← Chapters

ကျေးဇူးပါ…

Vol. 117 Ch. 1611

ကျေးဇူးပါ…

Vol. 117 Ch. 1611

ခုနစ်ရောင်စုံပုံရိပ်က ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “နောက်ထပ် ချိပ်ပိတ်ထားတဲ့ ဆူးခြောက်ချောင်း ကျန်သေးတယ်။ မင်း ဆက်လုပ်ပါ…”

ဝမ်လင်းသည် ငြိမ်သက်စွာ စဉ်းစားနေရင်း သူ့စိတ်ထဲရှိ အတွေးကို ဖိနှိပ်ထားလိုက်သည်။ သူ၏ညာလက်ကို ချင်းရွှေ၏ ဒန်တျန်နေရာရှိ ငါးခုမြောက်ဆူးထံသို့ ဆန့်တန်းလိုက်သည်။

“ဒီငါးခုမြောက်ဆူးက သူ့မူလဇစ်မြစ်ကို ချိပ်ပိတ်ထားတာ…” ခုနစ်ရောင်စုံပုံရိပ်၏ တည်ငြိမ်သောအသံသည် ဝမ်လင်းနားထဲ တိုးဝင်လာသည်။

ဝမ်လင်းသည် ထိုဆူးကို ထိကိုင်မိသည်နှင့် သူ၏ကောင်းကင်ဘုံစွမ်းအင်နှင့်ရှေးဟောင်းစွမ်းအားများသည် တစ်ပြိုင်နက်တည်း မြင့်တက်လာသည်။ ထိုအဖြစ်က သူ၏ခန္ဓာကိုယ် ပျက်စီးတော့မည့်အလား။ အားနှစ်ခုသည် သူ၏ညာလက်အတွင်းသို့ တိုးဝင်လာရင်း သူသည် ဆူးကို ကြမ်းတမ်းစွာ ဆွဲနှုတ်လိုက်သည်။

သူ ထိုဆူးကို ဆွဲထုတ်လိုက်ချိန်၌ ကျယ်လောင်စွာ မြည်ဟည်း ပေါက်ကွဲသည်။ ဝမ်လင်း၏ခန္ဓာကိုယ်မှာ တုန်ယင်လျက် သူ့ညာလက်မှ တစီစီအသံများ ထွက်ပေါ်လာသည်။ သွေးမြူများ ပန်းထွက်ကာ သူသည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရပြီးမှ သူ့ကိုယ်သူ ပြန်တည်ငြိမ်အောင် လုပ်လိုက်နိုင်သည်။

ရဲရဲနီနေသော မျက်လုံးများဖြင့် ဝမ်လင်းသည် ချင်းရွှေထံ လှမ်းလျှောက်ဝင်လာသည်။ ချင်းရွှေ၏မျက်နှာထက်၌ အလွန်အမင်း နာကျင်မှုတို့ ပြည့်နှက်နေပြီး သူ့ပါးစပ်မှ ငြီးသံများ ထွက်ပေါ်လာတော့သည်။ ချင်းရွှေထံချဉ်းကပ်လာရင်း ဝမ်လင်းသည် ချင်းရွှေ၏ ခြေထောက်များပေါ်ရှိ ခြောက်ခုမြောက်နှင့် ခုနစ်ခုမြောက်ဆူးများကို တုံ့ဆိုင်းခြင်းမရှိ ဆွဲကိုင်လိုက်သည်။

ခုနစ်ရောင်စုံပုံရိပ် အပြောကို စောင့်မနေဘဲ ဝမ်လင်းက မာန်သွင်းလိုက်လေ၏။ ဝမ်လင်း၏လက်နှစ်ဖက်မှ ရွှေရောင်အလင်း လင်းလက်ကာ သူ့လက်နှစ်ဖက်တွင် ရှေးဟောင်းစွမ်းအားများ ပြည့်နှက်လာသည်။ သွေးများ ဖုံးလွှမ်းနေလျက် သူသည် လက်နှစ်ဖက်ဖြင့် ခက်ခက်ခဲခဲ ဆွဲထုတ်ယူသည်။

ချင်းရွှေကဲ့သို့ သန်မာသောလူသည်ပင် ထိုနာကျင်မှုကို ဆက်လက် တောင့်မခံနိုင်တော့ပေ။ သို့သော် သူ၏ နာကျင်စွာအော်သံက ခပ်အုပ်အုပ်သာ ထွက်ပေါ်လာသည်။

ဘန်းခနဲ ပေါက်ကွဲကာ ဆူးများကို ဝမ်လင်းက ဆွဲထုတ်လိုက်သည်။ ခုချိန်၌ သူ့ပါးစပ်ထောင့်မှ သွေးများ စီးကျလာနေသည်။ သို့ပေမည့် ဝမ်လင်း၏ကိုယ်တွင်းရှိ တွန်းကန်အားသည် အထွတ်အထိပ် ရောက်လာခဲ့လေရာ သူ့မျက်နှာကို ရှုံ့တွသွားစေသည်။

“မဆိုးဘူး။ နောက်ထပ် ဆူးသုံးချောင်း ကျန်သေးတယ်။ ဒါပေမဲ့ ဒီနောက်ဆုံးဆူးသုံးချောင်းဟာ လွယ်လွယ် ဖယ်ရှားလို့ မရနိုင်ဘူး။ မင်းသာ ဒီဆူးတွေကို ဖယ်ရှားနိုင်ခဲ့ရင် ငါ မင်းကို လက်ဆောင်တစ်ခု ပေးမယ်…” ခုနစ်ရောင်စုံပုံရိပ်သည် တည်ငြိမ်လျက်သာ။ သူက ကောင်းကင်ထက်ရှိ ခုနစ်ရောင်စုံတိမ်ထုအတွင်းသို့ လက်ဆန့်ထုတ်လိုက်သည်။ တိမ်ထုသည် တုန်ယင်သွားကာ ဧရာမအဝါရောင်သစ်သီးတစ်လုံး ဖြစ်ပေါ်ကာ ဖြည်းဖြည်းချင်း သက်ဆင်းလာသည်။

ထိုသစ်သီးကို ကိုင်းတစ်ခုက ချိတ်ဆက်ထားဆဲပင်။ ခုနစ်ရောင်စုံပုံရိပ်က ထိုကိုင်းကို ဖြတ်တောက်လိုက်ရာ ထိုသစ်သီး ကျဆင်းလာသည်။

“ဒါက မင်းအတွက် လက်ဆောင်ပဲ…”

ဝမ်လင်းသည် ထိုတာအိုသစ်သီးကို ကြည့်ကာ မျက်မှောင်ကြုတ်သွားသည်။ ဒီခုနစ်ရောင်စုံပုံရိပ်က သူ့ကို ရှေ့ဖြစ်ဟောသူကဲ့သို့ တူညီသောခံစားမှုကို ပေးလေသည်။ သူသည် ထိုလူ၏ရည်ရွယ်ချက်ကို မခန့်မှန်းနိုင် ဖြစ်ရ၏။ ထိုလူက သူ ချင်းရွှေကို ကယ်တင်မည်အား ခွင့်ပြုပေးခဲ့၊ ရှေးလူများ၏ လျှို့ဝှက်ချက်များကိုလည်း ပြောခဲ့၊ အခု တာအိုသစ်သီးကိုလည်း ပေးနေ၏။

ထိုအရာများအားလုံးသည် အကြောင်းပြချက် မရှိဘဲ လုပ်ပေးတာ မဖြစ်နိုင်ပေ။ ပြဿနာတစ်ခုခု ရှိနေရမည်သာ။

ဝမ်လင်းသည် အနည်းငယ် စဉ်းစားပြီးနောက် တာအိုသစ်သီးထံမှ သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်သည်။ သူက ချင်းရွှေ၏ မျက်ခုံးနှစ်ခုကြားထံမှ လက်မအနည်းငယ်အကွာရှိ ရှစ်ခုမြောက်ဆူးကို ကြည့်လိုက်သည်။

ဝမ်လင်းသည် တခြားဆူးနှစ်ကိုလည်း မြင်ပေ၏။ သို့သော် ယင်းတို့မှာ အလွယ်တကူ ဖယ်ရှား၍ ရနိုင်လိမ့်မည် မဟုတ်ပေ။

အသက်ဝဝရှိုက်သွင်းပြီးနောက် ဝမ်လင်းက သူ့ညာလက်ကို ဖြည်းဖြည်းချင်း ပင့်မြှောက်ကာ ချင်းရွှေ၏ဦးခေါင်းထံ လက်ဆန့်ထုတ်လိုက်သည်။ သည်တစ်ကြိမ်၌ သူသည် အလွန်နှေးကွေးစွာ လုပ်နေပြီး ပြီးခဲ့သောလုပ်ဆောင်မှုများထက် များစွာ ပိုလေးနက်နေသည်။

ရှစ်ခုမြောက်ဆူးသည် သေခြင်းရှင်ခြင်းနှင့် ယှက်လိမ်နေသော ဦးခေါင်းနေရာတွင် တည်ရှိနေပေ၏။ ၎င်းက ချင်းရွှေ၏ မျက်ခုံးနှစ်ခုကြားမှ သေကွင်းသေကွက်တွင် ရှိနေသည်။ သို့သော် ၎င်းက လက်မအနည်းငယ် ကွာဟနေသည့်အနေထားက ဝမ်လင်းကို စိတ်ရှုပ်ထွေးမိစေသည်။

“ဒီရှစ်ခုမြောက်ဆူးက ဆူးတစ်ချောင်း မဟုတ်ဘူး။ ဒါပေမဲ့ အဲ့နေရာမှာ သူ့ရဲ့ ပြန်လည်မွေးဖွားမှုကို ဖွင့်လှစ်နိုင်တဲ့ နေရာမှာ ချခင်ထားတဲ့ အရာတစ်ခုပဲ…” ခုနစ်ရောင်စုံပုံရိပ်သည် ပြုံးနေဟန် တူကာ ဝမ်လင်း၏လက် ရှစ်ခုမြောက်ဆူးထံ ဖြည်းဖြည်းချင်း ဆန့်လာသည်ကို စောင့်ကြည့်နေသည်။

ဆူးနှင်တစ်လက်မအကွာတွင် သူ့လက်သည် ခဏတာ တန့်သွား၏။ ထိုဆူးက ပြီးခဲ့သောဆူးခုနစ်ချောင်းနှင့် မတူပေ။ တခြားဆူးခုနစ်ချောင်းက ချင်းရွှေ၏ ခန္ဓာကိုယ်ထဲ စိုက်ဝင်နေသော်လည်း အစိတ်အပိုင်းအများစုမှာ အပြင်ဘက်တွင် ရှိနေ၏။ သို့ပေမည့် ဒီရှစ်ခုမြောက်ဆူးက ချင်းရွှေ၏ ကိုယ်တွင်း၌ အစိတ်အပိုင်းများစွာ နစ်ဝင်နေပြီး နှစ်လက်မလောက်သာ အပြင်ဘက်တွင် ရှိသည်။

ထိုနှစ်လက်မသည် အလွန်တိုသည်။

ဝမ်လင်းက သူ့လက်ကို မရပ်တန့်ပေ။ သို့သော် သူက သူသာ ၎င်းဆူးကို နှုတ်ယူလိုက်သည်နှင့် ချင်းရွှေမည်သို့ဖြစ်သွားမည်ကို မသိတော့ပေ။ သူ့အနေအထား သိသာစွာပင် အလွန်အန္တရာယ်များနေသည်။

ချင်းရွှေသည် ဝမ်လင်းကို ဖြည်းဖြည်းချင်း မော့ကြည့်လာ၏။ သူ့မျက်နှာထက်၌ နာကျင်မှုတို့ ပြည့်နှက်နေသော်လည်း သူ၏မျက်လုံးတို့ကမူ ရှင်းလင်းသည်။ သူက ဝမ်လင်းကို အချိန်အတန်ကြာ စိုက်ကြည့်ပြီးနောက် ခေါင်းညိတ်ပြလိုက်၏။

ဝမ်လင်းက ချင်းရွှေကို ကြည့်ကာ အံတင်းတင်း ကြိတ်လိုက်သည်။ သူက ဆက်လက်၍ တုံ့ဆိုင်းမနေတော့ဘဲ ရှစ်ခုမြောက်ဆူးကို ဆုပ်ကိုင်လိုက်၏။ ဝမ်လင်းက ထိုဆူးကို ဖမ်းကိုင်မိသည့်အခိုက်တွင် နာကျင်မှုကြောင့် ချင်းရွှေသည် ဗလုံးဗထွေးအော်ဟစ်လိုက်ရသည်။

ဝမ်လင်းက ထိုဆူးကို ထိမိသည့်အခါ ပုံပျက်ယိုယွင်းသော မှတ်ဉာဏ်များက သူ့စိတ်ထဲ ဝင်ရောက်လာပြီး သူ့အား ဗရမ်းဗတာအခြေအနေသို့ ဆွဲချသွားသည်။ ဗရမ်းဗတာပုံရိပ်များက ဝမ်လင်း၏စိတ်ကို နာကျင်မှုများ ပြည့်နှက်လာစေ၏။

သူက ထိုမှတ်ဉာဏ်များကို အသေးစိတ် မကြည့်နိုင်ပေ။ သူ့လက်ဖြင့် ရှစ်ခုမြောက်ဆူးကို ဆုပ်ကိုင်ကာ ဆွဲနှုတ်လိုက်ရာ လေးလက်မခန့် ထွက်လာ၏။

ချင်းရွှေက အံတင်းတင်းကြိတ်ထားသည်။ သူသည် ခုထိ အသည်းအသန် မအော်ဟစ်သေးပေ။ သူက တောင့်ခံထားကာ သူ၏သွားကြားထဲကနေ ခပ်အုပ်အုပ်ငြီးသံများတော့ ထွက်ပေါ်နေ၏။

သည်ခဏတာအချိန်လေးက ဝမ်လင်းနှင့်ချင်းရွှေတို့အတွက် ထာဝရအလား။ သူ့စိတ်ထဲ ဝင်ရောက်လာသော မှတ်ဉာဏ်များသည် သူ့ကို မောင်းထုတ်လုနီးနီးပင်။ သို့သော် သူက ထိုသို့ မဖြစ်မခံပေ။ သူသည် ဆူးကို ဖြည်းဖြည်းချင်း ထပ်မံ ဆွဲနှုတ်သည်။

အဆုံးသပ်၌ ချင်းရွှေ၏ ခေါင်းထဲ၌ စိုက်ဝင်နေသော ဆူးသည် ဝမ်လင်း၏ ဆွဲထုတ်ယူခြင်း ခံရ၏။ ဆူးကို ဆွဲထုတ်လိုက်သည့်အခါ ချင်းရွှေ၏ ပါးစပ်မှ သွေးများ စီးကျလာ၏။ သူသည် ဒီတောင်မှ လွတ်လပ်သွားလေပြီ။ သူသည် ဝမ်လင်းပေါ်သို့ ပြိုလဲကျလာကာ ဝမ်လင်းက ချင်းရွှေကို ထိန်းဖမ်းပေးလိုက်၏။

သူ့ခေါင်းက ဝမ်လင်း ပုခုံးပေါ်သို့ မှီကျနေ၏။ သူ့ခန္ဓာကိုယ်သည် အလွန်အားနည်းနေသည်။ ဝမ်လင်းသည် သူ၏ခပ်ဖျော့ဖျော့စကားလုံးများကိုသာ ကြားရနိုင်သည်။

“ကျေးဇူးတင်ပါတယ်…” ထိုသို့ပြောပြီးနောက် ချင်းရွှေသည် မေ့မြောသွားတော့သည်။

“စီနီယာအစ်ကို…” ဝမ်လင်းသည် သူ့လက်ထဲရှိ ဆူးကို လွှတ်ပစ်ကာ ချင်းရွှေကို ထိန်းပေးထား၏။

“မဆိုးပါဘူး။ ဒါပေမဲ့ နောက်ဆုံးဆူးနှစ်ခုက ပြီးခဲ့တဲ့ ဆူးတွေထက် အများကြီး ပိုခက်ခဲတယ်။ ထားလိုက်ပါတော့လေ….ဒါကို ယူပြီး ထွက်သွားတော့…” ခုနစ်ရောင်စုံပုံရိပ်က သူ့လက်ကို ဝေ့ယမ်းလိုက်ရာ တာအိုသစ်သီးသည် ဝမ်လင်းထံ ပျံသန်းလာလေ၏။

“ငါမင်းကို ဒီဟာ လက်ဆောင်ပေးမယ်လို့ ပြောခဲ့တယ်။ ဒါ့ကြောင့် မင်း ဒါကို ယူသွားနိုင်တယ်…”

ဝမ်လင်းသည် ချင်းရွှေကို ပွေ့ကိုင်ထားရင်း တာအိုသစ်သီးကို လက်ခံလိုက်၏။ သူက ခုနစ်ရောင်စုံပုံရိပ်ကို လေးလေးနက်နက် ကြည့်ကာ တာအိုသစ်သီးကို သိမ်းဆည်းလိုက်သည်။ သူသည် ချင်းရွှေကို ခေါ်ကာ ခုနစ်ရောင်စုံနယ်မြေ ထွက်ပေါက်သို့ ပျံသန်းသွားလေ၏။

ဝမ်လင်းသည် ခုနစ်ရောင်စုံပုံရိပ်ထံမှ သေစေနိုင်သောခြောက်လန့်မှု အငွေ့အသက်ကို ခံစားမိနေ၏။ သူသည် ထိုခုနစ်ရောင်စုံပုံရိပ်က ဘာကြောင့် အခုလိုအရာများကို လုပ်သည်ကို မသိပေ။ သူ စဉ်းစားနေရင်း မထွက်သွားခင် ခဏတာ ရပ်လိုက်ပြီး အကွာအဝေးတစ်ခုရှိ ခုနစ်ရောင်စုံပုံရိပ်ထံ လှည်ပြန် ကြည့်လိုက်သည်။

“ဘာကြောင့်လဲ…” ဝမ်လင်းသည် ထိုသို့ မေးလိုက်စဉ် သူ့အသံမှာ ကြမ်းရှနေသည်။

“သူက ကစားပွဲသာသာပဲ။ မင်း သူ့ကို ကယ်ချင်ရင် သူ့ကို ခေါ်သွားရုံပဲ။ ဘာကြောင့်လည်းဆိုတော့ ဇွဲနပဲထက်သန်တဲ့ ကျင်ကြံသူတွေဟာ ကံကောင်းမှုတစ်ခု ရခဲ့ရင် ကောင်လေးကျန့်လိုမျိုး အံ့ဩဖို့ကောင်းတဲ့ ပြောင်းလဲမှုကို ဖြတ်သန်းနိုင်မလား ငါ မြင်ချင်လို့ပဲ။ ဖြစ်နိုင်တာက ငါ ဒါကို အသုံးပြုပြီး သူ့ကို ရှာနိုင်လောက်တယ်…”

“သင် ဘာကို ရှာနေတာလဲ…” ဝမ်လင်းသည် မျက်မှောင်ကြုတ်သွား၏။ သူသည် ထိုလူ ပြောသည့်စကားများကို တကယ် နားမလည်နိုင် ဖြစ်ရ၏။

“မင်း အဲ့တာကို တွေ့ကြုံခဲ့ရင် မင်း သိလာလိမ့်မယ်…” ခုနစ်ရောင်စုံလူက ပြုံး၍ သူ၏ညာလက်ကို ဝေ့ယမ်းလိုက်သည်။ ဝမ်လင်း၏ခန္ဓာကိုယ်သည် သူ့ထိန်းချုပ်မှုကနေ လွတ်ထွက်ကာ သူသည် နောက်ဆုတ်ရလေ၏။

ဝမ်လင်း၏မျက်လုံးထဲတွင် တုန်လှုပ်မှုတို့ ပြည့်နှက်နေလျက် သူ့ခန္ဓာကိုယ်သည် ဒီခုနစ်ရောင်စုံနယ်မြေကနေ ထွက်ခွာလာတော့သည်။

ဝမ်လင်းသည် စဉ်းစားနေရင်း နောက်ဆုံးမေးခွန်းကို မေးလိုက်၏။ “သင်က ကောင်းကင်ဘုံအုပ်စိုးသူလား…”

“ဟုတ်တယ်လို့လည်း ပြောနိုင်တယ်။ မဟုတ်ဘူးလို့လည်း ပြောနိုင်တယ်…” ခပ်ဖျော့ဖျော့အသံ ပဲ့တင်ထပ်သည်။ ဝမ်လင်းသည် တောက်ပသောလေဟာနယ်ကြယ်အဖွဲ့အစည်းတွင် ပြန်ပေါ်လာ၏။ ထို့နောက် သူသည် ခုနစ်ရောင်စုံနယ်မြေထံ ဝင်ပေါက်အဟသည် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားလေ၏။

သူ့ခန္ဓာကိုယ်သည် လွတ်လပ်မှု ပြန်ရလာ၏။ သို့သော် ဖြစ်ပျက်ခဲ့သမျှက သူ့ကို နက်နက်နဲနဲ စွဲထင်ကျန်စေခဲ့၏။ သူသည် တစ်စုံတစ်ခုကို နားလည်သလိုလို ရှိသည်။ သို့သော် ထိုအဖြစ်က သူ့ကို ပို၍ပင် စိတ်ရှုပ်ထွေးမိစေ၏။

“သူ ဘာကို ရှာဖွေနေတာလဲ။ ကောင်လေးကျန့်လို့ သူပြောခဲ့တဲ့သူဟာ တစ္ဆေုအိုကြီးကျန့်ကိုများလား။ ပြီးတော့ ဘယ်လို အံ့အားသင့်ဖွယ် ပြောင်းလဲမှုက တစ္ဆေအိုကြီးကျန့်ထံမှာ ဖြစ်ခဲ့တာလဲ…”

“ဒီပြောင်းလဲမှုက ခုနစ်ရောင်စုံလူကို သူ ရှာနေတဲ့အရာကို တွေ့ဖို့အတွက် ခွင့်ပြုပေးနိုင်သေးတယ်…” ဝမ်လင်းသည် စဉ်းစားနေရင်း နောက်ဆုတ်ကာ ပျောက်ကွယ်သွားသော ခုနစ်ရောင်စုံနယ်မြေထံ ကြည့်လိုက်သည်။

“ချင်းရွှေရဲ့ ကိစ္စက ကစားပွဲတစ်ခုသာသာပဲ…” ဝမ်လင်း၏မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွား၏။ သူသည် ချင်းရွှေကို ထိန်းကိုင်ပေးထားရင်း မဟာမိတ်ဌာနချုပ် အနီးအနားရှိ လူသူကင်းမဲ့သောဂြိုဟ်တစ်ခုထံ ရောက်ရှိလာသည်။

ထိုဂြိုဟ်ပေါ်တွင် မည်သည့်ကျင့်ကြံသူ၊ မည်သည့်စိတ်ဝိညာဉ်စွမ်းအင်မှ ရှိမနေဘဲ သားရဲအချို့သာ ရှိသည်။ သို့ရာတွင် ဝမ်လင်းအတွက်တော့ ဒီနေရာမှာ ချင်းရွှေ၏ ချိပ်ပိတ်မှုကို ဖယ်ရှားရန် အကောင်းဆုံးနေရာတစ်ခုပင်။

ဝမ်လင်းသည် ဤဂြိုဟ်၏ တောင်ကြားတစ်ခုအတွင်း၌ ထိုင်ချလိုက်၏။ သူက သတိလွတ်နေသော ချင်းရွှေကို သူ့ရှေ့တွင် ချထားလိုက်သည်။ သူသည် အသက်ခပ်ပြင်းပြင်း ရှုရှိုက်ကာ သူ့ခန္ဓာကိုယ်တွင်းရှိ တွန်းကန်အားကို ဖိနှိပ်နိုင်ဖို့ မျက်လုံးမှိတ်လိုက်၏။ သို့ပေမည့် ၎င်းမှာ အလွန်ခက်လှသည်။ အဆုံးသပ်၌ သူက နာကျင်မှု လျော့ပါးသွားအောင်သာ လုပ်လိုက်နိုင်သည်။

သူ၏အသွေးအသားထဲတွင် နစ်ဝင်နေသော ဆူးမြောက်များစွာလည်း ရှိနေသေး၏။ ယင်းတို့သည် မမြင်ရသော်လည်း ထိုဆူးများကြောင့် သူ အသက်ရှုလိုက်တိုင်း နာကျင်မှုကို ခံစားနေရ၏။

ချင်းရွှေကို ကယ်တင်ရသည့် တန်ဖိုးမှာ ကြီးမားလွန်းလှ၏။

သို့ပေမည့် ဝမ်လင်းသည် ထပ်မံ ရွေးချယ်ခွင့် ရှိခဲ့လျှင်ပင် သူသည် အခုလို တုံ့ဆိုင်းခြင်းမရှိ လုပ်ဆောင်ပေမည်။

သူ ချင်းရွှေကို ကယ်တင်နိုင်ဖို့ နှစ်ပေါင်းများစွာ စောင့်ဆိုင်းနေရခြင်းမှာ အတိတ်တုန်းက သူ၏ကျင့်ကြံမှုအဆင့်ဖြင့် အခွင့်အရေးတစ်စက်မှ မရှိသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူက ချင်းရွှေကို ကယ်တင်နိုင်စွမ်း မရှိခဲ့ခြင်းပင်။

သို့ပေမည့် ခုလက်ရှိ သူ၏ကျင့်ကြံမှုအဆင့်ဖြင့် သူသည် ချင်းရွှေကို ကယ်တင်နိုင်မည့် အခွင့်အရေး ရှိလာ၏။ သူသည် ပိုကောင်းမွန်သော အခွင့်အရေးကို စောင့်နေခဲ့လျှင်၊ သူ တတိယအဆင့်ကျင့်ကြံသူ ဖြစ်လာသည့်အထိ စောင့်နေခဲ့လျှင် သူ လုံလောက်သော ခွန်အား ပိုင်ဆိုင်သည့်အထိ စောင့်နေခဲ့လျှင် သူသည် ချင်းရွှေ အသက်ရှင်နေအုံးမည်လားကို မသိနိုင်ပေ။

တစ်ခါတစ်ရံ၌ လူတစ်ယောက်သည် အရာအားလုံးကို ရှင်းရှင်းလင်းလင်း တွက်ချက်ကာ ဖြစ်နိုင်ချေ ဆိုးကျိုး၊ ကောင်းကျိုးကို တွက်သောလူစားမျိုးသည် စိတ်ခံစားမှုများအကြောင်းကို နားလည်နိုင်လိမ့်မည် မဟုတ်ပေ။

ဝမ်လင်းသည် အန္တရာယ်ကို သိနေခဲ့လျှင်ပင် သူသည် လုပ်ဆောင်မိအုံးမည်သာ။ ဝမ်လင်းက ချင်းရွှေ၏ စိတ်နေစိတ်ထားကို သိထားသဖြင့် သူ့နေရာတွင် ချင်းရွှေ ဖြစ်နေလျှင်လည်း ချင်းရွှေက သူ့လိုပင် လုပ်ဆောင်ပေးမည်သာ။ ချင်းရွှေဆိုလျှင်လည်း ဝမ်လင်းကို ကယ်တင်ပေးမည်သာ။ ထိုအရာက လုံလောက်နေလေပြီ။

ဤကား ရိုးရှင်းသောအကြောင်းပြချက်တစ်ခု၊ တိုက်ရိုက်ဆန်လွန်းသော ရွေးချယ်မှုတစ်ခုသာ ဖြစ်၏။ သို့သော် လူ ဘယ်လောက်များများက ထိုသို့ လုပ်ဆောင်နိုင်ပါမည်နည်း။ အသက်သည် အဖိုးထိုက်တန်ပါ၏။ သို့သော် တစ်ခါတစ်ရံ အသက်ထက် အရေးကြီးသော အရာများ ရှိနေသည် မဟုတ်လား။

သို့ပေမည့် အလွန်နည်းပါးသောလူအချို့ကသာ ထိုအချက်ကို ယုံကြည်ကြလေ၏။

***

All Chapters