ချိပ်ပိတ်နယ်မြေအရှင်၏ ကပ်ဘေး…
Vol. 118 Ch. 1631
ဟင်္သာပြဒါးဂြိုဟ် အပြင်ဘက်ရှိ ဟင်းလင်းပြင်သည် တောက်ပသောကြယ်များ ရှိသဖြင့် နက်မှောင်နေခြင်း မရှိပေ။ သို့သော် ယင်းဟင်းလင်းပြင်ကို အပြာရောင်အလင်းတစ်ခုက လွှမ်းခြုံထားသည်။ ကြယ်ရောင်စုံကောင်းကင်တစ်ခုလုံးသည် လုံးဝ အပြာရောင်သမ်းနေ၏။
သို့တည်းမဟုတ် သင်သည် ဟင်္သာပြဒါးဂြိုဟ်၏ အပြင်ဘက်တွင် ကောင်းကင်တစ်ခု ရုတ်တရက်ကြီး ပေါ်လာသည်ဟုပင် ပြောနိုင်ပေသည်။
ဤအရာမှာ မူလတုန်းကတော့ မဖြစ်နိုင်ပေ။ သို့သော် ခုချိန်၌ ၎င်းအရာမှာ အမှန်တကယ် ဖြစ်လာတော့သည်။ ဟင်္သာပြဒါးဂြိုဟ်၏ အပြင်ဘက်တွင် ကောင်းကင်တစ်ခု ရှိသည်မှာ ဖြစ်နိုင်ပါ၏လော။ ဤအဖြစ်မှာ ဂြိုဟ်တစ်ခုလုံးကို ကောင်းကင်တစစီဖြစ်နိုင်သော တာအိုမန္တာန်တစ်ခုဖြင့် ဝန်းရံခြုံလွှမ်းပြီး ယင်းဂြိုဟ်ကို တခြားလောကတစ်ခုအတွင်းသို့ ဆွဲသွပ်သွင်းလိုက်သည့်အလားပင်။
ဤလောကသည် အပြာရောင်ဖြစ်၏။ ၎င်းက ဒီကြယ်အဖွဲ့အစည်းကို အစားထိုးဝင်ရောက်လာသည်။
ထိုအပြာရောင်ကောင်းကင်အောက်တွင် ဂြိုဟ်တစ်ခုကလွဲ၍ မည်သည့်အရာမှ ရှိမနေပေ။ ထိုဂြိုဟ်မှာ ဟင်္သာပြဒါးဂြိုဟ်ပင်။
ဝမ်လင်း၏အမူအရာမှာ ကြီးစွာ ပြောင်းလဲသွားပြီး သူ၏မျက်လုံးသည် ကြောက်မက်ဖွယ်အေးစက်လာသည်။ သူ၏နတ်ဘုရားအာရုံကို ဟင်္သာပြဒါးဂြိုဟ်အနှံ့သို့ ဖြန့်ကျက်လိုက်ရာ သူ၏အမူအရာမှာ ပို၍ပင် သုန်မှုန်လာလေ၏။ ဤအခိုက်၌ ဟင်္သာပြဒါးဂြိုဟ်ပေါ်တွင် မည်သည့်သက်ရှိမှ ရှိမနေတော့ပေ။
ကျင့်ကြံသူများသာမက သေမျိုးများ၊ မြက်ပင်များ၊ သားရဲများအားလုံးပါ လုံးဝ ကွယ်ပျောက်သွားကြလေပြီ။ ထိုအခိုက်၌ ဝမ်လင်းသည်သာ ဒီဂြိုဟ်ပေါ်တွင် ရှိနေသော တစ်ခုတည်းသောအရာ ဖြစ်နေလေ၏။
၎င်းမှာ ဟင်္သာပြဒါးဂြိုဟ်ပေါ်ရှိ သက်ရှိဖြစ်တည်မှုအားလုံး သေဆုံးသွားခြင်း သို့မဟုတ် ပျောက်ကွယ်သွားကြခြင်း မဟုတ်ပေ။ ဝမ်လင်းတစ်ယောက်သာ ကွက်၍ ပျောက်သွားခြင်း ဖြစ်နေ၏။
ဟင်္သာပြဒါးဂြိုဟ်သည် အတွင်းနယ်မြေ၌ ရှိနေဆဲပင်။ ၎င်းဂြိုဟ်ပေါ်ရှိ မရေမတွက်နိုင်သော သက်ရှိများသည် နေ့စဉ်လုပ်နေကျ အလုပ်များကို လုပ်ဆောင်နေကြသည်သာ ဖြစ်သည်။ ကျိုးဝူထိုင်သည် ရုပ်တုပေါ်တွင် ထိုင်လျက် သောက်နေဆဲ ဖြစ်သလို ချိပ်ပိတ်နယ်မြေအရှင် ပြန်ရောက်ရှိလာသည့်အတွက် စိတ်လှုပ်ရှားနေသော ကျင့်ကြံသူများလည်း ရှိနေကြသည်သာ။
ဟင်္သာပြဒါးဂြိုဟ်ပေါ်တွင် ဝမ်လင်း ထိုင်နေသော တောင်ပေါ်တွင်တော့ မည်သူမှှျ ရှိမနေပေ။ ကောင်းကင်သည် ပြာ၍ တည်ငြိမ်နေပြီး မည်သည့်တိမ်စိုင်တိမ်မည်းမျှလည်း ရှိမနေပါ။
ထိုဟင်္သာပြဒါးဂြိုဟ်သည် ကြေးမုံတစ်ချပ်၏ အလင်းပြန်ခြင်း ခံရကာ နှစ်ပိုင်းကွဲသွားသည့်နှယ်။ တစ်ပိုင်းသည် အတွင်းနယ်မြေထဲ၌ အရာအားလုံး ပုံမှန်အတိုင်း ရှိနေ၏။ တခြားတစ်ပိုင်းတွင်တော့ ဝမ်လင်းကလွဲ၍ မည်သည့်သက်ရှိမှ ရှိလို့မနေပေ။
၎င်းတောင်သည် အတူတူပင်။ သို့သော် ဤတောင်မှာ နေအလင်းဖြင့် သာနေ၏။
ဝမ်လင်းသည်လည်း ထိုတူညီသောတောင်တွင်သာ ရပ်နေ၏။ သို့သော် သူ ရပ်နေသော တောင်ကမူ တလိပ်လိပ်တက်လာသော တိမ်မည်းများဖြင့် ဝန်းရံနေ၏။ မိုးကြိုးသံများ ဆူညံနေပြီး မိုးများ ရွာသွန်းနေသည်။
ထိုမန္တာန်သည် ကောင်းကင်နှင့်မြေကြီးထံမှ လုယူခြင်းနှင့် တူနေ၏။ ဝမ်လင်းသည် သုန်မှုန်စွာဖြင့် ရှေ့သို့ လှမ်းကာ တလိပ်လိပ်ဖြစ်နေသော တိမ်စိုင်တိမ်မည်းများထံ ဦးတည်ဝင်လာ၏။ သူသည် ပုံတူကူးခံရသော ဟင်္သာပြဒါးဂြိုဟ်ထံမှ ထွက်ခွာလာတော့သည်။
သူ လျှောက်လှမ်းလိုက်သည်နှင့် သူက သည်လောက၏အပြင်ဘက်မှ တိုးဝင်လာနေသော အလင်းစကို မြင်၏။ အဆုံးမဲ့အပြာရောင်အလင်းတို့သည် အတောမသပ်နိုင်သည့် လေဟာနယ်ကို ထွင်းဖောက်နိုင်စွမ်း ရှိနေသည်ဟုပင် ထင်ရ၏။
ဝမ်လင်းက ထိုလောကထဲ၌ ရပ်နေ၏။ သူ၏နောက်တွင် အသက်ကင်းမဲ့သောဟင်္သာပြဒါးဂြိုဟ် ရှိလို့နေသည်။ သူ၏ရှေ့တွင်မူ အနားသပ်ကိုပင် သူ မမြင်နိုင်သော လောကကြီးတစ်ခု ရှိသည်။ သူ၏နတ်ဘုရားအာရုံဖြင့်ပင် ဤလောကကို ဖုံးလွှမ်းနိုင်ခြင်း မရှိ ဖြစ်ရသည်။
မြေပြင်သည် မြေကြီးထု မဟုတ်တော့၊ တည်ငြိမ်သောရေမျက်နှာပြင်တစ်ခု ဖြစ်နေ၏။ မည်သည့်လှိုင်းဂယက်မှ ထမနေပေ။ ထို့အတွက်ကြောင့် ယင်းရေမျက်နှာပြင်သည် ကောင်းကင်ထက်ရှိ အပြာရောင်အလင်း ထင်ဟပ်ကာ အလင်းပြန်နေပေသည်။
အဝေးမှကြည့်ပါက ဝမ်လင်းရှိနေသော ထိုနေရာမှာ အဆုံးအဆမဲ့ရေတွင်းတစ်ခုနှင့် တူကာ ထိုရေတွင်းသည် အဆုံးမရှိသည့်အလား ချဲ့ထွက်နေလေသည်။
ကောင်းကင်ထက်မှ ခပ်ဖျော့ဖျော့အသံတစ်သံ ထွက်ပေါ်လာကာ ဝမ်လင်း၏နားထဲ ဝင်ရောက်လာ၏။
ဝမ်လင်းသည် ငြိမ်သက်စွာ စဉ်းစားနေရင်း ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည်။ သူ၏မျက်လုံးသူငယ်အိမ်ပါ ကြုံ့သွားပြီး သူက အသက်ဝဝရှိုက်သွင်းလိုက်မိ၏။ သူ၏ခန္ဓာကိုယ်မှ တစီစီအသံများထွက်ပေါ်လာကာ ရွှေရောင်ခပ်ဖျော့ဖျော့အလင်း ထုတ်လွှတ်သည်။ သူက သူ၏ကျင့်ကြံမှုစွမ်းအား အပြည့်အဝကို အသက်သွင်းထားလိုက်သည်။
အပြာရောင်ကောင်းကင်ထဲ၌ အပြာရောင်အလင်းသည် တဖြည်းဖြည်းချင်း သိပ်သည်းကာ ပုံရိပ်တစ်ခုအဖြစ်သို့ ပြောင်းလဲသည်။ ထိုပုံရိပ်သည် အပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားကာ သက်လတ်ပိုင်းအရွယ် ရှိ၏။ သူက ဝမ်လင်းကို စိတ်ရှုပ်ထွေးဟန်ဖြင့်ကြည့်ကာ သက်ပြင်းချလိုက်သည်။
ဝမ်လင်းက လက်နှစ်ဖက်ဆုပ်ကာ တည်ငြိမ်စွာ ပြောလိုက်၏။ “ဝမ်လင်းက တာအိုသခင်ကို နှုတ်ဆက်ပါတယ်…”
တာအိုသခင်အိပ်မက်ပြာသည် ဝမ်လင်းကို ငြိမ်သက်စွာသာ ကြည့်နေရင်း တဖြည်းဖြည်း အချိန်ကုန်လွန်လာသည်။ အချိန်အတန်ကြာပြီးနောက် သူ၏မျက်လုံးတွင်းရှိ ရှုပ်ထွေးမှု ပျောက်ကွယ်ကာ ပြတ်သားမှု အစားထိုး ဝင်လာသည်။ ထို့နောက် သူက ဖြည်းဖြည်းချင်း ပြောလိုက်သည်။
“ချိပ်ပိတ်နယ်မြေအရှင်သခင်ဟောင်း သေသွားခဲ့တဲ့အချိန်တုန်းက ငါ ဝင်မပါခဲ့ဘူး…။ ဒီတစ်ကြိမ်လည်း ငါ မင်းကို တိုက်ခိုက်မှာ မဟုတ်ဘူး။ ဒီလောကဟာ ပြင်ပနယ်မြေရဲ့ ဆန်းကြယ်လေဟာနယ်အဆင့် ကျင့်ကြံသူတွေ အတူတကွလုပ်ဆောင်ထားတဲ့ လောကပဲ။ ကောင်းကင်ဘုံအင်ပါယာကိုယ်လုပ်တောင်တွေကလည်း လေဟာနယ်ကို ချိုးဖျက်ဖို့နဲ့ မင်းကို အတွင်းနယ်မြေရဲ့ ဘယ်သူကမျှ သတိမပြုမိစေဘဲ ဒီနေရာမှာ ပိတ်လှောင်ဖို့အတွက် ကူညီပေးခဲ့ကြတယ်…”
“ဒီလောကဟာ သုံးနာရီကြာ တည်ရှိနိုင်တယ်။ ဒီသုံးနာရီအတွင်း မင်း မသေအောင် လုပ်နိုင်ဖို့ဆိုတာ အလွန်တရာ ခက်ခဲလိမ့်မယ်…”
“ဒီအဘိုးအိုက မင်းကို သိပါတယ်။ ဒါ့ကြောင့်လည်း ငါ ထွက်လာပြီး မင်းကို ပြောပြတာ။ မင်း တခုခုကို အပြစ်တင်ချင်ရင် မင်းဟာ ချိပ်ပိတ်နယ်မြေအရှင် ဖြစ်နေတာကိုပဲ အပြစ်တင်ပါ။ ချိပ်ပိတ်နယ်မြေအရှင်ဟာ သေရမယ်…” တာအိုသခင်အိပ်မက်ပြာသည် သက်ပြင်းချလိုက်၏။ ထို့နောက်တွင် သူ၏ပုံရိပ်သည် အပြာရောင်အလင်းစက်များအဖြစ် ပြောင်းကာ ဒီလောကကနေ ပျောက်ကွယ်သွားလေသည်။
သူ ပျောက်ကွယ်သွားသည့်အချိန်၌ ပြင်းထန်သောလှိုင်းဂယက်များ ကောင်းကင်ထက်တွင် ပေါ်လာသည်။ လူတစ်ယောက်သည် ထိုလှိုင်းများကြားမှ လှမ်းလျှောက်ထွက်လာ၏။ ထိုပုံရိပ်သည် ဝေဝါးနေပြီး မီးခိုးရောင်ဝတ်ရုံဖြင့် အဘိုးအိုတစ်ယောက်ဟုတော့ ပြောနိုင်ပေသည်။
ထိုအဘိုးအို၏အကြည့်သည် လျှပ်စီးတန်းအလား။ သတ်ဖြတ်လိုစိတ် အငွေ့အသက် ပါဝင်နေသည်။ သူ ပေါ်လာသည်နှင့် သူက ညာလက်ကို ပင့်မြှောက်ကာ ဝမ်လင်းထံ လက်ညွှန်လိုက်သည်။
“ဒီအဘိုးအိုက ငါ့ရဲ့ ကျင့်ကြံမှုအပြည့်အဝကို အသုံးမပြုနိုင်ပေမယ့်လည်း စိတ်ဝိညာဉ်လေဟာနယ်အလယ်အဆင့်နဲ့တင် မင်းဟာ အတိတ်တုန်းက ချိပ်ပိတ်နယ်မြေအရှင်သခင်လိုမျိုး သေရတော့မယ်…”
ထိုလက်ညွှန်ချက်ဖြင့်ပင် လောကသည် အရောင်များ ပြောင်းလဲသွားပြီး လေပြင်းတစ်ခု လောကတစ်ခွင် မြည်ဟည်းလာသည်။ မီးခိုးရောင်အရေးအကြောင်းများ ပေါ်လာကာ မီးခိုးရောင်နဂါးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသည်။ ၎င်းနဂါးမှာ ကြမ်းကြုတ်လှပြီး ဝမ်လင်းထံသို့ အံ့မခန်းအမြန်နှုန်းဖြင့် ပြေးဝင်လာသည်။
ပို၍ တုန်လှုပ်ဖွယ်ကောင်းသည်မှာ ထိုနဂါးထံ၌ အပူဇော်ခံမီးတောက်များစွာ ပါဝင်နေလေ၏။ အပူဇော်ခံမီးတောက်များ သိပ်သည်းလာနေရင်း ချောက်ချားဖွယ်၊ စူးစူးရှရှ အော်မြည်သံသည် နဂါးထံမှ ထွက်ပေါ်လာသည်။
ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်လာ၏။ သူ၏အမူအရာမှာ အလေးအနက် ဖြစ်လာသည်။ ခုချိန်၌ သူသည် သေရေးရှင်ရေးကပ်ဘေးတစ်ခုကို ရင်ဆိုင်ရသည်ဟုပင် ယူဆ၍ မရတော့ပေ။
ဤကား ချိပ်ပိတ်နယ်မြေအရှင်အတွက် ကပ်ဘေးပင်။ ပြီးခဲ့သော ချိပ်ပိတ်နယ်မြေအရှင်မှာလည်း ပြင်ပနယ်မြေရှိ တတိယအဆင့်ကျင့်ကြံသူများစွာ ပူးပေါင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရ၏။ သံသရာတစ်ပတ်ပြန်လည်လာခြင်းပင်။ ထိုကပ်ဘေးက ဝမ်လင်းပေါ်သို့ ယနေ့ ကျရောက်လာခဲ့လေပြီ။
သုံးနာရီ။
မီးခိုးရောင်နဂါးက နီးကပ်လာ၏။ ဝမ်လင်းက တွေဝေခြင်းမရှိ ရှေ့ဆက်လှမ်းလိုက်ပြီး ကောင်းကင်ထက်သို့ လက်ညွှန်သည်။ အပြာရောင်လောကအတွင်း လေဆင့်ခေါ်ခြင်း ပေါ်လာကာ အစွမ်းထက်နဂါးနက်ဆယ့်သုံးကောင် ပေါ်လာ၏။ ထိုနဂါးဆယ့်သုံးကောင်သည် မာန်ဟိန်းလျက် ခပ်ဖျော့ဖျော့ ရွှေရောင်တောက်ပကာ မီးခိုးရောင်နဂါးထံသို့ တိုးဝင်သွားသည်။
“ရွှေရောင်…” မီးခိုးရောင်ဝတ်ရုံအဘိုးအို၏မျက်လုံးသည် ကျဉ်းမြောင်းသွားလေ၏။
ထိုနဂါးများသည် ချက်ခြင်း ထိပ်တိုက်တွေ့ရာ ကျယ်လောင်စွာ တုန်ဟည်းသံများ ပဲ့တင်ထပ်သည်။ မီးခိုးရောင်နဂါးသည် နဂါးနက်ဆယ့်သုံးကောင်နှင့် ထွေးလားယှက်တင် ဖြစ်ရာ တွန့်ခေါက်သွားလေ၏။ နဂါးဟိန်းသံများသည် ကောင်းကင်နှင့်မြေကြီးကိုပါ လှုပ်ခါစေသည်။
ထိုဖိသိပ်မှုအောက်တွင် ဝမ်လင်း၏ဆံပင်ရှည်များက လွင့်ဝဲလျက် သူသည် နောက်သို့ ပေများစွာ ဆုတ်လိုက်ရသည်။ သူ၏မျက်နှာမှာ ဖြူရောသွား၏။ သူက ညာလက်သီးကို ပင့်မြှောက်လိုက်သည်။ သူသည် ရှေ့သို့ တိုက်ခိုက်လိုက်ခြင်း မဟုတ်ဘဲ နောက်လှည့်၍ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။
သူ နောက်လှည့်လိုက်သည်နှင့် လှိုင်းဂယက်တစ်ခု ပေါ်လာပြီး အဘွားအိုတစ်ယောက်၏ပုံရိပ် ပေါ်လာသည်။ ထိုအဘွားအိုသည် သုန်မှုန်စွာဖြင့် သူမ၏ သွေ့ခြောက်သောလက်ကို ပင့်မြှောက်ကာ ဝမ်လင်းနောက်ကျောက်ထံသို့ ညွှန်လိုက်လေ၏။
သို့ပေမည့် သူမ လက်ညွှန်ချက်နှင့် မိတ်ဆက်သွားသည်မှာ ဝမ်လင်း၏လက်သီးချက်သာ။
လက်သီးချက်နှင့် လက်ချောင်းသည် ချက်ခြင်းပင် ထိပ်တိုက်တွေ့သည်။ ဝမ်လင်း၏ခန္ဓာကိုယ်မှ တုန်ယင်သွားပြီး သူသည် ဘေးတစ်ဖက်သို့ လွင့်စင်လျက် သွေးများစွာ အန်ထုတ်လိုက်ရသည်။ အဘွားအိုသည်လည်း တုန်ယင်ကာ သူမ၏ညာလက်ညှိုးမှ လက်သည်းခွံသည် ပျက်စီးသွား၏။ သူမ၏မျက်လုံးထဲတွင် အေးစက်မှု လှစ်ခနဲ ပေါ်ကာ သူမသည် ဝမ်လင်းထံ လျှောက်လှမ်းလာချေသည်။
“မင်းမှာ အရည်အချင်းအချို့ ရှိနေတာပဲ…”
ဝမ်လင်း၏ပါးစပ်ထောင့်မှ သွေးများစီးကျနေ၏။ သို့သော် သူ့မျက်လုံးတို့ကမူ တည်ငြိမ်နေဆဲသာ။ သူသည် ယနေ့ကပ်ဘေးကို ကျော်လွန်နိုင်ဖို့ အလွန်ခက်ခဲမည်ကို သိပေ၏။ ထိုသုံးနာရီအချိန်က သူ့အတွက် ချောက်နက်ကြီးတစ်ခုအလား။ သို့ရာတွင် သူ့အဖို့ သေခြင်းတရားကို သည်အတိုင်း လက်ခံဖို့မှာ မဖြစ်နိုင်ပေ။
“ဘယ်သူကမှ ငါ့ကံကြမ္မာကို မထိန်းချုပ်နိုင်ဘူး…”
ထိုအခိုက်၌ သူသည် နောက်ဆုတ်နေရင်း သူ့ညာလက်ကို ကောင်းကင်ထက်သို့ လက်ညွှန်လိုက်သည်။ ရွှေရောင်အလင်းတစ်ခု လေထုထဲမှ ထွက်ပေါ်လာကာ လက်ဝါးတစ်ခုအဖြစ် သိပ်သည်းသည်။
“ရွှေရောင်အလင်း ထပ်လာပြန်ပြီလား…” မီးခိုးရောင်ဝတ်စုံနှင့်အဘိုးအို၏ မျက်လုံးသူငယ်အိမ်ပင် ကြုံ့သွားလေ၏။ ဝတ်စုံနက်အဘွားအိုသည်လည်း မျက်စိမှေးသွားလေ၏။
သို့ပေမည့် ထိုလက်ဝါးပေါ်လာသည်နှင့် တုန်လှုပ်ဖွယ်ဓားစွမ်းအင်တစ်ခုမှာ ဝမ်လင်းနောက်မှ ထွက်ပေါ်လာ၏။ ထိုဓားစွမ်းအင်သည် အလွန်တရာအေးစက်ကာ ဝမ်လင်း၏နောက်တွင် ရေခဲပန်းဆွဲတစ်ခု ပေါ်လာ၏။
ထိုရေခဲပန်းဆွဲသည် လေဟာနယ်အတွင်းမှ ထိုးထွက်ကာ ဝမ်လင်းထံ ဦးတည်လာပြီး ၎င်း၏လမ်းတစ်လျှောက်တွင် အက်ကွဲသံများကို ဖန်တီးလေသည်။ ထိုရေခဲပန်းဆွဲ၏ ရှေ့တွင် အပြာရောင်ဓားတိုတစ်လက် ရှိသည်။ ထိုဓားတိုမှာ မြန်လွန်းသည်။ ၎င်း ပေါ်လာသည့်အချိန်၌ ဝမ်လင်းသည် စစ်စိတ်ဝိညာဉ်လက်ဝါးကို အသုံးပြုလိုက်လေပြီ။ ရေခဲပန်းဆွဲသည် ဝမ်လင်းထံ တရှိန်ထိုး ဝင်ရောက်လာခဲ့လေပြီ။
ဝမ်လင်း၏ပတ်လည်တွင် အဆုံးမဲ့အလင်းများ စုစည်းလာ၏။ ဧရာမအလင်းအရိပ်တစ်ခု သူ့ပတ်လည်တွင် ပေါ်လာချိန်၌ အပြာရောင်ဓားသည် နီးကပ်လာလေပြီ။ ထိုဓားက အလင်းအရိပ်နှင့် ထိပ်တိုက်တွေ့၏။
အက်ကွဲသံများ ပဲ့တင်ထပ်ကာ အလင်းအရိပ်ဒိုင်းသည် ဧရာမရေခဲရုပ်တုဖြစ်သွားလေ၏။ ရေခဲဓားက ထိုရေခဲရုပ်တုကို ထွင်းဖောက်ကာ ဝမ်လင်းထံသို့ သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် တရှိန်ထိုး ဦးတည်ဝင်လာသည်။
ကျယ်လောင်စွာ ပေါက်ကွဲသံတစ်ခု မြည်ဟည်းသည်။ ဝမ်လင်း၏စစ်စိတ်ဝိညာဉ်လက်ဝါးမှာ နှောက်ယှက်ခံလိုက်ရသည်။ သူသည် နောက်ထပ် သွေးအန်လိုက်ရပြီး သူ၏ခန္ဓာကိုယ်မှာ ရှေ့သို့ လွင့်ထွက်သွားသည်။ သူ၏နောက်တွင်မူ ရေခဲပန်းဆွဲက ကပ်ပါလာသည်။
ဝမ်လင်း၏အမူအရာမှာ သုန်မှုန်နေ၏။ သူ၏လက်ထဲ၌ သွေးအလင်း လင်းလက်သည်။ သူက လက်ဝေ့ယမ်းလိုက်ရာ သွေးဓားသည် ရေခဲဓားထံ ပြေးဝင်သွားလေ၏။
အဝေးမှ ကြည့်ပါက ဤမြင်ကွင်းသည် တုန်လှုပ်ဖွယ်ရာ ကောင်းလှမည်။ ယင်းကား သွေးအလင်းနှင့် အေးစက်စက်ရေခဲတို့ကြား ထိပ်တိုက်တွေ့ခြင်းတည်း။ ရှင်သန်လိုစိတ်နှင့် သတ်ဖြတ်ခြင်းဆန္ဒကြား ပဋိပက္ခလည်း မည်၏။ ဖျပ်ခနဲအတွင်း ဓားနှစ်လက်သည် ထိပ်တိုက်တွေ့သည်။
ကျယ်လောင်စွာ တုန်ဟည်းသံများ လောကတစ်ခွင် ပဲ့တင်ထပ်၏။ ဓားနှစ်လက်ထံမှ ချောက်ခြားဖွယ်အော်သံများ ထွက်ပေါ်သည်။ အေးစက်စက်ဓားသည် တုန်ယင်ကာ နှစ်ပိုင်းကွဲထွက်၍ နောက်ပြန်ကန်သွားသည်။
သွေးဓားမှာ တုန်ယင်လျက် သွေးအလင်း ပျက်စီးသည်။ ဝမ်လင်းက သွေးဓားကို ဖမ်းယူလိုက်ပြီးနောက် ရှေ့တည့်တည့်သို့ စိုက်ကြည့်သည်။ ဝတ်စုံဖြူနှင့်လူတစ်ယောက်သည် ထက်ပိုင်းကွဲထွက်သွားသော ရေခဲဓား၏ဘေးသို့ လှမ်းထွက်လာ၏။ သူက ဝမ်လင်းကို ကြမ်းကြုတ်စွာ ကြည့်သည်။
“မြန်မြန်…ဒီတိုက်ပွဲကို လက်စသပ်လိုက်တော့…” ထိုလူ၏ စကားလုံးများက သူ၏သွင်ပြင်အတိုင်း အေးစက်၏။ သူသည် ရှေ့သို့ တိုးလာစဉ် မီးခိုးရောင်ဝတ်ရုံဖြင့်အဘိုးအိုနှင့် ဝတ်စုံနက်အဘွားအိုတို့မှာလည်း ဝမ်လင်းထံ ဦးတည်လာကြသည်။
ဝမ်လင်းက မြန်ဆန်စွာ နောက်ဆုတ်လိုက်၏။ သူတို့၏ကျင့်ကြံမှုအဆင့်မှာ ဒီနေရာတွင် ဖိနှိပ်ခံထားရသော်လည်း စိတ်ဝိညာဉ်လေဟာနယ်အလယ်အဆင့် ကျင့်ကြံသူသုံးယောက်မှာ ဝမ်လင်း ခုခံနိုင်သောအရာ မဟုတ်ပေ။
နောက်ဆုတ်နေရင်း ဝမ်လင်းက ကောင်းကင်ထက်သို့ လက်ညွှန်လိုက်၏။ နှောက်ယှက်ခံလိုက်ရသော စစ်စိတ်ဝိညာဉ်လက်ဝါး ထပ်မံ ပေါ်လာသည်။ ဝမ်လင်း၏မျက်လုံးထံမှ ရွှေရောင်တောက်ပလာကာ သူသည် ပြင်းထန်သော သတ်ဖြတ်လိုစိတ်ကို ထုတ်ဖော်သည်။
“မင်းတို့က တိုက်ခိုက်ချင်မှတော့…တိုက်ကြတာပေါ့…” ဝမ်လင်း၏အသံသည် တည်ငြိမ်၏။ အန္တရာယ်ပိုများလေလေ သူသည် ပို၍ ရူးသွပ်လာလေပင်။ သို့သော် သူ့စိတ်မှာ တည်ငြိမ်နေ၏။ ဤအရာမှာ လွန်ခဲ့သောနှစ်ပေါင်းနှစ်ထောင်ကျော်က သူ ကျင့်ကြံခြင်းလမ်းကြောင်းသို့ ဝင်ရောက်လာသည့်အချိန်မှစ၍ ထိုအလေ့အကျင့်သည် ဖွံ့ဖြိုးလာခဲ့ပေသည်။
ထိုအခိုက်တွင် သူက ကောင်းကင်ထက်သို့ လက်ဝေ့ယမ်းလိုက်ရာ လောကသည် တုန်ဟည်းလျက် ရွှေရောင်အလင်း တောက်ပသည်။ ကြီးမားလှသောလက်ဝါးရာက ရွှေရောင်တောက်ပမှုကို ပေးလျက် ဆင်းသက်လာ၏။ ထိုလက်ဝါးရာ နီးကပ်မလာခင်တွင်ပင် ပြင်းထန်သောဖိအားတစ်ခု ဆင်းသက်လာသည်။
ဤကား စစ်မှန်သောစစ်စိတ်ဝိညာဉ်လက်ဝါး ဖြစ်သည်။ ထိုလက်ဝါးအတွင်း၌ လက်အရေးအကြောင်းများကို သိသိသာသာ မြင်ရကာ ယင်းလက်ဝါးသည် ကြမ်းတမ်းစွာ သက်ဆင်းလာသည်။
“ဒီရွှေရောင်အလင်းက ဘာကြီးလဲဟ။ ဒါက ငါ့ကို ကြောက်လန့်သလို ခံစားမိစေတယ်…”
မီးခိုးရောင်ဝတ်ရုံဖြင့် အဘိုးအိုသည် စစ်စိတ်ဝိညာဉ်လက်ဝါးထံမှ ထွက်ပေါ်လာသော ရွှေရောင်အလင်းကို စိုက်ကြည့်နေ၏။
***