အပိုင်း(၁၆၂၂)
Vol. 118 Ch. 1622
ထိုလှေကားများပေါ်တွင် ရပ်နေရင်း ဝမ်လင်းသည် သူ့အောက်ရှိ ဟင်္သာပြဒါးဂြိုဟ်ကို ငုံ့ကြည့်လိုက်သည်။ ထိုဂြိုဟ်သည် သူနှင့် စိမ်းလာခဲ့လေပြီ။ တောင်တန်းနှင့်မြစ်များသည် ပြောင်းလဲသွားခဲ့ကာ အတိတ်တုန်းကနှင့် မတူတော့ပေ။
မြေပြင်သည် မြက်များ ဖုံးနေ၏။ လေပြင်းများ တိုက်ခတ်နေရင်း ရနံ့တစ်ခု လေထဲတွင် ပြည့်နှက်သည်။
“စိတ်ဝင်စားစရာပဲ။ ဒီနေရာက တော်တော်လေး ပျော်ဖို့ကောင်းပုံ ရတယ်။ ဟိုမှာလည်း တောင်တွေ။ ဟားဟား။ သိပ်မဆိုးလှဘူး…ဟားဟား…” အရူးသည် လက်ခုပ်လက်ဝါးတီးကာ ရယ်မောနေ၏။
ဝမ်လင်းတို့ အရင် ဝင်ရောက်လာခဲ့သော ကျင့်ကြံသူလေးယောက်က သူတို့ရှေ့ရှိ ကျောက်ရုပ်တုတစ်ခုကို အလေးအနက် ဂါဝရပြုနေကြ၏။ အရူး၏စကားများကို ကြားလိုက်သည့်အခါ တပည့်သုံးယောက်က ကြမ်းကြုတ်ရန်လိုဟန်၊ အထင်သေးဟန်ဖြင့် နောက်လှည့်ကြည့်လာ၏။
ထိုတောင်သည် လှေကားလမ်းကောင်းနှင့် ဆက်ထားခြင်း ဖြစ်၏။ ထိုတောင်မှာ ဟင်္သာပြဒါးဂြိုဟ်ပေါ်တွင် အမြင့်ဆုံးတောင်လည်း ဟုတ်သည်။ အစွမ်းထက်မန္တာန်တစ်ခု အသုံးပြုကာ ၎င်းကို ကြီးမားသည့်ရုပ်တုတစ်ခုအဖြစ် ပုံဖော်ထားခြင်းပင်။ ၎င်းရုပ်တုမှာ ကျင့်ကြံသူတစ်ယောက်က ဘယ်လက်ဖြင့် ချိပ်ဟန်အသွင် ပြုလုပ်၊ ညာလက်ဖြင့် ပုဆိန်ကိုင်ဆွဲထားသည့်ဟန် ပုံဖော်ထားခြင်းပင်။
လှေကားထစ်များက ထိုရုပ်တု၏ အောက်ခြေနှင့် ချိတ်ဆက်နေ၏။ ထို့အတွက်ကြောင့် ဟင်္သာပြဒါးဂြိုဟ်သို့ လာရောက်သော ကျင့်ကြံသူအားလုံးသည် ထိုရုပ်တုကို ချက်ခြင်း တွေ့မြင်ရလိမ့်မည်။ သူတို့ ဆင်းသက်လာရင်း အမြင့်ကွာဟချက်ကြောင့် ရုပ်တုထံမှ ဖိအားသည် ပိုအားကောင်းလာမည်ပင်။ သူတို့က ဂြိုဟ်ထံ ဆင်းသက်လာနေရင်း သည်ရုပ်တုကို ပူဇော်သမှု ပြုရသလိုမျိုး ပုံစံ ဖြစ်နေမည်ပင်။
ယင်းရုပ်တုမှာ ဝမ်လင်း၏ရုပ်တုပင်။
တိမ်ပင်လယ်ပထမဆုံးတိုက်ပွဲအတွင်း ဝမ်လင်း၏ဟန်ပန်အသွင် ရုပ်တု ဖြစ်လေ၏။
သို့ပေမည့် ထိုရုပ်တု၏ မျက်နှာကမူ ဝေဝေဝါးဝါးဖြစ်နေ၍ တခြားသူများ သေချာ တွေ့မြင်ရဖို့ မဖြစ်နိုင်ပေ။
“ဒါက တိမ်ပင်လယ်ရဲ့ ပထမဆုံးတိုက်ပွဲအတွင်းက ချိပ်ပိတ်နယ်မြေအရှင်ရဲ့ အသွင်ဟန်ပန် ရုပ်တုပဲ။ သူဟာ အဲ့တိုက်ပွဲမှာ ဒီဟန်ပန်နဲ့ မီးစာကလေးကလန်ဘိုးဘေးနဲ့ မြင့်မြတ်တဲ့နန်ကျောက်တို့ကို ချက်ခြင်း သတ်ပစ်ခဲ့တာ။ သူဟာ ပြင်ပနယ်မြေကျင့်ကြံသူ ထောင်သောင်းချီရှေ့မှာ မားမားရပ်နေခဲ့ပြီး ဘယ်သူမှ ခြေလှမ်းတစ်ဝက်တောင် ရှေ့မတိုးဝံ့ကြတော့ဘူး…” အဘိုးအို၏စကားလုံးများသည် ပဲ့တင်ထပ်လာရာ သူ့တပည့်သုံးယောက်ကို တဖက်သို့ ပြန်လှည့်လာစေပြီး သူတို့က လေးစားသမှု ပေးကြလေ၏။
“ပထမတိုက်ပွဲပြီးတဲ့နောက် ချိပ်ပိတ်နယ်မြေအရှင်ရဲ့ နာမည်ဟာ အတွင်းနယ်မြေမှာ ကျော်ကြားလာခဲ့တယ်။ လူတွေကလည်း သူဟာ ဟင်္သာပြဒါးဂြိုဟ်ကနေ လာခဲ့တယ်ဆိုတာကို သိလာခဲ့တယ်။ အတွင်းနယ်မြေက ကျင့်ကြံသူတွေ စုစည်းပြီး အစွမ်းထက်စီနီယာတွေရဲ့ ဦးဆောင်မှု၊ ဟင်္သာပြဒါးဂြိုဟ်ရဲ့ အရှင်ကျိုးဝူထိုင်တို့က အမြင့်ဆုံးတောင်ကို ချိပ်ပိတ်နယ်မြေအရှင်ရဲ့ ရုပ်တုအဖြစ် ဖော်ဆောင်ခဲ့ကြတာပဲ…”
ထိုအဘိုးအို၏အသံသည် ပဲ့တင်ထပ်နေသည်။
ဝမ်လင်းက ရုပ်တုကို ငြိမ်သက်စွာ ကြည့်နေရင်း ညင်သာစွာ ခေါင်းယမ်းကာ သက်ပြင်းချလိုက်၏။ သူသည် ထိုတောင်မှာ ဟင်္သာပြဒါးနိုင်ငံ ပိုင်ဆိုင်သောတောင် ဖြစ်သည်ကို အမှန်ရလိုက်၏။ သို့ပေမည့် အခုတော့ ၎င်းမှာ ပြောင်းလဲသွားခဲ့လေပြီ။
ဝမ်လင်း မြင်လိုသည်မှာ ထိုသို့ ပြောင်းလဲမှု မဟုတ်ပေ။ သူက ရှေ့သို့ လှမ်းကာ အရူးကို ခေါ်လာ၏။
“အရှက်မရှိတဲ့သူတွေ ချိပ်ပိတ်နယ်မြေအရှင်ရဲ့ မွေးရပ်မြေကို မလာသင့်ဘူး…”
သူ့ဘေးရှိ ကျန်တပည့်နှစ်ယောက်ကလည်း ခေါင်းညိတ်ကာ ဝမ်လင်းနှင် အရူးတို့ ထွက်သွားသော နေရာသို့ ကြည့်လိုက်သည်။
“သူတို့နှစ်ယောက်က တော်တော်ရိုင်းတာပဲ။ ကျိန်းသေပေါက် အပြစ်ပေးခံရလိမ့်မယ်။ သူတို့ ဒီဂြိုဟ်ကနေ ဘယ်လိုဘယ်ပုံ ကန်ထုတ်ခံရမလဲဆိုတာကို မြင်ရဖို့ ငါ မစောင့်နိုင်တော့ဘူး…”
ဝမ်လင်းသည် ကောင်းကင်ထက်သို့ ဖြည်းဖြည်းချင်း လျှောက်သွားရင်း သူ့အောက်မှ မြေပြင်ကို ကြည့်သည်။ သူသည် ထိုမြေပြင်ထုသည် ပို၍ စိမ်းသလို ခံစားလာရသည်။ ထိုအဖြစ်က သူ့ကို ပိုမို အထီးကျန်မိစေသည်။ သူ့စိတ်နှလုံးတွင်းရှိ အရာအားလုံးမှာ ပြောင်းလဲခဲ့ကြပေပြီ။ သို့ပေမည့် ထိုပြောင်းလဲမှုလေးက သူ့ကို ပို၍ အထီးကျန်ဆန်စေတော့သည်။ “အများကြီး ပြောင်းလဲသွားပြီ။ အိမ်ဆိုတဲ့ ခံစားချက် မရတော့ဘူး…” ဝမ်လင်းသည် ငြိမ်သက်စွာ စဉ်းစားနေ၏။ သူသည် ရင်းနှီးမှုအငွေ့အသက်ကို ရှာနေရင်း အတော်လေး ပင်ပန်းနေလေပြီ။ သို့ပေမည့် သူသည် မြေပြင်ထက်ကို ကြည့်နေဆဲ ဖြစ်သော်လည်း ထိုအငွေ့အသက်ကို မတွေ့ရသေးပေ။
ဟင်္သာပြဒါးဂြိုဟ်ပေါ်ရှိ ကျင့်ကြံခြင်းနိုင်ငံများစွာမှာလည်း ပြောင်းလဲသွားပြီ ဖြစ်၏။ ခုချိန်၌ ဟင်္သာပြဒါးဂြိုဟ်ပေါ်တွင် နိုင်ငံတစ်ခုသာ ရှိတော့သည်။ ကလန်များစွာလည်း ပျောက်ကွယ်သွားခဲ့ပြီး ဖြစ်ကာ ဟင်္သာပြဒါးဂြိုဟ်၏ မဟာကလန်ကိုးခု ဖြစ်လာကြသည်။
ထိုကလန်ကြီးကိုးခုကသာ ဒီဂြိုဟ်တစ်ခုလုံးနီးပါးကို စိုးမိုးထားပေသည်။
ဝမ်လင်းသည် ရှေ့ဆက်လျှောက်လာရင်း သူက စိတ်ဝိညာဉ်သန့်စင်ခြင်းကလန်ကို မြင်၏။ ထိုကလန်နေရာ၌ သွန်းထျန်နှင့် မှတ်ဉာဏ်က ရှိနေဆဲပင်။ သို့သော် စိတ်ဝိညာဉ်သန့်စင်ခြင်းကလန်သည် မတူတော့ပေ။ အတိတ်ကလို မဟုတ်တော့ပါ။
တောင်သည် ပျောက်ကွယ်ကာ ရေကန်တစ်ခု ဖြစ်လာခဲ့ပြီ။ ကန်ပတ်လည်ရှိ အဆောက်အအုံများစွာက စိတ်ဝိညာဉ်စွမ်းအင်လှိုင်းများကို ပေးစွမ်းနေ၏။ သို့သော် ၎င်းမှာ တခြားကလန်တစ်ခု ဖြစ်နေသည်။
စစ်ထူနန်က ထိုနေရာတွင် နိုးထလာခဲ့၏။ စစ်ထူ၏ လွှမ်းမိုးနိုင်သော စကားများက ဝမ်လင်းနားထဲတွင် ပြန်ပဲ့တင်ထပ်နေဆဲသာ။ သို့သော် သူသည် ရင်းနှီးကျွမ်းဝင်သော မည်သည့်အော်ရာကိုမျှ မရှာတွေ့နိုင်ပေ။
အတိတ်တုန်းက ဘီလူးနတ်ဆိုးကလန်သည်လည်း ဝမ်လင်း၏မျက်လုံးထဲတွင် မြင်ယောင်လာ၏။ ၎င်းမှာလည်း ပြောင်းလဲသွားခဲ့ပြီ။ ဘီလူးနတ်ဆိုးကလန်ရှိခဲ့သော နေရာသည် အခု မြက်ခင်းတစ်ခု ဖြစ်လာခဲ့သည်။
“ဒီနေရာလည်း ပြောင်းလဲသွားခဲ့ပြီပဲ…” ဝမ်လင်းသည် အတိတ်ကို အောက်မေ့မိ၏။ သူသည် ဖြည်းဖြည်းချင်း ရှေ့ဆက်လာသည်။ အရူးက ဝမ်လင်းနောက်ကနေ ငြိမ်သက်စွာ လိုက်လာ၏။ သူသည် ဝမ်လင်းထံမှ အထီးကျန်မှုကို ခံစားမိသည်။ သူလည်း သူ့မွေးရပ်မြေကို ပြန်အောက်မေ့သလို ခံစားမိနေ၏။
အချိန်အတန်ကြာပြီးနောက် ရွှယ်ယွဲ့နိုင်ငံသည် ဝမ်လင်းရှေ့တွင် ပေါ်လာ၏။ ထိုနေရာတွင် နှင်းများ ဖုံးလွှမ်းနေသော ကုန်းမြေတစ်ခု မရှိတော့ပေ။
ထိုနှင်းများ အရည်ပျော်သွားခဲ့သည်မှာ ကြာလှနေခဲ့ပြီ။ ထိုနေရာသည် တောအုပ်တစ်ခု ဖြစ်လာခဲ့ကာ အတိတ်နှင့် လားလားမျှ မတူတော့ပေ။ မြို့များသည်ပင် ထိုတောအုပ်ကြောင့် အပျက်အစီးပုံအဖြစ် ပြောင်းခဲ့ရလေပြီ။
ဝမ်လင်း သူ့ဘဝ၏ နှစ်တစ်ရာနီးပါးကို ကုန်ဆုံးခဲ့သော သေမျိုးမြို့မှာလည်း ထိုတောအုပ်အောက်တွင် နစ်မြုပ်ပျက်စီးခဲ့လေပြီ။ အတိတ်တုန်းက သည်မြို့တွင် စန်နူးဟူသော သေမျိုးကလေးငယ်တစ်ယောက် ကြီးပြင်းခဲ့ဖူး၏။
သူ့အောက်မှ တောအုပ်ကို ကြည့်ကာ ဝမ်လင်း၏စိတ်နှလုံးမှာ ကသိကအောက် ဖြစ်ရသည်။ ၎င်းမှာ ဖော်ပြ၍မရသော ခံစားမှုမျိုးပင်။ သူက သည်နေရာမှာ သူ့မွေးရပ်မြေ မဟုတ်တော့ဟူသော ခံစားမှု ခပ်ပါးပါး ရနေသည်။ သူသည် ဟင်္သာပြဒါးဂြိုဟ်ပေါ်တွင် မည်သည့်ရင်းနှီးကျွမ်းဝင်မှုကိုမျှ ရှာမတွေ့နိုင် ဖြစ်ရသည်။
ထိုရင်းနှီးမှု အမှတ်သညာများ မရှိတော့ဘဲ သူ့ထံ၌ မှတ်ဉာဏ်များသပ်သပ်သာ ရှိလေတော့၏။ ထိုတစိမ်းသာသာ ဖြစ်သွားမှု၊ ပြောင်းလဲသွားမှုတို့က ဝမ်လင်းကို ဝမ်းနည်းစေသည်။
ဝမ်လင်းသည် အရင်က ဟင်္သာပြဒါးဂြိုဟ်သို့ ပြန်လာခဲ့ဖူးပြီး ပြောင်းလဲမှုများကို တွေ့မြင်ခဲ့ပြီးသားပင်။ သို့သော် ယင်းတို့သည် အခုလောက်တောက် တိုက်ရိုက်ကြီး လုံးဝဥဿုံ ပြောင်းလဲသွားသည်တော့ မဟုတ်သေးပေ။ သူသည် သူ့နတ်ဘုရားအာရုံကို ဂြိုဟ်တစ်ခုလုံးသို့ တစ်ချီတည်း ဖြန့်ကျက်ကာ ကျောက်နိုင်ငံ၊ သူ့မိဘများ၏ အုတ်ဂူများကို မကြည့်ဝံ့ဘဲ ဖြစ်နေ၏။
သူသည် ထိုမရင်းနှီးမှုကိုသာ ဆက်တွေ့နေရမည်ကို ကြောက်မိသည်။ အတိတ်တုန်းက အရာများသည် သူ့အတွက် မှတ်ဉာဏ်သပ်သပ်သာ ဖြစ်ကျန်ခဲ့ကာ သူ၏မွေးရပ်မြေ မဟုတ်တော့မည်ကို သူ စိုးရိမ်မိ၏။
သူသည် လီမူဝမ်နှင့် သူ နေထိုင်ခဲ့သော နတ်ဆိုးပင်လယ်အတွင်းရှိ လှိုဏ်ဂူကိုလည်း ကြည့်ဖို့ စိုးကြောက်နေမိ၏။ သသူသည် သူ၏နှလုံးသားနွေးထွေးမှုကို ရစေခဲ့သော တောင်ကြားကို ကြည့်ဖို့ စိုးရွှံ့မိသည်။ သူသည် ထိုအရာများ ပျောက်ကွယ်သွားပြီး ဖြစ်နေမည်ကို စိုးရိမ်နေ၏။ကြောက်နေ၏။
သူ့အောက်မှ တောအုပ်ကို ကြည့်နေရင်း ဝမ်လင်းက တစ်ခုခုကို ရှာဖွေနေသည့်အလား ဖြည်းညင်းငြိမ်သက်စွာ လှမ်းလျှောက်နေ၏။ တဖြည်းဖြည်းဖြင့် သူက သူ့ရှေ့ရှိ သစ်ရွက်များကို ဖယ်ရှားလိုက်ရာ မြို့ပျက်တစ်ခုကို တွေ့မြင်သည်။
ထိုမြို့၏ ပျက်စီးနေသော အဆောက်အအုံများကြား သားရဲငယ်လေးများ သွားလာနေကြ၏။ ဝမ်လင်း ရောက်လာသည့်အခါ ယင်းသားရဲလေးများသည် ထိတ်လန့်ကာ ဟိုဟိုဒီဒီ ထွက်ပြေးသွားကြ၏။
ဝမ်လင်းသည် မြို့ပျကအတွင်း လေလျှာက်နေရင်း တစ်စုံတစ်ခုကို ကြည့်နေ၏။ သူက ရင်းနှီးသလို အငွေ့အသကကိုခံစားမိကာ ဖမ်းဆုပ်မိလုနီးပါး။ သို့ပေမည့် ခဏအကြာတွင် ထိုအငွေ့အသက်သည် သူ့ရှေ့ရှိ တွင်းနက်ကြီးကို ကြည့်နေရင်းကပင် ကွယ်ပျောက်သွားလေ၏။ ထိုတွင်းနက်မှာ သူ၏ရင်းနှီးကျွမ်းဝင်မှု၊ သူ နေထိုင်ခဲ့ဖူးသော လမ်းကို မြှုပ်နှံ့ပစ်ခဲ့လေပြီ။
အချိန်အတန်ကြာ ငေးမော မင်သက်နေပြီးနောက် ဝမ်လင်းက သက်ပြင်းချကာ ထွက်လာတော့၏။
သူက နတ်ဆိုးပင်လယ်သို့ သွားခဲ့၏။ နတ်ဆိုးပင်လယ်တစ်ခုလုံး အတိတ်က နေရာတွင် ရှိမနေတော့ပေ။ အတိတ်တုန်းက မြူများ ပျောက်ကွယ်နေသော်လည်း ဧရာမချိုင့်ဝှမ်းကြီးကတော့ ကျန်နေခဲ့သေး၏။ သို့သော် ခုချိန်တွင်မူ တစ်စုံတစ်ယောက်က ထိုချိုင့်ဝှမ်းကို ဖို့လိုက်ကာ ၎င်းနေရာမှာ မဟာကလန်ကိုးခုထဲမှ တစ်ခု ဖြစ်လာ၏။
သူ လီမူဝမ်နှင့် နေထိုင်သော လှိုဏ်ဂူမှာလည်း ပျောက်ကွယ်သွားခဲ့သည်သာ။ ဝမ်လင်းသည် ကောင်းကင်ထက်သို့ မော့ကြည့်ရင်း စိတ်နှလုံးတင်းကြပ်စွာ ခံစားမိ၏။ သူသည် ထိုလှိုဏ်ဂူကို ကြည့်၏။ ကြီးမားသောနဂါး၏ခန္ဓာကိုယ်ကို ကြည့်၏။ လီမူဝမ် နှလုံးသားနှင့် စိတ်ဝိညာဉ်ကို ကျောက်စိမ်းပြားအဖြစ် ပြောင်းခဲ့သော နေရာကို ကြည့်သည်။
သူသည် ပတ်ပတ်လည်သို့ ဝမ်းနည်းစွာ ကြည့်မိသည်။
မသိလိုက်မသိဘာသာနှင့် ဝမ်လင်းက သူနှင့် လီမူဝမ် အတူရှိခဲ့သော တောင်ကြားသို့ ရောက်လာ၏။ ထိုနေရာတွင် သူမ အသက်ကြီးရင့်သည့်အထိ နေထိုင်ခဲ့၏။ ထိုနေရာတွင် သူ့နှလုံးသား နွေးထွေးမှု ရခဲ့သည်။ ထိုနေရာမှာ ကျိုးယုလေး ကြီးပြင်းခဲ့သောနေရာလည်း ဟုတ်သည်။
သို့ပေမည့် ထိုတောင်ကြားတစ်ခုလုံးသည် ပြန့်ပြူးသွားပြီး ကုန်းတွင်းပင်လယ်အဖြစ်သို့ ပြောင်းလဲသွားလေပြီ။ ယင်းနေရာမှာ လှ၏။ သို့သော် ဝမ်လင်းအတွက်တော့ နာကျင်ရရုံသာ။
“ဒီနေရာလည်း မရှိတော့ပြန်ဘူး…”
ဟင်္သာပြဒါးဂြိုဟ်ပေါ်ရှိ ပြောင်းလဲမှုမျိုးစုံက ပို၍ပင် လှပကြည့်ကောင်းလာပါ၏။ သို့သော်
၎င်းမှာ အပေါ်ယံမျက်နှာပြင်သာ။ ဤအရာသည် ဝမ်လင်း လိုချင်သော ဟင်္သာပြဒါးဂြိုဟ် မဟုတ်ပေ။
တခြားသူများသည် ဤဂြိုဟ်ကို ချိပ်ပိတ်နယ်မြေအရှင်၏ မွေးရပ်မြေဟု သိထားကြ၏။ သူတို့က ဒီနေရာကို မြင့်မြတ်သောနယ်မြေအဖြစ် ပြောင်းချင်ကြသည်။ သို့ပေမည့် သူတို့သည် ထိုမြင့်မြတ်သောနေရာသည် အခု ဗလာသပ်သပ် ဖြစ်နေပြီကိုမူ နားလည်နိုင်ကြမည် မဟုတ်ပေ။ ဤမြင့်မြတ်သောနေရာက ဝမ်လင်း အမှန်တကယ် လိုချင်သော အရာ ဟုတ်ပါ၏လော။
ဝမ်လင်းသည် သူ၏ကျော်ကြားမှုဂုဏ်သတင်းကို ဂရုစိုက်၊အလေးစိုက်သည့်သူ မဟုတ်ပေ။ သူက သာမန်လူတစ်ယောက်မျှသာ။ သူသည် ကျင့်ကြံသူလေးတစ်ယောက်မျှသာ။
သူက အိမ်လိုချင်၏။ သူ အတိတ်ကို ပြန်တွေးမြင်ယောင်ကြည့်နိုင်သော မွေးရပ်မြေကိုသာ လိုချင်သည်။ သူသည် နှစ်ပေါင်းနှစ်ထောင်ကျော် ရက်စက်သည့်ကျင့်ကြံခြင်းခရီးစဉ်ပြီးနောက် သူ့စိတ်နှလုံးကို နွေးထွေးစေမည့် ရင်းနှီးမှုအငွေ့အသက်ကိုသာ လိုချင်မိသည်။ နွေးထွေးမှုလေးမျှသာ။
သို့ပေမည့် သူသည် ထိုနွေးထွေးမှုကို တစ်လမ်းလုံး ရှာနေသော်လည်း သူသည် ဘာတစ်ခုကိုမျှ မရှာတွေ့သေးပေ။
ဝမ်လင်းသည် နောက်လှည့်လိုက်ပြီး စိတ်ရှုပ်နေသောအရူးကို ကြည့်ကာ ခပ်တိုးတိုး ပြောလိုက်သည်။ “ဘာကြောင့် ဒီလို ဖြစ်ရတာလဲ…”
အရူးက ကြောင်တောင်တောင် ပြုံးလိုက်၏။ “ဒီဘုရင်ကတော့ ဒါဟာ တော်တော်လေး လှတာပဲ။ ဟီးဟီး…”
ဝမ်လင်းသည် ငြိမ်သက်စွာ စဉ်းစားနေရင်း ကောင်းကင်ထက်သို့ ကြည့်သည်။ အချိန်အတန်ကြာပြီးနောက် သူက သက်ပြင်းချကာ ရှေ့သို့ ခြေလှမ်းသည်။ သူသည် အရူးကို ချန်ထားကာ သူ ကြည့်မြင်ရမှာ အကြောက်ဆုံးနေရာသို့ သွားရပေအုံးမည်။ ၎င်းနေရာမှာ ကျောက်နိုင်ငံဟောင်းပင်။
ဝမ်လင်းသည် ကျောက်နိုင်ငံကို အထက်စီးမှ ကြည့်နေ၏။ သူ့မျက်လုံးသည် ဝေဝါးလာသည်။
“ဒီနေရာက မပြောင်းလဲသေးဘူး…”
သူသည် ချိပ်ပိတ်နယ်မြေအရှင် ဖြစ်၏။ သို့သော် ခုချိန်၌ သူသည် အိမ်ပြန်ချင်သော တစ်စုံတစ်ယောက်သာ။ အတိတ်အရိပ်ကို လိုက်ရှာမိနေသော အဘိုးအိုတစ်ယောက်မျှသာ။
သူ့နောက်တွင် ကျောက်နိုင်ငံ ရှိနေ၏။ အဘိုးအိုနှင့် တပည့်သုံးယောက်က သည်နေရာသို့ ရောက်နှင့်နေကြပြီးပင်။
“ဒီနေရာဟာ ချိပ်ပိတ်နယ်မြေအရှင် ကြီးပြင်းခဲ့တဲ့ နေရာပဲ…” အဘိုးအို၏အသံသည် ဖြည်းဖြည်းချင်း ပဲ့တင်ထပ်လာ၏။
***