ဆံပင်ရှည်ရှည်နှင့် စိတ်ဝိညာဉ်
Vol. 118 Ch. 1625
ဝမ်လင်းသည် ကျိုးဝူထိုင်၏ ထိုစကားကြောင့် အရက်အိုးကို လှမ်းကိုင်လိုက်သော သူ့လက်သည် တန့်သွားလေ၏။
ဝမ်လင်း၏မျက်လုံးရှေ့တွင် ထိုအလွန်အမင်းဂုဏ်မောက်သော စိတ်ဝိညာဉ်တစ်ခုကို ပြန်မြင်ယောင်မိ၏။ ထိုအနီရောင်စိတ်ဝိညာဉ်သည် မာန၊အထီးကျန်မှုတို့နှင့် ပြည့်နှက်ခဲ့ကာ ဟင်္သာပြဒါးဂြိုဟ်ပေါ်တွင် တောက်ပလွန်းခဲ့သည်။
အနီရောင်လိပ်ပြာ၏ သက်တမ်းသည် တိုတောင်းလွန်းလှ၏။ သို့သော် သူမရှိခဲ့စဉ်က တောက်ပမှုသည် ဝမ်လင်းလိုလူမျိုးအတွက်ပင် မေ့ဖျောက်ပစ်ရန် ခက်ခဲလေမည်။
ထိုအမျိုးသမီးသည် အညံ့ခံမည့်အစား အသေခံပေမည်။ ထိုအလွန်တရာ အေးစက်သော အမျိုးသမီးကို ဟင်္သာပြဒါးဂြိုဟ်ပေါ်ရှိ ဂျူနီယာများ လေးစားခဲ့ရ၏။ မော်၍ပင် မကြည့်ဝံ့ ဖြစ်ခဲ့ဖူးသည်။ အနီရောင်လိပ်ပြာသည် သူမ၏နာမည်အတိုင်း ကောင်းကင်နှင့်မြေပြင်ရှိ အတောက်ပဆုံး အနီရောင်အလင်းဖြင့် ဖွဲ့စည်းခဲ့သော လိပ်ပြာတစ်ကောင် ဖြစ်ခဲ့သည်။
ထိုလိပ်ပြာမှာ အလွန်လှ၏။ မရေမတွက်နိုင်သောလူများသည်လည်း သူမကို မေ့နိုင်ကြမည် မဟုတ်ပေ။
ဝမ်လင်းသည် လက်ထဲမှ အရက်အိုးကို ဖြည်းဖြည်းချကာ အတိတ်ကို ပြန်တွေးမိသည်။ သူက ကျိုးဝူထိုင်ကို ကြည့်လိုက်၏။
ကျိုးဝူထိုင်က ခေါင်းမော့ကာ ဝမ်လင်းကို ပြန်ကြည့်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “အနီရောင်လိပ်ပြာကို ရွှယ်ယွဲ့နိုင်ငံက ပိုင်ဆိုင်ခဲ့တာ။ ရွှယ်ယွဲ့နိုင်ငံဟာ ခေတ်ကာလတွေကြား ပျောက်ဆုံးသွားခဲ့တာ ကြာပြီ ဖြစ်တဲ့ ရွှယ်ယွဲ့နိုင်ငံဟာ မင်းရဲ့ ချိပ်ပိတ်မှုနဲ့ ဆက်နွှယ်နေခဲ့တယ်။ ရွှယ်ယွဲ့နိုင်ငံက ကြွင်းကျန်ခဲ့တဲ့ ကျင့်ကြံသူတွေဟာ ခုဆို အဓိကကလန်ကိုးခုကြားမှာ တကွဲတပြား ရောက်နေကြတယ်…”
“ဒါပေမဲ့လည်း ရွှယ်ယွဲ့နိုင်ငံ ဖျက်သိမ်းခံရတဲ့နောက် ငါဟာ ဗလာကင်းမဲ့နေတဲ့ဧရိယာတစ်ခုကို ရှာတွေ့ခဲ့တယ်…” ကျိုးဝူထိုင်၏အမူအရာသည် လေးနက်လာပြီး သူက အရက်တစ်ငုံသောက်လိုက်သည်။
“မင်း အနီရောင်လိပ်ပြာရဲ့ ဆရာကို မှတ်မိသေးလား။ သူမရဲ့ဆရာက အနီရောင်လိပ်ပြာ သေရေးရှင်ရေးကပ်ဘေးတစ်ခုကို ရင်ဆိုင်ရလိမ့်မယ်လို့ ကြိုမြင်ခဲ့တယ်လေ။ သူမသာ အဲ့ကပ်ဘေးမှာ အသက်ရှင်နိုင်ခဲ့ရင် သူမရဲ့ဒြပ်စင်ငါးခုခန္ဓာကိုယ်ဟာ ပြီးပြည့်စုံခဲ့လိမ့်မယ်…”
ဝမ်လင်းသည် ခေါင်းညိတ်လိုက်၏။
ကျိုးဝူထိုင်သည် တည်ငြိမ်စွာ ပြောလိုက်သည်။ “ငါ ရှာတွေ့ခဲ့တဲ့နေရာကို သူမမသေခင် အနီရောင်လိပ်ပြာရဲ့ဆရာက ချိပ်ပိတ်ထားခဲ့တာ။ အနီရောင်လိပ်ပြာရဲ့ဆရာ ကျင့်ကြံမှုအဆင့်ဟာ မမြင့်မားလှဘူး။ အဲ့တစ်ခုက ငါ့ကို စိတ်ရှုပ်ထွေးစေခဲ့တယ်။ သူမက အဲ့လိုရှုပ်ထွေးလှတဲ့ အစီအရင်တစ်ခုကို ဘယ်လိုများ ချခင်းနိုင်ခဲ့တာလဲပေါ့။ အဲ့အစီအရင်ထဲမှာ အနီရောင်လိပ်ပြာရဲ့ ဆံချည်မျှင်တစ်ခု ရှိနေခဲ့တယ်…”
“ဘာအစီအရင်လဲ…” ဝမ်လင်းသည် အတော်လေး ထူးဆန်းသလို ခံစားမိကာ သူ့မျက်လုံးသည် ကျဉ်းမြောင်းသွားလေ၏။
ဝမ်လင်းသည် သူ့မိဘနှစ်ပါး၏ အုတ်ဂူကို ကြည့်သည်။ ဒီဂြိုဟ်သို့ သူ ပြန်လာသည့် ရည်ရွယ်ချက်မှာ သူ့မိဘနှစ်ပါးကို ဂါဝရပြုရန် ဖြစ်သည်။ သူက အသက်ဝဝရှုသွင်းလိုက်ပြီးနောက် အရူးကို မနှိုးတော့ဘဲ ကျိုးဝူထိုင်နှင့်အတူ ကောင်းကင်ထက်သို့ ခြေလှမ်းလိုက်လေ၏။
ဟင်္သာပြဒါးဂြိုဟ်၏ မြောက်ဘက်ပိုင်းတွင် တောင်တန်းတစ်ခု ရှိလေ၏။ ထိုတောင်တန်းတွင် ဟင်္သာပြဒါးရုပ်တုကြီးတစ်ခု ရှိသည်။ ၎င်းသည် အတိတ်တုန်းက တစ်စုံတစ်ခု ဖြစ်ပြီး ကျိုးဝူထိုင်၏ လှိုဏ်ဂူပင်။
ဝမ်လင်းနှင့် ကျိုးဝူထိုင်တို့ ပေါ်လာသည့်အခါ ကောင်းကင်သည် တွန့်ခေါက်ပုံပျက်သွားသည်။ ကျိုးဝူထိုင်က ဦးဆောင်၍ ထိုရုပ်တုအတွင်းသို့ ဝမ်လင်းနှင့်အတူ ဝင်လာသည်။ ရုပ်တုအတွင်း၌ အဆောက်အအုံတစ်ခု ရှိနေသည်။
ကျောက်သားအခန်းများထဲမှ တစ်ခုထံ၌ ဝမ်လင်းသည် ကျိုးဝူထိုင် ဒီနေရာသို့ ရွှေ့လာသော ဆန်းကြယ်သည့်အစီအရင်တစ်ခု ရှိလို့နေသည်။
ထိုအစီအရင်သည် ပေတစ်ရာခန့် ကျယ်ပြောကာ အခန်းတစ်ခုလုံးတွင် ပြည့်နေသည်။ ထို့အတွက် ဤအခန်းသည် ရေခဲများဖြင့် ဖုံးလွှမ်းနေ၏။
အစီအရင်၏ ဗဟိုချက်တွင် ဆံချည်မျှင်တစ်ခု ရှိသည်။ ယင်းအစီအရင်က နှစ်ပေါင်းများစွာ အသက်မဝင်တော့တာ ကြာသည့်ပုံပေါ်၏။
“ဒီအစီအရင်ပဲ…” ကျိုးဝူထိုင်က ထိုအစီအရင်ကို ကြည့်လိုက်၏။
“အနီရောင်လိပ်ပြာရဲ့ ဆရာဟာ သူမရဲ့ ကျင့်ကြံမှုအဆင့်နဲ့ ဒီအစီအရင်ကို ချခင်းနိုင်ခဲ့တာ ငါ မယုံကြည်ဘူး…”
ဝမ်လင်းသည် ထိုအစီအရင်ထဲသို့ ခြေချကာ ခေါင်းငုံ့ကြည့်လိုက်၏။ သူက ၎င်းကို သေသေချာချာ စူးစမ်းကြည့်သည်။ ယင်းအစီအရင်သည် အတော်လေး ရှုပ်ထွေးပြီး အတားအဆီးများစွာ ပါဝင်၏။ ကျိုးဝူထိုင်ပြောသလိုပင် အနှီအစီအရင်ကို ပထမအဆင့်ကျင့်ကြံသူများအနေဖြင့် ချခင်းနိုင်လိမ့်မည် မဟုတ်ပေ။
ကျိုးဝူထိုင်က ဖြည်းဖြည်းချင်း ပြောလိုက်၏။ “ဒီအစီအရင်ကို ငါ တွေ့ခဲ့တဲ့အချိန်က ၎င်းဟာ ရပ်တန့်နေတာကြောင့် မဟုတ်ရင် ငါပါ ဒဏ်ရာရသွားလောက်တယ်…”
ဝမ်လင်းသည် ဆောင့်ကြောင့်ထိုင်ချကာ သူ့လက်ဖြင့် ရေခဲပေါ်သို့ တင်လိုက်၏။ ရေခဲသည် တွန့်ခေါက်သွားပြီး ကျယ်လောင်စွာတုန်ဟည်းသံများ ပဲ့တင်ထပ်၏။ အစီအရင်သည် အသက်ဝင်မည့် အရိပ်အယောင်များ ပြသလာသည်။
ကောက်ချက်ချအလင်းများ ဝမ်လင်း၏မျက်လုံးထဲတွင် ဖြစ်ပေါ်လာ၏။ ခဏအကြာတွင် သူက သူ့ညာလက်ကို ပြန်ဖြေလျော့လိုက်သည်။ သူ့ညာလက်ကို ရေခဲထံမှ ဖယ်ရှားလိုက်သည့်နောက် အစီအရင်မှာ ရပ်တန့်သွား၏။
ဝမ်လင်းသည် အနည်းငယ်စဉ်းစားပြီးနောက် တည်ငြိမ်စွာ ပြောလိုက်၏။ “ဒါဟာ စိတ်ဝိညာဉ်ခွဲခြမ်းခြင်း တည်နေရာရွှေ့ပြောင်းတဲ့အစီအရင်ပဲ…”
“ဒီအစီအရင်ကို နိဗ္ဗာနသန့်စင်ခြင်းအထွတ်အထိပ်အဆင့်နဲ့ ဒီထက်မြင့်မားတဲ့အဆင့်ရှိတဲ့သူတွေကသာ ချခင်းနိုင်လိမ့်မယ်။ အနီရောင်လိပ်ပြာရဲ့ ဆရာ ချခင်းနိုင်တဲ့အရာမျိုး မဟုတ်ဘူး။ ဒါမှမဟုတ် သူမရဲ့ကျင့်ကြံမှုအဆင့်ကိုများ ဖုံးကွယ်ထားခဲ့တာလား။ ဒါပေမဲ့လည်း သူမဟာ သူမရဲ့ ကျင့်ကြံမှုအဆင့်ကို ဖုံးကွယ်ထားခဲ့တယ်ဆိုရင်လည်း အနီရောင်လိပ်ပြာ ကြုံခဲ့ရတဲ့ သေဆုံးခဲ့ရတဲ့အဖြစ်ကို ရှင်းပြလို့ ရနိုင်မှာ မဟုတ်တော့ပြန်ဘူး…”
ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်နေ၏။ သူက သေချာလေ့လာကြည့်နေသည်။ “ဒီအစီအရင်ရဲ့ လုပ်ဆောင်မှုက သူမရဲ့ ဆံချည်မျှင်ကို အသုံးပြုပြီး စိတ်ဝိညာဉ်တစိတ်တပိုင်းကို တည်နေရာရွှေ့ပြောင်းပေးတာ။ အဲ့အစီအရင်က ဘယ်နေရာကို တည်နေရာရွှေ့ပြောင်းပေးလိုက်လဲတော့ ငါလည်း မသိဘူး…။ ဒီဆံချည်မျှင်မှာ အနီရောင်လိပ်ပြာရဲ့ အော်ရာ တကယ်ပဲ ပါဝင်နေတယ်။ အနီရောင်လိပ်ပြာက တကယ် မသေသေးတာ ဖြစ်နိုင်တယ်…”
ထိုကိစ္စက ဝမ်လင်းကို အံ့အားသင့်စေခဲ့၏။ သူသည် ဟင်္သာပြဒါးဂြိုဟ်ပေါ်၌ ခုလိုလျှို့ဝှက်ချက်တစ်ခုကို တွေ့ရှိရလိမ့်မည်ဟု မမျှော်လင့်ထားမိခဲ့ပေ။
“အတိတ်တုန်းက အနီရောင်လိပ်ပြာရဲ့ဆရာဟာ အနီရောင်လိပ်ပြာ သေခြင်းရှင်ခြင်းကပ်ဘေးတစ်ခုကို ရင်ဆိုင်ရလိမ့်မယ်လို့ ကြိုသိမြင်ခဲ့တယ်။ သူမက ဒီကပ်ဘေးဟာ ရှောင်နိုင်ဖို့ ခက်ခဲတာကိုလည်း သိခဲ့ပုံရတယ်။ ဒါ့ကြောင့်လည်း ဒီအစီအရင်ကို လုပ်ဆောင်ခဲ့တာ။ သူမက အနီရောင်လိပ်ပြာ ကပ်ဘေး မကြုံရခင် ဒီအစီအရင်ကို ချခင်းထားခဲ့တာပဲ။ သူမက အနီရောင်လိပ်ပြာရဲ့ စိတ်ဝိညာဉ်တစိတ်တပိုင်းကို ယူပြီး အဝေးကို ပို့လိုက်တာ။ သူမက ဒီနည်းလမ်းကို သုံးပြီး အနီရောင်လိပ်ပြာအတွက် အသက်ရှင်နိုင်မယ့် အခွင့်အရေးရစေချင်တာပဲ…”
“ဒါ့ကြောင့် အနီရောင်လိပ်ပြာ သေသွားခဲ့ရင်တောင် သူမရဲ့ စိတ်ဝိညာဉ်အစိတ်အပိုင်းနဲ့ သူမဟာ ပြန်မွေးဖွားလာနိုင်ပြီး ကပ်ဘေးကို ရှောင်နိုင်လိမ့်မယ်…” ဝမ်လင်းသည် ထရပ်ကာ ကျိုးဝူထိုင်ကို ကြည့်လိုက်၏။
ကျိုးဝူထိုင်က စတင် တွေးနေ၏။ အချိန်အတန်ကြာ စဉ်းစားပြီးနောက် သူက ပြောလိုက်သည်။ “ငါ ဒီအစီအရင်ကိုတွေ့တဲ့နောက် ဟင်္သာပြဒါးဂြိုဟ်ရဲ့ အရင်မှတ်တမ်းဟောင်းတွေကို ရှာဖွေကြည့်ခဲ့တယ်။ အဲ့မှာ ငါ လျှို့ဝှက်ချက်တစ်ခုကို တွေ့ခဲ့တယ်။ ရွှယ်ယွဲ့နိုင်ငံရဲ့ ကျင့်ကြံသူတွေဟာလည်း ဘီလူးနတ်ဆိုးကလန်လိုမျိုး ပြင်ပက ကျင့်ကြံသူတွေ ဖြစ်ကြတယ် ဆိုတာပဲ…”
ဝမ်လင်းသည် ငြိမ်သက်စွာ တွေးနေ၏။ ထို့နောက် သူသည် အခန်းထဲမှ ထွက်လာ၏။ သူသည် ဟင်္သာပြဒါးရုပ်တုထိပ်တွင် ရပ်လိုက်သည်။ သူ့အကြည့်က လောကကို ထွင်းဖောက်သွားသည့်အလား ကျယ်ပြောသောဟင်းလင်းပြင်ထဲ ဝင်ရောက်သွားလေသည်။
“အမှန်တရားက ဘာပဲဖြစ်ဖြစ် အနီရောင်လိပ်ပြာ အသက်ရှင်နေသေးတာဟာ ပျော်စရာကိစ္စတစ်ခုပဲ။ ဖြစ်နိုင်တာက ခုချိန်မှာ သူမဟာ တစ်နေရာရာကနေ ဟင်္သာပြဒါးဂြိုဟ်ကိုများ ကြည့်နေမလား။ ဒါပေမဲ့လည်း ငါ သိချင်တာက သူမမှာ ဒီနေရာနဲ့ ပတ်သတ်တဲ့ အတိတ်ကမှတ်ဉာဏ်တွေ ပိုင်ဆိုင်နေသေးလား ဆိုတာပဲ။ သူမသာ အတိတ်ကို မှတ်မိခဲ့ရင်…” ဝမ်လင်း၏ ပေါ့ပေါ့ပါးပါးအသံက ကျိုးဝူထိုင်နားထဲသို့ ဝင်ရောက်လာ၏။
“သူမ မသေသေးတဲ့အတွက် ငါလည်း ပျော်မိပါတယ်။ တကယ်တော့ အသိဟောင်းတေွက သိပ်မကျန်တော့ဘူးလေ။ ငါ့ဘဝသက်တမ်းမှာ ငါ သူမနဲ့ ထပ်တွေ့ရဖို့ မျှော်လင့်မိပါတယ်…” ကျိုးဝူထိုင်သည် ပြုံးလိုက်ပြီးနောက် သက်ပြင်းချကာ ခေါင်းညိတ်လိုက်သည်။ အတိတ်တုန်းက အမုန်းတရားသည် အချိန်ကာလအောက်တွင် ပျောက်ကွယ်သွားခဲ့သည်မှာ ကြာခဲ့လေပြီ။
“ငါ သူမကို မြင်ခဲ့ဖူးတာ များလား…” ဝမ်လင်းသည် အတိတ်နှစ်ပေါင်းနှစ်ထောင်ကို ပြန်မြင်ယောင်ကြည့်နေရင်း သူ့မျက်လုံးမှာ ကျဉ်းမြောင်းသွား၏။ သို့သော် သူသည် အဖြေတစ်ခု မရှာနိုင်ပေ။
“ထားလိုက်ပါတော့လေ။ သူမသာ ငါတို့ကို သိစေချင်ရင် တနေ့ကျ ငါတို့ သူမနဲ့ ထပ်တွေ့ရမှာပေါ့။ သူမ မသိချင်တော့ရင်လည်း ငါတို့က သူမ သေသွားပြီလို့ပဲ တွေးထားတာပေါ့လေ…” ကျိုးဝူထိုင်က အနည်းငယ် စိတ်ဖိစီးနေဟန် ရ၏။ သူက ဝမ်လင်းကို ကြည့်ကာ တစ်ခုခုပြောချင်နေသည့်အလား။ သို့သော် အဆုံးသပ်၌ သူ မပြောတော့ပေ။
“အစ်ကိုကျိုး…ငါ ထွက်သွားတော့မယ်…” ဝမ်လင်းသည် ကျိုးဝူထိုင်ဘက်သို့ လှည့်ကာ လက်နှစ်ဖက်ဆုပ်ကာ နှုတ်ဆက်ဟန် ပြု၏။
ကျိုးဝူထိုင်၏အမူအရာသည် စိတ်ရှုပ်ထွေးသလို ဖြစ်လာပြီး အနည်းငယ် ချီတုံချတုံ ဖြစ်ပြီးနောက် သူက လက်နှစ်ဖက်ဆုပ်ကာ မေးလိုက်သည်။ “မင်း….လျှိုမေကို ဒီနှစ်တွေမှာ မြင်ခဲ့ရသေးလား…”
ဝမ်လင်းသည် ကျိုးဝူထိုင်ကို ကြည့်လိုက်၏။ ခဏအကြာတွင် သူက ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ငါ သူမကို မြင်ခဲ့ပါတယ်။ သူမ သေသွားပြီ…”
ကျိုးဝူထိုင်၏ မျက်နှာသည် ဖြူရောကာ သူသည် ခေါင်းယမ်း၍ ဘာတစ်ခုမှ ဆက်မပြောတော့ပေ။
ဝမ်လင်း ထွက်ခွာလာ၏။
သူ့ပုံရိပ်သည် ဟင်္သာပြဒါးရုပ်တုထံမှ ပျောက်ကွယ်သွား၏။ ကျိုးဝူထိုင်သည် ထိုရုပ်တုပေါ်တွင် ငြိမ်သက်စွာ ထိုင်နေရင်း ဝမ်လင်း ပျောက်ကွယ်သွားသော နေရာသို့ ကြည့်နေသည်။ သူသည် ပို၍ မတက်မကြွ ဖြစ်လာ၏။
“လျှိုမေ သေသွားခဲ့ပြီလား…” ကျိုးဝူထိုင်သည် သက်ပြင်းချလိုက်၏။ သူသည် အရက်တစ်အိုးကို ထုတ်ကာ စသောက်လေ၏။ လွန်ခဲ့သောနှစ်ပေါင်းနှစ်ထောင်တည်းက သူ့နှလုံးသားတွင် ပုံရိပ်တစ်ခု အမြဲ ရှိခဲ့၏။ ထိုပုံရိပ်မှာ မည်သည့်အခါကမျှ ပျောက်ကွယ်မသွားခဲ့ပေ။
သူသည် ညနက်သည့်အထိ သောက်နေ၏။ ကျိုးဝူထိုင်သည် ကောင်းကင်ထက်သို့ ကြည့်က စတင် ရယ်မောလေသည်။ သူ့ရယ်သံတွင် ဝမ်းနည်းမှုများ ပြည့်နေသည်။ အတိတ်တုန်းက သူ လျှိုမေ့ကို သဘောကျခဲ့သည်ကို မည်သူကမျှ မသိခဲ့လေပေ။
ဝမ်လင်းသည် ကျိုးဝူထိုင်၏ အခုအမူအရာကနေသာ ထိုအချက်ကို သတိပြုမိခဲ့၏။ သို့သော် သူ မည်သို့ ဆိုနိုင်ပါမည်နည်း။
ဝမ်လင်းသည် ခုနစ်ရက်တိုင်တိုင် သူ့မိဘနှစ်ပါး၏ အုတ်ဂူရှေ့တွင် ဂါဝရပြုနေ၏။ ထိုခုနစ်ရက်အတွင်း သူ မထွက်သွားခဲ့ပေ။ သူသည် အုတ်ဂူရှေ့တွင် ထိုင်ကာ အရက်သောက်နေခဲ့၏။
ခုနစ်ရက်အတွင်း ဝမ်လင်း၏စိတ်နှလုံးမှာ တဖြည်းဖြည်း ပြန်တည်ငြိမ်လာခဲ့၏။ သူသည် တွေးတောခြင်းကို ရပ်တန့်ထားသော အဘိုးအိုတစ်ယောက်ကဲ့သို့ပင်။ သူသည် သူ့ခန္ဓာကိုယ်တွင်းရှိ တွန်းကန်အားအကြောင်းလည်း မတွေးပေ။ သူသည် သူ့မိဘနှစ်ပါးနှင့် အဖော်ပြုနေခြင်းဖြင့် ဝမ်းနည်းမှု၊ နွေးထွေးမှုတို့အတွင်း နစ်မြုပ်နေ၏။ သူသည် တစ်ရက်ပြီးတစ်ရက် ဆိတ်ငြိမ်စွာ ကုန်ဆုံးနေသည်။
အရူးသည် အချိန်အတန်ကြာကတည်းက နိုးနေပြီ ဖြစ်၏။ သူက ခေါင်းကုတ်ကာ ဝမ်လင်၏နားထဲသို့ တရစပ် စကားများ လွှတ်လေတော့၏။ ဝမ်လင်းထံမှ အရက်ကို အနည်းငယ် ယူသောက်ပြီးနောက် သူက ပို၍ပင် စကားများလာသည်။
အရက်အတော်လေး သောက်ပြီးနောက် အရူးက မူးသွားဟန်ရကာ သီချင်းစဟစ်တော့၏။ ထိုအဖြစ်က သည်အိမ်အိုကြီး၏ ပတ်လည်ရှိ ဝမ်းနည်းမှုကို အနည်းငယ်မျှ လျော့ပါးသွားစေသည်။
ရှစ်ရက်မြောက်နေ့တွင် ဝမ်လင်းက သူ့မိဘနှစ်ပါး၏ အုတ်ဂူကို ဉီးညွှတ်ဂါဝရပြုကာ သူ့မွေးရပ်မြေ၏ လေကို တဝကြီး ရှိုက်သွင်းလိုက်၏။ သူသည် ထိုအုတ်ဂူကို ကြည့်လိုက်ပြီးနောက် နောက်လှည့်ကာ ထွက်လာတော့သည်။
ထိုခြေတစ်လှမ်းဖြင့်ပင် သူသည် အိမ်ပြန်လာသော သေမျိုးတစ်ယောက်အဖြစ်မှ ကျင့်ကြံသူတစ်ယောက်အဖြစ်သို့ ပြန်ရောက်သွားလေပြီ။ ရက်စက်သောကျင့်ကြံသူတစ်ယောက်။
ထိုသို့ဖြင့် ဝမ်လင်းသည် သေမျိုးကမ္ဘာမှသည် သွေးလွှမ်းသော ကျင့်ကြံခြင်းလောကသို့ ပြန်ရောက်လာခဲ့ပေပြီ။ အခု သူ့မျက်နှာထက်၌ သူ့မိဘနှစ်ပါး၏ နွေးထွေးမှုများ ရှိမနေတော့။ ကျင့်ကြံခြင်းလမ်းကြောင်း၏ အန္တရာယ်အဖုံဖုံ၊ ဉာဏ်နီဉာဏ်နက်မျိုးစုံကို သူ ရင်ဆိုင်ရပေတော့မည်။
ထိုလမ်းမှာ အပြန်မရှိသောလမ်း ဖြစ်၏။ ထိုလောကသို့ ခြေချမိသည်နှင့် သင်သည် ဆက်လျှောက်ရမည်သာ။ သင် မရပ်တန့်နိုင်ပေ။ သင် အတိတ်ကို ပြန်စောင်းငဲ့ကြည့်လျှင်ပင် တခဏသာ ဖြစ်ပေလိမ့်မည်။
“ဟင်္သာပြဒါးဂြိုဟ်ပေါ်မှာ ငါ နောက်ဆုံးသွားဖို့ လိုအပ်တဲ့နေရာတစ်ခု ရှိသေးတယ်…” ဝမ်လင်းသည် အရူးနှင့်အတူ ကောင်းကင်ထက်တွင် ပျံသန်းလာပြီး သူ့အကြည့်က အကွာအဝေးတစ်ခုထံသို့ ရောက်သည်။
၎င်းမှာ တက်တူးကလန် တည်ရှိနေသော တွင်းနက်နေရာပင်။ ယင်းနေရာသည် ဟင်္သာငှက်နတ်အင်ပါယာဟောင်း သွားချင်ခဲ့သော နေရာလည်း ဟုတ်သည်။
ထိုတွင်းနက်ထဲရှိ ဆယ့်ကိုးခုမြောက်အလွှာမှ လျှို့ဝှက်ချက်သည် ဝမ်လင်းကို ပြဿနာ ဖြစ်နေစေသည်မှာ အချိန်ကြာမြင့်ခဲ့လေပြီ။
ဖျပ်ခနဲအတွင်း ဝမ်လင်းသည် တတွတ်တွတ် ပြောနေသော အရူးကို ခေါ်ကာ တက်တူးကလန်၏ တွင်းနက်ထံသို့ ပျံသန်းလာလေ၏။
***