← Chapters

ခိုးရာလိုက်သွားကြတာတော့ မဟုတ်ဘူးမလား

Vol. 37 Ch. 525

ခိုးရာလိုက်သွားကြတာတော့ မဟုတ်ဘူးမလား

Vol. 37 Ch. 525

အခန်း (၅၂၅) ခိုးရာလိုက်သွားကြတာတော့ မဟုတ်ဘူးမလား

ခရီးလမ်းတွင် ရန်ကျောက်ကဲက ဖန်းခန်း ၊ လင်ချန်းချန်တို့နှင့်တိုက်ခိုက်ပြီး မိုးမြေတုန်လှုပ်စေသောတိုက်ပွဲများ ဆင်နွှဲခဲ့သည့်တိုင် သူ့ကြောင့် ရွှီဖေးနှင့် ရှီကျွင်းလေးတို့ ထိခိုက်မည်ကို စိုးရိမ်သောကြောင့် သူတို့၏ ပတ်သက်မှုကို ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပေ။

ချန်လီတောင်ကို ရောက်လာပြီးနောက် ရှီကျွင်းလေး အတွေ့အကြုံရှာဖွေရန် ခရီးထွက်သွားကြောင်း သိရသည့်အခါ အစောပိုင်း သူ၏တိုးတက်မှုများကို ကြားသိထားသဖြင့် ရန်ကျောက်ကဲ ဝမ်းသာမိသည်။

လက်ရှိတွင်...

လင်ချန်းချန်က ပုံရိပ်ယောင်မိစ္ဆာသိုင်းပညာ၏ အားနည်းချက်ကို ရန်ကျောက်ကဲက ဖော်ထုတ်ခဲ့သဖြင့် အခြားသူများ၏ တိုက်ခိုက်မှုကို မခံရစေရန် သတိထား ပုန်းရှောင်နေမည် ဖြစ်သည်။

ကြံ့ဝိညာဉ်ကျွန်းသခင် သေဆုံးသွားသည့်တိုင် ကြံ့ဝိညာဉ်ကျွန်းတွင် အထွတ်ထိပ်သိုင်းကျင့်ကြံသူ များစွာရှိသေးသည်ဖြစ်ရာ ရန်ကျောက်ကဲ ချန်ထားခဲ့သော လင်ကန်းမိုးရေစက်များအတွက်  ပြန်လမ်းမဲ့ဝိညာဉ်ဂိုဏ်းနှင့် သေချာပေါက် ပဋိပက္ခ ဖြစ်ပေဦးမည်။

သို့သော် သူနှင့်ရန်ငြိုးဖွဲ့ထားသူမှာ သမုဒ္ဒရာကမ္ဘာမှ ထိပ်သီးသိုင်းဂိုဏ်းကြီးတစ်ခုဖြစ်ကြောင်း ရန်ကျောက်ကဲ မမေ့လျော့ခဲ့ပေ။

ထို့ပြင် သူက ရှားလော်ဂိုဏ်းမှ ထိပ်တန်းသိုင်းသမားဖြစ်သော အမှောင်မိစ္ဆာ ‘ကျန်းရှုန်’ တို့အုပ်စုကိုလည်း ဝင်္ကပါပင်လယ်တွင် သတ်ဖြတ်ခဲ့သေး၏။

အဆိုပါသတင်းကို ကနဦးကတည်းက ကြံ့ဝိညာဉ်ကျွန်းမှ လူတိုင်း သိခဲ့ကြသည်ပင်။

ပင်လယ်နက်စင်္ကြံတိုက်ပွဲအကြောင်း သတင်းရတော့ ရှားလော်ဂိုဏ်းက ရန်ကျောက်ကဲကို လက်စားချေရန် အမီလိုက်လာခဲ့သေးသည်။ သို့သော် ကံဆိုးသည်လားမသိ ၊ ကံကောင်းသည်လားမသိ သူတို့ရောက်သည်မှာ အလွန်နောက်ကျပြီး တိုက်ပွဲကပြီးသွားခဲ့ပြီ။

ရှားလော်ဂိုဏ်းချုပ်ရောက်လာတော့ ပင်လယ်နက်စင်္ကြံတိုက်ပွဲပြီးဆုံးသွားသည်မှာ အချိန်အတန်ကြာပြီး ရန်ကျောက်ကဲသည်ပင် အေးအေးဆေးဆေး ထွက်ခွာသွားပြီ ဖြစ်သည်။

ထိုလူငယ်တွင် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားရှိနေကြောင်း သတင်းကြားသည့်အခါ ရှားလော်ဂိုဏ်းချုပ်မှာ မချိပြုံးသာပြုံးနိုင်ပြီး ရန်ကျောက်ကဲနောက်လိုက်ရန် သတ္တိမရှိခဲ့ပေ။

ရှားလော်ဂိုဏ်းမှလူများက သူနှင့် ရွှီဖေး ၊ ရှီကျွင်း‌လေးတို့ ပတ်သက်မှုရှိနေကြောင်း သိသွားပါက ရှီကျွင်းအတွက် အန္တရယ်ဖြစ်မည်ကို အနည်းငယ် စိုးရိမ်မိသည်။

ယခု ရှီကျွင်းပျောက်သွားသည်ဆိုခြင်းမှာ ရှားလော်ဂိုဏ်းနှင့် ပတ်သက်နေမည်လား သံသယဝင်မိသည်။ သို့ပေသိ ရှီကျွင်းက သွေးနီနဂါးဂိုဏ်းမှ မိန်းကလေးတပည့်တစ်ယောက်ကို ပြန်ပေးဆွဲဖမ်းခေါ်သွားပြီး သူတို့နှစ်ယောက် သဲလွန်စမရှိ ပျောက်ကွယ်သွားသည်ဟု ဆိုသည်။

“ဒါက အတိအကျ ဘာဖြစ်နိုင်သလဲ”

ရန်ကျောက်ကဲ ကြားရသည့်သတင်းကြောင့် ငိုရမလား ရယ်ရမလား မသိပေ။

“သူတို့ ခိုးရာလိုက်ပြေးကြတာတော့မဟုတ်ဘူးမလား ၊ ဒီ ကောင်လေးက မိန်းမခိုးသွားတာ ဖြစ်နိုင်တယ်လေ”

သို့သော် သတင်းလာပို့သူ ပိုင်ကျင်းခန်းကတော့ ပြုံးပင်မပြုံးနိုင်ပေ။

“ရှီကျွင်း ဖမ်းခေါ်သွားတဲ့မိန်းကလေးက သွေးနီနဂါးဂိုဏ်းချုပ် ‘ရှန်စစ်ချန်’ ရဲ့ တစ်ဦးတည်းသော သမီးလေးပဲ”

သူက ဆက်ပြောသည်။

“သွေးနီနဂါးဂိုဏ်းက သတင်းပို့တာတော့ ... တူလေး ရှီကျွင်းက ရှန်ယင်းကို မလိုလားအပ်တဲ့ ရည်ရွယ်ချက်နဲ့ ဖမ်းခေါ်သွားတာတဲ့ ၊ သွေးနီနဂါးဂိုဏ်းက တပည့်တွေက တားဆီးဖို့ကြိုးစားပေမယ့် သူက နှစ်ယောက်ကိုသတ် ၊ တစ်ယောက်ဒဏ်ရာအပြင်းအထန်ရအောင် တိုက်ခိုက်ပြီးမှ ရှန်ယင်းကို ဖမ်းဆီးသွားတာတဲ့ ၊ အခု သူတို့ဘယ်မှာရှိလဲ မသိရသေးဘူး”

ရွှီဖေးက မျက်မှောင်ကြုတ်ရင်း...

“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”

ရွှီဖေးကို လှမ်းကြည့်ပြီး ရန်ကျောက်ကဲက မေးစေ့ကို ပွတ်သပ်ရင်း...

“လွန်ခဲ့တဲ့ရက်တွေက မင်းပြောတဲ့စကားတွေအရ... ရှီကျွင်းက ဒီလိုအလုပ်မျိုးလုပ်မယ့်စရိုက် မရှိဘူးမဟုတ်လား”

ရွှီဖေး၏စကားများအရ ရှီကျွင်းကြီးပြင်းလာခြင်းတွင် သူ့ဖခင် ရှီစုန်းထောင်၏ လွှမ်းမိုးမှုအရိပ် အနည်းငယ်ရှိသော်လည်း ထိုလူငယ်လေးက သူ့ကိုယ်သူ ဖခင်ဖြစ်သူနှင့်မတူညီစေရန် ရည်ရွယ်ချက်ရှိရှိ ကြိုးစားနေထိုင်သည်ဟု သိရသည်။

ရှီကျွင်းက မကောင်းသောလုပ်ရပ်များကို သည်းမခံနိုင်ဘဲ မကောင်းမှုနှင့်အပြစ်ကို ရွံရှာသည့်အ အနေအထားဖြစ်ကြောင်း တွေ့မြင်နိုင်သည်။

... ဒီကောင်လေးက သူ့ကိုယ်သူ ရှီစုန်းထောင်းနှင့်မတူကြောင်း သက်သေပြရန် ကြိုးစားနေသလိုပင်။

ဤအချက်များက ရန်ကျောက်ကဲအတွက် လက်ခံနိုင်သော အခြေအနေများဖြစ်ပြီး အချို့အရာများကို ပိုပြီးဂရုတစိုက် ဆက်လက်လုပ်ဆောင်ပေးရပေဦးမည်။

ရှီကျွင်းက အကဲဆတ်သူဖြစ်ပြီး ငယ်ရွယ်စဉ်မှာပင် ရင့်ကျက်ခဲ့ရသဖြင့် သူ၏ ငယ်ဘဝအတွေ့အကြုံအရ သူ့ကိုယ်သူ သက်သေပြရန်လည်း စိတ်ပြင်းပြသူ ဖြစ်၏။

ဤနှစ်များတစ်လျှောက် အနည်းငယ် အဆင်မပြေမှုများနှင့် အဖုအထစ်များရှိလင့်ကစား ရွှီဖေးက တပည့်ဖြစ်သူကို ကောင်းမွန်စွာ လမ်းညွှန်သင်ပြပေးနိုင်ခဲ့သည်။ ယခု ရန်ကျောက်ကဲ ချန်လီတောင်သို့ ရောက်လာသောအချိန်ထိ ရှီကျွင်းက ချန်လီတောင်သိုင်းသမားများ၏ ချီးကျူးခြင်းကို ခံရခဲ့သူ ဖြစ်သည်။

ချန်လီတောင်တွင် ရှီကျွင်းနှင့် ရန်ကျောက်ကဲ၏ ဆက်ဆံရေးကို သိရှိသူအနည်းငယ်သာ ရှိသဖြင့် ဤသို့ ချီးကျူးခံရခြင်းသည် ရန်ကျောက်ကဲ၏ဂုဏ်ပုဒ်နှင့် မသက်ဆိုင်ဘဲ အမှန်တကယ် ချီးကျူးခံရခြင်းဖြစ်ကြောင်း ထင်ရှားသည်။

ရန်ကျောက်ကဲက ပိုင်ကျင်းခန်းကို ကြည့်ရင်း...

“ကျွန်တော် သိသလောက် ချန်လီတောင်နဲ့ သွေးနီနဂါးဂိုဏ်းက အဆင်မပြေကြဘူး မဟုတ်လား”

ရန်ကျောက်ကဲ နှင့် ပိုင်ကျင်းခန်းတို့ ဇနီးမှောင်နှံ ပထမဆုံးတွေ့ဆုံစဉ်က သူတို့က သွေးနီနဂါးဂိုဏ်းသားများနှင့် ထိပ်တိုက်ရင်ဆိုင်နေကြရချိန် ဖြစ်၏။

ပိုင်ကျင်းခန်းက တည်ကြည်လေးနက်စွာ ခေါင်းညိတ်ရင်း...

“အမှန်ပဲ ၊ လမ်းမှန်ဂိုဏ်း (၇) ဂိုဏ်းမှာ ကျွန်တော်တို့ ချန်လီတောင်နဲ့ သွေးနီနဂါးဂိုဏ်း ဆက်ဆံရေးက အဆိုးဆုံးပဲ”

လမ်းမှန်ဂိုဏ်းနှင့် မိစ္ဆာဂိုဏ်းများ၏ တိုက်ပွဲကို ဘေးဖယ်ထားမည်ဆိုပါက သမုဒ္ဒရာကမ္ဘာတွင် ချန်လီတောင်နှင့် ဆက်ဆံရေးအဆိုးဝါးဆုံးမှာ သွေးနီနဂါးဂိုဏ်းနှင့် ရှားလော်ဂိုဏ်းတို့ ဖြစ်၏။

ထိုနှစ်ဂိုဏ်းက ချန်လီတောင်နှင့် ကာလရှည်ကြာ ရန်သူများဟု ယူဆနိုင်သည်။

ဤနှစ်များအတွင်း ဘုံရန်သူဖြစ်သော မိစ္ဆာဂိုဏ်း (၆) ဂိုဏ်း ကြောင့်သာ မဟုတ်လျှင် ချန်လီတောင်နှင့် သွေးနီနဂါးဂိုဏ်းတို့၏ ဆက်ဆံရေးမှာ အဆိုးဆုံးအခြေအနေ ဖြစ်လာနိုင်ခြေရှိသည်။

ရန်ကျောက်ကဲက ပခုံးတစ်ချက်တွန့်ရင်း...

“ဒီတော့ သွေးနီနဂါးဂိုဏ်းရဲ့ တစ်ဖက်သတ်စကားတွေကို လုံးဝ ယုံကြည်စရာမရှိပါဘူး ၊ သူတို့က ခင်ဗျားတို့ ချန်လီတောင်ကို တစ်ခုခုနှိုးဆွချင်လို့ လုပ်ကြံဇာတ်လမ်း ထွင်ခဲ့တာ ဖြစ်နိုင်တယ်”

သူက မျက်ဝန်းများကို အသာကျဉ်းမြောင်းလိုက်စဉ် သူ့မျက်လုံးများထဲမှ အေးစက်သောအလင်းရောင်များ ထွက်ပေါ်လာသည်။

“အခု ငါ့တူလေး ဘယ်ရောက်နေလဲဆိုတာပဲ စိတ်ပူတယ်”

ရွှီဖေးက ဖြည်းညင်းစွာဖြင့်...

“ဒီသတင်းက မှားလား မှန်လား မသေချာဘူး ၊ ငါတို့ ကျွင်းအာကို အရင်ရှာပြီး သူ ဘာပြောမလဲဆိုတာ နားထောင်ကြည့်ရမယ်”

ပိုင်ကျင်းခန်းက မည်သို့မှ မတတ်နိုင်စွာ ပြုံးလိုက်ရင်း...

“အခု ပြဿနာက တူလေး ရှီကျွင်းက ဘယ်ကိုရောက်နေမှန်း မသိတာပဲ”

သူက ရန်ကျောက်ကဲနှင့် ရွှီဖေးကို ပြောစရာတစ်ခုခုရှိဟန် လှမ်းကြည့်လိုက်သော်လည်း မပြောဖြစ်တော့ပေ။

ချန်လီတောင်သည်လည်း ရန်ကျောက်ကဲ ကဲ့သို့ပင် သွေးနီနဂါးဂိုဏ်းအပေါ် သံသယဝင်နေလေသည်။

ရှီကျွင်းကို သွေးနီနဂါးဂိုဏ်းက သတ်ဖြတ်ပစ်လိုက်ပြီဟုပင် အဆိုးဆုံးတွက်ဆထားခဲ့သည်။ ရန်သူ့ဘက်က ရှီကျွင်းကို သတ်ဖြတ်လိုက်ပြီး ထိုလူငယ် ပျောက်ဆုံးနေသည်ဟု သတင်းလွှင့်ကာ သူတို့အပြစ်ကိုဖုံးဖိရန်အတွက် ချန်လီတောင်ကို အပြစ်ပုံချ ဆွဲချက်တင်လိုခြင်း ဖြစ်နိုင်၏။

“ဂိုဏ်းတူအစ်ကို ‘ရွှီဖေး’ နဲ့ ကျွင်းအာက ကျွန်တော်နဲ့ ပတ်သက်နေတယ်ဆိုတာ သွေးနီနဂါးဂိုဏ်းက မသိလောက်သေးဘူး ၊ ဒါပေမဲ့ ကျွန်တော် ချန်လီတောင်ရောက်နေတာကိုတော့ သူတို့သတင်းကြားမှာပဲ”

ရန်ကျောက်ကဲက စိတ်အေးအေးထားပြီး စဉ်းစားလိုက်သည်။

“ငါတို့အပေါ် မဟုတ်တာလုပ်လို့ကတော့ ဒီ သွေးနီနဂါးဂိုဏ်း သေချာပေါက် ကိုယ့်စရိတ်နဲ့ကိုယ်သွားမှာပဲ”

သူက ပိုင်ကျင်းခန်းကို လှမ်းကြည့်ရင်း...

“ခင်ဗျားတို့ ချန်လီတောင်က ရေသလင်းနန်းတော်နဲ့ မဟာမိတ်တွေ မဟုတ်လား ၊ ဆိုတော့... သွေးနီနဂါးဂိုဏ်းမှာ ရှီကျွင်းနဲ့ပတ်သက်တဲ့ သက်သေတွေရှိလား မသေချာပေမယ့်....”

ရန်ကျောက်ကဲက သူ့နှုတ်ခမ်းများကို ပွတ်သပ်ရင်း ခဏမျှ စဉ်းစားလျှက်...

“ခင်ဗျားတို့အနေနဲ့ ဓားအသင်္ချေရေကန်ရဲ့ လှုပ်ရှားမှုတွေကိုလည်း သတိထားသင့်တယ်”

ပိုင်ကျင်းခန်း ဖြည်းညင်းစွာ ခေါင်းညိတ်သည်။

ရန်ကျောက်ကဲက ချန်လီတောင်နှင့် လက်တွဲမည်ဆိုလျှင် သူ၏အင်အားက ရေသလင်းနန်းတော်နှင့် ညီမျှသည်။

သွေးနီနဂါးဂိုဏ်းက ဓားအသင်္ချေရေကန်နှင့် ပူးပေါင်းပြီး ချန်လီတောင်ကို အားနည်းသွားစေမည်ဆိုလျှင်တောင်မှ ဓားအသင်္ချေရေကန်နှင့် မဟာမိတ်ဖြစ်သော ကြံ့ဝိညာဉ်ကျွန်းက လက်ရှိတွင် အလွန်တရာ အားနည်းနေပေပြီ။

ရန်ကျောက်ကဲက ပိုင်ကျင်းခန်းကိုကြည့်ရင်း...

“ကျွင်းအာရဲ့ နောက်ဆုံးသတင်းကြားတာ ဘယ်နေရာမှာလဲ”

သူအသက်ရှင်နေသရွေ့ သူ့လက်ရှိဘယ်မှာရှိမှန်း မသိရင်တောင်မှ သူ့ခြေရာရာတွေ လုံးဝမရှိဖို့ မဖြစ်နိုင်ပါဘူး။

ရှီကျွင်းသေဆုံးနိုင်ခြေကို ရန်ကျောက်ကဲက ထည့်သွင်းမစဉ်းစားခဲ့ပါ။ မျှော်လင့်ချက် ရှိနေသေးသရွေ့ သူ့ကို အရှုံးမပေးဘူး။

ပိုင်ကျင်းခန်းက...

“သွေးနီနဂါးဂိုဏ်းပို့တဲ့သတင်းအရဆိုရင်တော့ ကြယ်စင်လှည့်ပြောင်းပင်လယ်မှာတဲ့...”

ပြောပြီးသည်နှင့် သူက ကျောက်စိမ်းအင်းသင်္ကေတတစ်ခုကို ထုတ်ယူပြီး ကြယ်တာရာချီစွမ်းအားအနှစ်သာရဖြင့် ပေါင်းစပ်လိုက်သည်။ ကျောက်စိမ်းအင်းသင်္ကေတမှ အလင်းတန်းများထွက်ပေါ်လာပြီး ပုံရိပ်ယောင်မြင်ကွင်းတစ်ခု ထွက်ပေါ်လာ၏။

ခန်းမဆောင်ကြီးတစ်ခုအတွင်းတွင် အုပ်စုနှစ်စု ရှိနေပြီး အခြေအနေက အလွန်တင်းမာနေသည်။

ချန်လီတောင်မှ ဝါရင့်အကြီးအကဲ အဘိုးအိုတစ်ယောက်က လေးလံသောလေသံဖြင့်...

“ရှီကျွင်းက ချန်လီတောင်ကတပည့်မဟုတ်ပေမယ့် တောင်ပေါ်မှာ ကြီးပြင်းလာတာ ၊ ဒီအဘိုးကြီး သူ့စရိုက်ဘယ်လိုရှိတယ်ဆိုတာ သေသေချာချာ သိတယ် ၊ ဒီလို ယုတ်ညံ့တဲ့အလုပ်မျိုး လုပ်မှာမဟုတ်ဘူး”

သူနှင့် ဆန့်ကျင်ဘက်တွင်ရှိနေသော သွေးနီနဂါးဂိုဏ်းမှ အဘိုးအိုတစ်ယောက်က ဒေါသတကြီးဖြင့်...

“ဘာလဲ... မင်းတို့ ချန်လီတောင်က သူ့ကို ကာကွယ်ပေးချင်နေတာလား”

ထို့နောက် ထိုအဘိုးကြီးက ကျောက်စိမ်းအင်းသင်္ကေတတစ်ခုကို ထုတ်ယူလိုက်ပြီး အတွင်းမှ ပုံရိပ်ယောင်မြင်ကွင်းတစ်ခုကို ပြသလိုက်သည်။

ညာဘက်လက်တွင် ဓားရှည်ကိုင်ဆောင်ထားသော လူငယ်လေးတစ်ယောက်သည် လူတစ်ယောက်ကို ပြင်းထန်စွာ ဓားဖြင့်ထိုးသတ်လိုက်ပြီး သူ၏ဘယ်ဘက်လက်တွင်တော့ မိန်းမပျိုလေးတစ်ယောက်ကို ပွေ့ထား၏။

သူက ရန်သူကို ဓားဖြင့်ထိုးသတ်ပြီးသည်နှင့် သူ့ထံဝင်ရောက်လာသော လူများစွာကို တွေ့သည့်အခါ မိန်းကလေးနှင့်အတူ ပင်လယ်ရေဝဲဂယက်တစ်ခုအတွင်း ခုန်ဆင်းကာ ပျောက်ကွယ်သွားလေသည်။

ရန်ကျောက်ကဲနှင့် ရွှီဖေးတို့က ပုံရိပ်ယောင်မြင်ကွင်းနှစ်ခုကို ဖြတ်သန်းကြည့်ရှုရခြင်းဖြစ်သဖြင့် အနည်းငယ်တော့ မြင်ကွင်းက ဝေဝါးနေသည်။

ရန်ကျောက်ကဲက ရွှီဖေးကို လှည့်ကြည့်ရင်း...

“ဂိုဏ်းတူအစ်ကို’ရွှီ’ ... အဲဒါ ကျွင်းအာလား”

ရွှီဖေးက ခေါင်းညိတ်ရင်း...

“အင်း... အဲဒါ ကျွင်းအာပဲ”

All Chapters