ကြီးမားသော ပြောင်းလဲမှု
Vol. 118 Ch. 1630
“တက်တူးကလန်ရဲ့ ဆယ့်ရှစ်ခုမြောက်အလွှာဟာ ဟင်္သာပြဒါးဂြိုဟ်ရဲ့အတွင်းနက်ပိုင်းမှာ တည်ရှိတာ မဟုတ်ဘဲ ပြင်ပတိုက်ပွဲနယ်မြေအတွင်းမှာ တည်ရှိနေတာပဲ…” ဝမ်လင်းသည် နံရံထံသို့ လှမ်းလျှောက်လာပြီး နံရံကို သူ့ညာလက်ဖြင့် ဖိချလိုက်သည်။ အက်သံများ ထွက်ပေါ်လာ၏။ အက်ကွဲကြောင်းများ ချိတ်ဆက်ကုန်ကာ နံရံသည် ပျက်စီး၍ အဟတစ်ခု လှစ်ဟပေါ်လာသည်။
ဝမ်လင်းသည် ထိုအဟအတွင်း၌ ရပ်နေ၏။ သူ၏ရှေ့တွင် ပြင်ပတိုက်ပွဲနယ်မြေ ရှိနေလေသည်။
ပြင်ပတိုက်ပွဲနယ်မြေတစ်ခုလုံးသည် အလွန်ကြီးမားလှပြီး အကန့်အသတ် မရှိလုနီးနီးပင်။ ဝမ်လင်းသည် ထိုအဆုံးမဲ့လေဟာနယ်အတွင်း၌ လွင့်မြောနေသော အလောင်းအချို့ကိုလည်း တွေ့မြင်သည်။
ထိုအလောင်းများကို တစ္ဆေကဲ့သို့အရာများစွာက တူးဆွဝင်ရောက်နေ၏။ အကွာအဝေးတစ်ခုမှ ကြည့်ပါက မုန်တိုင်းများအလား ထင်မှတ်ရပေမည်။ ယင်းတို့သည် ငြိမ်သက်နေသော်လည်း စိတ်ဝိညာဉ်ဖြင့် ကြားရနိုင်သော အော်မြည်သံများကို ပေးစွမ်းနေပုံ ရသည်။ ထိုမုန်တိုင်းများသည် ဤတစ္ဆေကဲ့သို့အရာများကြောင့် ဖြစ်ပေါ်နေခြင်းပင်။
ဝမ်လင်း၏စိတ်သည် တုန်ယင်သွား၏။ သူက သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်သည်။ သူသည် ခုချိန်၌ ကြီးမားသောအရိုးစုတစ်ခုဘေးတွင် ရှိနေသည်ကို တွေ့မြင်လိုက်ရ၏။ ယင်းသည် လူတစ်ယောက်၏အရိုးစု မဟုတ်ဘဲ နဂါးကဲ့သို့သားရဲတစ်ကောင်၏ အရိုးစု ဖြစ်သည်။
သူသည် ထိုသားရဲ၏ဦးခေါင်းခွံအနားတွင် ရှိနေခြင်း ဖြစ်၏။ သူ ချိုးဖျက်လိုက်သော နံရံမှာ ထိုသားရဲဦးခေါင်းခွံ၏ အစိတ်အပိုင်းတစ်ခု ဖြစ်နေသည်။ သူသည် ၎င်းဦးခေါင်းခွံပေါ်တွင် ရပ်ကာ ရှေ့တည့်တည့်သို့ ကြည့်လိုက်သည်။
အကွာအဝေးတစ်ခုမှ မုန်တိုင်းများ ချဉ်းကပ်လာကြ၏။ သို့သော် ၎င်းတို့ အနီးရောက်လာသည့်အခါ မရေမတွက်နိုင်သော လေလွင့်စိတ်ဝိညာဉ်များသည် ကြောက်လန့်တကြား ပြန်ဆုတ်ကုန်၏။ ယင်းတို့သည် ဝမ်လင်း၏တည်ရှိမှုကို အလွန်အမင်း ကြောက်ရွှံ့ကြသည့်နှယ်။ ဝမ်လင်းသည် တစ်ချိန်တုန်းက စိတ်ဝိညာဉ်ဝါးမြိုသူ ဖြစ်ခဲ့ဖူးသည် မဟုတ်လား။
ဝမ်လင်းက ပြင်ပတိုက်ပွဲနယ်မြေကို စိုက်ကြည့်နေ၏။ သူသည် ဂြိုဟ်များစွာ၊ နေရာပေါင်းစုံသို့ ရောက်ခဲ့ဖူး၏။ သို့သော် သူသည် ဟင်္သာပြဒါးဂြိုဟ်ကဲ့သို့ ပြင်ပတိုက်ပွဲနယ်မြေဖြင့် နောက်ထပ်ဂြိုဟ်တစ်ခုကို လုံးဝ ထပ်မတွေ့မြင်ခဲ့ရပေ။
ပြင်ပတိုက်ပွဲနယ်မြေကို ဟင်္သာပြဒါးဂြိုဟ်ကသာ ပိုင်ဆိုင်သည်ဆိုပါက ယင်းနယ်မြေကိုလည်း ဟင်္သာပြဒါးဂြိုဟ်မှ ကျင့်ကြံသူများသည် ပိုင်ပေ၏။
ငြိမ်သက်စွာစဉ်းစားနေရင်း ဝမ်လင်းက ရှေ့သို့ ခြေလှမ်းလိုက်၏။ နှစ်ပေါင်းနှစ်ထောင်ကျော် ကုန်လွန်ပြီးနောက် သူသည် သူ့ကို ဘဝအသစ် ပေးခဲ့သော ဒီပြင်ပတိုက်ပွဲနယ်မြေသို့ ပြန်ခြေချလာခဲ့လေပြီ။ သူသည် သူ ထျန်မိသားစုဘိုးဘေး၏ သတ်ဖြတ်ခြင်း ခံခဲ့ရသောနေ့ကို မေ့ပစ်နိုင်လိမ့်မည် မဟုတ်ပါ။ ထို့နောက်တွင် ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့နှင့် စစ်ထူနန်တို့၏ အကူအညီဖြင့် သူ၏စိတ်ဝိညာဉ်က ဒီနေရာသို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်၏။ ထို့နောက် သူသည် မိုင်လျန်း၏ သေဆုံးနေသော ခန္ဓာကိုယ်ကို တွေ့ရှိခဲ့ကာ ဤက သူ့ကို ဘဝအသစ်၊အသက်အသစ် ပေးခဲ့ခြင်းပင်။
အချိန်အတန်ကြာပြီးနောက် ဝမ်လင်းက သူ၏နတ်ဘုရားအာရုံကို ဒီပြင်ပတိုက်ပွဲနယ်မြေတခွင်သို့ ဖြန့်ကျက်လိုက်၏။ သူက အလောင်းများစွွာနှင့် လေလွင့်စိတ်ဝိညာဉ်များစွာကို တွေ့မြင်သည်။ လေလွင့်စိတ်ဝိညာဉ်များသည် အလန့်တကြားအော်ဟစ်ကာ ကြောက်ကြောက်ရွှံ့ရွှံ့ နောက်ဆုတ်ကုန်သည်။ သို့ပေမည့် အဆုံးသပ်၌ သူတို့သည် မလွတ်မြောက်နိုင်ခဲ့ဘဲ ဝမ်လင်း၏နတ်ဘုရားအာရုံကြောင့် တုန်ယင်ရသည်သာ။
အလောင်းများထဲမှ အချို့မှာ ကျင့်ကြံသူများ၏ အလောင်းများ ဖြစ်ပြီး အများစုကမူ ထူးဆန်းသောသားရဲများ၏ အလောင်းများ ဖြစ်၏။ ဝမ်လင်းသည် ထိုသားရဲများ၏ တစ်ဝက်ကျော်ကို မြင်တွေ့ခဲ့ဖူးခြင်းပင် မရှိပေ။
သူ့နတ်ဘုရားအာရုံကို ထပ်မံ ချဲ့ကား ဖြန့်ကျက်ပြီး သူ အရင်တုန်းက ရောက်ရှိခဲ့ဖူးသော နေရာအားလုံးကို ဖိနှိပ်လွှမ်းခြုံသွား၏။ ၎င်းသည် ဟင်္သာပြဒါးဂြိုဟ်မှ ကျင့်ကြံသူများ စူးစမ်းရှာဖွေသော နေရာတိုင်းကိုပါ ဖိနှိပ်ထားလိုက်၏။ ဝမ်လင်းသည် ပိုမိုများပြားသောအလောင်းများကို တွေ့မြင်သည်။
ခဏအကြာတွင် ဝမ်လင်း၏နတ်ဘုရားအာရုံက ပြင်ပတိုက်ပွဲနယ်မြေ၏အဆုံးသပ်ကို ထိတွေ့မိသွားပုံ ရ၏။ သူ၏နတ်ဘုရားအာရုံကို ဟန့်တားထားသော အရံအတားတစ်ခု ရှိနေသည့်ပုံ ရသည်။
သူ့မျက်လုံးသည် တလက်လက် ဖြစ်သွား၏။ သူက သူ၏နတ်ဘုရားအာရုံကို ရပ်တန့်ပစ်ခြင်း မရှိဘဲ ရှေ့သို့ ဆက်တွန်းသည်။ ပြင်းထန်သောတုန်ဟည်းသံတစ်ခု ပြင်ပတိုက်ပွဲနယ်မြေတွင် ပျံ့နှံ့ကာ ပဲ့တင်ထပ်၏။ ယင်းအသံသည် မှန်တစ်ချပ် အက်ကွဲသွားသည့်အသံမျိုးပင်။ ဝမ်လင်း၏နတ်ဘုရားအာရုံက အရံအတားကို ချိုးဖျက်သွားပြီး ၎င်း၏နောက်တွင် ရှိနေသောအရာကို တွေ့မြင်လိုက်ရသည်။
၎င်းမှာ ပြင်ပတိုက်ပွဲနယ်မြေထဲ၌သာ ရှိနေဆဲ ဖြစ်သည်။ သို့သော် ထိုအရံအတားနောက်မှ နေရာသည် ပို၍ပင် ကြီးမားသည်။ အရံအတားအတွင်းရှိ နေရာနှင့် ယှဉ်ပါက မြစ်တစ်စင်းနှင့် ပင်လယ်တစ်ခုအလား ကွာခြားပေလိမ့်မည်။
ဝမ်လင်း၏စိတ်သည် တုန်ယင်သွား၏။ သူ့နတ်ဘုရားအာရုံကို ဆက်လက် ဖြန့်ကျက်နေသည်။ အရံအတား၏ အပြင်ဘက်ရှိ ပြင်ပတိုက်ပွဲနေရာထဲ၌ ဝမ်လင်းသည် ရွှေရောင်ပေးစွမ်းနေသော အေလောင်းများကို တွေ့မြင်၏။ ထိုအလောင်းများသည် ကောင်းကင်ဘုံသားများ၏ ရွှေရောင်အလင်းကို ပေးစွမ်းလို့နေသည်။
သူက မရေမတွက်နိုင်သော ကြမ်းကြုတ်သည့် သားရဲအလောင်းများကိုလည်း တွေ့မြင်၏။ ထိုအလောင်းများထံမှလည်း ပြင်းထန်သောအော်ရာများ ပေးစွမ်းနေသည်။ ယင်းသားရဲများသည် အသက်ရှိခဲ့စဉ်အခါက အလွန်အမင်းအစွမ်းထက်ခဲ့မည်မှာ ထင်ရှားသိသာပေသည်။
သူ၏နတ်ဘုရားအာရုံကို ထပ်မံ ဖြန့်ကျက်၏။ သူက ခြင်သားရဲများ၏အလောင်းများစွာကိုလည်း တွေ့မြင်ရသည်။ သူသည် ဂျီချောင်သားရဲ၏ အလောင်းကိုပါ တွေ့မြင်ရသည်။
မြေနိမ့်သားရဲမှလွဲ၍ သူ့ဘဝတွင် တွေ့မြင်ခဲ့ဖူးသော အခြားသားရဲများအားလုံးသည် ဤပြင်ပတိုက်ပွဲနယ်မြေအတွင်း၌ တည်ရှိလေကြ၏။
ဝမ်လင်း၏စိတ်သည် လှိုင်းတံပိုးထန်နေမိလေပြီ။ သူ၏နတ်ဘုရားအာရုံကို ထိုမရေမတွက်နိုင်သော အလောင်းများကို ဖြတ်ကျော် ပျံ့နှံ့စေရာ နောက်ဆုံးတွင်တော့ အစစ်အမှန်အနားသပ်နှင့် ထိတိုက်မိသွားသည်။ သူ၏နတ်ဘုရားအာရုံသည် ပြင်ပတိုက်ပွဲနယ်မြေတစ်ခုလုံးကို ခြုံလွှမ်းထားခဲ့ပြီ ဖြစ်သည်။
ဤအခိုက်အတန့်တွင် ဝမ်လင်း၏မျက်လုံးသူငယ်အိမ်မှာ ကြုံ့သွားပြီး သူသည် ထိတ်လန့်မိသွားသည်။
ဝမ်လင်း၏နတ်ဘုရားအာရုံက ပြင်ပတိုက်ပွဲနယ်မြေတစ်ခုလုံးကို ခြုံလွှမ်းသွားသည့်အခါ၌ သူက သည်နယ်မြေမှာ ကြီးမားသည့်အစိတ်အပိုင်းတစ်ခုမျှသာဖြစ်မှန်း တွေ့မြင်လိုက်ရလေသည်။ ထိုအစိတ်အပိုင်းက ဟင်္သာပြဒါးဂြိုဟ်နှင့် ထူးဆန်းစွာ ချိတ်ဆက်နေခဲ့ခြင်းပင်။ ဟင်္သာပြဒါးဂြိုဟ်သည်ပင် ဤအစိတ်အပိုင်းထံမှ မွေးဖွားလာခဲ့သည့်အလား။
သည်အစိတ်အပိုင်းမြေမှာ ပုံပန်းအသွင်မညီညာပေ။ တစ်ခုခု၏ အစိတ်အပိုင်း ဖြစ်နေသည့်အလား။
ဝမ်လင်း၏စိတ်မှာ လှုပ်ခတ်သွားမိ၏။ ဤအခိုက်၌ သူသည် ဟင်္သာပြဒါးနတ်အင်ပါယာဟောင်း သူ့ထံ လွှဲပြောင်းပေးခဲ့သော တုန်လှုပ်ဖွယ်လျှို့ဝှက်ချက်တစ်ခုကို တွေးမိသွား၏။ ဟင်္သာပြဒါးဂြိုဟ်သည် တံခါးတစ်ချပ်၏ အစိတ်အပိုင်း ဖြစ်သည် ဟူ၍ပင်။
ထိုစကားလုံးများသည် ဝမ်လင်း၏စိတ်ထဲ၌ ပဲ့တင်ထပ်ပြီး သူ၏နတ်ဘုရားအာရုံမှာ ဒီပြင်ပတိုက်ပွဲနယ်မြေနှင့် ပေါင်းစပ်သွားလေ၏။ ထိုအခါ သူသည် ချက်ခြင်းပင် ဒီပြင်ပတိုက်ပွဲနယ်မြေမှာ ဆန်းကြယ်သောတံခါးချပ်၏ အစိတ်အပိုင်း ဖြစ်သည်ကို သိရှိလိုက်ရသည်။
“နတ်လေးပါးကလန် ရှာတွေ့ခဲ့တဲ့ တံခါး။ ဒါက ဘယ်လိုတံခါးမျိုး ဖြစ်မလဲ။ ပြိုလဲကုန်းမြေထဲက ဘိုးဘေးကကော ဒီအရာတွေကို သိထားလား…”
ဝမ်လင်းသည်နေရာတွင်ပင် အချိန်အကြာကြီး ရပ်နေပြီး သူ့စိတ်အတွင်းမှ တုန်လှုပ်မှုကို ဖြည်းဖြည်းချင်း ဖိနှိပ်သည်။ သူသည် တဖြည်းဖြည်းချင်း ငွေရောင်အမျိုးသမီး၊ သူမက ခုနစ်ရောင်စုံတာအိုရုပ်တုတစ်ခုကို တွေ့မြင်သည့်အခါ၌ အလန့်တကြားအော်ဟစ်ခဲ့ပုံကို ပြန်တွေးမိသည်။
“ငါ အဲ့တံခါးကို မဖွင့်ခဲ့ဘူး။ ငါ မဖွင့်ခဲ့ဘူး…” ဝမ်လင်းသည် ငြိမ်သက်စွာ စဉ်းစားနေလေ၏။
ဟင်္သာပြဒါးနတ်အင်ပါယာဟောင်း ပြောခဲ့သော တံခါးနှင့် ငွေရောင်အမျိုးသမီး အလန့်တကြား အော်ဟစ်ပြောဆိုခဲ့သော တံခါးတို့သည် အတူတူဖြစ်နေလား၊ မဖြစ်နေလားကိုမူ ဝမ်လင်း မသိပေ။
သူက သူ၏နတ်ဘုရားအာရုံကို ဖြည်းဖြည်းချင်း ပြန်ရုတ်သိမ်းကာ သူ့ခန္ဓာကိုယ်တွင်းသို့ ဝင်ရောက်စေလိုက်သည်။ သူက ပြင်ပတိုက်ပွဲနယ်မြေသို့ စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်သည်။ ထို့နောက် သူ ထွက်ခွာလာလေ၏။
ဝမ်လင်းသည် သည်ခရီးစဉ်၌ ဟင်္သာပြဒါးဂြိုဟ်ပေါ်ရှိ အရာများစွာကို ရှာတွေ့ခဲ့လေ၏။ ထိုအရာများသည် ထူးထူးကဲကဲ ဖြစ်နေပြီး ဟင်္သာပြဒါးဂြိုဟ်ကို ပို၍ပင် မရင်းနှီးသလို၊ မသိတော့သလို ခံစားမိအောင် လုပ်လေ၏။
“အနီရောင်လိပ်ပြာ မသေသေးဘူး…”
“တက်တူးကလန်ရဲ့ ဆယ့်ကိုးခုမြောက်အလွှာထဲမှ လီကောင်းရဲ့မြား ရှိနေတယ်…”
“အတိတ်တုန်းက ပြင်ပတိုက်ပွဲနယ်မြေဟာ ဧရိယာလေးတစ်ခုပဲ၊ ဒီဧရိယာရဲ့ အပြင်မှာ ပိုကျယ်ပြောတဲ့ လောကတစ်ခု ရှိနေတယ်။ အဲ့တာဟာ တံခါးရဲ့အစိတ်အပိုင်းများလား…”
ဝမ်လင်းသည် ဟင်္သာပြဒါးဂြိုဟ်ပေါ်ရှိ တောင်ထိပ်တစ်ခုပေါ်တွင် ထိုင်ချလိုက်၏။ လေပြင်းများက သူ့ကို တိုက်ခတ်နေရာ သူ၏ဆံပင်နှင့်ဝတ်ရုံသည် တဖျတ်ဖျတ် လွင့်နေသည်။ သူ၏မျက်လုံးထဲ၌ စိတ်ရှုပ်ထွေးမှုတို့ ရှိနေဆဲပင်။
“ငါ့ကျင့်ကြံမှုအဆင့် တိုးလာတာနဲ့အမျှ ငါဟာ ဟင်္သာပြဒါးဂြိုဟ်ရဲ့ လျှို့ဝှက်ချက်တွေနဲ့ ပတ်သတ်ပြီး ပို သိလာခဲ့တယ်…” ဝမ်လင်းသည် သူ၏ရှေ့ရှိ နက်မှောင်သော ကောင်းကင်ကို ကြည့်နေသည်။ အနက်ရောင်တိမ်စိုင်များက စုဝေးနေလေ၏။ အကွာအဝေးတစ်ခုတွင် မိုးကြိုးခြိမ်းသံများ ကြားလာရပြီး မိုးစတင် ရွာလာသည်။
အဖြူရောင်ငှက်တစ်ကောင်သည် ၎င်း၏တောင်ပံကို တဖျပ်ဖျပ်ခတ်ကာ ၎င်းကို သေဆုံးသွားစေနိုင်သော အနက်ရောင်တိမ်စိုင်များကို ရှောင်ရန် အလို့ငှာ တိမ်များထံမှ ပျံသန်းနေလေ၏။ သို့ပေမည့် မိုးကြိုးတုန်ဟည်းသံများကြောင့် ထိုငှက်မှာ တုန်ယင်သွားပြီး လှိမ့်တက်လာသော တိမ်စိုင်အနက်များ၏ ဝါးမြိုခြင်း ခံလိုက်ရလေသည်။
ထိုအဖြစ်ကို တွေ့မြင်သည့်အခါ ဝမ်လင်း၏မျက်လုံးသည် ကျဉ်းမြောင်းသွားသည်။ သူသည် တစ်ခုခုမှားနေပြီဟု ခံစားမိလိုက်သည်။
လေနှင့်အတူ ရွှေ့လျားနေသော မိုးသည် ခုထိ ကျရောက်မလာသေးပေ။ လေပြင်းများကသာ ဝမ်လင်းထံ တိုက်ခတ်လျက် မိုး၏အေးစိမ့်မှုကို ဆောင်ယူလာသည်။
ထိုမိုးသည် ဆောင်းတွင်းမိုး ဖြစ်ကာ အလွန်အေးလေ၏။
ကောင်းကင်သည် တဖြည်းဖြည်း ပိုနက်မှောင်လာပြီး မိုးကြိုးဟိန်းသံများ ဆက်လက် မြည်ဟည်းနေသည်။နက်မှောင်သော မိုးသားတိမ်စိုင်များက ဝမ်လင်းရှိနေသော တောင်ထိပ်ထံ ပိုပိုနီးလာနေ၏။ မိုးသည်လည်း ပိုသည်းလာလေသည်။
မိုးစက်မိုးပေါက်သံများ ဝမ်လင်း၏နားထဲသို့ ဝင်ရောက်လာကာ ပိုပို ကျယ်လောင်လာသည်။ မြေပြင်ထက်ရှိ ဖုန်မှုန့်ဖုန်မွှားများမှာလည်း သည်းလှသောမိုးကြောင့် ပြားပြားဝပ်နေလေ၏။
မိုးကြိုးတုန်ဟည်းသံများ ပဲ့တင်ထပ်နေပြီး လျှပ်စီးတန်းအချို့က ဝမ်လင်း၏မျက်စိရှေ့ရှိ မိုးကုပ်စက်ဝန်းအတွင်းမှ ကောင်းကင်နှင့်မြေကြီးကို ချိတ်ဆက်လေသည်။ ယင်းတို့သည် နက်မှောင်နေသော တိမ်စိုင်များကို လင်းထင်းသွားစေသည်။
တိမ်စိုင်နက်များ တလိပ်လိပ် ဖြစ်ပေါ်နေသည်ကို ကြည့်ကာ ဝမ်လင်းသည် အသက်ဝဝရှုသွင်းမိလိုက်သည်။ သူ့စိတ်ထဲ၌ ရှင်းပြ၍ မရသော ကသိကအောက် ဖြစ်မှု ပေါ်လာလေ၏။ ဝမ်လင်းသည် မျက်မှောင်ကြုတ်လိုက်ကာ ဟင်္သာပြဒါးဂြိုဟ်ပေါ်မှ သူ့ တွေ့ရှိခဲ့မှုများနှင့်ပတ်သတ်၍ စဉ်းစားနေခြင်းကို ရပ်တန့်လိုက်သည်။ ခုချိန်တွင် သူသည် သူ၏ သေခြင်းရှင်ခြင်း၊ ကံမ္မ၊ အမှန်နှင့်အမှား အနှစ်သာရတို့ကို ပြီးပြည့်စုံအောင် လုပ်ရတော့မည် ဖြစ်၏။
ထို့နောက်တွင် သူသည် ချင်းရွှေသူ့ကို ပေးခဲ့သော သတ်ဖြတ်ခြင်းအနှစ်သာရဓားကို သန့်စင်ကာ သူ၏အနှစ်သာရခြောက်ခုဖြင့် လေဟာနယ်ဂိတ်တံခါးကို ချိုးဖျက်ဖွင့်လှစ်ပေမည်။
ဝမ်လင်းသည် ထရပ်ကာ ထွက်ခွာရန် ပြင်၏။ သူ့နောက်မှ တလိပ်လိပ် လှိမ့်တက်လာသော တိမ်စိုင်များသည် သတ်ဖြတ်သူနတ်ဘုရားအလား ဝမ်လင်းကို စူးရဲစွာ ကြည့်နေသည့်နှယ်။ ၎င်းက ဝမ်လင်းကို ဝါးမြိုကာ သူ့ကို အစောပိုင်းက ငှက်ကဲ့သို့ ဖျက်စီးပစ်ချင်သည့်ပုံ ရသည်။
လျှပ်စီးတန်းများ လင်းလက်ကာ မိုးများ ရွာသွန်းကျလာရင်း တိမ်စိုင်တိမ်မည်းများထံမှ သတ်ဖြတ်လိုစိတ် ပေါက်ကွဲထွက်လာသည်။
လှမ်းမည်ဟန်ပြင်သည့် ဝမ်လင်း၏ညာခြေထောက်မှာ ရုတ်တရက် ရပ်တန့်သွားသည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ အမွှေးအမျှင်များအားလုံး ထောင်မတ်ကုန်၏။ သူသည် သေရေးရှင်ရေးအငွေ့အသက်ကို အားကောင်းစွာ ခံစားမိလိုက်ပြီး တိမ်မည်းများကို စိုက်ကြည့်နေသည်။ သူ၏အမူအရာမှာ အလွန်အလေးအနက် ဖြစ်လာ၏။
“တစ်ခုခုတော့ မှားနေပြီ…”
ထိုသေရေးရှင်ရေးအာရုံသည် ရှေးဟောင်းအုတ်ဂူအတွင်း၌ သူ ခံစားမိခဲ့သည့် အခြေအနေထက် ကျော်လွန်နေလေ၏။ ယင်းကပ်ဘေးမှာ သူ့အနေဖြင့် မဖြစ်မနေရင်ဆိုင်ရမည့် အရာတစ်ခု ဖြစ်လာလေပြီ။
ထိုသေရေးရှင်ရေးကပ်ဘေးကို ရှင်သန်ပြီးနောက်မှသာ သူ့အတွက် ဆက်လက်ရှင်သန်နိုင်မည့် အရည်အချင်း ရှိပေမည်။
ထိုတလိပ်လိပ် တက်လာသော တိမ်စိုင်များတွင် အစစ်အမှန် သတ်ဖြတ်ခြင်းဆန္ဒမပါဝင်ပေ။ ထိုသတ်ဖြတ်ခြင်းဆန္ဒမှာ တိမ်စိုင်များက ဖန်တီးလိုက်သော မိုးကြိုးအတွင်းရှိ ပြောင်းလဲမှုမှ ထွက်ပေါ်လာခြင်း ဖြစ်၏။ ၎င်းသည် ဝမ်လင်း၏အလိုလိုသိစိတ်ကနေ ထွက်ပေါ်လာခြင်း ဖြစ်၏။ ထိုပြောင်းလဲမှုသည် အစောပိုင်းတုန်းက မဖြစ်ပေါ်ဘဲ ဝမ်လင်း ၎င်းကို သတိပြုမိသည့်အခါတွင် ချက်ခြင်း ဖြစ်ပေါ်လာခြင်းသာ။ ၎င်းမှာ ကြီးမားသောပြောင်းလဲမှု တစ်ခု ဖြစ်ပေ၏။
ဝမ်လင်း၏မျက်လုံးသူငယ်အိမ်ပါ ကြုံ့မိသွားသည်။ သူသည် တုံ့ဆိုင်းမနေဘဲ သူ၏နတ်ဘုရားအာရုံကို ဂြိုဟ်တစ်ခုလုံးအနှံ့သို့ ဖြန့်ကျက်လိုက်ပြီး ဟင်းလင်းပြင်အတွင်းသို့ တရှိန်ထိုး ဝင်ရောက်စေလိုက်သည်။ သူက ဂြိုဟ်အပြင်ဘက်ရှိ ဟင်းလင်းပြင်ကိုတွေ့မြင်လိုက်သည်နှင့် သူ၏အမူအရာမှာ ပြောင်းလဲသွားတော့သည်။
***