ထိုကျင့်ကြံသူတစ်သိန်း၏ မျက်လုံးများသည် ချင်းချင်းနီရဲနေ၏။ သူတို့သည် ဝမ်လင်းကို စိုက်ကြည့်နေရင်း ဗလုံးဗထွေးအော်ဟစ်လိုက်ကြသည်။
ထိုအခိုက်တွင် တောင်ထိပ်တစ်ခုပေါ်မှ ကျင့်ကြံသူတစ်ယောက်သည် သွေးအန်ထုတ်လိုက်၏။ ထိုသွေးမြူသည် ပျံ့နှံ့လာကာ သူ၏သွေးအတွင်း၌ မရေမတွက်နိုင်သော အရိပ်များ ရှိနေသည့်အလား ထင်မှတ်ရသည်။
သိပ်မကြာခင်မှာ နောက်ထပ်ကျင့်ကြံသူများသည် သွေးအန်ကြသည်။ သွေးမြူများ ကောင်းကင်ထက်တွင် မြန်ဆန်စွာ ပြည့်နှက်ကုန်ကာ စုဝေးလေ၏။
ဝမ်လင်း၏မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွားသည်။ သူသည် ဆက်လက်၍ နှေးဖင့်မနေတော့ပေ။ ရှေ့သို့ လှမ်းကာ မြန်ဆန်စွာ ရွှေ့လျား၏။
သူသည် အလွန်မြန်သည်။ သွေးမြူများ လုံးဝ မပေါင်းစပ်နိုင်ခင်မှာ သူသည် အကွာအဝေးတစ်ခုထံသို့ တရကြမ်း တိုးဝင်လာခဲ့ပြီး ဖြစ်၏။ သူက တောင်အတွင်းနက်ပိုင်းထံသို့ ဦးတည်ဝင်ကာ အမြင့်ဆုံးတောင်ထံသို့ ဝင်ရောက်လာသည်။
ဖျပ်ခနဲအတွင်း ဝမ်လင်းသည် အမြင့်ဆုံးတောင်နားသို့ ရောက်လာ၏။ သူ နီးကပ်လာသည့်အခါ သူက သူ့ကို ပင့်သက်ရှိုက်မိစေသော မြင်ကွင်းတစ်ခုကို တွေ့မြင်လိုက်ရသည်။
ထိုနေရာကနေ သူက တောင်ပေါင်းတစ်သိန်းသည် မြေပြင်နှင့်ချိတ်ဆက်နေခြင်းမဟုတ်၊ ကျောက်သားဖြစ်နေသော လိပ်နက်ကြီးက ၎င်းတို့ကို အောက်ကနေ ထောက်ပိုးထားခြင်း ဖြစ်နေ၏။ ဆိုလိုသည်မှာ ထိုတောင်ပေါင်းတစ်သိန်းသည် သည်လိပ်နက်ကြီး၏ ကျောပေါ်တွင် ရှိနေခြင်းပင်။
ထိုလိပ်နက်သည် ဒီခုနစ်ရောင်စုံနယ်မြေတစ်ခုလုံးကို ပြည့်နေစေသည့်အထိ ကြီးမားလှ၏။ လိပ်နက်၏ ဦးခေါင်းနေရာတွင် သက်လတ်ပိုင်းလူတစ်ယောက် ထိုင်နေသည်။ သူ့ခန္ဓာကိုယ်မှ ရှေးအော်ရာကို ပေးစွမ်းကာ ထိုင်နေလျှက်သာ ရှိပြီး သူ့ထံမှ မည်သည့်အသက်ဓာတ်ကိုမှ ထုတ်လွှတ်မနေတော့ပေ။
သူ့ခန္ဓာကိုယ်သည် အနက်ရောင်လိပ်နက်နှင့် ချိတ်ဆက်ထားသည်ပုံ ရ၏။ သူ၏ဦးခေါင်းထက်တွင် ထိုးစိုက်နစ်ဝင်နေသော သုံးလက်မခန့်ဆူးတစ်ချောင်းလည်း ရှိသည်။ အနီးကပ်ကြည့်ပါက ထိုဆူးသည် သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ထွင်းဖောက်ထားပြီး ၎င်း၏ သုံးလက်မခန့်ကသာ အပြင်တွင် စိုက်ထားသလို ဖြစ်နေခြင်းတည်း။
***