ထူးဆန်းသောအကြည့်တစ်ချက်
Vol. 117 Ch. 1608
ထိုပုံရိပ်သည် နောက်တစ်ဖန် ပြောင်းလဲသွား၏။ ဆယ်ကျောက်သက်အရွယ်ကောင်လေးက ကြီးပြင်းလာကာ သူ၏ ဖျက်စီးခံလိုက်ရသော နိုင်ငံသို့ ပြန်လာခဲ့သည်။ ထိုနိုင်ငံ၏ ကောင်းကင်ထက်၌ အနီရောင်လတစ်စင်း ခုနစ်ရက်တိုင်တိုင် တွဲလဲခိုနေကာ သွေးများ စီးဆင်းနေခဲ့သည်။ ခုနစ်ရောင်စုံအလင်းလည်း ထိုနေရာတွင် ဆက်ရှိနေသည်။
နောက်ထပ်ပုံရိပ်တစ်ခုတွင် သတ်ဖြတ်ခံရပြီးနောက် ကျင့်ကြံသူတို့၏သွေးများ စီးဆင်းနေခဲ့သည်။ ထို့နောက် ထိုဝမ်းနည်းနေသောလူငယ်က ထွက်လာခဲ့သည်။
ဝမ်လင်းသည် ထိုပုံရိပ်များကို ကြည့်နေရင်း သူ့စိတ်မှာ တုန်ယင်မိ၏။ သူက ချင်းရွှေ၏ အတိတ်ကို မြင်နေသည်။ သူသည် ချင်းရွှေ ကောင်းကင်ဘုံနယ်မြေသို့ ဝင်ရောက်သွားသည်ကို မြင်သည်။ သတ်ဖြတ်လိုစိတ်အစား ပျော်ရွှင်မှု ချင်းရွှေ၏မျက်နှာပေါ်တွင် အစားထိုးလာသည်ကိုလည်း တွေ့မြင်သည်။
ချင်းရွှေနောက်တွင် အမျိုးသမီးတစ်ယောက် ရှိနေ၏။ သူမက အကြွင်းမဲ့မလှသော်လည်း နူးညံ့ကြင်နာဟန် အပြည့် ရှိ၏။ သူမက ချင်းရွှေကို ချိုသာစွာ ပြုံး၍ ကြည့်တတ်သည်။
သူတို့နှစ်ယောက်ရှေ့တွင် အဘိုးအိုတစ်ယောက် ရှိ၏။ ထိုအဘိုးအိုက ပေဖန်ပင်။ သူက ထိုနှစ်ယောက်ကို ကြင်နာစွာ ကြည့်၍ တစ်စုံတစ်ခု ပြောနေသည့်ပုံ ပေါက်သည်။
သို့ပေမည့် ထိုပုံရိပ်တွင်း၌လည်း ခုနစ်ရောင်စုံအလင်းက ကောင်းကင်ထက်တွင် ခပ်ရေးရေး ရှိနေဆဲပင်။ ခုနစ်ရောင်စုံအလင်းထံမှ မထူးခြားနားအကြည့်က ချင်းရွှေကို စိုက်ကြည့်နေ၏။ ထိုအကြည့်က မကြာဆိုသလို ပေါ်လာတတ်သည်။ ဝမ်လင်းက ၎င်းကို ပို၍ မြင်မိလေလေ ပို၍ ထူးဆန်းစွာ ခံစားမိလေပင်။
သွေးမြူများ မြင့်တက်လာကာ ထိုပုံရိပ်က ပြောင်းလဲသွားပြန်၏။ ပုံရိပ်သစ်ထဲတွင်မူ တုန်လှုပ်ဖွယ်ပြောင်းလဲမှု တစ်ခကို တွေ့မြင်သည့်အခါ ဝမ်လင်း၏မျက်လုံးသည် ကျဉ်းမြောင်းလျက် ဝမ်းနည်းမှုတို့ ပြည့်လာ၏။
ယင်းပုံရိပ်ထဲ၌ ချင်းရွှေသည် တောင်ထိပ်တစ်ခုပေါ်တွင် ထိုင်နေ၏။ ကောင်းကင်ထက်ရှိ ခုနစ်ရောင်စုံပုံရိပ်က ရုတ်တရက် လက်မြှောက်ကာ အောက်သို့ ညွှန်လိုက်လေသည်။
ထိုလက်ညွှန်ချက်နှင့်အတူ ချင်းရွှေသည် ရုတ်တရက် တုန်ယင်သွားပြီး သူ၏မျက်လုံးထဲ၌ သွေးဆာမှုနှင့် သတ်ဖြတ်ခြင်းတို့ အစားထိုးဝင်လာ၏။ သူက တုန်လှုပ်ဖွယ် ဟိန်းအော်လိုက်လေ၏။ ထို့နောက် ပေဖန်ကလည်း ကောင်းကင်ထက်သို့ မယုံကြည်နိုင်ဟန်ဖြင့် ကြည့်၏။ သူက တစ်ခုခုကို ခပ်ရေးရေး ခံစားမိလိုက်၏။
ချင်းရွှေ ရူးသွပ်သွားလေပြီ။
သူ့ခန္ဓာကိုယ်တွင်း၌ အချိန်အကြာကြီး မြှပ်နှံ့ထားသော သတ်ဖြတ်လိုစိတ်က ပေါက်ကွဲထွက်ကာ မိုးကြိုးကောင်းကင်ဘုံနယ်မြေထက်သို ဆင်းသက်လာ၏။ ဝမ်လင်းက ချင်းရွှေရောင် ကောင်းကင်ဘုံသားတော်တော်များများ သေဆုံးကုန်သည်ကို တွေ့မြင်၏။ သူက သွေးဆာနေသော နတ်ဆိုးတစ်ပါးအလား ပိုပို ရူးသွပ်ကာ ပိုမို သတ်ဖြတ်လာတော့သည်။
ချင်းရွှေ၏ရှေ့၌ အမျိုးသမီးတစ်ယောက် ပေါ်လာ၏။ သူမ၏မျက်လုံးထဲတွင် ဝမ်းနည်းမှုတို့ ပြည့်နှက်နေသော်လည်း နူးညံ့ကြင်နာဟန်က ရှိနေဆဲသာ။ သူမက ချင်းရွှေကြောင့် သေဆုံးသွားရ၏။ သို့သော် သူမသည် သူမ၏နာကျင်မှုကို ဖုံးကွယ်ကာ ချင်းရွှေကို ကြင်နာစွာ ကြည့်၏။ ထို့နောက် သူမ၏ကျောက်စိမ်းကဲ့သို့ လက်ကို ပင့်မြှောက်ကာ သူမ၏ချစ်သူမျက်နှာကို ထိကိုင်ကြည့်ရန် ကြိုးစားသည်။ သို့သော် ခွန်အားမဲ့သွားသည်ဖြစ်ရာ သူမ၏လက်က ပြန်ပြုတ်ကျ၏။ သူမသည် တစ်ခုခု ပြောလိုက်သည့်ပုံ ရသည်။
သူမပြောလိုက်သည့်အရာနှင့် သူမ၏ပူနွေးသောသွေးများက ချင်းရွှေကို ပြန်အသိဝင်လာစေ၏။ သူက ဝမ်းနည်းလမ်းသဖြင့် မျှော်လင့်ချက်မဲ့လွန်းစွာ အော်ဟစ်လိုက်မိ၏။
ထိုဝမ်းပန်းတနည်းအော်သံက ပဲ့တင်ထပ်နေရင်း ယင်းပုံရိပ်သည် ပျက်စီးသွား၏။ သွေးမြူများ မြင့်တက်လာကာ ပထမပုံရိပ်မှ အရာအားလုံးသည် တဖန် ထပ်ခါထပ်ခါ ဖြစ်သည်။
ကြည့်ရသည်မှာ အားတစ်ခုက ချင်းရွှေကို သူ သတ်ဖြတ်ခဲ့မှု၊ ရှုးသွပ်မှု၊ ဝမ်းနည်းမှုတို့ကို သူ၏မှတ်ဉာဏ်အတွင်း အတင်းအကြပ် ထာဝရပိတ်လှောင်ထားစေသည့်အလား။
ထိုရက်စက်လှသော နည်းလမ်းက ချင်းရွှေ၏ခန္ဓာကိုယ်တွင်းမှ သတ်ဖြတ်ခြင်းအနှစ်သာရ ပိုပိုအားကောင်းလာအောင် လှုံ့ဆော်လေသည်။
ဝမ်လင်းသည် ကိုယ်ချင်းစာမိ၏။ သူက ချင်းရွှေ၏ ဇာတ်လမ်းကို အရင်က ခပ်ရေးရေး သိထားသော်လည်း ခုချိန်တွင်မူ သူကိုယ်တိုင် ထိုအဖြစ်သနစ်ကို တွေ့မြင်ရသည့်အခါ သူသည် ပို၍ ဝမ်းနည်းမိလာ၏။ သူက ချင်းရွှေ၏ ဘဝအတွက် ဝမ်းနည်းမှုကို ခံစားရသည်။ ချင်းရွှေ ရင်ဆိုင်ခဲ့ရသည့်အပေါ် သူ ကြီးစွာ စိတ်မကောင်းဖြစ်မိရသည်။
“စီနီယာအစ်ကိုချင်းရွှေ…ငါ ဝမ်လင်းက သင့်ကို ကယ်ဖို့ ဘာမဆို လုပ်မယ်…”
ဝမ်လင်းသည် ပြန်လှည့်ကာ သွေးမြူအတွင်းရှိ ပုံရိပ်များကို ဆက်မကြည့်တော့ပေ။ သူက ချင်းရွှေကို ပိတ်လှောင်ထားသော လိပ်နက်ထံသို့ ဦးတည်ဝင်လာ၏။
ထိုလိပ်နက်သည် အလွန်တရာ ကြီးမား၏။ ဒီခုနစ်ရောင်စုံနယ်မြေ တမျှကို ကြီးမားသည်။ ၎င်းသည် ကျောက်ဖြစ်နေခဲ့ပြီး ဖြစ်သော်လည် ၎င်း ထုတ်လွှတ်နေသော အော်ရာသည် အလွန်အမင်း အစွမ်းထက်လွန်းသည်။ ဝမ်လင်းသည် ထိုလိပ်နက်ထံမှ ယင်းအော်ရာကို ခံစားမိပေသည်။
သူက ထိုလိပ်နက်သည် သေနေသည် မဟုတ်ဘဲ အိပ်ပျော်နေသည်ဟုပင် ခံစားမိသည်။
“ချင်းရွှေကို ကယ်တင်ဖို့အတွက် ငါ သူ့စိတ်ဝိညာဉ်ကို လွတ်မြောက်သွားအောင် လုပ်ရမယ်…” အတားအဆီးများအပေါ် ဝမ်လင်း၏နားလည်မှုကြောင့် သူသည် ထိုလိပ်နက်သည် ဒီအစီအရင်ကို ချိုးဖျက်နိုင်မည့် သော့ချက် ဖြစ်သည်ကို တွေ့မြင်ထားပြီး ဖြစ်သည်။
ချင်းရွှေ၏ စိတ်ဝိညာဉ်ပေါ်ကို လိပ်နက်က ဖိနှိပ်ထားခြင်းကို မဖျက်စီးပစ်နိုင်ပါက ချင်းရွှေ၏ ခန္ဓာကိုယ်တွင်းမှ ဆူးဆယ်ချောင်းကို ဖယ်ရှားပစ်ဖို့မှာ မဖြစ်နိုင်ပေ။ ဝမ်လင်းက ထိုအချက်ကို သေချာသိ၏။
ဝမ်လင်း အောက်သို့ ဆင်းသက်လာပြီး သူ့ညာလက်ဖြင့် လက်သီးစုပ်၏။ ရှေးဟောင်းနတ်ဘုရားစွမ်းအားက သူ၏လက်သီးတွင် လာရောက်စုဝေးကာ လက်သီးအရိပ်တစ်ခု ဖြစ်ပေါ်ပြီး လိပ်နက်ထံသို့ တရှိန်ထိုး ဝင်ရောက်သည်။
ထိုလက်သီးပေါ်လာသည့်အခိုက်တွင် ပြင်းထန်သောလေပြင်းတစ်ခုပါ ဖြစ်ပေါ်လာပြီး လိပ်နက်ပေါ်သို့ ကျရောက်သည်။ လိပ်နက်သည် တုန်ယင်သွား၏။ သို့သော် မည်သို့မျှ ထိခိုက်မသွားပေ။
ပြင်းထန်သော ပြန်ကန်အားတစ်ခု ဝမ်လင်းပေါ်သို့ ကျရောက်လာကာ သူ့ကို ခြေလှမ်းရာချီ နောက်ဆုတ်သွားစေသည်။
“ငါ့အတွက် ပျက်စီးလိုက်စမ်း…” ဝမ်လင်း၏မျက်လုံးတို့မှာ ချင်းချင်းနီရဲနေ၏။ သူက နောက်တစ်ကြိမ် အော်ဟစ်မာန်သွင်းလိုက်သည်။ သူ့ညာလက်ကို ပင့်မြှောက်ကာ လက်သီးချက် ဆယ်လုံးကျော် ပစ်သွင်းလိုက်သည်။ လက်သီးချက်တစ်ခုစီတွင် သူ၏ကြယ်ခုနစ်လုံး ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်စွမ်းအား အပြည့်ပါဝင်သည်။ ထိုလက်သီးချက်များသည် မုန်တိုင်းတစ်ခုအသွင်သို့ ပြောင်းလဲကာ လိပ်နက်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွား၏။
မိုးကြိုးတုန်ဟည်းသံများ ပဲ့တင်ထပ်ကာ ကျောက်တုံးလိပ်နက်သည် တုန်ယင်သွား၏။ သို့သော် ၎င်း၏နောက်ကျောက အတိုင်းမသိ မာကြောသည်။ လက်သီးဆယ်ချက် ထိုးချခံရပြီးနောက်တွင်လည်း ပျက်စီးသွားမည့် အရိပ်အယောင် မပေါ်ပေ။ သို့သော် တစ်ချိန်တည်းမှာ တန်ပြန်ကန်အားက ဝမ်လင်းထံ တန်းတန်းမတ်မတ် ပြေးဝင်လာ၏။
ဝမ်လင်း၏ ညာလက်ထံမှ အက်သံများ ထွက်ပေါ်လာကာ သူက နောက်ဘက်ပေတစ်ထောင်ထိ လွင့်စင်သွားရ၏။ သူ့ပါးစပ်ထောင့်မှ သွေးများ စီးကျလာသည်။ သို့သော် သူ၏အမူအရာမှာ ပိုရုန့်ရင်းကြမ်းတမ်းလာ၏။
ထိုအခိုက်တွင် ခုနစ်ရောင်စုံနယ်မြေအနှံ့တွင် ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်လာရင်း လိပ်နက်၏ခန္ဓာကိုယ်ထံမှ ခပ်အုပ်အုပ် တရှူးရှူးအသံ ထွက်ပေါ်လာသည်။ ၎င်းအသံကို လူတစ်ယောက်၏ နားဖြင့် မကြားနိုင်၊ စိတ်ဖြင့်သာ ကြားသိနိုင်ပေလိမ့်မည်။
ထိုတရှူးရှူးအသံ ထွက်ပေါ်လာသည့်အခါ တောင်တစ်သိန်းပေါ်ရှိ ကျင့်ကြံသူတစ်သိန်းသည် စတင် အော်ဟစ်ကုန်သည်။ သူတို့၏ခန္ဓာကိုယ်များသည် လွတ်လပ်မှု စတင် ရလာပြီး သူတို့၏ခန္ဓာကိုယ်တွင်း၌ စိုက်ဝင်နေသော ဆူးများအားလုံး ကျွတ်ထွက်သည်။ သွေးများ နေရာအနှံ့သို့ ပြန့်ကျဲကာ သူတို့ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများအားလုံးသည် ချက်ခြင်း ပျောက်ကင်းသည်။
ထိုကျင့်ကြံသူအားလုံးသည် အော်ဟစ်ကာ ရူးသွပ်မှုနှင့် ပြည့်နှက်လာ၏။ ထို့နောက် သူတို့သည် ဝမ်လင်းထံသို့ အဘက်ဘက်မှ တိုးဝင်လာသည်။ သူတို့ ပစ်လွှတ်လိုက်သောသ မန္တာန်များသည် ခုနစ်ရောင်စုံနယ်မြေတစ်ခုလုံးကို ခြုံလွှမ်းသွားသည်။
ဝမ်လင်း၏မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ် ပေါ်လာ၏။ သူ၏ဘယ်မျက်လုံးထံမှ ရွှေရောင်မီး ထိုးထွက်လာသည်။ ထိုမီးသည် ခုချိန်၌ ရွှေရောင်ရှိနေသော်လည်း ၎င်းမှာ သိမ်မွေ့ဆန်းကြယ်မီး ဖြစ်နေဆဲပင်။ ၎င်းသည် တိုးဝင်လာသော ကျင့်ကြံသူများထံ တရှိန်ထိုး ဝင်ရောက်သွား၏။
သို့ပေမည့် ထိုကျင့်ကြံသူတစ်သိန်းထံမှ သိမ်မွေ့ဆန်းကြယ်မီး လုံးဝ မွေးဖွားလာခြင်း မရှိပေ။ ဆိုလိုသည်မှာ ထိုသူများသည် အသက်မရှိတော့ဘဲ သေဆုံးသွားခဲ့တာ ကြာမြင့်နေခဲ့ပြီ ဟူ၏။ သူတို့သည် အသက်ရှင်နေသေးပုံ ပေါက်သော်လည်း အမှန်တကယ်ကမူ ဆန်းကြယ်သောအားတစ်ခုက သူတို့ကို ထိန်းချုပ်ထားခြင်းပင်။
မည်သည့်သိမ်မွေ့ဆန်းကြယ်မီးမှ မပေါ်လာသော်လည်း ဝမ်လင်း၏ ကောင်းကင်ဘုံမီးသည် အရင်ထက် များစွာ ပိုအစွမ်းထက်နေလေပြီ။ ထိုမီးသည် ပျံ့နှံ့ရင်း ရွှေရောင်မိုးကြိုးသည်လည်း အဘက်ဘက်မှ တရကြမ်း ထိုးထွက်လာ၏။
သို့ပေမည့် ထိုအခိုက်အတန့်တွင် ယင်းကျင့်ကြံသူတစ်သိန်းသည် ရွှေရောင်မီးနှင့်မိုးကြိုးတို့ ရှေ့တွင် သူတို့ကိုယ်သူတို့ ဖောက်ခွဲပစ်လိုက်သည်။ အသွေးအသားအားလုံးသည် အတူတကွ စုစည်း၍ ဧရာမဓားသွားတစ်ခု ဖြစ်ပေါ်သည်။
ထိုဓားသွားသည် အသွေးအသားဖြင့် ပြုလုပ်ထားခြင်း ဖြစ်၏။ ယင်းဓားသည် ကောင်းကင်ထက်သို့ မြောက်တက်လာသည့်အခါ ဧရာမအရိပ်ကြီးတစ်ခုကို ဖန်တီးသည်။
ကျင့်ကြံသူတစ်သိန်းက နာကျင်စွာ ငြီးငြူအော်ဟစ်နေကြရင်း ထိုဓားသွားသည် ဝမ်လင်းပေါ်သို့ မြန်ဆန်စွာ ခုတ်ပိုင်းချလာသည်။
ဝမ်လင်း၏စိတ်ထဲတွင် အန္တရာယ်အာရုံ ပြည့်နှက်လာသည်။ ထိုအခိုက်အတန့်တွင် သူသည် ချင်းရွှေ မည်သို့ပင်ဖြစ်ဖြစ် ဂရုမစိုက်ဘဲ နောက်ဆုတ်ကာ ဒီခုနစ်ရောင်စုံနယ်မြေကနေ ထွက်သွားနိုင်သေးသည်။ သို့သော် သူက ထိုသို့ မည်သို့ လုပ်နိုင်ပါ့မည်နည်း။ သူ ထိုသို့ မလုပ်နိုင်ပေ။
ဝမ်လင်းက သူ၏ညာလက်ကို နှဖူးထက် ရိုက်ချလိုက်၏။ ရွှေရောင်ရှေးဟောင်းနတ်ဘုရားကြယ်ခုနစ်လုံးသည် မြန်ဆန်စွာ စတင်လှည့်လည်သည်။ မျက်စိတစ်မှိတ်အတွင်း သူသည် ပေတစ်သောင်းရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်အဖြစ်သို့ ပြောင်းလဲသွားသည်။
ဝမ်လင်း၏ခန္ဓာကိုယ်က တုန်ယင်နေ၏။ သူသည် ထိုဓားသွားမှ တစ်ဆင့် မကျေမချမ်းမှုနှင့် သတ်ဖြတ်လိုစိတ်များ သူ့ခန္ဓာကိုယ်တွင်းသို့ ဝင်ရောက်လာသည်ကို ရှင်းလင်းစွာ ခံစားမိသည်။ ထို့အပြင် ဓားသွားထံမှ ပြင်းထန်သောအားတစ်ခုကလည်း သူ၏ခန္ဓာကိုယ်ကို လှုပ်ခါစေသည်။
ယင်းအားသည် ဆန်းကြယ်သောမန္တာန်ကြောင့် အဆမတန် တိုးပွားလာသော ကျင့်ကြံသူတစ်သိန်း၏ ရုပ်ပိုင်းဆိုင်ရာအားတစ်ခုပင်။ ၎င်းသည် ကြယ်ခုနစ်လုံးရှေးဟောင်းနတ်ဘုရားတစ်ပါးကို ထိခိုက်သွားအောင် လုပ်နိုင်စွမ်း ရှိသည်။
သို့ပေမည့် ဝမ်လင်းသည် နောက်သို့ တစ်လှမ်းပင် မဆုတ်ပေ။ သူက သူ၏ခန္ဓာကိုယ်တွင်း၌ ထိုအားကို ဆက်လက် ရှိနေစေသည်။ သူက မာန်သွင်းလိုက်ပြီး ညာလက်ကို ဝေ့ယမ်းကာ ဓားသွားကို နောက်သို့ တွန်းထုတ်စေလိုက်သည်။
“မလုံလောက်သေးဘူးလား…ထပ်လာမယ်…” ဝမ်လင်း၏အသံသည် ပဲ့တင်ထပ်၏။ အသွေးအသားဓားသွားသည် နောက်တစ်ဖန် ပြန်ဆင်းသက်လာပြန်သည်။
အသွေးအသားဓားသွားက တချီတည်း အကြိမ်တစ်ရာတိတိ ခုတ်ပိုင်းချလာ၏။ ထိုဓားချက်တစ်ရာသည် ဓားသွားတစ်ခုတည်းအဖြစ်သို့ ပြောင်းလဲကာ ဝမ်လင်းကို ထက်ပိုင်းခြမ်း ချင်သည့်အလား။
ထိုအခိုက်၌ ဝမ်လင်းက တွန်းကန်အားအားလုံးကို ဖြေလျှော့လိုက်ကာ သူ၏ခန္ဓာကိုယ်တွင် ပေါက်ကွဲစေလိုက်သည်။ ထိုအခါ သူ၏လက်ရှိစွမ်းအားသည် ဆယ်ဆ တိုးမြှင့်သွားသည်။ ရှေးဟောင်းနတ်ဘုရားနှင့် ကောင်းကင်ဘုံသား ပေါင်းစပ်ထားသော အချိန်အခိုက်အတန့်သည် ဝမ်လင်းကို စိတ်ဝိညာဉ်လေဟာနယ်အလယ်အဆင့် ကျင့်ကြံသူတစ်ယောက်ကို သတ်ပစ်နိုင်သည့် စွမ်းအားကို ရလာစေသည်။ ထိုနည်းဖြင့် သူသည် မြင့်မြတ်သောဆရာထျန်ကျောက်ကို သတ်ပစ်ခဲ့ခြင်းပင်။
ကျယ်လောင်စွာ တုန်ဟည်းသံများ မြည်ဟည်းနေ၏။ ဝမ်လင်း၏ခန္ဓာကိုယ်သည် တုန်ယင်နေသည်။ သူက လည်ချောင်းတွင်းမှ မြင့်တက်လာသော သွေးများကို ပြန်မြိုချလိုက်သည်။ သူသည် အသွေးအသားဓားသွားထံမှ ဖိသိပ်စွမ်းအားကို ငှားယမ်းကာ လိပ်နက်ထံသို့ ရိုက်ချလိုက်တော့၏။ ဝမ်လင်းက လိပ်နက်ပေါ်သို့ ဆင်းသက်လာသည်မှာ အလွန်မြန်လွန်းသည်။
ထိုအခိုက်တွင် ဝမ်လင်းသည် လှည့်၍ သူ့လက်နှစ်ဖက်ကို လက်သီးများအသွင် ဖြစ်ပေါ်စေကာ ကျောက်သားလိပ်နက်ပေါ်သို့ ထိုးချသည်။
“ငါ့အတွက် ပျက်စီးလိုက်စမ်း…”
ခုနစ်ရောင်စုံနယ်မြေတစ်ခုလုံး တုန်ယင်သွား၏။ လောကသည် ပျက်စီးတော့မည့်အလား။ ဝမ်လင်း၏လက်သီးချက်က ထိုလိပ်နက်၏ကျောပေါ်သို့ ကျရောက်ထိမှန်သွားသည့်အခါ အက်သံများ ပဲ့တင်ထပ်သည်။
***