← Chapters

အပိုင်း(၁၆၂၃)

Vol. 118 Ch. 1623

အပိုင်း(၁၆၂၃)

Vol. 118 Ch. 1623

ထိုအဘိုးအိုသည် ကျောက်နိုင်ငံထံ လက်ညှိုးထိုး၍ သူ့တပည့်များကို ပြောလိုက်သည်။ “ချိပ်ပိတ်နယ်မြေအရှင်ဟာ ဒီနေရာမျာ ကြီးပြင်းခဲ့တာ။ ဒီနေရာကို ကျောက်နိုင်ငံလို့ ခေါ်တယ်။ ဒါဟာ ဟင်္သာပြဒါးဂြိုဟ်ရဲ့ အစစ်အမှန် တော်ဝင်မြေပဲ…”

သူတို့လေးယောက်ရှေ့တွင် ကျောက်နိုင်ငံ၏နယ်စပ်ကို အလင်းတစ်ခု ဝန်းရံထား၏။ ထိုအလင်းသည် အစီအရင်အသွင် ဖြစ်ပေါ်နေခြင်းပင်။

အစီအရင်မှာ အပြင်လူများ ဝင်ရောက်ခြင်းကို တားဆီးထားရန်အတွက် ဖြစ်၏။

“ဟင်္သာပြဒါးဂြိုဟ်တစ်ခုလုံးနဲ့ ဒီဂြိုဟ်ရဲ့ အဓိကကလန်ကိုးခုကို မင်းမှာ တုန်ကင်ရှိနေသ၍ လည်ပတ်လို့ရနိုင်တယ်။ ဒီနေရာကတော့ ပြင်ပက ကျင့်ကြံသူတွေကို ဝင်ခွင့်မပြုထားဘူး။ ဒါက ဟင်္သာပြဒါးဂြိုဟ်ကို ပြောင်းလဲခဲ့စဉ်က ဟင်္သာပြဒါးဂြိုဟ်ရဲ့ ခေါင်းဆောင် ကျိုးဝူထိုင်ရဲ့ တောင်းဆိုမှုပဲ…”

“ကျန်တဲ့နေရာတိုင်းကို ပြောင်းလဲပစ်လို့ရတယ်။ ဒါပေမဲ့ ဒီကျောက်နိုင်ငံထဲက မြက်တစ်ပင်ကိုတောင် မပြောင်းလဲရဘူး…” ထိုအဘိုးအိုသည် အလင်းအဝန်းအဝိုင်းအပြင်ဘက်တွင် ရပ်နေရင်း တည်ငြိမ်စွာ ပြောပြနေ၏။

သူ့တပည့်သုံးယောက်က ကျောက်နိုင်ငံကို လေးစားသမှုဖြင့် ကြည့်နေ၏။ သူတို့သည် ကျောက်နိုင်ငံထံသို့ လက်နှစ်ဖက်ဆုပ်ကို လေးစားမှု ပြသသည်။

“ဒီသဘောတူညီမှုကို မလိုက်နာတဲ့လူတိုင်း၊ ကျောက်နိုင်ငံထဲကို ဝင်ရောက်ခဲ့ရင် အပြစ်ပေးခံရလိမ့်မယ်…” အဘိုးအိုသည် ထိုသို့ ပြောနေရင်း သူ့မျက်လုံးက တလက်လက် ဖြစ်သွားကာ အကွာအဝေးတစ်ခုရှိ ဝမ်လင်းနှင့် အရူးတို့ကို ကြည့်လိုက်သည်။

သူ့တပည့်သုံးယောက်သည် တခဏ မင်သက်သွားကြပြီး ဝမ်လင်းတို့ထံ လှမ်းကြည့်လိုက်သည်။ သူတို့သည် ဒေါသတကြီးဟန်ဖြစ်သွားကာ နှာခေါင်းရှုံ့လိုက်ကြ၏။

“ဟင်္သာပြဒါးဂြိုဟ်က မကြီးမားပေမယ့်လည်း ငါတို့ဟာ စိတ်ရှုပ်စရာကောင်းတဲ့သူတွေကို အမြဲတွေ့နေရပါလား…”

“ ဒီနှစ်ယောက်က တကယ်ပဲ မျက်စိစပါးမွေး ဆူးစရာပဲ…”

အရူးကလည်း သူတို့လေးယောက်ကို မြင်၏။ သူက ချက်ခြင်းပင် စိတ်လှုပ်ရှားလာသည်။ သူသည် ထိုလေးယောက်ထံ ရွှင်မြူးစွာ လှမ်းအော်လိုက်၏။

“ကောင်မလေးတွေ…ငါတို့ ထပ်တွေ့ကြပြန်ပြီ။ ဟားဟား။ ကြည့်ရတာ ငါတို့က တစ်ယောက်နဲ့တစ်ယောက် ရေစက်ပါပုံ ရတယ်။ ငါတို့ ရေစက်ရှိနေမှတော့…လာခဲ့၊လာခဲ့၊လာခဲ့ကြ…ဒီဘုရင် မင်းတို့ကို ဆုချီးမြှင့်မယ်…”

ဝမ်လင်းသည် အရူး၏စကားလုံးများကို မကြားသည့်ပုံပင်။ သူသည် ကျောက်နိုင်ငံထံသို့သာ ငြိမ်သက်စွာ ကြည့်နေသည်။ သူ့အမြင်သည် ဝေဝါးလာ၏။ သူ့စိတ်နှလုံးတွင် ဝမ်းနည်းမှု မြင့်တက်လာသည်။ ပြောမပြတတ်သော ခံစားချက်က သူ့ကို ရှေ့သို့ ပိုတိုးလျှောက်မိစေသည်။ သူသည် တဖြည်းဖြည်း ကျောက်နိုင်ငံ ပတ်လည်ရှိ အလင်းအကာနား ရောက်လာသည်။

အဘိုးအို၏တပည့်သုံးယောက်ကမူ အရူး၏စကားများကြောင့် ဒေါသတကြီး ဖြစ်နေ၏။ သူတို့ဆရာသာ ရှိမနေပါက သူတို့သည် ထိုအရူးကို သင်ခန်းစွာကောင်းကောင်း ပေးလိုက်ပြီး ဖြစ်ပေလိမ့်မည်။

အဘိုးအိုက မျက်မှောင်ကြုတ်သွားကာ သူသည် ဝမ်လင်းကို မျက်လုံးမှေးစင်းကာ ကြည့်လိုက်၏။ သူသည် ဝမ်လင်း ပိုနီးလာကာ အစီအရင်ကို ချိုးဖျက်ဝင်ရောက်တော့မည့်ဟန်ကို မြင်လိုက်၏။

သူ့အမူအရာသည် ရှုံ့တွသွားကာ သူသည် အရူးအပေါ် အာရုံစိုက်မနေတော့ဘဲ ဝမ်လင်းထံ လျှောက်လာကာ အလေးအနက်လေသံဖြင့် ပြောလာသည်။

“ရောင်းရင်းကျင့်ကြံသူ…ကျောက်နိုင်ငံ၊ ချိပ်ပိတ်နယ်မြေအရှင်ရဲ့ မွေးရပ်မြေဟာ ငါတို့လို အပြင်လူတွေ ဝင်ရောက်နိုင်တဲ့ အရာ မဟုတ်ဘူး။ သင် သင့်ကိုယ်သင် ထိန်းချုပ်နိုင်ဖို့ ငါ မျှော်လင့်ပါတယ်…” ထိုအဘိုးအို၏အသံက ဟိန်းထွက်လာ၏။ ပတ်ဝန်းကျင်ကိုပါ တုန်ခါသွားစေပြီး အရူးကို လန့်သွားစေသည်။

အရူးသည် အဘိုးအိုကို ကြည့်ကာ စတင်အော်တော့၏။

“သေစမ်း…မင်းက ဒီဘုရင် လန့်သွားအောင် လုပ်ရဲတယ်လား။ မင်း ငါ့ကို ပြန်ပေးဆပ်ရမယ်…”

ဝမ်လင်းသည် နားကန်းနေသည့်အလား။ သူ့မျက်လုံးထဲတွင်လည်း အစီအရင်အလင်း ရှိမနေပေ။ သူ ခုချိန်၌ ခံစားမိသည့် တစ်ခုတည်းသောအရာမှာ ကျောက်နိုင်ငံထံမှ ထွက်ပေါ်နေသော ရင်းနှီးကျွမ်းဝင်မှုပင်။ ထိုခံစားချက်က ပိုရှင်းလင်းလာပြီး သူ့ကို အရာအားလုံးအား ပြန်အမှတ်ရမိစေသည်။

ခြေတစ်လှမ်းဖြင့်ပင် သူသည် အစီအရင်အလင်းနား ရောက်လာပြီး လှိုင်းဂယက်များ ပျံ့နှံ့သွားစေ၏။ ဝမ်လင်းရှေ့တွင် ဧရာမဝဲကတော့တစ်ခု ပေါ်လာသည့်အလား။ ထိုဝဲကတော့သည် ပိုပိုအားကောင်းလာပြီး လှိုင်းဂယက်များသည် ကျောက်နိုင်ငံ၏အစီအရင်တစ်ခုလုံး အနှံ့ ပျံ့လွင့်သည်။

“ရောင်းရင်းကျင့်ကြံသူ…ရပ်လိုက်…” အဘိုးအို၏အမူအရာသည် ပြောင်းလဲသွားကာ သူသည် ဘာမှမစဉ်းစားတော့ဘဲ ဝမ်လင်းထံ ပြေးဝင်လာတော့၏။ သူ့အမြင်၌ ဝမ်လင်း၏ လုပ်ဆောင်မှုသည် ချိပ်ပိတ်နယ်မြေအရှင်၏ မွေးရပ်မြေကို စော်ကားခြင်း ဖြစ်၏။ ထိုသူသည် ကောင်းကောင်းကြီး အပြစ်ပေးခံရသင့်သည်။

သူက ထိုအချင်းအရာကို တွေ့မြင်မှတော့ သူ တားရပေမည်။

သို့ပေမည့် သူ အနည်းငယ် နှေးသွား၏။ သူ အနားရောက်မလာခင်လေးမှာပင် ဝမ်လင်းရှေ့တွင် ဝဲကတော့တစ်ခု ပေါ်လာခဲ့လေပြီ။ ၎င်းမှာ အစီအရင်အတွင်း ဝင်ပေါက်တစ်ခုပင်။

ဝမ်လင်းသည် တစ်စက်လေးမှ မရပ်တန့်သွားပေ။ သူက ကျောက်နိုင်ငံအတွင်းသို့ ထိုဝဲကတော့အဟကနေ ဝင်လာ၏။ သူ့စိတ်ထဲတွင်တော့ အိမ်လွမ်းဆွတ်မှုနှင့် အတိတ်ကို အောက်မေ့ခြင်းတို့ ပြည့်နှက်နေသည်။ သူသည် ရင်းနှီးကျွမ်းဝင်သော ခံစားမှုကို ပိုမို ရှာချင်မိသည်။

သူသည် သူနှင့် ရင်းနှီးသော ကုန်းမြေပေါ်သို့ ခြေချလိုက်လေပြီ။

အဘိုးအို၏မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွား၏။ သူသည် ခဏတာ ချီတုံချတုံ ဖြစ်နေ၏။ ထို့နောက် သူသည် နှာခေါင်းရှုံ့ကာ အဟအတွင်းသို့ လိုက်ပါ ဝင်ရောက်လာသည်။

“တော်တော်သတ္တိကောင်းနေတယ်လား။ မင်းက ကျောက်နိုင်ငံရဲ့ အစီအရင်ကို ချိုးဖျက် ဖွင့်လှစ်ပြီး ဝင်သွားရဲတယ်လား။ မင်းအပေါ် ကပ်ဘေးတစ်ခု မင်းဘာသာ လုပ်ယူတာပဲ။ မင်းကို အပြစ်ပေးဖို့ တစ်ယောက်ယောက် သိပ်မကြာခင် ရောက်လာလိမ့်မယ်။ ဒီအဘိုးအိုက မျက်မြင်သက်သေလုပ်ပေးမယ်။ ငါက မင်း ချိပ်ပိတ်နယ်မြေအရှင်ကို ဒီလိုပုံစံမျိုး စော်ကားတာကို ခွင့်ပြုမှာ မဟုတ်ဘူးကွ…”

အဘိုးအိုသည်လည်း အဟအတွင်းသို့ ခြေလှမ်းဝင်ကာ ဝမ်လင်းနောက်သို့ လိုက်လာ၏။

ဝမ်လင်းကြောင့် အစီအရင် ပွင့်လှစ်သွားသည့်အခါ၌ ဟင်္သာပြဒါးဂြိုဟ်ပေါ်ရှိ အစွမ်းထက်ကျင့်ကြံသူအားလုံးသည် သတိပြုမိလိုက်ကြသည်။ သူတို့၏အမူအရာများ ပြောင်းလဲသွားကာ သူတို့သည် ဒေါသထွက်သုန်မှုန်ကုန်၏။

“ဘယ်သူကများ ချိပ်ပိတ်နယ်မြေအရှင်ရဲ့ မွေးရပ်မြေထဲ ချိုးဖျက်ဝင်ရောက်ရဲတာလဲ။ သူ သေချင်နေတာပဲ…”

“ဒီအဘိုးအိုက ကျောက်နိုင်ငံ ပတ်လည်မှာ ရှိတဲ့ အစီအရင်ကို ချိုးဖျက်ဖို့ သတ္တိ ရှိနေတယ်ကောင်ကို တွေ့မြင်ချင်နေပြီ…”

ဟင်္သာပြဒါးဂြိုဟ်ပေါ်မှ အလင်းတန်းများသည် အဘက်ဘက်မှ ပျံသန်းလာကြပြီး ကျောက်နိုင်ငံထံ ဦးတည်လာသည်။ တစ်ချိန်တည်းမှာ မဟာကလန်ကိုးခုမှ အစွမ်းထက်အော်ရာကိုးခုသည် ပျံသန်းထွက်လာကာ ကျောက်နိုင်ငံထံသို့ တရကြမ်း ဦးတည်လာသည်။

ကျောက်နိုင်ငံပတ်လည်ရှိ အစီအရင်ကို ဖွင့်လှစ်၍ ဝင်ရောက်ခြင်းသည် ဟင်္သာပြဒါးဂြိုဟ်အတွက် ကြီးမားသည့်ကိစ္စရပ်တစ်ခုပင်။ ၎င်းမှာ ချိပ်ပိတ်နယ်မြေအရှင်ကို ရန်စခြင်း ဖြစ်သည့်အတွက်ကြောင့် ထိုသူသည် အပြစ်ပေးခံရပေမည်။

အစီအရင်အပြင်ဘက်၌ အဘိုးအို၏ တပည့်သုံးယောက်သည် မင်သက်ကြောင်ရီနေ၏။ သူတို့သည် အစီအရင်ကို ဖွင့်လှစ်ကာ ဝမ်လင်း ဝင်ရောက်သွားသည်ကို မြင်သည်။ ထို့နောက် သူတို့ဆရာက ထိုသူ့နောက်သို့ လိုက်သွား၏။ သူတို့သည် ထိုအခိုက်၌ မည်သို့လုပ်ရမှန်းမသိ ဖြစ်နေသည်။

ထိုစဉ် အရူးကတော့ လက်ခုပ်လက်ဝါးတီးကာ စိတ်လှုပ်ရှားမှု ပြည့်နေ၏။ သူက အော်ဟစ်၍ အဟအတွင်းသို့ ဝင်ရောက်သွားတော့သည်။

“ဟားဟား…ပျော်စရာပဲ။ ပျော်စရာပဲ…” အရူး၏ခန္ဓာကိုယ်သည် ဖျပ်ခနဲဖြင့် အလင်းတန်းအလား အစီအရင်အဟအတွင်းသို့ ဝင်ရောက်လာခဲ့လေပြီ။ အဘိုးအို၏တပည့်သုံးယောက်ကမူ တုံ့ဆိုင်းဆိုင်းဖြစ်နေ၏။ သူတို့သည် တစ်ယောက်နှင့်တစ်ယောက် ကြည့်မိလိုက်ပြီးနောက် အံကြိတ်ကာ လိုက်ပါဝင်ရောက်သွားသည်။

ဝမ်လင်းသည် သူ့အောက်ရှိ သူနှင့် ရင်းနှီးသိမြင်ဖူးသော တောင်များ၊မြစ်များကို ကြည့်နေ၏။ သူသည် အကွာအဝေးတစ်ခုရှိ ဟုန်ယွီတောင်ကို ကြည့်သည်။ သူသည် လွန်ခဲ့သောနှစ်ပေါင်းနှစ်ထောင်မှ ထိုတောင်ပေါ်ရှိ အဆောက်အဦကို ကြည့်သည်။ သူ ပို၍ ကြည့်မိလေလေ အရာအားလုံးမှာ သူနှင့် ပိုကျွမ်းဝင်လာလေပင်။

“ဟုန်ယွီကလန်…” ဝမ်လင်း၏မျက်နှာထက်တွင် ခါးသီးမှု ပေါ်လာပြီး သူသည် ရှေ့သို့ ညင်သာစွာ လှမ်းလိုက်၏။ သူ့ခြေထောက်အောက်တွင် လှိုင်းဂယက်များထသွားပြီး သူ ပျောက်ကွယ်သွားသည်။

သူ ပျောက်ကွယ်သွားသည်နှင့် အဘိုးအိုက ရောက်လာ၏။ အဘိုးအို၏အမူအရာမှာ သုန်မှုန်နေပြီး သူ့မျက်လုံးသူငယ်အိမ် ကြုံ့သွားမိသည်။

“ဟင်းလင်းပြင်ကွေးညွတ်ခြင်း…။ ငါ သူ့ကျင့်ကြံမှုအဆင့်ကိုလည်း ဖြတ်မမြင်နိုင်ခဲ့ဘူး။ သူက ဟင်းလင်းပြင်ကွေးညွတ်ခြင်းကို သိနေလိမ့်မယ်လို့ ငါ မထင်ထားမိခဲ့ဘူး။ ဒါပေမဲ့ ဒါက ချိပ်ပိတ်နယ်မြေအရှင်ရဲ့ မွေးရပ်မြေပဲ။ ဒီမှာ အစွမ်းထက်ကျင့်ကြံသူတွေ အများအပြားလည်း စောင့်ရှောက်နေကြတယ်။ သူ့ကျင့်ကြံမှုအဆင့်က မြင့်မားရင်တောင် သူ အပြစ်ပေးခံရမှာ မလွဲဘူး…” အဘိုးအို၏မျက်လုံးသည် တလက်လက် ဖြစ်လာကာ သူက သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်၏ သူ့ခြေထောက်အောက်တွင် လှိုင်းဂယက်များ ပေါ်လာပြီး သူလည်း ဟင်းလင်းပြင်ကွေးညွတ်ခြင်းကို အသုံးပြုလိုက်သည်။

ဟုန်ယွီတောင်၏ အောက်ဘက်ရှိ တောအုပ်အပြင်ဘက်တွင် တောင်ခြေရွာလေး တစ်ရွာ ရှိပေ၏။ ထိုရွာသည် မြို့အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီးပင်။ ထိုမြို့၏နာမည်မှာ အင်ပါယာဘိုးဘေးမြို့ဟူ၍ ဖြစ်၏။ ဝမ်လင်းသည် အရင်က သူ ဒီနေရာကို လာခဲ့ချိန်တည်းက ထိုမြို့ကို သိထားပြီး ဖြစ်သည်။ သို့ပေမည့် မြို့အတွင်း၌ ထာဝရတိုင် တည်ရှိနေမည်ဟု ထင်ရသော အိုဟောင်းသောအိမ်တစ်လုံး ရှိနေလေ၏။

ထိုအိမ်မှာ ဝမ်လင်း၏ အိမ်အဟောင်းပင်။

သူ့အိမ်ပတ်လည်တွင် ခြံဝန်းကြီးတစ်ခုလည်း ရှိသည်။ နောက်မျိုးဆက်များ ပြန်ပြုပြင် တည်ဆောက်ထားသော အိုဟောင်းနေသည့် အုတ်ဂူတစ်လုံးလည်း ရှိ၏။ ၎င်းက လေလွင့်နေသောသားတစ်ယောက် အိမ်ပြန်လာမည်ကို စောင့်နေသည့်အလား။

ထိုအိမ်အိုကြီးတွင် မည်သူမျှ ရှိမနေပေ။ ပတ်ဝန်းကျင်တစ်ခုလုံးမှာ လုံးဝ ငြိမ်သက်တိတ်ဆိတ်နေသည်။

ထိုတိတ်ဆိတ်မှုအောက်တွင် ဝမ်လင်းသည် ခြံဝန်းထဲရှိ အုတ်ဂူရှေ့တွင် ပေါ်လာလေ၏။ သူက ထိုအုတ်ဂူကို ကြည့်နေရင်း မျက်ရည်များ သူ့ပါးနှစ်ဖက်ပေါ်သို့ စီးကျလာတော့သည်။ ဝမ်လင်းသည် မျက်ရည်ဆက်လက်ဖြင့် အုတ်ဂူရှေ့တွင် ဒူးထောက်လိုက်သည်။

သူ့ကလေးဘဝမှတ်ဉာဏ်များသည် အတိတ်တုန်းကကဲ့သို့ သူ့စိတ်ထဲတွင် ပြန်ပေါ်မလာတော့ချေ။ သည်အခိုက်အတန့်၌ သူသည် မောပန်းပင်ပန်းမှုများနှင့် ပြည့်နေပြီး သူ့မိဘနှစ်ပါး၏ အုတ်ဂူရှေ့တွင် မျက်ရည်များသာ အဆက်မပြတ် စီးကျနေတော့၏။ သူ အုတ်ဂူကို ကြည့်နေရင်း သူ့စိတ်တွင်း၌ ဝမ်းနည်းမှုတို့ ပြည့်လာ၏။ သို့သော် သူသည် တည်ငြိမ်ပေ၏။

သည်နေရာရှိ အရာအားလုံးသည် ပြောင်းလဲသွားခဲ့သည်ဖြစ်စေ အတိတ်ကအတိုင်း ရှိနေသည် ဖြစ်စေ၊ ဤနေရာမှာ သူ၏အိမ်အစစ်အမှန် ဖြစ်ချေ၏။

သူက သူ့တုန်ယင်နေသော ညာလက်ကို မြှောက်ကာ အုတ်ဂူကို ထိလိုက်သည်။ အုတ်ဂူပေါ်တွင် ရေးထွင်းထားသော အမည်များကို ခံစားမိနေရင်း ဝမ်လင်းမျက်လုံးထံမှ မျက်ရည်များ ပိုစီးကျလာ၏။

သူ ဟင်္သာပြဒါးဂြိုဟ်သို့ ပြန်လာခြင်းသည် သူ့မိဘနှစ်ပါး၏ အုတ်ဂူကို အလေးအမြတ်ပြုရန် အတွက် မဟုတ်ပေဘူးလား။ သူ ဟင်္သာပြဒါးဂြိုဟ်သို့ ပြန်လာခြင်းသည် သူ့မိဘများကို ထပ်မံ တွေ့မြင်ချင်၍ မဟုတ်ပေဘူးလား။

သူ့မိဘနှစ်ပါးကို ဒီနေရာတွင် မြှုပ်နှံ့ထားသည့်အတွက်ကြောင့် သူ ဟင်္သာပြဒါးဂြိုဟ်သို့ ပြန်ရောက်လာခြင်း မဟုတ်ပေဘူးလား။

ဟင်္သာပြဒါးဂြိုဟ်သည် ဝမ်လင်း၏မှတ်ဉာဏ်များ၏ တစ်ဝက်တိတိကို ဆောင်ယူပေ၏။ သူ့မိဘနှစ်ပါးနှင့် ပတ်သတ်၍ သူ့မှတ်ဉာဏ်များ၊ သူ့အရာအားလုံး။ သူသည် ပင်ပန်းလာသည့်အခါတိုင်း သူသည် ကောင်းကင်ထက်သို့ ကြည့်ကာ ဟင်္သာပြဒါးဂြိုဟ်အကြောင်းကို စိတ်ကူးယဉ်ကြည့်မိသည်သာ။

“ငါ အရာအားလုံးကို လက်လွှတ်နိုင်တယ်။ သင်တို့အားလုံး အသက်ရှင်နေရမယ်ဆိုရင်၊ ဝမ်အာ၊ ပိုင်အာတို့နဲ့ ပြန်ပေါင်းစည်းခွင့် ရစေမယ်ဆိုရင် ငါအရာအားလုံးကို လက်လွှတ်နိုင်တယ်…” ဝမ်လင်း ခုလိုပုံစံမျိုး နောက်ဆုံးအကြိမ် ငိုကြွေးခဲ့သည်မှာ ရှည်ကြာလွန်းခဲ့လေပြီ။

သူသည် သူ့မိဘနှစ်ပါးကို လွမ်းဆွတ်မိ၏။ သူ့မိဘနှစ်ပါးအကြောင်း ပြန်တွေးမိတိုင်း သူ့စိတ်နှလုံးမှာ နာကျင်ရသည်။

လူတိုင်းသည် မိဘများ ပိုင်ဆိုင်ကြသည်သာပင်။ မိဘနှစ်ပါးလုံး ဆုံးရှုံးရာမှ ဝမ်းနည်းမှုသည် အချိန်ကာလအောက်တွင် တဖြည်းဖြည်း လွင့်ပါးသွားတတ်သည်သာ။ သို့သော် အမှန်တွင်မူ ယင်းဝမ်းနည်းမှုသည် သင်၏အရိုးတွင်း၌ နက်ရှိုင်းစွာ မြှုပ်နှံ့သွားခြင်းသာ ဖြစ်ပေမည်။ မည်သူက မေ့ပစ်နိုင်ပါ့မည်နည်း။

လူတစ်ယောက်သည် အသက်ပိုကြီးလာလေလေ ထိုပူဆွေးဝမ်းနည်းမှုကို ပိုနက်ရှိုင်းစွာ မြှုပ်နှံ့မိလေပင်။ ၎င်းကိုသာ ဖြေလျှော့လိုက်ပါက ထိုဝမ်းနည်းမှုသည် ကောင်းကင်တုန်လှုပ်ဖွယ်ရာ ဖြစ်ပေလိမ့်မည်။

လူသားများသည် စိတ်ခံစားမှုများ ရှိ၏။ ထို့ကြောင့်လည်း သူတို့ကို လူသားဟု ခေါ်ခြင်း မဟုတ်လား။

“သင် ချိပ်ပိတ်နယ်မြေအရှင်ရဲ့ မွေးရပ်မြေထဲ တိုးဝင်လာရဲတယ်လား…” ထိုအခိုက်တွင် ကောင်းကင်ထက်၌ လှိုင်းဂယက်များ ပဲ့တင်ထပ်ကာ အကြီးအကဲတစ်ယောက် လှမ်းထွက်လာ၏။ သူ့အမူအရာသည် မှုန်သုန်နေပြီး သူ့မျက်လုံးထဲတွင် ဒေါသနှင့် ပြည့်နှက်နေ၏။ သူသည် ချိပ်ပိတ်နယ်မြေအရှင်ကို လေးစားသူ ဖြစ်၏။ ထို့ကြောင့် သူသည် တစ်စုံတစ်ယောက်က ချိပ်ပိတ်နယ်မြေအရှင်၏ မွေးရပ်မြေကို ကျူးကျော်လာသည်ကို ခွင့်မပြုနိုင်ပေ။ သူ နောက်က လိုက်လာစဉ် ချက်ခြင်းပင် ဝမ်လင်းသည် အုတ်ဂူတစ်ခုရှေ့၌ ဒူးထောက်နေသည်ကို မြင်လိုက်ရ၏။ သူသည် ဝမ်လင်းမျက်နှာပေါ်ရှိ မျက်ရည်များကိုမြင်ရ၏။ သူ့ဝမ်းနည်းဖွယ်စကားများကို ကြားရ၏။ သူသည် ချက်ခြင်းပင် သူ့စကားလုံးများကို ပြန်မြိုချလိုက်မိသည်။

သူသည် မင်သက်သွားကာ သူ့ခန္ဓာကိုယ်သည် တုန်ယင်သည်။ သူ့စိတ်မှာ ဗလာကျင်းသွား၏။ သူက ထိုနေရာက မည်သည့်နေရာဖြစ်မှန်းကို သိသည်။ သူသည် ဒီနေရာတွင် မည်သူ့ကို မြှုပ်နှံ့ထားခဲ့သည်ကိုလည်း သိသည်။ သူသည် သည်အုတ်ဂူရှေ့တွင် လူတစ်ယောက်ကသာ ဒူးထောက်၍ အခုလို ငိုနိုင်မည့် အရည်အချင်း ပြည့်မှီသည်ကိုလည်း သိ၏။

သူသည် အုတ်ဂူရှေ့မှ လူက ဒူးထောက်လျက် တစ်စုံတစ်ရာကို ခပ်တိုးတိုး ရေရွတ်နေသည်ကိုလည်း ကြားလိုက်ရ၏။ သူ့မျက်လုံးထဲတွင် မယုံကြည်နိုင်ဟန်ဖြင့် ပြည့်နှက်လာတော့သည်။

“အဖေ၊အမေ…ထေ့ကျူး သင်တို့ကို ပြန်လာကြည့်တာပါ…” ဝမ်လင်းသည် အုတ်ဂူကို ထိလိုက်၏။ သူ့မိဘများသည် သူ၏ရှေ့တွင် လာရပ်နေသည့်အလား။ သူတို့၏ ကြင်နာသောအကြည့်က အချိန်ကို ဖြတ်သန်းထွင်းဖောက်ကာ လွန်ခဲ့သောနှစ်ပေါင်းနှစ်ထောင်ကျော်သို့ ပြန်ရောက်ရှိသွားသည့်အလား။

***

All Chapters