အကြောင်းရင်း
Vol. 118 Ch. 1628
သူသည် ကောင်းကင်ကို တွေ့မြင်လိုက်ခြင်းပင်။
ထိုကောင်းကင်သည် ငြိမ်သက်ကာ တိမ်မြူကင်းစင်ပြီး လေပြင်းများလည်း ရှိမနေပေ။ ၎င်းသည် လေထဲတွင် အပြာရောင်ပန်းချီကားတစ်ချပ်ကို ချိတ်ဆွဲထားသလိုမျိုးပင်။ သို့ပေမည့် ထိုကောင်းကင်၏ ဘယ်ဘက်ခြမ်းတွင် ဧရာမအပေါက်ကြီးတစ်ခု ရှိနေသည်။
ထိုတွင်းပေါက်သည် ပေသောင်းချီ ကျယ်ပြော၏။ ၎င်းမှာ တုန်လှုပ်ဖွယ် မြင်ကွင်းတစ်ခုတည်း။
စက္ကူစတစ်ခု ပေါက်ပြဲနေသည်နှင့်ပင်တူသေး၏။ အနားစွန်းတွင်လည်း အတွန့်အခေါက် အပိုင်းအစများ ရှိနေသေးသည်။
ထိုတွင်းပေါက်ထဲ၌ ဝမ်လင်းသည် ပေထောင်သောင်းချီထုထည်ရှိသော အရာတစ်ခုရှိကာ တွင်းပေါက်၏ အပြင်ဘက်တွင် ၎င်း၏ အစိတ်အပိုင်းက ပေထောင်ချီရှည်လျားစွာ ထွက်နေသည်ကို တွေ့မြင်ရ၏။ ၎င်းသည် မြားတစ်ချောင်းပင်။
ထိုမြားသည် ကောင်းကင်ကို ထွင်းဖောက်ထား၏။ သို့သော် ၎င်းမှာ အတွင်းသို့ တစ်ဝက်သာ နစ်မြုပ်ဝင်လျက် ရှိသည်။
ထိုကောင်းကင်၏အောက်ဘက်တွင် ကျယ်ပြောသော မြေပြင်ထု ရှိလေ၏။ တောင်များမရှိဘဲ ပြန့်ပြူးသော လွင်ပြင်တစ်ခုသာ ဖြစ်သည်။ ဝမ်လင်းက ထိုမြေပြင်ထက်တွင် ပေါ်လာကာ သူသည် မြားကို တိုက်ရိုက် လှမ်းကြည့်လိုက်သည်။
ဝမ်လင်းသည် နေရာတွင်ပင် မင်သက်မိနေ၏။ မြားထံမှ အေးစိမ့်သောအော်ရာတစ်ခု ထွက်ပေါ်နေကာ သူ၏မျက်ခုံးနှစ်ခုကြားသို့ ဝင်ရောက်ထိုးနှက်၏။ ထိုအဖြစ်က သူ၏ခန္ဓာကိုယ် အပြင်းအထန် တုန်ရီစေသည်။
ဤအခိုက်တွင် သူ၏ဘယ်မျက်လုံးသည် ပြင်းထန်စွာနာကျင်မှု ခံစားရ၏။ ရှေးအမွေအနှစ်နှင့် ၎င်းအတွင်းရှိ မှတ်ဉာဏ်များသည် မုန်တိုင်းတစ်ခုအလား ပေါက်ကွဲထွက်လာသည်။ ဝမ်လင်း၏ဘယ်မျက်လုံးမှ သွေးများစီးကျလာကာ သူ၏ဝတ်ရုံပေါ်သို့ ကျရောက်သည်။
“လီကောင်းဟာ ငါ့ဘယ်မျက်လုံးကို ထွင်းဖောက်ခဲ့တယ်။ ငါ့ဘယ်မျက်လုံးထဲမှာ ငါ့မွေးရပ်မြေနဲ့ ပတ်သတ်တဲ့ မှတ်ဉာဏ်တွေ၊ အသိတွေ၊ အတွေးတွေ ပါဝင်တယ်…” ဝမ်လင်း၏စိတ်ထဲ၌ အထက်ပါစကားသံသည် ကျယ်သထက် ကျယ်လောင်လာ၏။
“ငါ့ ဘယ်မျက်လုံးကို ငါ့ရှိ ပြန်ပေး…”
ဝမ်လင်း၏ခန္ဓာကိုယ်သည် တုန်ယင်နေ၏။ သူ၏မျက်နှာထက်တွင် စိတ်ရှုပ်ထွေးရုန်းကန်မှုတို့ ပြည့်နှက်လာသည်။ သူ၏မှတ်ဉာဏ်တွင်းရှိ ထိုမြင်ကွင်းသည် သူ မမေ့နိုင်သော အရာမျိုးပင်။ ထိုမြင်ကွင်းအတွင်း၌ လီကောင်းသည် ဘယ်လက်ဖြင့် လေးကို ကိုင်ကာ ညာလက်ဖြင့် လေးကြိုးကို ဆွဲတင်ခဲ့၏။ ထိုမြားက ကြောက်မက်ဖွယ်တဝီဝီမြည်ဟည်းကာ ထိုးထွက်သွားခဲ့သည်။
ယင်းမြားက လေဟာနယ်နှင့် ရှေးဟောင်းမန္တာန်ကို ချိုးဖျက်ခဲ့ပြီး ရှေးဟောင်းယဲ့မို၏ ဦးခေါင်းထံ တိုက်ရိုက်ထိမှန်ကာ သူ၏ဘယ်မျက်လုံးကို ယူဆောင်၍ ကြယ်များကြား ပျောက်ကွယ်သွားခဲ့သည်။
အချိန်အတန်ကြာပြီးနောက် ဝမ်လင်းသည် သွေးအန်လိုက်ရသည်။ သူ၏ခန္ဓာကိုယ်သည် တုန်ယင်သွားကာ နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်၍ ထိုင်ချကာ ကျင့်ကြံလိုက်ရသည်။ သူသည် အချိန်အတန်ကြာ ကျင့်ကြံနေ၏။ အချိန်မည်မျှကြာကြာ ကုန်ဆုံးသွားမှန်း မသိပြီးနောက် သူသည် လေပူမှုတ်ထုတ်လိုက်၏။ ထို့နောက် သူသည် မျက်လုံးဖွင့်ကာ ကောင်းကင်ထက်ရှိ မြားကို စိတ်ရှုပ်ထွေးဟန်ဖြင့် ကြည့်သည်။
“ယဲ့မိုရဲ့ ဘယ်မျက်လုံးက ဒီမှာ မရှိဘူး။ ဒီမြားတစ်ခုပဲ ရှိနေတာ…” ဝမ်လင်းသည် မြားကို ကြည့်လိုက်၏။ သူသည် သူ၏ခန့်မှန်းမှုမှာ တစ်ဝက်သာမှန်သည်ကို ဝန်ခံရပေမည်။
ဝမ်လင်းသည် မြားပေါ်ရှိ ခြောက်ကပ်နေပြီ ဖြစ်သော အနက်ရောင်သွေးကွက်များကို ကြည့်လိုက်၏။ သူသည် ၎င်းထံမှ ရှေးအော်ရာကို ခံစားမိသည်။ ထိုသွေးမှာ ယဲ့မို၏ဘယ်မျက်လုံးထံမှ သွေးဖြစ်သည်။
သူက မြားထိပ်သည် မချွန်ထက်သည်ကိုလည်း မြင်လိုက်ရ၏။ ၎င်းမြားထိပ်မှာ စက်ဝန်းတစ်ခုနှင့် ပိုတူနေသည်။ ယင်းသည် ထွင်းဖောက်နိုင်သောမြားတစ်လက်နှင့်မတူဘဲ ချိပ်ဟ်နှင့်တူသည့် စက်ဝန်းတစ်ခုလိုမျိုးပင်။
“တန်ဖိုးရှိတဲ့အရာတွေဟာ လူတိုင်းမတွေ့နိုင်တဲ့နေရာမှာ ကွယ်ဝှက်ထားတာ။ ဒီလိုရတနာမျိုးကို ရှာတွေ့လိုက်တာနဲ့ ဒီရတနာဟာ သင့်ရဲ့ကလန်တစ်ခုလုံးကိုတောင် ကပ်ဘေးတစ်ခု ဖြစ်သွားစေနိုင်တယ်…”
“တက်တူးကလန်က ဒါကို ကောင်းကောင်းကြီး ဖုံးကွယ်ထားနိုင်ခဲ့တာပဲ…” ဝမ်လင်းသည် ကောင်းကင်ထက်ရှိ မြားကို ကြည့်နေ၏။ ခုချိန်၌ သူသည် အတော်လေး နားလည်နေခဲ့ပြီ ဖြစ်သည်။
သူ့ခေါင်းထဲတွင် မြင်ကွင်းအမျိုးမျိုး ပေါ်လာ၏။ ထိုမြင်ကွင်းများသည် သူ၏မှတ်ဉာဏ်နှင့် ချိတ်ဆက်နေကာ သည်အခြေအနေတစ်ခုလုံးကို ဖြစ်ပေါ်စေခြင်းပင်။
ယဲ့မိုသည် သူ့ရှေ့ရှိ မရေမတွက်နိုင်သောလူများကို သူ၏မန္တာန် သုံးကာ သတ်ပစ်ခဲ့၏။ လီကောင်း၏မြားက သူ၏ဘယ်မျက်လုံးကို ထွင်းဖောက်ကာ ယူဆောင်ခဲ့ပြီး ထို့နောက်တွင် ကြယ်များကြား ပျံသန်းကာ အဆုံးမဲ့လေဟာနယ်အတွင်း ပျောက်ကွယ်သွားခဲ့သည်။
ထိုမြားသည် အလွန်ကြီးမားလွန်း၏။ ၎င်း၏စွမ်းအားက ယဲ့မို၏ဘယ်မျက်လုံးကို ထွင်းဖောက်ပြီးသည့်နောက်တွင်ပင် ၎င်း ပျံသန်းသွားသည့်လမ်းကြောင်းကို မည်သည့်အရာကမျှ တားဆီးနိုင်ခဲ့ခြင်း မရှိလေပေ။
ထိုစဉ်က နယ်မြေချိပ်ပိတ်ခြင်းအစီအရင်လည်း ရှိမနေသေးပေ။ ၎င်းက ပျံသန်းလာရင်း ကျင့်ကြံခြင်းဂြိုဟ်များစွာကို ထွင်းဖောက်လာပြီး မြားရှေ့၌ ထိုဂြိုဟ်များစွာသည် ပျက်စီးခဲ့ရသည်။ ထို့နောက် အနှီမြားသည် အကွာအဝေးတစ်ခုသို့ ပျောက်ကွယ်သွားခဲ့လေသည်။
သို့ပေမည့် ထိုမြား ပျံသန်းသွားစဉ် ယဲ့မို၏ဘယ်မျက်လုံးမှာ ပြင်ပနယ်မြေ သို့မဟုတ် အတွင်းနယ်မြေ၌ ကျကျန်ခဲ့တာ ဖြစ်လေမည်။ ၎င်းမျက်လုံးက ကျယ်ပြောသောဟင်းလင်းပြင်အတွင်း ပြုတ်ကျခဲ့ကာ မည်သည့်နေရာသို့ ရောက်သွားမှန်း မသိရနိုင်တော့ပေ။
ထိုမြားသည် အတွင်းနယ်မြေသို့ ရောက်လာသည့်အခါ၌ ၎င်း၏စွမ်းအားမှာ များများစားစား သိပ်မကျန်တော့ပေ။ ၎င်းက တစ်စုံတစ်ယောက် မည်သည့်အချိန်ကမှန်းမသိ ချခင်းထားသော သီးသန့်ဟင်းလင်းပြင်အတွင်း ဖြတ်သန်းထွင်းဖောက် ဝင်ရောက်ခဲ့ပုံရသည်။ ထိုသီးသန့်ကွဲထွက်နေသော ဟင်းလင်းပြင်မှာ အခု ဝမ်လင်း မြင်နေရသော အရာပင် ဖြစ်လေ၏။
အရင်တုန်းက ဒီဟင်းလင်းပြင်တွင် သားရဲများ၊အပင်များ ရှိခဲ့နိုင်လောက်သည်။ ကျင့်ကြံသူများပါ ရှိနေနိုင်သေးသည်။ သည်နေရာမှာ သက်ရှိများနှင့် ပြည့်နေခဲ့လောက်သည်။ သို့ပေမည့် မြားရောက်ရှိလာခဲ့သော နေ့တွင်မူ ၎င်းက ကောင်းကင်ကို ချိုးဖျက်ကာ အခုလို အပေါက်ကြီး ဖြစ်ပေါ်စေခဲ့တာပင်။ ၎င်း၏စွမ်းအားအများစု လွင့်ပျောက်နေပြီ ဖြစ်သည့်အတွက်ကြောင့် ၎င်းက ၎င်းဖန်တီးလိုက်သော အပေါက်ကြီးထဲပင် တစ်ဆို့နေခဲ့ပုံရသည်။
ဧရာမမြားက ကောင်းကင်ကို ထွင်းဖောက်လာရင်း ကြွင်းကျန်သောသတ်ဖြတ်လိုစိတ်များကို ထုတ်လွှတ်ကာ ရှေးဟောင်းသွေးနှင့် ပေါင်းစည်းသွားခဲ့သည်။ ယင်းက ကောင်းကင်ဘုံစွမ်းအင်နှင့် ရှေးဟောင်းစွမ်းအင်တို့ ပေါင်းစည်းမှု ဖြစ်ကာ တုန်လှုပ်ဖွယ်တွန်းကန်အားတစ်ခုကို ဖြစ်ပေါ်စေခဲ့ခြင်းတည်း။
ထိုတွန်းကန်အားသည် ပျက်စီးမသွားခဲ့ဘဲ မြားထိပ်တွင် စုဝေးခဲ့သည်။ ထို့နောက် မြားထိပ်ရှိ ချိပ်ဟန်၏စုပ်ယူခြင်းကို ခံခဲ့ရသည်။ သည့်နောက်တွင် ၎င်းသည် စက်ဝန်းများအဖြစ်ပြောင်းလဲကာ အောက်ဘက်ရှိ မြေပြင်ထက်သို့ ထိုးစိုက်ဝင်လာခဲ့ပုံပင်။
အစပိုင်း၌ ထိုစက်ဝန်းများသည် မြားထိပ်ကအတိုင်း အတူတူသာ ဖြစ်ခဲ့သည်။ ပေထောင်သောင်းချီ ကျယ်ဝန်းခဲ့ပေမည်။ သို့ပေမည့် ထိုစက်ဝန်းများက ပိုဝေးဝေးသွားလေလေ ယင်းတို့သည် ပို၍ သေးငယ်လာလေပင်။
ထိုစက်ဝန်းများက မြေပြင်ထုကို ထွင်းဖောက်ကာ မြေအောက်အတွင်း ပိုရောက်လေလေ ပိုသေးငယ်လာခဲ့လေပင်။ နောက်ဆုံးတွင် ထိုစက်ဝန်းက လက်သီးစုပ်ခန့်အရွယ်အစားလောက်သာ ရှိတော့ပြီး ဝမ်လင်း ကျောက်တံခါးပေါ်တွင် တွေ့မြင်ခဲ့ရသော တက်တူးစက်ဝန်း ဖြစ်လာခဲ့လေသည်။
ထိုစက်ဝန်းများ ပျံ့နှံ့လာရင်း ယင်းတို့သည် မုန်တိုင်းအသွင်ပြောင်းကာ ဒီဧရိယာကို ရိုက်ခတ်သည်။ တောင်များအားလုံး ပျက်စီးခဲ့ပြီး မြစ်များ ခမ်းခြောက်သွားခဲ့သည်။ ထိုခမ်းခြောက်သွားသော မြစ်ကြောင်းများက တစစီပျက်စီးခဲ့သည်။ သည်နေရာရှိ ပင်လယ်မှာ လေထဲသို့ ပျံတက်ခဲ့ကာ အငွေ့ပြန်ပျောက်ကွယ်ခဲ့သည်။ ပင်လယ်ရှိခဲ့သော ချိုင့်ဝှမ်းကြီးမှာလည်း ဧရာမလက်ကြီးတစ်ဖက်က ၎င်းကို ပြန့်ပြူးစေခဲ့သည့်အလား ပျောက်ကွယ်သွားခဲ့သည်။ ထို့အတွက်ကြောင့် အခုချိန်၌ ဤနေရာရှိ မြေပြင်ထုသည် ညီညာပြန့်ပြူးနေခြင်း ဖြစ်၏။
ထိုအဖြစ်သနစ်အတွင်း၌ မရေမတွက်နိုင်သောသားရဲများ သေဆုံး ပျောက်ကွယ်ခဲ့ခြင်းပင်။
သစ်ပင်ပန်းမန်များဆို ပြောနေစရာပင် လိုတော့မည် မဟုတ်ပေ။
သည်နေရာတွင် ထိုစဉ်တုန်းက ကျင့်ကြံသူများလည်း ရှိခဲ့နိုင်ကောင်း၏။ သို့ပေမည့် ထိုသူတို့အားလုံးမှာလည်း မုန်တိုင်းကြောင့် သေဆုံးခဲ့ရမည်သာ။
ထိုမုန်တိုင်းက ဤဟင်းလင်းပြင်လောကကို မွှေနှောက်ခဲ့ပြီး အရာအားလုံးကို ဖျက်စီးခဲ့သည်။ ထို့အတွက်ကြောင့်လည်း ဒီလောကသည် ပြန့်ပြူးကာ သေဆုံးခြင်းအော်ရာနှင့် ပြည့်နေခြင်းပင်။
သည်လောကမှာ ဟင်းလင်းပြင်အတွင်း၌ ကွယ်ဝှက်နေခဲ့ခြင်းပင်။ မြားထံမှ ကောင်းကင်ဘုံစွမ်းအင်ကြောင့် ဒီလောကကို မည်သူကမျှ မရှာတွေ့နိုင်ခဲ့ခြင်း ဖြစ်၏။ ချိပ်ပိတ်နယ်မြေအစီအရင် ပေါ်လာခဲ့ပြီးနောက် အတွင်းနယ်မြေနှင့် အပြင်နယ်မြေတို့ တိုက်ပွဲများ မရေမတွက်နိုင်အောင် ဖြစ်ခဲ့ပြီး တနေ့တွင် ပြင်ပနယ်မြေမှ တစ်စုံတစ်ယောက်က ၎င်းမြား၏အကြမ်းဖျဉ်းတည်နေရာကို တွက်ချက်နိုင်ခဲ့ပုံ ရသည်။
ထို့အတွက်ကြောင့် တက်တူးကလန် ဝင်ရောက်လာခဲ့ခြင်းပင်။
အုပ်စိုးသူသမီးဖြစ်သူ၏ ရည်ရွယ်ချက်မှာ ချင်းလင်းကို လှည့်ဖြားကြံစည်ရန် သို့မဟုတ် သူမ၏အစစ်အမှန် ရည်ရွယ်ချက်မှာ ဤမြားကို ရှာရန်ပင် ဖြစ်နိုင်ခဲ့သေး၏။
အလှည့်အပြောင်းများစွာ ဖြစ်ပေါ်လာခဲ့ပြီးနောက် တက်တူးကလန်က သည်မြား ရှိနေသော လောကကို ရှာတွေ့နိုင်ခဲ့သည်။ သို့သော် သူတို့သည် တွန်းကန်အားကို လွင့်ပျောက်သွားအောင် မလုပ်နိုင်သည်ကို သိရှိိခဲ့သည့်အတွက်ကြောင့် ထိုကလန်ဝင်များသည်လည်း သည်မြားကို ထိန်းချုပ်နိုင်စွမ်း မရှိခဲ့လေပေ။
သူတို့က ဤနေရာကိုပါ ချိပ်ပိတ်ထားခဲ့ကြ၏။ ဖြစ်နိုင်သည်မှာ ချိပ်ပိတ်မျိုးဖြုတ်ခြင်းကလန်ကလည်း သူတို့ကို ကူညီပေးခဲ့ပုံ ရသည်။ အဆုံးသပ်၌ သူတို့သည် ဤနေရာတွင် တံခါးချပ်တစ်ခုကို ချန်ထားခဲ့ကြ၏။ ထိုတံခါးပေါ်တွင် တွန်းကန်အားစက်ဝန်းကို ပထမဆုံးချိပ်ပိတ်မှုအဖြစ် အသုံးပြုခဲ့သည်။
ထို့နောက်တွင် သူတို့က စောင့်နေခဲ့၏။ သူတို့သည် အုပ်စိုးသူကိုယ်တိုင်ကိုယ်ကျ လာရောက်ကာ သည်မြားကို ယူဆောင်မည့်နေ့ကို စောင့်နေခဲ့ကြသည်။
သို့ပေမည့် ထိုစဉ်အချိန်က မထင်မှတ်ဖွယ် ပြောင်းလဲမှုကြီး ဖြစ်ပွားခဲ့၏။ အုပ်စိုးသူ၏ သမီးသည် နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ၌ ချင်းလင်၏ချိပ်ပိတ်ခြင်းကို ခံခဲ့ရသည်။ တက်တူးကလန်သည်လည်း ကောင်းကင်ဘုံနယ်မြေလေးခု၏ သတ်ဖြတ်ခြင်းကို ခံရကာ ပျက်စီးသွားခဲ့ရသည်။
ကျန်သည့်ကလန်ဝင် တစိတ်တပိုင်းကိုလည်း ကောင်းကင်ဘုံသားများက ကျွန်များအဖြစ် ခေါ်ဆောင်ခဲ့ကာ ထိုသူတို့မှာ ရွေးချယ်ခံမသေမျိုးကလန် ဖြစ်လာခဲ့သည်။
သူတို့ထဲမှ အုပ်စုတစ်ခုက ထွက်လာနိုင်ခဲ့ပြီး ဟင်္သာပြဒါးဂြိုဟ်ပေါ်သို့ ရောက်ကာ ဤနေရာတွင် ရှင်သန်ခဲ့သည်။ ထိုတံခါးက သူတို့လက်ထဲ ရောက်သွားပြီး ဤနေရာတွင် မြှုပ်နှံ့ခံလိုက်ရပေသည်။ နောက်ပိုင်းတွင်တော့ အမှန်တရားသည် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ကာ ဆယ့်ကိုးခုမြောက်အလွှာသည် သူတို့ဘိုးဘေး၏စိတ်ဝိညာဉ်ကို ချိပ်ပိတ်ထားခြင်းဟုသော အကြောင်းအရာက အစားထိုးသွားခဲ့သည်။
အုပ်စိုးသူက ဒီနေရာသို့ အရင်က လာခဲ့ဖူးတာလည်း ဖြစ်နိုင်၏။ သူသည် မည်မျှပေးဆပ်ရပါစေ ချိပ်ပိတ်နယ်မြေအတွင်းသို့ ဝင်ချင်ခဲ့၏။ ချိပ်ပိတ်နယ်မြေအရှင်ကို သတ်ဖြတ်ဖို့အပြင် သူသညည် တက်တူးကလန် ရှာတွေ့ခဲ့သော ဤမြားအတွက် လာခဲ့တာပါ ဖြစ်နိုင်လောက်၏။
သို့သော် အတွင်းနယ်မြေ၏ ဟိန်းအော်သံတစ်သံက အုပ်စိုးသူ၏အစီအစဉ်ကို ပျက်စီးစေခဲ့သည်။ ထိုအသံက သူ့ကိုပါ ထိတ်လန့်စေခဲ့ပြီး သူသည် အတွင်းနယ်မြေကနေ ဒဏ်ရာအပြင်းအထန်ရကာ ပြန်ပြေးသွားခဲ့ရတာ ဖြစ်လေမည်။
သည်မြားကမူ ဤနေရာတွင်ပင် ထာဝရ ကျန်ရှိနေပြီး တက်တူးကလန်က နှစ်ပေါင်းမရေမတွက်နိုင်အောင် ချိပ်ပိတ်ထားခဲ့လေတော့သည်။ သည်လိုဖြင့် တဖြည်းဖြည်း တက်တူးကလန်ဝင်ယွမ်ချွဲဇီသည်ပင် အမှန်တရားကို မသိတော့တာ ဖြစ်မည်။
ဝမ်လင်းသည် သက်ပြင်းချမိလိုက်၏။ အခု သူ့ထင်မြင်ချက်က မှန်လား၊မှားလားကိုမူ သူ ကိုယ်တိုင်လည်း သေချာ မသိပေ။ ယင်းခန့်မှန်းထင်မြင်ချက်များက သူ သိရှိထားသော အရာအားလုံးကို ချိတ်ဆက်၍ တွေးကာ ပုံဖော်လိုက်ခြင်းသာ။ သူ၏ထင်မြင်ချက်က တကယ့်အမှန်တရားလည်း ဖြစ်ကောင်းဖြစ်နိုင်ပေ၏။
ငြိမ်သက်စွာ စဉ်းစားနေရင်း ဝမ်လင်းက ရှေ့သို့ ခြေလှမ်းလိုက်၏။ ထိုခြေလှမ်းဖြင့်ပင် ဝမ်လင်းသည် ကောင်းကင်တွင် တဝက်စိုက်ဝင်နေသော မြားဘေးနားသို့ ရောက်သွား၏။ မြားဘေးနား ရောက်လာသည့်အခါ ဝမ်လင်းသည် မြားနှင့် ယှဉ်ပါက အလွန်သေးငယ်သွားသည့်ပုံ ရသည်။
သူက အသက်ခဝဝရှုသွင်းကာ မြားပေါ်တွင် ထိုင်ချလိုက်၏။ ထို့နောက် သူသည် သွေ့ခြောက်နေသော ရှေးဟောင်းသွေးပေါ်သို့ လက်ညွှန်လိုက်ပြီး သူ၏မျက်လုံးကို မှိတ်လိုက်သည်။ သူ၏မျက်ခုံးနှစ်ခုကြားရှိ ရှေးဟောင်းနတ်ဘုရားကြယ်များသည် မြန်ဆန်စွာလှည့်ပတ်လျက် သူသည် စတင်စုပ်ယူမှု ပြုသည်။
သူက ယဲ့မိုဘယ်မျက်လုံးရှိ သွေးကို စုပ်ယူတော့မည် ဖြစ်သည်။
ထိုသွေးအတွင်း၌ ကွယ်ဝှက်နေသော နတ်ဆိုးစွမ်းအင်များ ရှိ၏။ ထိုနတ်ဆိုးစွမ်းအင်သည် ဝမ်လင်းအတွက် အလွန်အသုံးဝင်ပေသည်။
သူ စုပ်ယူနေရင်း ဝမ်လင်းသည် သူ၏ဘယ်လက်ကို ဝေ့ယမ်းလိုက်ရာ သူ့သိုလှောင်နေရာလွတ် ပေါ်လာ၏။ ရှေးဟောင်းနတ်ဆိုးရုပ်တု ပေါ်လာကာ သူက ဘယ်လက်ဖြင့် ၎င်းကို လှမ်းဆုပ်ကိုင်လိုက်သည်။
***