သုံးလုံးမြောက် တာအိုသစ်သီး
Vol. 117 Ch. 1615
တာအိုသစ်သီးသည် ခပ်ရေးရေး ထွင်းဖောက် မြင်နိုင်၏။ လူတစ်ယောက်သည် ၎င်းအတွင်း၌ ကောင်ငယ်လေးတစ်ယောက် ထိုင်နေသည်ကို မြင်နိုင်ပေမည်။ ထိုကောင်ငယ်လေး၏ မျက်နှာထက်၌ နာကျင်မှုတို့ ပြည့်နှက်နေ၏။ မရေမတွက်နိုင်သော အရေးအကြောင်းများက သူ၏ခန္ဓာကိုယ်နှင့် ချိတ်ဆက်ကာ အာဟာရများကို စုပ်ယူနေသည့်အလား။
ထိုကောင်ငယ်လေးမှာ အရှင်ဟုန်ရှန်၏မူလခန္ဓာကိုယ် ဖြစ်လေ၏။ သို့သော် သူသည် ထိုသစ်သီးအတွင်းမှ ဗရမ်းဗတာတာအိုဆန္ဒကို စုပ်ယူဖို့ သူ့ထံ၌ ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ ရှိမနေပေ။ ရလဒ်အနေဖြင့် သူက သေဆုံးရတော့မည်။
သတ်ဖြတ်ခြင်းများ ဆက်လက် ဖြစ်ပွားနေ၏။ နာကျင်ထိတ်လန့်စွာအော်ဟစ်သံများသည် အဘက်ဘက်မှ ထွက်ပေါ်နေသည်။ ဝတ်စုံနက်အဘိုးအိုကို ကူညီတိုက်ခိုက်ပေးနေသော ထူးဆန်းသောသားရဲမျိုးစုံက ပြန့်ကျဲကာ အရူးအမူး သတ်ဖြတ်နေသော ချင်းရွှေထံ ပြေးဝင်လာသည်။
“တစ္ဆေတွေကများ…ဒီအရှင်ကို ဆန့်ကျင်ဝံ့တယ်လား…” ချင်းရွှေ၏မျက်လုံးထဲ၌ အေးစက်မှု ဖြတ်ပြေးသွား၏။ သူက ညာလက်ကို ဝေ့ယမ်းလိက်သည်။ သတ်ဖြတ်ခြင်းနှင့် ပြည့်နှက်သော အနက်ရောင်မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာကာ ကောင်းကင်ထက်သို့ ထိုးတက်၏။ ၎င်းက ဤထူးဆန်းသောသက်ရှိများထံ နီးကပ်သွားစဉ် မုန်တိုင်းသည် ရုတ်တရက် ပေါက်ကွဲသည်။
အတွင်းမှ သတ်ဖြတ်ခြင်းအနှစ်သာရသည် မြန်ဆန်စွာ ပြန့်ကျဲ၍ ထိုထူးဆန်းသောသက်ရှိများကို ဝေ့ခတ်တိုက်ခတ်သည်။
ယင်းတို့မှာ တုန်ယင်လျက် အက်သံများ ပဲ့တင်ထပ်၏။ ထိုထူးဆန်းသောဖြစ်တည်မှုသက်ရှိအားလုံးသည် ရေခဲနက်အပိုင်းအစများအဖြစ်သို့ ပြောင်းကုန်၏။ သူတို့အားလုံး အေးခဲသွားလေပြီ။
ထိုရေခဲအတွင်း၌ မရေမတွက်နိုင်သော ရေခဲနက်ဆူးများပေါ်လာပြီး ထိုထူးဆန်းသောသက်ရှိများကို ထွင်းဖောက်လေ၏။
ဝမ်လင်းက ရှေ့သို့ တိုးလာသည်။ သူက ပြင်ပနယ်မြေမှ ကျင့်ကြံသူများကို သတ်ဖြတ်နေသော ချင်းရွှေ သို့မဟုတ် အရှင်လုံဖန်၏တိုက်ခိုက်မှုကို မကြည့်ဘဲ ရှိ၏။ သူက ချက်ခြင်းပင် ခုနစ်ရောင်စုံတိမ်စိုင်၌ တွဲလွဲချိတ်ထားသော တာအိုသစ်သီးအောက်သို့ ရောက်လာသည်။
အဖြစ်အပျက်များက မြန်လွန်း၏။ ဝမ်လင်းနှင့် ချင်းရွှေ ဝင်ရောက်လာပြီး စက္ကန့်ပိုင်းမျှသာ ကြာသည်။ ကောင်းကင်အပြစ်ပေးခြင်းနန်းတော်အရှင်က လှည့်၍ ဝမ်လင်းကို တုန်လှုပ်စွာ ကြည့်လိုက်သည်။
“ချိပ်ပိတ်နယ်မြေအရှင်…” ကောင်းကင်အပြစ်ပေးခြင်းနန်းတော်အရှင်၏ မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွား၏။ သူက ဝမ်လင်းကို တိုက်ခိုက်ရန် နောက်ဆုတ်လိုက်၏။ သို့ပေမည့် အရှင်လုံဖန်က မထူးခြားနားအကြည့်ကို ထုတ်ဖော်ကာ ကောင်းကင်အပြစ်ပေးခြင်းနန်းတော်အရှင်ကို ပိတ်ဆို့ရန် ရှေးဟောင်းအော်ရာတစ်ခု ပျံ့နှံ့လာ၏။
“ငါတို့ကြားမှာ ဘယ်သူအနိုင်ရလဲ မဆုံးဖြတ်ရသေးဘူး…”
အရှင်လုံဖန်က သူ့ကို ပိတ်ဆို့ထားခြင်းကြောင့် ထိုအရှင်၏မျက်လုံးသည် အေးစက်စွာ လင်းလက်သွား၏။ သူက တာအိုသစ်သီးထံ ဦးတည်သွားနေသော ဝမ်လင်းကို လစ်လျူရှုရန် ဆုံးဖြတ်လိုက်၏။ သူ့အမြင်၌ ဝမ်လင်းသည် အမည်အားဖြင့်သာ ချိပ်ပိတ်နယ်မြေအရှင် ဖြစ်ပြီး အလွန်အားနည်းသူဟုသာ မြင်၏။ အရှင်ဟုန်ရှန်ကို ကယ်တင်ရန် ကြိုးစားခြင်းက ဒုက္ခရှာခြင်းသာ ဖြစ်ပေလိမ့်မည်။
ထိုအခိုက်တွင် သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ အပူဇော်ခံမီးတောက်များကို စုစည်း၏။ သူက အရှင်လုံဖန်နှင့် နောက်တစ်ဖန် စတင်တိုက်ခိုက်တော့သည်။
ဝမ်လင်းက တာအိုသစ်သီးနား ရောက်လာ၏။ သူက အရှင်ဟုန်ရှန်ကို ကြည့်လိုက်သည်။ ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်သွားပြီးနောက် သူ့ညာလက်ကို တာအိုသစ်သီးထံ ဆန့်ထုတ်လိုက်သည်။
ကျယ်လောင်စွာ ပေါက်ကွဲသံ ပဲ့တင်ထပ်၏။ တာအိုသစ်သီးထံမှ တွန်းကန်အားတစ်ခု ထွက်ပေါ်လာကာ ဝမ်လင်းပေါ်သို့ ကျရောက်ပြီး သူ့ကို ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားစေသည်။ ဝမ်လင်း၏မျက်လုံးထဲတွင် ကောက်ချက်ချတွက်ချက်မှုများဖြင့် တလက်လက် တောက်ပလာ၏။
တာအိုသစ်သီးက ဝမ်လင်းကို ထိမှန်သည့်အခါ၌ အရှင်ဟုန်ရှန်နှင့် ချိတ်ဆက်ထားသော အရေးအကြောင်းများက ရှုံ့တွလာ၏။ ထိုအခါ အရှင်ဟုန်ရှန်၏အမူအရာသည် ပို၍ နာကျင်လာကာ သူကမျက်လုံး ဖွင့်လာသည်။ ဝမ်လင်းက ရှေ့သို့ လှမ်း၍ သူ့လက်ကို ခြောက်ကြိမ်တိုင်တိုင် ဝေ့ယမ်းလိုက်သည်။
ကျယ်လောင်စွာ တုန်ဟည်းသံ ပဲ့တင်ထပ်၏။ သို့သော် တာအိုသစ်သီးထံ၌ မည်သည့်ပြောင်းလဲမှုမှ မဖြစ်သွားသည့်အလား။ အရှင်ဟုန်ရှန်၏အမူအရာသည် ပို၍ နာကျင်ဟန် ပေါက်လာကာ သူ၏မျက်လုံးမှာ ပိုချိုင့်ဝင်သွား၏။
“မင်းရဲ့ ကျင့်ကြံမှုအဆင့်လေးနဲ့ မင်းက သူ့ကို ကယ်ဖို့ ဒီတာအိုသစ်သီးကို ဖျက်စီးဖို့ ကြိုးစားရဲတယ်လား။ မင်း မပြောနဲ့ ဒီအဘိုးအိုကတောင် ဒီသစ်သီးကို မဖျက်စီးနိုင်ဘူး။ မင်း အရှင်ဟုန်ရှန်ကို ဘယ်လိုကယ်တင်မလဲ ငါ ကြည့်ချင်မိသေးတယ်။ အုပ်စိုးသူရဲ့ ချိပ်ပိတ်မှုဟာ မင်း ချိုးဖျက်နိုင်တဲ့ အရာမဟုတ်ဘူးကွ….”
“မင်း ပို တိုက်ခိုက်လေလေ မင်းက အရှင်ဟုန်ရှန်ကို ပြင်ပနယ်မြေရဲ့ ရုပ်သေးရုပ်တစ်ရုပ် ဖြစ်လာအောင် တာအိုသစ်သီးရဲ့ သန့်စင်ပစ်ခြင်းကို ကူညီပေးသလို ဖြစ်လေပဲ…”
ကောင်းကင်အပြစ်ပေးခြင်းနန်းတော်အရှင်က လှမ်းကြည့်ကာ နှာခေါင်းရှုံ့လိုက်၏။
ဝမ်လင်းသည် ထိုသူ၏စကားများကို ကြား၏။ သူက နောက်လှည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “အဲ့လိုလား…”
နန်းတော်အရှင်က နှာခေါင်းရှုံ့၏။ သူသည် မူလတုန်းက ဝမ်လင်းသည် အထူးနည်းလမ်းတစ်ခုခု အသုံးပြုကာ တာအိုသစ်သီးကို ချိုးဖျက်မည့်အပေါ် စိုးရိမ်နေခဲ့သေး၏။ အကြောင်းမှာ ချိပ်ပိတ်နယ်မြေအရှင်ဟူသော အမည်နာမကြောင့်ပင်။ တကယ်တော့ ချိပ်ပိတ်နယ်မြေအရှင်သခင်ဟောင်းသည် အလွန်တရာ အစွမ်းထက်လှသူ ဖြစ်ခဲ့ပြီး ထိုသူနှင့် ပတ်သတ်၍ သူသည် လေးလေးနက်နက်သိရှိထားသည်။
သို့ပေမည့် နန်းတော်အရှင်က သူ့ပူပန်မှုကို သိမ်းဆည်းလိုက်သည်။ သူသည် ဝမ်လင်းက ထိုသစ်သီးကို ချိုးဖျက်နိုင်မှာ မဟုတ်သည်ကို ယုံကြည်ထား၏။ သူ၏မျက်လုံးသည် တလက်လက် ဖြစ်ကာ အရှင်လုံဖန်နှင့် တိုက်ခိုက်နေရင်း ချင်းရွှေထံ လှမ်းကြည့်လိုက်သည်။
သူ ပို၍ ကြည့်မိလေလေ ပို၍ တုန်လှုပ်မိလေပင်။
“သတ်ဖြတ်ခြင်းအနှစ်သာရ၊ ဒါက တကယ့်ကို သတ်ဖြတ်ခြင်းအနှစ်သာရပဲ။ သူတို့သာ ပူးပေါင်းလိုက်ရင် ငါ့အတွက် ခက်ခဲသွားပြီ။ ငါ ထွက်သွားဖို့ လိုပြီ…” တိုက်ခိုက်နေရင်း ကောင်းကင်အပြစ်ပေးခြင်း နန်းတော်အရှင်သည် လှုပ်ရှား၍ အရှင်လုံဖန်ကို အဝေးသို့ ကန်ထုတ်လိုက်၏။ သူက ခုနစ်ရောင်စုံနယ်မြေ ဝင်ပေါက်ရှိရာသို့ ခြေလှမ်းလိုက်သည်။
“မင်းတို့သုံးယောက် အတူတူပူးပေါင်းလုပ်မယ်ဆိုရင်တော့ အရှင်ဟုန်ရှန်ကို ကယ်တင်ပေးနိုင်တာ ဖြစ်ကောင်း ဖြစ်နိုင်တယ်။ ဒီအဘိုးအိုကတော့ ထွက်သွားတော့မယ်…” နန်းတော်အရှင် ထွက်သွားတော့မည့်ဟန် ပြင်စဉ် ချင်းရွှေသည် ရုတ်တရက် မော့ကြည့်လာ၏။ သူက သူ၏ညာလက်ကို ဝေ့ယမ်းလိုက်ရာ သတ်ဖြတ်ခြင်းအနှစ်သာရများ ပြည့်နှက်နေသော အနက်ရောင်တိမ်တိုက်များ ပျံ့လွင့်လာသည်။ ရေခဲသည် ပုံစံအသွင် စတင်တည်၏။ သို့သော် ၎င်းမှာ တိုက်ခိုက်ခြင်း မဟုတ်ပေ။ ထိုအစား ၎င်းရေခဲသည် ခုနစ်ရောင်စုံနယ်မြေ၏ ဝင်ပေါက်ထံ ဦးတည်ပြေးဝင်ကာ အေးခဲပစ်ပြီး ချိပ်ပိတ်ပစ်ရန် ဖြစ်သည်။
“ဒီအရှင် လုံလောက်အောင် မသတ်ရသေးဘူး…”
အရှင်လုံဖန်က ချိပ်ဟန်တစ်ခုကို ဖြစ်စေလိုက်ရာ တောင်နှင့်မြစ်ပန်းချီကားသည် နန်းတော်အရှင်ကို ပိတ်ဆို့ရန် ပေါ်လာ၏။ ထို့နောက် သူက ဝတ်စုံနက်အဘိုးအိုနန်းတော်အရှင်ထံ ခြေလှမ်းဝင်လာသည်။
“ဒီအဘိုးအိုက လုံလောက်အောင် မတိုက်ခိုက်ရသေးဘူး။ မင်း ဘာကြောင့် ထွက်သွားဖို့ အလျင် လိုနေတာလဲ…”
ဝတ်စုံနက်အဘိုးအို၏ မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွား၏။ သူက အရှင်လုံဖန်နှင့် ချင်းရွှေတို့ကို ကြည့်လိုက်သည်။ သူ၏အမူအရာမှာ သုန်မှုန်နေပြီ။ သူသည် မထွက်ခွာတော့ပေ။ ထိုအစား သူက သူ၏အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်ရာ သူ့အပူဇော်ခံမီးတောက်နယ်မြေ ပေါ်လာ၏။
“မင်းတို့က ဒီအဘိုးအိုကို ထွက်သွားဖို့ ခွင့်မပြုမှတော့ မင်းတို့ တန်ဖိုးတစ်ခု ပြန်ပေးဆပ်ရမယ်…”
အရှင်လုံဖန်က ငြိမ်သက်စွာ စဉ်းစားနေ၏။ ထို့နောက် သူ့ညာလက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေလိုက်သည်။ တောင်နှင့်မြစ်ပန်းချီကားထံမှ စုပ်အားတစ်ခု ပေးစွမ်းလာ၏။ ပန်းချီကားအတွင်းရှိ တောင်များနှင့်မြစ်များသည် အသက်ဝင်လာသည့်အလား ရုတ်တရက် ခုနစ်ရောင်စုံနယ်မြေတွင် ပေါ်ထွက်လာလေသည်။
အရှင်လုံဖန်က ရှေ့သို့ ခြေလှမ်းလိုက်ရာ ပျောက်ကွယ်သွား၏။ သူသည် တောင်နှင့်မြစ်ပန်းချီကားနှင့် ပေါင်းစည်းလိုက်သည်။ တောင်များနှင့်မြစ်များသည် ကောင်းကင်အပြစ်ပေးခြင်းနန်းတော်အရှင်ထံသို့ ရိုက်ချလာ၏။
အရှင်လုံဖန်က သူ့အသက်ဓာတ်အားကို လောင်ကျွမ်းစေခဲ့ပြီး ဖြစ်၏။ ခုချိန်၌ သူသည် သူ့အသက်ကို မမှုဘဲ တိုက်ခိုက်နေခြင်းပင်။ တောင်များနှင့်မြစ်များသည် ဧရာမလက်ဝါးအဖြစ်သို့ ပြောင်းလဲ၍ အရှင်လုံဖန်၏ အစွမ်းထက်ဆုံးကျင့်ကြံမှု ပါဝင်လေသည်။ ထိုလက်ဝါးသည် နန်းတော်အရှင်ထံသို့ ရိုက်ချလာသည်။
ထိုအခိုက်တွင် ချင်းရွှေက ခေါင်းမော့ကာ သူ့ညာလက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်စေ၏။ ထို့နောက် သူက တည်ငြိမ်စွာ ပြောလိုက်သည်။ “လနက်…”
သူ ထိုသို့ ပြောလိုက်ရင်း လက်ဝေ့ယမ်းကာ နန်းတော်အရှင်ထံသို့ ညွှန်လိုက်၏။ ခုနစ်ရောင်စုံတိမ်စိုင်းများ တုန်ခါကာ တိမ်နက်ထုများသည် နန်းတော်အရှင်၏ ပတ်ပတ်လည်တွင် ပေါ်လာ၏။ ထိုအနက်ရောင်တိမ်များက ရုတ်ချည်း ပေါ်လာခြင်း ဖြစ်၏။ တစ်ချိန်တည်းမှာ နန်းတော်အရှင်၏မျက်နှာထက်တွင် လုံးဝန်းသောအမှတ်အသားတစ်ခု ဖြစ်ပေါ်လာ၏။
ယင်းအမှတ်အသားသည် တောက်ပသောလတစ်စင်းနှင့် တူပေသည်။
“ကြယ်လင်သောကောင်းကင်…” ချင်းရွှေ၏မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ် တလက်လက် တောက်ပနေ၏။ ဝတ်စုံနက်အဘိုးအို၏မျက်နှာထက်မှ လသည် နေတစ်စင်းအလား တောက်ပလာ၏။ ထိုအလင်းသည် ထိုအဘိုးအိုမျက်နှာပေါ်ရှိ လနက်ကို ဖျက်စီးရန် ကြိုးစားလာသည်။
“ပေဖန်ရဲ့ မန္တာန်တွေ၊ ဒါက ပေဖန်ရဲ့ မဟာမန္တာန်ခြောက်ခုထဲက တစ်ခုပဲ။ ပေဖန်က သေသွားခဲ့ပြီ။ မင်း…မင်းက ချင်းရွှေပဲ…” အဘိုးအိုမျက်နှာပေါ်ရှိ တောက်ပသောလက ရှုံ့တွလာ၏။ ပုံမှန်အားဖြင့် သူ၏ကျင့်ကြံမှုအဆင့်ဖြင့် သူသည် ထိုမန္တာန်ကို ခုခံနိုင်မည်သာ။ သို့သော် သူ့မျက်နှာပေါ်ရှိ လက တောက်ပလာသည့်အချိန်မှာပင် အရှင်လုံဖန်၏ လက်ဝါးကြီးက သူ့အနီး ရောက်လာခဲ့လေပြီ။
ချင်းရွှေသည် ရှေ့သို့ လှမ်းလိုက်၏။ ချောက်ချားဖွယ်သတ်ဖြတ်ခြင်းအနှစ်သာရသည် ဝတ်စုံနက်အဘိုးအိုထံ တရှန်ထိုး ဝင်လာ၏။
ချင်းရွှေနှင့် အရှင်လုံဖန်တို့ထံမှ တိုက်ခိုက်မှုများကြောင့် သည်နယ်မြေတစ်ခုလုံးတွင် တုန်ဟည်းသံများ ပဲ့တင်ထပ်ကာ တုန်ခါလှိုင်းတစ်ခု အဘက်ဘက်သို့ အလျင်အမြန် ပျံ့နှံ့သွားသည်။
ထိုတုန်ခါလှိုင်းအောက်၌ ကုန်းမြေသုံးခုမှာ ပျက်စီးသွားပြီး မရေမတွက်နိုင်သော အပိုင်းအစများ လွင့်စင်ထွက်ကာ ထို့နောက် အမှုန့်အမွှားဖြစ်ကုန်၏။
ချင်းရွှေ၏ သတ်ဖြတ်ခြင်း မခံလိုက်ရသော ပြင်ပနယ်မြေမှ ကျင့်ကြံသူများစွာသည် ပုန်းကွယ်ရန်ပြင် နေရာ မရလိုက်ပေ။ သူတို့ ထုတ်ယူလိုက်သော ရတနာများက မည်မျှ အစွမ်းထက်ပါစေ သူတို့အားလုံးသည် ထိုတုန်ခါလှိုင်းကြောင့် သေဆုံးသွားရ၏။
ခုနစ်ရောင်စုံနယ်မြေတစ်ခုလုံး ရှင်းလင်းခံလိုက်ရသည့်အလား။ မြောက်များစွာ ပျက်စီးကုန်၏။
အရှင်လုံဖန်ကြောင့် ဖြစ်ပေါ်လာသော လက်ဝါးချက်သည် ထိုဖိသိပ်အားအောက်တွင် တစစီ ဖြစ်၏။ ထို့နောက် အရှင်လုံဖန်၏ ပုံရိပ် ပေါ်လာကာ သူသည် နောက်သို့ ဒါဇင်ချီ ဆုတ်လိုက်ရ၏။ သူသည် မူလအနှစ်သာရကို ပါးစပ်အပြည့် အန်ထုတ်လိုက်ရသည်။ သူသည် အားနည်းသွားဟန် ပေါ်သည်။ သို့သော် သူ့မျက်လုံးတို့ကမူ တည်ငြိမ်နေဆဲပင်။
ကျင့်ကြံမှုအဆင့် လိုအပ်ချက်ကြောင့် ချင်းရွှေ၏ခန္ဓာကိုယ်က နောက်သို့ လွင့်စင်ထွက်သွား၏။ သတ်ဖြတ်ခြင်းအနှစ်သာရက အစွမ်းထက်လှသော်လည်း သူသည် ဒဏ်ရာ ရသွားဆဲပင်။ သူ့ ပါးစပ်ထောင့်မှ သွေးများ စီးကျ၏။ သို့သော် သူ၏အမူအရာမှာ အလွန်အမင်း အေးစက်သည်။
နန်းတော်အရှင်သည် သွေးအန်ထုတ်လိုက်ရပြီး သူ့ခန္ဓာကိုယ်မှာ တုန်ယင်သွား၏။ ထိုတိုက်ခိုက်မှုအားလုံးကို တားဆီးရန် အသုံးပြုလိုက်သော သူ၏ မရေမတွက်နိုင်သော အပူဇော်ခံမီးတောက်စိတ်ဝိညာဉ်များသည် လွင့်ပါးပျောက်ကွယ်သည်။ သူ၏မျက်နှာထက်ရှိလ ပျောက်ကွယ်သွားသည့်အခါ၌ ခပ်နက်နက်အက်ကြောင်းငါးခုက ၎င်းနေရာတွင် အစားထိုးဝင်ကာ သူ့ခန္ဓာကိုယ်အနှံ့ ပျံ့သည်။
ထိုအက်ကြောင်းများထံမှ နေအလင်း တလက်လက် တောက်ပကာ ပြင်းထန်သောနာကျင်မှုက သူ့ခန္ဓာကိုယ်ထံ လှိုက်တက်လာ၏။ သတ်ဖြတ်ခြင်းအနှစ်သာရက သူ၏ခန္ဓာကိုယ်အတွင်း၌ ဗြောင်းဆန်လေသည်။ သူ့နောက်ကျောရှိ အဝတ်အစားများ စုတ်ပြဲသပ်ကုန်သည်။ သူ့အရေပြားပေါ်တွင် ဧရာမလက်ဝါးရာကြီးတစ်ခု ထင်းနေ၏။ ထိုလက်ဝါးရာအတွင်း၌ တောင်များနှင့်မြစ်များ ရှိနေကာ ထိုအဘိုးအို၏ခန္ဓာကိုယ်ကို ချက်ခြင်း သွေ့ခြောက်လာစေသည်။
သူ၏အမူအရာက သုန်မှုန်နေပြီး သူက အေးစက်စက် ပြောလိုက်သည်။ “အရှင်ဟုန်ရှန်ကို ကယ်တင်ဖို့ မင်းတို့ကို ငါ ကူညီပေးနိုင်တယ်။ ငါတို့ တာအိုသစ်သီးကို ဖွင့်လှစ်ဖို့ အတူတူ လုပ်မယ်။ ဒီအတွက် အလဲအလှယ်အနေနဲ့ ငါ့ကို ထွက်သွားခွင့် ပြုရမယ်။ မဟုတ်ရင် ဒီအဘိုးအိုက ဒဏ်ရာအပြင်းအထန်ရသွားရင်တောင် မင်းတို့ကို ဒီနေရာမှာ မြှုပ်နှံ့ပစ်မယ်…”
“မလိုဘူး…” ထိုသို့ ဖြေလိုက်သည့်သူမှာ ဝမ်လင်း၏အေးစက်စက်အသံပင် ဖြစ်၏။
ဝတ်စုံနက်အဘိုးအို၏ မယုံကြည်နိုင်ဟန် အကြည့်အောက်၌ ဝမ်လင်းက သူ့ညာလက်ကို ပင့်မြှောက်ကာ တာအိုသစ်သီးထံသို့ မည်သည့်တွန်းကန်အားမှ ရှိမနေစေတော့ဘဲ ဆန့်တန်းလိုက်သည်။ သူက အတွင်းရှိ အရှင်ဟုန်ရှန်ကို ဆွဲယူကာ အပြင်သို့ ထုတ်ယူလိုက်သည်။
အရှင်ဟုန်ရှန်ကို ချိတ်ဆက်ထားသော မရေမတွက်နိုင်သော အမျှင်တန်းများသည် ဝမ်လင်းက တုန်ခါလှိုင်းတစ်ခုကို ထုတ်လွှတ်လိုက်ချိန်တွင် ပျက်စီးသွားရသည်။ အရှင်ဟုန်ရှန်၏ မျက်လုံးဟောက်ပက်တွင် နိုးထလာတော့မည့် အရိပ်အယောင်များ ပြသလာ၏။
“ဘယ်သူကမှ တာအိုသစ်သီးကို ငါ့ထက်မသိဘူး။ မင်းတို့ရဲ့ အုပ်စိုးသူတောင် ငါနဲ့ ယှဉ်နိုင်မှာ မဟုတ်ဘူး…” ဝမ်လင်းသည် အရှင်ဟုန်ရှန်ကို လွှတ်ပေးလိုက်ပြီးနောက် သစ်သီးကိုင်းထံ လက်ဝေ့ယမ်းလိုက်သည်။ သွေးအလင်း လင်းလက်ကာ သွေးဓားက ထိုကိုင်းကို ဖြတ်တောက်ပစ်သည်။ ဝမ်လင်းက တာအိုသစ်သီးကို ဖမ်းယူလိုက်ပြီးနောက် တုန်လှုပ်နေသော ကောင်းကင်အပြစ်ပေးခြင်းနန်းတော်အရှင်ထံသို့ လှည့်ကြည့်လိုက်သည်။
“မဖြစ်နိုင်ဘူး…” ကောင်းကင်အပြစ်ပေးခြင်းနန်းတော်အရှင်သည် နောက်သို့ အလိုလို ဆုတ်မိသွားကာ သူ တွေ့မြင်နေရသည့်အရာများအပေါ် စိုက်ကြည့်နေမိသည်။ သူသည် ဝမ်လင်းက ခုလောက်လွယ်လွယ် အရှင်ဟုန်ရှန်ကို ကယ်တင်နိုင်စွမ်း ရှိနေသည်ကို မယုံကြည်နိုင် ဖြစ်နေ၏။
ဝမ်လင်းသည် သူ့လက်ထဲမှ တာအိုသစ်သီးကို သိမ်းဆည်း၍ တည်ငြိမ်စွာ ပြောလိုက်သည်။ “ငါ တာအိုသစ်သီးတစ်လုံးကို ဝါးမြိုပစ်ခဲ့ပြီး လုံးဝ စုပ်ယူခဲ့ဖူးတယ်…”
***