ချင်းရွှေ
Vol. 117 Ch. 1607
ထိုသူက သူ့ကို မျက်နှာချင်းဆိုင်နေခြင်းကြောင့် ဝမ်လင်းသည် ထိုသူ၏ပုံပန်းသွင်ပြင်ကို မြင်နေရသည်။ ၎င်း၏အမူအရာမှာ ပျော်ရွှင်ဟန်၊ တုန်လှုပ်ဟန် ဖြင့်ပြည့်နေ၏။ သူက လိပ်နက်၏စွမ်းအားကို စုပ်ယူနေခြင်းကြောင့် ကျေနပ်နေသည့်အလား။ သို့သော် သူ စိတ်လှုပ်ရှားဆုံး ဖြစ်သည့်အခါတွင် ကြောက်မက်ဖွယ်တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့ကာ သူ့ကို သေသွားစေခဲ့သည့်ပုံ ရသည်။ ထို့အတွက်ကြောင့် သူ၏သွင်ပြင်သည် ပျော်ရွှင်တုန်လှုပ်နေဟန် ပေါ်ခြင်းပင်။
ဝမ်လင်းသည် ထိုလူကို အရင်က မမြင်ဖူးခဲ့ပေ။ သို့သော် သူက ထိုသူသည် နတ်လေးပါးကလန်ကို သစ္စာဖောက်ကာ မဟာမိတ်နှင့် ပူးပေါင်းခဲ့သော လိပ်နက်နတ်အင်ပါယာ ဖြစ်မည်ဟု ခံစားမိ၏။
နတ်လေးပါးကလန်နှင့် ဟင်္သာငှက်နတ်အင်ပါယာဟောင်းက လိပ်နက်အင်ပါယာ ဘာကြောင့် သူတို့၏ကလန်ကို သစ္စာဖောက်သွားပြီး မဟာမိတ်၏ ခွေးတစ်ကောင် ဖြစ်လာခဲ့သည့် အပေါ် စဉ်းစားမရ ဖြစ်ခဲ့ကြ၏။
ဝမ်လင်းက အခု ဒီလိပ်နက်ကြီးနှင့် သက်လတ်ပိုင်းလူတို့ကို တွေ့မြင်သည့်အခါတွင်မူ သူသည် ခန့်မှန်းမိသွားလေ၏။
ထိုဧရာမလိပ်နက်ကြီးက သူ ရှေးအမိန့်သင်္ချိုင်းတွင် တွေ့မြင်ခဲ့ရသော ဧရာမနဂါးကြီးနှင့် အလားသဏ္ဌာန်တူ၏။ သူတို့ထံမှ ပေးစွမ်းနေသော အော်ရာမှာလည်း အလွန်ချောက်ချားဖွယ် ကောင်းသည်။
ထိုအော်ရာသည် သေဆုံးသွားပြီ ဖြစ်သော်လည်း ၎င်း အသက်ရှိစဉ်ကဆို ၎င်း၏စွမ်းအားသည် ဝမ်လင်းကို တုန်လှုပ်မိစေမည်သာ။ သူက သူ့အကြည့်ကို ပြန်ရုတ်သိမ်းကာ ရှေ့သို့ လှမ်းလိုက်သည်။ ချက်ခြင်းပင် သူသည် တောင်ထိပ်ထံသို့ ဦးတည်သွားသည်။
ကျင့်ကြံသူတစ်သိန်း ထွေးထုတ်လိုက်သော သွေးမြူများက ဝမ်လင်းနောက်ကနေ တရကြမ်း လိုက်လာ၏။ သို့ပေမည့် ဝမ်လင်းက ထိုအရာများအားလုံးကို လစ်လျူရှုကာ ချက်ခြင်းလိုလို အမြင့်ဆုံးတောင်ထိပ်သို့ ရောက်လာသည်။
သူ အနီးရောက်လာသည်နှင့် တောင်ထိပ်မှ သွေးရူးသွေးတန်းအော်သံ ထွက်ပေါ်လာ၏။ ထိုအော်သံသည် အနီးအနားရှိ အရာအားလုံးကို တုန်ယင်စေကာ ဝမ်လင်း၏ဝတ်စုံကိုလည်း တဖျပ်ဖျပ် လွင့်သွားစေသည်။
ထိုအော်သံကြောင့် ခုနစ်ရောင်စုံတိမ်စိုင်များသည်ပင် လျော့ပါးသွားရကာ နောက်သို့ အနည်းငယ် တွန်းထုတ်ခံရသည်။ ထိုအဖြစ်က ဝမ်လင်း၏အကြည့်အောက်တွင် တောင်ထိပ်ဖျားကို လှစ်ဟပေါ်လာစေ၏။ အကြည့်တစ်ချက်ဖြင့်ပင် ဝမ်လင်း၏မျက်လုံးထဲတွင် ရူးသွပ်မှု ပေါ်လာသည်။
သူသည် ချင်းရွှေကို တွေ့မြင်လိုက်ရပေပြီ။
တောင်ထိပ်ပေါ်တွင် ကြမ်းကြုတ်သောဟန်ဖြင့် ခပ်ပိန်ပိန်အမျိုးသားတစ်ယောက် ရှိနေသည်။ ဆူးကိုးချောင်းက သူ့ကို တောင်နှင့်သူ့ကြား ထိုးစိုက်လို့ထား၏။ ထိုဆူးများသည် ခုနစ်ရောင်စုံအလင်းကို ပေးနေ၏။ သို့သော် ယင်းတို့သည် ခုနစ်ရောင်စုံလက်သည်းများ မဟုတ်ပေ။
ကြမ်းကြုတ်သောအမူအရာဖြင့်လူမှာ ချင်းရွှေဖြစ်၏။ သူ၏ ရုပ်ပိုင်းအသွင်မှာ များစွာ ပြောင်းလဲသွားကာ အရင်က ကြည့်ကောင်းမှုကို ဆုံးရှုံးပြီး ဆံပင်များရှုပွ၊ မျက်လုံးများ နီရဲ၊ သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နေသော်ငြားလည်း ဝမ်လင်းသည် ထိုသူမှာ သူ၏ စီနီယာအစ်ကိုချင်းရွှေမှန်း သိပေသည်။
ချင်းရွှေပါးစပ်မှ အော်သံများသည် မရပ်တန့်တော့မည့်အလား။ သူက သူ့ခန္ဓာကိုယ်ပေါ်ရှိ ဆူးကိုးချောင်းကို ဖျက်စီးရန် ကြိုးစားနေပုံ ရသည်။ သို့သော် သူ မလုပ်နိုင်ပေ။ ထို့ကြောင့် သူသည် ကျယ်လောင်စွာ အော်ဟစ်ပစ်ရုံသာ တတ်နိုင်လေ၏။
“သတ်…သတ်…သတ်…မင်းတို့အားလုံးကို သတ်ပစ်မယ်။ လူတိုင်းကို သတ်ပစ်မယ်…”
သူ၏ရှေ့တွင် နောက်ထပ်အရာတစ်ခုလည်း ရှိလို့နေ၏။
၎င်းမှာ ပေတစ်ရာခန့်ရှည်လျားသော ခုနစ်ရောင်စုံလက်ညှိုးတစ်ချောင်းပင်။ ၎င်းသည် ချင်းရွှေ၏ နဖူးနှင့် သုံးလက်မအကွာ၌ သူ့ထံ လက်ညွှန်ထားသည်။
၎င်းလက်ချောင်း တည်ရှိနေသည်မှာ အချိန်ကြာလွန်းခဲ့လေပြီ။ ချင်းရွှေ၏မျက်ခုံးနှစ်ခုကြားမှ အနီရောင်အမျှင်တန်းများ ထွက်နေပြီး ထိုလက်ချောင်း၏ စုပ်ယူခြင်းကို ခံရသည်။
ဝမ်လင်း၏ဦးရေပြားမှာ ထုံထိုင်းသွားမိသည်။ သူသည် ဒီတောင်ပေါင်းတစ်သိန်းက မရိုးရှင်းဟု ခပ်ရေးရေး ခံစားမိသည်။ ထိုအစီအရင်က အဓိကအခန်းကနေ ပါဝင်နေဟန် ရကာ ချင်းရွှေကမူ ဒီအစီအရင်၏ သော့ချက်တစ်ခု ဖြစ်ပေမည်။
“ကျောက်သားဖြစ်နေတဲ့ လိပ်နက်၊ တောင်တစ်သိန်းအစီအရင်၊ သူတို့ရဲ့သွေးတွေကို မကျေမချမ်းမှုအဖြစ်သိပ်သည်းပြီး သတ်ဖြတ်ခြင်းဆန္ဒအဖြစ် ပြောင်းလဲနေတဲ့ ကျင့်ကြံသူတစ်သိန်း၊ ဒါက ဘယ်လိုအစီအရင်မျိုးကြီးလဲဟ…” ဝမ်လင်းသည် အနားတိုးလာရင်း စဉ်းစားနေ၏။ ဖျပ်ခနဲ သူက ခုနစ်ရောင်စုံတိမ်စိုင်များကြားရှိ အဟကြားထဲသို့ ဝင်ရောက်လာကာ ချင်းရွှေနှင့် ပေတစ်ထောင်ပင် မလိုတော့ပေ။
သို့ပေမည့် သူ နီးကပ်လာသည့်အခါ ချင်းရွှေသည် ရုတ်တရက် ခေါင်းမော့လာ၏။ သူ၏ဆံပင်များက မျက်နှာကို အုပ်နေကာ သူ၏နီရဲရဲမျက်လုံးများကိုသာ မြင်ရနိုင်သည်။ သူက ဝမ်လင်းကို စိုက်ကြည့်ကာ အရူးအမူး အော်ဟစ်လေသည်။
“သတ်…သတ်…သတ်…။ ငါ အရာအားလုံးကို သတ်ပစ်မယ်။ အကုန်လုံးကို သတ်ပစ်မယ်။ ဘယ်သူ့ကိုမှ မချန်ထားဘူး…”
ထိုအော်သံများထဲ၌ ချောက်ချားဖွယ်သတ်ဖြတ်လိုစိတ် ပါဝင်နေ၏။ ဝမ်လင်းသည် ပေတစ်ထောင်အတွင်း ရောက်လာသည့်အခါ သူက ထိုသတ်ဖြတ်လိုစိတ်၏အားအရှိန်ကို ပိုခံစားမိသည်။ ထိုသတ်ဖြတ်လိုစိတ်သည် လူတစ်ယောက်၏ တာအိုနှလုံးသားကို ပျက်စီးသွားစေနိုင်သည့်အထိ အားကောင်းလှသည်။ ၎င်းသည် ဂျီနယ်ပယ်လိုပင်။ သင်၏စိတ်ကို ထွင်းဖောက်ကာ သင့်ကို ကြောက်လန့်၍ သေသွားအောင် လုပ်ပစ်နိုင်သည်။
ဝမ်လင်း၏မျက်လုံးထဲတွင် ဝမ်းနည်းမှုတို့ လှစ်ဟပေါ်လာ၏။ သူက တချို့အရာများကို ခပ်ရေးရေး ခန့်မှန်းမိသည်။ သို့သော်လည်း သူ နားမလည်သော အရာများလည်း ရှိနေဆဲသာ။ ချင်းရွှေထံမှ သတ်ဖြတ်လိုစိတ်တို့ ထွက်ပေါ်နေသာ်လည်း သူ ရှေ့သို့ ဆက်တိုးလာ၏။
ပေတစ်ထောင်၊ ရှစ်ရာ၊ ခြောက်ရာကနေ သုံးရာနားထိ ရောက်လာသည်။
ဝမ်လင်းသည် ချင်းရွှေနှင့် ပေသုံးရာအတွင်းသို့ ရောက်လာသည့်အခါ ချင်းရွှေသည် ဝမ်လင်းကို စိုက်ကြည့်၏။ သူ၏ခန္ဓာကိုယ်ကို ရုန်းကန်သည်။ ချင်းရွှေ၏ မျက်လုံးသူငယ်အိမ်မှာ ရုတ်တရက် ကြုံ့သွားသည်။ အနီရောင်လျှပ်စီးတန်းတစ်ခု ထိုးထွက်လာသည်။
ထိုအနီရောင်လျှပ်စီးမှာ သူ၏ဂျီနယ်ပယ်ပင်။
အော်ဟစ်နေရင်း အနီရောင်လျှပ်စီးတန်းက ဝမ်လင်းထံ တရှိန်ထိုး ဝင်လာ၏။ သူတို့သည် အလွန်နီးကပ်နေရာ သို့ဖြစ်၍ ထိုအနီရောင်လျှပ်စီးသည် ချက်ခြင်း အနားရောက်လာသည်။ ပြင်းထန်လွန်းသော သတ်ဖြတ်လိုစိတ်သည် အနှစ်သာရစွမ်းအားဖြင့် ထိုလျှပ်စီးနှင့်အတူ ပေါက်ကွဲထွက်လာ၏။
ယင်းမှာ သတ်ဖြတ်ခြင်းအနှစ်သာရပင်။
မိုးကြိုးတုန်ဟည်းသံများ ပဲ့တင်ထပ်သည်။ လျှပ်စီးတန်း နီးကပ်လာသည့်အခါ ဝမ်လင်းသည် ချိပ်ဟန်တစ်ခုကို ဖြစ်စေပြီး သူ့လက်ကို ဝေ့ယမ်းလိုက်သည်။ အနီရောင်လျှပ်စီးတန်းသည် သူ့လက်နှင့် ထိမိသည့်အခါ ပျက်စီးသွား၏။ ဝမ်လင်းက သူ၏လက် ထုံထိုင်းသွားသလို ခံစားလိုက်ရသည်။ ဂျီနယ်ပယ်၏စွမ်းအားက သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာ၏။ သူက ၎င်းက သူ့စိတ်ကို ဖျက်စီးရန် ကြိုးစားသည်ကို ခံစားမိသည်။ သို့သော် သူက ၎င်းကို မြန်ဆန်စွာ ဖိနှိပ်လိုက်၏။
သူ အနားသို့ ရောက်လာစဉ် ချင်းရွှေသည် ပါးစပ်ဟကာ အကျယ်လောင်ဆုံးအော်သံကို ဟစ်အော်လိုက်သည်။
ထိုအော်သံသည် တုန်ဟည်းကာ သတ်ဖြတ်ခြင်းအနှစ်သာရသည် ကြောက်မက်ဖွယ်အဆင့်သို့ ရောက်လာ၏။ သူက အော်ဟစ်လိုက်စဉ် သွေးအရိပ်တစ်ခု ချင်းရွှေ၏ ရှေ့တွင် ပေါ်လာကာ ၎င်းအရိပ်သည် ပါးစပ်ဟလျက် ဝမ်လင်းထံ ပြေးဝင်လာသည်။
ထိုသတ်ဖြတ်ခြင်းအော်ရာနှင့် ရင်ဆိုင်ရသည့်အခါ ဝမ်လင်း၏အမူအရာသည်ပင် ပြောင်းလဲသွား၏။ ထိုအော်ရာမှာ အလွန်တရာ အစွမ်းထက်ကာ သူ့ခန္ဓာကိုယ်ကို တုန်ခါသွားစေပြီး သူ့အား အန္တရာယ်အာရုံကိုပါ ခံစားမိစေသည်။ သူ၏ဘယ်မျက်လုံးမှ ရွှေရောင်မီး၊ ညာမျက်လုံးမှ ရွှေရောင်မိုးကြိုးတို့ တစ်ပြိုင်တည်း ပျံသန်းထွက်ကာ ထိုသွေးအရိပ်နှင့် ထိပ်တိုက်တွေ့သည်။
ကျယ်လောင်စွာ ပေါက်ကွဲကာ သူ၏ပါးစပ်ထောင့်မှ သွေးများ စီးကျ၏။ သို့ပေမည့် သူသည် ချင်းရွှေကို ကြည့်နေဆဲပင်။ သူ့မျက်လုံးထဲရှိ ဝမ်းနည်းရိပ်မှာ ပိုအားကောင်းလာသည်။
“စီနီယာအစ်ကိုချင်းရွှေ…ငါ ဝမ်လင်းပါ။ သင့်ရဲ့ ဂျူနီယာညီ ဝမ်လင်းပါ…”
ဝမ်လင်းသည် ရူးသွပ်နေသော ချင်းရွှေကို လှမ်းအော်လိုက်၏။
သွေးအရိပ်သည် ရွှေရောင်မီးနှင့်မိုးကြိုးတို့အောက်၌ လွင့်ပါးသွား၏။ ထိုဖိသိပ်အားက ချင်းရွှေ၏ ဆံပင်များကို လွင့်ဝဲသွားစေရာ သူ၏မျက်လုံးနှင့် မျက်နှာတို့ လှစ်ဟပေါ်လာသည်။
ထို့အတွက် ဝမ်လင်းသည် ချင်းရွှေ၏မျက်နှာပေါ်ရှိ ဖောင်းကြွနေသော သွေးကြောများကို မြင်လိုက်ရ၏။ ယင်းသွေးကြောများအတွင်း၌ တစ်စုံတစ်ခု ရွှေ့လျားနေသည့်ပုံ ရသည်။
ဝမ်လင်း၏ စကားများ ပဲ့တင်ထပ်လာသည့်အခါ ချင်းရွှေ၏မျက်လုံးသည် ကျဉ်းမြောင်းသွားပြီး နာကျင်သောဟန်ပန် ဖြစ်ပေါ်သည်။ ထိုနာကျင်မှုတွင် ဝမ်းနည်းမှု ပါဝင်၏။
“ငါ့စိတ်ဝိညာဉ်က ဒီလိပ်နက်ခန္ဓာကိုယ်နဲ့ ချိတ်ဆက်ထားခံရတယ်။ ဝမ်လင်း…သတ်…ငါ့ကို သတ်။ သတ်လိုက်တော့။ ငါ သက်ရှိအားလုံးကို သတ်မိတော့မယ်…”
သူ ပြန်အသိဝင်လာသည့်အခိုက်တွင် ကျောက်သားလိပ်နက်သည် တုန်ယင်ကာ မီးခိုးရောင်အခိုးအငွေ့ ပေါ်လာ၏။ ၎င်းက ချက်ခြင်းပင် အမြင့်ဆုံးတောင်ထိပ်သို့ ဦးတည်လာကာ ချင်းရွှေ၏ခန္ဓာကိုယ်ထဲသို့ တရကြမ်း ဝင်ရောက်သည်။
ထိုမီးခိုးရောင်အခိုးငွေ့ ဝင်လာသည့်နောက်တွင် ချင်းရွှေ၏ တဒင်္ဂပေါ်လာသော ဝမ်းနည်းမှုကို သတ်ဖြတ်လိုစိတ်က ပြန်အစားထိုးသွားသည်။ သူသည် ရုန်းကန်လျက် ရူးသွပ်စွာ အော်ဟစ်လိုက်လေ၏။
သူ့ဦးခေါင်းမှာ ယိမ်းခါနေသည်။ သူ၏အမူအရာမှာ နာကျင်မှုတို့နှင့် ပြည့်လာ၏။ သူ၏မျက်လုံးများက ပိုနီရဲလာသည်။
အစောပိုင်းက ဖိသိပ်အားက ချင်းရွှေ၏ ဆံပင်များကို နောက်လွင့်ခတ်သွားစေသည့်အချိန်တွင် ဝမ်လင်းက ချင်းရွှေ၏ မျက်ခုံးနှစ်ခုကြားမှ သုံးလက်မအကွာတွင် နောက်ထပ်ဆူးတစ်ချောင်း ရှိနေသည်ကို ရှင်းလင်းစွာ မြင်လိုက်ရသည်။
ထိုဆူးသည် သူ၏ဆံပင်အတွင်း၌ ကွယ်ဝှက်နေခြင်းဖြစ်ရာ တွေ့ရဖို့ ခက်ခဲလှသည်။
“ဆူးဆယ်ချောင်း။ ကိုးချောင်း မဟုတ်ဘဲ ဆယ်ချောင်း ဖြစ်နေတာပဲ။ ငါ နားလည်ပြီ…”
ဝမ်လင်းသည် ခပ်မြန်မြန် နောက်ဆုတ်၏။ ထို့နောက် သူက ခေါင်းငုံ့ကာ သူ့အောက်ရှိ တောင်တစ်သိန်းကို ကြည့်လိုက်သည်။
“ဒီတောင်တစ်သိန်းက ဆူးဆယ်ချောင်းအဖြစ် ပြောင်းပြီး ချင်းရွှေရဲ့ ခန္ဓာကိုယ်ကို ချိပ်ပိတ်ထားတာပဲ…”
“ဒီတောင်ပေါ်တွေက ကျင့်ကြံသူတစ်သိန်းကတော့ သူတို့ရဲ့သွေးကို အသုံးပြုပြီး လိပ်နက်ကို အားသွန်းလောင်းပေးနေတာ။ သူတို့ရဲ့ သတ်ဖြတ်လိုစိတ်နဲ့ ချင်းရွှေကို လှုံ့ဆော်ပေးနေတာပဲ…”
“ဒီလိပ်နက်က မသေသေးဘူး။ ဒါပေမဲ့ ဒါက ၎င်းရဲ့ အစစ်အမှန်ခန္ဓာကိုယ်ပဲ။ သူတို့က ဒီလိပ်နက်ခန္ဓာကိုယ်ကို အသုံးပြုပြီး ချင်းရွှေရဲ့ စိတ်ဝိညာဉ်ကို ချုပ်နှောင်ထားကြတာ…”
“ဒါတွေအားလုံးရဲ့ ရည်ရွယ်ချက်က သတ်ဖြတ်ခြင်းအနှစ်သာရကို ဖန်တီးနိုင်ဖို့လား။ ဒါမှမဟုတ် စီနီယာချင်းရွှေပြောသလိုမျိုး သတ်ဖြတ်ခြင်းအနှစ်သာရကိုဖန်တီးဖို့အတွက် သူ့ကို မီးပြင်းဖိုတစ်ခုလိုမျိုး အသုံးပြုတာလား…”
“ငါ နားလည်ပြီ။ လိပ်နက်အင်ပါယာက နတ်လေးပါးကလန်ကို ဘာကြောင့် သစ္စာဖောက်သွားခဲ့လဲဆိုတော့ ကျင့်ကြံခြင်းမဟာမိတ်က ဒီလိပ်နက်ခန္ဓာကိုယ်ကို တစ်နေရာရာမှာ ရှာတွေ့ခဲ့တာ ဖြစ်ရမယ်။ ပြီးတော့ ဒီလိပ်နက်ဟာ ရှေးဟောင်းကောင်းကင်ဘုံအင်ပါယာလက်အောက်မှာ ရှိတဲ့ မဟာဗိုလ်ချုပ်လေးယောက်ထဲက တစ်ယောက် ဖြစ်တဲ့ပုံပဲ။ ၎င်းမှာ လိပ်နက်ကလန်ရဲ့ အော်ရာ ပါဝင်နေတယ်။ နောက်မျိုးဆက်တစ်ယောက်အနေနဲ့ လိပ်နက်နတ်အင်ပါယာက ဒီလိပ်နက်အတွက် နတ်လေးပါးကလန်ကို သစ္စာဖောက်ခဲ့တာပဲ…”
“စီနီယာအစ်ကိုချင်းရွှေက ဒီကို ရောက်လာခဲ့တာဟာ သူ ရူးသွပ်ခဲ့ရတဲ့ အကြောင်းရင်းကို ရှာဖို့ပဲ။ သူက သူ့ကို ထပ်ပြီး ရူးသွပ်စေတဲ့ တစ်စုံတစ်ရာကို ရှာတွေ့ခဲ့တာ ဖြစ်ရမယ်။ ခုနစ်ရောင်စုံလက်ချောင်းက ဒါတွေအားလုံးရဲ့ ရင်းမြစ်ပဲ။ ဒီလက်ချောင်း စုပ်ယူနေတဲ့ အနီရောင်အခိုးအငွေ့ဟာ သတ်ဖြတ်ခြင်းအနှစ်သာရပဲ ဖြစ်ရမယ်…” နောက်သို့ ဆုတ်နေရင်း ဝမ်လင်း၏စိတ်သည် တုန်ယင်နေ၏။ သူသည် အမှန်တရားကို ခပ်ရေးရေး ဖမ်းဆုပ်မိလိုက်သည်။
နောက်ဆုတ်နေရင်း ကျင့်ကြံသူတစ်သိန်း၏ သွေးမြူများသည် ချင်းရွှေ၏ ရှေ့တွင် သိပ်သည်းလာသည်။ သွေးပုံရိပ်များသည် အနီရောင်မြူအတွင်း၌ စတင်ပေါ်လာသည်။
ထိုပုံရိပ်အတွင်း၌ သေမျိုးနိုင်ငံငယ်လေးတစ်ခု အာဏာသိမ်းခံရကာ ဆယ်ကျောက်သက်အရွယ် မင်းသားတစ်ပါးက ဝမ်းနည်းမှုအပြည့်ဖြင့် ပျံသန်းနေခဲ့၏။ သို့ပေမည့် ကောင်းကင်ထက်တွင် ဝိုးတဝါး ခုနစ်ရောင်စုံအရိပ်တစ်ခုနှင့်အတူ ခုနစ်ရောင်စုံအလင်းတစ်ခု ရှိလို့နေသည်။
ထိုပုံရိပ်သည် တလက်လက် တောက်ပသည်။ ထို့နောက် ဆယ်ကျောက်သက်အရွယ်ကောင်လေးက ကလန်တစ်ခုသို့ ဝင်ရောက်ခဲ့ပြီး အရှက်ခွဲနှိပ်စက်ခံရသည်။ သူက သူ၏အားနည်းသောခန္ဓာကိုယ်ဖြင့် တောင်ထိပ်ထိ တက်လာကာ အော်ဟစ်ငိုကြွေးသည်။ သူက ကောင်းကင်နှင့်မြေကြီးကို မုန်တီး၏။ သက်ရှိအားလုံးကို မုန်းတီးလာသည်။ ထိုစဉ် ဂျီနယ်ပယ် မွေးဖွားလာခဲ့သည်။
ခုနစ်ရောင်စုံအလင်းသည် ကောင်းကင်ထက်တွင် ပြည့်နှက်နေဆဲပင်။ ခုနစ်ရောင်စုံပုံရိပ်က အောက်ဘက်မှ ထိုလူငယ်လေးကို ငုံ့ကြည့်နေသည့်ပုံ ရသည်။
ထိုမြင်ကွင်းပုံရိပ်ကို ကြည့်ကာ ဝမ်လင်း၏စိတ်သည် လှုပ်ခါမိ၏။ သူသည် သွေးမြူအတွင်း၌ ဖြစ်ပျက်ခဲ့သမျှကို ကြည့်နေသည့်အခါ၌ သူ ပြန့်ကျဲမိုးကြိုးကလန်၏ ခုနစ်သန်းလောကများနှင့် ပတ်သတ်၍ ရှာတွေ့ခဲ့ချိန်က ခံစားမိသော တုန်လှုပ်မှု၊ကြောက်လန့်မှုထက် မနည်းသော ခံစားချက်ကို အခု ပြန်ခံစားမိရသည်။ သူ့ထံ၌ ကြောက်မက်ဖွယ်ထင်မြင်ချက်တစ်ခု ရှိနေလေသည်။
“တာအိုမြှင့်တင်ခြင်း…”
***