အရူး၏ အော်သံဟစ်သံ
Vol. 117 Ch. 1618
သူတို့နှစ်ယောက်ကို ဗဟိုပြု၍ မမြင်ရသောလှိုင်းတစ်ခု အဘက်ဘက်သို့ ပျံ့နှံ့သည်။ ထိုလှိုင်းသည် ဒီလောကတခွင် ပျံ့လွင့်သွားလေ၏။
ဝမ်လင်းသည် သူ၏မိုးကြိုးနှင့်မီးအပေါ် နားလည်မှုကို မျိုးစေ့တစ်ခုအဖြစ်သို့ ပြောင်း၍ ဆယ့်သုံး၏ခန္ဓာကိုယ်အတွင်း၌ နက်ရှိုင်းစွာ မြှုပ်နှံ့ပေးလိုက်သည်။
“ငါ မင်းကို ဘာရတနာမှ မပေးတော့ဘူး။ ဒီအနှစ်သာရမျိုးစေ့တစ်ခုပဲ ပေးလိုက်တော့မယ်…”
ဆယ့်သုံး၏ခန္ဓာကိုယ်သည် တုန်ယင်သွား၏။ ဝမ်လင်း၏လက်ဝါးက သူ့နှဖူးထက်သို့ ကျရောက်လာသည့်အခါတွင် ရွှေရောင်မျိုးစေ့တစ်ခု သူ့စိတ်ထဲတွင် ပေါ်လာသည်။ ထိုရွှေရောင်မျိုးစေ့တွင် ဝမ်လင်း၏ မီးနှင့်မိုးကြိုးအပေါ် နားလည်မှုတို့ ပါဝင်လေ၏။ ၎င်းထံ၌ တတိယအဆင့်အော်ရာလည်း ရှိနေသည်။
ထိုမျိုးစေ့တွင် ဝမ်လင်း၏ ကောင်းကင်ဘုံသွေးမျိုးဆက်လည်း ပါဝင်သည်။ ထို့အတွက်ကြောင့်လည်း ၎င်းက ရွှေရောင်လွှမ်းနေခြင်းပင်။
ထိုမျိုးစေ့မှာ ကောင်းကင်ဘုံရတနာတစ်ခုကို ယှဉ်နိုင်သည်။ ၎င်းသည် ကပ်ဘေးတစ်ခု ဖြစ်စေလောက်သည့်အထိ အဖိုးထိုက်တန်သည်။ ဝမ်လင်းက ၎င်းကို သူ့ပထမဆုံးတပည့် ဆယ့်သုံးကို ပေးခဲ့ပေသည်။
“ဆရာ ထွက်သွားတော့မယ်…” ဝမ်လင်းသည် ဆယ့်သုံးကို အဓိပ္ပာယ်ပါသော အကြည့်ဖြင့် ကြည့်လိုက်၏။ သူက ရှေးဟောင်းနတ်ဆိုးရုပ်တုကို ယူဆောင်သွားပေသည်။ ထို့နောက် သူသည် ကောင်းကင်ထက်သို့ ခြေလှမ်းကာ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ သူ လုံးဝ ပျောက်ကွယ်ခါနီး၌ ခေါင်းလှည့်ကာ ဆယ့်သုံးထံသို့ သူ၏ကိုယ်ပိုင်ကလေးတစ်ယောက်လို နူးညံ့သောအကြည့်ဖြင့် ကြည့်ကာ ခေါင်းညိတ်ပြလိုက်သည်။
“မင်း တစ်ခုခုလုပ်ချင်ရင် မင်း ဆုံးဖြတ်ချက်ကြောင့် မင်း ရှင်သန်နိုင်သရွှေ့ မင်းအပေါ်မှာ ဘာကပ်ဘေးပဲ ကျရောက်ပါစေ ဆရာ ရှိနေမယ်...။ မင်း သဘောကျတဲ့ အမျိုးသမီးတစ်ယောက်ကိုလည်း မင်း ရှာသင့်တယ်။ ငါ့လိုမျိုး မဖြစ်စေနဲ့…”
ဆယ့်သုံးသည် သူ့နှုတ်ခမ်းကို ကိုက်ထားကာ သူ့မျက်လုံးထဲတွင် မျက်ရည်များ ရစ်ဝဲနေသည်။ သူက သူ့ဆရာ ထွက်သွားသည်ကို ငြိမ်သက်စွာကြည့်နေပြီးနောက် ကိုးကြိမ်တိုင်တိုင် ဦးညွှတ်လိုက်သည်။
ဝမ်လင်းသည် ကြယ်များကြား၌ ငြိမ်သက်စွာ လျှောက်လှမ်းနေ၏။ သူက အထီးကျန်မှုနှင့် အသားကျနေခဲ့ပေပြီ။ တစ်ကိုယ်တည်း ကျင့်သားရနေပြီ ဖြစ်သည်။
သူသည် သူ့ဘယ်မျက်လုံးအတွင်းသို့ ရှေးဟောင်းနတ်ဆိုးရုပ်တုကို ချက်ခြင်း မစုပ်ယူသေးဘဲ သူ့သိုလှောင်နေရာလွတ်အတွင်း ထည့်သိမ်းထား၏။ သူသည် သူ့ခန္ဓာကိုယ်တွင်းရှိ တွန်းကန်အားကို ဟန်ချက်ညီအောင် လုပ်နေရဆဲ ဖြစ်၏။ ၎င်းကို အရေးတကြီး အခိုက်အတန့်တွင် စုပ်ယူမှသာ ထိုရှေးဟောင်းနတ်ဆိုးရုပ်တုသည် ၎င်း၏သက်ရောက်မှု အပြည့်အဝ ရှိမည်ပင်။
ဝမ်လင်းသည် တတ်နိုင်လျှင် ၎င်းကို မစုပ်ယူချင်သေးပေ။
သူက ထိုရှေးဟောင်းနတ်ဆိုးရုပ်တု ဒီထက့်ပိုအားကောင်းလာမည်ကို စောင့်ချင်သေးသည်။ အလုံးစုံကောင်းကင်တွင် သူ ဖမ်းလာခဲ့သော ရှေးဟောင်းနတ်ဆိုးကိုတော့ သူက ချိပ်ပိတ်ထားသည်။ ထိုရှေးဟောင်းနတ်ဆိုးကို အသုံးပြုဖို့ အချိန်မကျသေးပေ။
သူက ထိုရှေးဟောင်းနတ်ဆိုးကို အသက်ရှင်ဖို့ အခွင့်အရေးတစ်ခုပေးမည်ဟု ကတိပေးထားခဲ့၏။ ဝမ်လင်းက ထိုကတိကို မမေ့ပေ။
ကျင့်ကြံသူများ တိုက်ခိုက်နေခြင်း မရှိပါက ကြယ်ရောင်စုံကောင်းကင်သည် ငြိမ်သက်တိတ်ဆိတ်နေသည်။ ခုချိန်၌ ဝမ်လင်းက အကွာအဝေးတစ်ခုထံ အေးဆေးစွာ လှမ်းသွားနေသည်။
သူက နှေးကွေးဟန် တူသော်လည်း အမှန်တော့ သူ့ခြေလှမ်းတိုင်းက အကွာအဝေးများစွာကို ဖြတ်သန်းပြီး ဖြစ်၏။
ဝမ်လင်းသည် မိုးကောင်းကင်ဘုံနယ်မြေသို့ မသွားတော့ပေ။ သူ မသွားချင်၍ မဟုတ်၊ အချိန်မရ၍ ဖြစ်၏။ သူက လျှို့ဝှက်ပုန်းကွယ်ထားသော မိုးကောင်းကင်ဘုံနယ်မြေဝင်ပေါက်ကို ဖြတ်ကျော်လာခဲ့ချိန်၌ နောက်လှည့်ကြည့်ရုံသာ ကြည့်ခဲ့သည်။ အခု သူ အရင်ဆုံး လုပ်ရမည်မှာ အရူးကို သွားခေါ်ရန် ဖြစ်သည်။
တောက်ပသောလေဟာနယ်၏ အခြားအစွန်းတစ်ဖက်၌ ကျင့်ကြံခြင်းဂြိုဟ်တစ်လုံး ရှိ၏။ ထိုဂြိုဟ်သည် ဟင်္သာပြဒါးဂြိုဟ် မဟုတ်ပေ။ သို့သော် အဆင့်ခုနစ်ကျင့်ကြံခြင်းဂြိုဟ်တစ်ခု ဖြစ်လေ၏။
ယင်းဂြိုဟ်ကို ဂြိုဟ်ငယ်များစွာ ဝန်းရံထားသည်။ အဝေးမှ ကြည့်ပါက ထိုဂြိုဟ်သည် အလွန်ငြိမ်သက်တိတ်ဆိတ်သည့်ပုံ ပေါ်၏။ အကြောင်းမှာ ထိုဧရိယာမှာ ဗလာကင်းမဲ့နေပြီး ကျင့်ကြံသူတော်တော်များများလည်း ထိုနေရာသို့ မလာရောက်ကြခြင်းကြောင့် ဖြစ်သည်။
ထိုအခိုက်၌ ဒီဂြိုဟ်ပေါ်ရှိ သေမျိုးမြို့တော်တစ်ခုတွင် ဆောင်းဦးရာသီ ကျရောက်နေသည်။ အေးစက်စက် ဆောင်းလေများက မြို့ကို တိုက်ခတ်နေသည်။
ယင်းမှာ မြို့ငယ်လေးတစ်ခုသာ။ မကြီးမားသလို လူအများကြီး နေထိုင်ကြခြင်းလည်း မရှိပေ။ ထို့ကြောင့် လမ်းများက လူသူသိပ်မရှုပ်လှပေ။ ဆိုင်အချို့သာ ဖွင့်လှစ်ထား၏။ ဆောင်းလေက ဆိုင်များကို လှုပ်ခါနေစေသည်။
လမ်းထောင့်တွင် ဆိုင်ခန်းငယ်များလည်း ရှိ၏။ ရောင်းချသူများက ပျင်းရိပျင်းတွဲဟန်ဖြင့် အချင်းချင်း စကားပြောနေသည်။ သူတို့က အဝတ်အစားများ နှစ်ထပ်သုံးထပ် ဝတ်ထားကြ၏။ သို့သော်လည်း ဆောင်းလေကြောင့် သူတို့သည် အေးစက်မှုကို ခံစားနေရဆဲသာ။
လမ်းမတစ်လျှောက် သစ်ရွက်ခြောက်များ လေအဟုန်ဖြင့် လွင့်နေ၏။ သစ်ရွက်အချို့က စားသောက်ဆိုင်များထံ ကျရောက်၊ အချိ့ကတော့ ဆောင်းလေဖြင့် ကောင်းကင်ထက်သို့ ပျံဝဲတက်ကာ လမ်း၏တခြားတဖက်သို့ ကျဆင်းလျက်။ ထိုသစ်ရွက်အချို့က တစ်စုံတစ်ယောက်၏ မျက်နှာထက်သို့ ကျဆင်းထိမှန်သွား၏။
မူလတုန်းက ထိုလူသည် ရှေ့သို့ ခပ်သုတ်သုတ် သွားနေပြီး လူနှစ်ယောက်က သူ့နောက်မှ လိုက်လာသည်။ သူတို့သည် ပြုံးတုံတုံဟန်ဖြင့် သူ့ကို တစ်စုံတစ်ရာ ခပ်တိုးတိုး ပြောနေ၏။ ထိုလူက ရွှင်မြူးစွာ ရယ်မောလိုက်သည်။
ထိုရယ်သံကို ဆောင်းဦးသစ်ရွက်များက နှောက်ယှက်သွား၏။ သူက တစ်စုံတစ်ခုကို ရေရွတ်လိုက်ပြီးနောက် သူ့မျက်နှာကို လာကပ်ထိသော သစ်ရွက်တစ်ရွက်ကို ဖယ်လိုက်၏။ ထို့နောက် သူသည် ၎င်းသစ်ရွက်ကို မြေပြင်ထက် ပစ်လွှတ်လိုက်ပြီး ခြေဖြင့် အကြိမ်အနည်းငယ် စောင့်နင်းလိုက်သေးသည်။
သူသည် သစ်ရွက်ကို နင်းနေရင်း တစ်ချိန်တည်းမှာလည်း အော်ပြော၏။
“သစ်ရွက်လေး…မင်းက ဒီဘုရင်အပေါ် အကြံအစည်တစ်ခုခု ရှိရဲတယ်လား။ ဟားဟား…ဒီဘုရင် မင်းကို ဘယ်လိုဖြေရှင်းမလဲ ကြည့်လိုက်…” သူက ထိုသစ်ရွက်ပေါ်သို့ ဆယ်ကြိမ်ကျော်ကျော် ဆောင့်နင်းချလိုက်သည်။ ထို့နောက်တွင် ဆောင်းလေက သစ်ရွက်ကို အဝေးသို့ ခေါ်ဆောင်သွားလေသည်။ ထိုမှသာ သူက လက်လျှော့လိုက်တော့၏။
ထိုသူသည် အရူးဖြစ်၏။ သူ့နောက်မှ လူနှစ်ယောက်သည် ရှုလီကောနှင့် လျိုကျင်းပြောင်တို့ပင်။ သူတို့သည် အရူး၏ လုပ်ဆောင်မှုများနှင့် ပတ်သတ်၍ အသားကျနေပေပြီ။ ထို့ကြောင့် သူတို့က တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြသည်။
ရှုလီကောက သစ်ရွက် လွင့်ဝဲတက်သွားသည်ကို စောင့်ကြည့်နေရင်း မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်ကာ လျိုကျင်းပြောင်ထံ သတင်းစကားဆိုသည်။ “လူအိုကြီးလျှို…သူ့စကားတွေနဲ့ ပတ်သတ်ပြီး တစ်ခုခုပဲလို့ ငါ ဘာကြောင့် ထင်နေမိတာလဲ။ သူက ငါတို့အကြောင်းကိုများ သိနေတာလား…”
လျိုကျင်းပြောင်က သူ့မေးစေ့ကို ပွတ်ကာ အကြောင်းပြန်သည်။ “ငါ့လေ့လာချက်အရတော့ ဒီလူဟာ တကယ်ပဲ ရူးနေတာ။ ဒါ့ကြောင့် သူ ငါတို့ကို ဖြတ်မြင်နိုင်မှာ မဟုတ်ဘူး။ ဒါ့ကြောင့် အရှင်ရှု စိတ်ချက်လက်ချနေပါ…”
ရှုလီကောသည် ခေါင်းညိတ်လိုက်သည်။ သူသည် လျှိုကျင်းပြောင်၏ အကဲဖြတ်မှုကို ယုံပေသည်။ အရူးနှင့် ရှိနေစဉ် အချိန်အတွင်း သူတို့နှစ်ယောက်သည် အရူးအပေါ် ပေါင်း၍ လှည့်ဖြားခဲ့ရာ အတော်လေး အကျိုးအမြတ် ရခဲ့ကြ၏။
ထိုအကြောင်းကို တွေးရင်း ရှုလီကောသည် ကလက်တက်တက်ပြုံး၍ လှမ်းလျှောက်သွားကာ အရူး၏ပုခုံးနှစ်ဖက်ကို နှိပ်နှယ်ပေးလိုက်သည်။ သူသည် ပျံဝဲတက်သွားသော သစ်ရွက်ကို ကြမ်းကြုတ်စွာ စိုက်ကြည့်၍ ပြောလိုက်သည်။ “ဒီသစ်ရွက်ကို သေတဲ့ထိ နင်းခြေပစ်တာ ကောင်းတယ်။ ဘယ်သူကများ ငါ့ဘုရင်ကို အနိုင်ကျင့်ရဲတာလဲ။ ဘုရင်…ဒီကောင်လေးက သင် နောက်ထပ် ထပ်ခြေနင်းလို့ရအောင် အဲ့သစ်ရွက်ကို ဖမ်းယူပေးရမလား...”
အရူးသည် လက်ဝေ့ယမ်း၍ ဂုဏ်ဝင့်စွာ ပြောလိုက်သည်။ “ထားလိုက်တော့။ ဒီဘုရင် အဲ့သစ်ရွက်ကို လွှတ်ပေးလိုက်မယ်။ ကောင်မလေးရှု၊ နင် ပြောတဲ့ နေရာက ဘယ်မှာလဲ။ မြန်မြန်၊ ဒီဘုရင်ကို အဲ့နေရာ ခေါ်သွားပေး။ ဒီဘုရင် ကျေနပ်ရမယ်ဆိုရင် ဒီဘုရင်က နင့်ကို ဆုချီးမြှင့်မယ်…”
ရှုလီကောသည် ဆု ဟူသော စကားကို ကြားလိုက်သည်နှင့် သူ့မျက်လုံးသည် တလက်လက် ဖြစ်လာသည်။ သို့ပေမည့် လျှိုကျင်းပြောင်သည် ချောင်းဟန့်လာ၏။ သူ၏အမူအရာသည် တည်ငြိမ်လို့သာနေသည်။ သူက စိတ်မလှုပ်ရှားသွားသည့်အလား။
“ဘုရင်…သင်က အရင်တုန်းက ဘယ်တစ်ယောက်ကိုမျှ သဘောမကျခဲ့ဘူး။ ဒီတစ်ကြိမ်တော့ ငါ ရှုလီကောက သင် ကျေနပ်နိုင်လောက်မယ့် တစ်ယောက်ကို အများကြီး အားစိုက်ထုတ်ပြီး ရှာဖွေထားတယ်။ ဒါပေမဲ့…” ရှုလီကော၏စကားမဆုံးခင်မှာပင် အရူးက သူ့လက်ချောင်းထိပ်ကို ကိုက်လိုက်၏။ သွေးများစီးကျလာပြီး သူက ၎င်းသွေးကို ရှုလီကောပေါ်သို့ သုတ်လိုက်၏။
“ဒါဆို လုံလောက်ပြီ…”
ရှုလီကော၏အမူအရာသည် စိတ်လှုပ်ရှားမှုနှင့် ပြည့်နေ၏။ သူက ထိုသွေးကို ဂရုတစိုက် သုတ်ကာ သိမ်းဆည်းလိုက်ပြီးနောက် ခပ်သွက်သွက် ခေါင်းညိတ်ပြလိုက်သည်။
လျိုကျင်းပြောင်၏မျက်လုံးသည်ပင် တလက်လက် ဖြစ်သွား၏။ သူက နှုတ်ခမ်းသပ်ကာ သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်လိုက်သည်။ သို့သော် သူ့အကြည့်က ရှုလီကောထံသို့သာ ကျရောက်နေ၏။
ထိုအရူး၏ စိတ်ထက်သန်မှုအောက်တွင် သူတို့သုံးယောက်သည် ဆိုင်တစ်ဆိုင် ရှိသော လမ်းအစွန်းသို့ ရောက်လာသည်။ လျိုကျင်းပြောင်က ဆိုင်ထဲသို့ အရင်ဆုံး လှမ်းဝင်သွားသည်။
အရူးနှင့် ရှုလီကောတို့ ဝင်လာသည့်အခါတွင် သူက ချက်ခြင်းပင် တံခါးပိတ်ကာ တံခါးပေါ်သို့ ချိပ်ဟန်အနည်းငယ် ဖြစ်စေလိုက်ပြီးမှ နောက်က လိုက်လာသည်။
“ဘာကြောင့် ဒီလောက် ဒုက္ခများနေတာလဲ…” သူ အနားမရောက်လာခင်မှာပင် သူသည် အရူးထံမှ အော်သံကို ကြားလိုက်ရသည်။
သည်ဆိုင်၏အနောက်ဘက်ဝန်းထဲတွင် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်တစ်ခု ရှိလေ၏။ ထိုအစီအရင်သည် အလွန်အကြမ်းထည်ဆန်ကာ ၎င်းကို ချခင်းထားသည်မှာ မကြာသေးမှန်း သိသာသည်။ အရူးသည် အစီအရင်၏အပြင်ဘက်တွင် ရပ်နေရင်း ရှုလီကောထံ လှမ်းအော်သည်။
ရှုလီကောက ဟန်ဆောင်ပြုံးပြုံးကာ သူ့လက်နှစ်ဖက်ကို ပွတ်သပ်လိုက်သည်။ ဘုရင် “ဒီကောင်လေးက သင့်အတွက် အထည်ဒြပ်ယန်အဆင့် ကျင့်ကြံသူတစ်ယောက်ကို ရှာတွေ့ခဲ့တယ်။ အဲ့လူဟာ အစတုန်းက ငြင်းဆန်ခဲ့သေးတယ်။ ဒါပေမဲ့ ဒီကောင်လေးက သူ သဘောတူလာအောင် အများကြီး အားစိုက်ထုတ်ခဲ့တယ်။ ဒါပေမဲ့လည်း အဲ့လူရဲ့ မြင့်မြတ်တဲ့အဆင့်အတန်းကြောင့် သူက အတော်လေး သတိထားနေတယ်…”
အရူး၏မျက်နှာထက်တွင် စိတ်မရှည်မှုတို့ ရှိလာကာ သူက အော်ပြောလိုက်ပြန်သည်။ “ငါတို့ ဒီကိုလာခဲ့တာ ရက်အများကြီး ဖြစ်နေပြီ။ ခုထိ တစ်ကြိမ်တောင် မအောင်မြင်သေးဘူး။ ဒီတစ်ကြိမ်သာ မအောင်မြင်ရင် ဒီဘုရင် ထပ်ပြီး မကစားတော့ဘူး။ ဒါက မင်း ပြောသလို ပြောဖို့ကောင်းတာလည်း မဖြစ်နိုင်ဘူး….။ ဘယ်လို ပျော်စရာ ကိစ္စမို့ ဒီဘုရင် အရင်က မကစားခဲ့ဖူးတာလဲ…”
ရှုလီကောသည် ပြုံး၍ ခပ်သွက်သွက် ပြောလိုက်၏။ “ဘုရင်သာ အရသာ တစ်ခါ တွေ့သွားတာနဲ့ ဒီကောင်လေးက သင့်ကို မလိမ်ဘူးဆိုတာ သင် သိလာပါလိမ့်မယ်။ ခုတော့ ဒီကောင်လေးမှာ ဒီအစီအရင်ကို အသက်သွင်းဖို့ လုံလောက်တဲ့စိတ်ဝိညာဉ်ကျောက်တုံးတွေ မရှိဘူး ဖြစ်နေတယ်…”
အရူးသည် ပွစိပွစိ ရေရွတ်လိုက်၏။ အနည်းငယ် တွေဝေပြီးမှ သူသည် သွေးတစ်စက်ကို ညှစ်ထုတ်ကာ ရှုလီကောထံသို့ ပေးလိုက်သည်။ ထို့နောက် သူက သူ့ကိုယ်သူ ပြောလိုက်သည်။ “ဒီဘုရင်ရဲ့သွေးက အလွန်အဖိုးတန်တယ်။ အတိတ်တုန်းက…ဘယ်သူ…ဘယ်သူက…ဘယ်သူလဲ…”
ရှုလီကောသည် အရူးကို လစ်လျူရှုကာ ထိုသွေးကို စိတ်လှုပ်ရှားစွာ ဖမ်းလိုက်၏။ သူက ၎င်းသွေးကို သိမ်းဆည်းလိုက်ပြီးနောက် လျိုကျင်းပြောင်ထံ မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။ လျိုကျင်းပြောင်သည် တည်ငြိမ်သည့်ဟန်ဖြင့် အရူးအာရုံမစိုက်သည့်အချိန်တွင် အစီအရင်ကို အသက်သွင်းလိုက်လေသည်။ အလင်းတစ်ချက် လင်းလက်ကာ သူတို့သုံးယောက် ပျောက်ကွယ်သွားလေ၏။
အစီအရင်အလင်းသည် တောင်ကြားအတွင်း၌ လင်းလက်ပြီး လူသုံးယောက် ပေါ်လာသည်။ သို့ပေမည့် တခဏအကြာတွင် အရူးသည် ထပ်မံ စတင်အော်ဟစ်တော့၏။
“ဘာကြောင့် နောက်ထပ် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်တစ်ခု ဖြစ်နေရပြန်တာလဲ။ ဒီဘုရင်…ဒီဘုရင် မကစားတော့ဘူး…” ရှုလီကောသည် အရူးကို အယုံသွားနိုင်အောင် ခုလိုမျိုး လုပ်နေခြင်း ဖြစ်၏။ ခဏအကြာတွင် နောက်ထပ် အလင်းတစ်ခု လင်းလက်သွားပြန်သည်။ တောင်ကြားသည် ထပ်မံ တည်ငြိမ်သွားပြန်၏။
ထိုသို့ဖြင့် အရူးအော်ဟစ်လိုက်ပြီးနောက် အလင်းများ လင်းလက်ကာ တည်နေရာဆယ်ခုကျော် ပြောင်းလာခဲ့ကြပြီး ဖြစ်သည်။ အရူး၏အော်သံက ပိုပို ပြင်းထန်ကျယ်လောင်လာ၏။
“ဒီမှာ ဘယ်လောက်များလိုက်တဲ့ တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်တွေ ရှိနေတာလဲ။ ဒီဘုရင် တကယ်ပဲ မကစားတော့ဘူး။ မကစားတော့ဘူး။ မင်း ငါ့ကို အနိုင်ကျင့်တယ်။ မင်းတို့ အရမ်းများသွားပြီ။ ငါ ငါ့ဆရာနဲ့ သွားတိုင်ပြောမယ်…”
အရူး၏နောက်ဆုံးစကားက ရှုလီကောပေါ်သို့ သက်ရောက်မှု ရှိသွားဟန် တူသည်။ သူ့ခန္ဓာကိုယ်သည် တုန်ယင်သွား၏။ လျှိုကျင်းပြောင်သည်ပင် မျက်ခုံးလှုပ်မိသွားသည်။ သူက ရှုလီကောကို ပူပန်တကြီး ကြည့်လိုက်၏။ ထိုနောက်ဆုံးစကားက သူ့ကို သေသည့်အထိ လန့်သွားမိစေဟန် တူသည်။ ဤကာလအတွင်း သူတို့နှစ်ယောက်သည် ဝမ်လင်းက အရူး၏ဆရာ ဖြစ်သည်ဟူသော အချက်ကို မေ့နေခဲ့ကြ၏။
ရှုလီကောက ခဏတာ တုန်လှုပ်မိသွား၏။ သည်နေ့များအတွင်း သူသည် ထိုမိစ္ဆာကောင်(ဝမ်လင်း)နှင့် ပတ်သတ်၍ မေ့လုနီးနီး ဖြစ်နေခဲ့သည်။ သူက ခပ်မြန်မြန် ပြောလိုက်၏။ “ဒါ နောက်ဆုံးတစ်ခုပါပဲ။ နောက်ဆုံးတစ်ခုပါပဲ။ ဒီအစီအရင်အတွက် စိတ်ဝိညာဉ်ကျောက်တုံးလည်း မလိုအပ်ပါဘူး။ ငါတို့ ဒီတိုင်းသွားလိုက်တာနဲ့ ကောင်မလေးတစ်ယောက်ကို တွေ့ရတော့မှာပါ…”
ထိုအခိုက်တွင် ဂြိုဟ်၏အပြင်ဘက်တွင် လှိုင်းဂယက်တစ်ခု ပေါ်လာကာ ဝမ်လင်းသည် လှမ်းထွက်လာ၏။ သူ့အကြည့်က ဂြိုဟ်ထံသို့ ကျရောက်သွားပြီးနောက် သူ မျက်မှောင်ကြုတ်သွားသည်။ သူ၏မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွားသည်။
“အဓိပ္ပာယ်မရှိလိုက်တာ…”
***