ခုနစ်ရောင်စုံပုံရိပ်
Vol. 117 Ch. 1610
ချင်းရွှေ၏ ခန္ဓာကိုယ်သည် အပြင်းအထန် တုန်ယင်သွားသည်။ သူ၏ရင်ဘက်ပေါ်မှ ဆူးသည် ဝမ်လင်းကြောင့် လက်မတော်တော်များများ ဆွဲထုတ်ခံရသည်။ သူ၏ဒဏ်ရာမှ စုပ်အားတစ်ခု ထွက်ပေါ်ကာ ထိုဆူးကို တင်းခံထား၏။ ဝမ်လင်းက ထိုစုပ်အားကို ခံစားမိပေသည်။
ဝမ်လင်းသည် ထိုဆူးကို ဆွဲနှုတ်နေရင်း ဆူးထံမှ ထူးဆန်းသောအော်ရာတစ်ခုသည် သူ၏စိတ်နှလုံးအတွင်းသို့ ဝင်ရောက်လာ၏။ သူ၏နှလုံးခုန်သံ အရူးအမူး တိုးမြှင့်လာလေ၏။
သူ၏နှလုံးခုန်နှုန်းက ပိုမြန်ဆန်လာကာ မကြာခင်တွင် ပြင်းထန်သောနာကျင်မှုက သူ့ခန္ဓာကိုယ်ပေါ် လှိုက်တက်လာချေသည်။
ထိုအခိုက်၌ ဝမ်လင်းနောက်မှ တစ္ဆေဆန်သောအသံတစ်သံ ထွက်ပေါ်လာသည်။ “ပထမဆုံးဆူးက သူ့ရဲ့ နှလုံးသားကို ချိပ်ပိတ်ထားတာ…”
ဝမ်လင်းသည် တဒင်္ဂ ရပ်တန့်သွား၏။ သူသည် အရင်က ဒီနေရာတွင် မည်သူ့ကိုမျှ သတိမပြုမိခဲ့ပေ။ ထို့အတွက် သူက ဒီအသံကို ကြားလိုက်သည့်အခါ သူ၏မျက်လုံးသူငယ်အိမ်ပင် ကြုံ့သွားပြီး နောက်သို့ ဖြည်းဖြည်းချင်း လှည့်လိုက်၏။
ချင်းရွှေ ရှိနေသော တောင်ထိပ်သည် လေထဲတွင် မြောလွင့်နေပြီး ခုနစ်ရောင်စုံလက်ချောင်းမှ ကွဲထွက်လာခဲ့သည်။ ချင်းရွှေ၏ စိတ်ဝိညာဉ် သူ့ထံ ပြန်ရောက်ရှိလာသည့်အခါ သူ့ရှေ့မှ ခုနစ်ရောင်စုံလက်ချောင်းသည် ဒီခုနစ်ရောင်စုံနယ်မြေအတွင်းမှ ပျောက်ကွယ်သွားခဲ့၏။
သို့ရာတွင် ဝမ်လင်းက ထိုပျောက်ကွယ်သွားသော ခုနစ်ရောင်စုံလက်ချောင်းကို ကြည့်လိုက်သည့်အခါ ၎င်းသည် ပြန်ပေါ်လာသည်။ ခုနစ်ရောင်စုံလက်ချောင်းထံမှ အလင်းသည် အလွန်အားပျော့၏။ ဝမ်လင်းက ထိုလက်ချောင်းသည် ပျောက်ကွယ်သွားသည်ဟု ထင်လိုက်၏။ သို့သော် ၎င်းက ထိုအစား ခုနစ်ရောင်စုံပုံရိပ်တစ်ခုအဖြစ်သို့ ပြောင်းသွားသည်။
ထိုပုံရိပ်သည် ဝေဝါးလှသော်လည်း ၎င်းက ဝမ်လင်းကို ကြည့်နေသည်။
ဝမ်လင်းသည် ငြိမ်သက်စွာ စဉ်းစားနေရင်း သူ၏ရှေးဟောင်းနတ်ဘုရားကြယ်များသည် မြန်ဆန်စွာ လှည့်ပတ်၏။ သူ၏ညာမျက်လုံးရှိ ရှေးဟောင်းမိစ္ဆာကြယ်များသည်လည်း မြန်ဆန်စွာ လှည့်ပတ်သည်။ သူ၏ဘယ်လက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်စေကာ ဆူးထံမှ သူ့ညာလက်ကို ဖြေလျော့လိုက်သည်။
ဝေဝေဝါးဝါး ခုနစ်ရောင်စုံ ပုံရိပ်သည် ဆိတ်ငြိမ်စွာ ပြောလိုက်သည်။ “မင်း စိတ်မပူနဲ့။ မင်း သူ့ကို ကယ်တင်မှာကို ငါ ဆက်ပြီး ခွင့်ပြုထားမယ်။ ငါ မင်းကို တားဆီးလိမ့်မှာ မဟုတ်ဘူး…”
ဝမ်လင်းသည် တစ်စက်လေးမှ စိတ်အေးမသွားပေ။ သူက ချက်ခြင်းပင် ထိုခုနစ်ရောင်စုံပုံရိပ်သည် သွေးမြူအတွင်း ပုံရိပ်ထဲ၌ သူ တွေ့မြင်ခဲ့သော ခုနစ်ရောင်စုံပုံရိပ်နှင့်တူတူသာ ဖြစ်မှန်း သိရှိလိုက်သည်။
ဝမ်လင်းသည် ခုနစ်ရောင်စုံနှင့် ပတ်သတ်၍ အတော်လေး နားလည်လာခဲ့ပြီ ဖြစ်သည်။ သူ့ထံ၌လည်း ခုနစ်ရောင်စုံရုပ်တုတစ်ခု ပိုင်ဆိုင်ထားသလို၊ သူက တာအိုစိတ်ဝိညာဉ်ကို သန့်စင်သော ခုနစ်ရောင်စုံတာအိုသခင်ကိုလည်း မြင်ခဲ့ဖူးသည်။ ထို့အပြင် သူသည် ရှေးအမိန့်သင်္ချိုင်းတွင်းရှိ ပုံရိပ်ယောင်ထဲ၌ ခုနစ်ရောင်စုံတာအိုသခင်ကိုပါ ထပ်မြင်ခဲ့ဖူးသည်။
ထိုဝေဝေဝါးဝါး ခုနစ်ရောင်စုံပုံရိပ်ကို ကြည့်နေရင်း သူသည် ထိုသူမှာ သူ၏ဦးရေပြားကို ထုံထိုင်းအောင် လုပ်နိုင်သော ထိုခုနစ်ရောင်စုံတာအိုသခင် ဟုတ်လား၊ မဟုတ်လားကိုမူ မဆုံးဖြတ်နိုင် ဖြစ်ရသည်။ သို့ပေမည့် အခုသည်လူထံမှ အော်ရာမှာ အလွန်တည်ငြိမ်နေ၏။
“ရှေးအမိန့်အမွေအနှစ်၊ အင်မောတယ်ကောင်းကင်ဘုံခန္ဓာကိုယ်၊ အနှစ်သာရငါးခု၊ မင်းရှိမှာ လျှို့ဝှက်ချက်တွေ အများကြီး ရှိနေတာပဲ…” တည်ငြိမ်သောအသံသည် ထိုပုံရိပ်ထံမှ ထွက်ပေါ်လာပြန်သည်။
“သင်က ဘယ်သူလဲ…” ဝမ်လင်းသည် စိတ်ထဲ၌ တုန်ယင်နေမိပြီ။ သို့သော် သူ၏အမူအရာကမူ ပြောင်းလဲမသွားပေ။ ထိုသူသာ သူ ထင်ထားသောသူ အမှန်တကယ် ဖြစ်နေပါက ထိုသူက သူ၏လျှို့ဝှက်ချက်များကို သိနေသည့်အပေါ် အံ့အားသင့်စရာ မရှိပေ။
“မင်းရဲ့ လျှို့ဝှက်ချက်တွေထဲ ဘယ်တစ်ခုကိုမဆို လူတိုင်းက မဟာကံကောင်းမှုကြီးတစ်ခုလို့ ယူဆကြမှာပဲ။ ဒါပေမဲ့ ငါ့အတွက်တော့ ဒါတွေက ဘာမှမဟုတ်ဘူး…”
ထိုဝိုးတဝါးခုနစ်ရောင်စုံပုံရိပ်က ခေါင်းယမ်းလိုက်၏။ သူက ဝမ်လင်းကို ကြည့်ကာ ချင်းရွှေထံ လက်ညှိုးထိုး၍ ပြောလိုက်သည်။ “မင်း ဆက်လုပ်နိုင်တယ်။ ဒါက ငါ မင်းကို ပေးတဲ့ အခွင့်အရေးတစ်ခုပဲ။ မင်း အောင်မြင်ရင် သူ့ကို ခေါ်ပြီး ထွက်သွားနိုင်တယ်။ မအောင်မြင်ရင်တော့ ထားခဲ့ရမယ်။ ဒါက မင်းအတွက် တစ်ခုတည်းသောအခွင့်အရေးပဲ…”
ဝမ်လင်းက သူ့ညာလက်ဖြင့် ချိပ်ဟန်ပြုလုပ်ခြင်းကို ရပ်တန့်လိုက်သည်။ သူသည် နောက်သို့ ပြန်မလှည့်ဘဲ ချင်းရွှေရင်ဘက်ပေါ်ရှိ ဆူးကို ဆုပ်ကိုင်လိုက်သည်။ သူ ၎င်းကို ဆုပ်ကိုင်လိုက်သည့်အခိုက်တွင် ချင်းရွှေ၏နှလုံးမှ အော်ရာက သူ့ကို ထပ်မံ လွှမ်းခြုံလာသည်။
ထိုအော်ရာသည် ဝမ်လင်းပတ်လည်တွင် ပျံ့နှံ့လာနေရင်း သူ၏နှလုံးတွင်းမှ ပြင်းထန်သောနာကျင်မှုကို ခံစားရသည်။ သို့သော် သူက ၎င်းနာကျင်မှုကို ဖိနှိပ်ထားသည်။ သူသည် ဆူးကို ဖြည်းဖြည်းချင်း ဆွဲထုတ်၏။
သူ ပို၍ ဆုတ်ထုတ်လေလေ သူ၏နှလုံးက ပိုမို နာကျင်လေပင်။ ကံကောင်းစွာဖြင့် သူက လျှင်မြန်စွာ ပြန်ကောင်းမွန်နိုင်စွမ်း ရှိသော ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်။ နာကျင်မှု လှိုက်တက်လာနေရင်း သူက မြန်ဆန်စွာ ပြန်ကောင်းမွန်နေ၏။
ဝိုးတဝါးခုနစ်ရောင်စုံ ပုံရိပ်က ဝမ်လင်းကို ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ရှေးအမိန့်အမွေအနှစ်ခန္ဓာကိုယ်က တကယ် ကောင်းမွန်တာပဲ။ အတိတ်တုန်းက ယဲ့မိုက သူ့အမွေအနှစ်ကို ထိန်းသိမ်းထားနိုင်ဖို့ သွေးစက်သုံးထောင်ကို ဖြန့်ကျဲခဲ့တယ်။ ဒါက အလကားဟသ မဖြစ်ခဲ့ဘူးပဲ…”
ဝမ်လင်း၏ နှလုံးတွင်းရှိ နာကျင်မှုသည် အကန့်အသတ် ရောက်လာသည့်အခါ သူ၏မျက်လုံးသည် လက်ခနဲ ဖြစ်သွားပြီး ပထမဆုံးဆူးကို ကြမ်းတမ်းစွာ ညာလက်ဖြင့် ဆွဲထုတ်ယူလိုက်တော့သည်။ ချင်းရွှေသည် အံတင်းတင်းကြိတ်ထား၏။ သူ၏ခန္ဓာကိုယ်မှာ တုန်ယင်နေသော်လည်း အသံတစ်စက်မျှ ထွက်မလာပေ။ သို့ပေမည့် နာကျင်မှုကြောင့် ရှုံ့မဲ့နေသော သူ၏မျက်နှာကိုမူ ဆံပင်များက ဖုံးလို့နေသည်။
ချင်းရွှေ၏ခန္ဓာကိုယ်တွင် သွေးများ ရွှဲနစ်နေ၏။ ထိုသွေးတို့က ပေါက်ကွဲထွက်လာတော့မည့် အခါတွင် ဝမ်လင်းက ဒဏ်ရာပေါ်သို့ ချိပ်ပိတ်မှုတစ်ခုကို အလျင်အမြန် နေရာချလိုက်သည်။ ထိုချိပ်ပိတ်မှုက လင်းလက်သွားရာ သွေးများ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။
ဝမ်လင်းသည် သူ၏ခန္ဓာကိုယ်တွင်း၌ တွန်းကန်အား ဗြောင်းဆန်နေစဉ် ငြိမ်သက်စွာ စဉ်းစားနေ၏။ ကောင်းကင်ဘုံသားနှင့် ရှေးဟောင်းနတ်ဘုရားစွမ်းအားတို့ကြား တွန်းကန်နေမှုက သူ၏ခန္ဓာကိုယ်ထံမှ အတောမသပ် တုန်ဟည်းမှုများကို ထွက်ပေါ်နေစေသည်။ ထိုတွန်းကန်အားကြောင့် ဝမ်လင်း၏ခန္ဓာကိုယ် ပြင်ပမှ ဆူးများသည် ပျက်စီးကုန်သည်။
သူ၏ခန္ဓာကိုယ်အတွင်းနက်ပိုင်းတွင် နစ်မြုပ်နေသော ဆူးများသာ ကျန်ရှိတော့၏။ ယင်းတို့က အမြစ်တွယ်နေသည့်အလား။
ကျောက်သားလိပ်နက်၏ကျော ပျက်စီးစဉ် ဆူးပေါင်းတစ်သိန်း ဝမ်လင်းထံ တရှိန်ထိုး ဝင်ရောက်ခဲ့စဉ်က သူသည် အလင်းအရိပ်ဒိုင်းနှင့် ရှေးဟောင်းနတ်ဘုရားကောင်းချီးပေးခြင်းတို့ကို အသုံးပြုခဲ့ပေသည်။ ထိုအကွာအကွယ်နှစ်ခုကို ဆူးများက ဖုံးကွယ်ထားလိုက်သည့်အတွက် အပြင်ဘက်ကနေ မမြင်တွေ့ခဲ့ရခြင်းပင်။
သို့ပေမည့် မည်သို့ပင်ဖြစ်စေ သူသည် ထိုဆူးများ၏ တိုက်ခိုက်မှုကို မရပ်တန့်နိုင်ခဲ့ဘဲ အနည်းငယ်သာ အချိန်ဆွဲနိုင်ခဲ့ရုံသာ ရှိသည်။
ဝမ်လင်းသည် နေရာတွင်ပင် ရပ်နေရင်း သူ၏နှလုံးထဲရှိ နာကျင်မှုက ဖြည်းဖြည်းချင်း လွင့်ပါးလာ၏။ သူက ဝိုးတဝါးခုနစ်ရောင်စုံပုံရိပ်ကို ကြည့်လိုက်သည်။ ထို့နောက် သူ့လက်ဖြင့် ချင်းရွှေ၏လည်ပြွန်တွင် ထိုးစိုက်နေသော ဆူးကို ဆုပ်ကိုင်လိုက်သည်။
“ဒီဒုတိယဆူးက သူ့ရဲ့ ကြွက်သားတွေကို ချိပ်ပိတ်ထားတာ…”
ဝမ်လင်း၏မျက်လုံးသူငယ်အိမ်မှာ အနည်းငယ် ကြုံ့သွား၏။ သူက ပြောလိုက်သည်။ “ကြီးမြတ်တဲ့သင် ဆိုလိုတဲ့ ယဲ့မိုရဲ့ သွေးစက်သုံးထောင်က ဘာများလဲဆိုတာ ငါ သိချင်မိပါတယ်…”
ခုနစ်ရောင်စုံပုံရိပ်က ရယ်မောလိုက်ဟန်တူကာ ခေါင်းယမ်းကာ ပြောသည်။ “မင်း နောက်ထပ်ဆူးသုံးချောင်း ဆွဲနှုတ်နိုင်ရင် ငါ မင်းကို ရှေးလူတွေရဲ့ လျှို့ဝှက်ချက်ကို ပြောပြမယ်…”
(ဘာသာပြန်သူမှတ်ချက်။ ။ မူရင်းဘာသာပြန်သူက ရှေးအမိန့်ဟူသော အသုံးအနှုန်းနေရာတွင် ရှေးလူများဟူသော အသုံးကို ဤနေရာတွင် ပြောင်းလဲ၍ သုံးနှုန်းထားသည်။ )
ဝမ်လင်းသည် ခုနစ်ရောင်စုံပုံရိပ်၏ အတွေးများကို နားလည်နိုင်ခြင်းမရှိပေ။ ထိုသူက ချင်းရွှေ မွေးဖွားလာသည့်အချိန်မှစ၍ ပူဆွေးမှု၊မျှော်လင့်ချက်မဲ့မှု အခြေအနေထိ စောင့်ကြည့်ရန် များစွာ အားစိုက်ထုတ်ခဲ့၏။ အဆုံးသပ်တွင် သူက သတ်ဖြတ်ခြင်းအနှစ်သာရကို ရိတ်သိမ်းနိုင်ဖို့ ဒီအစီအရင်ကို ချခင်းခဲ့သည်။
သို့ပေမည့် ဝမ်လင်းသည် ခုနစ်ရောင်စုံပုံရိပ်၏ အပြောနှင့်အလုပ်ကို တွေ့မြင်သည့်အခါ သတ်ဖြတ်ခြင်းအနှစ်သာရကိုလည်း ထိုသူက တစ်စက်မှ ဂရုစိုက်မည့်ပုံ ပေါ်မနေတော့ပေ။ ထိုအဖြစ်က ဝမ်လင်းကို သူ၏ အရင်တုန်းက ထင်မြင်ချက်များကို ပြန်ခန့်မှန်းကြည့်စေတော့၏။
ခုနစ်ရောင်စုံပုံရိပ်၏ မထူးခြားနား လေသံက ဝမ်လင်း၏အမြင်တွင် အတုအယောင် ဟုတ်မနေပေ။ သူက အမှန်တကယ် ဂရုမစိုက်ခြင်း ဖြစ်နေ၏။
“သူ ဒါကို ဘာအတွက်ကြောင့် လုပ်နေခဲ့တာလဲ…” ဝမ်လင်းသည် စဉ်းစားနေရင်း ချင်းရွှေ၏ လည်ချောင်းတွင်းရှိ ဒုတိယမြောက်ဆူးကို ဖမ်းဆုပ်ကာ ဆွဲထုတ်သည်။ သူ ဆွဲထုတ်နေရင်း သူ့ခန္ဓာကိုယ်ရှိ ကြွက်သားအားလုံးကိုပါ ဆွဲနှုတ်ထုတ်သလို ခံစားမိရသည်။ သူက ထိုသို့သော နာကျင်မှုကို အစောပိုင်းတုန်းက လေးကို ဆွဲတင်ခဲ့ချိန်ကတည်း ခံစားခဲ့ဖူးသည်။ ယင်းကား သူ တောင့်ခံနိုင်သောအရာတစ်ခုပင်။
ဝမ်လင်းသည် ဒုတိယဆူးကို အတင်းအကြပ် ဆွဲထုတ်ယူလိုက်၏။
ချင်းရွှေသည် အံတင်းတင်း ကြိတ်ထားရင် ငြီးတွားလိုက်ရသည်။ သူ၏ခန္ဓာကိုယ်တွင် ချွေးများ ရွှဲနစ်နေလျက် သူသည် အင်မတိအင်မတန်နာကျင်မှုကို တောင့်ခံနေရသည်။
ဝမ်လင်းသည် ချင်းရွှေ၏ ဘယ်လက်ပေါ်ရှိ တတိယမြောက်ဆူးကို လှမ်းကိုင်လိုက်ချိန်၌ သူ၏မျက်နှာမှာ သေလောက်အောင် ဖြူရောနေလေပြီ။
“တတိယဆူးနဲ့ လေးခုမြောက်ဆူးတို့က သူ့ရဲ့ နတ်ဘုရားအာရုံကို ချိပ်ပိတ်ထားတာ…”
ခုနစ်ရောင်စုံပုံရိပ်သည် တည်ငြိမ်စွာ ပြောလာ၏။
ဝမ်လင်းသည် မာန်သွင်း၍ တတိယမြောက်ဆူးကို ဆုပ်ကိုင်ကာ ဆွဲယူလိုက်သည်။ သူ၏နတ်ဘုရားအာရုံကို ထိုဆူးထံမှ ပြင်းထန်သောအားတစ်ခုက လာရိုက်ခတ်၏။ ၎င်းက သူ၏နတ်ဘုရားအာရုံကို အပြင်းအထန် ဒဏ်ရာရစေမည့်အလား ခံစားစေသည်။
ဝမ်လင်းသည် သွေးအန်ထုတ်လိုက်ရသည်။ ထို့နောက် သူက ရုန့်ရင်းကြမ်းကြုတ်သောဟန်ပန်ဖြင့် ၎င်းဆူးကို ဆွဲထုတ်သည်။ သူက ချင်းရွှေ၏ ညာလက်ပေါ်ရှိ လေးခုမြောက်ဆူးကိုလည်း တွေဝေမနေဘဲ လှမ်းကိုင်ကာ ကြမ်းကြမ်းတမ်းတမ်း ဆွဲနှုတ်သည်။
ပြင်းထန်သောအားက ဝမ်လင်း၏ဒဏ်ရာရသွားသော နတ်ဘုရားအာရုံကို လာရောက် ထိမှန်ပြန်သည်။ သူ့စိတ်မှာ တုန်ဟည်းနေ၏။ သူသည် ထပ်မံ သွေးအန်လိုက်ရသည်။ သူ၏ခန္ဓာကိုယ်တွင်းရှိ တွန်းကန်အားမှာလည်း မြင့်တက်လာပြီး သူ၏ခန္ဓာကိုယ်သည် အဆက်မပြတ် တုန်ယင်နေတော့သည်။
ချင်းရွေ၏ ညာလက်က အောက်သို့ ကျကာ သူက ဝမ်လင်းကို မော့ကြည့်လိုက်၏။ သူက ခုနစ်ရောင်စုံပုံရိပ်ကို မမြင်ဘဲ ဝမ်လင်းတစ်ယောက်ကိုသာ မြင်သည့်အလား။ ထိုအကြည့်ထဲ၌ ဝမ်းနည်းမှု၊ စိတ်သက်သာရာရမှု၊ စိတ်လှုပ်ရှားမှုတို့ ရှိနေလေ၏။
ဝမ်လင်းက သူ့ပါးစပ်ထောင့်မှ သွေးကို သုတ်လိုက်ပြီး ချင်းရွှေကို ပြုံးပြသည်။ သို့ပေမည့် မကြာခင်တွင် သူ၏မျက်လုံးသည် ကျဉ်းမြောင်းသွားသည်။ ချင်းရွှေ၏အကြည့်က ဝမ်လင်း၏ပတ်ဝန်းကျင်ကို ရောင်ပြန်ဟပ်သွားသည့်အလား။ ဝမ်လင်းသည် သူ့ကိုယ်သူသာ တွေ့မြင်နိုင်တော့ပြီး ခုနစ်ရောင်စုံပုံရိပ်ကို မတွေ့တော့ပေ။
“သူ ငါ့ကို မမြင်နိုင်ဘူး။ ဒီနေရာမှာ မင်းတစ်ယောက်ပဲ ငါ့ကို မြင်နိုင်တယ်။ မင်းက တကယ့်ကို စိတ်ဝင်စားဖို့ကောင်းတဲ့ ဇွဲထက်သန်တဲ့ ကျင့်ကြံသူတစ်ယောက်ပဲ။ ကျင့်ကြံသူလေး ကျန့်လိုမျိုး ငါ့ကို အံ့အားသင့်မိအောင် လုပ်နိုင်တဲ့ သူတစ်ယောက်ပဲ။ ဒီမှာ ခြွင်းချက်တွေအားလုံးကို ဖန်တီးခဲ့တာပဲ။ မင်းက ငါနဲ့ ဘာမှ မဆိုင်တဲ့အချက်ကို ငါ ယုံကြည်ချက် ရှိမနေခဲ့ဘူးဆိုရင် ဒီဖန်တီးမှုဟာ ဒီလောက်ထိ အံဩဖို့ ကောင်းလိမ့်မယ်ဆိုတာ ငါ ယုံကြည်မိမှာ မဟုတ်ဘူး…” ခုနစ်ရောင်စုံပုံရိပ်က သက်ပြင်းချ၏။
“သူက ငါဟာ သူနဲ့ မပတ်သတ်ဘူးလို့ ပြောခဲ့တယ်။ ဒါက ဘာကို ဆိုလိုတာလဲ။ ကျန့်ဆိုတဲ့သူကရော။ သူက သေသွားပြီဖြစ်တဲ့ ကျန့်ကုန်းလီကို ပြောတာလား။ ဒါမှမဟုတ် တစ္ဆေအိုကြီးကျန့်ကိုလား…” ဝမ်လင်းသည် ခုနစ်ရောင်စုံပုံရိပ်ကို မကြည့်ပေ။ သူ၏မျက်လုံးသည် တလက်လက် ဖြစ်သွားပြီး သူက ဖြည်းဖြည်းချင်း မေးလိုက်သည်။ “သင် ပြောတဲ့ ယဲ့မိုရဲ့ သွေးစက်သုံးထောင်ဆိုတာက ဘာကို ဆိုလိုတာလဲ…”
ခုနစ်ရောင်စုံပုံရိပ်က ပြုံးလိုက်၏။ သူက ဝမ်လင်းကို ကြည့်သည်။ သူက အတိတ်ကို ပြန်အောက်မေ့ဟန် အမူအရာဖြင့် စတင် ပြောလာသည်။
“ဟိုးအစတုန်းက ရှေးနိုင်ငံမှာ ရှေးဟောင်းယဲ့မိုကလွဲလို့ ဘယ်ကျင့်ကြံသူမှ မရှိခဲ့ဘူး။ ဒါပေမဲ့ သူက ရောက်လာခဲ့သေးတယ်။ သူ မသေခင်က သူဟာ သူ့သွေးစက် သုံးထောင်ကို ဖြန့်ကျဲခဲ့တယ်။ သွေးစက်တစ်ထောင်ဟာ ရှေးဟောင်းနတ်ဘုရားတွေ၊ နောက်ထပ်သွေးစက်တစ်ထောင်ဟာ ရှေးဟောင်းမိစ္ဆာတွေ၊ နောက်ထပ်သွေးစက်တစ်ထောင်ဟာ ရှေးဟောင်းနတ်ဆိုးတွေ ဖြစ်လာခဲ့ကြတယ်။ နှစ်တွေ ကုန်လွန်လာတာနဲ့အမျှ ဒီသွေးစက်သုံးထောင်ဟာ ပေါင်းစည်းတာ ဒါမှမဟုတ် အားနည်းသွားတာတွေ ဖြစ်လာခဲ့ကြတယ်…”
“ဒါက မင်းတို့ ရှေးကလန်သုံးခုရဲ့ မူလအစပဲ…”
ဝမ်လင်း၏စိတ်သည် တုန်ယင်သွား၏။ သူသည် ထိုသူ၏စကားများကို အလုံးစုံ မယုံကြည်ပေ။ သို့သော် သူ့စကားက နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ၌ ဗုံအတွင်းရှိ ရှေးဟောင်းနတ်ဆိုးစိတ်ဝိညာဉ် ပြောခဲ့သောစကားနှင့် အတော်လေး ဆင်တူနေခဲ့သည်။
ရှေးဟောင်းနတ်ဆိုးပေလောက ရှေးလူသည် ကောင်းကင်ဘုံကိုဆန့်ကျင်သည့် ပထမဆုံးမျိုးဆက် ဖြစ်သည်ဟု ပြောခဲ့ဖူးသည်။သူက ကောင်းကင်ဘုံတာအိုကို ဆန့်ကျင်တိုက်ခိုက်ရင်း သေဆုံးခဲ့၏။ နောက်ပိုင်းတွင် ရှေးဟောင်းနတ်ဘုရားများ၊ ရှေးဟောင်းမိစ္ဆာများ၊ ရှေးဟောင်းနတ်ဆိုးများ ပေါ်လာခဲ့ခြင်းပင်။
ထိုကလန်သုံးခုသည် ကောင်းကင်ဘုံကို ဖိဆန်သည့် ဒုတိယမျိုးဆက် ဖြစ်ကြသည်။
ရှေးဟောင်းနတ်ဆိုးပေလော ပြောခဲ့သော အကြောင်းက ခုနစ်ရောင်စုံပုံရိပ် ပြောသည်နှင့် ထပ်တူထပ်မျှ မတူသော်လည်း ထိုစကားနှစ်ခုကို ပေါင်းကြည့်လိုက်ပါက ရှင်းလင်းသောမြင်ကွင်းပုံရိပ်တစ်ခု ပေါ်ထွက်လာမည်သာ။
“ရှေးလူယဲ့မိုကို ရှေးဟောင်းကောင်းကင်ဘုံအင်ပါယာ၊ ဒါမှမဟုတ် ခုနစ်ရောင်စုံပုံရိပ်တို့က ဒီနေရာကို ဖြားယောင်းခေါ်ဆောင်ခဲ့တာ ဖြစ်ရမယ်။ အဲ့တိုက်ပွဲကို ရှေးဟောင်းနတ်ဆိုးပေလောဟာ ရှေးလူက ကောင်းကင်ဘုံကို တိုက်ခိုက်ခဲ့တာဆိုပြီး ညွှန်းဆို ပြောခဲ့တာဖြစ်မယ်…”
“သွေးစက်သုံးထောင်ဟာ တဖြည်းဖြည်းနဲ့ ကလန်သုံးခုအဖြစ် ပြောင်းလဲသွားခဲ့တာ။ ပေါင်းစည်းထားတဲ့ သွေးစက်တွေဟာ တော်ဝင်သွေးမျိုးဆက် ဖြစ်လာခဲ့ကြတာ။ ဒီအကြောင်းအရာတွေဟာ ဘယ်လောက်များများ အမှန် ဖြစ်နိုင်လဲ…”
ဝမ်လင်းသည် အသက်ဝဝရှိုက်သွင်းမိလိုက်၏။
***