← Chapters

အရက်ပြင်းပြင်း

Vol. 117 Ch. 1612

အရက်ပြင်းပြင်း

Vol. 117 Ch. 1612

ကံကောင်းစွာဖြင့် ဝမ်လင်းနှင့်ချင်းရွှေတို့ နှစ်ယောက်လုံးသည် ထိုသို့သော လူစားမျိုး ဖြစ်နေခြင်းပင်။

ကိုးခုမြောက်အရိုးက ချင်းရွှေ၏ ကျောရိုးထဲတွင် ရှိကာ လုံးဝ နစ်ဝင်နေပြီး တစ်လက်မပင် အပြင်သို့ ထွက်မနေပေ။ ဒဏ်ရာပင် ရှိမနေ။ ၎င်းဆူးက သူ၏ခန္ဓာကိုယ်တွင်း၌ လုံးဝ နစ်မြုပ်နေ၏။

သတိလွတ်နေသော ချင်းရွှေ၏မျက်နှာသည် နာကျင်မှုကြောင့် ရှုံ့တွနေ၏။ သို့သော် သူ့မျက်နှာထက်တွင် ကျေနပ်ပျော်ရွှင်မှု အရိပ်အမြွက် ရှိနေ၏။ သူ စိတ်သက်သာရာ ရခြင်းမှာ ဝမ်လင်းကြောင့် ဖြစ်၏။ ပျော်ရွှင်ရမှုမှာလည်း ဝမ်လင်းကြောင့်ပင်။

ခဏတာကျင့်ကြံပြီးနောက် ဝမ်လင်း၏ မောပန်းမှုက အနည်းငယ် လျော့ပါးသွား၏။ သူက အသက်ဝဝရှုကာ သတိမေ့နေသော ချင်းရွှေကို မတင်ပေးပြီး သူက ချင်းရွှေ၏ နောက်ကျောဘက်တွင် နေရာယူလိုက်သည်။ ဝမ်လင်းသည် ချင်းရွှေ၏ ပိန်ပါးသောကျောကို စိုက်ကြည့်လို့နေသည်။

ချင်းရွှေ၏ ကျောရိုးမသည် ရောင်ကိုင်းနေသည်။

အချိန်အတန်ကြာပြီးနောက် ဝမ်လင်း၏အမူအရာက အလေးအနက် ဖြစ်လာ၏။ သူက ညာလက်ကို ပင့်မြှောက်လိုက်ပြီး သူ၏လက်ညှိုးသည် တစ်ခုခုရှာသည့်အလား ချင်းရွှေ၏ ကျောရိုးတစ်လျှောက် ဖြည်းဖြည်းချင်း ရွှေ့လျားသည်။ ဝမ်လင်းက တစ်ခုခုကို စဉ်းစားနေသည့်အလား သူ၏မျက်ခုံးနှစ်ခုကို စုကြုံ့ထားသည်။

“ကံကောင်းစွာနဲ့ ဒီဆူးက သူ့ကျောရိုးမထဲ လုံးလုံးလျာလျာ မပေါင်းစည်းသွားသေးတာ။ အချိန်သာ ထပ်ကုန်သွားခဲ့ရင် ဒီဆူးက သူ့ကျောရိုးနဲ့ လုံးလုံး ပေါင်းစည်းသွားလိမ့်မယ်။ အဲ့ကျရင် လုံးဝ ဖယ်ရှားလို့ ရတော့မှာ မဟုတ်ဘူး။ ဒါက သူ့ရဲ့ခန္ဓာကိုယ်နဲ့ မူလစိတ်ဝိညာဉ်ကို ချိပ်ပိတ်ထားတာပဲ။ ခန္ဓာကိုယ် ပြောင်းလဲသွားခဲ့ရင်တောင် ဒီဆူးက ရှိနေအုံးမှာ…” ဝမ်လင်း၏ လက်ညှိုးက ရုတ်တရက် ချင်းရွှေ၏ ကျောရိုးမ ဦးဆုံးအပိုင်းသို့ ထိုးစိုက်လိုက်၏။

ချင်းရွှေ၏ ခန္ဓာကိုယ်သည် တုန်ယင်သွားကာ သူသည် မျက်လုံးဖွင့်လာ၏။ သူက အံတင်းတင်းကြိတ်ထားသဖြင့် နာကျင်စွာအော်သံ ထွက်မလာပေ။

ဝမ်လင်းသည် နူးညံ့စွာ ပြောလိုက်သည်။ “စီနီယာအစ်ကို…..ဒီကိုးခုမြောက်ဆူးကို ဖယ်ရှားရင် နာကျင်မှုက ပြီးခဲ့တဲ့ဆူးရှစ်ခုပေါင်း နာကျင်မှုထက် ပိုပြင်းထန်လိမ့်မယ်…”

“ငါ့ တစ်ဘဝလုံး နာကျင်မှု ခံစားခဲ့ရတာ ဆိုတော့ ငါ အသားကျနေပါပြီ…” ချင်းရွှေ၏အသံသည် ရှတနေ၏။ သို့သော် သူ့အသံမှာ အလွန်အမင်း တည်ငြိမ်သည်။

ဝမ်လင်း၏မျက်လုံးထဲတွင် ဝမ်းနည်းရိပ်တို့ ရှိနေ၏။ သက်ပြင်းချလိုက်ပြီးနောက် သူက ဆက်လက်တွေဝေမနေတော့ဘဲ ညင်သာစွာ ပြောလိုက်တော့သည်။ “တောင့်ခံထားပါ…”

သူ ထိုသို့ ပြောရင်း သူ့ညာလက်က ချင်းရွှေ၏ ကျောရိုးမရှိ အသွေးအသားကို ထွင်းဖောက်သွားသည်။ သူ့လက်ချောင်းက ဆူးကို ဆုပ်ကိုင်မိသည်။ ထိုအားပျော့သော ဆူးက ဝမ်လင်းလက်ချောင်းများ၏ ဆုပ်ကိုင်ခြင်းကို ခံလိုက်ရသည်။

ချင်းရွှေ၏ မျက်နှာသည် သေလောက်အောင် ဖြူရောသွားကာ ချွေးသီးချွေးပေါက်များ ကျဆင်းလာ၏။ သို့ပေမည့် သူသည် အံတင်းတင်းကြိတ်ကာ နာကျင်မှုကို အမုန်းတရားအဖြစ် ပြောင်းလဲ၏။

ဝမ်လင်းက ထိုအားနည်းသောဆူးကို လက်ချောင်းဖြင့် ညှပ်ကာ ဖြည်းဖြည်းချင်း ဆွဲထုတ်သည်။ ယင်းကား ရိုးတွင်းခြင်ဆီကို ထုတ်ယူခြင်းနှင့် အလားသဏ္ဌာန်တူ၏။ အလွန်နည်းပါးသောလူများကသာ ဤသို့သော နာကျင်မှုကို တောင့်ခံနိုင်လိမ့်မည်။

ဝမ်လင်း၏အမူအရာက အလွန်အလေးအနက် ဖြစ်နေ၏။ သူက သူ၏လက်ချောင်းကို တစ်စက်လေးပင် မတုန်ယင်သွားအောင် ထိန်းထား၏။ သူက ဆူးကို လက်ချောင်းများဖြင့် ညှပ်ကာ ဖြည်းဖြည်းချင်းသာ ဆုတ်ထုတ်နေ၏။ သူ တစ်လက်မ ဆွဲထုတ်တိုင်း ချင်းရွှေကို အွတ်ခနဲ ငြီးတွားသွားစေ၏။ ချင်းရွှေက သူ့လက်ဖြင့် မြေကြီးကို တင်းတင်း ဆုပ်ကိုင်ထားလေသဖြင့် ခပ်နက်နက်တွင်းပင် ဖြစ်လာရသည်။

ဝမ်လင်းသည် ချင်းရွှေ၏အမူအရာကို မမြင်ရပေ။ သူက သူ၏လက်ချောင်းများပေါ်တွင်သာ အာရုံအပြည့်စိုက်ထားသည်။ သူ ဖြည်းဖြည်းချင်း ဆွဲထုတ်နေရင်း ညင်သာသောအမြန်နှုန်းကို ထိန်းသိမ်းထား၏။ သူက အပြင်းအထန် မလုပ်ဝံ့ပေ။ သည်ပျော့ပျောင်းသောဆူးက ချင်းရွှေ၏ ကျောရိုးမနှင့် အလုံးစုံ မပေါင်းစပ်သေးသော်လည်း အများစုက ပေါင်းစပ်နေပြီး ဖြစ်၏။ ထို့ကြောင့် သူ အတော်လေး ဂရုစိုက်ရပေမည်။

အချိန်ကုန်လွန်လာ၏။ ကိုးခုမြောက်ဆူးသည် အလွန်ရှည်လျားသည်။ ဆယ့်ငါးမိနစ်ကြာပြီးနောက် ဝမ်လင်းက ထိုဆူး၏ အစိတ်အပိုင်းအများစုကို ဆွဲထုတ်ယူပြီးလေပြီ။ သူ့နှဖူးထက်တွင် ချွေးများ ပြန်နေ၏။ သို့သော် သူက ဆူးပေါ်တွင်သာ အာရုံစူးနစ်ထားသည်။

သူ ထုတ်ယူလိုက်သောဆူးမှာ လုံးဝနက်နေ၏။ အနက်ရောင်သွေးစက်တစ်စက် မြေပြင်ထဲသို့ ကျသွားကာ ရှဲခနဲ မြည်သံများ ဖြစ်ပေါ်သည်။

“ကျန်တဲ့အပိုင်းကို တစ်ခါတည်း ဆွဲနှုတ်လိုက်တော့…” ချင်းရွှေ၏ သွားကြားထဲမှ ညှစ်ထုတ် ပြောလိုက်သော တည်ငြိမ်သောအသံက ဝမ်လင်းနားထဲ ဝင်ရောက်လာ၏။

ဝမ်လင်းသည် ငြိမ်သက်စွာ စဉ်းစားနေသည်။ ခဏအကြာတွင် သူ့ညာလက်ဖြင့် ချင်းရွှေ၏ ကျောရိုးမှထံမှ ဆူးကို ကြမ်းတမ်းစွာ ဆွဲနှုတ်လိုက်ချေသည်။ အနက်ရောင်သွေးများ ပန်းထွက်လာသလို ချင်းရွှေလည်း အနက်ရောင်သွေးတစ်ပွက် အန်ထွက်သွား၏။ သူ၏နောက်ကျောမှာ ဖောင်းကြွလာပြီးနောက် ဖြည်းဖြည်းချင်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။

ချင်းရွှေသည် အသက်ကို ဟောဟဲလိုက်ကာ ရှုရှိုက်နေရ၏။ အချိန်အတန်ကြာပြီးမှ သူ့အသက်ရှုသံသည် ပြန်တည်ငြိမ်သွားသည်။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ သူသည် စတင်ကျင့်ကြံသည်။

ဝမ်လင်း၏မျက်နှာမှာလည်း ဖြူရောနေ၏။ ထိုဆူးကို လွှတ်ပစ်လိုက်ပြီးနောက် သူလည်း မျက်လုံးမှိတ်ကာ ကျင့်ကြံတော့သည်။ ကိုးခုမြောက်ဆူးကို ထုတ်ယူခဲ့ချိန်က သူသည်လည်း တူညီသောနာကျင်မှုကို ခံစားခဲ့ရသည်သာ။ သူ၏ ရိုးတွင်းခြင်ဆီကို ထုတ်နှုတ်ခံရသည့်အလား ခံစားခဲ့ရ၏။ ထိုနာကျင်မှုမှာ ချင်းရွှေလောက် မပြင်းထန်သော်လည်း အတော်လေး ပြင်းထန်နေဆဲသာ။

နာရီဝက်ခန့်ကြာပြီးနောက် ဝမ်လင်းသည် မျက်လုံးဖွင့်လာ၏။

ဝမ်လင်းက ညင်သာစွာ ပြောလိုက်သည်။ “စီနီယာအစ်ကို…နောက်ဆုံးတစ်ခု…”

ချင်းရွှေသည် အသက်မှန်မှန် ရှုရင်း ဝမ်လင်းဘက်သို့ လှည့်လာ၏။ သူက အတိတ်တုန်းက သူ၏ဂျူနီယာညီကို ကြည့်လိုက်သည်။ သူက ပင်ပန်းကာ အနီရောင်သွေးများ ခြောက်ကပ်နေသော ဝမ်လင်း၏အသွင်အပြင်ကို တွေ့မြင်သည့်အခါ သူ၏မျက်လုံးထဲတွင် နူးညံ့မှုအရိပ်အမြွက် ပေါ်လာ၏။

“မင်း ကြီးပြင်းလာခဲ့ပြီပဲ…” ချင်းရွှေ ပြုံးလိုက်၏။ သူ၏ရှေ့ရှိ ဂျူနီယာညီလေးမှာ သူ ကာကွယ်ပေးဖို့ လိုအပ်သော ကျင့်ကြံသူလေး မဟုတ်တော့ပေ။ ကြယ်အဖွဲ့အစည်းတစ်ခုလုံးကို ကိုင်လှုပ်နိုင်သော အလွန်အစွမ်းထက်သည့် ကျင့်ကြံသူတစ်ယောက် ဖြစ်လာခဲ့လေပြီ။

ဝမ်လင်းသည် ချင်းရွှေကို ကြည့်ကာ ပြုံးပြ၏။ သူ၏အပြုံးထဲ၌ ပင်ပန်းမှုတို့ ပြည့်နေသော်လည်း ယင်းအပြုံးက သူ၏ပျော်ရွှင်မှုအစစ်အမှန်ကို လှစ်ဟပြသည်။

“မင်းမှာ အရက်လေးဘာလေး မရှိဘူးလား…” ချင်းရွှေက လက်ဝေ့ယမ်းလိုက်၏။ သူ၏ခန္ဓာကိုယ်မှာ နှစ်ပေါင်းများစွာ တောင့်တောင့်တင်းတင်းသာ နေခဲ့ရသည့်အတွက် ခုချိန်၌ သူက ထူးဆန်းသလို ခံစားရသည်။

ဝမ်လင်းက ခေါင်းညိတ်ကာ သူ၏ညာလက်ကို လေဟာနယ်ထဲ ဆန့်ထုတ်လိုက်သည်။ သူ၏သိုလှောင်နေရာလွတ်ထဲမှ အရက်တစ်အိုး ပျံသန်းထွက်လာ၏။

ချင်းရွှေသည် ရယ်မောကာ အရက်အိုးကို ဖမ်းယူလိုက်သည်။ သူက တစ်ကျိုက်မော့သောက်လိုက်ရာ ပူနွေးနွေးအရသာက သူ့ခန္ဓာကိုယ် တလျှောက် ပျံ့နှံ့သွားသည်။ သူက အသက်တဝကြီး ရှုထုတ်လိုက်ပြီးနောက် အရက်အိုးကို ဝမ်လင်းထံသို့ ကမ်းပေးလိုက်သည်။

ဝမ်လင်းကလည်း အရက်အိုးကို ယူကာ တစ်ကျိုက်မော့သောက်လိုက်၏။ ပူနွေးနွေးခံစားချက်က သူ၏ခန္ဓာကိုယ်အနှံ့တွင် ပျံ့နှံ့လာသည်ပင်။ သူတို့နှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက် ကြည့်ကာ စတင် ရယ်မောလိုက်လေ၏။

သူတို့၏ရယ်သံတွင် ပျော်ရွှင်မှုများ ပြည့်နေသည်။ သူတို့နှစ်ယောက်လုံးထံ၌ အခုလိုမျိုး အူလိုက်အသည်းလိုက် ရယ်မောရတာ ရှားလှပေသည်။

“ဒီဆူးကို ဖယ်ရှားပြီးရင် ငါ့ကျင့်ကြံမှုအဆင့် ပြန်ရလာပြီး အများကြီးလည်း တိုးတက်လာလိမ့်မယ်။ သတ်ဖြတ်ခြင်းအနှစ်သာရ၊ သတ်ဖြတ်ခြင်းအနှစ်သာရ…”

ချင်းရွှေသည် ထိုသို့ ပြောလိုက်ရင်း သူ၏မျက်လုံးထဲတွင် ဝမ်းနည်းရိပ်သမ်းသည်။ သို့သော် သူက ၎င်းကို သူ၏အတွင်းနက်ပိုင်း၌ မြှုပ်နှံ့ထားလိုက်သည်။ သူက ဝမ်လင်းထံမှ အရက်အိုးကို ယူကာ နောက်တစ်ကျိုက် မော့သောက်လိုက်ပြန်သည်။

“လာ…နောက်ဆုံးဆူးကို ထုတ်ကြတာပေါ့…” ချင်းရွှေက အရက်အိုးကို အောက်ချလိုက်၏။ သူ၏မျက်လုံးများသည် တောက်ပလာသည်။

ဝမ်လင်းက ချင်းရွှေ၏ခန္ဓာကိုယ်ပေါ်မှ ဖောင်းကြွရောင်ကိုင်းနေသော သွေးကြောများကို ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “နောက်ဆုံးဆူးက စီနီယာအစ်ကိုရဲ့ ခန္ဓာကိုယ် သွေးကြောမျှင်တွေထဲမှာ ထွင်းဖောက်နေတာ။ ဒီဆူးက အရှည်ဆုံး ဖြစ်မှာ ငါ စိုးရွှံ့မိတယ်…”

“ဒီဆူးက ငါ့ရဲ့ ဒီနားကနေ ထွင်းဖောက်သွားခဲ့တာကို ငါ မှတ်မိတယ်…” ချင်းရွှေက သူ၏ညာလက်ကို မြှောက်ကာ သူ့နှလုံးနေရာ ရင်ဘက်ကို ညွှန်ပြလိုက်သည်။ သူ ညွှန်ပြလိုက်စဉ် သွေးလွှမ်းသောအပေါက်တစ်ပေါက် ပွင့်ဟလာကာ အပြာရောင်သွေးကြောများ အတွင်းမှ လှစ်ဟပေါ်၏။

အသက်ဝဝရှုသွင်းလိုက်ပြီးနောက် ချင်းရွှေသည် သူ့လက်ချောင်းများဖြင့် ညှပ်ကာ ထိုသွေးကြောကို ဒဏ်ရာထံမှ ဆွဲနှုတ်ယူလိုက်၏။ သူက တည်ငြိမ်ဟန် ပေါက်သော်လည်း သူ၏မျက်လုံးသူငယ်အိမ်ပင် ကြုံ့နေရသည့်အဖြစ်က မည်မျှနာကျင်မည်ကို ပြသရာ ရောက်သည်။

ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်နေ၏။ သူက ညာလက်ကို ဝေ့ယမ်းလိုက်သည်။ သူသည် ချင်းရွှေ ဆွဲထုတ်လိုက်သော သွေးကြောများကို ဖြတ်တောက်ပစ်လိုက်သည်။ သွေးများ ပန်းထွက်လာခါနီး၌ ဝမ်လင်းက ချိပ်ဟန်တစ်ခုကို ၎င်းပေါ်သို့ ချမှတ်ကာ သွေးတိတ်စေသည်။ သူ၏လက်ချောင်းက အခြားအစွမ်းတစ်ဖက်ထံသို့ ဆက်ဦးတည်၏။ ဝမ်လင်းက တစ်စုံတစ်ခုကို ဖမ်းယူကာ ဆွဲနှုတ်မည့်ပုံ ပေါက်နေ၏။ ချင်းရွှေ၏ ခန္ဓာကိုယ်သည် အပြင်းအထန် တုန်ယင်နေသည်။ သူ၏မျက်နှာမှာ ချက်ခြင်း ပြန်ဖြူရောသွား၏။ သို့သော် သူက အံတင်းတင်းကြိတ်ထားသည်။ သူသည် သူ့ရင်ဘက်ကို စိုက်ကြည့်လိုက်၏။ ဝမ်လင်း သူ၏သွေးကြောများထဲမှ ထုတ်ယူနေသော ခရမ်းရောင်ဆူးကို တွေ့မြင်ရသည်။

ထိုဆူးမှာ မြွေတစ်ကောင်ကဲ့သို့ ပျော့ပျောင်းနေ၏။ အစိတ်အပိုင်းတစ်ခု ဆွဲထုတ်ပြီးသော်လည်း တွန့်လိမ်နေဆဲ ဖြစ်၏။

၎င်းဆူး တွန့်လိမ်သွားတိုင်း ချင်းရွှေ၏နှဖူးထက်တွင် ချွေးများ ပိုပြန်လာသည်။ သူက အရက်အိုးကို ဆွဲယူကာ တစ်ကျိုက်မော့ချလိုက်၏။ သူ တစ်ကျိုက်သောက်ချလိုက်သည့်အချိန်၌ ဝမ်လင်းသည် တင်းတင်းဆွဲထုတ်လိုက်ရာ ဆူး၏ခုနစ်ပေခန့်မှာ ဆွဲနှုတ်ခြင်း ခံရသည်။ ချင်းရွှေ၏ မျက်နှာသည် ပြာနှမ်းသွားကာ သူ၏ခန္ဓာကိုယ်သည် တဆက်ဆက် တုန်ယင်သည်။ သူ့လည်ချောင်းအတွင်းမှ ခပ်ဖျော့ဖျော့ အော်သံများ ထွက်ပေါ်လာ၏။ သူက ကောင်းကင်ထက်သို့ မော့ကြည့်သည်။ သူ၏မျက်လုံးထဲတွင် ဒေါသတို့ ပေါက်ကွဲလာသည်။ ပြင်းထန်သော နာကျင်မှုက သူ့ကို လက်ထဲရှိ အရက်အိုးအား ခြေမွပစ်စေရာ အရက်အိုး တစစီကွဲထွက်သွား၏။

“ဝမ်လင်း…မင်းမှာ အရက် ရှိသေးလား…”

ဝမ်လင်းက သူ့ဘယ်လက်ဖြင့် လေဟာနယ်ထဲသို့ ဆန့်ထုတ်လိုက်ရာ အစိမ်းရောင်ဘူးသီးခြောက်တစ်ခု ပေါ်လာ၏။ ယင်းက အရက်မဟုတ်၊ ဒုတိယမြောက်ဟင်္သာငှက်ဟောင်း သူ့ကို ပေးခဲ့သော နဂါးသွေးဖြစ်၏။

ထိုသွေးသည် ရုန့်ရင်းလှသည်။

ချင်းရွှေသည် ထိုအရက်အိုးကို ယူကာ မော့သောက်ချလိုက်သည်။ သူက လေအေးတစ်ချက် ရှိုက်သွင်းကာ ပြုံးလိုက်၏။ “ငါးညှီနံ့နဲနဲ ရတယ်။ ဒါပေမဲ့ ချိုမြိန်နေတုန်းပဲ…။ ဒါက ဘယ်လိုအရက်မျိုးလဲဟ…။ ဒါက သွေး ဟုတ်တယ်မလား။ ဒါပေမဲ့ ဒီသွေးအရက်က လုံလောက်အောင် ပြင်းတယ်။ ဝမ်လင်း ဆူးတစ်ခုလုံးကို ထုတ်ယူလိုက်တော့…”

ဝမ်လင်း၏အကြည့်က အလေးအနက် ဖြစ်လာ၏။ သူက ဆူးကို ကြမ်းကြုတ်စွာ ဆွဲနှုတ်လိုက်သည်။ ချင်းရွှေ၏ ခန္ဓာကိုယ်အနှံ့မှ သွေးကြောများ ဖောင်းကြွလာကာ သူ၏ရင်ဘက်ထံ စုဝေးလာသည်။

ဝမ်လင်းသည် ဆွဲနှုတ်ယူနေရင်း ချင်းရွှေ၏ ဟန့်တားခံထားရသော ကျင့်ကြံခြင်းသည် ပြေလျော့လာ၏။ သတ်ဖြတ်ခြင်းအော်ရာတစ်ခု လေထဲသို့ ပျံ့လွင့်လာကာ ကောင်းကင်ထက်တွင် အနက်ရောင်တိမ်များ ဖုံးလွှမ်းလာတော့သည်။ သတ်ဖြတ်ခြင်းအော်ရာသည် သည်အခိုက်အတန့်၌ အလွန်တရာ သိပ်သည်းလှ၏။

အနက်ရောင်နှင်းများ ထိုတိမ်တိုက်များထံမှ စတင် ကျဆင်းလာကာ မြေကမ္ဘာကို ဖုံးလွှမ်းလာသည်။

“အနားယူတော့။ ငါ့ဘာသာ လုပ်လိုက်တော့မယ်…” ချင်းရွှေ၏ မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွား၏။ သူက မတ်တပ်ထရပ်သည်။ သူသည် နောက်ထပ် သွေးအရက်တစ်ကျိုက်မော့သောက်ချလိုက်သည်။ ထို့နောက် သူ့ဘယ်လက်ဖြင့် ခရမ်းရောင်ဆူးကို ဖမ်းဆုပ်ကာ ကြမ်းတမ်းစွာ ဆွဲနှုတ်လေ၏။

ကျယ်လောင်စွာ ပေါက်ကွဲသွား၏။ သူ၏ခန္ဓာကိုယ်ပေါ်မှ ဖောင်းကြွလာသော သွေးကြောများသည် အပြင်းအထန် လှုပ်ရှားသည်။ ခရမ်းရောင်ဆူး အစိတ်အပိုင်းအတော်များများကို ဆွဲနှုတ်လိုက်ပေပြီ။

“မင်း ဒီကောင်းကင်ဘုံအရှင်ကို ချိပ်ပိတ်ထားတာ ရှည်ကြာလွန်းနေပြီ။ အခု ဒီကောင်းကင်ဘုံအရှင်အတွက် ဒီကနေ ထွက်သွားတော့…” ချင်းရွှေ၏အသံသည် အေးစက်၏။ သူသည် နာကျင်မှုကို ဂရုမစိုက်သည့်အလား။ သူက ခရမ်းရောင်ဆူး၏ နောက်ဆုံးအပိုင်းကို ဖမ်းကိုင်ကာ ဆူးသည် ထောက်ခနဲ ကျိုးသွား၏။

သူ၏သွေးကြောနှင့် ချိတ်ဆက်ထားသော အပိုင်းမှာ အတွင်းသို့ ပြန်ကြုံ့ဝင်လိုသည့်အလား။ သို့သော် ချင်းရွှေက ၎င်းကို ကြည့်ပင်မကြည့်ပေ။ သူက ဆူးတစ်ဝက်ကို လွှတ်ပစ်လိုက်ပြီး သူ၏လက်ချောင်းများကို ဓားတစ်လက်အသွင် လှုပ်ရှား၍ သူ၏သွေးကြောထံ ဦးတည်သည်။ ချောက်ချားဖွယ် သတ်ဖြတ်ခြင်းအနှစ်သာရ ပမာဏသည် သူ၏သွေးကြောထဲသို့ မြင့်တက်လာ၏။

“မင်းက မထွက်သွားချင်မှတော့…ဒီအရှင်ရဲ့ ခန္ဓာကိုယ်ထဲမှာပဲ သေလိုက်တော့…” ချင်းရွှေ၏ လက်ချောင်းများ ဆင်းသက်လာ၏။ အနက်ရောင်နှင်းများ ပိုသိပ်သည်းစွာ ကျဆင်းလာလေသည်။ ဝမ်လင်းကိုပင် တုန်လှုပ်စေသော သတ်ဖြတ်ခြင်းအနှစ်သာရက ချင်းရွှေ၏လက်ချောင်းထံမှ တရှိန်ထိုးထွက်ကာ သူ၏ခန္ဓာကိုယ်ထဲ တရကြမ်း ဝင်ရောက်သည်။

သူ၏ခန္ဓာကိုယ်ထဲ၌ တစီစီအသံများ ထွက်ပေါ်လာ၏။ ဖောင်းကြယ်နေသော သွေးကြောများထံမှ နာကျင်စွာအော်ဟစ်သံ ထွက်ပေါ်လာပြီးမှ ပြန်တည်ငြိမ်သွားသည်ဟု ထင်မှတ်ရသည်။ ကြည့်ရသည်မှာ ထိုဆူးသည် ချင်းရွှေ၏ သတ်ဖြတ်ခြင်းအနှစ်သာရကြောင့် အရှင်လတ်လတ် ချက်ခြင်း သေဆုံးသွားသည့်ပုံ ရသည်။

ချင်းရွှေ၏ခန္ဓာကိုယ်သည် တုန်ယင်နေပြီး သူက အနက်ရောင်သွေးများ အန်ထုတ်လိုက်သည်။ သူ၏ပိန်ပါးသောခန္ဓာကိုယ်သည် စတင်ကြီးထွားလာကာ သူသည် မူလအသွင်အပြင်သို့ ပြန်ရောက်ရှိသွားလေသည်။

ထိုအခိုက်တွင် သူ၏ခန္ဓာကိုယ်တွင်းမှ သတ်ဖြတ်ခြင်းအနှစ်သာရ ပေါက်ကွဲထွက်လာပြီး ကောင်းကင်သည် နက်မှောင်လာ၏။ နှင်းနက်များ ကျဆင်းလာရင်း အရိပ်တံခါးတစ်ချပ် ပေါ်လာသည်။

လေဟာနယ်ဂိတ်တံခါး။

***

All Chapters