ဆယ့်ကိုးခုမြောက်အလွှာရှိ လျှို့ဝှက်ချက်
Vol. 118 Ch. 1626
တက်တူးကလန်၏ တွင်းနက်သည် ဟင်္သာပြဒါးဂြိုဟ် ပြန်ပြုပြင် တည်ဆောက်ပြီးနောက်တွင်လည်း များစွာ မပြောင်းလဲသွားခဲ့ပေ။ နှစ်ပေါင်းများစွာ လွန်လာခဲ့ကာ ၎င်းနေရာသည် ဟင်္သာပြဒါးဂြိုဟ်ပေါ်တွင် အဆန်းကြယ်ဆုံးနေရာတစ်ခု ဖြစ်လာခဲ့သည်။
ကျင့်ကြံသူများသည် မကြာဆိုသလို ဒီတွင်းနက်အတွင်းသို့ လာရောက် ရှာဖွေကြ၏။
ပြီးခဲ့သော ဆယ်စုနှစ်များအတွင်း ပြင်ပမှ ကျင့်ကြံသူများသည် ဟင်္သာပြဒါးဂြိုဟ်သို့ လာရောက်ခဲ့ကြပြီး တွင်းနက်ထဲသို့ သွားခဲ့ကြသည်။ သို့သော် အဆုံးသပ်၌ သူတို့သည် မည်သည့်အရာကိုမျှ မတွေ့ခဲ့ပေ။
မည်သူကမျှ အနက်ရှိုင်းဆုံးအလွှာအတွင်းသို့ မဝင်ရောက်နိုင်ခဲ့ပေ။
ဝမ်လင်းနှင့်အရူးသည် တွင်းနက်အပြင်ဘက်တွင် ပေါ်လာကြ၏။ သူက တွင်းနက်ကို ကြည့်ကာ အတွင်းသို့ ဝင်ရန် ပြင်လိုက်သည်။ သို့သော် သူ့နောက်မှ အရူးက စိတ်မပါပေ။ သူက ဝမ်လင်းကို စတင် အော်လေ၏။
“မသွားဘူး။ မသွားဘူး။ ဒီဘုရင် မသွားဘူး။ ဒီဘုရင် သင့်ကို ဒီနေရာမှာ စောင့်နေမယ်။ ဟားဟား သင့်ဘာသာပဲ သွားချေ။ သင် ထွက်လာတာနဲ့ ဒီဘုရင်ကို လာရှာပါ…” အရူးက နောက်ဆုတ်ကာ ခေါင်းယမ်းလေတော့၏။
ဝမ်လင်းသည် အရူးကို ကြည့်လိုက်၏။ အရူးသည် မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ခေါင်းသာ အသွွင်သွင်ယမ်းနေလေ၏။
ဝမ်လင်းက သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်၏။ သူက အရူး၏အတွေးကို သိပေသည်။ အရူးသည် ဟင်္သာပြဒါးဂြိုဟ်ကို ပတ်၍ ကစားချေနေ၏။ ဝမ်လင်းက သူ့ကို အတင်းမပြောတော့ဘဲ ခေါင်းညိတ်ပြလိုက်သည်။ သူသည် အရူးကို အာရုံစိုက်မနေတော့ဘဲ တွင်းနက်ထဲသို့ ဝင်လာလိုက်တော့၏။
အရူးသည် ဝမ်လင်းထွက်သွားသည်ကို တွေ့သည့်အခါ သူ့မျက်နှာထက်တွင် စိတ်လှုပ်ရှားမှုများ ပေါ်လာ၏။ သူက အကွာအဝေးတစ်ခုထံသို့ ပွစိပွစိရွတ်ကာ ပြေးသွားလေ၏။
“ဟိုကောင်မလေးသုံးယောက်က ဒီဘုရင်ကို သူတို့ရဲ့ နာမည် မပြောချင်ကြဘူး။ သူတို့ရဲ့အမူအရာကလည်း တကယ်ပဲ ထူးဆန်းလှတယ်။ ဟားဟား…ဒီဘုရင်သာ သူတို့နဲ့ ထပ်တွေ့ရင် သူတို့ရဲ့နာမည် ငါ့ကို ပြောပြအောင် ကျိန်းသေလုပ်ပစ်မယ်…”
အရူးသည် အလွန်ဂုဏ်ယူဟန်ဖြင့် မိုးကုပ်စက်ဝန်းအတွင်း ပျောက်ကွယ်သွားလေသည်။
ဝမ်လင်းသည် အတိတ်တုန်းက တက်တူးကလန်ထံ အကြိမ်များစွာ လာခဲ့ဖူး၏။ ထို့အတွက် သူသည် ဤနေရာနှင့် ရင်းနှီးလှပေသည်။ သူသည် ဝင်ပေါက်အလွှာတစ်ခုချင်းစီကို မှတ်မိနေပြီး မြန်ဆန်စွာ ဖြတ်သန်းလာ၏။
လမ်းတစ်လျှောက်လုံး ဝမ်လင်းက မရပ်ပေ။ သူသည် အလွှာတစ်ခု၌ ပျောက်သွားလိုက်၊ နောက်အလွှာတစ်ခုတွင် ပြန်ပေါ်လာလိုက် ဖြစ်နေ၏။ မကြာခင်တွင် သူသည် ဆယ့်ခြောက်ခုမြောက်အလွှာသို့ ရောက်လာ၏။
ထိုဆယ့်ခြောက်ခုမြောက် အလွှာတွင် တက်တူးအမှတ်အသားများ တလက်လက် တောက်ပနေသော ခေါင်းတလား ဆယ့်သုံးခု ရှိသည်။
ထိုခေါင်းတလားများမှာ စက်ဝန်းအသွင် ရှိကာ အလယ်၌ အနက်ရောင်ရေကန်တစ်ခု ရှိ၏။ ယင်းတို့သည် အေးစိမ့်မှုကို ပေးစွမ်းပြီး ဒီဧရိယာအနှံ့ ပျံ့လွင့်နေသည်။ ထိုခေါင်းတလားများသည် အတိတ်တုန်းက ဝမ်လင်း မြင်ခဲ့ရသည့်အတိုင်း ရှိနေသေး၏။ ယင်းတို့သည် အေးစိမ့်စိမ့်အော်ရာကို ပေးစွမ်းသည်။ အတွင်း၌ လှဲလျောင်းနေသော အလောင်းများမှာ တက်တူးကလန်၏ ဘိုးဘေးများ ဖြစ်ကြသည်။
ဆယ့်ခုနစ်ခုမြောက် ဝင်ပေါက်သည် ထိုအနက်ရောင်ရေကန်အတွင်း၌ ဖြစ်၏။ ဝမ်လင်းသည် ထိုရေကန်ကို ကြည့်လိုက်ရာ ချိပ်ပိတ်မှုတစ်ခုကို တွေ့၏။ ထိုချိပ်ပိတ်မှုကို အထည်ဒြပ်ယန်နှင့် ထိုထက် မြင့်သောအဆင့် ကျင့်ကြံသူများကသာ ချိုးဖျက်နိုင်မည် ဖြစ်၏။ အတိတ်တုန်းက ဝမ်လင်းသည် သူ့ဟာသူ ဝင်ရောက်လာနိုင်ခြင်း မရှိဘဲ ခေါင်းကြီးကောင်လေး၏ ခွန်အားကို မှီခိုခဲ့ရဖူးသည်။
ခုချိန်တွင်မူ ဝမ်လင်းသည် ရှေ့သို့ တည်ငြိမ်စွာ လှမ်းလိုက်၏။ သူက ရေကန်နား ရောက်လာသည့်အခါတွင် ရေကန်သည် ဝမ်လင်းထံမှ ဖိအားကို မခံနိုင် ဖြစ်ရ၏။ ရေကန်သည် ပျက်စီးကာ ဧရာမဝဲကတော့တစ်ခု လှစ်ဟပေါ်ထွက်သည်။
ထိုဝဲကတော့က အနက်ရောင်ရေများကို ဆွဲငင်လိုက်ရာ နောက်အလွှာ၏ ဝင်ပေါက် လှစ်ဟပေါ်လာ၏။ ဝမ်လင်းက ခြေလှမ်းဝင်ကာ ပျောက်ကွယ်သွားလေသည်။
သူ ပေါ်လာသည့်အခါ ဆယ့်ခုနစ်ခုမြောက် အလွှာသို့ ရောက်နေလေပြီ။ အတိတ်တုန်းက သည်နေရာတွင် မရေမတွက်နိုင်သော သံကြိုးများ ပြည့်နှက်နေခဲ့၏။ ကောင်းကင်ဘုံသားအလောင်းများစွာကိုလည်း ဒီနေရာကို စောင့်ကြပ်ရန် ချိပ်ပိတ်ထားခဲ့သည်။
အရာအားလုံးသည် ဝမ်လင်း၏မှတ်ဉာဏ်အတွင်း၌ မနေ့တနေ့ကလိုပင်။ သူက သည်နေရာတွင် ရက်စက်သောတိုက်ပွဲတစ်ခု ဖြစ်ခဲ့ဖူးပြီး ဆယ့်ခုနစ်ခုမြောက်အလွှာကို ပျက်စီးစေခဲ့သည်။ သူက အပျက်အစီးပုံဖြစ်နေသော ထိုအလွှာကို ကြည့်လိုက်၏။ ဒီအလွှာ ဗဟိုချက်ရှိ ဧရာမဝဲကတော့ကြီးကတော့ ရှိနေဆဲသာ။
ထိုဝဲကတော့သည် ဆယ့်ခုနစ်ခုမြောက်အလွှာ ပျက်စီးပြီးနောက် ပေါ်လာသော ဆယ့်ရှစ်ခုမြောက်အလွှာသို့ ဝင်ပေါက် ဖြစ်သည်။
ထိုဝင်ပေါက်ကို ကြည့်ကာ ဝမ်လင်းသည် သက်ပြင်းချမိ၏။ သူသည် အတိတ်တုန်းက ဒီနေရာသို့ ရောက်လာဖို့ များစွာအားစိုက်ထုတ်ခဲ့ရ၏။ သို့သော် ခုချိန်တွင်မူ လွယ်ကူလွန်းနေသည့်ပုံပင်။ အတိတ်တုန်းက သူသည် ဟင်္သာငှက်နတ်အင်ပါယာဟောင်း၏ ကိုယ်ပွားက သူ ဆယ့်ရှစ်ခုမြောက်အလွှာသို့ ဝင်ရောက်မည့်အချိန်တွင် ပေါ်လာခဲ့ပြီး သူ့အား ဟန့်တားခဲ့သည်ကို မှတ်မိလိုက်သည်။
ထို့နောက် ထိုဟင်္သာငှက်နတ်အင်ပါယာဟောင်း၏ ကိုယ်ပွားသည် စိတ်ပြောင်းသွားကာ ဝမ်လင်းကို သူ့ကာကွယ်မှုအောက်တွင် အတွင်းသို့ ဝင်ရောက်စေပြီး နားလည်ဆင်ခြင်မှု လုပ်ခိုင်းခဲ့သည်။
ဝမ်လင်းသည် ခေါင်းယမ်းကာ ဝဲကတော့အတွင်းသို့ တည်ငြိမ်စွာ လျှောက်လှမ်းလာ၏။ တဝီဝီလေတိုးသံများ သူ့နားထဲ ပဲ့တင်ထပ်လာ၏။ သို့သော် ယင်းအသံများသည် သူ့ကို တစ်စက်လေးမှ သူ့စိတ်ကို မနှောက်ယှက်နိုင်ပေ။ လေတိုးသံများ ပျောက်သွားပြီးနောက် ဝမ်လင်းသည် အရင်က သူ ရောက်ခဲ့ဖူးသော အနက်ရှိုင်းဆုံး ဆယ့်ရှစ်ခုမြောက်အလွှာတွင် ပေါ်လာတော့သည်။
ယင်းကာ ပေတစ်ထောင်မျှ ကျယ်ဝန်းသော အခန်းတစ်ခု ဖြစ်၏။
ပတ်ဝန်းကျင်တစ်ခုလုံး မှောင်မဲနေသည်။ ဗဟိုချက်မှသာ ခပ်ဖျော့ဖျော့မီးမှ အလင်းအနည်းငယ် ထုတ်လွှတ်ပေးနေ၏။ ထိုအလင်းသည် အမှောင်ထုနှင့် ပျော်ဝင်သွားရာ ဤနေရာကို အလွန်တရာ မှိန်ဖျော့နေစေလေ၏။
မီး တဖျပ်ဖျပ် လင်းလက်ရင်း ပတ်ပတ်လည်တွင် တစ္ဆေများ ကခုန်နေသည့်အလား တစ္ဆေငြီးသံများကို ကြားရသည်။ အချို့တစ္ဆေများသည် မီးထံသို့ ခုန်အုပ်ဝင်လိုဟန်၊ သို့ပေမည့် မီးထံမှ တုန်ခါလှိုင်းက သူတို့အားလုံးကို ဖျက်စီးပစ်သည်။
ဤနေရာတွင် ဟင်္သာငှက်နတ်အင်ပါယာဟောင်း၏ အကူအညီဖြင့် ဝမ်လင်းသည် ထူးဆန်းသောအနှစ်သာရကို စုပ်ယူခဲ့ဖူးသည်။ ထိုအနှစ်သာရက အမျှင်တန်းမျှသာ ဖြစ်သော်လည်း သူ့ကို ပေါက်ကွဲစေလုနီးနီး ဖြစ်ခဲ့စေ၏။ သူသည် ထိုမီးကို ကြည့်သည်။ သူ့မျက်လုံး အတွင်းနက်ပိုင်း၌ ကြောက်ရွှံ့မှု ရှိလို့နေသည်။
အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်းက မီးထံ ချဉ်းကပ်လာသည်။ သူ နီးကပ်လာသည့်အခါ အခန်းအတွင်းမှ မရေမတွက်နိုင်သော တစ္ဆေများသည် နောက်ဆုတ်သည်။ ၎င်းတို့၏ နာကျင်စွာ ဗလုံးဗထွေးအော်သံများ အခန်းတွင်း၌ ပြည့်နှက်သည်။
ကြည့်ရသည်မှာ ဝမ်လင်း ရောက်လာမှုက ထိုတစ္ဆေများကို ထိတ်လန့်သွားစေပုံ ရသည်။ ယင်းတို့အားလုံးသည် ထောင့်ကပ်ကာ တုန်ယင်နေပြီး အနားသို့ တိုးမလာဝံ့ကြပေ။
ထိုမီးကို ကြည့်ကာ ဝမ်လင်းသည် အတွင်းမှ အနှစ်သာရသည် အလွန်နည်းပါးကာ ဗရမ်းဗတာ ဖြစ်နေသည်ကို မြင်၏။
“နောက်ဆုံးအလွှာ….ဒီနေရာမှာ ဘာကိုများ ဖုံးကွယ်ထားတာလဲ။ ယွမ်ချွဲဇီက ဆယ့်ကိုးခုမြောက်အလွှာမှာ သူတို့တက်တူးကလန်ဘိုးဘေးရဲ့ စိတ်ဝိညာဉ် အစိတ်အပိုင်း ရှိတယ်လို့ ပြောခဲ့ဖူးတယ်…” ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်လာ၏။
“ဒါပေမဲ့…တက်တူးကလန်ဘိုးဘေးဟာ အုပ်စိုးသူရဲ့ သမီးပဲ။ သူမကို ချင်းလင်းက နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေမှာ ချိပ်ပိတ်ထားခဲ့တယ်။ ဒါဆိုရင် သူမရဲ့စိတ်ဝိညာဉ်ဟာ ဒီနေရာမှာ ရှိနေစရာ အကြောင်းမရှိဘူး…” ဝမ်လင်းက လက်မြှောက်ကာ မီးကို ဖမ်းဆုပ်လိုက်၏။
မီးအတွင်းရှိ ထိုအနှစ်သာရသည် ပေါက်ကွဲကာ ခုခံလိုက်ဟန် ပြင်၏။ သို့သော် ၎င်း၏စွမ်းအားသည် ခုချိန်၌ ဝမ်လင်းအတွက် ပမွှားဖြစ်နေလေပြီ။
ဝမ်လင်းက ကြမ်းတမ်းစွာ ညှစ်ချေလိုက်ရာ ထိုမီး ဘန်းခနဲ ပေါက်ကွဲ ပျက်စီးသည်။ မီးသည် အခန်းအနှံ့ ပျော်ဝင်သွားသည့်ပုံရကာ အခန်းထောင့်များ၌ ပုန်းကွယ်နေသော တစ္ဆေအားလုံး လွင့်ပျောက်ကုန်သည့်အလား။
စက်ဝန်းအသွင်တံခါးတစ်ချပ် မီးပျက်စီးသွားသည့်နေရာတွင် တဖြည်းဖြည်းချင်း ပေါ်လာသည်။
ထိုတံခါးသည် ရှေးဟောင်းအော်ရာကို ပေးစွမ်းနေ၏။ ၎င်းကို တက်တူးအမှတ်အသားများစွာဖြင့် ချိပ်ပိတ်ထားသည်။ တံခါးပေါ်တွင် တက်တူးအမှတ်အသားများစွာ ရှိလေ၏။ ယင်းတို့သည် တစ်ချိန်တည်း ချခင်းခဲ့သည့်ပုံ မရပေ။ ကြည့်ရသည်မှာ ပြီးခဲ့သောနှစ်ပေါင်းများစွာက တက်တူးကလန်မှ လူများ ရောက်လာကြပြီး အချိန်ကြလာသည်နှင့်အမျှ အခုလို ရလဒ် ဖြစ်ပေါ်နေသည့်ပုံ ရသည်။
၎င်းမှာ ဗရမ်းဗတာ ဖြစ်နေသော်လည်း ထိုတက်တူးများ အတူတူ ပေါင်းစည်းနေရာကနေ အစွမ်းထက်ချိပ်ပိတ်အားတစ်ခုကို ဖန်တီးလေ၏။ ထိုချိပ်ပိတ်မှုသည် ပြင်ပလူများ အတွင်းသို့ ဝင်ရောက်မည်ကို တားဆီးသည့်အပြင် တံခါးအတွင်းမှ အရာကိုလည်း ချိပ်ပိတ်ထားသည်သာ။
မည်သူကမျှ ထိုချိပ်ပိတ်မှုများသည် လူအများ ဝင်ရောက်ခြင်းကို တားဆီးဖို့လား၊ သို့မဟုတ် အတွင်းမှအရာများကို ပိတ်လှောင်ထားဖို့လားကိုမူ သိလိမ့်မည် မဟုတ်ပါ။
ဝမ်လင်းသည် ထိုတက်တူးအမှတ်အသားများကို ကြည့်နေရင်း သူ၏အမူအရာသည် လေးနက်လာ၏။ ခုချိန်၌ သူသည် ဟင်္သာငှက်နတ်အင်ပါယာဟောင်းက ဆယ့်ကိုးခုမြောက်အလွှာသို့ ဘာကြောင့် မဝင်ရောက်နိုင်ခဲ့သည်ကို သိသွားလေပြီ။
အကြောင်းမှာ ထိုချိပ်ပိတ်မှု၏စွမ်းအားသည် အထွတ်အထိပ် ဖြစ်ကာ ပဥ္စမကောင်းကင်ဘုံဒုက္ခအဆင့် ကျင့်ကြံသူတစ်ယောက်၏ ခွန်အားပြည့်နှင့် ယှဉ်၍ရသည်။ ပဥ္စမကောင်းကင်ဘုံဒုက္ခအဆင့် ကျင့်ကြံသူများပင် သူတို့သာ တတိယအဆင့်သို့ မရောက်သေးပါက ထိုတံခါးကို ဖွင့်လှစ်ဖို့ ခက်ခဲလိမ့်မည်။
“ဟင်္သာပြဒါးဂြိုဟ်မှာ ဒီလိုအံ့အားသင့်ဖွယ် ချိပ်ပိတ်မှတစ်ခု ရှိနေတာပဲ…” ဝမ်လင်းသည် ထိုတက်တူးချိပ်ပိတ်မှုကို အချိန်အတန်ကြာ ကြည့်နေ၏။ ထို့နောက် သူ့ညာလက်ကို ပင့်မြှောက်လိုက်သည်။ သူသည် တံခါးကို ထိလိုက်သည့်အချိန်၌ ဖျပ်ခနဲ လင်းလက်သွားသည်။ အက်သံများ ပေါ်လာကာ မရေမတွက်နိုင်သော စာလုံးများ ပျက်စီး၏။ သူ့လက်က တံခါးအနှံ့သို့ ဝေ့ယမ်းလိုက်သည်။
ဖျပ်ခနဲအတွင်း တံခါးပေါ်ရှိ မရေမတွက်နိုင်သော ချိပ်ပိတ်မှုများ ပျက်စီးသွားကာ တစ်ခုသာ ကျန်ခဲ့တော့သည်။
ယနေ့ဝမ်လင်းသည် ထိုသို့ လုပ်နိုင်စွမ်း ရှိလေပြီ။ အတိတ်တုန်းကသာ ဆိုပါက ထိုချိပ်ပိတ်မှုသည် ကျင့်ကြံသူထောင်သောင်းချီကို တားဆီးထားနိုင်စွမ်းပင် ရှိလိမ့်မည်။
တံခါးပေါ်ရှိ နောက်ဆုံးတက်တူးချိပ်ပိတ်မှုက အလွန်ရိုးရှင်း၏။ စုတ်ချက်တစ်ခုမျှသာ။ ၎င်းသည် သာမန်စက်ဝန်းတစ်ခုပင်။ သို့သော် ဝမ်လင်း၏အမြင်အရ ထိုနောက်ဆုံးတက်တူးအမှတ်အသားသည် ထူးဆန်းသောအားတစ်ခု ပါဝင်နေလေ၏။
ထိုအားသည်လည်း ချိပ်ပိတ်မှုတစ်ခုသာပင်။ သို့သောသ် ၎င်းက အော်ရာကိုပါ ချိပ်ပိတ်ခြင်း ဖြစ်၏။ ၎င်းချိပ်ပိတ်မှုသည် တံခါး၏အော်ရာကို ချိပ်ပိတ်ခြင်းတည်း။ ထို့အတွက် အတွင်းရှိ မည်သည့်အော်ရာကမှ စိမ့်ထွက်လာနိုင်တော့မည် မဟုတ်ပေ။
ဝမ်လင်း၏အကြည့်အောက်၌ သူသည် ထိုစက်ဝန်းအတွင်းရ ရွှေရောင်ခပ်ဖျော့ဖျော့ကို ရေးတေးတေးမြင်၏။ ၎င်းရွှေရောင်မှာ ကောင်းမွန်စွာ ကွယ်ဝှက်ဖုံးကွယ်ထားသော ကောင်းကင်ဘုံစွမ်းအင်ပင်။
“ဒီတက်တူး… ဒါဟာ တက်တူးကလန်က ပိုင်ဆိုင်နိုင်တဲ့ အရာ မဟုတ်ဘူး…” ဝမ်လင်းသည် ထိုနောက်ဆုံးတက်တူးကို စိုက်ကြည့်နေရင်း အသက်ဝဝရှိုက်သွင်းလိုက်မိ၏။ သူ့မျက်လုံး သူငယ်အိမ်ပါ ကြုံ့လို့သွားသည်။
ထိုတက်တူးသည် မည်သည့်အော်ရာမှ ပေးမနေပေ။ သို့သော် ဝမ်လင်းက သူ့နတ်ဘုရားအာရုံဖြင့် ထိုစက်ဝန်းပုံတက်တူးအတွင်းရှိ ဖိအားကို ရှင်းလင်းစွာ ခံစားမိနိုင်သည်။
“ဒါဟာ ကောင်းကင်ဘုံသွေးမျိုးဆက်ရဲ့ ဖိအားပဲ…” ဝမ်လင်းသည် ထိုအော်ရာကို ခံစားမိသည့်အခါ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်၏။ သူ့မျက်လုံးသည် လက်ခနဲ ဖြစ်သွားကာ သူက ညာလက်ကို မြှောက်လိုက်၏။ သူ့ညာလက်မှာလည်း ရွှေရောင်တောက်နေသည်။ သူ့ခန္ဓာကိုယ်တွင်းမှ ကောင်းကင်ဘုံစွမ်းအင်များသည် သူ့လက်ချောင်းထိပ်တွင် လာရောက်စုဝေးပြီး သူက နောက်ဆုံးတက်တူးထံသို့ လက်ညွှန်လိုက်သည်။
ထိုစက်ဝန်းတက်တူးကတ တလက်လက် ဖြစ်ကာ ရွှေရောင် လင်းလက်၏။ နောက်ထပ် ပေါ်လာသော အော်ရာက ဝမ်လင်းအတွက် အလွန်ရင်းနှီးပေသည်။
သူ၏လက်ချောင်း ကျရောက်သွားခါနီးတွင် ဝမ်လင်း၏အမူအရာသည် ကြီးစွာ ပြောင်းလဲသွားသည်။ သူ့ညာလက် ရပ်တန့်သွား၏။ သူ့မျက်လုံးထဲတွင် မယုံကြည်နိုင်ဟန် ပြည့်လာကာ သူက စက်ဝန်းကို စိုက်ကြည့်လိုက်သည်။
“ဒါက…ရှေးဟောင်းအော်ရာ ဒီမှာ ရှိနေတယ်…”
သူသည် ၎င်းရှေးဟောင်းအော်ရာနှင့် ရင်းနှီးပေ၏။ ၎င်းမှာ ရှေးဟောင်းယဲ့မို၏ အော်ရာပင်။ သူက ထိုအော်ရာကို ခံစားမိလိုက်သည်နှင့် သူ့ခန္ဓာကိုယ်သည် တုန်ယင်သွားပြီး သူ့စိတ်ထဲတွင် တုန်လှုပ်ဖွယ်ခန့်မှန်းမှုတစ်ခု ပေါ်လာသည်။
“လီကောင်းရဲ့လေးက ဘယ်မျက်လုံးကို ထွင်းခွင်းခဲ့ပြီး ဟင်းလင်းပြင်ထဲ ပျောက်ကွယ်သွားခဲ့တယ်။ ဒီမှာ ယဲ့မိုရဲ့ အော်ရာ ရှိနေတယ်။ ဆယ့်ကိုးခုမြောက်အလွှာဟာ ယဲ့မိုရဲ့ဘယ်မျက်လုံးကို ချိပ်ပိတ်ထားတာများ ဖြစ်နေမလား…”
ဝမ်လင်း၏နှလုံး မြန်ဆန်စွာ စတင် ခုန်ပေါက်လာ၏။
“ဒီလိုပဲ ဖြစ်လိမ့်မယ်။ ဒီနေရာမှာ ကောင်းကင်ဘုံသွေးမျိုးဆက်ရော၊ ရှေးဟောင်းအော်ရာရော ပါဝင်နေတယ်။ မြှားက ထွင်းဖောက် ယူဆောင်သွားတဲ့ ယဲ့မိုရဲ့ဘယ်မျက်လုံးအပြင် တခြား ဖြစ်နိုင်တာ မရှိတော့ဘူး…”
“ဘယ်မျက်လုံးဟာ အစတုန်းက ကောင်းကင်ဘုံသွေးမျိုးဆက် မပိုင်ဆိုင်ထားဘူး။ ဒါပေမဲ့ လီကောင်းရဲ့လေးက ဒီမျက်လုံးကို ဒဏ်ရာ ရစေခဲ့တာ။ ဒါ့ကြောင့် ဒီနှစ်ခုဟာ ပေါင်းစည်းသွားတာပဲ…”
“ဒီပေါင်းစည်းမှုဟာ ငါ့ခန္ဓာကိုယ်လိုမျိုးပဲ။ ဒီတော့ တွန်းကန်အားလည်း ရှိလိမ့်မယ်။ ငါ မသိတာက တက်တူးကလန်ဟာ ဒီတွန်းကန်အားကို ချိပ်ပိတ်မှုအဖြစ် ဘယ်လိုများ ပြောင်းလဲ ပစ်လိုက်တာလဲ ဆိုတာပဲ။ ဒါပေမဲ့ ဒီချိပ်ပိတ်မှုကြောင့် ဒီလောကမှာ ဘယ်သူကမှ ရှေးဟောင်းယဲ့မိုရဲ့ ဘယ်မျက်လုံးဟာ ဒီနေရာမှာ အမှန်တကယ် ရှိနေတာကို ရှာမတွေ့နိုင်ခဲ့ကြတာ ဖြစ်တယ်…”
***