အင်မောတယ်ကောင်းကင်ဘုံခန္ဓာကိုယ်
Vol. 119 Ch. 1635
ထိုရှေ့ဖြစ်ဟောမန္တာန်သည် ရှေ့ဖြစ်ဟောသူ ပိုင်ဆိုင်ထားသည့်မန္တာန်နှင့် အလွန်ဆင်တူ၏။ သို့သော် ထိုအမျိုးသမီးက ၎င်းကို ခြားနားစွာ အသုံးပြုနေခြင်းပင်။ သူမ ထိုသို့ ပြောလိုက်သည့်နောက် ဝမ်လင်း၏ခန္ဓာကိုယ်ပေါ်တွင် လက်သီးဆုပ်ခန့် အနက်ရောင်စက်ဝန်းများ ပေါ်လာသည်။
ထိုစက်ဝန်းနက်များ ပေါ်လာသည်နှင့် ယင်းတို့သည် ပြည်ဖုများအသွင် စတင် ဖြစ်ပေါ်၏။ ဝမ်လင်း၏ခန္ဓာကိုယ်မှာ တုန်ရီနေလျက် သေခြင်းတရား ရောက်လာပြီဟု သူ ခံစားမိသည်။
“ပထမဆုံးအသက်ရှုချိန်အတွင်းမှာ နင့်ခန္ဓာကိုယ် ပုတ်သိုးဆွေးမြေ့မယ်လို့ ငါ ကြိုမြင်တယ်….” ထိုအမျိုးသမီးသည် ဝမ်လင်းကို ကြည့်ကာ ပြုံးနေ၏။
ထိုစက်ဝန်းနက်များသည် သူ၏ခန္ဓာကိုယ်တွင်းသို့ ထွင်းဖောက်ကာ နောက်ဆုံးတွင် သူ့အရိုးများကိုပါ မြင်လာရသည်။ သူ၏အရိုးများသည်ပင် အနက်ရောင်ဖြစ်လာကာ စတင်ပျက်စီး၏။
စောင်းသံကလည်း ပိုကျယ်လောင်လာကာ ထိုအမျိုးသမီး၏ ညင်သာသောစကားလုံးများနှင့် ပေါင်းစည်း၏။ ယင်းအသံသည် ပြည်တည်လာသော စက်ဝန်းများထံ တရှိန်ထိုးတိုးဝင်ကာ ဝမ်လင်း၏ခန္ဓာကိုယ်ကို ဆုတ်ဖြဲလေ၏။
“ဒုတိယမြောက် အသက်ရှုချိန်အတွင်း နင့်ရဲ့ အရိုးတွေ ပျက်စီးမယ်လို့ ငါ ခန့်မှန်းတယ်…”
ဝမ်လင်း၏ခန္ဓာကိုယ်မှ တစီစီအသံများ ထွက်ပေါ်လာကာ မရေမတွက်နိုင်သောအက်ကြောင်းများ သူ၏မည်းနက်နေသောအရိုးများပေါ်တွင် ပေါ်လာသည်။ အက်ကြောင်းများသည် သူ၏ဦးခေါင်းခွံထိပင် ပျံ့နှံ့လာသည်။
သူ၏ခန္ဓာကိုယ်မှာ ကြည်လင်ပြတ်သားသွားသည့်အလား လူတစ်ယောက်၏ သူ၏ခန္ဓာကိုယ်တွင်းရှိ အရိုးများသည် အနက်ရောင်အက်ကြောင်းများ ပျံ့နှံ့လျက် ပျက်စီးတော့မည်ကို မြင်နိုင်သည်။ အချို့အစိတ်အပိုင်းများဆို တစစီ ပျက်စီးသွားလေ၏။
အခု ခံစားရသောနာကျင်မှုသည် သူ ကောင်းကင်ဘုံအင်ပါယာကိုယ်လုပ်တော်၏ မြှုပ်နှံ့ခြင်းငါးခုမန္တာန်ကို ခံစားခဲ့ရစဉ်ကထက် မလျော့ပါးပေ။ ဝမ်လင်းသည် နောက်ဆုတ်နေရင်း သူ၏အသက်ဓာတ်အားလုံး မြန်ဆန်စွာလွင့်ပါးနေပြီး သူသည် သေခြင်းတရားထံ လျှောက်လှမ်းနေရတော့သည်။
သူသည် ဒဏ်ရာအပြင်းအထန် ရထားခဲ့ပြီး ဖြစ်၏။ သူသည် သူ၏ခန္ဓာကိုယ်တွင်းရှိ တွန်းကန်အား လှိုင်းထန်နေသည်ကိုလည်း ဖိနှိပ်ထားနိုင်ရုံမျှသာ ရှိသည်။ သူ၏ကိုယ်တွင်းအင်္ဂါငါးခုမှာလည်း ပျောက်ရှသွားခဲ့ပြီး ဖြစ်သလို ခုချိန်၌ ရှေ့ဖြစ်ဟောမန္တာန်အောက်တွင် သူသည် အဆုံးသပ်သို့ နီးကပ်လာခဲ့လေပြီ။
သို့သော် ဝမ်လင်းသည် ခုထိ လေးကို မထုတ်သေးပေ။ သူသည် သေအံ့မူးမူး ဖြစ်နေသော်လည်း ခုထိ မသေသေးပေ။ အုပ်စိုးသူမှာ ပေါ်မလာသေးပေ။ ထို့အပြင် သူသည် ထိုကောင်းကင်ဘုံအင်ပါယာကိုယ်လုပ်တော်နှစ်ယောက်မှာ နောက်ဆုံးနှစ်ယောက် မဟုတ်သေးပေ။
ဝမ်လင်းသည် ထိုလေးကို တစ်ကြိမ်သာ အသုံးပြုနိုင်သည့်စွမ်းအား ရှိပေ၏။ သူသာ မြားကို ပစ်လွှတ်လိုက်ပြီး အုပ်စိုးသူနှင့် သည်နေရာရှိ လူတိုင်းကို ဒဏ်ရာမရစေနိုင်ပါက သူသည် အမှန်တကယ် သေဆုံးရပေလိမ့်မည်။
သူသည် နောက်ဆုံးအခိုက်အတန့် မဟုတ်မချင်း ထိုလေးကို ထုတ်မယူနိုင်ပေ။
ထိုအမျိုးသမီးက ဝမ်လင်းကို ညင်သာစွာ ကြည့်သည်။ သူမ၏ကျောက်စိမ်းကဲ့သို့လက်ဖြင့် ဝမ်လင်းထံ ညွှန်ကာ နောက်ဆုံးစကားများကို ဆိုသည်။ “တတိယမြောက်အသက်ရှုချိန်အတွင်း နင့်စိတ်ဝိညာဉ်သေဆုံးရမယ်လို့ ငါ ကြိုမြင်တယ်…”
သူမ၏အသံသည် ညင်သာပေ၏။ စောင်းသံနှင့် ပေါင်းစည်းသွားသည်။ ကောင်းကင်ဘုံအင်ပါယာကိုယ်လုပ်တော်နှစ်ယောက်သည် မတူညီသောနည်းလမ်းများကို သုံး၍ တစ်ချိန်တည်းမှာ ဝမ်လင်းကို သတ်ရန် လုပ်ဆောင်နေ၏။
သူတို့၏စွမ်းအားများ ပေါင်းစည်သွားကာ တစ်ခုက ဝမ်လင်း၏စိတ်ကို နှောက်ယှက်ပြီး အခြားစွမ်းအားတစ်ခုက ရှေ့ဖြစ်ဟောမန္တာန်ဖြင့် ဝမ်လင်းကို ဖိနှိပ်ရန် အသုံးပြုသည်။
သူမ၏ နောက်ဆုံးစကားများ ပြောလိုက်သည့်အခိုက်တွင်ပင် ဝမ်လင်းသည် တုန်လှုပ်ဖွယ်ရာ မာန်သွင်းအော်ဟစ်လိုက်၏။ ဝမ်လင်းသည် ထိုရှေ့ဖြစ်ဟောမန္တာန်ကို နားမလည်ပေ။ သို့သော် သူက ၎င်းထံ၌ အဖျက်အစီးအားတစ်ခု ပါသည်ကိုမူ ပြောနိုင်သည်။
ဝမ်လင်း၏အသွေးအသားများ ဖောင်းကြွပြည်တည်လာကာ အရိုးများ တစစီ ဖြစ်သည်။ ပြင်းထန်သောနာကျင်မှု လှိုက်တက်လာ၏။ သူ၏ခန္ဓာကိုယ်မှာ ပျက်စီးတော့မည့် အရိပ်အယောင်များ ပြလာသည်။ သို့ပေမည့် ထိုအခိုက်တွင် ဝမ်လင်းသည် သူ့ညာလက်ကို ပင့်မြှောက်ကာ သူ၏နဖူးကို လက်ဖြင့်ထိရိုက်လိုက်သည်။
ထိုသို့ဖြင့် သူ၏ခန္ဓာကိုယ်မှာ တုန်ခါသွား၏။ သူ၏ခန္ဓာကိုယ်သည် ရှေးဟောင်းလူနှင့် ကောင်းကင်ဘုံသားခန္ဓာကိုယ်တို့ မြေနိမ့်သားရဲအတွင်း၌ ပျက်စီးလိုက်၊ ပြန်ဖွဲ့စည်းလိုက် အကြိမ်များစွာ ဖြစ်ပေါ်ပြီးနောက် ပေါင်းစည်းထားသော ခန္ဓာကိုယ်ပင်။
အရူးကြောင့် သူ၏ကောင်းကင်ဘုံခန္ဓာကိုယ်သည် ခုဆို အင်မောတယ်ကောင်းကင်ဘုံခန္ဓာ ငါးဆယ်ရာခိုင်နှုန်း ဖြစ်နေလေပြီ။ မပြည့်စုံသော်လည်း ၎င်းသည် အင်မောတယ်စွမ်းအားများ ပါဝင်နေခဲ့ပြီးပင်။
သေရေးရှင်ရေး မဟုတ်ပါက ဝမ်လင်းသည် ပြောင်းလဲလိမ့်မည် မဟုတ်ပါ။ သူသည် တစ်ကြိမ်ပြောင်းလဲလိုက်သည်နှင့် သူ၏ကိုယ်တွင်းရှိ တွန်းကန်အားမှာ သူ့ထိန်းချုပ်မှုကနေ လွတ်ကင်းသွားမည် ဖြစ်သည်။
တစ်ချိန်လုံး သူ၏ခန္ဓာကိုယ်တွင်း၌ ထိုတွန်းကန်အားက ဗြောင်းဆန်နေသော်လည်း ဝမ်လင်းက သူ့ထိန်းချုပ်မှုအောက်တွင်သာ ထိန်းသိမ်းထားနိုင်ခဲ့၏။ သို့ပေမည့် သူ ရှေးဟောင်းခန္ဓာကိုယ်ကို အင်မောတယ်ခန္ဓာကိုယ်အဖြစ်သို့ ပြောင်းလဲလိုက်သည့်နှင့် သူ၏ထိန်းချုပ်မှု ပျက်စီးရမည်ပင်။
တွန်းကန်အား ပေါက်ကွဲထွက်လာသည်နှင့် ဝမ်လင်းသည် ၎င်းကို ထပ်မံဖိနှိပ်နိုင်မည့် အခွင့်အရေး ရှိတော့မည် မဟုတ်ပေ။
သို့ပေမည့် ခုချိန်၌ သူ့အဖို့ ထိုအကြောင်းကို တွေးနေရန် အချိန်မရှိပေ။ သူ၏စိတ်ဝိညာဉ် ပျက်စီးတော့ခါနီး၌ သူ၏ခန္ဓာကိုယ်မှ ရွှေရောင်အလင်း တောက်ပလာ၏။
ထိုရွှေရောင်အလင်းသည် တောက်ပလွန်းကာ အဘက်ဘက်သို့ ပျံ့နှံ့သည်။
ရေခဲအတွင်းရှိ အဖြူရောင်ဝတ်ရုံဖြင့်လူက ရေခဲကို အရည်ပျော်စေကာ ဖြူရောသည့်ဟန်ပန်ဖြင့် လှမ်းထွက်လာရုံ ရှိသေး သူက တောက်ပသော ရွှေရောင်အလင်းကို တွေ့မြင်လိုက်ရာ သူ၏အမူအရာမှာ ထပ်မံ ပြောင်းလဲသွားတော့သည်။
ရွှေရောင်အလင်း ပျံ့နှံ့လာရင်း ဝမ်လင်း၏ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်သည် လွင့်ပါးပျောက်ကွယ်ကာ သူ၏ရှေးဟောင်းနတ်ဘုရားကြယ်များအတွင်း ကွယ်ဝှက်သွားလေ၏။ သူ၏ခန္ဓာကိုယ်ထံမှ အဆုံးမဲ့ရွှေရောင်အလင်းတို့ ထုတ်လွှတ်ကာ သူသည် အင်မောတယ်ကောင်းကင်ဘုံခန္ဓာကိုယ် ဖြစ်လာလေသည်။
အင်မောတယ်ခန္ဓာကိုယ် ပေါ်လာသည့်နောက် နူးညံ့သောစကားများကို ပြောလိုက်သော အမျိုးသမီး၏အမူအရာမှာ ကြီးစွာ ပြောင်းလဲသွား၏။ သူမ၏မျက်လုံးထဲတွင် မယုံကြည်နိုင်ဖြစ်မှုတို့ ပြည့်နှက်သည်။ သူမသည် ကောင်းကင်ဘုံအုပ်စိုးသူနှင့် တူညီသော လောကထံမှ လာခဲ့ခြင်းပင်။ သူမက ဝမ်လင်း၏ ပြောင်းလဲမှုကို တွေ့မြင်သည့်အခါ ဒဏ္ဍာရီတစ်ခုအကြောင်း တွေးမိသွားသည်။
ဝမ်လင်း၏အင်မောတယ်ကောင်းကင်ဘုံခန္ဓာကိုယ် ပေါ်လာသည့်အခါ သူ၏ကိုယ်တွင်းရှိ ထူးဆန်းသောရှေ့ဖြစ်ဟောမန္တာန်မှာ ပေါက်ကွဲထွက်၏။ ဝမ်လင်း၏အင်မောတယ်ခန္ဓာကိုယ်သည် ပျက်စီးသွားလေသည်။
သို့ပေမည့် ထိုသို့ ပျက်စီးရုံရှိသေး ရွှေရောင်လင်းလက်ကာ ထိုခန္ဓာကိုယ်သည် ပြန်လည်ဖွဲ့စည်း၏။
နူးညံ့ဟန်ရှိသော အမျိုးသမီးသည် ပုံရိပ်ယောင်သွေးများကို ထွေးထုတ်ကာ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရ၏။ သူမ၏ ရှေ့ဖြစ်ဟောမန္တာန်သည် ဖျက်စီးခံလိုက်ရသည့်အတွက် သူမ၏စိတ်မှာ ဒဏ်ရာ ရသွားသည်။ သို့ပေမည့် ထိုအရာများမှာ သူမ ခံစားမိသော ကြောက်ရွှံ့မှုနှင့် မယုံကြည်နိုင်ဖြစ်မှုတို့ကို မယှဉ်သာပေ။
သူမသည် ဝမ်လင်း၏ပုံပန်းသွင်ပြင်ကို အစောကတည်းက သိနေသလိုလို ခံစားမိခဲ့ကာ ထင်မြင်ချက်သံသယများ ရှိခဲ့၏။ သို့ပေမည့် အခု သူ၏ခန္ဓာကိုယ် ပျက်စီးပြီး ရွှေရောင်အလင်းမှ ပြန်ဖွဲ့စည်းသည်ကို တွေ့မြင်ပြီးနောက် သူမ၏အမူအရာသည် လုံးဝ ပြောင်းလဲသွားတော့သည်။
“အင်မောတယ်ကောင်းကင်ဘုံခန္ဓာကိုယ်…” ထိုအမျိုးသမီးက မင်သက်သွားပြီး နောက်သို့ အလိုလို ဆုတ်မိ၏။ သူမ၏မျက်လုံးထဲတွင်လည်း ကြောက်လန့်မှုတို့ ကြီးစိုးကုန်သည်။
“နင်…နင့်မှာ တကယ်ပဲ အင်မောတယ်ကောင်းကင်ဘုံခန္ဓာကိုယ်ကို ပိုင်ဆိုင်တားတာပဲ။ ကောင်းကင်ဘုံသားတွေအားလုံး ပူဇော်သမှုပြုရတဲ့ အင်မောတယ်ကောင်းကင်ဘုံခန္ဓာကိုယ်။ နင်ဟာ ဒီနေရာက ဒေသခံကျင့်ကြံသူ မဟုတ်ဘူး။ နင်…နင် ဘယ်သူလဲ။ ကောင်းကင်အင်ပါယာနဲ့ရော နင် ဘာပတ်သတ်မှု ရှိလဲ…” ထိုအမျိုးသမီးသည် ဝမ်လင်း၏ခန္ဓာကိုယ်တွင်းရှိ ပြောင်းလဲမှုများကြောင့် လှုပ်ခါမိနေ၏။ သူမ၏စိတ်သည် မိုးကြိုးအစင်းပေါင်းများစွာ ပစ်ချခံရသည့်အလား တုန်ဟည်းနေလေ၏။
“ငါ မသတ်နိုင်…ငါ သူ့ကို မသတ်နိုင်ဘူး…” သူ၏ပြောင်းလဲမှုက သူမကို အလွန်အမင်း ကြောက်လန့်သွားစေ၏။ ထိုကြောက်ရွှံ့မှုသည် သူမ ကောင်းကင်ဘုံအုပ်စိုးသူနှင့် ရင်ဆိုင်ရချိန်ကထက် အဆများစွာ ပိုပေသည်။
သူမသာမက စောင်းတီးခတ်နေသော အမျိုးသမီးမှာလည်း တုန်ယင်ကာ သူမ၏စောင်းသံသည် ရပ်တန့်သွားသည်။ သူမသည် ရွှေရောင်အလင်း ဖုံးလွှမ်းနေသော ဝမ်လင်းကို ကြောင်ရီစွာ ကြည့်နေမိ၏။
ထိုရွှေရောင်အလင်းထဲတွင် ဝမ်လင်း၏ခန္ဓာကိုယ်ထဲ၌ မုန်တိုင်းတစ်ခု ဝေ့ခတ်နေ၏။ ထိုမုန်တိုင်းမှာ အပြည့်အဝပေါက်ကွဲထွက်လာသော တွန်းကန်အားပင်။ သူ၏ခန္ဓာကိုယ်သည် ကောင်းကင်ဘုံအင်ပါယာကိုယ်လုပ်တော်နှစ်ယောက်၏ အကြည့်များအောက်တွင်ပင် ရုတ်ချည်း ပျက်စီးသွားပြန်သည်။
၎င်းသည် ပျက်စီးပြီးနောက် ထပ်မံ ဖြစ်ပေါ်သည်။
ထိုသို့ အခါခါ ထပ်တလဲလဲ ဖြစ်ပြီးနောက် စောင်းတီးခတ်ခြင်းကို ရပ်တန့်လိုက်သော အမျိုးသမီးသည် အံတင်းတင်း ကြိတ်မိလိုက်၏။ သည်အခိုက်၌ လနက်သည် ပို၍ ပျံ့နှံ့လာသည်။ သူမကသာ ဝမ်လင်းကို မသတ်ပါက သည်လနက်က သူမ၏ကိုယ်စားခန္ဓာကိုယ်ကို သေစေရုံမည်သာမက သူမ၏မူလခန္ဓာကိုယ်ကိုပါ သက်ရောက်မှု ရှိပေလိမ့်မည်။
“ဒီအင်မောတယ်ခန္ဓာကိုယ်ဟာ ပြီးပြည့်စုံခြင်း မရှိဘူး။ သူ ခိုးထားတာ သိသာတယ်။ သူ့ကို သတ်…” ထိုအမျိုးသမီးက အံတင်းတင်းကြိတ်ကာ စောင်းကို ဖမ်းကိုင်လိုက်သည်။ သူမသည် စောင်းကြိုးများကို ဆွဲယူတီးခတ်ရာ လောကသည် တုန်ဟည်း၍ တုန်လှုပ်ဖွယ်စောင်းသံ ပဲ့တင်ထပ်သည်။
ထိုစောင်းသံ ထွက်ပေါ်လာသည့်အခါ ခပ်ဝါးဝါး ဓားများသည် ၎င်းအသံရှေ့တွင် ပေါ်လာ၏။ သူမသည် သွေးထွေးထုတ်လိုက်ရာ ထိုဓားများနှင့် ပေါင်းစပ်ကာ ဝမ်လင်းထံ တိုးဝင်လာတော့သည်။
ပျက်စီးလိုက်၊ဖွဲ့စည်းလိုက်ဖြစ်နေစဉ်အတွင်း ဝမ်လင်းသည် နာကျင်မှုကြောင့် မျက်လုံးများ နီရဲနေ၏။ သူသည် မာန်သွင်းကာ သူ့လက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်ပေါ်စေလိုက်သည်။ ဓားကိုးလက်က နီးကပ်လာစဉ် သူက လက်ဝေ့ယမ်းလိုက်သည်။
သူ၏ခန္ဓာကိုယ်မှာ ပျက်စီးသွားသော်လည်း မန္တာန်ကိုမူ အသုံးပြုနိုင်ဆဲပင်။ လောကသည် အမှောင်ထု လွှမ်းခြုံလာသည့်အလား နက်မှောင်လာ၏။ ထို့နောက် အဝေးတစ်နေရာတွင် နေတစ်စင်း စတင် ဖြစ်ပေါ်သည်။
နေသာသောည၊ ဝမ်လင်း၏ပထမဆုံး မူလမန္တာန်။
လောကသည် အမှောင်ထုအတွင်း၌ ဝေဝါးလေ၏။ သို့သော် ၎င်းမှာ ဝမ်လင်း၏ ပျက်စီးနေသော ခန္ဓာကိုယ်ပတ်လည်ရှိ ရွှေရောင်အလင်းကိုမူ မဖုံးကွယ်စေနိုင်ပေ။ ထိုရွှေရောင်အလင်းက မြင့်တက်လာသောနေမင်းနှင့် ပေါင်းစည်းသွားဟန်ရကာ အမှောင်ထုကို ဆုတ်ဖြဲသည့် စွမ်းအား ပေါက်ကွဲထွက်လာသည်။
နေသာသောည၏စွမ်းအားသည် ပေါက်ကွဲထွက်လာခဲ့ပြီ။
ထိုအခိုက်အတန့်တွင် ဝမ်လင်း၏ခန္ဓာကိုယ်က ထပ်မံ ဖြစ်ပေါ်၏။ သူက မာန်သွင်းလိုက်ရာ သူ၏မျက်နှာမှာ ရှုံ့တွသွား၏။ ပြင်းထန်သောနာကျင်မှုက သူ့ကို ရူးသွပ်စေလုနီးနီး။ သူသည် လက်ဝေ့ယမ်းလိုက်ရာ သူ့အောက်မှ ရေထုသည် တုန်ဟည်း၏။ ဧရာမကျောက်တံခါးတစ်ချပ် ပေါ်လာသည်။
ထိုကျောက်တံခါးပေါ်လာသည်နှင့် စီးဆင်းသောအချိန်၏ အော်ရာမှာ ဒီဧရိယာကို ခြုံလွှမ်းလာ၏။ ဝမ်လင်း၏ ဒုတိယမူလမန္တာန်၊ အချိန်စီးဆင်းခြင်း ပေါ်လာခဲ့လေပြီ။
နေသာသောညနှင့် အချိန်စီးဆင်းခြင်းမန္တာန်တို့မှာ အလွန်ထူးကဲသော မန္တာန်များ ဖြစ်၏။ ဝမ်လင်း၏ခန္ဓာကိုယ်သည် ပျက်စီးလိုက်၊ ပြန်ဖွဲ့စည်းလိုက် ဖြစ်ပေါ်နေရင်း ထိုမန္တာန်များ၌ သူ၏ကောင်းကင်ဘုံစွမ်းအင် ပါဝင်ကာ ပို၍ အစွမ်းထက်လာစေသည်။
လောကသည် တုန်ဟည်းကာ အမှောင်ထုသည် ရွှေရောင်အလင်း၏ ဆုတ်ဖြဲခြင်း ခံရ၏။ ဓားကိုးလက်တွင် လေးလက်မှာ နေသာသောည၏စွမ်းအားအောက်တွင် ပျက်စီးသွား၏။ ကျန်ဓားငါးလက်မှာ အချိန်စီးဆင်းခြင်းနှင့် ရင်ဆိုင်ရသည်။ အဆုံးသပ်၌ ဓားသုံးလက်သာ ဝမ်လင်း၏ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားကာ သူ၏ခန္ဓာကိုယ်နှင့်အတူ ပျက်စီးလေ၏။
နေသာသောညနှင့် အချိန်စီးဆင်းခြင်းတို့ ခြုံလွှမ်းလာစဉ် ကြိုတင်ခန့်မှန်းခြင်းများ ပြုလုပ်သော အမျိုးသမီးက အမြန်နောက်ဆုတ်၏။ သူမသည် တုန်လှုပ်ကြောက်ရွှံ့နေရာ သူမ၏တာအိုနှလုံးသားတွင် ပစ်ချက်တစ်ခု ပေါ်လာလေ၏။ ခုချိန်၌ သူမသည် ကောင်းကင်ဘုံမန္တာန်နှစ်ခု၏ ထိမှန်ခြင်း ခံထားရကာ သူမကို သွေးအန်၍ အမြန် နောက်ဆုတ်စေသည်။
သူမသည် ဆက်၍ တိုက်ခိုက်လိုစိတ် မရှိတော့ပေ။
သို့ရာတွင် ဝမ်လင်းက ထိုမန္တာန်များကို အသုံးပြုစဉ် သူ့ခန္ဓာကိုယ် ပျက်စီးလိုက် ပြန်ဖြစ်ပေါ်လိုက်ဖြစ်စဉ်တွင် ဝိုးတဝါးပုံရိပ်တစ်ခုမှာ သူ၏နောက်မှ လှမ်းလျှောက်ထွက်လာ၏။
ထိုပုံရိပ်ကို ယောက်ျားလား၊မိန်းမလား၊ လူငယ်လား၊ လူအိုလား မသိရနိုင်ပေ။ သူ၏ခန္ဓာကိုယ်မှာ ဝေဝါးသောမြူလွှာတစ်ခုဖြင့် ဖုံးလွှမ်းနေချေ၏။
“ဒီအဘိုးအိုဟာ ရှေးဟောင်းကြယ်အဖွဲ့အစည်းရဲ့ သခင်ငါးပါးထဲကတစ်ယောက် ဖြစ်တဲ့ ကောင်းကင်အရှင်လေဟာနယ်နတ်ဘုရားပဲ…” ကျက်သီးထစရာ အသံတစ်သံ ပဲ့တင်ထပ်လာရင်း သူက သူ့လက်ကို ပင့်မြှောက်၍ ဝမ်လင်း ဖွဲ့စည်းခါစတွင် နောက်ကျောသို့ ရိုက်ချလိုက်လေ၏။
ဝမ်လင်း၏ခန္ဓာကိုယ်မှာ အပြင်းအထန် တုန်ခါသွားပြီး သူသည် ရွှေရောင်သွေးများ အန်ထုတ်လိုက်ရကာ ဟင်္သာပြဒါးဂြိုဟ်ထိ လွင့်စင်၍ ဝင်ဆောင့်လေ၏။
ထိုဝေဝေဝါးဝါးပုံရိပ်က ပါးစပ်ဟကာ ဝမ်လင်းထွေးထုတ်လိုက်သော ရွှေရောင်သွေးကို ရှိုက်သွင်းလိုက်၏။ သူ၏မျက်လုံးထဲဝွင် လောဘနှင့် ပြည့်နှက်လာသည်။ သူက သူ၏ခန္ဓာကိုယ်ကို တိမ်မြူအဖြစ်သို့ ပြောင်းလဲစေလျက် ဝမ်လင်းနောက်သို့ လိုက်လေ၏။
“ကောင်းကင်ဘုံသွေးမျိုးဆက်၊ မင်းရဲ့ အဆင့်အတန်းက ဘာပဲဖြစ်နေဖြစ်နေ ဒီအဘိုးအိုက မင်းရဲ့ အင်မောတယ်ခန္ဓာကိုယ်ကို သိမ်းပိုက်ရလိမ့်မယ်…”
***