စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာ၊ လက်ဆောင်ရတနာ…
Vol. 117 Ch. 1613
“သတ်ဖြတ်ခြင်းအနှစ်သာရနဲ့ တတိယအဆင့်ကို ဝင်ရောက်ရင် အပူဇော်ခံမီးတောက် အကူအညီမလိုအပ်ဘူး။ ချင်းရွှေရဲ့ ခန္ဓာကိုယ်ထဲက သတ်ဖြတ်ခြင်းအနှစ်သာရကို ခုနစ်ရောင်စုံပုံရိပ်က စိုက်ပျိုးခဲ့တာ။ ဒါပေမဲ့ သူက ဒါကို ယူမသွားခဲ့ဘူး။ အဲ့အစား ဒီအနှစ်သာရ အများစုကို ချင်းရွှေရဲ့ ခန္ဓာကိုယ်ထဲမှာ ချန်ထားခဲ့တယ်။ ဒါ့ကြောင့် ချိပ်ပိတ်မှုကို ဖယ်ရှားလိုက်တဲ့အခါမှာ ဒီအနှစ်သာရက လေဟာနယ်ဂိတ်တံခါးကို ဆွဲဆောင်ပြီး ထွက်ပေါ်လာစေတာပဲ…”
ဝမ်လင်းသည် ချက်ခြင်းပင် အခြေအနေကို သုံးသပ်လိုက်သည်။
“ဒါပေမဲ့ ခုနစ်ရောင်စုံပုံရိပ်က သတ်ဖြတ်ခြင်းအနှစ်သာရကို ဘာကြောင့် ယူဆောင်မသွားခဲ့တာလဲ။ သူ့ရဲ့ ရည်ရွယ်ချက်က ဘာလဲ။ ငါ ထင်ထားသလို သူက သတ်ဖြတ်ခြင်းအနှစ်သာရအတွက် မဟုတ်ဘူးလား။ သတ်ဖြတ်ခြင်းအနှစ်သာရ အတွက် မဟုတ်ရင် သူက ဘာလို့ စီနီယာအစ်ကိုချင်းရွှေအပေါ် အခုလိုမျိုးတွေ လုပ်ခဲ့ရတာလဲ…”
“စီနီယာအစ်ကိုချင်းရွှေ ရှိကနေ သူ ဘာလိုချင်တာလဲ…” ဝမ်လင်း၏မျက်လုံးသည် တောက်ပလာ၏။ သူက ပို၍ တွေးမိလေလေ တစ်ခုခုမှားနေသလို ပို ခံစားရလေပင်။ ထို့နောက် သူ့ခေါင်းထဲတွင် အတွေးတစ်ခု ဖျပ်ခနဲ ပေါ်လာ၏။ သူသည် ချင်းရွှေ၏ ဦးခေါင်းထက် ခုနစ်လက်မခန့်အကွာမှ စိုက်ဝင်နေသော ဆူးကို ပြန်အမှတ်ရလိုက်သည်။
“မျက်ခုံးနှစ်ခုကြားက ဧရိယာဟာ အသေအရှင်ကြား ယှက်လိမ်ထားတဲ့နေရာပဲ။ ဒါပေမဲ့ ဒီဆူးက ခုနစ်လက်မလောက် ကွာဟနေတယ်။ ခုနစ်ရောင်စုံပုံရိပ် ပြောခဲ့တာက ဒါဟာ ပြန်လည်မွေးဖွားခြင်းကို ဖွင့်လှစ်တာတဲ့။ ပြန်လည်မွေးဖွားခြင်း…ပြန်လည်မွေးဖွားခြင်းဟာ သိမ်မွေ့ဆန်းကြယ်လှတယ်။ စီနီယာအစ်ကို ချင်းရွှေအပေါ် ခုနစ်ရောင်စုံပုံရိပ်ရဲ့ ရည်ရွယ်ချက်က သတ်ဖြတ်ခြင်းအနှစ်သာရနဲ့ အစ်ကိုချင်းရွှေ ပြန်လည်မွေးဖွားခြင်းစက်ဝန်းထဲ ဝင်ရောက်စေဖို့များလား။ ဒါပေမဲ့ ဒီလိုဆိုရင်ရော ဘယ်လိုအသုံးဝင်မှု ရှိတာလဲ…”
“သူ ပြောခဲ့တဲ့ မှတ်ချက်တစ်ခုလည်း ရှိနေသေးတယ်။ ဒါက ငါဟာ သူနဲ့ ဘာမှ ပတ်သတ်မှု မရှိဘူးတဲ့။ ဒါဆိုရင် သူနဲ့ စီနီယာအစ်ကိုချင်းရွှေကြားမှာကော ပတ်သတ်မှုတစ်ခုခု ရှိနေတယ်လို့ ဆိုလိုတာများလား….။ ဒါဆိုရင် ဒီပတ်သတ်ချိတ်ဆက်မှုက ဘာများလဲ…”
ဝမ်လင်းသည် ပို၍ တွေးလေလေ သူက တစ်ခုခုကို ဖမ်းဆုပ်မိသလို ခံစားရလေပင်။ သို့သော် ယင်းဖမ်းဆုပ်မိသည့်အရာမှာ ခုထိ မရှင်းမလင်း ဖြစ်နေဆဲသာ။
သူသည် လောဘကြီးနှင့် ပြိုလဲကုန်းမြေတွင် တွေ့ဆုံခဲ့ပြီး ခုနစ်ရောင်စုံရုပ်တုကို ပိုင်ဆိုင်ခဲ့သည့်အချိန်မှစ၍ ဝမ်လင်းက မြူလွှာတစ်ခုကို ဝိုးတဝါး ဖမ်းဆုပ်မိခဲ့လာ၏။ ထိုမြူလွှာ၏နောက်တွင် အတွင်းနှင့်အပြင်နယ်မြေနှစ်ခုလုံးဖြင့် ပတ်သတ်သော မဟာလျှို့ဝှက်ချက်ကြီးတစ်ခု တည်ရှိနေသည်။
ဝမ်လင်းသည် ထိုမြူလွှာကြောင့် အနှီလျှို့ဝှက်ချက်ကို ဖြတ်မမြင်နိုင်ဘဲ ရှိနေသေး၏။ ပြင်ပနယ်မြေ တိမ်ပင်လယ်သို့ လာရောက်တိုက်ခိုက်ခြင်း၊ အုပ်စိုးသူနှင့် တစ္ဆေအိုကြီးကျန်တို့ကြား စကားဖလှယ်မှုတို့က ဝမ်လင်းကို ပိုမိုထင်မြင်ချက်များ ရှိလာစေသည်။
ဝမ်လင်း၏အမြင်အရ အတွင်းနှင့်အပြင်နယ်မြေကြား ထပ်ကျော့စစ်ပွဲများသည် ထိုမြူလွှာနောက်မှ ဖုံးကွယ်နေသော လျှို့ဝှက်ချက်ကြီးနှင့် ပတ်သတ်နေရမည် ဖြစ်၏။
“ခုနစ်ရောင်စုံပုံရိပ်က ရှာနေတာက ဘာများလဲ…” ဝမ်လင်းသည် ထိုသူ ယူဆောင်သွားသော လိပ်နက်ကျောအတွင်းဘက်ရှိ သလင်းကျောက်အကြောင်း တွေးမိသွားပြန်သည်။
ကျယ်လောင်စွာ တုန်ဟည်းသံများသည် ဝမ်လင်း၏အတွေးများကို နှောက်ယှက်သွား၏။ သူ မော့ကြည့်လိုက်ရာ ချင်းရွှေက လေဟာနယ်ဂိတ်တံခါးကို လက်ညွှန်လိုက်သည်ကို မြင်လိုက်ရ၏။
ဂိတ်တံခါးသည် တုန်ဟည်းလာကာ ပွင့်ဟမည့် အရိပ်အယောင်များ ပြသလာသည်။
လေဟာနယ်ဂိတ်တံခါးကို စိုက်ကြည့်နေရင်း ဝမ်လင်းသည် တောင့်တမှု လှစ်ဟပေါ်၏။ သူသည် တတိယအဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်လာချင်ပေသည်။ လုံလောက်စွာမြင့်မားသော ကျင့်ကြံမှုအဆင့်ဖြင့်သာ သူက မြူနောက်ကွယ်မှ လျှို့ဝှက်ချက်ကို သိဖို့၊ လီမူဝမ်ကို ပြန်အသက်သွင်းဖို့ အရည်အချင်း ရှိလာနိုင်မည် ဖြစ်၏။
“သေခြင်ရှင်ခြင်း၊ ကံမ္မ၊ အမှန်နဲ့အမှား။ ငါ ဒီအနှစ်သာရသုံးခုကို ပြီးပြည့်စုံအောင် လုပ်နိုင်ရမယ်။ ဒါက သိပ်မတွေးလောက်တော့ပါဘူး…” ဝမ်လင်း၏မျက်လုံးတို့သည် တောက်ပလျက် ယုံကြည်ချက်များ ပြည့်နေ၏။
“အခု ငါ့မှာ တာအိုသစ်သီးနှစ်လုံး ပိုင်ဆိုင်ထားပြီး ဖြစ်တယ်။ နောက်တစ်ခုသာ ထပ်ရရင် အောင်မြင်ဖို့ ကိုးဆယ်ရာခိုင်နှုန်း ရှိတယ်လို့ ငါ ယုံကြည်တယ်…” ဝမ်လင်းသည် အသက်ဝဝရှုသွင်းလိုက်၏။ တုန်ဟည်းသံများ မြည်ဟည်းနေရင်း ချင်းရွှေက ရယ်မောကာ လေဟာနယ်ဂိတ်တံခါးထံ တိုးဝင်လာသည်။
သူက လက်ဝေ့ယမ်းလိုက်ရာ ကြောက်မက်ဖွယ် သတ်ဖြတ်ခြင်းအနှစ်သာရ ပေါ်လာ၏။ သူ၏ရှေ့တွင် အနက်ရောင်နှင်းမြောက်များစွာ စုဝေးလာကာ ဓားရှည်တစ်လက် ဖြစ်ပေါ်လာသည်။ သူသည် ဓားကို ဖမ်းဆုပ်ကာ လေဟာနယ်ဂိတ်တံခါးကို ခုတ်ပိုင်းလိုက်သည်။
“ဒီနေ့…ဒီကောင်းကင်ဘုံအရှင်က ငါ့တာအိုကို ပြီးပြည့်စုံစေမယ်။ လေဟာနယ်ဂိတ်တံခါးကို ချိုးဖျက်ပြီး မဟာတာအိုလမ်းကြောင်းထဲ ဝင်ရောက်မယ်…”
ထိုဓား၏ခွန်အားသည် တုန်လှုပ်ဖွယ်ရာပင်။ ၎င်းက အနက်ရောင်မုန်တိုင်းကို ဖြစ်ပေါ်စေလျက် လေဟာနယ်ဂိတ်တံခါးထံ တရှိန်ထိုး ပြေးဝင်လာ၏။
အနက်ရောင်မုန်တိုင်းသည် ချက်ခြင်းပင် လေဟာနယ်ဂိတ်တံခါးနား နီးကပ်လာ၏။ ဒီဂြိုဟ်တစ်ခုလုံးမှာ တုန်ခါ၏။ တုန်ဟည်းသံများ ဂြိုဟ်အနှံ့ ပဲ့တင်ထပ်သည်။
မုန်တိုင်းက ၎င်းပေါ်သို့ ကျရောက်လာသည့်အခါ ဂိတ်တံခါးပေါ်၌ သိသိသာသာ အက်ကြောင်းများ ပေါ်လာ၏။ ၎င်းသည် မပွင့်ဟနိုင်ခင်မှာပင် အတင်းအကြပ် ဖွင့်လှစ်ခြင်း ခံရသည်။
ဝမ်လင်းသည် ချင်းရွှေကို ကြည့်ကာ အသက်ဝဝရှိုက်သွင်းလိုက်မိသည်။ ချင်းရွှေ၏ကိုယ်တွင်းရှိ သတ်ဖြတ်ခြင်းအနှစ်သာရသည် အလွန်တရာ အစွမ်းထက်လှကာ ဝမ်လင်း တွေ့မြင်ဖူးသော ကျန်သည့်အနှစ်သာရများထက် အဆများစွာ ပိုသန်မာသည်။ ထိုအား၊ ထိုအရှိန်အဝါက အမှန်ပင် တုန်လှုပ်စရာ ကောင်းလှသည်။
ချင်းရွှေကြောင့် လေဟာနယ်ဂိတ်တံခါး၏ အစိတ်အပိုင်းငယ်တစ်ခုမှာ ကျိုးပျက်သွား၏။ အတွင်းမှ နူးညံ့သောအလင်းတစ်ခု ထွက်ပေါ်လာကာ သူ့အား ခြုံလွှမ်းသည်။
ထိုအလင်းသည် အရောင်အစင်းမဲ့ပြီး ကောင်းကင်ထက်၌ ပြည့်နှက်နေသည်။ ထိုအလင်းက ချင်းရွှေပေါ်တွင် လာရောက်စုဝေးပြီးနောက် သူ၏အော်ရာသည် မြန်ဆန်စွာ ပိုအားကောင်းလာချေသည်။ မကြာခင်တွင် နိဗ္ဗာနလေဟာနယ်အစောပိုင်းအဆင့်ကျင့်ကြံဿူတစ်ယောက်၏ အော်ရာ ပေါ်ထွန်းလာသည်။
ထိုအော်ရာတွင် သတ်ဖြတ်ခြင်း ပါဝင်၏။ ချင်းရွှေ၏ပတ်လည်တွင် မရေမတွက်နိုင်သော အရိပ်များစွာ ဖြစ်ပေါ်လာသည်။ ယင်းတို့မှာ ချင်းရွှေသတ်ခဲ့သော မရေမတွက်နိုင်သည့်လူများ၏ အရိပ်များတည်း။ ယင်းတို့က ချင်းရွှေကို တုန်လှုပ်စွာ ကြည့်နေကြ၏။ သူတို့သည် အော်ဟစ်လိုကြသည်။ သို့သော် မည်သည့်အသံမျှ ထွက်ပေါ်မလာပါ။
ငြိမ်သက်သောအော်ဟစ်သံအောက်၌ ထိုအရိပ်များသည် တုန်ယင်လျက် ဒူးထောက်ကာ ချင်းရွှေကို ပူဇော်သမှု ပြုကြသည်။ သို့ပေမည့် ထိုသူတို့ကြား၌ ဒူးမထောက်သော ပုံရိပ်တစ်ခု ရှိနေပြီး ယင်းအရိပ်ပုံရိပ်က ချင်းရွှေကို ကြည့်ကာ ကြင်နာစွာ ပြုံးပြသည်။ ထိုအရိပ်မှာ အမျိုးသမီးတစ်ယောက်ပင်။
ချင်းရွှေသည် ထိုအမျိုးသမီးကို ကြည့်ကာ မျက်ရည်များ စီးကျလာတော့သည်။ သူသည် သူ့ညာလက်ကို ဆန့်ထုတ်လိုက်သည်။ ထိုအမျိုးသမီး၏အပြုံးက ပိုတောက်ပလာကာ သူမက သူ့ထံ ဖြည်းဖြည်းချင်း လှမ်းလျှောက်လာသည်။
ထိုအမျိုးသမီးက ချင်းရွှေရှေ့သို့ ရောက်လာပြီးနောက် ချင်းရွှေက သူမကို ပွေ့ဖက်လိုက်သည်။ ချင်းရွှေသည် သူ့လက်မောင်းကြားမှ အမျိုးသမီးကို ကြည့်ကာ မျက်ရည်များ စီးကျလာသည်။ သူသည် နာကျင်မိရသည်။
သူသည် ကောင်းကင်ဘုံအရှင်တစ်ယောက် ဖြစ်သည်။ ဆူးဆယ်ချောင်း ထုတ်နှုတ်ခဲ့စဉ်ကပင် တင်းခံကာ မငိုကြွေးခဲ့သော သတ်ဖြတ်ခြင်းအနှစ်သာရနှင့် တတိယအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။ သို့သော် ဤအခိုက်၌ ချင်းရွှေသည် ထိုအမျိုးသမီးကို ပွေ့ဖက်ကာ ငိုကြွေးမိလေပြီ။
သူသည် သေမျိုးတစ်ယောက်အလား ထိုအမျိုးသမီးကို တင်းကြပ်စွာ ပွေ့ဖက်လျက် မျက်ရည်များ ပိုစီးကျလာသည်။ သူသည် သူမကို အလွန်တင်းကြပ်စွာ ပွေ့ဖက်ထားသည်။ သူက ထိုအမျိုးသမီး ပျောက်ကွယ်ကာ သူ့ကို ထာဝရ တစ်ယောက်တည်း ချန်ထားခဲ့မည်ကို စိုးရိမ်ပူပန်သည့်အလား။
ထိုအမျိုးသမီးက အောက်နှုတ်ခမ်းကို ကိုက်ထား၏။ သူမက ပြုံးနေရင်း သူမ၏မျက်လုံးထဲတွင်လည်း မျက်ရည်များ ဝဲနေ၏။ သို့ပေမည့် ထိုမျက်ရည်များသည် ပုံရိပ်များသာ၊ စိတ်ဝိညာဉ်များသည် မျက်ရည်များ မပိုင်ဆိုင်နိုင်ပေ။ သင်သည် သူမငိုနေသည်ကို တွေ့မြင်ရနိုင်သည်။ သို့သော် မျက်ရည်စများကတော့ ရှိမနေပါ။
ဤက စိတ်ဝိညာဉ်တစ်ခု၏ ဝမ်းနည်းမှုသာ။
ထိုအမျိုးသမီးသည် ပြုံး၍ ချင်းရွှေကို ထွေးဖက်ကာ တိတ်ဆိတ်ငိုကြွေးသည်။ သူမသည် ညာလက်ကို ချင်းရွှေထံသို့ ဖြည်းညင်းစွာ မြှောက်၍ သူ့မျက်နှာပေါ်ရှိ မျက်ရည်များကို သုတ်ပေးသည်။ သို့သော် သူမသည် သူ့ကို မထိတွေ့နိုင်ပါ။
ချင်းရွှေ၏မျက်လုံးထဲရှိ ဝမ်းနည်းမှုက သူမ၏စိတ်နှလုံးကို နာကျင်ကိုက်ခဲစေသည်။ ချင်းရွှေကလည်း သူ့ဘယ်လက်ကို မြှောက်ကာ သူမ၏ဆံပင်များကို ထိကိုင်သည်။ သို့သော် သူလည်း သူမကို မထိတွေ့နိုင်ပေ။
သူက သူ့လက်မောင်းထဲမှ တဖြည်းဖြည်း နောက်ဆုတ်သွားသော သူမကို ငေးကြည့်နေမိသည်။ သူမ၏ခန္ဓာကိုယ်သည် သူမ၏နာမည်ကဲ့သို့ အငွေ့ပျံ့ကာ ပျောက်ကွယ်သွားတော့မည်ပင်။
(မှတ်ချက်။ ။ ဟန်ယန် ဟူသော နာမည်၏ အဓိပ္ပာယ်မှာ အခိုးအငွေ့ ဖြစ်၏။ )
“ဟန်ယန်…” ချင်းရွှေက ကျယ်လောင်စွာ အော်ခေါ်မိသည်။ သည်အခိုက်တွင် သူသည် လေဟာနယ်ဂိတ်တံခါးကို ချိုးဖျက်ဖို့၊ အရာအားလုံးကို မေ့သွားပေပြီ။ ဒီအခိုက်၌ သူ၏မျက်လုံးထဲတွင် သူမတစ်ယောက်သာ ရှိလေတော့သည်။
သူ၏ဇနီး၊ ဟန်ယန်။ သူ့ဇနီး ပိုင်ဆိုင်ခဲ့သောအရာကို ပြန်ရယူဖို့ သူသည် သတ်ဖြတ်ခြင်းနယ်မြေတစ်ခုလုံးကို ဖျက်စီးပစ်ခဲ့ဖူးသည်။ ထိုဇနီးအပေါ် သူ့မေတ္တာတရားသည် သူ့ကမ္ဘာပင်။ သူ့ပျော်ရွှင်မှုပင်။ သူ့နာကျင်မှုများ၏ အရင်းအမြစ်လည်း ဖြစ်နေပြန်သည်။
သူ၏ဇနီးပေါ်လာခြင်းမှာ သူက လေဟာနယ်ဂိတ်တံခါးကို ချိုးဖျက်ပြီး သူ၏သတ်ဖြတ်ခြင်းအနှစ်သာရကို ပြီးပြည့်စုံစေသောကြောင့် ဖြစ်သည်။ သို့ပေမည့် သူမ ထပ်မံ ပျောက်ကွယ်သွားတော့မည်ကို တွေ့မြင်ရသည့်အခါ သူသည် နာကျင်စွာ ဗလုံးဗထွေး အော်ဟစ်မိလေသည်။ သူသည် ရှေ့သို့ တဟုန်ထိုး တိုးကာ သူ့ဇနီး၏ဝိညာဉ်ကို ဖမ်းဆုပ်ထိန်းသိမ်းထားလိုသည်။
သူ တတိယအဆင့်သို့ မရောက်ခဲ့လျှင်ပင်၊ သူ အရာအားလုံးကို လက်လွှတ်ရလျှင်ပင် သူသည် ထိုစိတ်ဝိညာဉ်ကို ထိန်းသိမ်းထားလိုသည်။ ထိုစိတ်ဝိညာဉ်က ပြီးပြည့်စုံခြင်း မရှိလျှင်ပင် လေဟာနယ်ဂိတ်တံခါးက ဖန်တီးလိုက်သော အားနည်းသည့်ဝိညာဉ်တစ်ခု ဖြစ်နေခဲ့လျှင်ပင် သူ သူမ၏စိတ်ဝိညာဉ်ကို ဆက်ရှိစေလိုသည်။
သို့သော် ထိုအမျိုးသမီးပုံရိပ်က ဝေးသထက်ဝေးသွားသည်။ သူမ၏မျက်လုံးထဲ၌ မျက်ရည်များ ရှိမနေ။ သို့သော် သူမမျက်နှာပေါ်ရှိ ဝမ်းနည်းမှုမှာ တစ်သက်မမေ့နိုင်စရာ ဖြစ်လေ၏။
ဝမ်လင်းနေသည့်ကြားက သူမက ပြုံးနေဆဲ၊ ချင်းရွှေထံ ကြင်နာစွာ ကြည့်နေဆဲပင်။
ဝမ်လင်းသည် ထိုအခြင်းအရာများအားလုံးကို ကြည့်နေရင်း လေဟာနယ်အတွင်းသို့ လက်ဆန့်ထုတ်လိုက်၏။ လေဟာနယ်အတွင်း အက်ကြောင်းတစ်ခု ပေါ်လာပြီး ထို့နောက်တွင် ရှေးဟောင်းသစ်ရွက် ဆယ်ရွက်ကျော် ပေါ်လာသည်။ သူက ထိုသစ်ရွက်များသည် ချင်းရွှေကို အကူအညီဖြစ်စေလား၊မဖြစ်စေလားကို မသိပေ။ သို့သော် သူ ကြိုးစားကြည့်ရမည်။
ရှေးဟောင်းသစ်ရွက်များ ပေါ်လာသည်နှင့် ဝမ်လင်းက အတားအဆီးသန်းချီကို ဖြစ်ပေါ်စေပြီး ရှေးဟောင်းသစ်ရွက်များ၏စွမ်းအားကို တိုးမြင့်စေသည်။ ဝမ်လင်းက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်း၍ ပျောက်ကွယ်သွားနေသော အမျိုးသမီးထံ လက်ညွှန်လိုက်၏။ သစ်ရွက်ဆယ်ရွက်ကျော်သည် ရှေ့သို့ တိုးဝင်သွားသည်။
ဝမ်လင်းသည် အံတင်းတင်းကြိတ်ကာ သူ့လျှာထိပ်ကို ကိုက်လိုက်ပြီး ရွှေရောင်သွေးများကို ထွေးထုတ်လိုက်သည်။ ထိုသွေးတွင် သူ၏သွေးမျိုးဆက်၊ ကောင်းကင်ဘုံသားများ၏ သွေးမျိုးဆက် ပါဝင်ပေသည်။
ထိုရွှေရောင်သွေးများ ပေါ်လာသည်နှင့် ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်သည် ရှေးဟောင်းသစ်ရွက်များကို လွှမ်းခြုံကာ ယင်းတို့ကို ရွှေရောင်ဖြစ်သွားစေသည်။ ထိုသစ်ရွက်များသည် ချင်းရွှေကို ကျော်လွန်ကာ ထိုအမျိုးသမီးကို ဝန်းရံ ချိပ်ပိတ်လိုက်သည်။
ထိုအမျိုးသမီး၏ခန္ဓာကိုယ်မှာ ရုတ်တရက် ရပ်တန့်သွား၏။ ရွှေရောင်အော်ရာက သူမကို ခြုံလွှမ်းထားပြီး ရှေးဟောင်းသစ်ရွက်ဆယ်ရွက်ကျော်သည် သူမထံသို့ ဦးတည်ဝင်လာသည်။ ယင်းတို့သည် ချိပ်ဟန်တစ်ခုအဖြစ်သို့ ပြောင်းကာ သူမ၏ခန္ဓာကိုယ်ကို အထည်ဒြပ် ရှိလာစေ၏။
ချင်းရွှေက သူ့ဇနီးကို လှမ်း၍ ဆုပ်ကိုင်လိုက်၏။ သူ့မျက်နှာထက်မှ မျက်ရည်များ စီးကျလာကာ သူသည် သူမကို စကားလုံးအချို့ ခပ်တိုးတိုး ပြောလိုက်၏။ ထိုအမျိုးသမီးကလည်း ချင်းရွှေကို ပွေ့ဖက်ထားလေသည်။ ထိုအဖြစ်က ထာဝရကြာမြင့်သည်ဟုပင် ထင်မှားရလေ၏။
အချိန်အတန်ကြာပြီးနောက် ချင်းရွှေက ခေါင်းမော့ကာ သူ့လက်ကို ဝေ့ယမ်းလိုက်ရာ ရှေးဆံထိုးတစ်ခု ပေါ်လာ၏။ ထိုဆံထိုးမှာ သူ့ဇနီးချန်ရစ်ခဲ့သော အရာဖြစ်သလို သူက ၎င်းကို သတ်ဖြတ်ခြင်းနယ်မြေကနေ ပြန်ယူဆောင်လာခဲ့တာ ဖြစ်၏။ သူသည် ထိုဆံတိုးကို သူမ၏ဆံပင်ထဲ ဖြည်းဖြည်းချင်း နေရာချလိုက်၏။
သူက ထိုအမျိုးသမီးကို ကြည့်နေရင်း သူ့မျက်လုံးထဲရှိ ဝမ်းနည်းမှုမှာ ပိုအားကောင်းလာသည်။ ခဏအကြာတွင် သူက ဝမ်လင်းထံ လှည့်ကြည့်လိုက်သည်။ သူ့မျက်လုံးထဲရှိ ကျေးဇူးတင်မှုကို ဖော်ပြ၍ပင် ရနိုင်မည် မဟုတ်ပါ။
ထို့နောက် သူ့ဘယ်လက်ဖြင့် လေဟာနယ်ထံ ဆန့်ထုတ်လိုက်ရာ သူ လေဟာနယ်ဂိတ်တံခါးကို ချိုးဖျက်ရာတွင် အသုံးပြုခဲ့သော အနက်ရောင်ဓား ပေါ်လာ၏။ သူက ထိုဓားကို လှုပ်ခါလိုက်ရာ သူ့ဇနီးကလွဲ၍ ဒူးထောက်နေသော စိတ်ဝိညာဉ်အားလုံးသည် ယင်းဓား၏ စုပ်ယူခြင်း ခံလိုက်ရသည်။
ထိုဓားထံမှ အလွန်အမင်းအစွမ်းထက်သော သတ်ဖြတ်ခြင်းအနှစ်သာရ ပေါက်ကွဲထွက်လာကာ လောကတခွင် ပျံ့နှံ့သည်။
“ဝမ်လင်း ဒီဓားက ငါ လေဟာနယ်ဂိတ်တံခါးကို ချိုးဖျက်ရာကနေ ဖြစ်တည်လာတာ။ ဒါက လေဟာနယ်ဂိတ်တံခါးကို ဖွင့်လှစ်နိုင်အောင် ကူညီပေးနိုင်ပြီး လေဟာနယ်အော်ရာလည်း ပါဝင်တယ်။ ဒါ့အပြင် ဒီဓားမှာ ငါ့ဘဝရဲ့ သတ်ဖြတ်ခြင်းနဲ့ ငါ့စိတ်ဝိညာဉ်ပါ ပါဝင်တယ်။ ဒါက ငါ့သတ်ဖြတ်ခြင်းအနှစ်သာရက ဖြစ်တည်လာတာ။ ငါ ဒါကို မင်းအတွက် လက်ဆောင်ပေးမယ်။ မင်းသာ ဒါကို သန့်စင်နိုင်ရင် သတ်ဖြတ်ခြင်းအနှစ်သာရကို ပိုင်ဆိုင်လာနိုင်လိမ့်မယ်…”
ချင်းရွှေသည် ထိုအနက်ရောင်ဓားကို ဝမ်လင်းထံသို့ ပစ်ပေးလိုက်ရာ ထိုဓားသည် ဝမ်လင်းရှေ့တွင် မြောလွင့်နေ၏။ ၎င်းထံမှ ဝမ်လင်းကိုပင် တုန်လှုပ်စေမိသော သတ်ဖြတ်ခြင်းအော်ရာ ထွက်ပေါ်လို့နေသည်။
ထိုဓားသည် ပြီးပြည့်စုံသောသတ်ဖြတ်ခြင်းအနှစ်သာရပင်။
ထိုဓားကို ချင်းရွှေ၏အစွမ်းထက်ဆုံးရတနာ၊ သူ၏ပထမဆုံးအနှစ်သာရ ရတနာဟုလည်း ပြောနိုင်သည်။ တတိယအဆင့်ကျင့်ကြံသူတိုင်းသည် သူတို့ လေဟာနယ်ဂိတ်တံခါးကို ချိုးဖျက်ချိန်၌ အနှစ်သာရရတနာ ဖြစ်ပေါ်သည် မဟုတ်ပေ။ ထိုသို့ အနှစ်သာရ ဖြစ်ပေါ်အောင် လုပ်နိုင်သောလူမှာ အလွန်တရာ ရှားပါးလှသည်။
မီးစာကလေးကလန်ဘိုးဘေး၊ မြင့်မြတ်သောနန်ကျောက်၊ မြင့်မြတ်သောဆရာထျန်ကျောက်၊ ကျိုးကျင်၊ လင်းတန် သူတို့အားလုံးသည် ထိုသို့ မလုပ်နိုင်ခဲ့ပေ။ အရှင်ဟုန်ရှန်နှင့် အရှင်တောင်ပိုင်းတိမ်တို့သည်ပင် ထိုသို့ မလုပ်နိုင်ခဲ့ပေ။
ဤအရာက ဒီရတနာလက်နက် မည်မျှ အဖိုးတန်သည်ကို ပြသနေလေ၏။