အတိတ်ဟာ အခိုးအငွေ့အလား
Vol. 118 Ch. 1624
ဝမ်လင်းသည် ထိုအဘိုးအိုရောက်လာသည်ကို သတိပြုမိသည့်ပုံ မပေါ်ပေ။ သူသည် အုတ်ဂူကို ထိကိုင်လျက် ၎င်းရှေ့တွင် ဒူးထောက်နေသည်။ ထိုအုတ်ဂူသည် အလွန်အိုမင်းနေပြီး သူ့လက်များထံမှပင် အေးစက်စက် ခံစားရသည်။ သို့သော် ထိုအေးစက်မှုသည် ဝမ်လင်း၏စိတ်ထဲတွင်တော့ နွေးထွေးမှုအဖြစ် ပြောင်းလဲသွား၏။
သူ့ပါးနှစ်ဖက်ထံမှ မျက်ရည်များသည် အုတ်ဂူပေါ်သို့ စီးကျသည်။ ထိုမျက်ရည်များသည် အုတ်ဂူပေါ် တဖြည်းဖြည်း ရွှဲနစ်လာကာ သူ့မိဘနှစ်ပါးပေါ်သို့ ကျဆင်းသွားသည့်အလား။
သူ့လက်နှစ်ဖက်မှ အေးစက်မှု၊ သူ့စိတ်နှလုံးတွင်းရှိ နွေးထွေးမှု၊ အုတ်ဂူပေါ်သို့ ကျဆင်းသွားသော မျက်ရည်များက ဝမ်လင်းနှင့် သူ့မိဘနှစ်ပါးကို တစ်သားတည်း ပေါင်းစည်းသွားစေသည့်အလား။
ထိုပေါင်းစည်းမှုသည် ပြောမပြနိုင်သော စိတ်၏ခံစားမှုမျိုးတည်း။
အဘိုးအိုသည် ကောင်းကင်ထက်တွင် ကြောင်ရီစွာ ရှိနေ၏။ သူ့စိတ်သည် မိုးကြိုးအချက်ပေါင်းများစွာ ပစ်ချခံရသည့်အလား တုန်ယင်နေ၏။ သူ၏ခန္ဓာကိုယ်သည် တုန်ယင်နေပြီး သူသည် စိတ်ထဲကနေ ခန့်မှန်းမိနေ၏။ ထိုခန့်မှန်းမှုက သူ့ကို စိတ်လှုပ်ရှားစေသည်။
ထိုအုတ်ဂူရှေ့တွင် ဒူးထောက် ငိုကြွေးကာ အဖေနှင့်အမေ ဟု ခေါ်နိုင်ဖို့အတွက် လူတစ်ယောက်သာ အရည်အချင်း ပြည့်မှီပေသည်။ ထိုသူမှာ ချိပ်ပိတ်နယ်မြေအရှင် ဖြစ်ပေ၏။
ဝမ်လင်း၏ခန္ဓာကိုယ်ထံမှ ဖျော့တော့နူးညံ့သောအလင်းတစ်ခု ထုတ်လွှတ်လျက် အုတ်ဂူကို ခြုံလွှမ်းထားသည့်ဟန် ရသည်။ သူသည် နေရာတွင် ဒူးထောက်နေလျက် မျက်ရည်များ တသွင်သွင် စီးကျနေသည်။ ဝမ်းနည်းသည့်ဟန်ပန်ဖြင့် သူသည် အုတ်ဂူပေါ်ရှိ သူ့မိဘနှစ်ပါး၏ အမည်များကို ကြည့်နေသည်။
သို့ပေမည့် ထိုအဘိုးအို လှမ်းကြည့်လိုက်သည့်အခါတွင် သူသည် အသက်ပြင်းပြင်းရှုသွင်းလိုက်၏။ သူသည် စိတ်ချောက်ချားနေမိလားကိုလည်း မသိပေ။ သို့သော် ဝမ်လင်း၏ဘယ်ဘက်တွင် အမျိုးသမီးအရိပ်တစ်ခု ပေါ်လာ၏။
ထိုပုံရိပ်မှာ ဖျော့တော့လွန်းသည်။ လေပြေလေးတစ်ချက် ရိုက်ခတ်ရုံဖြင့် လွင့်ပျောက်သွားမည့်အလား။ သူမသည် ဆံပင်ရှည်များနှင့်၊ သူမ၏ပုံပန်းသွင်ပြင်ကိုမူ ရှင်းရှင်းလင်းလင်း မမြင်ရနိုင်ပါ။ သို့ပေမည့် သူမထံမှ တူညီသောဝမ်းနည်းမှုအငွေ့အသက်ကို ပေးစွမ်းနေ၏။
သူမသည် ဝမ်လင်းဘေးတွင် ငြိမ်သက်စွာ ရပ်၍ အုတ်ဂူကို ကြည့်ကာ သူမလည်း ဒူးထောက်ချလိုက်သည်။
အဝေးမှကြည့်ပါက အမျိုးသမီးအရိပ်နှင့် ဝမ်လင်းတို့သည် ခင်ပွန်းနှင့်ဇနီးအလား။ သူတို့က သူတို့မိဘများ၏ အုတ်ဂူကို ဂါဝရပြုနေသည်ဟုပင် ထင်မှားရမည်။
မျက်စိတစ်မှိတ်အတွင်း နောက်ထပ်အရိပ်တစ်ခု ဝမ်လင်း၏ညာဘက်တွင် ပေါ်လာ၏။ ထိုသူမှာ ဝမ်လင်းနှင့် အလွန်ဆင်သော အသက်နှစ်ဆယ်ခန့် လူငယ်တစ်ဦးပင်။ ထိုအခိုက်တွင် တတိယအရိပ်တစ်ခု ပေါ်လာ၏။ သည်တစ်ကြိမ်၌ အမျိုးသမီးအရိပ်ပင်။
သူတို့က အုတ်ဂူကို ဝမ်းနည်းသည့်ဟန်ပန်ဖြင့် ကြည့်နေကာ ဒူးထောက်လို့နေသည်။
မိသားစုတစ်စုက ဂါဝရပြုနေသည်နှင့်ပင် တူလေ၏။ နှလုံးသားနွေးထွေးမှုနှင့် ရှင်းမပြနိုင်သောခါးသက်မှုက အဘိုးအို၏စိတ်ထဲတွင် ပေါ်လာချေသည်။
ထိုအခိုက်တွင် လေတိုးသံများ ကောင်းကင်တွင် ပဲ့တင်ထပ်လာ၏။ အရူးသည် ရယ်မောကာ နီးကပ်လာသည်။ အဘိုးအို၏တပည့်သုံးယောက်ကလည်း နောက်မှ နီးနီးကပ်ကပ်လိုက်လံလာသည်။
လူတိုင်းသည် သည်အိုဟောင်းသောအိမ်ရှေ့သို့ ချက်ခြင်း ရောက်လာကြသည်။
အဘိုးအို၏တပည့်သုံးယောက်က အော်ဟစ်ရင်း အနားရောက်လာ၏။ သို့သော် သူတို့ဆရာက သူတို့ကိုဘေးတစ်ဖက်သို့ ချက်ခြင်း ဆွဲခေါ်လိုက်၏။ သူသည် သူတို့သုံးယောက်ကို စိုက်ကြည့်လိုက်ရာ ထိုသုံးယောက်သည် အော်ဟစ်နေရာကနေ ချက်ခြင်း ရပ်သွားသည်။ သူတို့သည် ခေါင်းငုံ့ကာ အုတ်ဂူရှေ့တွင် ဒူးထောက်နေသော ဝမ်လင်းကို ကြည့်လိုက်ကြ၏။
အရူးသည် အဝေးသို့ ဆက်ပြေး၏။ သို့သော် သူက နောက်ပြန်ကြည့်လိုက်ရာ မည်သူကမျှ သူ့နောက်လိုက်မလာသည်ကို တွေ့လိုက်သည့်အခါ သူ ခေါင်းကုတ်လိုက်သည်။ သူသည် အိမ်အဟောင်းထံသို့ ဆင်းသက်လိုက်ရာ သိပ်မဝေးသောနေရာရှိ ဝမ်လင်းကို မြင်လိုက်၏။ သူသည် ဝမ်လင်းကို အကြိမ်အနည်းငယ် ပတ်လိုက်ပြီး ဝမ်လင်းဘေးရှိ ဝိုးတဝါးပုံရိပ်သုံးခုကို ခပ်ရေးရေး တွေ့မြင်သည်။
ဝမ်လင်းသည် ဖြစ်ပျက်သမျှကို မမြင်၊မကြားသည့်အလား လစ်လျူရှုထား၏။ သူသည် နေရာတွင်ပင် ထိုင်နေရင်း အုတ်ဂူကို ထိကိုင်ထား၏။ သူသည် သူ့မိဘနှစ်ပါး၏ အိုမင်းသောမျက်နှာများကို ညင်သာစွာ ထိကိုင်သည့်အလား။
ထိုအခိုက်တွင် ကောင်းကင်သည် နက်မှောင်လာ၏။ နေဝင်လာရင်း ကျောက်နိုင်ငံပတ်လည်ရှိ အစီအရင်သည် အပြင်းအထန် လင်းလက်သည်။ ကျောက်နိုင်ငံပတ်လည်ရှိ အစီအရင်အတွင်းသို့ လူအချို့ ဝင်သွားသည်ကို တွေ့မြင်သည့်အခါ ဟင်္သာပြဒါးဂြိုဟ်ပေါ်ရှိ အစွမ်းထက်ကျင့်ကြံသူများသည် ဝရောသုန်းကား ရောက်လာကြ၏။ အလင်းတန်းဆယ်ခုကျော်သည် အစီအရင်အတွင်းသို့ ဝင်ရောက်လာသည်။ သူတို့က ဝမ်လင်းကို သတိပြုမိသည့်ပုံ ရသည်။
နက်မှောင်သော ကောင်းကင်ကို အလင်းတန်းများ ဖြတ်သန်းလာကာ ကျင့်ကြံသူများ ပေါ်လာသည်။ သူတို့အားလုံးသည် အုတ်ဂူရှေ့တွင် ဒူးထောက်နေသော ဝမ်လင်းကို ကြည့်သည်။
အချို့လူများသည် ဝမ်လင်းကို အရင်က တွေ့မြင်ဖူးသော ဟင်္သာပြဒါးဂြိုဟ်မှ ဒေသခံကျင့်ကြံသူများ ဖြစ်ကြ၏။ ထို့ကြောင့် သူတို့သည် ဒူးထောက်နေသော ဝမ်လင်းကို တွေ့မြင်သည့်အခါ မည်သူမည်ဝါမှန်း သိရှိသွားသည်။
“ချိပ်ပိတ်နယ်မြေအရှင်…”
“ဝမ်လင်း…”
ဝမ်လင်းကို မှတ်မိသိရှိသွားသော ကျင့်ကြံသူများထံမှ အာမေဋိတ်သံများ ထွက်ပေါ်လာသည်။ ထိုအခါ ရောက်လာကြသော ကျင့်ကြံသူများကြား မုန်တိုင်းထန်သွားတော့၏။ သူတို့သည် စိတ်လှုပ်ရှားမှုနှင့်အတူ တုန်လှုပ်မှု၊ မယုံကြည်နိုင်မှုတို့ ပြည့်နှက်ကုန်၏။
အဘိုးအိုသုံးယောက်၏ တပည့်များသည်လည်း ပါးစပ်အဟောင်းသား ဖြစ်ကုန်သည်။ သူတို့သည် အရူးနှင့်အတူ လာခဲ့သော ထိုသူ၊ သူတို့ အရှက်မရှိ ဟု ခေါ်ခဲ့သောသူမှာ ချိပ်ပိတ်နယ်မြေအရှင် ဖြစ်နေလိမ့်မည်ဟု မထင်ထားမိခဲ့ပေ။
ထိုအခိုက်တွင် သူတို့၏စိတ်မှာ ဟာလာဟင်းလင်း ဖြစ်ကုန်၏။ သူတို့သည် နေရာတွင် အကြောင်သား ရပ်နေရင်း မည်သို့တွေးတောရမည်ကိုပင် မေ့ကုန်သည်။
အကွာအဝေးတစ်ခု၌ ကောင်းကင်သည် လင်းထင်းလာကာ အနီရောင်တိမ်တိုက်တစ်ခု တရှိန်ထိုး ရောက်လာ၏။ ၎င်းသည် နီးကပ်လာသည့်အခါ လူတစ်ယောက် လှမ်းထွက်လာသည်။ သူသည် အနီရောင်ဝတ်ရုံဖြင့် အဘိုးအိုပင်။ သူ့မျက်နှာမှာ ဖြူရောနေ၏။ သို့သော် သူ့ထံမှ ခန်းနားထည်ဝါမှုကို ပေးစွမ်းသည်။
ထိုအဘိုးအိုမှာ ဟင်္သာပြဒါးဂြိုဟ်၏ အရှင်သခင် ဖြစ်သူ ကျိုးဝူထိုင်ပင်။
သူသည် ဒူးထောက်နေသော ဝမ်လင်းကို ကြည့်ကာ သူ့အမူအရာမှာလည်း အတိတ်ကို အောက်မေ့ဟန် လှစ်ဟပေါ်လာ၏။ သူသည် နေရာတွင်ပင် အချိန်အကြာကြီး ရပ်နေပြီးနောက် ငြိမ်သက်တိတ်ဆိတ်နေသော ကျင့်ကြံသူအားလုံးရှေ့တွင် တိုးညင်းစွာ ပြောလိုက်သည်။
“မင်း…ပြန်ရောက်လာခဲ့ပြီပဲ…”
ဝမ်လင်းသည် ခေါင်းမော့မလာပေ။ သူသည် အုတ်ဂူကိုသာ ဆက်ကြည့်နေ၏။ ထိုအခိုက်တွင် သူ ပြောလိုက်သည်။
“ငါ ပြန်ရောက်လာခဲ့ပြီ…”
ကျိုးဝူထိုင်သည် အိုမင်းနေပြီ ဖြစ်ပြီး သူ့ထက်မှ အသက်ကြီးရင့်သည့် အငွေ့အသက် ပေးနေ၏။ သူသည် ခြေတစ်လှမ်းလှမ်းကာ ဝမ်လင်းရှေ့သို့ ရောက်လာပြီး အုတ်ဂူကို ဦးညွှတ်လိုက်သည်။
“မင်းတို့အားလုံး ထွက်သွားကြ။ ငါတို့ကို အချိန်အနည်းငယ် ပေးပါ…” ကျိုးဝူထိုင်သည် အထက်မှ လူများကို မော့ကြည့်ကာ ပြောလိုက်၏။ ကျင့်ကြံခြင်းအဆင့်ပိုမြင့်မားသော ကျင့်ကြံသူများစွာ ရှိနေသော်လည်း ကျိုးဝူထိုင်သည် ဒီဂြိုဟ်၏အရှင်သခင် ဖြစ်၏။ သူ၏အဆင့်အတန်းကို အလွန်မြင့်သည်ဟု မှတ်ယူ၍ရသည်။ သူ့စကားလုံးများသည် သူ့ကျင့်ကြံမှုအဆင့်ထက်ကျော်လွန်၍ သက်ရောက်မှု ရှိပေသည်။
ကျင့်ကြံသူဆယ့်နှစ်ယောက်ကျော်သည် သူတို့၏စိတ်လှုပ်ရှားမှုကို ဖိနှိပ်လိုက်ကြ၏။ သူတို့သည် ဝမ်လင်းကို ဦးညွှတ်ကာ အုတ်ဂူကို ကြည့်လိုက်ပြီးနောက် တလေးတစား ထွက်သွားကြသည်။
သူတို့အများစုမှာ ဟင်္သာပြဒါးဂြိုဟ်မှ မဟုတ်ပေ။ ချိပ်ပိတ်နယ်မြေအရှင်အပေါ် လေးစားသမှု ပေးရန် သူတို့သည် အခြားနေရာများမှ လာခဲ့ပြီး ဟင်္သာပြဒါးဂြိုဟ်ကို လာရောက်စောင့်ကြပ်ပေးနေခြင်းပင်။
အဘိုးအိုသည်လည်း သူ့တပည့်သုံးယောက်နှင့်အတူ ထွက်ခွာသွား၏။
ခုချိန်တွင် သည်အိမ်အိုကြီး အဝန်းထဲ၌ ဝမ်လင်း၊ ကျိုးဝူထိုင်နှင့် အရူးတို့သာ ကျန်ခဲ့လေသည်။ ခဏအကြာတွင် အရူးသည် ပျင်းသလို ခံစားလာရ၏။ ထို့အတွက် သူက တစ်ဖက်သို့ လှမ်းလျှောက်သွားပြီး နံရံတစ်ခုပေါ်တွင် မှီကာ မျက်လုံးမှိတ်လျက် အိပ်စက်တော့သည်။
ကျိုးဝူထိုင်က အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်းဘေးတွင် ထိုင်ချလိုက်၏။ သူက ညာလက်ကို ဝေ့ယမ်း၍ အရက်နှစ်အိုးကို ထုတ်ယူကာ ချလိုက်၏။ သူက အုတ်ဂူကို ကြည့်၍ တိုးညင်းစွာ မေးလိုက်သည်။ “မင်း ဘယ်လောက်ကြာကြာနေမယ်လို့ စိတ်ကူးထားလဲ…”
ဝမ်လင်းက အုတ်ဂူကို ထိထားသော သူ့လက်ကို ပြန်မြှောက်လိုက်ပြီး မြေပြင်ထက်တွင် ငြိမ်သက်စွာ ထိုင်ချလိုက်၏။ သူ့ဘေးပတ်လည်ရှိ အရိပ်သုံးခုမှာလည်း ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားတော့သည်။
“သိပ်ကြာမှာ မဟုတ်ဘူး…” ဝမ်လင်းက အရက်တစ်အိုးကို ကောက်ယူကာ တစ်ငုံသောက်လိုက်၏။
“ဒါက…” ထိုအရက်သည် သူနှင့် ရင်းနှီးသော အရသာ ပိုင်ဆိုင်ထား၏။ သူသည် လွန်ခဲ့သောနှစ်ပေါင်းတစ်ထောင်ကျော်သို့ ပြန်ရောက်သွားသည့်အလား။
ကျိုးဝူထိုင်က ပြောလိုက်၏။ “ဒါက စန်မိသားစုရဲ့ အရက်ပဲ။ ငါ ဒါကို မင်းနဲ့ ထပ်သောက်ဖို့ အတိတ်တုန်းက အများကြီး စုဆောင်းထားခဲ့တယ်…”
ကျိုးဝူထိုင်သည် အရက်အိုးကို ကောက်ယူကာ တစ်ကျိုက်သောက်လိုက်၏။ သူသည် ကောင်းကင်ထက်သို့ မော့ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ငါ စန်နူးမိသားစုက ကလေးကို တပည့်အဖြစ် ခေါ်ခဲ့တယ်။ သူသာ မင်း ပြန်ရောက်လာတာ သိခဲ့ရင် တော်တော်လေး ဝမ်းသာသွားလိမ့်မယ်…”
ဝမ်လင်းသည် ငြိမ်သက်စွာ စဉ်းစားနေ၏။ စန်နူး၏ ကလေးဘဝသည် သူ့စိတ်ထဲတွင် ပြန်ပေါ်လာသည်။ ထိုကလေးသည် အတော်လေး အလိုက်သိကာ တော်ပေ၏။
ဝမ်လင်းသည် သူ့မိဘနှစ်ပါး၏ အုတ်ဂူကို ကြည့်ကာ ညင်သာစွာ ပြောလိုက်၏။ “ကျေးဇူးတင်ပါတယ်…”
“ဘာလို့ကျေးဇူးတင်ရမှာလဲ။ ဟင်္သာပြဒါးဂြိုဟ်ရဲ့ အရှင်သခင်ဆိုတဲ့ ငါ့နေရာဟာ မင်း ငါ့ကို ပေးထားခဲ့တဲ့ အရာပဲလေ။ ဒါတောင် ငါ့အနေနဲ့ သူတို့ကို ဟင်္သာပြဒါးဂြိုဟ်ထဲ ဝင်ရောက်လာတာ မတားဆီးနိုင်ခဲ့ဘူး။ မင်း ချိပ်ပိတ်နယ်မြေအရှင် ဖြစ်လာတဲ့နောက် လူတွေအများကြီး ရောက်လာခဲ့ကြတယ်။ သူတို့က ဒီနေရာကို တော်ဝင်ကုန်းမြေ၊ မြင့်မြတ်တဲ့ကုန်းမြေအဖြစ် ပြောင်းလဲပစ်ဖို့ ကောင်းတဲ့ရည်ရွယ်ချက်နဲ့ လာခဲ့ကြတာပါ။ ငါ့အနေနဲ့ ဒီကျောက်နိုင်ငံတစ်ခုကိုပဲ ရှေးကလို ထိန်းသိမ်းထားနိုင်ခဲ့တယ်…”
ကျိုးဝူထိုင်သည် ခါးသီးစွာ ပြောလိုက်ရင်း တစ်ကျိုက်မော့ချလိုက်တော့သည်။
“မင်းက အတိတ်ကို ဖက်တွယ်တတ်တဲ့ သူတစ်ယောက်ဆိုတာ ငါ သိပါတယ်။ ဖြစ်နိုင်တာက ဒီနေရာဟာ အများကြီး ပြောင်းလဲသွားခဲ့ပြီ။ ဒါက မင်းကို ခပ်တန်းတန်း ဖြစ်စေလိမ့်မယ်…” ကျိုးဝူထိုင်သည် သက်ပြင်းချလိုက်၏။
ဝမ်လင်းသည် စကားမဆိုဘဲ အရက်တစ်အိုးလုံး မော့လိုက်၏။ ထို့နောက် ကျိုးဝူထိုင်သည် နောက်ထပ်အရက်အိုးအချို့ကို ထပ်ထုတ်ကာ ဝမ်လင်းရှေ့တွင် ချပေးသည်။
ကောင်းကင်သည် တဖြည်းဖြည်း မှောင်လာပြီး လရောင်မှာ မြေကမ္ဘာကို ပက်ဖြန်းလာလေပြီ။
သူတို့နှစ်ယောက်သည် လရောင်အောက်တွင် ထိုင်၍ အရက်သောက်နေကြ၏။ သူတို့သည် ဝမ်လင်း၏ အိမ်ဟောင်းတွင် ထိုင်နေကာ အတိတ်အကြောင်း ပြောဆိုသည်။
“တက်တူးကလန်ရဲ့ ယွမ်ချွဲဇီရဲ့သက်တမ်းက အဆုံးသပ်ကို ရောက်သွားခဲ့ပြီ။ ငါ သူ့ကို မြှုပ်ပေးခဲ့တယ်။ သူ မသေခင်ထိ သူက မင်းနာမည်ကို ပြောနေတုန်းပဲ…”
“တိမ်ကောင်းကင်ဟာ အခု အဓိကကလန်ကိုးခုထဲက တစ်ခု ဖြစ်လာခဲ့ပြီ။ ဒါပေမဲ့ ငါတို့သိတဲ့လူတွေတော့ မရှိကြတော့ဘူး။ ဒီကနေ့ ဟင်္သာပြဒါးဂြိုဟ်ဟာ မင်းအပြောနဲ့၊ ငါ့အတွက်တောင် တစိမ်းဆန်သလို ခံစားမိလာရတယ်…”
“အတိတ်တုန်းက နည်းပါးလွန်းတဲ့လူအချို့သာ ကျန်ရှိတော့တယ်…” ကျိုးဝူထိုင်သည် အရက်သောက်နေရင်း သူ့မျက်လုံးထဲတွင် အတိတ်ကို ပြန်မြင်ယောင်နေမိလေသည်။
“မင်း ဟိုဖန်နိုင်ငံရဲ့ ကျိုးဇီဟောင်ကို မှတ်မိသေးလား။ နောက်ပိုင်းမှာ မင်း သူ့ကို သိတယ်လို့ ငါ သိခဲ့ရတယ်။ သူမဟာ သူမရဲ့အမေ ဖန်လန်နဲ့အတူ ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာတည်းက ဒီဂြိုဟ်ကနေ ထွက်သွားခဲ့တယ်။ ငါ ကြားတာတော့ သူမက ဆင့်ခေါ်ခြင်းမြစ်ကြယ်အဖွဲ့အစည်းက ကလန်တစ်ခုထံ ဝင်ရောက်ခဲ့တယ်တဲ့…”
“ကျိုးဇီဟောင်ရဲ့ တာအိုလက်တွဲဖော်ကတော့ ပြီးခဲ့တဲ့နှစ်အချို့က မဟာတိုက်ပွဲအတွင်းမှာ သေဆုံးသွားခဲ့တယ်လေ…”
ဝမ်လင်းသည် ကျိုးဝူထိုင်၏စကားများကို နားထောင်နေကာ အရက်ကို ငြိမ်သက်စွာသောက်နေ၏။ အရက်တစ်အိုးပြီးတစ်အိုး။
“ဝမ်လင်း…အမှန်တော့ ငါ မင်းကို မနာလို ဖြစ်မိတယ်…” လရောင်သည် ပိုအားကောင်းလာသည်။ တောက်ပသောလမင်းသည် ကောင်းကင်ယံတွင် တွဲလွဲခိုနေ၏။ ကျိုးဝူထိုင်သည် အတော်လေး သောက်ပြီးခဲ့သည့်ပုံပင်။ ဖြစ်နိုင်သည်မှာ သူ့ခန္ဓာကိုယ်က မူးခြင်း မဟုတ်။ သူ့စိတ်ဝိညာဉ်က မူးနေခြင်းပင်။
“မင်းဟာ ဟင်္သာပြဒါးဂြိုဟ်ကနေ ထွက်သွားဝံ့ခဲ့တယ်။ သေခြင်းရှင်ခြင်းကြား စိန်ခေါ် ရုန်းကန်ရဲခဲ့တယ်။ ငါကတော့ မလုပ်ဝံ့ခဲ့ဘူး။ ငါက ဒီနေရာကိုပဲ စောင့်ကြပ်နေခဲ့တာလေ…” ကျိုးဝူထိုင်၏မျက်နှာတွင် ခါးသီးမှုများ ပြည့်လာ၏။
“ငါ နှစ်ပေါင်းတစ်ထောင်ကျော်လောက် စောင့်ကြပ်နေခဲ့ပြီးပြီး။ မင်း ငါ့ကို ဟင်္သာပြဒါးဂြိုဟ်ရဲ့အရှင်သခင်အဖြစ် ညွှန်းဆိုခဲ့ပြီးတဲ့နောက် မင်း ဒီဂြိုဟ်ကနေ ထွက်သွားတဲ့အချိန်က ပုံရိပ်ကို ငါ ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်ဘူး။ အတိတ်တုန်းကလည်း ငါ မင်းကို မနာလိုအားကျ ဖြစ်မိခဲ့တာပဲ။ ဒါပေမဲ့ ဒီနေ့လောက်တော့ အားမကောင်းဘူးပေါ့…”
“မင်း ငါ့တပည့်အကြောင်း မှတ်မိသေးလား…” ကျိုးဝူထိုင်သည် အားပါးတရ မော့ချလိုက်၏။ သူ့မျက်လုံးထဲတွင် ဝမ်းနည်းမှုတို့ ဖြစ်ပေါ်လာသည်။
“သူ သေသွားခဲ့တာ နှစ်ပေါင်းကြာလွန်းခဲ့ပါပြီ။ သူဟာ ငါ့နယ်ပယ်ရဲ့ အစိတ်အပိုင်းတစ်ခုပဲ။ ငါ သူ့ကို ကတိပေးခဲ့တာက ငါဟာ သူ သေတဲ့အထိ အတူရှိနေပေးမယ် ဆိုတာပဲ။ ငါ သူ့ကို ဟင်္သာပြဒါးဂြိုဟ်ပေါ်မှာပဲ မြှုပ်နှံ့ပေးခဲ့တယ်။ ငါ ဟင်္သာပြဒါးဂြိုဟ်ကနေ ထွက်သွားချင်တဲ့အခါတိုင်း ငါ သူ့ရှိကို သွားပြီး သူ့အုတ်ဂူရှေ့မှာ ငြိမ်သက်စွာ ထိုင်သောက်နေမိတယ်…” ကျိုးဝူထိုင်သည် ခေါင်းငုံ့လိုက်၏။
“ငါ့တပည့်ဟာ တကယ်တော့ သူ့မွေးရပ်မြေအိမ်ကို ချစ်ခင်တယ်။ သူက သူ့မွေးရပ်မြေကနေ မထွက်သွားချင်ခဲ့ဘူး…”
ဝမ်လင်းသည် စကားမဆိုပေ။ သူသည် စန်မိသားစု၏ အရက်ကို ကျိုးဝူထိုင်နှင့်အတူ လရောင် ပျောက်ကွယ်သွားသည့်အချိန်ထိ ထိုင်သောက်နေလေ၏။ ကောင်းကင်သည် ဖြူလွှလွှ ပြန်ဖြစ်လာကာ နေမင်း ထွက်ပေါ်လာခဲ့ပြီ။
“ဝမ်လင်း…အနီရောင်လိပ်ပြာ မသေလောက်သေးဘူး…” စိတ်အတွင်းမှ မူးနေသော ကျိုးဝူထိုင်သည် မိုးသောက်သည့်အခိုက်တွင် အနှီစကားကို ပြောချလိုက်လေ၏။
***