ရှာဖွေခြင်း
Vol. 37 Ch. 526
အခန်း (၅၂၆) ရှာဖွေခြင်း
ပုံရိပ်ယောင်အလင်းတန်းကို သူတို့ ဆက်လက်ကြည့်ရှုလိုက်ကြသည်။
ချန်လီတောင်မှ အကြီးအကဲတစ်ယောက်က လေးလံသောလေသံဖြင့်...
“ငါမြင်တာတော့ သူတို့နှစ်ယောက် အတူတူထွက်သွားတယ်လို့ပဲ မြင်တယ် ၊ ဘာ အကြောင်းအကျိုးတရားမှ မရှိဘူး ၊ ဒီတော့ ဘာမှ ဖြေရှင်းချက်ပေးလို့မရဘူး”
သွေးနီနဂါးဂိုဏ်းမှ အကြီးအကဲက ဒေါသတကြီး အော်ဟစ်ရင်း...
“မင်းတို့ချန်လီတောင်မှာ နေတဲ့သူက ငါတို့ဂိုဏ်းချုပ်ရဲ့ သမီးကို ဖမ်းခေါ်သွားတာလေ ၊ အခု သူ့ရဲ့ လက်ရှိအခြေအနေတောင် မသိရသေးဘဲ မင်းက ဒီလိုစကားမျိုး ပြောဝံ့သလား”
ချန်လီတောင်မှ လူရွယ်အကြီးအကဲတစ်ယောက်ကလည်း စိတ်မရှည်စွာ အော်ဟစ်လိုက်သည်။
“သူတို့နှစ်ယောက်လုံး ပင်လယ်ရေဝဲထဲ ခုန်ချပြီး ပျောက်သွားတာလေ ၊ အရင်က ဘာဖြစ်ခဲ့လဲ ၊ အခု ဘာဖြစ်နေသလဲ ဘယ်သူမှမသိဘူး ၊ ပြောရရင် ရှီကျွင်းတောင် မင်းတို့လက်ထဲမှာ အသတ်ခံလိုက်ရတာ ဖြစ်နိုင်တယ် ၊ မင်းတို့က ကိုယ့်အပြစ်ကိုယ် ဖုံးချင်တာနဲ့ အကြောင်းမရှိအကြောင်းရှာပြီး ငါတို့ချန်လီတောင်ကို ပြဿနာလာရှာတာ မဖြစ်နိုင်ဘူးလား”
သူက ဆက်ပြောသည်။
“ဒီတော့ မေးစမ်းပါရစေ ၊ အခု ရှီကျွင်း ဘယ်မှာလဲ”
သွေးနီနဂါးဂိုဏ်းမှ အကြီးအကဲက ဒေါသတကြီးဖြင့်...
“သိပ်ကောင်းတယ် ၊ သူခိုးက လူပြန်ဟစ်ရတယ် ရှိသေး ၊ ဒီလောက်ပြဿနာရှာပြီးမှာတော့ အဲဒီ ‘ရှီ’ မျိုးနွယ်မိစ္ဆာလေးက မင်းတို့ချန်လီတောင်ကို ပြန်ပြေးမလာဘဲ ဘယ်နေရာကို သွားမတဲ့လဲ”
ချန်လီတောင်မှ အကြီးအကဲက အေးစက်စွာဖြင့်...
“ဒီကိစ္စနောက်ကွယ်က အကြောင်းရင်းမှန်ကို မသိရသေးဘူး ၊ လောလောဆယ် ရှီကျွင်းရော ‘ရှန်’ဂိုဏ်းချုပ်ရဲ့သမီးရော နှစ်ယောက်လုံး ဒီမှာမရှိလို့ မင်းတို့ရဲ့တစ်ဖက်သတ်စကားတွေကို ဘယ်လို ယုံရမလဲ ၊ မင်းပြောတဲ့စကားတွေကိုတော့ တစ်ဖက်သတ် အမှန်တရားလို့ မယူဆနိုင်ဘူး”
သွေးနီနဂါးဂိုဏ်းမှ အမျိုးသမီးအကြီးအကဲတစ်ယောက်က လက်ကိုမြှောက်လိုက်ပြီး သူမရှေ့တွင် ဒေါသပေါက်ကွဲနေသော အကြီးအကဲကို တားဆီးလိုက်သည်။
“ရှင်ပြောတာ အဓိပ္ပါယ်ရှိတယ် ၊ ဒါကြောင့် ရှီကျွင်းနဲ့ ယင်းအာကို တစ်ပြိုင်တည်း စစ်ဆေးမေးမြန်းသင့်တယ်”
ချန်လီတောင်မှ အကြီးအကဲက...
“ရှီကျွင်း တောင်ပေါ်ပြန်မလာဘူးလို့ ငါ အစောကြီးကတည်းက ပြောပြီးပြီ...”
သူက ဆန့်ကျင်ဘက်တွင်ရှိနေသော သွေးနီနဂါးဂိုဏ်းမှ လူများကို စူးစိုက်ကြည့်ရင်း...
“ဒီတော့ သူတို့အခု ဘယ်ရောက်နေလဲ သိချင်တယ်”
သွေးနီနဂါးဂိုဏ်းမှ အကြီးအကဲက ဒေါသတကြီးဖြင့်...
“မင်းတို့နဲ့ လှည့်ပတ်ပြီး ငြင်းခုန်နေဖို့ အချိန်မရှိဘူး ၊ အခု ယင်းအာ အန္တရယ်ကျရောက်မျာကို စက္ကန့်နဲ့အမျှ စိတ်ပူပန်နေရတယ်”
သူက ဆက်ပြောသည်။
“အရင်က ငါတို့ သိုင်းဂိုဏ်းနှစ်ဂိုဏ်းကြးမှာ ပဋိပက္ခတွေအများကြီးရှိခဲ့တာ မှန်ပါတယ် ၊ ရှီကျွင်းက ငါတို့ဂိုဏ်းက တပည့်တွေကို အနိုင်ယူသွားတာဆိုရင် သူတို့အရည်အချင်းမရှိလို့ ရှုံးနိမ့်ရတယ်ဆိုတာ လွယ်လွယ်နဲ့ လက်ခံနိုင်တယ် ၊ ဒါပေမဲ့ အခု ဒီကောင်လေးက ငါတို့ဂိုဏ်းက တပည့်နှစ်ယောက်ကို သတ်သွားတဲ့အပြင် ယင်းအာကိုလည်း ဖမ်းခေါ်သွားတယ် ၊ ဆိုတော့... ဒါတွေအားလုံးနဲ့ပတ်သက်လို့ မင်းတို့ဘက်က ကျေနပ်လောက်တဲ့ အဖြေတစ်ခု ပေးသင့်တယ်”
သွေးနီနဂါးဂိုဏ်းမှ အကြီးအကဲက ချန်လီတောင်မှလူများကို အကဲခတ်ရင်း ဖြည်းညင်းစွာ ဝင်ပြောသည်။
“ရှီကျွင်း တောင်ပေါ်မှာမရှိဘူးလို့ ရှင်တို့ပြောတယ်မဟုတ်လား ၊ ဒါဖြင့် သူ့ဆရာရော ဘယ်မှာလဲ ၊ သူ့ဆရာပါ တောင်ပေါ်မှာ မရှိဘူးလို့တော့ မပြောနဲ့”
ပိုင်ကျင်းခန်းယူဆောင်လာသည့် ကျောက်စိမ်းအင်းသင်္ကေတမှ မြင်ကွင်းများက ဤတွင် အဆုံးသတ်သွားသည်။
သူက သက်ပြင်းချလျှက် ရွှီဖေးကို ကြည့်ရင်း...
“ပင်မခန်းဆောင်ထဲကို လာရောက်ဖို့ ငါတို့ဂိုဏ်းချုပ်က ခင်ဗျားကို ဖိတ်ခေါ်ချင်နေပါတယ် ညီလေး’ရွှီ’ ၊ ခင်ဗျားလည်း ဒီအကြောင်းတွေကို နားလည်မယ်ထင်ပါတယ်”
ရွှီဖေးက...
“အစ်ကို’ပိုင်’ က အရမ်းအားနာလွန်းနေပြီ ၊ သွေးနီနဂါးဂိုဏ်းရဲ့ စကားတွေက မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ ကျွန်တော့်တပည့်ကိစ္စကို ကျွန်တော်ကိုယ်တိုင် လိုက်ဖြေရှင်းပေးဖို့ တာဝန်ရှိပါတယ်”
ပိုင်ကျင်းခန်းက ရန်ကျောက်ကဲကို လှမ်းကြည့်ရင်း...
“’ရန်’ သခင်လေး... ခင်ဗျားကတော့ လူလုံးထွက်မပြတာ ပိုကောင်းမယ်ထင်တယ် ၊ ပြီးတော့ တူလေး ရှီကျွင်းကို လိုက်ရှာကြည့်ပါလား ၊ တူလေးရှီကျွင်းကို ရှာတွေ့မှ သွေးနီနဂါးဂိုဏ်းနဲ့ မျက်နှာချင်းဆိုင်ဖြေရှင်းတာ ပိုအကျိုးရှိနိုင်တယ် ၊ သိုသိုသိပ်သိပ်လုပ်လိုက်နိုင်ရင် ဒီသတင်းက ပျံ့သွားမှာ မဟုတ်ပါဘူး”
ထိုစကားနောက်ကွယ်မှ အဓိပ္ပါယ်ကိုနားလည်သည့်သဘောဖြင့် ရန်ကျောက်ကဲက ပိုင်ကျင်းခန်းကို ကြည့်လိုက်သည်။
ရှီကျွင်းက ယုံကြည်ထိုက်သူတစ်ယောက် ဖြစ်သော်လည်း လက်ရှိကိစ္စကတော့ အတော်လေး အဆင်မပြေလှပေ။
ဖြစ်နိုင်ခြေနည်းပါးသည့်တိုင် ရှီကျွင်းက ရှန်ယင်းဆိုသောမိန်းကလေးကို အမှန်တကယ် ဖမ်းခေါ်သွားသည်ဆိုပါက သူတို့အနေဖြင့် အကြောင်းပြချက်ပေးရန် မဖြစ်နိုင်တော့ပေ။
ချန်လီတောင်က သွေးနီနဂါးဂိုဏ်းထက် အားနည်းသည်မှန်သော်လည်း အကြောင်းမရှိဘဲ အလျှော့ပေးမည်မဟုတ်ဘဲ ရှီကျွင်းဘက်မှ မားမားမတ်မတ် ရပ်တည်ပေးမည် ဖြစ်၏။
သို့သော် ရှီကျွင်း အမှန်တကယ် အမှားကျူးလွန်သည်ဆိုလျှင်တော့ ချန်လီတောင်အနေဖြင့် ကာကွယ်ပေးရန် မဖြစ်နိုင်သလို မဟာမိတ်များဖြစ်သော ရေသလင်းနန်းတော်နှင့် ပြန်လမ်းမဲ့တစ္ဆေဂိုဏ်းတို့သည်လည်း ဤကိစ္စနှင့်ပတ်သက်ပြီး ဝင်ရောက်စွက်ဖက် နိုင်တော့မည် မဟုတ်ပေ။
လမ်းမှန်ဂိုဏ်း (၇) ဂိုဏ်းအကြား မပြေလည်မှုများ ရှိကြသည်မှန်သော်လည်း မိစ္ဆာဂိုဏ်း (၆) ဂိုဏ်းအန္တရယ်ရှိနေသဖြင့် များသောအားဖြင့် ပြေပြေလည်လည်ဖြစ်အောင် နေထိုင်ကြသည်။
မျောလွင့်ဝိညာဉ်ကမ္ဘာတွင် ပိုင်ကျင်းခန်းတို့ ဇနီးမောင်နှံကို ဟိုင်ကျန့်ကျယ်နှင့် အခြားသူများ လိုက်လံသတ်ဖြတ်ခြင်းက မျက်မြင်သက်သေမရှိခဲ့ပေ။
ဟိုင်ကျန့်ကျယ်နှင့် သွေးနီနဂါးဂိုဏ်းမှလူများကို ရန်ကျောက်ကဲ သတ်ဖြတ်လိုက်သော်လည်း မည်သူမှ မသိရှိသဖြင့် သူတို့အားလုံး သမုဒ္ဒရာကမ္ဘာမှ အလိုလိုပျောက်ကွယ်သွားသည်ဟုသာ အားလုံးက သတ်မှတ်လိုက်ကြသည်။ ပိုင်ကျင်းခန်းတို့ ဇနီးမောင်နှံက ထိုသတင်းကို မပေါက်ကြားစေဘဲ ချန်လီတောင် အထက်ပိုင်းအကြီးအကဲအနည်းငယ်ကိုသာ သတင်းပို့ခဲ့၏။
ယခု ချန်လီတောင်တွင်နေထိုင်သော ရှီကျွင်းက သွေးနီနဂါးဂိုဏ်းမှလူများကို သတ်ဖြတ်ပြီး ဂိုဏ်းချုပ်၏သမီးကို ဖမ်းခေါ်သွားခြင်းက မျက်မြင်သက်သေများစွာရှိသည်။ သို့ဖြစ်ရာ အချိန်ကြာလာသည်နှင့်အမျှ ဤပြဿနာက ပေါက်ကွဲလာနိုင်သည်။
ထို့ပြင် ဖမ်းဆီးခေါ်ဆောင်ခံရသူက ငယ်ရွယ်ပြီး ချောမောလှပသည့် မိန်းမပျိုလေးဖြစ်လေရာ ကြားရသူတိုင်းနားထဲတွင် နားဝင်ဆိုးသည့်အနေအထား ဖြစ်သည်။
ထို့ကြောင့် သွေးနီနဂါးဂိုဏ်းမှာ အရှက်ရသလို ဒေါသလည်း ဖြစ်ကြရ၏။
အထူးသဖြင့် ဖမ်းဆီးခေါ်ဆောင်ခံရသူက သွေးနီနဂါးဂိုဏ်းချုပ်၏ သမီးဖြစ်သဖြင့် တစ်ဂိုဏ်းလုံး မျက်နှာဖြတ်ရိုက်သလို ခံစားကြရသည်။
ရန်ကျောက်ကဲက...
“ဒါဖြင့် ဂိုဏ်းတူအစ်ကို’ရွှီ’ ပဲ အရင်သွားကြည့်လိုက်ပါ...”
ရွှီဖေးနှင့် ပိုင်ကျင်းခန်းတို့ အတူထွက်ခွာသွားကြတော့ ရန်ကျောက်ကဲ မျက်လုံးများကို မှေးမှိတ်ထားရင်း ခဏတာ တွေးတောနေသည်။
“သွေးနီနဂါးဂိုဏ်း ဒီလောက်ဒေါသဖြစ်နေတာကိုကြည့်ရရင် ဟန်ဆောင်နေတာတော့ မဖြစ်နိုင်ဘူး”
***
ချန်လီတောင် ၊ ပင်မခန်းဆောင်။
ရွှီဖေးက ထိုနေရာတွင်ရှိနေသူများအားလုံးကို လက်နှစ်ဖက်ဆုပ် နှုတ်ဆက်လိုက်သည်။
သွေးနီနဂါးဂိုဏ်းမှ လူများကတော့ သူ့ကို စားမတတ် ဝါးမတတ် စိုက်ကြည့်နေကြ၏။
ရွှီဖေးက အေးဆေးတည်ငြိမ်စွာဖြင့်...
“ငါ့တပည့်က ခေါင်းမာတယ်ဆိုပေမယ့် အကျင့်ပျက်နေတဲ့သူတစ်ယောက် မဟုတ်ဘူး ၊ မင်းတို့ပြောသလို မကောင်းမှုကျူးလွန်တယ်ဆိုတာ မရှိသလောက်ပဲ”
သွေးနီနဂါးဂိုဏ်းမှ အမျိုးသမီးအကြီးအကဲက ဖြည်းညင်းသည့်လေသံဖြင့်...
“ဒါဖြင့် ကျွန်မတို့က မတရားစွပ်စွဲတယ်လို့ ပြောချင်တာလား”
ရွှီဖေးက နှိမ့်ချခြင်းလည်းမရှိ မောက်မာခြင်းလည်းမရှိသော ပုံမှန်လေသံဖြင့်...
“ဒီ ‘ရွှီ’ မျိုးနွယ်က ကိုယ့်တပည့်ကိုယ် ဖြောင့်မတ်မှန်ကန်တယ်လို့ ပြောတဲ့အခါ မင်းတို့ မယုံကြဘူး မဟုတ်လား ၊ အဲဒီလိုပဲပေါ့ ... ငါ့တပည့်က မင်းတို့ဂိုဏ်းက မိန်းကလေးကို ဖမ်းခေါ်သွားတယ်ဆိုတာလည်း တစ်ဖက်သတ်စကားပဲလေ ၊ ဒီလိုစကားမျိုးကို ဘယ်သူက ယုံနိုင်မလဲ”
သူက ဆက်ပြောသည်။
“ဒီကိစ္စ အမှန်တရားသိဖို့အတွက် ကာယကံရှင်တွေကို အရင်ဆုံးရှာရမယ် ၊ အခု ငါ့တပည့်က ချန်လီတောင်မှာ မရှိဘူး ၊ တည်ရာမဲ့ကျွန်းမှာလည်း မရှိသလို တည်ရာမဲ့ပင်လယ်မှာလည်းမရှိဘူး ၊ သူ့သတင်း လုံးဝမကြားရသေးဘူး”
ရွှီဖေးက လေသံအေးအေးဖြင့်...
“မင်းတို့ဂိုဏ်းကတပည့် အန္တရယ်ကင်းဖို့ မင်းတို့စိတ်ပူတယ်မဟုတ်လား ၊ ငါလည်း ငါ့တပည့်အတွက် စိတ်ပူတယ် ၊ ဒီတော့ တခြားကိစ္စတွေထက် သူ့ကို အရင်ရှာဖွေရမယ် ၊ မင်းတို့တွေလည်း ငါနဲ့အတူလိုက်ချင်ရင် လိုက်လာနိုင်တယ်”
သွေးနီနဂါးဂိုဏ်းမှ အကြီးအကဲက ပြတ်သားသောလေသံဖြင့်...
“ဒီကိစ္စက ဒီလောက်နဲ့ ပြီးမသွားဘူးဟေ့... ၊ မင်းတပည့်က ငါတို့ဂိုဏ်းကတပည့်ကို ဖမ်းခေါ်သွားတာတင်မဟုတ်ဘူး ၊ တခြားတပည့်နှစ်ယောက်ကိုလည်း သတ်သွားသေးတယ်”
ရွှီဖေးက မျက်မှောင်ကြုတ်ရင်း...
“ဒီလိုပြောရတာ မကောင်းပေမယ့်... မင်းတို့ဂိုဏ်းကလူတစ်ယောက်က ငါ့ကိုလာသတ်မယ်ဆိုရင် နောက်ဘာဖြစ်မယ်ဆိုတာ ကြိုတွေးပြီး ပြန်မတိုက်ခိုက်ဘဲ ငြိမ်ခံနေရမှာလား ၊ ကိုယ့်လာတိုက်ရင်တော့ ပြန်တိုက်ရမှာ ထုံးစံပဲလေ”
သွေးနီနဂါးဂိုဏ်းမှ အကြီးအကဲက ရွှီဖေးကို စိုက်ကြည့်ရင်း...
“မင်း...”
အမျိုးသမီးအကြီးအကဲက လက်တစ်ဖက်ကာလိုက်ပြီး...
“ကောင်းပြီ... ဒါဖြင့် သူတို့ကို အရင်ရှာရမယ် ၊ သူတို့ဘယ်မှာရှိမလဲ သဲလွန်စတွေများ သိသလား”
ရွှီဖေးက...
“မင်းတို့ဂိုဏ်းကပေးတဲ့သတင်းသာ အမှန်ဆိုရင် သူတို့ခုန်ချသွားတဲ့ ပင်လယ်ရေဝဲဂယက်ရှိတဲ့နေရာမှာ ငါတို့ သွားရှာလို့ရတယ်”
သွေးနီနဂါးဂိုဏ်းမှ အကြီးအကဲနှင့် အမျိုးသမီးတို့က ချက်ချင်း မတ်တတ်ထရပ်လိုက်ပြီး...
“ကောင်းပြီ ၊ ဒါဖြင့် ဘယ်တော့သွားမှာလဲ”
ရွှီဖေးက ချန်လီတောင်ဂိုဏ်းချုပ် ‘ကောင်းထျန်းကျုန်း’ ကို လှည့်ကြည့်လိုက်သည်။
ဂိုဏ်းချုပ်ဖြစ်သူက...
“ငါတို့ချန်လီတောင်က ဒီကိစ္စကို လျစ်လျူမရှုပါဘူး ၊ မင်းနဲ့အတူ ခရီးထွက်မယ့် ဂိုဏ်းသားတွေ ထည့်ပေးလိုက်ပါ့မယ်”
“ကျေးဇူးတင်ပါတယ် ‘ကောင်း’ ဂိုဏ်းချုပ်”
ရွှီဖေးက ပင့်သက်တစ်ချက်ရှိုက်ပြီး လေးနက်စွာ ခေါင်းညိတ်လိုက်သည်။
“ကျွန်တော့်မှာ ပြင်ဆင်စရာလေးတွေ ရှိသေးလို့ တစ်နာရီလောက်တော့ အချိန်စောင့်ပါ...”
ထို့နောက် ရွှီဖေးက ရန်ကျောက်ကဲရှိနေသည့် ပင်လယ်လောင်မြိုက်စမ်းချောင်းလေးရှိရာသို့ ပြန်သွားပြီး အဖြစ်အပျက်အားလုံးကို လျှင်မြန်စွာ အတိုချုံ့ ရှင်းပြလိုက်သည်။
ရန်ကျောက်ကဲက...
“ဘာပဲဖြစ်ဖြစ် ကျွင်းအာကို အရင်ရှာကြရအောင်”
ရွှီဖေးက အသံပို့လွှတ်စနစ်ဖြင့် ရန်ကျောက်ကဲကို တိတ်တဆိတ် သတိပေးစကားဆိုသည်။
“အေးပါ... ၊ ဒါပေမဲ့ မင်းသိထားရမယ့်အချက်တွေရှိတယ် ၊ ဒီ သမုဒ္ဒရာကမ္ဘာက ချီစွမ်းအားကျင့်ကြံသူတွေအတွက် သင့်တော်တယ်ဆိုပေမယ့် ဒီကမ္ဘာရဲ့ ဝိညာဉ်စွမ်းအားစီးဆင်းမှုက ငါတို့ အစွန်းရောက်ရှစ်ပါးကမ္ဘာနဲ့ သိပ်မတူဘူး ၊ ဒီတော့ အစွန်းရောက်ရှစ်ပါးကမ္ဘာမှာ အသုံးပြုတဲ့ ဂမ္ဘီရပညာအချို့ကို ဒီမှာ သုံးလို့မရနိုင်ဘူး”
သူက ဆက်ပြောသည်။
“ဥပမာကွာ... သွေးဝိညာဉ်အမှတ်ရခြင်းနည်းစနစ်လို ပညာမျိုး ဒီကမ္ဘာမှာ သုံးလို့မရဘူး ၊ ဒါကြောင့် ကျွင်းအာလေးနဲ့ သွေးနီနဂါးဂိုဏ်းချုပ်ရဲ့သမီးကို ရှာတွေ့တယ်ဆိုရင်တောင်မှ ပြဿနာက ပြီးမသွားဘူး ၊ နောက်ဆက်တွဲ အငြင်းပွားစရာတွေ အများကြီး ဖြစ်လာဦးမှာ”
ရန်ကျောက်ကဲက...
“ကျွင်းအာ အဆင်ပြေနေသရွေ့ ဘာမှမဖြစ်ပါဘူး ၊ ကျန်တာကတော့... အငြင်းပဲပွားပွား ၊ တိုက်ပဲတိုက်တိုက် အရေးမစိုက်ဘူး ၊ ဒါနဲ့... ဂိုဏ်းတူအစ်ကို’ရွှီ’ ၊ မင်းမှာ ကျွင်းအာကိုရှာဖို့ နည်းလမ်းရှိလား”
“သိပ်တော့ မသေချာဘူး ၊ ဒါပေမဲ့ ဒီဓားနဲ့ ကြိုးစားကြည့်ရင် ရမယ်ထင်တယ်”
ပြောရင်းဖြင့် ရွှီဖေးက ကျောက်စိမ်းဓားတစ်လက်ထုတ်ယူပြီး ရန်ကျောက်ကဲထံ ကမ်းပေးလိုက်လေ၏။