← Chapters

ဆယ့်သုံး

Vol. 117 Ch. 1616

ဆယ့်သုံး

Vol. 117 Ch. 1616

အရှင်ဟုန်ရှန်၏ မျက်လုံးတို့သည် ပိုပို၍ ကြည်လင်လာ၏။ သူက အသက်ဝဝရှုလိုက်ရာ သူ့ခန္ဓာကိုယ်အတွင်းမှ တစီစီအသံများ ထွက်ပေါ်လာသည်။ သူ့ဒွာရပေါက်များထံမှ အနီရောင်မြူလွှာတစ်ခု ထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်ကို သွေးနီရောင်အင်္ကျီဖြင့် ဖုံးအုပ်သွားလေ၏။

သူက ဝမ်လင်းကို ကြည့်ကာ လက်နှစ်ဖက်ဆုပ်ဟန် ပြုသည်။

“ကျေးဇူးပါ…ချိပ်ပိတ်နယ်မြေအရှင်…” သူက ခေါင်းမော့ကာ ကောင်းကင်အပြစ်ပေးခြင်းနန်းတော်အရှင်ထံ လှည့်လိုက်၏။ သူ၏မျက်လုံးများသည် ဉာဏ်ပညာဖြင့် ပြည့်လာသည်။

“ချင်းကျိုးယန်…မင်းရဲ့ ကျင့်ကြံမှုအဆင့်ကို လောင်ကျွမ်းစေမယ်ဆိုရင်တောင် မင်း မလွတ်နိုင်တော့ပါဘူး။ မင်း မသေရဘူး။ ဒီအဘိုးအိုက မင်းကို သွေးရုပ်သေးတစ်ယောက်အဖြစ် သန့်စင်ပစ်ပြီး အတွင်းနယ်မြေအတွက် ကြီးမားတဲ့အကူအညီ ဖြစ်အောင် လုပ်ပေးမယ်…” ထိုသို့ပြောပြီးနောက် အရှင်ဟုန်ရှန်သည် အနီရောင်အရိပ်အဖြစ်ပြောင်းကာ ရှေ့တည့်တည့်ပြေးဝင်လာသည်။

ဝတ်စုံနက်အဘိုးအိုသည် ဖြူရောနေသည်။ သူသည် တတိယအဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်သော်လည်း ကျင့်ကြံသူတစ်ယောက်သာ ဖြစ်နေဆဲပင်။ သူ့ထံ၌ ဒီလေးယောက်ကို တိုက်ခိုက်နိုင်မည့် အစွမ်းမရှိပေ။ အရှင်ဟုန်ရှန် နီးကပ်လာသည့်အခါ ဝတ်စုံနက်အဘိုးအိုက အလျင်အမြန် ဆုတ်၏။

သို့ပေမည့် အရှင်လုံဖန်က တည်ငြိမ်စွာ ညာလက်ကို ပင့်မြှောက်လိုက်ရာ တောင်နှင့်မြစ်ပန်းချီကားသည် ဝတ်စုံနက်အဘိုးအို၏ လမ်းကြောင်းကို ပိတ်ဆို့လိုက်လေသည်။

ချင်းရွှေ၏ အမူအရာက အေးစက်လာကာ သူက ဝတ်စုံနက်အဘိုးအိုထံ လက်ညွှန်လိုက်သည်။ အဘိုးအိုမျက်နှာထက်ရှိ အက်ကြောင်းငါးခုသည် နောက်တဖန် ဆုတ်ဖြဲလာပြန်၏။ လနက်၊ ကြယ်လင်သောကောင်းကင်သည် ရန်သူကိုယ်တိုင်တွင် ရေးထွင်းပစ်သော မန္တာန်တစ်ခုဖြစ်ကာ ကြောက်မက်ဖွယ်စွမ်းအားကို အဆက်မပြတ် ပေါက်ကွဲစေနိုင်သည်။

ဝမ်လင်း၏အမူအရာက တည်ငြိမ်လျက်ပင်။ ထိုသုံးယောက် တိုက်ခိုက်ကြသည့်အခိုက်တွင် သူ၏မျက်လုံးက တောက်ပသွား၏။ ရွှေရောင်အလင်းက သူ့လက်ချောင်းထိပ်တွင် လာရောက် စုဝေးကာ သူက ဝတ်စုံနက်အဘိုးအိုထံ လက်ညွှန်လိုက်သည်။

“ရပ်တန့်ခြင်း…”

ဤကား သည်းထိတ်ရင်ဖိုစရာ မရှိသော တိုက်ပွဲတစ်ခုသာ ဖြစ်လာတော့၏။ ခုနစ်ရောင်စုံနယ်မြေသည် ပျက်စီးသွားပြီး ကောင်းကင်အပြစ်ပေးခြင်းနန်းတော်အရှင် ချင်းကျိုးယန်သည် အဖမ်းခံရကာ အရှင်ဟုန်ရှန်က သူ့ကို သိမ်းဆည်းလိုက်သည်။

အရှင်လုံဖန်၏ လောင်ကျွမ်းနေသော စိတ်ဝိညာဉ်မှာ အရှင်ဟုန်ရှန်၏ ကူညီပေးမှုကြောင့် ရပ်တန့်သွားသည်။ သူက သူ့တပည့် အရှင်ကျုံးရွှမ်နှင့်အတူ နောက်လာမည့် ပြင်ပနယ်မြေနှင့် တိုက်ပွဲကို ငြိမ်သက်စွာစောင့်ဆိုင်းရန် ထွက်သွားတော့သည်။

အရှင်ဟုန်ရှန်က ဝမ်လင်းကို တိမ်ပင်လယ်သို့ ဖိတ်ခေါ်ခဲ့သည်။ သူက ချိပ်ပိတ်နယ်မြေအရှင် ဟူသော အမည်ကို သုံး၍ အတွင်းနယ်မြေမှ ကျင့်ကြံသူများ၏ တိုက်ပွဲဝင်လိုစိတ်ကို မီးစပျိုးစေမည်။ ထို့နောက် သူသည် အတွင်းနယ်မြေမှ ကျင့်ကြံသူများကို ဦးဆောင်ကာ နောက်ဆုံးတန်ပြန်တိုက်ခိုက်မှုကို လုပ်ဆောင်မည် ဖြစ်၏။

ဝမ်လင်းသည် တာအိုသစ်သီးသုံးလုံး ပိုင်ဆိုင်ထားပြီ ဖြစ်သည့်အတွက်ကြောင့် သူက မသွားခဲ့ပေ။ ခုချိန်တွင် အရေးကြီးဆုံးမှာ သူ့ခန္ဓာကိုယ်အတွင်းရှိ တွန်းကန်အား ပေါက်ကွဲမထွက်လာခင် သူ၏တာအိုသုံးခုကို ပြီးပြည့်စုံအောင် လုပ်ရန် ဖြစ်သည်။ သူက လေဟာနယ်ဂိတ်တံခါးကို ချိုးဖျက် ဖွင့်လှစ်ကာ သူ၏တာအိုကို ပြီးပြည့်စုံအောင် လုပ်ရဦးမည်။

ချင်းရွှေ ထွက်သွား၏။ သူ၏အစိမ်းရောင်ဝတ်ရုံက ကြယ်များကြား တလွင့်လွင့်။ အထီးကျန်မှုနှင့် ဝမ်းနည်းမှုတို့ကလည်း သူ့ကို အဖော်အပေါင်း ပြုထားသည်။ သူက သူ့သမီးကို ရှာဖို့ ထွက်သွား၏။ သူက သူမကို ရှာတွေ့ချင်လည်း တွေ့မည်။ ဘယ်တော့မှ မတွေ့သည်လည်း ဖြစ်နိုင်သည်သာ။

သို့ပေမည့် မည်သို့ပင်ဖြစ်ဖြစ် ဝမ်လင်းသာ တောင်းဆိုလာပါက သူသည် လောကအဆုံးသပ်ကနေပင် လှည့်ပြန်လာမည်ပင်။ သူတို့နှစ်ယောက်ကြားတွင် စကားတွေ အများကြီး ပြောနေရန် မလိုပေ။ သူတို့နှစ်ယောက် အတူတူ တွေ့ကြုံခဲ့သော အရာများကို ချင်းရွှေ ဘယ်တော့မှ မေ့နိုင်မည် မဟုတ်ချေ။

ကြယ်များကြား၌ ချင်းရွှေ ခုထိ ဂရုစိုက်သည့်သူမှာ နှစ်ယောက်သာ ရှိ၏။ ထိုနှစ်ယောက်ထဲမှ တစ်ယောက်က သူ၏ဂျူနီယာညီ‌ ဝမ်လင်းပင်။

အရှင်ဟုန်ရှန် လွတ်မြောက်လာမှုက အတွင်းနယ်မြေထံ ပျော်ရွှင်မှု ယူဆောင်လာစေ၏။ ဆင့်ခေါ်ခြင်းမြစ်ကို ပြန်သိမ်းပိုက်နိုင်ခြင်းကလည်း ကျန်သည့်အတွင်းနယ်မြေမှ ကျင့်ကြံသူများကို မျှော်လင့်ချက် ရလာစေသည်။

မြင့်မြတ်သောဆရာထျန်ကျောက် သေဆုံးမှု၊ အရှင်လုံဖန် ကောင်းကင်အပြစ်ပေးခြင်းနန်းတော်အရှင်ကို ဖမ်းဆီးခဲ့မှုတို့ကိုပါ ထည့်ပေါင်းပါက အတွင်းနယ်မြေ၏ ယုံကြည်မှုကို ပြန်ရလာစေတော့၏။

အတွင်းနယ်မြေ၌ ခုနစ်ရောင်စုံနယ်မြေများလည်း မကျန်ရှိတော့ပေ။ ဆယ်စုနှစ်များကြာ စစ်ပွဲ ဖြစ်ပြီးနောက် ကျန်သည့်ကျင့်ကြံသူအားလုံးမှာ အသားတကျစစ်သည်တော်များ ဖြစ်လာကြ၏။ သူတို့သည် တိုက်ခိုက်ရမည်။ အကြောင်းမှာ သူတို့ ကျရှုံးသည်နှင့် ရလဒ်မှာ သေဖို့သာ ရှိသည် မဟုတ်လား။

အရှင်ဟုန်ရှန်က ချိပ်ပိတ်နယ်မြေအရှင် ပြန်ရောက်လာပြီဟူသော သတင်းကို ဖြန့်လိုက်ခြင်းက သက်ရောက်မှု၊ထိရောက်မှု အရှိဆုံး ဖြစ်လေ၏။ ထိုသတင်းက အတွင်းနယ်မြေ၏ ကျင့်ကြံသူများကို ခေါင်းမော့လာစေသည်။ သူတို့စိတ်ထဲရှိ တိုက်ပွဲမီးတောက်ကို ပိုပြင်းထန်လာစေသည်။

တောက်ပသောလေဟာနယ်ကြယ်အဖွဲ့အစည်းအတွင်း၌ တိမ်ပင်လယ်နှင့်အလုံးစုံကောင်းကင် ကြယ်အဖွဲ့အစည်းနှစ်ခုကြား နယ်စပ်အနီးအနား၌ နေရာတစ်ခု ရှိသည်။ ထိုနေရာသည် ကြီးမားသော ကုန်သွယ်မှုဧရိယာတစ်ခုအဖြစ် အလျင်အမြန် ဖွံ့ဖြိုးလာခဲ့သည်။

မဟာကြယ်အဖွဲ့အစည်းလေးခု၏ နယ်စပ်များတွင်လည်း ထိုသို့သော ဂြိုဟ်များစွာ ပေါ်လာကြသည်။ ကြယ်အဖွဲ့အစည်းလေးခုလုံးမှ ကျင့်ကြံသူများစွာသည် ထိုဂြိုဟ်များပေါ်တွင် စုဝေးကာ သူတို့လိုအပ်သော ရင်းမြစ်များအတွက် အရောင်းအဝယ် ပြုသည်။

ထိုအဖြစ်က ကြယ်အဖွဲ့အစည်းလေးခုကို တဖြည်းဖြည်း အတူတကွ ပေါင်းစည်းမိလာစေသည်။

ထိုအခိုက်အတန့်၌ တောက်ပသောလေဟာနယ်ရှိ တစ်သားတည်းဝိညာဉ်ဟူသော ဂြိုဟ်ပေါ်တွင် ကြယ်အဖွဲ့အစည်းလေးခုမှ ကျင့်ကြံသူများစွာ ရှိနေကြသည်။ ထိုကျင့်ကြံသူများသည် လာလိုက်၊သွားလိုက်ဖြင့် ယင်းဂြိုဟ်မှာ အလွန်တရာ သက်ဝင်လှုပ်ရှားနေသည်။

ဆင့်ခေါ်ခြင်းမြစ်မှ အမျိုးသမီးကျင့်ကြံသူများကတော့ အကျော်ကြားဆုံး ဖြစ်နေ၏။ သူတို့ထဲမှ အများစုသည် သေဆုံးခဲ့ရသော်လည်း အများစုသည် ပြင်ပနယ်မြေကို တန်ပြန်တိုက်ခိုက်မှုအတွင်း အကျိုးများစွာ ဆောင်ခဲ့ကြ၏။

ဆင့်ခေါ်ခြင်းမြစ်သည် ပြန်ကောင်းမွန်လာခါစ ဖြစ်သော်လည်း ဆင့်ခေါ်ခြင်းမြစ်မှ အမျိုးသမီးကျင့်ကြံသူများစွာ ပြန်ရောက်လာကြ၏။ ဆင့်ခေါ်ခြင်းမြစ်သည် ပြန်လည်ဖွံ့ဖြိုးမည့် အရိပ်အယောင် ပြလာသည်။

ဆင့်ခေါ်ခြင်းမြစ်တွင် အမျိုးသမီးကျင့်ကြံသူ အများစု ရှိကြကာ သူတို့အားလုံးမှာ အတော်လေး လှသည်။ သူတို့ထံမှ ပေးစွမ်းသော ကိုယ်သင်းရနံ့က တခြားကြယ်အဖွဲ့အစည်းမှ အမျိုးသားကျင့်ကြံသူတစ်ယောက်ချင်းစီကို သူတို့၏ တာအိုကြင်ဖက် ရှာဖွေမိစေတော့သည်။

ဆင့်ခေါ်ခြင်းမြစ်မှ အမျိုးသမီးကျင့်ကြံသူများကြောင့် ထိုမြို့သည် ပို၍ပင် သက်ဝင်လှုပ်ရှားလာခဲ့သည်။

ထိုမြို့အတွင်း၌ ရောက်လာသော ကျင့်ကြံသူများအတွက် ကျင့်ကြံနိုင်ဖို့ ထောက်ပံ့ပေးထားသော တည်ခိုးခန်းအချို့ ရှိကြ၏။ အခန်းတိုင်းတွင် စိတ်ဝိညာဉ်ကျောက်တုံး မြောက်များစွာနှင့် ကောင်းကင်ဘုံကျောက်စိမ်းပြားအချို့ ရှိလေ၏။

အချို့ နောက်ခံတောင့်တင်းသော တည်းခိုခန်းများဆို မွန်းစတားအိုများအတွက် မူလစွမ်းအင်ကို ထောက်ပံ့ပေးနိုင်ရန် မူလသလင်းကျောက်များပါ ပိုင်ဆိုင်ထားသေးသည်။

ထိုမြို့၏ အရှေ့ဘက်ပိုင်းတွင် အလယ်အလတ်တန်းစား တည်းခိုခန်းတစ်ခု ရှိလေသည်။ ထိုတည်းခိုခန်း၏ ခန်းမအတွင်း၌ ကျင့်ကြံသူများစွာ ထိုင်နေကြသည်။

ထိုကျင့်ကြံသူများသည် မစားမသောက်ကြသော်လည်း ကောင်းကင်ဘုံသစ်သီးများ၊ အရက်များ သို့မဟုတ် အတိတ်မှ မှတ်မှတ်ရရ ရှိသော သေမျိုးအစားအသောက်များကို တည်ခင်းထား၏။ ထိုတည်းခိုခန်းသည် မကြာဆိုသလို လူပြည့်နေတတ်သည်။

ပြင်ပနယ်မြေနှင့် စစ်ပွဲကြောင့် ရောင်းရင်းကျင့်ကြံသူမျိုးစုံ တွေ့ဆုံကြဖို့ အခွင့်ကောင်းတစ်ခု ဖြစ်လာခဲ့ကြသည်။ သူတို့သည် မကြာဆိုသလို တစ်ယောက်ထံမှ တစ်ယောက် သင်ယူကြသည်။ ဖြစ်နိုင်သည်မှာ ရိုးရှင်းသောအကျွမ်းဝင်မှုများက အနာဂတ် တိုက်ပွဲကွင်းပြင်တွင် တစ်ယောက်နှင့်တစ်ယောက် ထပ်တွေ့မိတာလည်း ဖြစ်လာနိုင်သည် မဟုတ်လား။

အခုချိန်၌ တည်းခိုခန်း၏ မြောက်ဘက်ထောင့်ကျကျ အစွန်နေရာတွင် ကျင့်ကြံသူ တော်တော်များများ ထိုင်နေ၏။ ထိုထဲမှ တစ်ယောက်သည် ရွှင်ပြုံးပြုံး အမူဟန်ပန်နှင့် သက်လတ်ပိုင်း ပညာတတ်တစ်ယောက် ဖြစ်သည်။ သူက သူ၏ မိတ်ဆွေများကို စကားဆိုနေသည်။

“ချိပ်ပိတ်နယ်မြေအရှင်ကို ငါ သိတယ်လို့ ငါ ပြောခဲ့ပြီးသား။ ဒါပေမဲ့ မင်းတို့အားလုံးက ငါ့ကို မယုံကြည်ကြဘူး…”

ထိုပညာတတ်လူ၏ မျက်နှာချင်းဆိုင်တွင် အမျိုးသမီးနှစ်ယောက် ရှိသည်။ သူမတို့နှစ်ယောက်လုံးက လှ၏။ သူတို့၏အသက်အရွယ်ကတော့ အတော်လေး ကွာခြားပေသည်။ ပိုငယ်ရွယ်သော ပန်းရောင်ဝတ်ရုံနှင့် အမျိုးသမီးက သိချင်စိတ် ဖြစ်လာသည်။

“အစ်ကိုကြီးကျိုးက ချိပ်ပိတ်နယ်မြေအရှင်နဲ့ ဘယ်နေရာမှာများ တွေ့ဆုံခဲ့ဖူးတာလဲ…”

သူမဘေးရှိ ခရမ်းရောင်ဝတ်ရုံနှင့် အမျိုးသမီးက ပို၍ အသက်ကြီးဟန် ပေါ်ကာ သက်လတ်ပိုင်းအရွယ်လောက် ရှိသည်။ သူမက နေရာတွင် ထိုင်နေလျက် စကားတစ်ခွန်းမှ မပြောပေ။

ထိုသက်လတ်ပိုင်းလူ၏ဘေးတွင်တော့ အဘိုးအိုတစ်ယောက် ရှိသည်။သူက ပြုံး၍ ကြားဖြတ်ကာ ဝင်ပြောလာသည်။ “အမျိုးသမီးရှု…ရောင်းရင်းကျိုးရဲ့ စကားတွေကို မယုံနဲ့။ ဒီကောင်က နင့်လို ဆင့်ခေါ်ခြင်းမြစ်က အမျိုးသမီးကျင့်ကြံသူတွေနဲ့ တွေ့တိုင်း ခုလိုပဲ ပြောနေတာ။ သူ ပြောတာ နားထောင်ရလွန်းလို့ ငါ့ နားထဲကတောင် လျှံထွက်နေပြီ…”

“အဲ့တာက ဟင်္သာပြဒါးဂြိုဟ်ပေါ်မှာပေါ့။ အဲ့ချိန်တုန်းက ချိပ်ပိတ်နယ်မြေအရှင်ဟာ ဒီကနေ့ သူ့ရဲ့ ကျင့်ကြံမှုအဆင့်နဲ့ ဘယ်လိုမှ မယှဉ်သာသေးဘူး။ ငါမှတ်မိသေးတယ်။ အဲ့ချိန်တုန်းက သူဟာ အမြုတွေဖွဲ့တည်ခြင်းအဆင့် ကျင့်ကြံသူလေးတစ်ယောက်ပဲ ဖြစ်အုံးမယ်။ သူက ဒီကနေ့မှာ ချိပ်ပိတ်နယ်မြေအရှင် ဖြစ်လာလိမ့်မယ်လို့ ငါ လုံးဝ မထင်ထားမိခဲ့ဘူး…”

သက်လတ်ပိုင်းလူက ပြုံး၍ ထိုအဘိုးအို၏ စကားကို လစ်လျူရှုထားလိုက်သည်။ သူ့မျက်နှာထက်တွင် စိတ်ခံစားချက်များ ပြည့်နေလေ၏။

အမျိုးသမီးက မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်ကာ စိတ်ဝင်စားဟန် အရိပ်အယောင် ပြလာသည်။ သူမက ခရမ်းရောင်ဝတ်စုံဖြင့် အမျိုးသမီးကို ကြည့်ကာ ပြုံး၍ ဆိုလိုက်သည်။

“စီနီယာအစ်မ၊ နင်က ဟင်္သာပြဒါးဂြိုဟ်ကနေ လာခဲ့တာလို့ ပြောခဲ့ဖူးတာ ငါ မှတ်မိတယ်။ နင်ကော အရင်တုန်းက ချိပ်ပိတ်နယ်မြေအရှင်တဲ့ ဆုံခဲ့ဖူးသေးလား…”

သူမ ထိုသို့ ပြောလိုက်သည့်နောက် ပညာတတ်သက်လတ်ပိုင်းလူ အပါအဝင် လူတိုင်းသည် ငြိမ်သက်သွားကြသည်။ သူတို့အားလုံးက ခရမ်းရောင်ဝတ်ရုံနှင့်အမျိုးသမီးကို မနာလိုအားကျမှုနှင့် ကြည့်လိုက်ကြ၏။ သူတို့အကြည့်ထဲ၌ လေးစားမှု အရိပ်အယောင်လည်း ပါဝင်နေသေးသည်။

အနီးအနားမှ ကျင့်ကြံသူများသည်ပင် ထိုစကားကို ကြားလိုက်ရသည့်အခါ ငြိမ်သက်တိတ်ဆိတ်သွားသည်။ သူတို့ကပါ စကားပြောဆိုနေခြင်းကို ရပ်ကာ ခရမ်းရောင်ဝတ်စုံနှင့်အမျိုးသမီးထံ တလေးတစား ကြည့်လိုက်၏။

သက်လတ်ပိုင်းလူက ခပ်မြန်မြန် ထရပ်၏။ သူက ခရမ်းရောင်ဝတ်ရုံဖြင့် အမျိုးသမီးထံ လက်နှစ်ဖက်ဆုပ်ဟန် ပြုကာ ပြောလိုက်သည်။ “ငါ ကျိုးတန်ဒီက ဟင်္သာပြဒါးဂြိုဟ်က ရောင်းရင်းကျင့်ကြံသူကို နှုတ်ဆက်ပါတယ်။ ငါ စောနက ပြောခဲ့တာက အမှားတွေပါ။ ရောင်းရင်းကျင့်ကြံသူ စိတ်ထဲမထားဖို့ မျှော်လင့်မိပါတယ်…”

သူသာမက အဘိုးအိုနှင့် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများစွာကလည်း သူမကို လက်နှစ်ဖက်ဆုပ်ကာ နှုတ်ဆက်လိုက်ကြ၏။

တိမ်ပင်လယ်မှ ကျင့်ကြံသူများကလည်း ထလာကြပြီး လက်နှစ်ဖက်ဆုပ်ဟန် ပြု၍ နှုတ်ဆက်သည်။

ထိုသို့သော မြင်ကွင်းမျိုးက တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းတွင် အမြဲလိုလို ရှိနေသည်တော့ မဟုတ်ပေ။ သို့သော် အကြိမ်တော်တော်များများတော့ တွေ့မြင်နေရ၏။ ချိပ်ပိတ်နယ်မြေအရှင်၏ ကျော်ကြားမှုသည် တသီးပုဂ္ဂလ ကျော်ကြားမှု မဟုတ်ပေ။ စစ်ပွဲအတွင်း တုန်လှုပ်ဖွယ်အဖြစ်အပျက်များစွာ ဖြစ်ပွားခဲ့ပြီးမှ ရရှိပိုင်ဆိုင်လာသော ကျော်ကြားမှုမျိုး ဖြစ်၏။ အတွင်းနယ်မြေရှိ ကျင့်ကြံသူများ၏ စိတ်ထဲတွင် ချိပ်ပိတ်နယ်မြေအရှင်သည် အတွင်းနယ်မြေ၏ စိတ်အားအဟုန်ပင်။

ချိပ်ပိတ်နယ်မြေအရှင်က တောက်ပသောလေဟာနယ်(ဝါ) မဟာမိတ်ကြယ်အဖွဲ့အစည်းမှ ဖြစ်၏။ ထို့ကြောင့် တောက်ပသောလေဟာနယ်မှ ကျင့်ကြံသူများသည် တခြားကြယ်အဖွဲ့အစည်းသုံးခုမှ ကျင့်ကြံသူများ၏‌ လေးစားခြင်းကို ခံရလေ၏။ ချိပ်ပိတ်နယ်မြေအရှင်က ဟင်္သာပြဒါးဂြိုဟ်မှ ဖြစ်သည်ကို ကျင့်ကြံသူတိုင်းက သိနေကြလေပြီ။

ထို့အတွက် သူတို့သည် ဟင်္သာပြဒါးဂြိုဟ်မှ ကျင့်ကြံသူများကို လေးစားသမှု ပေးသည်မှာ သဘာဝပင်။

သို့ပေမည့် ဟင်္သာပြဒါးဂြိုဟ်မှာ ဂြိုဟ်ငယ်လေးတစ်ခုမျှသာ။ အလွန့်အလွန်နည်းပါးသော ကျင့်ကြံသူအချို့ကသာ ထိုဂြိုဟ်ကနေ ထွက်လာနိုင်ကြ၏။ ထို့အတွက်ကြောင့် ထိုဂြိုဟ်မှ ထွက်လာသော တစ်စုံတစ်ယောက်ကို တွေ့ဖို့ဆိုတာ မလွယ်လှပေ။

သို့ပေမည့် ယင်းအချက်ကြောင့်ပင် ဟင်္သာပြဒါးဂြိုဟ်မှ ကျင့်ကြံသူတစ်ယောက်ကို တွေ့ကြသည်နှင့် သူတို့သည် များစွာ လေးစားခံရသည်သာ။

ဟင်္သာပြဒါးဂြိုဟ်သည် ဝမ်လင်းကြောင့် အတွင်းနယ်မြေတစ်ခုလုံး၏ လေးစားမှုကို ရလာခဲ့သည်။

ခရမ်းရောင်ဝတ်စုံနှင့်အမျိုးသမီးက လူအများ အာရုံစိုက်ခြင်းနှင့် အသားမကျသည့်ပုံ ပေါ်သည်။ ထို့ကြောင့် သူမ၏မျက်နှာသည် အနည်းငယ် နီမြန်းသွားသည်။ သူမက ကျောက်စိမ်းကဲ့သို့ သူမ၏လက်ကို ပင့်မြှောက်ကာ ဆံပင်ကို ဘေးတစ်ဖက်သို့ သပ်လိုက်၏။ ထို့နောက် သူမသည် သူမကို လာနှုတ်ဆက်သော ကျင့်ကြံသူအားလုံးကို ပြန်နှုတ်ဆက်လိုက်သည်။ ထို့နောက်တွင်သူမသည် သူမဂျူနီယာညီမ၏ စကားများကို ညင်သာစွာ ပြန်ဖြေလေ၏။

“ငါ…ငါ…သင့်ကို တွေ့ဖူးခဲ့သလိုပဲ…” ထိုအမျိုးသမီးက အတိတ်ကို ပြန်စဉ်းစား၏။ သူမ၏စကားလုံးများက လူတိုင်းကို အာရုံစိုက် နားထောင်မိစေသည်။

“ဒါပေမဲ့ ငါ တွေ့ခဲ့တဲ့သူက သူ ဟုတ်လားမဟုတ်လား နည်းနည်း မသေမချာ ဖြစ်နေတယ်…” ထိုအမျိုးသမီးက သက်ပြင်းချလိုက်သည်။

“စီနီယာအစ်မကြီး…ငါ့ကို မြန်မြန် ပြောပြပါတော့…” ပန်းရောင်ဝတ်ရုံဖြင့် အမျိုးသမီးက သူမအမကို တိုက်တွန်း၏။

“အဲ့အချိန်တုန်းက သူ့ကို မိုင်လျန်းလို့ ခေါ်တယ်။ အဲ့ချိန်တုန်းက သူဟာ အခြေခံတည်ဆောက်ခြင်းအဆင့်ပဲ ရှိအုံးမယ်။ ပြီးတော့ သူက အလွန်အေးစက် ရက်စက်တယ်။ သူ ပြင်ပတိုက်ပွဲကွင်းပြင်ကနေ ဟိုဖန်နိုင်ငံကို ပြန်ရောက်လာခဲ့တယ်။ သူသာ အမှန်တကယ်ပဲ ချိပ်ပိတ်နယ်မြေအရှင်ဆိုရင်၊ သူနဲ့လီမူဝမ်တို့က အဲ့နေရာမှာ တွေ့ဆုံခဲ့ကြတာပဲ။ လီမူဝမ်က ငါ့အကောင်းဆုံးသူငယ်ချင်းတစ်ယောက်ပဲ…”

ခရမ်းရောင်ဝတ်ရုံနှင့်အမျိုးသမီးသည် ပြောနေရင်း မသေချာမရေရာသလို ဖြစ်နေ၏။

ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည် အလေးအနက် နားထောင်နေသည်။ ထိုသို့သောအရာမျိုးက ဟင်္သာပြဒါးမှ ကျင့်ကြံသူတစ်ယောက်ထံကပင် ကြားရခဲသည် မဟုတ်လား။

ဝတ်စုံနက်လူငယ်တစ်ယောက်က အကွာအဝေးတစ်ခုရှိ စားပွဲတစ်ခု၌ သူတစ်ယောက်တည်း ထိုင်ကာ ငြိမ်သက်စွာ စောင့်နေ၏။ သူ၏အမူအရာသည် မထူးခြားနားဟန် ဖြစ်သည်။ သူ့ထံမှ အေးစက်စက်အော်ရာကို ပေးစွမ်းနေသည့်အတွက် မည်သူကမျှ သူ့အနား မလာဝံ့ကြပေ။

“ဆရာ…သင် ဘယ်မှာလဲ…” ထိုလူငဘ်က အရက်သောက်နေရင်း တည်းခိုးခန်အပြင်သို့ ကြည့်ကာ အတိတ်ကို ပြန်တွေးနေမိ၏။ သို့ပေမည့် ထိုအခိုက်တွင် သူ့ခန္ဓာကိုယ်သည် တုန်ယင်သွားကာ သူသည် တည်းခိုခန်းအတွင်းသို့ ဝင်လာသော အဖြူရောင်ဝတ်စုံနှင့်လူကို ကြည့်လိုက်မိ၏။ ထိုအခါ ယင်းလူငယ်၏မျက်လုံးထဲတွင် မယုံကြည်နိုင်မှု၊ စိတ်လှုပ်ရှားမှုတို့ ပြည့်နှက်လာတော့၏။

***

All Chapters