ကြမ်းကြုတ်သောတိုက်ပွဲ
Vol. 118 Ch. 1632
ထိုရွှေရောင်လက်ဝါးချက် ပေါ်လာသည့်အခိုက်တွင် ဝမ်လင်းသည် ရှေ့သို့ ခြေလှမ်းလိုက်သည်။ လှိုင်းဂယက်များ ထကာ သူသည် ရုတ်တရက် လက်ဝါး၏အထက်တွင် ပေါ်လာသည်။ သူက သူ့လျှာထိပ်ကို ကိုက်လိုက်ပြီး ရွှေရောင်သွေးကို လက်ဝါးရာပေါ်သို့ ထွေးထုတ်လိုက်ရာ ၎င်းလက်ဝါး၏ရွှေရောင်အလင်းသည် ပိုသိပ်သည်းလာတော့သည်။
“မင်းတို့ ငါ့ကို သတ်ချင်ရင် မင်းတို့အားလုံး တန်ဖိုးတစ်ခု ပြန်ပေးဆပ်ရမယ်…” ဝမ်လင်းသည် မာန်သွင်းအော်ဟစ်လိုက်၏။ သူ၏အမူအရာမှာ ကြမ်းကြုတ်လာသည်။ သူက ညာလက်ကို ဖိချလိုက်ရာ ရွှေရောင်လက်ဝါးရာသည် သက်ဆင်းသည်။ လက်ဝါးရာထံမှဖိအားသည် အောက်ဘက်ရှိ ရေမျက်နှာပြင်ပေါ်တွင် ဝဲကတော့များကိုပါ ပေါ်လာစေတော့သည်။
မီးခိုးရောင်ဝတ်စုံနှင့်အဘိုးအို၏မျက်လုံးသည် တလက်လက် ဖြစ်လာ၏။ စစ်စိတ်ဝိညာဉ်လက်ဝါး နီးကပ်လာသည်နှင့် သူက သူ့လက်ကို ဝေ့ယမ်းလိုက်သည်။ လုံးဝန်းသောပုလင်းတစ်ခု သူ့လက်ကြားထဲ၌ ပေါ်လာ၏။
ထိုပုလင်းသည် ကြည်လင်ကာ အဝါရောင်မြေခဲနှင့် ပြည့်နေ၏။ သူက လက်ဝေ့ယမ်းလိုက်ရာ မြေကြီးများ ပျံသန်းထွက်လာသည်။ ပိုပိုများပြားသော မြေကြီးများ ပျံသန်းထွက်လာပြီး မြေကြီးထု စုဝေးလာကာ ပေရာချီ ကျယ်ပြောသည်။
“မြေအနှစ်သာရ၊ စိတ်ဝိညာဉ်မြှုပ်နှံ့ခြင်း…”
အဘိုးအိုသည် ထိုသို့ ပြောလိုက်ရင်း မြေကြီးသည် လေထဲသို့ တရှိန်ထိုး တက်ကာ ဝမ်လင်း၏ ရွှေရောင်စစ်စိတ်ဝိညာဉ်လက်ဝါးထံ ဦးတည်သည်။
တစ်ချိန်တည်းမှာ ဝတ်စုံနက်အဘွားအိုက သူမ၏လက်ကို တည်ငြိမ်စွာ ဝေ့ယမ်းလိုက်၏။ သူမ၏လက်သည်းများ ရှည်လျားထွက်လာကာ သူမ၏လက်ချောင်းထိပ်များ ပျံသန်းထွက်သည်။ အနက်ရောင်အလင်းတန်းကိုးခု ထိုးထွက်လေ၏။
ထိုအလင်းတန်းများထဲ၌ လက်သည်းများပေါ်တွင် ရပ်နေသော တစ္ဆေကိုးကောင် ရှိသည်။ ယင်းတို့သည်လည်း ကြောက်မက်ဖွယ်မြေကြီးထုနှင့်အတူ ပျံသန်းသွားသည်။
အေးစက်စက်လူကမူ ဆင်းသက်လာသော စစ်စိတ်ဝိညာဉ်လက်ဝါးကို စိုက်ကြည့်၏။ သူက သူ့ညာလက်ထိပ်ကို ကိုက်လိုက်ရာ သွေးများ စီးကျသည်။ သူသည် ထိုသွေးဖြင့် ချိပ်ဟန်တစ်ခုကို အလျင်အမြန် ရေးဆွဲလိုက်သည်။ သွေးချိပ်ဟန်သည် ချက်ခြင်း အေးခဲ၏။ သူက ၎င်းချိပ်ဟန်ကို ပစ်လွှတ်လိုက်လေသည်။
ကောင်းကင်နှင့်မြေကြီး တုန်ခါသွား၏။ ဤကား တတိယအဆင့်ကျင့်ကြံသူများထံမှ မန္တာန်များ ထိတိုက်မှုပင်။ ဝမ်လင်း၏စစ်စိတ်ဝိညာဉ်လက်ဝါးသည် ထိုကြောက်မက်ဖွယ်မြေကြီးထုနှင့် ထိပ်တိုက်တွေ့သည်။
မြေကြီးများသည် လက်ဝါးတစ်ခုလုံးကို ဖုံးအုပ်သွားသည်။ တစ်ချိန်တည်းမှာ လက်သည်းကိုးခုက မြေကြီးကို ထွင်းဖောက်ကာ လက်ဝါးထံ ဦးတည်သည်။
သိပ်မကြာခင်တွင် ဝတ်စုံဖြူလူထံမှ အေးခဲသွားသော သွေးအမှတ်အသားသည် ရုတ်ချည်း နီးကပ်လာ၏။ ၎င်းက မြေကြီးနှင့် ထိမိသွားသည်နှင့် ပျက်စီးကာ အအေးစွမ်းအင်အဖြစ် ပြောင်းပြီး မြေကြီးထုကို ဝန်းရံကာ တစ်ခုလုံးကို အေးခဲပစ်သည်။
“မြေကြီး ပျက်စီးခြင်း…”
“စိတ်ဝိညာဉ် သတ်ဖြတ်ခြင်း…”
“အေးခဲခြင်း…”
သူတို့သုံးယောက်သည် အောက်ဘက်ကနေ သူတို့၏မန္တာန်များ ဝန်းရံထားသော လက်ဝါးကို ကြည့်၏။ ထို့နောက် ကျယ်လောင်စွာတုန်ဟည်းသံ ပဲ့တင်ထပ်ကာ လက်ဝါးသည် တစစီဖြစ်၏။
လက်ငါးချောင်းမှာ တောင်ငါးလုံးအလား ပြိုဆင်းလာသည်။ ၎င်းသည် ပျက်စီးနေရင်း ပြင်းထန်သောဖိသိပ်အား ပျံ့နှံ့သည်။ ဝမ်လင်းသည် သွေးအန်ကာ နောက်သို့ လွင့်သွား၏။ လက်သည်းကိုးခုက သူ၏ခန္ဓာကိုယ်ပေါ်သို့ ထိုးစိုက်သည်။ ဒဏ်ရာများက အမှုန်အမွှားဖြစ်တော့မည့် အရိပ်အယောင်များ ပြလာသည်။ အေးစက်စက်အော်ရာတစ်ခုက သူ၏ခန္ဓာကိုယ်တလျှောက် သတ်ဖြတ်လိုစိတ်ဖြင့် ပျံ့နှံ့ကုန်သည်။
သူ၏မျက်လုံးများသည် နီရဲနေ၏။ သူက နောက်ဆုတ်လိုက်ရင်း ထပ်မံ သွေးအန်လိုက်ရသည်။ အချိန်တိုအတွင်း သူသည် အပြင်းအထန် ဒဏ်ရာ ရသွားခဲ့လေပြီ။ ဝမ်လင်းသည် ကြောက်မက်ဖွယ်အပြုံးတစ်ခုကို လှစ်ဟ၏။ သို့သော် သူ၏မျက်လုံးထဲတွင်မူ အလွန်ပြင်းထန်သော သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်နေသည်။
သူက ညာလက်ကို လေဟာနယ်အတွင်းသို့ ဆန့်ထုတ်လိုက်ရာ ဆေးလုံးပုလင်းများ သူ့လက်ထဲတွင် ပေါ်လာသည်။ သူက ၎င်းတို့ကို မြိုချတော့မည့်အခိုက်တွင် အောက်ဘက်မှ သုံးယောက်သည် ရှေ့တိုးလာသည်။ သူတို့သည် လေဟာနယ်ကို ချိုးဖျက်လိုက်သည့်အလား ချက်ခြင်းပင် ဝမ်လင်းနား ရောက်လာသည်။
မီးခိုးရောင်ဝတ်စုံဖြင့် အဘိုးအိုက အလေးအနက်အသွင် ဖြစ်ပေါ်၏။ သူက ထိုရွှေရောင်အလင်းကို မည်သည့်အရာမှန်း မသိပေ။ သို့သော် သူက ၎င်းကို အရင်က မြင်ခဲ့ဖူးသလို ခံစားမိနေသည်။ သူသည် ဝမ်လင်း၏ဘယ်ဘက်ခြမ်းတွင် ပေါ်လာကာ သူ့ညာလက်ညှိုးကို ပင့်မြှောက်သည်။ အဝါရောင်အလင်း လင်းလက်ကာ သူ၏ညာလက်သည် မြေကြီးနှင့် ပြုလုပ်ထားသည့်အလား။ သူက ဝမ်လင်း၏မျက်ခုံးနှစ်ခုကြားသို့ တိုက်ရိုက် လက်ညွှန်လိုက်သည်။
သူ ရှေ့သို့ လက်ညွှန်လိုက်သည်နှင့် မရေမတွက်နိုင်သောအပူဇော်ခံမီးတောက်များ ထိုးထွက်လာသည်။ ထိုစိတ်ဝိညာဉ်များသည်မြေစိုင်မြေခဲများအဖြစ်သို့ ပြောင်းကာ ဝမ်လင်းကို ဝန်းရံသည်။ ယင်းတို့သည် ဝမ်လင်းကို စစ်စိတ်ဝိညာဉ်လက်ဝါးကဲ့သို့ ဖျက်စီးပစ်ရန် တာဆူသည်။
တစ်ချိန်တည်းမှာ ဝတ်စုံနက်အဘွားအိုသည် ဝမ်လင်း၏ ညာဘက်တွင် ပေါ်လာသည်။ သူမ၏မျက်လုံးက လက်ခနဲ ဖြစ်ကာ ညာလက်ဖြင့် ဝမ်လင်း၏ရင်ဘက်ပေါ်သို့ ဖိချလိုက်သည်။
သူမ၏လက်ငါးချောင်းအတွင်း၌ အပူဇော်ခံစိတ်ဝိညာဉ်များသည် တစ္ဆေများအသွင် ဖြစ်တည်သည်။ ယင်းတို့သည် ရက်စက်လိုဟန် မြည်ဟည်းကာ ဝမ်လင်းထံ တိုးဝင်လာသည်။
ဝတ်စုံဖြူနှင့် မထူးခြားနားလူက ဝမ်လင်းရှေ့သို့ လှမ်းလာ၏။ သူ၏အမူအရာမှာ အေးစက်ရက်စက်ဟန် အပြည့်ပင်။ သူက ညာလက်ကို ပင့်မြှောက်လိုက်၏။ အအေးစွမ်းအင် စုစည်းလာကာ သူသည် ဝမ်လင်း၏ဦးခေါင်းထံသို့ ရိုက်ချလိုက်လေသည်။
“ပြီးသွားပြီ…” ထိုလူက ခပ်တိုးတိုး ပြောလိုက်၏။ သူတို့သုံးယောက်သည် တစ်ပြိုင်နက်တည်း တိုက်ခိုက်ကာ ဝမ်လင်းထံ ဦးတည်ဝင်လာသည်။
ထိုသို့ သေရေးရှင်ရေး အခိုက်အတန့်၌ ဝမ်လင်း၏ရှေးဟောင်းနတ်ဘုရားကြယ်များသည် တလက်လက် လင်းလက်ကာ အင်ပါယာမီးပြင်းဖို ပေါ်လာ၏။ ထိုမီးပြင်းဖိုက ထိုသူတို့၏ အသေတိုက်ကွက်များနှင့် ထိပ်တိုက်တွေ့ရာ တုန်ခါသွားသည်။ ထို့နောက် ၎င်းသည် အလင်းစက်များအဖြစ် ပျက်စီးကာ ဝမ်လင်း၏ရှေးဟောင်းနတ်ဘုရားကြယ်အတွင်းသို့ ပြန်ကန်ဝင်ရောက်လာတော့သည်။
အင်ပါယာမီးပြင်းဖိုက ပိတ်ဆို့ပေးလိုက်သည့်အခိုက်ကို အသုံးပြုကာ ဝမ်လင်းသည် မာန်သွင်းလိုက်၏။ အလင်းအရိပ်ဒိုင်း ထပ်မံ ပေါ်လာသည်။ ၎င်းသည် အထက်သို့ ပျံ့နှံ့၏။ သို့သော် ၎င်းဒိုင်းသည် တခဏသာ တောင့်ခံနိုင်သည်။
အဖြစ်အပျက်များက မြန်လွန်းလှ၏။ စတိုက်ခိုက်သည့်အချိန်မှစ၍ အသက်ရှုချိန်အနည်းငယ်မျှသာ ကြာသည်။ ထိုမျှအချိန်တိုအတွင်း ဝမ်လင်းသည် သေရေးရှင်ရေး အန္တရာယ်များစွာကို အခါခါ ကြုံလိုက်ရလေပြီ။ သူသည် သူ၏မန္တာန်များ၊ ဆန်းကြယ်လက်နက်များကိုပင် အသုံးမပြုလိုက်နိုင်ပေ။ စစ်စိတ်ဝိညာဉ်လက်ဝါးသည်ပင် တစ်ကြိမ် အနှောက်ယှက်ခံခဲ့ရလေ၏။
ဝမ်လင်းသည် သူ၏ပတ်ဝန်းကျင်ကို စောင့်ကြည့်ရန် သူ့စိတ်ကို ပိုင်းခြားထားရသေး၏။ သူက သူ့ကို သတ်ဖို့ လာသည်မှာ ထိုသုံးယောက်သာ ဖြစ်လိမ့်မည်ဟု မယုံကြည်ပေ။ ခုချိန်၌ သူ့ကို သတ်ခြင်းသည် အတိတ်တုန်းက ချိပ်ပိတ်နယ်မြေအရှင်ဟောင်းကို သတ်ခဲ့ချိန်ကလို ပြင်ပနယ်မြေ၏ ကြီးမားသည့်လှုပ်ရှားမှုမျိုးပင် ဖြစ်နေသည် မဟုတ်လား။
အုပ်စိုးသူသည် ခုထိ မပေါ်လာသေးပေ။
အင်ပါယာကောင်းကင်ဘုံကိုယ်လုပ်တော်များသည်လည်း ခုထိ မတိုက်ခိုက်ကြသေးပေ။
ဤကား ဝမ်လင်းဘဝတွင် ရင်ဆိုင်ရသော အကြီးမားဆုံးအန္တရာယ်ပင်။ ဤကား သေဆုံးခြင်းကပ်ဘေးတစ်ခုပင်။
အလင်းအရိပ်ဒိုင်း ပျက်စီးသွားသည့်အခိုက်တွင် ဝမ်လင်း၏ညာလက်ထံမှ ဖျပ်ခနဲ လင်းလက်သွားပြီး ရှေးဟောင်းလက်အိတ်တစ်ခု ပေါ်လာ၏။ သူသည် အချိန်လိုပေသည်။ မန္တာန်များကို အသုံးပြုဖို့ သူ့အတွက် အချိန်လိုအပ်၏။ သို့သော် ရန်သူများက သူ့ကို ထိုအခွင့်အရေးကို မပေးပေ။
သူတို့က သူ့ကို ထိုအခွင့်အရေးကို မပေးမှတော့ သူ့ဟာသူ ဖန်တီးယူရတော့မည်ပင်။ ထိုသူတို့၏ အသေတိုက်ကွက်များ နီးကပ်လာနေရင်း သူ၏ညာလက်ပေါ်ရှိ လက်အိတ်မှာ အားကောင်းသောရှေးဟောင်းနတ်ဘုရားစွမ်းအားနှင့်အတူ ပေါက်ကွဲထွက်လာ၏။
ထိုရှေးဟောင်းနတ်ဘုရားစွမ်းအားသည် အံ့အားသင့်ဖွယ်ပင်။ သူ့ကို အကြိမ်များစွာ ကာကွယ်ပေးခဲ့သော ဧရာမရှေးဟောင်းနတ်ဘုရားအရိပ်သည် ထွက်ပေါ်လာလေ၏။ ထိုရှေးဟောင်းနတ်ဘုရားအရိပ်မှာ ဒဏ်ရာအနာရွတ်များနှင့် ပြည့်နှက်နေ၏။ သို့သော် ၎င်း၏နွေးထွေးမှုကမူ ရှိနေဆဲပင်။
ထိုရှေးဟောင်းနတ်ဘုရားအရိပ်၏ ခန္ဓာကိုယ်ပေါ်သို့ ရန်သူသုံးယောက်ပေါင်း၏ တိုက်ခိုက်မှုများ ကျဆင်းလာလေသည်။ အချိန်သည်ပင် ရပ်တန့်သွားသည့်အလား။ ရှေးဟောင်းနတ်ဘုရားအရိပ်သည် တုန်ယင်ကာ ဝမ်လင်းကို ငုံ့ကြည့်လိုက်သည့်နှယ်။ ၎င်း၏ခန္ဓာကိုယ်သည် ပျက်စီးသွား၏။ တစ်ချိန်တည်းမှာ ၎င်း၏မျက်ခုံးနှစ်ခုကြားရှိ ရှေးဟောင်းနတ်ဘုရားကြယ်များ ပေါက်ကွဲထွက်သွားသည်။
အလွန်အမင်း ပြင်းထန်သော ရှေးဟောင်းနတ်ဘုရားစွမ်းအားက ၎င်း၏ခန္ဓာကိုယ်ထံမှ ပေါက်ကွဲထွက်လာကာ ၎င်းနောက်ရှိ လူသုံးယောက်ကို တွန်းထုတ်လိုက်လေ၏။
ထိုသူတို့၏အမူအရာများ ပြောင်းလဲသွားကာ သူတို့သည် နောက်ဆုတ်လိုက်ရရင်း သွေးအန်ရ၏။ သူတို့၏မျက်လုံးများရှေ့ရှိ ရှေးဟောင်းနတ်ဘုရားအရိပ်ကြီးမှာ မြန်ဆန်စွာ လွင့်ပါးပျောက်ကွယ်နေတော့သည်။ ၎င်း၏ခြေထောက်များ၊ ၎င်း၏ခန္ဓာကိုယ်များ၊ ချက်ခြင်း အားလုံး ပျောက်ကွယ်ကာ ဝမ်လင်းကို ထွေးပွေ့ကာကွယ်ပေးထားသော ၎င်း၏ညာလက်တစ်ဖက်သာ ကျန်ခဲ့လေသည်။ ၎င်းက ဝမ်လင်းကို ရေမျက်နှာပြင်အောက်သို့ ပစ်လွှတ်လိုက်လေသည်။
ထိုသို့ ပစ်လွှတ်ပြီးနောက် ထိုညာလက်မှာလည်း လွင့်ပါးပျောက်ကွယ်သွားတော့သည်။
ဝမ်လင်း၏မျက်လုံးထဲ၌ ဝမ်းနည်းရိပ်တို့ သမ်းလာ၏။ သူ၏ပါးစပ်ထောင့်မှ သွေးများစီးကျနေသည်။ သူ့ခန္ဓာကိုယ်ကို ရှေးဟောင်းနတ်ဘုရားအော်ရာက ဝန်းရံထားလျက် သူသည် ရေပြင်အတွင်း ကျဆင်းသွား၏။
ရေမျက်နှာပြင်ပေါ်တွင် လှိုင်းကြီးတစ်ခု ပျံ့နှံ့လို့သွားသည်။
ထိုသုံးယောက်က ရေပြင်ကို စိုက်ကြည့်ကြ၏။ သူတို့ကိုယ် သူတို့ ပြန်ထိန်းညှိပြီးနောက် သူတို့၏မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ် တဖန် ပြည့်နှက်လာကာ ဝမ်လင်းနောက်သို့ လိုက်ရန် ဟန်ပြင်သည်။
ရေထုအတွင်း၌ ဝမ်လင်း၏ ညာလက်ပေါ်ရှိ ရှေးဟောင်းလက်အိတ်မှာ တစစီဖြစ်ကာ ပျောက်ကွယ်သွားလေပြီ။ သူ့မျက်လုံးထဲ၌ ဝမ်းနည်းမှုများ ပြည့်နှက်လာ၏။ ရူးသွပ်မှုအရိပ်အမြွက်ပါ ပါဝင်နေလေသည်။ ထိုသုံးယောက်က သူ့နောက်သို့ လိုက်လာပြီးနောက် ရေပြင်အတွင်း ဝင်ရောက်ရန် တာဆူကြသည်။
တုန်လှုပ်ဖွယ်ဝဲကတော့တစ်ခုသည် တည်ငြိမ်သောရေပြင်ထက်၌ ရုတ်တရက် ပေါ်လာ၏။ ဧရာမရေထုလက်သီးချက်က ဝတ်စုံဖြူနှင့်လူထံသို့ တရှိန်ထိုး တိုးဝင်လာလေ၏။
ဝတ်စုံဖြူနှင့်လူ၏ မျက်လုံးမှာ လက်ခနဲ ဖြစ်သွားပြီး သူ၏လက်ဖြင့် ရေလက်သီးထံ ရိုက်ချလိုက်၏။ အေးစက်စက်အော်ရာတစ်ခု ပျံ့လွင့်လာကာ လက်သီးသည် ရေခဲသွားပြီးနောက် ပျက်စီးသွားသည်။ သို့သော် ဝမ်လင်းက မာန်သွင်းလျက် အရာအားလုံးကို ဖြတ်ကျော်ကာ သူ့ညာလက်သီးဖြင့် ထိုလက်ဝါးကို ထိပ်တိုက်တွေ့သည်။
ထိုလက်သီးချက်သည် ဝမ်လင်း၏ခန္ဓာကိုယ်အတွင်းရှိ တွန်းကန်အားကို လစ်လျူရှုထားပြီး ပစ်သွင်းလိုက်သော သူ၏အသန်မာဆုံး လက်သီးချက်ပင်။
ဝမ်လင်း၏နောက်တွင် ရှေးဟောင်းဦးခေါင်းတစ်ခု ပေါ်လာပြီး ကျယ်လောင်စွာ တုန်ဟည်းသံတို့ ပဲ့တင်ထပ်၏။ ဝတ်စုံဖြူနှင့်လူသည် ပေထောင်ချီ လွင့်စင်ထွက်သွားရ၏။ သူသည် သွေးအပြည့် အန်ထုတ်လိုက်ရသည်။
ဝမ်လင်း၏ခန္ဓာကိုယ်မှ ရွှေရောင်သွေးများ ပန်းထွက်သည်။ သို့သော် သူက မရပ်တန့်ပေ။ ဝတ်စုံဖြူနှင့်လူကို နောက်လွင့်စင်သွားစေပြီးနောက် သူက မီးခိုးရောင်ဝတ်ရုံဖြင့် အဘိုးအိုထံ လှမ်းဝင်သည်။ သူ့ညာလက်ကို ပင့်မြှောက်လိုက်ရာ သူ၏ညာမျက်လုံးတွင်းမှ ရွှေရောင်မိုးကြိုးသည် လင်းလက်သည်။ အပြာရောင်ကောင်းကင်မှာ အဆုံးမဲ့မိုးကြိုးများနှင့် ပြည့်နှက်လာသည်။ ကြောက်မက်ဖွယ်မိုးကြိုးများ ဝမ်လင်း၏လက်ထဲတွင် စုဝေးကာ သူသည် ထိုအဘိုးအိုကို ရိုက်ချလိုက်သည်။
ထိုအဘိုးအိုသည် လွတ်မြောက်ဖို့ငှာ မတတ်နိုင်တော့ပေ။ သူသည် ချက်ခြင်းပင် ရွှေရောင်မိုးကြိုး၏ ထိမှန်ခြင်း ခံရသည်။ ထိုမိုးကြိုး၌ ကောင်းကင်ဘုံစွမ်းအင်နှင့် ပြည့်နှက်နေကာ ၎င်းကို ကောင်းကင်ဘုံမိုးကြိုး ဖြစ်စေလေ၏။ ထိုစွမ်းအား မြင့်တက်လာရင်း ယင်းအဘိုးအို၏အမူအရာမှာ ပြောင်းလဲသွားသည်။ သူက သူ၏ခန္ဓာကိုယ်တွင်း၌ ရွှေရောင်မိုးကြိုး လှိုင်းထန်နေလျက် နောက်သို့ အမြန်ဆုတ်၏။ သူသည် သွေးအန်လိုက်ရသည်။
“ကောင်းကင်ဘုံစွမ်းအင်…။ ဒါက ကောင်းကင်ဘုံစွမ်းအင်ပဲ…” ထိုအဘိုးအိုသည် နောက်သို့ ကြောက်လန့်တကြား ဆုတ်၏။ နောက်ဆုံးတွင် သူသည် ထိုရွှေရောင်အလင်းမှာ မည်သည့်အရာဖြစ်မှန်း မှတ်မိသွားတော့သည်။
ဝမ်လင်း၏ဒဏ်ရာများက ပို၍ပင် ဆိုးဝါးလာ၏။ သူက သူ၏ခန္ဓာကိုယ်တွင်းရှိ တွန်းကန်အားကို လုံးဝ လစ်လျူရှုထားသည်။ သူ့ဘယ်မျက်လုံးတွင် မီး မြင့်တက်လာ၏။ သူက ဘယ်လက်ဝါးဖြင့် ဝတ်စုံနက်အဘွားအိုကို ရိုက်ချလိုက်သည်။ အဆုံးမဲ့ရွှေရောင်မီးများ မြင့်တက်လာကာ ထိုအဘွားအိုကို ဝန်းရံသည်။ သူမ၏ပါးစပ်ထောင့်မှ သွေးများစီးကျလာကာ သူမသည် နောက်သို့ အမြန် ဆုတ်သည်။
သူမ၏မျက်လုံးထဲ၌ တူညီသော ကြောက်လန့်မှု ပြည့်လာသည်။ သူမသည်လည်း မီးခိုးရောင်ဝတ်ရုံဖြင့် အဘိုးအို ပြောသကဲ့သို့ပင် အလန့်တကြား ဆိုမိ၏။
“ကောင်းကင်ဘုံ…ကောင်းကင်ဘုံစွမ်းအင်…”
ဝမ်လင်းသည် ထိုသုံးယောက်ကို နောက်သို့ တွန်းထုတ်လိုက်ရသည့်အတွက် ပြင်းထန်သောဒဏ်ရာများကို သူလည်း ခံစားလိုက်ရသည်။ သို့သော် ထိုအဖြစ်က သူ့အတွက် အဖိုးတန်လှသော အချိန်ကို ရစေသည်။ ဝမ်လင်းသည် နောက်ဆုတ်ကာ ကောင်းကင်ထက်သို့ ကြမ်းကြုတ်စွာ လက်ညွှန်လိုက်သည်။
“နယ်မြေလောင်ကျွမ်းခြင်းထီး၊ ဒီနယ်မြေကို ဖျက်စီးဖို့ ဖွင့်လှစ်စေ…”
အပြာရောင်ကောင်းကင်သည် နက်မှောင်လာပြီး ဧရာမထီးရိုးတစ်ခု ပေါ်လာ၏။ အပြာရောင်ကောင်းကင်ကမူ ထီးအမိုး ဖြစ်လာသည်။ အဝေးမှ ကြည့်ပါက ၎င်းသည် အပြာရောင်ထီးတစ်လက်နှင့်ပင် တူနေအုံးမည်။
သို့ရာတွင် ထိုထီးပေါ်လာသည်နှင့် မီးပင်လယ်တစ်ခု ပေါ်ထွက်လာကာ ၎င်းထီးကို ဝန်းရံ၍ နယ်မြေလောင်ကျွမ်းခြင်းထီးအဖြစ်သို့ ပြောင်းလဲသွားလေသည်။
***