ဆင့်ခေါ်ခြင်းမြစ်
Vol. 117 Ch. 1614
လေဟာနယ်ဂိတ်တံခါးကို ချိုးဖျက်ပြီးဖြစ်၍ စွမ်းအားများ စီးဆင်းနေသည်။ ချင်းရွှေသည် သူ့ဇနီးဟန်ယန်၏ စိတ်ဝိညာဉ်ကို အမှတ်အသားတစ်ခုအဖြစ် ပြောင်းကာ သူ၏နှလုံးသားနှင့် အနီးဆုံးနေရာတွင် ထားလိုက်သည်။
ချင်းရွှေက သတ်ဖြတ်ခြင်းဓားကို ဝမ်လင်းထံ ပေးဖို့ ဆုံးဖြတ်ပြီး ဖြစ်၍ ဝမ်လင်းသည် ၎င်းကို သိမ်းဆည်းလိုက်သည်။ ပြင်ပနယ်မြေ၌ ပထမဆုံးတိုက်ပွဲအတွင်း သတ်ဖြတ်ခြင်းအနှစ်သာရ အမျှင်တန်းတစ်ခုက ဝမ်လင်းထံ၌ မွေးဖွားခဲ့ပြီး ဖြစ်သည်။ သို့သော် ထိုအနှစ်သာရက အလွန်အားနည်းသေးပြီး ခုမှ မွေးဖွားခါစပင်။
သည်သတ်ဖြတ်ခြင်းဓားနှင့် ဆိုပါက ဝမ်လင်းသည် အနှစ်သာရခြောက်ခု ရှိလာနိုင်သည်။ တိုက်ပွဲအမှတ်အသားကတော့ အနှစ်သာရတစ်ခု မဟုတ်နေပေ။၎င်းက ဥပဒေသကြယ်တစ်ခုအဖြစ် ပြောင်းသွားခဲ့ကာ ဝမ်လင်း၏ခန္ဓာကိုယ်အတွင်း၌ နက်ရှိုင်းစွာ စွဲထင်နေခဲ့ပြီး ဖြစ်သည်။
ဝမ်လင်းသည် သတ်ဖြတ်ခြင်းအနှစ်သာရကို ချက်ခြင်း သန့်စင်လိုစိတ် မရှိပေ။ အခုက အချိန်မတန်သေးပေ။ သူက သူ့ကံမ္မ၊ သေခြင်းရှင်ခြင်း၊ အမှန်နှင့်အမှား အနှစ်သာရတို့ ပြီးပြည့်စုံအောင် စောင့်ဦးမည် ဖြစ်၏။ ထို့နောက်မှ သူ လေဟာနယ်ဂိတ်တံခါးကို ဖွင့်လှစ်သည့်အခါကျမှ သူသည် သတ်ဖြတ်ခြင်းအနှစ်သာရကို စုပ်ယူပြီး လေဟာနယ်ဂိတ်တံခါးကို တစ်ချီတည်း ချိုးဖျက်ကာ အလွန်တရာ ရှားပါးလှသော အနှစ်သာရခြောက်ခုနှင့် တတိယအဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်လာအောင် လုပ်မည်။
ချင်းရွှေက ကောင်းကင်ထက်မှ ဆင်းသက်လာပြီး ပျောက်ကွယ်နေသော လေဟာနယ်ဂိတ်တံခါးကို ကြည့်သည်။ သူ့ညာလက်ကို လေဟာနယ်အတွင်း ဆန့်ထုတ်လိုက်ပြီး နဂါးသွေးအရက် ထည့်ထားသော အစိမ်းရောင်ဘူးသီးခြောက်ကို ဖမ်းဆုပ်လိုက်၏။ သူက တစ်ကျိုက်သောက်လိုက်၏။ ပူစင်းစင်းအရသာက သူ့ခန္ဓာကိုယ်တလျှောက် ပျံ့နှံ့လာရင်း သူ၏မျက်လုံးသည် တဖြည်းဖြည်း အေးစက်လာသည်။ သူက အရက်အိုးကို ဝမ်လင်းထံ ကမ်းပေးလိုက်သည်။
သူတို့နှစ်ယောက်သည် အေးစက်စက်လေပြင်းများကို အန်တုရင်း ဒီလူသူကင်းမဲ့သောဂြိုဟ်ပေါ်တွင် ထိုင်ကာ ပျောက်ကွယ်နေသော လေဟာနယ်ဂိတ်တံခါးကို ကြည့်နေကြလျက် ငြိမ်သက်စွာ အရက်သောက်နေသည်။
ဝမ်လင်းက ချင်းရွှေကို မဟာမိတ်ရှိ ခုနစ်ရောင်စုံနယ်မြေအတွင်း သူ လိုချင်သော အဖြေကို ရှာတွေ့ခဲ့လားဟု မမေးပေ။
ချင်းရွှေကလည်း စကားမဆိုပေ။ သူ ရှာဖွေခဲ့သည့်အရာအပေါ် သူ နားလည်ခဲ့၏။ သို့ပေမည့် အဆုံးသပ်တွင် သူက ပို၍ သဘောပေါက်လာလေလေ ပို၍ ငြိမ်သက်စွာ တွေးမိလေပင်။
“ကစားပွဲတစ်ခု…” ချင်းရွှေ၏မျက်လုံးထဲ၌ အေးစက်မှုတစ်ခု ဖြတ်ပြေးသွား၏။ သို့သော် သူ့မျက်နှာထက်တွင် ခါးသီးမှု အရိပ်အယောင်လည်း ဖြစ်ပေါ်၏။ သူက ဝမ်လင်းထံမှ အရက်အိုးကို ယူကာ တစ်ကျိုက်မော့ချပြီးနောက် ရယ်မောလိုက်လေ၏။
“ဝမ်လင်း…မင်း ငါ့ကို ကတိတစ်ခု ပေးပါ…” သူက ဝမ်လင်းကို ကြည့်လိုက်၏။ သူ၏ ရယ်သံထဲ၌ ဆုံးဖြတ်ချက် ပြတ်သားမှုတို့ ပြည့်နေ၏။
ဝမ်လင်းက စကားမဆိုဘဲ ခေါင်းညိတ်ပြလိုက်သည်။
“တနေ့ ငါ သေသွားခဲ့ရင် ငါ့အလောင်းက မပျက်မစီးရှိခဲ့ရင် ငါ့ခန္ဓာကိုယ်ကို ယူသွားပြီး ငါ့ရဲ့ မွေးရပ်မြေမှာ ငါ့ကို မြှုပ်နှံ့ပေးပါ။ အုတ်ဂူပေါ်မှာ ဘာနာမည်မှ မရေးခဲ့နဲ့၊ ဒီတိုင်းရှင်းရှင်းလင်းလင်း မြှုပ်နှံ့လိုက်တာက ငါ့အတွက် အကောင်းဆုံးပဲ…” ချင်းရွှေက ကောင်းကင်ထက်သို့ ကြည့်လိုက်၏။
ဝမ်လင်းသည် ငြိမ်သက်စွာ စဉ်းစားနေသည်။ အချိန်အတန်ကြာပြီးနောက် သူက ပြောလာ၏။ “မွေးရပ်မြေ မရှိတော့ရင်ရော…”
“အဲ့ကျရင် ငါ့ကို ဒီလောကထဲမှာပဲ မြှုပ်နှံ့လိုက်ပါ…” ချင်းရွှေက နဂါးသွေးအရက်ကို ထပ်မော့လိုက်ပြန်၏။
“ကောင်းပြီ…” ဝမ်လင်းသည် ချင်းရွှေလက်ထဲမှ အရက်အိုးကို ယူကာ မော့၏။ သူ၏အမူအရာက အလေးအနက် ဖြစ်လာပြီး သူ့မျက်လုံးက တလက်လက် တောက်ပသည်။
“ငါ သင့်အရင် သေခဲ့ရင်တော့ ငါ့အလောင်းကို ဟင်္သာပြဒါးဂြိုဟ်၊ ကျောက်နိုင်ငံ၊ ဝမ်မိသားစု ရှိကို ပြန်ယူသွားပေးပါ…”
ချင်းရွှေက ဝမ်လင်းကို ကြည့်ကာ ဖြည်းဖြည်းချင်း ခေါင်းညိတ်ပြ၏။
ဤက ကတိတစ်ခုပင်။
နဂါးသွေးအရက်သည် အလွန်ပြင်း၏။ သို့သော် ထိုပြင်းထန်မှုက ဝမ်လင်းနှင့်ချင်းရွှေတို့ကို မသောက်အောင် မလုပ်နိုင်ပေ။ အရက် သိပ်မကျန်တော့သည့်အချိန်တွင် လေဟာနယ်ဂိတ်တံခါးက စတင်ကွယ်ပျောက်၏။
ချင်းရွှေက မျက်လုံးမှိတ်လိုက်သည်။ သူက အနည်းငယ်အထီးကျန်ဆန်သည့်ဟန်ဖြင့် တိုးညင်းစွာ ပြောလိုက်၏။ “ဝမ်လင်း…အရင်တုန်းက ငါ မင်းရှိက ဘာမှ မတောင်းဆိုခဲ့ဖူးဘူး။ မင်းမှာ မျိုးဆက်တစ်ယောက်ယောက်များ ရှိလား…”
“သားတစ်ယောက် ရှိတယ်…” ဝမ်လင်း၏မျက်လုံးထဲတွင် ဝမ်းနည်းမှုတို့ ဖြစ်ပေါ်လာ၏။ သူက လက်ကျန်အရက်ကို မော့သောက်ပစ်လိုက်သည်။ ထိုအရက်က သူ၏အစာအိမ်အတွင်း အရသာပူပြင်းပြင်း မခံစားမိရတော့ဘဲ နာကျင်မှုတစ်ခုအဖြစ်သို့သာ ပြောင်းလဲသွားသည်။
“ငါ့မှာ သမီးတစ်ယောက် ရှိတယ်…” ချင်းရွှေသည် မျက်လုံးပြန်ဖွင့်လာကာ အတိတ်ကိုအောက်မေ့ဟန် လှစ်ဟပေါ်၏။ သူ့မျက်လုံးထဲ၌ နာကျင်မှုတို့ ရှိနေ၏။
“ဒါပေမဲ့ ငါ သူမကို မရှာနိုင်ခဲ့ဘူး။ သူမ မရှိတော့ဘဲ ထာဝရ ပျောက်ကွယ်သွားတာလည်း ဖြစ်နိုင်တယ်…” ချင်းရွှေက အတိတ်ကို ပြန်မြင်ယောင်ကာ ဝမ်းနည်းမှုတို့ ပြည့်လာ၏။ ထိုစဉ်က သူ ရူးသွပ်ရာကနေ ပြန် အသိဝင်လာသည့်အခါ သူ့ဇနီးအလောင်းကို ပွေ့ဖက်ထားစဉ် ငိုယိုနေသော ခုနစ်နှစ်၊ရှစ်နှစ်အရွယ် သမီးငယ်လေးတစ်ယောက်လည်း ရှိနေခဲ့၏။ သူမက ကြိုးကြာသေတစ်ကောင်ကို ကိုင်ထားကာ သူနှင့် သူမ၏အမေကို ကြည့်နေခဲ့သည်။
“ဖြစ်နိုင်တာက သူမဟာ ပြန်လည်မွေးဖွားခြင်းစက်ဝန်းထဲ ဝင်ရောက်သွားခဲ့ပြီး တခြားသူ တစ်ယောက်ယောက် ဖြစ်သွားလောက်ပါပြီ။ ဒါပေမဲ့ ငါ သူမ မွေးခဲ့တဲ့အချိန်တုန်းက သူမရဲ့ ပုခုံးပေါ်မှာ အနီရောင်အမှတ်အသားတစ်ခု ချန်ထားခဲ့တယ်။ ဒီအမှတ်အသားက သူမနဲ့အတူ အမြဲတမ်း ရှိနေလိမ့်မယ်။ မင်း အဲ့မိန်းကလေးကို တွေ့ခဲ့ရင် ငါ့အစား သူမကို ဂရုစိုက်ပေးပါ…”
ကောင်းကင်ထက်ရှိ လေဟာနယ်ဂိတ်တံခါးပုံရိပ်သည် လုံးဝ ပျောက်ကွယ်သွားခဲ့လေပြီ။
ချင်းရွှေသည် ထရပ်ကာ အသက်ဝဝရှုသွင်းလိုက်၏။ သူ၏မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွားလေသည်။
“ဝမ်လင်း…ငါ သတ်ဖြတ်ချင်တယ်…” ချင်းရွှေက သူ့ညာလက်ကို ပင့်မြှောက်လိုက်ရာ အလွန်အစွမ်းထက်သော သတ်ဖြတ်ခြင်းအနှစ်သာရ သူ၏ခန္ဓာကိုယ်ထံမှ ပေါက်ကွဲထွက်လာ၏။ ၎င်းက သူ့ညာလက်ထဲတွင် စုဝေးသည်။ ဖျပ်ခနဲအတွင်း သူ့ညာလက်ကို အေးစိမ့်နက်မှောင်သောအော်ရာတစ်ခုက ဝန်းရံလာသည်။
ထိုအေးစိမ့်စိမ့်အော်ရာ ပျံ့နှံ့လာသည်နှင့် ဒီဂြိုဟ်တစ်ခုလုံးလည်း အေးစက်လာသည်။
သတ်ဖြတ်ခြင်းအနှစ်သာရသည် အလွန်တရာ ရှားလှသောအထူးအနှစ်သာရတစ်ခု ဖြစ်၏။ အလွန်နည်းပါးသောလူများကသာ ထိုအနှစ်သာရကို ပိုင်ဆိုင်နိုင်သည်။ သို့သော် ထိုသို့ ပိုင်ဆိုင်သူများကလည်း လေဟာနယ်ဂိတ်တံခါးကို လွယ်ကူစွာ ချိုးဖျက်နိုင်ကြ၏။ ထိုအနှစ်သာရသည် သတ်ဖြတ်ခြင်း၏ အကန့်အသတ် ဖြစ်သည်။
ချင်းရွှေသည် နိဗ္ဗာနလေဟာနယ်အစောပိုင်းအဆင့်တွင် ရှိနေသော်လည်း သူ၏သတ်ဖြတ်ခြင်းအနှစ်သာရ၊ တစ်သက်လုံး တိုက်ပွဲအတွင်း ကုန်ဆုံးခဲ့မှုတို့ကြောင့် နိဗ္ဗာနလေဟာနယ်နောက်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်သည်ပင် သူနှင့် ရင်ဆိုင်ရမည်ကို ထိတ်လန့်မိပေလိမ့်မည်။
“သတ်ဖြတ်ခြင်း…ကောင်းတယ်…” ဝမ်လင်းသည် မတ်တပ်ထရပ်ကာ ကောင်းကင်ထက်သို့ ခြေလှမ်းလိုက်၏။ တုန်ဟည်းသံများ ဖြစ်ပေါ်ကာ သူသည် လောကကနေ ပျောက်ကွယ်သွားလေသည်။ ချင်းရွှေသည်လည်း ဝမ်လင်း ဖန်တီးလိုက်သော လှိုင်းဂယက်များအတွင်း ခြေချကာ ပျောက်ကွယ်သွားသည်။
တောက်ပသောလေဟာနယ်ကြယ်အဖွဲ့အစည်းတွင် ပြင်ပနယ်မြေမှ ကျင့်ကြံသူများစွာ ရှိမနေပေ။ တကယ်တော့ မဟာမိတ်သည် သူတို၏ယာယီဌာနချုပ် ဖြစ်ကာ သူတို့ထဲမှ အများစုသည် အစောပိုင်းက သတ်ဖြတ်မှုအတွင်း သေဆုံးသွားခဲ့ကြပြီ ဖြစ်သည်။
ထိုသတ်ဖြတ်မှုများမှာ ဆရာနှင့်တပည့်တစ်ယောက်ကြောင့် ဖြစ်ခဲ့ခြင်းပင်။ အရှင်လုံဖန်၏ ကျင့်ကြံမှုအဆင့်ဖြင့် ပြင်ပနယ်မြေမှ မည်သည့်ကျင့်ကြံသူမဆို ရှင်သန်နိုင်ဖို့ ခက်ခဲလိမ့်မည်သာ။
သို့ပေမည့် အရှင်လုံဖန်၏ ပန်းတိုင်မှာ ဆင့်ခေါ်ခြင်းမြစ် ဖြစ်၏။ ထို့ကြောင့် သူက တောက်ပသောလေဟာနယ်တွင် မနေပေ။ ထို့ကြောင့် အချို့လွတ်သွားသော ပြင်ပနယ်မြေမှ ကျင့်ကြံသူများ ရှိခဲ့၏။
သူတို့၏မျက်ခုံးနှစ်ခုကြားတွင် အမှတ်အသားများ ရှိသော ပြင်ပနယ်မြေမှ ကျင့်ကြံသူ သုံးယောက်သည် ကြယ်များကြား ပျံသန်းနေသည်။ သူတို့သည် တခြားလူများ၏ အာရုံကို စွဲဆောင်မိသွားမည်ဆိုး၍ မြန်မြန် မသွားရဲကြပေ။
“သတင်းပို့ကျောက်ပြားဆီက ဘာတုန့်ပြန်မှုမှလည်း မရဘူး။ လူတိုင်း အန္တရာယ်နဲ့ ရင်ဆိုင်နေရလား ငါ စိုးရိမ်မိတယ်။ သေစမ်း…ဒီမှာ ဘာတွေ ဖြစ်နေတာလဲကွ…”
“ငါတို့ ကျင့်ကြံခြင်းမဟာမိတ်ရှိ ပြန်မသွားနိုင်တော့ဘူး။ အဲ့မှာ တချို့ပြဿနာတွေ ရှိနေမှာ ငါ စိုးရိမ်မိတယ်။ အတွင်းနယ်မြေကများ တန်ပြန်တိုက်ခိုက်မှု လုပ်တာလား။ ငါတို့အတွက် ပင်မစစ်တပ်မလာခင်ထိ ကျင့်ကြံခြင်းဂြိုဟ်တစ်ခုခုမှာ ပုန်းပြီး စောင့်နေတာ အကောင်းဆုံး ဖြစ်လိမ့်မယ်…”
သူတို့သုံးယောက်သည် ရှေ့ဆက်တိုးလာရင်း သူတို့က တစ်ယောက်နှင့်တစ်ယောက် သတင်းပို့လိုက်ကြ၏။ ထိုအခိုက်အတန့်တွင် လှိုင်းဂယက်နှစ်ခုက သူတို့ကို ဖြတ်ကျော်သွားပြီး ကြောက်မက်ဖွယ်သတ်ဖြတ်ခြင်းဆန္ဒက သူတို့သုံးယောက်ကို ထွင်းဖောက်လာသည်။
ထိုလှိုင်းဂယက်များ ဖြတ်သန်းသွားသည့်အခါ ပြင်ပနယ်မြေမှ ကျင့်ကြံသူများသည် တုန်ယင်သွားကြကာ အသံတစ်သံပင် ထွက်လာနိုင်စွမ်းမရှိ ဖြစ်ရသည်။ သူတို့၏ခန္ဓာကိုယ်များပေါ်တွင် အက်ကြောင်းများ ပေါ်လာပြီးနောက် ရုတ်တရက် ပျက်စီးသွားတော့သည်။ သူတို့၏မူလစိတ်ဝိညာဉ်များသည် အပိုင်းပိုင်းဖြစ်ကုန်၍ သေဆုံးကြသည်။
အလားတူမြင်ကွင်းမျိုးသည် တောက်ပသောလေဟာနယ်၊ အလုံးစုံကောင်းကင်နှင့် တိမ်ပင်လယ်တို့လည်း ဖြစ်ပွား၏။ အရှင်လုံဖန် ဖြတ်သန်းသွားခဲ့ပြီးနောက် ကျန်သည့်ပြင်ပနယ်မြေမှ ကျင့်ကြံသူများသည် ချင်းရွှေ၏ ရူးသွပ်မှုနှင့် ရင်ဆိုင်တွေ့ကြုံရလေ၏။
လှိုင်းဂယက်နှစ်ခုက အဓိကကြယ်အဖွဲ့အစည်းသုံးခုအနှံ့သို့ ဖြတ်သန်းလာခဲ့ပြီးနောက် ဆင့်ခေါ်ခြင်းမြစ် ကြယ်အဖွဲ့အစည်းအတွင်း ဝင်ရောက်လာသည်။ ဆင့်ခေါ်ခြင်းမြစ်ကို ပြင်ပနယ်မြေမှ ကျင့်ကြံသူများက အလုံးစုံ သိမ်းပိုက်ထား၏။ ထို့ကြောင့် သည်နေရာတွင် ပြင်ပနယ်မြေမှ ကျင့်ကြံသူမြောက်များစွာ ရှိနေသည်။
သူတို့ ဆင့်ခေါ်ခြင်းမြစ်အတွင်း ဝင်ရောက်လာရုံ ရှိသေး သွေးနံ့ခပ်ပြင်းပြင်းကို ရ၏။ သို့ပေမည့် ထိုသွေးနံ့က သူတို့ကို တားဆီးနိုင်စွမ်း မရှိပေ။ သူတို့သည် မြန်ဆန်စွာ ရွှေ့လျား၍ ဂြိုဟ်တစ်ခုပြီးတစ်ခုကို ဖြတ်သန်းလာသည်။
အဆုံးသပ်၌ သူတို့သည် ဆင့်ခေါ်ခြင်းမြစ်အတွင်းနက်ပိုင်းထိ တိုးဝင်လာကာ နောက်ဆုံးကျန်သည့် ခုနစ်ရောင်စုံနယ်မြေထံ ဦးတည်ဝင်လာသည်။ ထိုနေရာတွင် အရှင်ဟုန်ရှန်၏ မူလခန္ဓာကိုယ်ကို ပိတ်လှောင်ထားပေ၏။
ကြယ်များကြားတွင် ခုနစ်ရောင်စုံအလင်းကို ထုတ်လွှတ်နေသော ဧရာမအက်ကြောင်းကြီးတစ်ခု ရှိ၏။ ထိုအက်ကြောင်းအပြင်ဘက် နေရာတိုင်းတွင် ပျက်စီးနေသော ခြေလက်များစွာ လွင့်မြောနေသည်။ ထိုဧရိယာတွင် ပြင်ပနယ်မြေမှ သေဆုံးသွားသော ကျင့်ကြံသူ မြောက်များစွာ ပြန့်ကျဲလို့နေသည်။
ခုနစ်ရောင်စုံနယ်မြေအတွင်းမှ ကျယ်လောင်စွာတုန်ဟည်းသံ ထွက်ပေါ်လာနေသည်။ ထိုနယ်မြေအတွင်း၌ ကြမ်းတမ်းသော တိုက်ပွဲတစ်ခု ဖြစ်ပွားနေသည်မှာ သိသာ၏။
လှိုင်းဂယက်နှစ်ခု နီးကပ်လာ၏။ လှိုင်းဂယက်တစ်ခုသည် ကြောက်မက်ဖွယ်သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်လျက် ခုနစ်ရောင်စုံအက်ကြောင်းအဟအတွင်းသို့ တရှိန်ထိုး ဝင်လာသည်။
သူ ရောက်လာသည့်အခါတွင် မရေမတွက်နိုင်သောအလောင်းများကို ရေခဲများက ခြုံလွှမ်းလျက် အေးစက်မှုက နေရာအနှံ့ ပျံ့လွင့်သည်။ အစွမ်းထက်သတ်ဖြတ်ခြင်းဆန္ဒနှင့် လှိုင်းဂယက်က ခုနစ်ရောင်စုံအဟကြားသို့ နီးကပ်လာ၏။ ထိုလှိုင်းဂယက်များ ပျောက်ကွယ်သွားသည့်အခါ ချင်းရွှေ၏အသွင်အပြင် ထွက်ပေါ်လာသည်။ သူက ခုနစ်ရောင်စုံနယ်မြေအတွင်းသို့ တုံ့ဆိုင်းခြင်း မရှိ ဝင်ရောက်လိုက်လေ၏။
ဝမ်လင်းလည်း ပေါ်လာသည်။ သူက အနည်းငယ် ပင်ပန်းနေသည့်ပုံ ပေါ်၏။ သူလည်း ခုနစ်ရောင်စုံနယ်မြေအတွင်းသို့ ဝင်ရောက်လိုက်သည်။
ဝမ်လင်း ဆင့်ခေါ်ခြင်းမြစ်မှ ထိုခုနစ်ရောင်စုံနယ်မြေအတွင်းသို့ ဝင်ရောက်လိုက်သည်နှင့် သူက ချက်ခြင်းပင် ဆိုးဆိုးဝါးဝါးအော်သံများကို ကြားလိုက်ရသည်။ သည်ခုနစ်ရောင်စုံနယ်မြေသည် ဝမ်လင်း အရင်က မြင်ခဲ့ဖူးသော နယ်မြေနှစ်ခုနှင့် မတူပေ။ ဒီခုနစ်ရောင်စုံနယ်မြေကနေ ဖြစ်ပေါ်နေသော ကုန်းမြေများစွာ မြောလွင့်လျက် ရှိ၏။
သို့ပေမည့် ဤဧရိယာသည် ကုန်းမြေတစ်ခု၏ အစိတ်အပိုင်းများနှင့် ပြည့်နေ၏။ ကုန်းမြေသုံးခုသာ အကောင်းတိုင်း ကျန်ရှိသည်။ အရှင်လုံဖန်က ဝတ်စုံနက်လူတစ်ယောက်နှင့် တိုက်ခိုက်လျက် ရှိ၏။ သူတိုနှစ်ယောက် လက်များဝေ့ယမ်းတိုင်း ကောင်းကင်တုန်လှုပ်ဖွယ် ဟိန်းမြည်သံများ ပဲ့တင်ထပ်ကုန်သည်။
ဝမ်လင်းသည် ထိုဝတ်စုံနက်အဘိုးအိုကို အရင်က မြင်ခဲ့ဖူး၏။ ထိုသူမှာ တိမ်ပင်လယ်၌ ပထမဆုံးစစ်ပွဲအတွင်း ချိပ်ပိတ်နယ်မြေအရှင်သခင်ဟောင်းက ပိတ်လှောင်ထားသော ကောင်းကင်အပြစ်ပေးချင်းနန်းတော်အရှင်ပင်။
ထိုလူ၏ ကျင့်ကြံမှုအဆင့်က ပြင်ပနယ်မြေ၏ သခင်ငါးပါးထက်သာ နိမ့်ကျရုံ ရှိသည်။ သူသည် ဆန်းကြယ်လေဟာနယ်အစောပိုင်းအဆင့်တွင် ရှိသူပင်။ သူက ယင်းအဆင့်ကို အရှင်လုံဖန်ကဲ့သို့ သက်တမ်းဖြင့် လဲလှယ်ပြီး ရလာခဲ့ခြင်း မဟုတ်။ ဆန်းကြယ်လေဟာနယ်အစောပိုင်းအဆင့်သို့ အမှန်တကယ် ရောက်နေခဲ့သူသာ ဖြစ်သည်။
ထိုမြောလွင့်နေသော ကုန်းမြေသုံးခုပေါ်တွင် ပြင်ပနယ်မြေမှ ကျင့်ကြံသူထောင်သောင်းချီ ထိုင်နေကြ၏။ သူတို့အားလုံးသည် မန္တာန်တစ်ခုကို တဖွဖွ ရွတ်နေသည်။ အပူဇော်ခံမီးတောက် အမျှင်တန်းများသည် ကောင်းကင်ထက်သို့ မြောလွင့်ကာ ထူးဆန်းသောအသွင်သဏ္ဌာန်များ ဖြစ်ပေါ်၍ အရှင်လုံဖန်ကို ဝန်းရံထား၏။ ယင်းတို့က ကောင်းကင်အပြစ်ပေးခြင်းနန်းတော်အရှင်နှင့်အတူ ပူးပေါင်း၍ တိုက်ခိုက်နေကြ၏။
ချင်းရွှေက ဝမ်လင်းထက် ခြေတစ်လှမ်းစော၍ ဝင်လာခြင်း ဖြစ်၏။ သူ ပေါ်လာသည်နှင့် သူက အရှင်လုံဖန်နှင့် ဝတ်စုံနက်အဘိုးအိုတို့ကို ကြည့်သည်။ သူ၏မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွားပြီးနောက် သူသည် ကုန်းမြေသုံးခုပေါ်ရှိ ကျင့်ကြံသူထောင်သောင်းချီထံ ပြေးဝင်လာတော့သည်။ သူ ထိုသူများထံ ပြေးဝင်သွားချိန်၌ ဝမ်လင်းသည် နာကျင်ထိတ်လန့်စွာ အော်ဟစ်သံများကို ကြားလိုက်ရ၏။
ချင်းရွှေသည် သတ်ဖြတ်ခြင်း ဖြစ်၏။ သူက လေဟာနယ်ဂိတ်တံခါးကို ချိုးဖျက်ပြီးနောက် သူ၏သတ်ဖြတ်ခြင်းအနှစ်သာရသည် ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်သည်။ သူက သတ်ဖြတ်ခြင်းဖြင့် သူ့တဘဝလုံး ကုန်ဆုံးခဲ့သူ မဟုတ်လား။ ခုချိန်၌ သူ လက်ဝေ့ယမ်းလိုက်တိုင်း ကျင့်ကြံသူများစွာ သေဆုံးကုန်ရ၏။
ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်လာ၏။ သူက အရှင်လုံဖန်နှင့် ဝတ်စုံနက်အဘိုးအိုတို့ကို ကျော်၍ ကြည့်လိုက်ရာ ခုနစ်ရောင်စုံတိမ်စိုင်များအထက်မှ တွဲလွဲကျနေသော ဧရာမတာအိုသစ်သီးတစ်လုံးကို တွေ့မြင်လိုက်ရ၏။
***