မကောင်းတဲ့အစေခံတွေနဲ့ ပတ်သတ်ပြီး ဖြေရှင်းခြင်း
Vol. 118 Ch. 1620
ထိုအေးစက်စက်စကားလုံးများက လျှိုကျင်းပြောင်၏နားထဲသို့ ဝင်ရောက်လာသည့်အခါ သူ့မျက်လုံးသူငယ်အိမ်ပင် ကြုံ့သွားပြီး သူသည် နေရာတွင်ပင် တောင့်တင်းသွားမိသည်။ သူ့စိတ်မှာလည်း ဗလာကျင်းမိသွား၏။
သူသည် တုန်ယင်ကာ နောက်သို့ အလိုလို လှည့်ကြည့်မိလိုက်သည်။ ထိုအခါ သူ၏ စဉ်းစားဉာဏ်ပင် လွတ်ကင်းလုနီးပါး ဖြစ်သွားပြီး ဒူးထောက်ချလိုက်သည်။ သူ၏မျက်နှာသည် ဖြူရောကာ သွေးများအန်ထွက်သည်။ သည်တစ်ကြိမ်၌ အစစ်အမှန်သွေးများပင်။ သူသည် ကြောက်လွန်းသဖြင့် သွေးအန်မိသွားခြင်းပင်။
သူသည် လှည့်ဖြားလိမ်လည်ခြင်းတွင် မည်မျှတော်သူဖြစ်ပါစေ အခု ဘာကိုမှ မစဉ်းစားနိုင်တော့ပေ။ သူသည် တုန်ယင်နေလျက် တစ်ခုခုကို ပြောချင်နေ၏။ သို့သော် ဝမ်လင်း၏အကြည့်အောက်တွင် သူ့စိတ်မှာ တုန်ယင်သွားပြီး သူ၏ခန္ဓာကိုယ် အစိတ်စိတ်ကွဲထွက်တော့မလို ခံစားရသည်။ ထိုအကြည့်က သူ့ခန္ဓာကိုယ်နှင့်မူလစိတ်ဝိညာဉ်တို့ကို ဓားတစ်လက်အလား ထွင်းဖောက်လာ၏။ ဝမ်လင်းသည် သူ့ကို သတ်ပစ်ရန် အတွေးတစ်ချက်သာ လိုသည့်အလား။
ထိုကြောက်မက်ဖွယ်အကြည့်ထဲ၌ ပါဝင်သော သတ်ဖြတ်လိုစိတ်က လျှိုကျင်းပြောင်၏ ဦးရေပြားကို ထုံထိုင်းသွားမိစေသည်။ သူသည် အလွန်ကြောက်နေကာ ဆွံ့အနေမိသည်။ စကားတစ်လုံးကိုပင် မဟနိုင် ဖြစ်ရသည်။ သူသည် ဒူးထောက်လျက် အဆက်မပြတ် ဦးညွှတ်နေလေ၏။ သူ့ဦးခေါင်း သွေးစိမ့်ထွက်နေလျှင်ပင် သူသည် ဂရုမစိုက်နိုင်ပေ။
ရှုလီကောက ဂုဏ်ယူဟန်ဖြင့် နာကျင်ထိတ်လန့်စွာ အော်ဟစ်နေဆဲပင်။ သို့သော် သူက ဝမ်လင်း၏အသံကို ကြားလိုက်ရသည့်အခါ တုန်ယင်သွား၏။ သူသည် ထိုအသံနှင့် အလွန်ရင်းနှီးသည်။ အလွန့်အလွန် ရင်းနှီးပေသည်။ ယင်းအသံမှာ သူ အင်မတန် ကြောက်ရွှံ့သော မိစ္ဆာ၏အသံ ဖြစ်နေသည် မဟုတ်လား။
ထိုအသံထဲရှိ ဒေါသနှင့်အေးစက်မှုတို့က ရှုလီကော၏ စိတ်ဝိညာဉ်ခန္ဓာကိုယ်ကို လွင့်ပျောက်လုနီးနီး ဖြစ်သွားစေသည်။ သူ့စိတ်မှာ တုန်ယင်လျက် မျက်နှာသည် ဖြူရောလာသည်။ သူ့ခန္ဓာကိုယ်တွင်းရှိ ဓားများသည် ပြိုလဲပျက်စီးကုန်၏။ သည်တစ်ကြိမ်၌ သူသည် အမှန်တကယ် ကွယ်ပျောက်ရတော့မည်။ သူက လှည့်ကြည့်လိုက်ရာ ဝမ်လင်း၏အေးစက်စက်အကြည့်ကို မြင်လိုက်ရသည်။
ထိုအကြည့်သည် သူ့ကို သတိမေ့လုနီးပါး ဖြစ်သွားစေ၏။ သူ၏မျက်လုံးထဲတွင်လည်း အလွန်အမင်း ကြောက်လန့်မှုတို့ ပြည့်နှက်လာသည်။
“သ…သခင်…” ရှုလီကောသည် နေရာတွင်ပင် တောင့်တင်းသွားကာ ထိတ်လန့်လွန်းစွာ အော်ဟစ်လိုက်မိ၏။
“သခင်…သနားပါ။ ခွင့်လွှတ်ပေးပါ။ သခင်...ငါ ပြောတာ နားထောင်ပေးပါအုံး။ ဒီကိစ္စက သင် တွေ့မြင်သလို မဟုတ်ပါဘူး။ ဒီကိစ္စက…” တကယ်တော့ ရှုလီကောသည် ဝမ်လင်းနောက်သို့ လိုက်လံခဲ့သည်မှာ ရှည်ကြာလွန်းခဲ့ပြီ ဖြစ်၏။ သူသည် ကြောက်ရွှံ့နေသော်လည်း သူသည် စကားတစ်ခုခု ပြောနိုင်နေသေးသည်။ သူ့အသံက တုန်နေသော်လည်း သူက ဝမ်လင်း၏ခြေထောက်ကို ဖက်ကာ တောင်းပန်ချင်နေသည့်ပုံ ရသည်။
ထိုရုတ်တရက် ပြောင်းလဲမှုက ကျန်သည့်ကျင့်ကြံသူများကို တုန်လှုပ်သွားစေသည်။ ကျင့်ကြံသူဆယ်ယောက်ကျော်သည် လှည့်လာကာ ဝမ်လင်းကို ကြည့်သည်။ သူတို့သည် ဝမ်လင်းကို တွေ့မြင်လိုက်ရသည့်အခါ အေးစက်စက်အကြည့်က သူတို့ကို ထွင်းဖောက်လာသည်ဟု ခံစားလိုက်ရပြီး သူတို့၏စိတ်များ တုန်ယင်ကုန်သည်။ သူတို့အားလုံး သွေးအန်ထုတ်လိုက်ရပြီး သူတို့၏မျက်လုံးထဲတွင် ကြောက်ရွှံ့မှုများ ပြည့်နှက်လာသည်။
ထိုအမျိုးသမီးသည်လည်း ဖြူရောသွားပြီး သွေးအန်လိုက်ရကာ နောက်သို့ ခြေလှမ်းအနည်းငယ် အတင်းဆုတ်လိုက်ရသည်။ သူမ၏မျက်လုံးထဲရှိ ကြောက်ရွှံ့မှုက အကန့်အသတ်ထိ ရောက်လာ၏။ သူမသည် အခုရောက်လာသောသူကို မသိပေ။ သို့သော် ထိုသူထံမှ ထုတ်လွှတ်နေသောဖိအားသည် သူမကို ပျက်စီးသွားစေဖို့ လုံလောက်သည်။ သူမ၏ဆရာဖြစ်သူနှင့် သူမတွေ့ဖူးသော အစွမ်းထက်ကျင့်ကြံသူအားလုံးသည်ပင် ထိုလူ၏ရှေ့တွင် ပုရွတ်ဆိတ်များအလား ဖြစ်ကုန်ပေလိမ့်မည်။
“သင်…သင် ဘယ်သူလဲ…” တုန်ယင်နေရင်း အမျိုးသမီးကျင့်ကြံသူက နောက်ဆုတ်သည်။ သူမ၏စကားလုံးများနှင့် သူမ၏မျက်နှာသည်ပင် ထိုဖိအားအောက်တွင် ကြောက်ရွှံ့ရသဖြင့် ရှုံ့တွကုန်၏။
သူမသာမက လူတိုင်းနီးပါးသည် သူတို့သည် မုန်တိုင်းတစ်ခုရှေ့တွင် ရပ်နေရသည့်အလား ခံစားမိကြ၏။ သူတို့က ထိုမုန်တိုင်းရှေ့တွင် အလွန်သေးငယ်ပြီး ယင်းမုန်တိုင်းနှင့် ထိမိရုံဖြင့် သူတို့သည် သေဆုံးသွားရလိမ့်မည်။
ဝတ်စုံနက်နှင့်လူငယ် ဖန်ဟွာဇီက အကွာအဝေးတစ်ခုတွင် ရပ်နေ၏။ သွေးများ သူ့ပါးစပ်ထောင့်မှ စီးကျနေ၏။ သို့ပေမည့် သူ ဝမ်လင်းကို ကြည့်နေသော အကြည့်ထံ၌ စိတ်လှုပ်ရှားဟန် ပေါ်နေသည်။ သူသည် ဝမ်လင်းကို သိရှိသွားသည်။ သို့သော် သူ မယုံကြည်နိုင် ဖြစ်နေ၏။
အရူးသည် ဖိအားအနည်းဆုံးလူပင်။ သူက ဝမ်လင်းကို တွေ့မြင်သွားသည့်အခိုက်တွင် ချက်ခြင်းပင် မှားယွင်းသွားဟန် အမူအရာ ထုတ်ဖော်၏။ သူ့မျက်လုံးတွင် မျက်ရည်များ ရစ်သီလာကာ သူသည် လူအုပ်ကို တရကြမ်း ဖြတ်လာကာ ဝမ်လင်းထံ ပြေးလာပြီး စငိုတော့သည်။
“သူတို့ ငါ့ကို အနိုင်ကျင့်တယ်။ ငါ ဘာကိုမှ မလုပ်ထားတာ ရှင်းနေတာပဲ။ ငါ ဟိုကောင်မလေးရဲ့ နာမည်ကို မေးရုံလေးပါ။ တကယ် ဘာမှ မလုပ်ပါဘူး။ ရှုလီကောက ငါ ဒါကို လုပ်ရင် အတော်လေး ပျော်မြူးရလိမ့်မယ်လို့ ပြောခဲ့တယ်။ ဒါပေမဲ့ ငါ ဘာမှ မလုပ်နိုင်ခင် သူတို့ ဝင်လာတာပဲ။ ငါ ဘာမှ မလုပ်ထားဘူး…” အရူးသည် သူမှားယွင်းကြောင်း ပိုခံစားမိကာ ပိုငိုလာ၏။
ရှုလီကောသည် အရူး၏စကားကို ကြားလိုက်ရသည့်အခါ သူ့စိတ်နှလုံးမှာ တုန်ယင်သွား၏။ သူသည် ဝမ်လင်း၏ အကြည့်အောက်၌ တစ်လက်မပင် မလှုပ်ဝံ့တော့ပေ။ သူ စကားပြောရန် ဟန်ပြင်လိုက်စဉ် ဝမ်လင်းက သူ့ထံ လက်ညွှန်လိုက်၏။
ထိုလက်ညွှန်ချက်ကြောင့် ရှုလီကောသည် သူ့စိတ်ဝိညာဉ်ခန္ဓာကိုယ်အနှစ်သာရများစွာကို ထွေးထုတ်လိုက်ရပြီး သူ၏ခန္ဓာကိုယ်မှာ ဝေဝါးသွား၏။ ထို့နောက် သူ့ခန္ဓာကိုယ်သည် နောက်သို့ လွင့်ထွက်ကာ နံရံနှင့် ဝင်ဆောင့်၏။ အတားအဆီးအလင်းတစ်ခု လင်းလက်သွားပြီး သူသည် နောက်ထပ် နာကျင်ထိတ်လန့်စွာ အော်ဟစ်လိုက်ရပြီး ပြန်ကန်ထွက်လာသည်။
ထိုလက်ညွှန်ချက်က သူ့ကျင့်ကြံမှု၏သုံးဆယ်ရာခိုင်နှုန်းနီးပါးကို အချည်းနှီး ဖြစ်သွားစေ၏။ ထို့ကြောင့် သူ့စိတ်ဝိညာဉ်ခန္ဓာကိုယ်မှာ ပျက်စီးလုနီးနီး ဖြစ်ရသည်။ ပြင်းထန်စွာ နာကျင်ရသဖြင့် ရှုလီကောသည် ထိတ်လန့်စွာ အော်ဟစ်မိသည်။
သည်တစ်ကြိမ်၌ သူ လုံးဝ ကြောက်နေမိပေပြီ။ သူ ဝမ်လင်းနောက် လိုက်ခဲ့သည်မှာ နှစ်ပေါက်နေခဲ့ပြီ ဖြစ်ရာ ဝမ်လင်း မည်မျှ ရက်စက်သည်ကို သူ သိထား၏။ သူသည် ဝမ်လင်းကို မိစ္ဆာကောင်ဟု စိတ်ထဲကခေါ်ခြင်းသည် အကြောင်းမဲ့သပ်သပ် မဟုတ်ပေ။
“သခင်…သခင်….ငါ သခင့်အတွက် အများကြီး အကျိုးဆောင်ပေးခဲ့ပါတယ်။ သခင်…ဟင်္သာပြဒါးဂြိုဟ်ပေါ်က ဘီလူးနတ်ဆိုးကလန်ဘိုးဘေးကို မှတ်မိပါသေးလား။ သခင် မှတ်မိ…” ရှုလီကောသည် အလန့်တကြား အော်ဟစ်လိုက်၏။ သူက သူ ဝမ်လင်းအတွက် လုပ်ပေးခဲ့သောအရာအားလုံးနီးပါးကို အလျင်စလို ထုတ်ပြောလိုက်သည်။
သူသာ ထုတ်ပြောတာ နောက်ကျသွားပါက သူ့အတွက် ထပ်ပြောရန် အခွင့်အရေးတစ်ခု မရှိတော့မှာကို စိုးရိမ်ကြောက်လန့်နေ၏။
“အဲ့တာတွေကြောင့်သာ မဟုတ်ရင် ငါ့လက်ညွှန်ချက်က မင်းရဲ့ ကျင့်ကြံမှုသုံးဆယ်ရာခိုင်နှုန်းကိုပဲ ဖျက်စီးပစ်မှာ မဟုတ်ဘူး။ မင်းကို သတ်ပစ်ပြီးလောက်ပြီ…” ဝမ်လင်း၏မျက်လုံးသည် အေးစက်နေ၏။ သူသည် ထိုအရူး၏ ကြင်နာမှုအတွက် အလေးထားပေသည်။ သို့တိုင်အောင် ရှုလီကော သူ့အမိန့်ကို ဖိဆန်ဝံ့ခဲ့၏။ သူ ပြောသလိုပင် ရှုလီကောသာ သူ့နောက်သို့ လိုက်ခဲ့တာ နှစ်ပေါင်းများစွာ ရှိခဲ့ပြီ မဟုတ်ပါက ၎င်းကို သတ်ပစ်လိုက်ပြီ ဖြစ်၏။
သူ့အကြည့်က အဆက်မပြတ် ဒူးထောက်နေသော လျှိုကျင်းပြောင်ထံ ကျရောက်သွားပြန်၏။ ဝမ်လင်း၏မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ် ဖြတ်ပြေးသွားသည်။
“ဒီလောကဟာ လွယ်လွယ်ပြောင်းလဲနိုင်တယ်။ ဒါပေမဲ့ လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထားကို ပြောင်းလဲဖို့ကတော့ အတော်ခက်တာပဲ။ လျှိုကျင်းပြောင် မင်း ငါ့ကို စိတ်ပျက်စေခဲ့ပြီ။ မင်းက မီးစာကလေးကလန်မှာ ငါ့အတွက် အများကြီး အကျိုးဆောင်ပေးခဲ့တယ်။ ငါ မင်းကို လွှတ်ပေးမယ်လို့လည်း ကတိပေးခဲ့တယ်။ ငါကက မင်းကို ဂရုတစိုက်နဲ့ ကံကောင်းမှုကြီးတစ်ခု ပေးမလို့ စီစဉ်ထားခဲ့တာ…” ထိုသို့ ပြောနေရင်း ဝမ်လင်း၏အသံက အေးစက်လာ၏။ လျှိုကျင်းပြောင်၏ခန္ဓာကိုယ်သည် တုန်ယင်နေ၏။ သူသည် ပိုမိုမြန်ဆန်စွာ ခေါင်းနှင့်ကြမ်းပြင် အဆက်မပြတ်ထိကာ ဦးညွှတ်လေတော့၏။
လျှိုကျင်းပြောင်ကို ကြည့်ကာ ဝမ်လင်းက ရှေ့သို့ လက်ညွှန်လိုက်သည်။ လေပြင်းတစ်ခု လျှိုကျင်းပြောင်၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။ လျှိုကျင်းပြောင်သည် တုန်ယင်သွားကာ သွေးအန်လိုက်ရလေ၏။
“မင်းက ငါ့အတွက် တော်တော်လေး အကျိုးဆောင်ပေးခဲ့တယ်။ ဒီတော့ ငါ မင်းကို အသက်ရှင်ခွင့် ပေးလိုက်မယ်။ ဒါပေမဲ့ ကံကောင်းမှုကိုတော့ ငါ ပေးမှာ မဟုတ်တော့ဘူး။ မင်း လွတ်လပ်ဖို့အတွက်လည်း မေ့ထားလိုက်တော့။ မင်း ငါ့ကျွန်အဖြစ် နှစ်တစ်ထောင် လုပ်ရမယ်….” သူက ဝမ်လင်း၏စကားများကို ကြားသည့်အခါ ခါးသီးစွာ ပြုံးမိ၏။ သို့သော် သူသည် စိတ်ထဲကနေ စိတ်သက်ရာရကာ သက်ပြင်းရှည်ကြီးချလိုက်မိသည်။ သူသည် ထိုပြစ်ဒဏ်ကို လက်ခံနိုင်ပေသည်။
“ချိပ်ပိတ်နယ်မြေအရှင်…။ သင်က ချိပ်ပိတ်နယ်မြေအရှင်ပဲ…” ဖန်ဟွာဖီက စိတ်လှုပ်တရှား ခေါ်လိုက်မိ၏။ သူသည် အစောတုန်းက မသေချာသေးပေ။ သို့သော် သူသည် ဝမ်လင်းက ဟင်္သာပြဒါးဂြိုဟ်နှင့် မီးစာကလေးကလန်အကြောင်း ပြောသည့်အခါ သူ့အထင် သေချာသွားခဲ့၏။ သူသည် ဝမ်လင်းထံ စိတ်လှုပ်ရှားစွာ လျှောက်လာပြီး ဦးညွှတ်လိုက်၏။
သူ ထိုသို့ ပြောလိုက်သည့်အခါ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများသည် မယုံကြည်နိုင်ဟန်၊ စိတ်လှုပ်ရှားဟန်တို့ဖြင့် ပြည့်နှက်လာသည်။ သူတို့အားလုံးက လက်နှစ်ဖက်ဆုပ်ကာ အရိုအသေပေးလိုက်ကြသည်။
“ချိပ်ပိတ်နယ်မြေအရှင်ကို နှုတ်ဆက်ပါတယ်…”
အမျိုးသမီးကျင့်ကြံသူသည် ခဏတာ မင်သက်သွား၏။ ထို့နောက် သူမကလည်း တခြားသူများလိုပင် လက်နှစ်ဖက်ဆုပ်လိုက်သည်။ သူမသည် ဖန်ဟွာဖီ၏စကားကို ယုံပေ၏။ ချိပ်ပိတ်နယ်မြေအရှင်တစ်ယောက်သည် ထိုမျှကြောက်မက်ဖွယ်ဖိအားကို ပေးစွမ်းနိုင်လိမ့်မည် မဟုတ်လား။
ဝမ်လင်း၏အကြည့်က ဝတ်စုံနက်လူငယ်ထံ ကျရောက်သွားကာ သူက ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“အရင်က မင်း ငါ့ကို မြင်ဖူးခဲ့လား…”
ထိုလူငယ်သည် အလွန်စိတ်လှုပ်ရှားနေသည်။ သူသည် တလေးတစား ပြောလိုက်၏။ “ဂျူနီယာက အလုံးစုံကောင်းကင်မှာ အချိန်ခဏ နေခဲ့ပြီး တိမ်ပင်လယ် ပထမဆုံးစစ်ပွဲမှာ ရှိနေခဲ့ပါတယ်။ အလုံးစုံကောင်းကင်ရဲ့ စစ်တပ်အုပ်ထဲမှာ ဂျူနီယာ ရှိနေခဲ့ပြီး အဝေးကနေ ချိပ်ပိတ်နယ်မြေအရှင်ကို မြင်ခဲ့ဖူးပါတယ်။ ဒါ့အပြင် ဂျူနီယာက တိမ်ပင်လယ်ကနေ ကျောက်စိမ်းပြားတစ်ခုကို လက်ခံရခဲ့တဲ့အတွက်ကြောင့် ချိပ်ပိတ်နယ်မြေအရှင်ရဲ့ အသွင်အပြင်ကို ခပ်ရေးရေး သိမြင်ပါတယ်…”
သူ ထိုသို့ပြောလိုက်သည့်နောက် သူသည် ဝမ်လင်းနောက်မှ အရူးကို ကြည့်သည်။ သူသည် ရှက်သလို ခံစားမိလိုက်၏။ သူက တစ်ခုခုကို ရှင်းပြချင်သည်။ သို့သော် အဆုံးသပ်၌ သူသည် ပြောရခက်နေသည်။
ဝမ်လင်းသည် ငြိမ်သက်စွာ စဉ်းစားနေပြီးနောက် သည်လှိုဏ်ဂူအတွင်းရှိ ကျင့်ကြံသူများကို အေးစက်စက် ကြည့်လိုက်သည်။ သူ့အကြည့်က ထိုကျင့်ကြံသူများအပေါ် အတော်လေး ဖိအားဖြစ်စေသည်။ သူတို့သည် ခေါင်းငုံ့ကာ ရှက်ရွှံ့နေပြီး စကားမပြောဝံ့ ဖြစ်ကုန်သည်။
“ဒီလိုကိစ္စ…ထပ်မလုပ်တော့နဲ့…” ခဏအကြာတွင် ဝမ်လင်းသည် သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်သည်။ သူသည် ရှုလီကော၊လျှိုကျင်းပြောင်နှင့် အရူးတို့ကို ခေါ်ကာ လှိုင်းဂယက်တစ်ခုအဖြစ် ပြောင်း၍ သူတို့အားလုံး ပျောက်ကွယ်သွားတော့သည်။
သူ ထွက်သွားမှသာ ဒီလှိုဏ်ဂူအတွင်းရှိ ကျင့်ကြံသူအားလုံးမှာ ခေါင်းမော့ကြည့်ရဲတော့သည်။ သူတို့၏နောက်ကျော၌ ချွေးများ ရွှဲနစ်နေ၏။ သူတို့သည် တစ်ယောက်နှင့်တစ်ယောက် ကြည့်မိလိုက်သည်။
“စီနီဇီ…ဒါက မင်းလုပ်လို့ပဲ။ မင်းသာ ငါ့ကို အတင်းမပြောခဲ့ရင် ချိပ်ပိတ်နယ်မြေအရှင်က ငါတို့ကို အထင်အမြင်သေးမှာ မဟုတ်ဘူး။ အခုတော့ကွာ…။ ငါလည်း ရှုလီကောရဲ့ စကားတွေကြောင့် လောဘတက်ခဲ့ရတာ။ အရူးတစ်ယောက်ကို လှည့်ဖြားတဲ့အရာမျိုး လုပ်ခဲ့တာ…” ဖန်ဟွာဖီသည် အတာ်လေး ရှက်နေမိ၏။ သူသည် ဝမ်လင်း ပျောက်ကွယ်သွားသော နေရာသို့ ကြည့်လိုက်သည်။
ဝမ်လင်းသည် သူ လေးစားရသောလူ ဖြစ်၏။ သူသည် ချိပ်ပိတ်နယ်မြေအရှင်နှင့် တွေ့ဆုံရရန် အိပ်မက် ရှိခဲ့ဖူးသည်။ သို့ပေမည့် သူသည် အခုလိုအခြေအနေမျိုးဖြင့် တွေ့ဆုံရလိမ့်မည်ဟု လုံးဝ စိတ်ကူးမထားမိခဲ့ပေ။
ထိုအမျိုးသမီးကျင့်ကြံသူလည်း ရှက်ရွှံ့မှုကို ခံစားမိသည်သာ။ သူမက အံကြိတ်၍ ဆို၏။ “ဒါတွေအားလုံးက ရှုလီကော အပြစ်ပဲ။ ဒီလူ…။ ငါ သူ့ကို ထပ်တွေ့ရင် ဒီကိစ္စအတွက် ကောင်းကောင်း ပေးဆပ်ခိုင်းရမယ်…”
ကြယ်များကြားတွင် ဝမ်လင်းသည် ဖြည်းဖြည်းချင်း ရှေ့သို့ သွားနေ၏။ လျှိုကျင်းပြောင်နှင့် ရှုလီကောတို့သည် သူ့သိုလှောင်နေရာလွတ်ထဲတွင် ရှိနေ၏။ သူတို့ အရူးထံက ရခဲ့သော ရွှေရောင်သွေးအများစုကိုလည်း ဝမ်လင်းက ပြန်ယူဆောင်ခဲ့ပြီးပင်။
ထိုအရူးသည် အပြစ်ရှိသလို၊အမှားလုပ်ခဲ့သလို အမူအရာမျိုး ရှိနေဆဲ ဖြစ်ကာ သူသည် ဝမ်လင်းနောက်မှ တရစပ် တတွတ်တွတ် ပြောနေလေ၏။ ထိုကိစ္စသည် အရူးပေါ်၌ အတော်လေး စွဲထင်ကျန်ခဲ့ပေသည်။
“လူသားတွေရဲ့ စိတ်ထားက မကောင်းဘူး။ လူသားတွေရဲ့ စိတ်နှလုံးက အန္တရာယ်ပေးချင်ကြတယ်။ ဒါ့အပြင် စိတ်ဝိညာဉ်ကျောက်တုံး၊ ငွေကြေးတွေက အတော်လေး၊ အတော်လေးကို အရေးကြီးလှတယ်။ အနာဂတ်ကျရင် ငါ ဒီစိတ်ဝိညာဉ်ကျောက်တုံးနဲ့ ငွေကြေးတွေ ရလာခဲ့ရင် သေချာ ဂရုတစိုက် သုံးရမယ်။ အလေအလွင့် ဖြစ်အောင် သုံးပစ်လို့ မဖြစ်ဘူး။ ဂရုမစိုက်ဘဲ သုံးပစ်လို့ မဖြစ်ဘူး…”
ဝမ်လင်းသည် သည်အတွေ့အကြုံက အရူး၏စိတ်ထားကို အနည်းငယ် ပြောင်းလဲသွားစေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိပေ။ ထိုအရူးသာ စိတ်ဝိညာဉ်ကျောက်တုံးနှင့် ငွေကြေးများကို ရခဲ့ပါက သူ၏ကစေးနဲမှုသည် လူတိုင်းကို တုန်လှုပ်သွားနိုင်လောက်၏။
သူ့နောက်မှ တတွတ်တွတ် ပြောနေသော အရူး၏စကားများကို နားထောင်နေရင်း ဝမ်လင်းသည် တဖြည်းဖြည်း တည်ငြိမ်လာ၏။ သူက အရူးထံသို့ ပြန်လှည့်ကြည့်လိုက်သည်။ အထူးသဖြင့် ထိုကဲ့သို့ ရောက်တက်ရာရာ ပြောသည့်အချက်ကြောင့် ထိုအရူးသည် တစ်ယောက်ယောက်နှင့် တူနေသည်ပင်။
ထိုသူမှာ သူ ပြင်ပနယ်မြေ၌ တစ်ကြိမ်သာ တွေ့ခဲ့ဖူးပြီး အရာအားလုံးနီးပါးကို မေ့နေခဲ့၏။
ဝမ်လင်းသည် ခေါင်းယမ်းကာ ပြုံးလိုက်၏။ သူက သူ့အတွေးများ နည်းနည်းအဓိပ္ပာယ်မရှိ ဖြစ်နေသလို ခံစားမိ၏။ သူသည် ထိုအကြောင်းကို ဆက်မတွေးတော့ဘဲ ဟင်္သာပြဒါးဂြိုဟ်ထံသို့သာ ဦးတည်၍ လျှောက်လှမ်းလာသည်။
***