ဟင်္သာပြဒါးဂြိုဟ်
Vol. 118 Ch. 1621
ကြယ်ရောင်စုံကောင်းကင်သည် တည်တည်ငြိမ်ငြိမ်ပင်။ မှိတ်တုတ်မှိတ်တုန် ကြယ်များက မိခင်များ၏ မျက်လုံးအလား လူတစ်ယောက်ကို မွေးရပ်မြေသို့ ပိုလွမ်းဆွတ်မှု ခံစားရအောင် လုပ်နေသည်။
ကျင့်ကြံသူများသည်လည်း လူများသာ ဖြစ်ပေ၏။ သူတို့ထံ၌လည်း စိတ်ခံစားချက်များ ရှိသည်။ သူတို့ လက်မလွှတ်နိုင်သော မှတ်ဉာဏ်များ ရှိပေသည်။
“သူတို့ငါ့ကို အနိုင်ကျင့်တယ်။ သူတို့ကို အပြစ်ပေးတာ ပျော့လွန်းတယ်။ ငါ ရှုလီကောကို ဝက်တစ်ကောင်အဖြစ် ပြောင်းပစ်ချင်တယ်။ မဟုတ်သေးဘူး။ သစ်ရွက်တစ်ရွက် အဖြစ် ပြောင်းပစ်ချင်တာ။ ပြီးရင် သူ့ကိုငါ သေတဲ့အထိ ဆောင့်ဆောင့်နင်းချေပစ်မယ်…”
“လျှိုကျင်းပြောင်လည်း တူတူပဲ။ အဲ့ကောင်က ငါ့ကို လှည့်ဖြားရဲတယ်။ ဟက်…ဒီဘုရင်ကို လှည့်ဖြားရဲတဲ့နှစ်ကောင် အဆုံးသပ် ဆိုးရွားသွားစေရမယ်။ လျှိုကျင်းပြောင်ကို နှစ်တစ်ထောင်ပဲ ကျွန်အဖြစ် အပြစ်ပေးတာဟာ ပျော့လွန်းတယ်။ သူ့ကို ငါ သေတဲ့ထိ နင်းချေပစ်လို့ရအောင် သစ်ရွက်တစ်ရွက်အဖြစ် ပြောင်းလဲပစ်သင့်တာ…”
အရူးသည် ဝမ်လင်းနောက်သို့ လိုက်လာရင်း အဆက်မပြတ် ပေါက်ပေါက်ဖောက်နေတော့၏။
ဝမ်လင်းသည် အကွာအဝေးတစ်ခုထံ ငေးကြည့်နေပြီး သူ့ကို အာရုံမစိုက်သည်ကို တွေ့သည့်အခါ အရူးသည် ဝမ်လင်းကို ပြောနေခြင်းအား လက်လျှော့လိုက်တော့၏။ ထိုအစား သူက ဝမ်လင်းကို လှည့်ပတ်ကာ တစ်ချိန်တည်း အော်ဟစ်နေတော့သည်။
ဝမ်လင်းသည် ရှေ့သို့သာ ငြိမ်သက်စွာ ဆက်သွားနေ၏။ သူသည် ဟင်္သာပြဒါးဂြိုဟ်နှင့် နီးသထက်နီးလာ၏။ မျက်လုံးမှိတ်၍ပင် တောက်ပသောလေဟာနယ်အတွင်းရှိ ဟင်္သာပြဒါးဂြိုဟ်ကို သူ ရှာတွေ့နိုင်နေပြီ ဖြစ်သည်။ ထိုသို့ ရှာနိုင်ခြင်း၏ တချို့တဝက်မှာ သူ့မန္တာန်များကြောင့်ပင်။ သို့သော် ပို၍ အရေးကြီးသည်က သူ့စိတ်ဝိညာဉ်ကို ဝမ်းနည်းစေသော ထိုနေရာရှိ တစ်စုံတစ်ရာကြောင့်သာ။
အရူး၏ တတွတ်တွတ်အော်သံများက ပိုဆိုးလာ၏။ သူက တစ်စက်လေးမှ မရပ်ပေ။ သူသည် ပင်ပန်းသည်ဟုလည်း မခံရစားသည့်အလား ဝမ်လင်းကို လှည့်ပတ်ကာ အော်ပြောနေ၏။
“သူတို့ကို သစ်ရွက်အဖြစ်ပြောင်းပစ်လိုက်။ ငါ ဆောင့်နင်းမယ်။ ဆောင့်နင်းမယ်…”
“တော်လောက်ပြီ…” အရူးသည် သူ့ကို အကြိမ်ထောင်ချီ လှည့်ပတ်ပြီးနောက် ဝမ်လင်း၏အတွေးများကို နှောက်ယှက်လာတော့၏။ ဝမ်လင်းက သူ့ညာလက်ကို မြှောက်ကာ သူ့ရှေ့မှ အရူးကို ရပ်တန့်စေလိုက်သည်။
ဝမ်လင်းသည် အရူးကို ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်၏။ “နည်းနည်းလောက် တိတ်တိတ်နေအုံး…”
အရူးသည် ဝမ်လင်း၏ အဖမ်းခံလိုက်ရသည့်နောက် ဝမ်လင်းကို စိုက်ကြည့်ကာ အော်ဟစ်ပြန်သည်။ “သူတို့ကို သစ်ရွက်အဖြစ် ပြောင်းပစ်လိုက်…”
ဝမ်လင်းသည် မျက်မှောင်ကြုတ်သွားမိ၏။
“ငါ ဂရုမစိုက်ဘူး။ မင်း သူတို့ကို သစ်ရွက်အဖြစ် ပြောင်းရမယ်။ ပြောင်းရမယ်။ ပြောင်းရမယ်…” အရူးသည် ဝမ်လင်းကို ဂရုမစိုက်ဘဲ တဖွဖွ ပြောနေပြန်၏။ သူသည် မိဘများထံမှ အရုပ်တစ်ရုပ် ပူဆာနေသော ကလေးတစ်ယောက်ကဲ့သို့ပင်။
ဝမ်လင်းက တည်ငြိမ်စွာပင် ပြောလိုက်၏။ “မင်း သူတို့ရဲ့ အစီအစဉ်နဲ့ လှည့်ဖြားမှုကို အစောကြီးတည်းက အမှန်တကယ် သိမြင်ခဲ့တယ် မဟုတ်လား…”
“အား…ဒီဘုရင်…ဒီဘုရင် သူတို့ကို ဖြတ်မမြင်နိုင်ခဲ့ပါဘူး…” အရူးသည် ခဏတာ မင်သက်သွားမိ၏။ သူက မျက်လုံးကစားကာ ခေါင်းယမ်းလိုက်သည်။ သူသည် သေမျိုးကလေးငယ်တစ်ယောက်လို ခေါင်းကို သွင်သွင်ခါယမ်းနေတော့၏။
ဝမ်လင်းသည် အရူးကို အဓိပ္ပာယ်ပါသောအကြည့်ဖြင့် ကြည့်ကာ သူ ဖမ်းဆုပ်ထားသည်ကို ဖြေလျှော့ပေးလိုက်ပြီး ရှေ့ဆက်လျှောက်သွားသည်။
“မင်း ရှုလီကောနဲ့ လျှိုကျင်းပြောင်တို့ကို ပေးခဲ့တဲ့သွေးက ဘာမှ အသုံးမဝင်ဘူး…။ အဲ့သွေးအားလုံးကို သန့်စင်ပစ်ပြီးရင်တောင် မင်းရဲ့ အစစ်အမှန်သွေးစက်တစ်ဝက်ကိုတောင် ယှဉ်နိုင်လိမ့်မှာ မဟုတ်ဘူး…”
“သူတို့က မင်းကို လှည့်စားခဲ့ကြသလို၊ မင်းကလည်း သူတို့ကို လှည့်စားခဲ့တာပါ။ မင်းက ငါ့ရှေ့မှာ ဒီလိုလှည့်ကွက်လေးတွေနဲ့ စကားချင်တာလား။ ငါ ဝမ်လင်းဟာ တရားမျှတအောင် လုပ်ပေးခဲ့ပြီးပြီး။ သူတို့ အပြစ်ပေးတာ လုံလောက်သွားပြီ။ ဒီကိစ္စကို ထပ် မပြောနဲ့တော့…” ဝမ်လင်းသည် အရူးထံမှ တဖက်သို့ လှည့်လိုက်၏။ သူ့စကားလုံးများသည် တဖြည်းဖြည်းချင်း ပဲ့တင်ထပ်လာသည်။
အရူးသည် ပေကလပ်ပေကလပ် လုပ်လိုက်၏။ ထို့နောက် သူ့မျက်နှာသည် နီမြန်းလာပြီးသူက တခစ်ခစ် ရယ်တော့သည်။ ခဏအကြာတွင် သူက ပြောလာသည်။ “ဒီဉာဏ်ပညာကြီးမားတဲ့ ဘုရင်က သူတို့နှစ်ယောက် လှည့်ဖြားတာကို ဘယ်လိုလုပ် ခံရမှာလဲ။ ဒါပေမဲ့ အဲ့ရှုလီကောနဲ့ လျှိုကျင်းပြောင်တို့က ဒီဘုရင်ကို လှည့်ဖြားနိုင်တဲ့ စွမ်းရည် တကယ်ပဲ ရှိကြတယ်။ ဟက်။ သူတို့က လူဆိုးတွေပဲ။ ကောင်းတာတစ်ခုကတော့ ဒီဘုရင်ရဲ့ သွေးက ဘယ်လောက်အဖိုးတန်လဲဆိုတာ ဒီဘုရင် သိတယ်။ အတိတ်တုန်းက…ဘယ်သူလဲ…ဘယ်သူ…ဘယ်သူလဲ…”
အရူးသည် တဖွဖွ ခပ်တိုးတိုး ဆက်ပြောနေ၏။ ထို့နောက် သူက ဝမ်လင်း လျှောက်သွားသည်ကို မြင်သည့်အခါ နောက်မှ အမြန်လိုက်လာသည်။ သူ့အသံသည် ဖြည်းဖြည်းချင်း အားပျော့သွား၏။ ဝမ်လင်းနောက်သို့ အနည်းငယ် လိုက်လာပြီးနောက် သူသည် ဝမ်လင်းကို ပဟေဠိဖြစ်ဟန်ဖြင့် ကြည့်သည်။ သူသည် ဝမ်လင်းထံမှ သူတို့ မြေနိမ့်သားရဲထံမှ ပထမဆုံးထွက်လာချိန်ကလို ခံစားမှုမျိုး ထွက်ပေါ်နေသည်ဟု ခံစားလိုက်ရသည်။
ဝမ်လင်းသည် တစ်လမ်းလုံး တိတ်ဆိတ်နေကာ စကားတစ်ခွန်းမှ မပြောတော့ပေ။ သိပ်မကြာခင်တွင် စိတ်ဝိညာဉ်စွမ်းအင်ပေါကြွယ်သော ဂြိုဟ်တစ်ခုသည် သူ့ရှေ့တွင် ပေါ်လာသည်။
ထိုဂြိုဟ်သည် မကြီးမားပေ။ သေးငယ်သည်ဟုပင် ယူဆနိုင်သည်။ သို့ပေမည့် ဝမ်လင်းက ထိုဂြိုဟ်ကို တွေ့မြင်သည့်အခါ သူ့ခန္ဓာကိုယ်မှာ တုန်ယင်သွားပြီး သူ ရပ်တန့်လိုက်သည်။
သူသည် ဂြိုဟ်ကို ငြိမ်သက်စွာ ကြည့်နေ၏။ သူ့စိတ်ထဲတွင် ရေးထွင်းနေသော သူ့မွေးရပ်ဌာနေကို ကြည့်နေမိသည်။ မကြာခင်တွင် သူ့မျက်လုံးရှေ့တွင် မျက်နှာများစွာ ပေါ်လာ၏။ ထိုမျက်နှာများမှာ ဟင်္သာပြဒါးဂြိုဟ်ပေါ်တွင် သူနှင့် ရင်းနှီးခဲ့၊သိခဲ့သော သူများ၏ မျက်နှာများပင်။ ဝမ်လင်းမျက်နှာပေါ်ရှိ အတိတ်ကို အောက်မေ့မှုက ပိုအားကောင်းလာသည်။
အရာဝတ္ထုများသည် တူညီစွာ ကျန်နေသေး၏။ သို့သော် လူများသည် အချိန်ကာလအောက်တွင် ပြောင်းလဲကုန်လေပြီ။
သူသည် ဟင်္သာပြဒါးဂြိုဟ်ကို စိုက်ကြည့်နေ၏။ ဂြိုဟ်ပတ်လည်တွင် အစွမ်းထက်အစီအရင်တစ်ခု ရှိကာ အသက်ဝင်နေသည်။ ၎င်းအစီအရင်က လှိုင်းဂယက်တစ်ခုကို ဖြစ်စေကာ ကြယ်အဖွဲ့အစည်းအနှံ့သို့ ပျံ့လွင့်လေ၏။
ဝမ်လင်းသည် သူ ထွက်သွားခဲ့တုန်းက ထိုအစီအရင် မတည်ရှိသည်ကို မှတ်မိ၏။
သူ့အမြင်၌ ထိုအစီအရင်သည် ခုမှ ချခင်းထားတာ ဖြစ်မည်။ ဆယ်စုနှစ်များလောက်သာ ရှိလေဦးမည်။ အချိန်အတန်ကြာပြီးနောက် ဝမ်လင်းသည် သက်ပြင်းချကာ ရှေ့သို့ ဖြည်းဖြည်းချင်း လျှောက်လာ၏။ အရူးက ဝမ်လင်းနောက်မှ လိုက်လာသည်။ သူက ဟင်္သာပြဒါးဂြိုဟ်ကို စပ်စုလိုစိတ်ဖြင့် ကြည့်နေ၏။
သူတို့နှစ်ယောက် ရှေ့ဆက်လျှောက်လာရင်း အလင်းတန်းများသည် ဟင်္သာပြဒါးဂြိုဟ်ထံသို့ ဦးတည် ပျံသန်းလာကြ၏။ သူတို့သည် ကျင့်ကြံသူလေးယောက်ပင်။ တစ်ယောက်မှာ အမျိုးသမီးဖြစ်ပြီး ကျန်သုံးယောက်မှာ အမျိုးသားများ ဖြစ်သည်။ သူတို့၏မျက်နှာများထက်၌ လေးစားသမှုနှင့် ပြည့်နေ၏။ သူတို့သည် သည်နေရာသို့ ဂါဝရပြုရန် ရောက်လာကြသည့်အလား။ သူတို့သည် ဝမ်လင်းနှင့်အရူးတို့ကို ကျော်၍ ဟင်္သာပြဒါးဂြိုဟ် ပတ်လည်ရှိ အစီအရင်ထံ ပျံသန်းလာကြသည်။
အလင်းတန်းလေးခု အစီအရင်နား ရောက်လာသည့်အခါ ထိုလေးယောက်ထဲမှ အဘိုးအိုဖြစ်သူက ခန့်ညားသောလေသံဖြင့် ပြောလာ၏။ “ဒါက ဟင်္သာပြဒါးဂြိုဟ်၊ ချိပ်ပိတ်နယ်မြေအရှင်ရဲ့ မွေးရပ်မြေပဲ…”
“ဒီဂြိုဟ်ထဲ ဝင်ရောက်တာနဲ့ မင်းတို့ ဘာပြဿနာမှ မဖြစ်စေဖို့ မမေ့နဲ့။ ဒါက တောက်ပသောလေဟာနယ်ရဲ့ တော်ဝင်ကုန်းမြေပဲ။ ဒါမှမဟုတ် အတွင်းနယ်မြေတစ်ခုလုံးရဲ့ မြင့်မြတ်တဲ့ကုန်းမြေတောင် ဖြစ်နိုင်သေးတယ်။ ချိပ်ပိတ်နယ်မြေအရှင်ရဲ့ ဂြိုဟ်ကို ကာကွယ်ဖို့ မွန်းစတားအိုတွေ အများကြီး ဒီမှာ နေနေကြတယ်…” အဘိုးအိုသည် သူ့နောက်မှ လူငယ်ကျင့်ကြံသူသုံးယောက်ကို ကြည့်ကာ ပြောလိုက်၏။ သူတို့က ခပ်သွက်သွက် ခေါင်းညိတ်ပြသည်။ ဟင်္သာပြဒါးဂြိုဟ်ကို ကြည့်နေရင်း သူတို့မျက်နှာပေါ်ရှိ လေးစားမှုသည် ပိုအားကောင်းလာသည်။
ဝမ်လင်းသည် အစီအရင်အပြင်ဘက်သို့ ဖြည်းဖြည်းချင်း ရောက်လာ၏။ သူက ထိုကျင့်ကြံသူလေးယောက်နှင့် ပေထောင်ချီလောက်အကွာတွင် ရှိနေသည်။ သူသည် ဟင်္သာပြဒါးဂြိုဟ်ကို ကြည့်နေရင်း ပို၍ စိတ်ခံစားချက်များ ပိုလာသည်။
အရူးသည် တစ်လမ်းလုံး အထီးကျန်စွာ လိုက်လာရ၏။ သူသည် ရှုလီကောနှင့်လျှိုကျင်းပြောင်တို့ကို သတိမရမိဘဲ မနေနိုင် ဖြစ်ရ၏။ သူက စိတ်ထဲကနေ ကြိတ်၍ ပြောနေ၏။
“တကယ်တော့ အဲ့နှစ်ကောင်က ဒီဘုရင်အပေါ် မဆိုးလှဘူး…” သူ ထိုသို့ ပြောနေရင်း သူ့အကြည့်က ပေထောင်ချီအကွာရှိ ကျင့်ကြံသူလေးယောက်ထံ ရောက်သွားကာ သူ့မျက်လုံးသည် တလက်လက် ဖြစ်လာ၏။
“ဟားဟား…ကောင်မလေးသုံးယောက်။ ပြောစမ်း…နင်တို့ နာမည်ကို ဒီဘုရင်ကို ပြော။ ဒီဘုရင် နင်တို့ကို ဆုချီးမြှင့်မယ်…” အရူး၏မျက်လုံးသည် တလက်လက် ဖြစ်နေ၏။ သူက လက်ဝေ့ယမ်းလိုက်ပြီး ထိုကျင့်ကြံသူလေးယောက်ကို လှမ်းခေါ်တော့၏။
သူ့စကားများ ဗြုန်းစားကြီး ထွက်ပေါ်လာသည့်အခါ ထိုကျင့်ကြံသူလေးယောက်သည် ခဏတာ မင်သက်သွား၏။ အမျိုးသမီးကျင့်ကြံသူက နောက်သို့ လှည့်ကြည့်လိုက်သည်။
အရူးက စိတ်လှုပ်တရှား အော်ပြောလိုက်၏။ “နင်က ဘာကို ကြည့်နေတာလဲ။ ဒီဘုရင်က နင့်အကြောင်း ပြောနေတာ မဟုတ်ဘူး။ ငါက နင့်နောက်က ကောင်မလေးသုံးယောက်အကြောင်း မေးနေတာ။ ကောင်မလေးတွေ…နင်တို့ရဲ့ နာမည်က ဘာလဲ…”
ထိုသို့ ပြောလိုက်သည့်နောက် အဘိုးအိုမှ လွဲ၍ ကျန်သည့်လူငယ်နှစ်ယောက်၏အမူအရာသည် ပြောင်းလဲသွားသည်။ သူတို့သည် အရူးကို အေးတိအေးစက် စိုက်ကြည့်ကာ ပြန်ပြောရန် ဟန်ပြင်လိုက်သည်။ အဘိုးအိုက မျက်မှောင်ကြုတ်ကာ သူ့တပည့်များကို ဟန့်တားလိုက်၏။ သူက အရူးကို မကြည့်၊ ဟင်္သာပြဒါးဂြိုဟ်ကို အောက်မေ့ဟန် စိုက်ကြည့်နေသော ဝမ်လင်းထံသာ ကြည့်လိုက်၏။
“ရောင်းရင်းကျင့်ကြံသူ..သင်တို့လည်း ချိပ်ပိတ်နယ်မြေအရှင်ရဲ့ မွေးရပ်မြေကို ဂါဝရပြုဖို့ ရောက်လာတာလို့ ငါ ထင်တယ်။ ချိပ်ပိတ်နယ်မြေအရှင်ရဲ့ မွေးရပ်မြေဟာ မြင့်မြတ်တဲ့နေရာပဲ။ သင် သင့်အဖော်ကို ထိန်းဖို့ ငါ မျှော်လင့်မိပါတယ်…။ ဒါမှ ဘာပြဿနာမှ မတက်မှာ…” အဘိုးအိုက ထိုသို့ ပြောလိုက်ပြီးနောက် သူသည် ဝမ်လင်းထံ ဆက်မကြည့်တော့ပေ။ သူက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်ပြီး သူ့တပည့်သုံးယောက်နှင့်အတူ အစီအရင်အတွင်းသို့ ခြေချလိုက်သည်။
ထိုတပည့်သုံးယောက်က အရူးထံသို့ ကြမ်းကြုတ်ရန်လိုစွာ စိုက်ကြည့်နေ၏။ အထူးသဖြင့် လူငယ်နှစ်ယောက်သည် အတော်လေး ဒေါသထွက်နေ၏။
အရူးသည် နှုတ်ခမ်းသပ်ကာ စိတ်မကောင်းဟန်ဖြင့် ပြောလိုက်၏။ “နင်တို့က နာမည်မပြောချင်လည်း မပြောရုံပေါ။ ဒီဘုရင်ကို ဒီလိုမျိုး ဘာကြောင့် စိုက်ကြည့်ရတာလဲ။ ဒီဘုရင်က နင်တို့ နာမည်ကို မေးရုံလေးပဲ…”
ဝမ်လင်း၏အမူအရာသည် ပုံမှန်အတိုင်းပင်။ သူသည် အရူး၏ပုခုံးကို ပုတ်လိုက်၏။ သူသည် ဟင်္သာပြဒါးဂြိုဟ်သို့ တိုက်ရိုက်မဝင်ပေ။သို့သော် အစီအရင်ကို ဖြတ်၍ ဝင်မည် ဖြစ်၏။
သူက သူ့မွေးရပ်မြေသို့ ပြန်လာသည့်အခါ ရှေ့တည့်တည့်ကနေ ဝင်ရမည် မဟုတ်လား။
အဘိုးအိုက သူ့တပည့်သုံးယောက်ကို ဦးဆောင်ကာ အစီအရင်အတွင်းသို ဝင်လိုက်၏။ ထိုအခိုက်တွင် လူနှစ်ယောက် ပေါ်လာသည်။ သူတို့နှစ်ယောက်မှာ အဘိုးအိုနှစ်ယောက်ပင်။ သို့သော် သူတို့သည် အရိပ်များအသွင် ဖြစ်ကြ၏။ သူတို့၏မျက်လုံးများသည် လျှပ်စီးအလား တောက်ပကာ အစီအရင်အတွင်းသို့ ဝင်လာသော လူတိုင်းကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
“ဒီအဘိုးအိုက ဆင့်ခေါ်ခြင်းမြစ်၊ မိုင်မိန်ဂြိုဟ်က အရှင်သုစရိုက်ပါ။ ငါက တပည့်သုံးယောက်ကို ခေါ်ပြီး ဒီကို ဂါဝရပြုဖို့ လာခဲ့တာပါ။ တော်ဝင်အစောင့်အရှောက်တွေက ငါတို့ကို ဝင်ခွင့်ပြုဖို့ မျှော်လင့်ပါတယ်…” ထိုအဘိုးအို၏အမူအရာသည် အလေးအနက် ဖြစ်လာကာ သူက ထိုအရိပ်နှစ်ခုထံ လက်နှစ်ဖက်ဆုပ်လိုက်သည်။
အရိပ်ပုံရိပ်နှစ်ခုထဲမှ တစ်ခုက ပြောလိုက်၏။ “ဟင်္သာပြဒါးဂြိုဟ်ကို အတွင်းနယ်မြေရဲ့ ကျင့်ကြံသူတိုင်းအတွက် ဖွင့်လှစ်ထားတယ်။ စည်းကမ်းတွေကိုတော့ သင် သိတယ်မလား…”
“ငါတို့ သိပါတယ်။ ငါတို့ ဟင်္သာပြဒါးဂြိဟ်က ဘာမှမယူသွားရဘူး။ ဂြိုဟ်ပေါ်မှာ ဘာကိုမှ မဖျက်စီးရဘူး။ ငါတို့ ဂြိုဟ်ပေါ်မှာ သုံးရက်ပဲ နေရမယ်…” ထိုအဘိုးအိုက ခေါင်းညိတ်လိုက်၏။
ထိုစကားကို ကြားသည့်နောက် အရိပ်ပုံရိပ်နှစ်ယောက်သည် ချိပ်ဟန်များဖြစ်စေကာ သူတို့လက်များကို ဝေ့ယမ်းလိုက်သည်။ အစီအရင်အလင်း ပျံ့နှံ့သွားကာ သူတို့ရှေ့တွင် တိမ်များကြား သွယ်တန်းထားသော လျှောက်လမ်းတစ်ခု ပေါ်လာသည်။ ထိုလှေကားအသွင်လမ်းက ဟင်္သာပြဒါးဂြိုဟ်နှင့် ချိတ်ဆက်ထားသည်။
အဘိုးအိုသည် သူ့လက်နှစ်ဖက်ဆုပ် နှုတ်ဆက်လိုက်ပြီး တပည့်သုံးယောက်ကို ထိုလမ်းပေါ်သို့ ခေါ်သွား၏။ သူတို့သည် လှေကားများအတိုင်း ဖြည်းဖြည်းချင်း ဆင်းလျှောက်သွားတော့၏။
ဝမ်လင်းသည် အရူးကို ခေါ်ကာ ကြယ်များကြားသို့ ခြေလှမ်းလိုက်၏။ သူတို့သည်လည်း ဟင်္သာပြဒါးဂြိုဟ်ထံ ဦးတည်၍ လျှောက်လာသည်။
အရိပ်နှစ်ရိပ်က သူတို့ကို မတားပေ။ သို့သော် ဝမ်လင်းနှင့်အရူးတို့ကို အေးစက်စက် ကြည့်လိုက်၏။ သူတို့ ပျောက်ကွယ်သွားပြီးနောက် အရိပ်ပုံရိပ်နှစ်ခုထဲမှ တစ်ယောက်က မျက်မှောင်ကြုတ်သွားသည်။
“ဒီလူ့ကို ငါ သိသလိုလို ခံစားမိတယ်။ သူ့ကို တစ်နေရာရာမှာ မြင်ဖူးသလိုပဲ…”
“အယ်…မင်းလည်း ငါ့လိုမျိုး စကားမိနေတာပဲ။ ဒါပေမဲ့ ငါ ဒီအဖြူရောင်ဝတ်စုံနဲ့ ကျင့်ကြံသူကို ဘယ်နေရာမှာ မြင်ခဲ့ဖူးလဲ မမှတ်မိနိုင် ဖြစ်နေတယ်…”
သူတို့နှစ်ယောက်သည် အနည်းငယ် စဉ်းစားပြီးနောက် ခေါင်းယမ်းကာ ပျောက်ကွယ်သွားတော့သည်။ ဟင်္သာပြဒါးဂြိုဟ် ပတ်လည်ရှိ အစီအရင်သည် တဖြည်းဖြည်း ပြန်တည်ငြိမ်လာပြီးနောက် အစီအရင်အလင်းလည်း ပျောက်ကွယ်သွားတော့သည်။
ဝမ်လင်းသည် လှေကားလမ်းအတိုင်း ဆင်းလာရင်း သူ့ရှေ့တွင် ဟင်္သာပြဒါးဂြိုဟ်ပေါ်လာ၏။ ထိုလမ်း၏အဆုံးသပ်သည် ဟင်္သာပြဒါးဂြိုဟ်၏ အမြင့်ဆုံးတောင်နှင့် ချိတ်ဆက်ထားသည်။ ယင်းလမ်းက ကောင်းကင်ဘုံသို့ သွယ်တန်းထားသောလမ်းတစ်ခုအလား။
***