← Chapters

မူလစမှတ်

Vol. 118 Ch. 1627

မူလစမှတ်

Vol. 118 Ch. 1627

ဝမ်လင်း၏နှလုံးခုန်သံ မြန်နေ၏။ သူ၏ ရဲတင်းသော ခန့်မှန်းမှုကြောင့် သူ တုန်လှုပ်မိသည်။ သူသည် တံခါးပေါ်ရှိ နောက်ဆုံးတက်တူးချိပ်ပိတ်မှုကို စိုက်ကြည့်နေရင်း အသက်ခပ်ပြင်းပြင်း မှုတ်ထုတ်မိလိုက်၏။

တက်တူးချိပ်ပိတ်မှုတွင် ကောင်းကင်ဘုံသွေးမျိုးဆက်နှင့် ရှေးဟောင်းအော်ရာ ပါဝင်ကာ တွန်းကန်အားကို ဖန်တီး၏။ သို့ပေမည့် ထိုစက်ဝန်းတက်တူးက ထိုတွန်းကန်အားကို တံခါးအား မချိုးဖျက်အောင် လုပ်သည့်အပြင် ၎င်းက တံခါးကိုလည်း ချိပ်ပိတ်ထားလေသည်။

ထိုတက်တူးစက်ဝန်းက ဝမ်လင်းကို တုန်လှုပ်မိစေ၏။

ထိုတက်တူးသည် ဝမ်လင်းအတွက် တံခါးတစ်ချပ် ဖွင့်လှစ်ပေးလိုက်ခြင်းပင်။ သူ့အတွက် သူ့ခန္ဓာကိုယ်တွင်းရှိ တွန်းကန်အားကို ဖယ်ရှားနိုင်မည့် နောက်ထပ်လမ်းကြောင်းတစ်ခုပင်။

“ဒီတက်တူးချိပ်ပိတ်မှုမှာ ကောင်းကင်ဘုံနဲ့ရှေးဟောင်းစွမ်းအင် ပေါင်းစည်းနေတယ်။ ဒီလောကရဲ့ လူအနည်းငယ်ကသာ ဒါကို ဖွင့်လှစ်နိုင်လိမ့်မယ်။ ငါ့လိုမျိုး တစ်စုံတစ်ယောက်ကသာ ဖွင့်လှစ်နိုင်မှာ…”

ဝမ်လင်း၏မျက်လုံးထဲတွင် ကောက်ချက်ချမှုများနှင့် ပြည့်နှက်နေ၏။ သို့သော် အချိန်အတန်ကြာပြီးနောက် သူသည် သက်ပြင်းမချမိဘဲ မနေနိုင် ဖြစ်ရသည်။ သူသည် ခက်ခဲရှုပ်ထွေးမှုနှင့် ကို့ယို့ကားယားဖြစ်မှု အငွေ့အသက်ကို ခံစားမိရ၏။ သူသည် ၎င်းချိပ်ပိတ်မှုမှာ ၎င်းကိုယ်တိုင်၏အပေါ်၌ ပြန်လည်မွေးဖွားခြင်းစက်ဝန်းတစ်ခု ဖုံးနေသလိုမျိုး ခံစားမိသည်။

သူသာ ဟင်္သာပြဒါးဂြိုဟ်ထံမှ ထွက်မလာခဲ့ပါက သူသည် နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေသို့လည်း လုံးဝ ရောက်ခဲ့လိမ့်မည် မဟုတ်ပေ။ ထို့နောက် သူသည် အလုံးစုံကောင်းကင်သို့ ဦးတည်သော အက်ကွဲကြောင်းအဟကိုလည်း လုံးဝ အသုံးပြုခဲ့ရလိမ့်မည် မဟုတ်ပေ။ သူသာ အလုံးစုံကောင်းကင်သို့ မသွားရောက်ခဲ့ပါက မြေနိမ့်သားရဲခန္ဓာကိုယ်တွင်းသို့လည်း ဝင်ရောက်နိုင်ခဲ့လိမ့်မည် မဟုတ်ပေ။

သူသာ မြေနိမ့်သားရဲအကြောင်း မသိခဲ့ပါက ၎င်းကို သူ၏အသက်အနှစ်သာရသားရဲ ဖြစ်အောင် လုပ်ရန် စိတ်ကူးလည်း ရခဲ့လိမ့်မည် မဟုတ်ပေ။ ထိုသို့ဖြင့် သူသည် တိမ်ပင်လယ်ကြယ်အဖွဲ့အစည်း၌ ပထမဆုံးတိုက်ပွဲတွင် မြေနိမ့်သားရဲ၏ ဝါးမြိုခြင်းကို ခံရလိမ့်မည်လည်း မဟုတ်ပေ။ ထို့နောက် သူသည် အရူးနှင့် လုံးဝ တွေ့ဆုံရမည် မဟုတ်ဘဲ ကောင်းကင်ဘုံသွေးမျိုးဆက်ကို ပိုင်ဆိုင်နိုင်လာလိမ့်မည် မဟုတ်ပေ။ ထိုအခါ သူသည် တွန်းကန်အားနှင့် ပတ်သတ်၍လည်း ရင်ဆိုင်ဖို့ လိုအပ်တော့မည် မဟုတ်ချေ။

ခုချိန်၌ သူသည် ဟင်္သာပြဒါးဂြိုဟ်သို့ ပြန်လာခဲ့ကာ သူ ပထမဆုံးခြေလှမ်း ခဲ့သော နေရာသို့ ရောက်လာခဲ့လေပြီ။ သူသည် သူ၏မူလအစသို့ ပြန်ရောက်လာခဲ့ပြီ။

သို့ပေမည့် ထိုမူလစမှတ်တွင် သူက တစ်ခုခုမှားနေပြီကို ရှာတွေ့ခဲ့သော်လည်း သူသည် ဒီဆယ့်ကိုးခုမြောက်အလွှာကို လုံးဝ ဖွင့်လှစ်နိုင်လိမ့်မည် မဟုတ်ပေ။

ခုချိန်တွင်မူ ဝမ်လင်းသည် သည်ချိပ်ပိတ်မှုကို ဖွင့်လှစ်နိုင်သော ဒီလောက၏ တစ်ဦးတည်းသောသူ ဖြစ်လာခဲ့လေပြီ။ သည်လိုအရာမျိုးက ဝမ်လင်းကို စိတ်ခံစားမှု ဖြစ်စေမိသလို၊ စိတ်လည်း ရှုပ်ထွေးစေ၏။

အချိန်အတန်ကြာပြီးနောက် ဝမ်လင်းက ညင်သာစွာ ခေါင်းယမ်းလိုက်ပြီး ကပေါက်တိကပေါက်ချာအတွေးများကို ဆက်မတွေးတော့ပေ။ သူ့မျက်လုံးသည် တောက်ပလာ၏။ သူက ညာလက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်သည်။ သူသည် မည်သည့်ကောင်းကင်ဘုံစွမ်းအင် သို့မဟုတ် ရှေးဟောင်းစွမ်းအင်ကိုမျှ အသုံးမပြုပေ။ ထိုအစား သူက သူ့ညာလက်ညှိုးမှ ပျံ့နှံ့လာသော တွန်းကန်အားကိုသာ ထိန်းချုပ်လေ၏။

ချက်ခြင်းပင် ဝမ်လင်းသည် နာကျင်မှုကို ခံစားလိုက်ရ၏။ ၎င်းမှာ ခပ်ပျော့ပျော့ဓားတစ်လက်က သူ့ခန္ဓာကိုယ်အတွင်း တွန့်ခေါက်လိမ်ကာ လှုပ်ရှားသွားသည့်အလား။ တွန်းကန်အား သူ့ညာလက်ညှိုးတွင် လာရောက်စုဝေးချိန်၌ ဝမ်လင်း၏အရိုးများသည်ပင် တုန်ယင်ကုန်သည်။

ဝမ်လင်း၏လက်ညှိုးက တုန်ယင်နေ၏။ သူ့နှဖူးထက်တွင် ချွေးများစွာ ပြန်နေသည်။ သူက ခဏကြာမှ အသက်ကောင်းကောင်း ပြန်ရှုနိုင်လေ၏။ သူသည် ပြင်းထန်သောနာကျင်မှုအောက်၌ သူ့လက်ညှိုးတုန်ယင်နေခြင်းကို အင်တိုက်အားတိုက် အာရုံအပြည့်စိုက်ကာ ဟန့်တားထားရသည်။

ဝမ်လင်း၏ ညာလက်ညှိုးသည် ဖြည်းဖြည်းချင်း ဆန့်ထွက်လာပြီး စက်ဝန်းတက်တူးပေါ်သို့ ကျရောက်သွားသည်။ ထိုအခိုက်တွင် ဝမ်လင်း၏ခန္ဓာကိုယ်တွင်းရှိ တွန်းကန်အားသည် မြည်ဟည်းလာကာ ၎င်း၏ ပြိုင်ဘက်ကို ရှာတွေ့သည့်အလား ပေါက်ကွဲထွက်လာလေ၏။

ဝမ်လင်း၏မျက်နှာသည် ချက်ခြင်းပင် ဖြူရောသွားသည်။ သို့သော် သူ့ညာလက်ညှိုးသည် တုန်ခါမနေပေ။

သူက လက်ချောင်းထိပ်ကိုသာ ကြည့်၍ အာရုံအပြည့်စိုက်ထားပြီး တွန်းကန်အားကို လစ်လျူရှုထားသည်။ သူက သူ့လက်ညှိုးဖြင့် စက်ဝန်းတက်တူးကို တဖြည်းဖြည်းချင်း ကျွင်းကျင်စွာ ရေးဆွဲသည်။ သူသည် ထိုစက်ဝန်းကို တစ်ချီတည်း တစ်ပတ်ပြည့်အောင် လုံးဝ ရေးဆွဲရပေလိမ့်မည်။ ထိုမှသာ သူသည် ၎င်းတက်တူးချိပ်ပိတ်မှုကို ဖွင့်လှစ်နိုင်ပေမည်။

သူ လှုပ်ရှားလိုက်တိုင်း သူ၏ခန္ဓာကိုယ်တွင်းရှိ တွန်းကန်အားသည် ပေါက်ကွဲထွက်လာနေ၏။ သူက တက်တူးထံမှ တွန်းကန်အားကလည်း အဆက်မပြတ်ထွက်လာရင်း သူ၏လက်ချောင်းတွင်းသို့ ဝင်ရောက်နေသည်ကို ခံစားမိသည်။ ပြင်းထန်သောနာကျင်မှုက သူ့ကို ချွေးပြန်ကာ အသက်ရှုမှားစေ၏။

သူ့ပါးစပ်ထောင့်မှ သွေးများစီးကျနေ၏။ သူ၏ကိုယ်တွင်းအင်္ဂါများသည် မွှေနှောက်ခံရကာ ပျက်စီးတော့မည့်အလား ခံစားမိသည်။

သူ၏ ကောင်းကင်ဘုံခန္ဓာကိုယ်နှင့် အသွေးအသားကို တစ်စုံတစ်ယောက်က ခွာထုတ်ဆုတ်ဖြဲသည့်အလား ခံစားနေရသည်။ ထိုနာကျင်မှုသည် မကြုံဖူးလျှင် သိနိုင်လိမ့်မည်မဟုတ်၊ ဖော်ပြနိုင်လိမ့်မည်ပင် မဟုတ်ပေ။

အချိန်ဖြည်းဖြည်းချင်း ကုန်ဆုံးနေ၏။ ဖျတ်ခနဲအတွင်း ခုနစ်မိနစ်ခန့် ကုန်ဆုံးသွားလေပြီ။ သည်အခန်းထဲ၌ ဝမ်လင်း၏ ခပ်ပြင်းပြင်း အသက်ရှုသံများနှင့် ပြည့်နေလေ၏။

သူ့မျက်လုံးများသည် နီရဲလာကာ သူ့ညာလက်ရှိ သွေးကြောများသည် ကြီးစွာ ဖောင်းကြွရောင်ကိုင်းလာ၏။ တုန်လှုပ်ဖွယ်မြင်ကွင်းပင်။ သူ့ညာလက်သာမက သူ့မျက်နှာပေါ်ရှိ သွေးကြောများလည်း ဖောင်းကြွလာ၏။

ဝမ်လင်းသည် အံတင်းတင်းကြိတ်ကာ သူ့လက်ချောင်းကိုသာ စူးနစ်စွာ ကြည့်နေ၏။ သူသည် ဖြည်းဖြည်းချင်း လှုပ်ရှားကာ ရေးဆွဲမှု ပြုသည်။ တွန်းကန်အားကမူ သူ၏ကိုယ်တွင်း၌ ဗြောင်းဆန်နေလေပြီ။ သူ၏ခန္ဓာကိုယ်ထံမှ တစီစီအသံများသည် ဟောဟဲလိုက်နေသော အသက်ရှုသံနှင့်အတူ ထွက်ပေါ်လာ၏။

“နောက်ထပ်နည်းနည်းပဲ အားစိုက်ရတော့မှာ…” ဝမ်လင်း၏ညာလက်သည် ထုံထိုင်းနေ၏။ တွန်းကန်အားကို စုပ်ယူရသည့် အခက်အခဲမှာ တတိယအဆင့်ကျင့်ကြံသူတစ်ယောက်နှင့် သူသေကိုယ်သေ ရက်ရက်စက်စက် တိုက်ခိုက်ရသလိုပင်။

ထိုထက်ပင် ပိုခက်ခဲနိုင်သေး၏။

သို့ပေမည့် ဤနည်းဖြင့်သာ သူသည် ၎င်းတက်တူးချိပ်ပိတ်မှုကို ဖွင့်လှစ်နိုင်မည် ဖြစ်၏။ ကောင်းကင်ဘုံစွမ်းအင် ပိုင်ဆိုင်ထားသော လူတစ်ယောက်သည်လည်း ဤချိပ်ပိတ်မှုကို ဖွင့်နိုင်လိမ့်မည် မဟုတ်ပေ။ အလားတူပင် ရှေးဟောင်းစွမ်းအင် ပိုင်ဆိုင်ထားသူမှာလည်း ထိုနည်းနှယ် ဖြစ်၏။ လူတစ်ယောက်သည် ဒီနေရာတစ်ခုလုံးကို သန့်စင်ပစ်နိုင်ခဲ့လျှင်ပင် ဤတက်တူးချိပ်ပိတ်မှုကို အနည်းငယ်မျှ ထိခိုက်အောင် လုပ်နိုင်လိမ့်မည် မဟုတ်ပေ။

အချိန်ကုန်လွန်လာ၏။ ဝမ်လင်းက နောက်ဆုံးအစိတ်အပိုင်းငယ်ကို ဆွဲဖို့အတွက် ဆယ့်ငါးမိနစ်နီးပါး အသုံးပြုခဲ့ရပြီး ဖြစ်သည်။ သူသည် ရေးဆွဲခြင်းကို လက်စသပ်လိုက်သည့်အချိန်၌ သူ့ထုံနေသော လက်ချောင်းမှာ စတင်ခဲ့သည့်အခြေအနေသို့ ပြန်ရောက်သွားကာ တက်တူးထံမှ ပေါက်ကွဲထွက်လာသော ပြင်းထန်သည့် တွန်းကန်အားက သူ၏ညာလက်အတွင်းသို့ ဝင်ရောက်လာလေ၏။

ကျယ်လောင်စွာ ပေါက်ကွဲသွားပြီး ဝမ်လင်းသည် နောက်သို့ လွင့်ထွက်လာ၏။ သူ့ခန္ဓာကိုယ်မှ အလင်းထွက်ပေါ်လာကာ အလင်းအရိပ်ဒိုင်းကို အသက်သွင်းသည်။ သို့သော် ၎င်းဒိုင်းသည် တခဏအတွင်း ပျက်စီးသွား၏။

ဝမ်လင်းသည် သွေးအန်လိုက်ရသည်။ အလင်းအရိပ်ဒိုင်း ပျက်စီးသွားသည့်အခိုက်တွင် အင်ပါယာမီးပြင်းဖို ပေါ်လာသည်။ ဘန်းခနဲ ပေါက်ကွဲကာ အင်ပါယာမီးပြင်းဖိုသည် တွန့်ခေါက်သွားသည်။ ၎င်းက ဝမ်လင်း၏ကြယ်အတွင်းသို့ ပြန်ကန် ဝင်ရောက်သွားရ၏။

အလင်းအရိပ်ဒိုင်းနှင့် အင်ပါယာမီးပြင်းဖိုတို့ကြောင့် တက်တူး၏စွမ်းအားသည် အတော်လေး လျော့ပါးသွား၏။ ၎င်းအားက သူ့ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာကာ သူ၏ပါးစပ်ထောင့်မှ သွေးများ ထပ်မံ စီးကျပြန်သည်။ သူ၏ခန္ဓာကိုယ်သည် ဂူနံရံ ဝင်ဆောင့်သည့်ထိ လွင့်ထွက်သွား၏။ အက်သံများ ထွက်ပေါ်လာကာ ဝမ်လင်းနောက်မှ နံရံသည် စတင်အက်ကွဲလာသည်။

စက်ဝန်းပုံတက်တူးထံမှ တခန်းလုံး လင်းထိန်သည့်အထိ အလင်းဓာတ်ကို ပေးစွမ်း၏။ တောက်ပစွာ လင်းလက်ရင်း ကျောက်တံခါးသည် တုန်ဟည်းသွားသည်။ ၎င်းသည် ဖြည်းဖြည်းချင်း ပွင့်ဟလာကာ အတွင်းဘက် ဝင်နိုင်သည့် လမ်းကြောင်း လှစ်ဟပေါ်လာသည်။

ကျောက်တံခါး ပွင့်ဟသွားသည်နှင့် ရှေးဟောင်းအော်ရာတစ်ခု ထွက်ပေါ်လာကာ ဒီဧရိယာကို ခြုံလွှမ်းသည်။

ဝမ်လင်းသည် သူ့ပါးစပ်ထောင့်မှ သွေးများကို သုတ်လိုက်၏။ သူက ခေါင်းမော့လိုက်ရာ တခြားလောကသို့ ဝင်ပေါက်ကို ချက်ခြင်း တွေ့မြင်ရသည်။

ယင်းကား တက်တူးကလန်၏ အကြီးမားဆုံးလျှို့ဝှက်ချက် ဖြစ်၏။ ထိုနေရာသည် ဆယ့်ကိုးခုမြောက်အလွှာပင်။

ကျောက်တံခါး ပွင့်လာသည့်အခါ၌ ထိုရှေးဟောင်းအော်ရာသည် ရောယှက်ပျော်ဝင်သည်။ ဝမ်လင်းက ၎င်းကို ရှင်းလင်းစွာ ခံစားမိပြီး နှေးဖင့်ခြင်းမရှိဘဲ သူက နံရံဘက်ကို ရိုက်ချလိုက်သည်။

ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်သည်။ ထိုရိုက်အားကို ငှားယမ်းကာ ဝမ်လင်းသည် ပွင့်ဟနေသော ကျောက်တံခါးထံသို့ ဦးတည် ပျံသန်းလာသည်။ ချက်ခြင်းပင် သူသည် လွန်ခဲ့သောနှစ်ပေါင်း မရေမတွက်နိုင်ခင်ကတည်းက ချိပ်ပိတ်ခဲ့သည့်အခါမှစ၍ မည်သူမျှ မဝင်ရောက်ဖူးသေးသော တက်တူးကလန်၏ ဆယ့်ကိုးခုမြောက်အလွှာအတွင်းသို့ ဝင်ရောက်လာတော့သည်။

သူ ဝင်ရောက်လိုက်သည်နှင့် ကျောက်တံခါးက ဖြည်းဖြည်းချင်း ပြန်ပိတ်နေသည်။

ဝမ်လင်းသည် နောက်ပြန်မလှည့်ပေ။ သူ့ရှေ့မှ တွေ့မြင်လိုက်ရသည့်အရာကြောင့် သူ၏စိတ်သည် တုန်လှုပ်မိသွားသည်။

သူ ရောက်နေသော နေရာသည် အမှန်တကယ်ကမူ ဆယ့်ကိုးခုမြောက်အလွှာ ဟုတ်မနေပေ။ သို့သော် ထူးဆန်းသောလျှောက်လမ်းတစ်ခု ဖြစ်နေ၏။ ဆယ့်ကိုးခုမြောက်အလွှာသည် ထိုလျှောက်လမ်း၏ အဆုံးသပ်ပင်။

ထိုလမ်းကြောင်းသည် ဆထက်တိုးလာသော ကြီးမားသည့် စက်ဝန်းများကနေ ဖြစ်ပေါ်နေခြင်းပင်။ ယင်းတို့သည် သူ ရှေ့သို့ လျှောက်လာနေရင်း ပျံ့နှံ့နေ၏။ ထိုမျှဖြင့် ဝမ်လင်းကို တုန်လှုပ်သွားစေဖို့ မလုံလောက်သေးပေ။ သို့သော် ထိုစက်ဝန်းတစ်ခုချင်းစီသည် ကျောက်တံခါးပေါ်ရှိ တက်တူးများနှင့် တူညီနေလေ၏။

ယင်းစက်ဝန်းများသည် ကောင်းကင်ဘုံနှင့်ရှေးဟောင်းစွမ်းအင်နှစ်ခု အတူတကွ ပေါင်းစပ်ပြီးနောက် ဖြစ်ပေါ်လာကြခြင်းပင်။

ယင်းစက်ဝန်းများ၏ တည်ရှိမှုကြောင့် ၎င်းတို့သည် ကျောက်တံခါးနှင့် ချိတ်ဆက်မိကာ စက်ဝန်းတက်တူးချိတ်ပိတ်မှု ပေါ်လာခဲ့ခြင်းပင်။

“ဒီနေရာက ဘယ်လိုများ ဖြစ်ပေါ်နေတာလဲ…” ဝမ်လင်းသည် သူ့ရှေ့တည့်တည့်သို့ ကြည့်လိုက်သည်။ သူသည် နေရာများစွာသို့ သွားခဲ့ဖူး၊ ရောက်ခဲ့ဖူးပြီး ထူးဆန်းသောလောကများစွာကို မြင်တွေ့ခဲ့ဖူးသော်ငြားလည်း သူ တုန်လှုပ်မိနေဆဲပင်။

သည်လမ်းကြောင်းအတွင်း၌ စက်ဝန်းပိုကြီးလေလေ တွန်းကန်အားက ပိုများလေပင်။ သည်နေရာတွင် ထက်ရှသော စိတ်ဝိညာဉ်စွမ်းအင်ပါ ရှိနေ၏။ ဝမ်လင်း အတွင်းဘက်သို့ ပိုဝင်လာလေလေ သူက သူသည် ထက်ရှသောဓားတစ်လက်၏ ပိတ်ဆို့ခြင်းကို ခံရသလိုမျိုး ပိုခံစားမိလေပင်။

ထိုစက်ဝန်းများ၏အပြင်ဘက် ဧရိယာသည် လုံးဝ နက်မှောင်နေ၏။ နတ်ဘုရားအာရုံကိုပင် ဖြန့်ကျက်နိုင်လိမ့်မည် မဟုတ်ပေ။ သို့ပေမည့် ဝမ်လင်းသည် ရှေ့လှမ်းကြည့်ကာ တစ်စုံတစ်ရာကို ခပ်ရေးရေး သတိပြုမိသွားရာ သူ၏ မျက်လုံးသူငယ်အိမ်ပါ ကြုံ့သွားမိ၏။

“ဒီလမ်းကြောင်းကို ဖြစ်စေတဲ့ စက်ဝန်းတွေထဲမှာ ဖုန်မှုန့်တစ်ခု ရှိနေတယ်…” ဝမ်လင်း၏စိတ်သည် ကစဉ့်ကလျား ဖြစ်သွား၏။ သူသည် ဟင်္သာပြဒါးဂြိုဟ်၏ အတွင်းနက်ပိုင်းတွင် ရှိနေခြင်းပင်။ ထို့ကြောင့် ဖုန်မှုန့်ကို မြင်ရသည်မှာ သဘာဝကျသည်။ သို့ပေမည့် သူ ကျောက်တံခါးအတွင်း ဝင်ရောက်လာသည့်အခါတွင် သူသည် တခြားလောကတစ်ခုသို့ ဝင်ရောက်သွားသည့်နှယ် ခံစားခဲ့ရသည်။ ထိုအခါ သူ ဖုန်မှုန့်ကို မြင်သည့်အခါ သူ့ထံ၌ ဖော်ပြ၍မရသောခံစားချက်တစ်ခု ဖြစ်ပေါ်လာတော့သည်။

ခဏတာ ငြိမ်သက်စွာ စဉ်းစားကြည့်ပြီးနောက် ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်လာသည်။ သူ ဒီနေရာသို့ ရောက်လာခဲ့မှတော့ ဤနေရာသို့ မည်သို့ဖြစ်သည်ကို တွေ့မြင်ရပေလိမ့်မည်။ ဝမ်လင်းသည် အဆုံးသပ်သို့ လမ်းကြောင်းအတိုင်း တိုးဝင် ဖြတ်သန်း လာ၏။

ဝမ်လင်းရှေ့ရှိ စက်ဝန်းများသည် တဖြည်းဖြည်း ပိုကြီးလာကာ ပေထောင်ချီ ကျယ်ပြောလာသည်။ ရှေးဟောင်းနှင့်ကောင်းကင်ဘုံစွမ်းအင်များသည်လည်း ထက်ရှရှ စိတ်ဝိညာဉ်စွမ်းအင်နှင့်အတူ ပိုအားကောင်းလာသည်။ ပတ်ဝန်းကျင်တစ်ခုလုံးသည် အေးစက်နေ၏။ သို့သော် မည်သည့်ရေခဲ အရိပ်အယောင်မျှ ရှိမနေပေ။

အချိန်မည်မျှကြာသွားမှန်း မသိပြီးနောက် ဝမ်လင်းသည် နောက်ဆုံးစက်ဝန်းကို တွေ့မြင်လိုက်ရသည်။ သူက လမ်းကြောင်း၏ အဆုံးသပ်သို့ ရောက်လာ၏။ ထိုစက်ဝန်းသည် ပေထောင်သောင်းချီ ရှိသည်။

ထိုနေရာတွင် ရပ်နေရင်း ဝမ်လင်းက နောက်လှည့်ကြည့လိုက်ရာ သူသည် ကျောက်တံခါးကို မတွေ့နိုင်တော့ပေ။ သူ တွေ့မြင်သည့်အရာမှာ ပိုပိုသေးငယ်သွားသော စက်ဝန်းများကိုသာ ဖြစ်၏။

စဉ်းစားနေရင်း ဝမ်လင်းသည် ရှေ့ပြန်လှည့်ကာ နောက်ဆုံးစက်ဝန်းအတွင်းသို့ ခြေလှမ်းဝင်လိုက်၏။ သူက ယင်းစက်ဝန်း၏အလယ်ထိ ခြေချလှမ်းလိုက်သည်။ ထို့နောက် သူက ၎င်းကို မြင်လိုက်ရသည်။

***

All Chapters