← Chapters

ပျံသန်းနေသော လိပ်ပြာ

Vol. 100 Ch. 1399

ပျံသန်းနေသော လိပ်ပြာ

Vol. 100 Ch. 1399

ရွှေတုန်းလျှိုသည် လိပ်ပြာအတွက် အချိန်ဆွဲပေးရန်၊ မန်ဟို လောကကို လွတ်ရာကျွတ်ရာသို့ အောင်မြင်စွာ ခေါ်သွားစေနိုင်ရန် ရန်သူများကို တားဖို့ ခန္ဓာဖောက်ခွဲခဲ့၏။ သူ၏ရွေးချယ်မှုများ၊ လုပ်ရပ်များနှင့်ပတ်သက်လျှင် မည်သူမှ မှန်သည်၊ မှားသည် မကဲ့ရဲ့နိုင်သလို၊ သူ၏မဟာအစီအစဉ်ကြီးက ကောင်းသည်၊ ဆိုးသည်ဟုလည်း မဝေဖန်နိုင်ပေ။

ရင်ထဲ၌ ကျန်ခဲ့သောအရာများဆို၍ ... တွေဝေရှုပ်ထွေးနေသော အတွေးများနှင့် ခံစားချက်များသာ ရှိသည်။

လူတိုင်း တိတ်ဆိတ်စွာ ရပ်နေကြစဉ် လိပ်ပြာကြီးသည် အာကာပြင်ကျယ်ထဲ၌ ပျံသန်းနေ၏။

မန်ဟိုမှာ လိုဏ်ခေါင်းထဲမှ ထွက်လာကတည်းက မေ့မျောနေဆဲဖြစ်သည်။ သူသည် လိပ်ပြာအတွင်း၌ တည်ရှိသော ကမ္ဘာထဲ ဝင်မရပေ။ အခြားသူများကို သူ့ကို အထဲခေါ်သွားဖို့ ကြိုးစားလျှင် လိပ်ပြာမှာ ပြိုကွဲတော့မည့်အလား တုန်ခါလာတတ်၏။ ထို့ကြောင့် သူ့အား လိပ်ပြာ၏ကိုယ်ပေါ်တွင်သာ ထား,ထားရလေသည်။

ပင်လယ်အိပ်မက်၊ ခိတိဂဗ္ဗနှင့် အခြားသူများက တာအိုစောင့်ရှောက်သူများအဖြစ် သူ့ပတ်ဝန်းကျင်တွင် ရှိကြသည်။ တာအိုဇနီးမောင်နှံ့နှစ်ယောက်လည်း သူ့ဘေး၌ ရှိနေသည်။ သူတို့ကား ဖန်ရှုံ့ဖုန်းနှင့် မန်လီမှတစ်ပါး အခြားမဟုတ်ပေ။

ဖန်ရှုံးဖုန်းနှင့် မန်လီမှာ ပုံရိပ်ယောင်နှင့် နည်းနည်းလေးမှ မတူပေ။ သူတို့သည် လူအစစ်များအလား အကောင်အထည်ရှိပြီး သူတို့သားလေးဟိုအာကို နူးညံ့ကြင်နာစွာ ကြည့်ရင်း ထိုင်နေကြ၏။ သူတို့မျက်လုံးထဲတွင် မန်ဟိုက အမြဲတမ်း သူတို့၏ကလေးပေါက်စလေးသာ ဖြစ်လိမ့်မည်။

“သားလေး အမေတို့ထွက်မသွားပါဘူး။ ထပြီး အမေတို့ကို ကြည့်ပါဦး”

“ဟိုအာ...”

မန်ဟို့အနားပတ်ဝန်းကျင်ရှိ အခြားသူများက သူ့မိဘနှစ်ပါးများကို လေးစားကြည်ညိုနေသောအမူအရာများဖြင့် ကြည့်နေကြသည်။ သူတို့ပေါ်လာခဲ့တုန်းက ပါရာဂွန်ပင်လယ်အိပ်မက်ပင် လက်နှစ်ဖက်ယှက်၍ သူတို့ကို လေးနက်စွာ အရိုအသေပေးခဲ့သည်။

လိပ်ပြာ၏ပိုင်ရှင်မှာ ဖန်မျိုးနွယ်စုဖြစ်ပြီး တောင်ပံတစ်ဖက်စီကို အသက်သွင်းပေးထားသော ဝိညာဉ်နှစ်ခုမှာ ဤဇနီးမောင်နှံဖြစ်ကြောင်း လူတိုင်း သိကြလေသည်။

သူတို့က မသေခဲ့ဘဲ ... ထာဝရဖြစ်တည်မည့် ဘဝအသစ်ဖြင့် ပြန်လည်မွေးဖွားလာခဲ့၏။

လိပ်ပြာကြီးကား တောင်ပံနှစ်ဖက်အား ခတ်လျက် အိုးမဲ့အိမ်မဲ့လူများကို အာကာပြင်ကျယ်ကြီးထဲ သယ်ဆောင်ပျံသန်းနေလေသည်။

သူတို့အနောက်တွင် အင်မော်တယ်နတ်ဘုရားကမ္ဘာက အမြန်ဆုံးလိုက်လာရင်း နီးသထက်နီးလာသည်။ အာကာပြင်ကျယ်ကြီး၏တစ်နေရာတွင် ဧရာမလိပ်ပြာကြီးများ ဆွဲလာနေသော မြေထုကြီးနောက်တစ်ခုရှိ၏။ ထိုမြေထုကြီးက ဦးတည်ရာပြောင်း၍ ‌မန်ဟိုတို့ရှိရာသို့ ရွေ့လျားလာနေလေပြီ။

**

မန်ဟို အိပ်မက်မက်နေသည်။

ထိုအိပ်မက်ထဲတွင် မိုးကြိုးလျှပ်စီးများ အဆုံးမရှိထစ်ချုန်းပစ်ချနေ၏။ အရာအားလုံးကို အစိတ်စိတ်အမြွှာမြွှာ ဖျက်စီးပစ်နေပုံရသော ငိုသံလိုလိုရယ်သံလိုလိုအသံကြီးအား သူ ကြားနေရသည်။ မိုးကြိုးလျှပ်စီးများ သူ့ပတ်ပတ်လည်တွင် ထစ်ချုန်းအော်ြမည်နေစဉ် သူ့ကိုယ်တစ်လျှောက် မြွေလိမ်မြွေကောက် ပြေးလွှားနေသော အနက်ရောင်သွေးကြောများအား မြင်ရနိုင်သည်။ ထို့အပြင် သင်္ကေတတစ်ခုကိုလည်း ထင်ရှားပြတ်သားစွာ မြင်ရနိုင်၏။

ချုပ်နှောင်မှော်အစွမ်းတစ်ခု

မိစ္ဆာချုပ်နှောင်သူအဖွဲ့၏ ချုပ်နှောင်မန္တန်တစ်ခု

မန်ဟိုသည် ဒုတိယမှ အဋ္ဌမမန္တန်အထိ တတ်မြောက်ထားပြီးသားဖြစ်၏။ ယခုတွင် သူ့ကို ရွှေတုန်းလျှို၏ ပထမမန္တန်မှ လာသော မိုးကြိုးက ဝန်းရံထားသည်။ ပထမမန္တန်သည် သူနှင့်တစ်သားတည်း ပေါင်းစည်း၍ သူ့အား ပထမမိစ္ဆာချုပ်နှောင်မန္တန် အစ-အဆုံးမန္တန်ကို ဉာဏ်အလင်းရနေစေသည်။

ရှင်ခြင်းနှင့် သေခြင်း၊ ကံ-ကံ၏အကျိုးသည် သက်ရှိသတ္တဝါအားလုံးကို သံသရာလည်စေ၏။ အရာရာတိုင်းတွင် အစတစ်ခုနှင့် အဆုံးတစ်ခု ရှိသည်။

ချုပ်နှောင်မန္တန်အပြင် မန်ဟိုမှာ ကျယ်ပြန့်သောပင်လယ်တစ်စင်းဖြင့်လည်း ဝန်းရံခံထားရသည်။ ထိုပင်လယ်က ကျင့်ကြံခြင်းအခြေခံတစ်ခုသဖွယ် ဖြစ်ပြီး သူ၏ကမ္ဘာထဲ၌ ဧရာမလှိုင်းလုံးများ ထကြွနေစေသည်။ ထိုလှိုင်းများကို သူ အမှန်တကယ် စုပ်ယူနိုင်၏။

သူ့ကျင့်ကြံခြင်းအခြေခံမှာ ဆက်တိုက်မြင့်တက်နေပြီး သူ့စိတ်မှာလည်း မိုးကောင်းကင်များကို ပြောင်းလဲ၍ ဖြစ်တည်မှုအားလုံးကို ခြယ်လှယ်နိုင်သော တာအိုမှော်အစွမ်းများဖြင့် တဝုန်းဝုန်းမြည်ဟည်းနေသည်.

ထိုကမ္ဘာထဲတွင် မိုးကြိုးများ ပျောက်ကွယ်မသွားခင် အချိန်မည်မျှကုန်ဆုံးသွားခဲ့လဲ ပြောရခက်သည်။ မိုးကြိုးများ ပျောက်ကွယ်သွားသောအခါ မန်ဟိုက မျက်လုံးပိတ်၍ ကျင့်ကြံခြင်းအခြေခံပင်လယ်၏အနက်ပိုင်းထဲ နစ်မြုပ်သွားစေလိုက်သည်။ ထိုရေနက်ပိုင်းထဲတွင် တောင်သေးလေးကိုးစင်းရှိပြိး ၎င်းတို့အကြား၌ ကျင့်ကြံခြင်းအခြေခံပင်လယ်နှင့် ပေါင်းမသွားဘဲ သီးသန့်တည်ရှိနေသော ပင်လယ်ရှစ်စင်း ရှိသည်။

မန်ဟိုက တောင်ကိုးလုံးနှင့်ပင်လယ်ရှစ်စင်း၏အလယ်တွင် မျက်လုံးများပိတ်လျက် တင်ပျဉ်ခွေထိုင်လိုက်သည်။ သူသည် ဉာဏ်အလင်းရှာနေပုံရ၏။ သူ့မျက်နှာက တစ်ခါတရံ မျက်မှောင်ကြုတ်လျက် ရုန်းကန်နေပုံပေါ်ပြီး တစ်ခါတရံ တွေဝေငေးကြောင်သွားတတ်သည်။ ရံဖန်ရံခါ ဝမ်းသာနေဟန်တူ၏။ ပြောင်းလဲမှုများ ဆက်တိုက်ဖြစ်ပွားနေစဉ် သူသည် ပင်လယ်အောက်ထဲ တစတစ နစ်မြုပ်နေလေသည်။

ပတ်ဝန်းကျင်ရှိ တောင်ကိုးလုံးနှင့်ပင်လယ်ရှစ်စင်းမှာ မန်ဟိုနှင့် လျှို့ဝှက်ဆန်းကြယ်စွာ ဆက်သွယ်ပုံရပြီး သူ၏နှလုံးခုန်သံအတိုင်းပင် လိုက်လံတုန်ခါနေသည်။

ရှုပ်ထွေးဆန်းပြားသော သင်္ကေတရှစ်ခုသည် သူ့နဖူးထက်တွင် ဖြည်းဖြည်းချင်း ပေါ်လာ၏။ ထိုသင်္ကေတများအနက် နောက်ဆုံးတစ်ခုမှာ တစ်ဝက်သာပြီးမြောက်သေးပြီး ဖြစ်မြောက်ဆဲခုလတ်တွင်သာ ရှိသေးသည်။ ဤသင်္ကေတများသည် မန်ဟို၏ချုပ်နှောင်မန္တန်များ ဖြစ်၏။ နောက်ဆုံးမန္တန်ပြီးမြောက်သွားလျှင် မန်ဟိုသည် မျိုးဆက်ရှစ်ဆက်မန္တန်အားလုံးကို ကိုင်စွဲနိုင်ပြီဟု ဆိုလိုလိမ့်မည်။

ကျန်သင်္ကေတအားလုံးမှာ အချိန်မရွေး အနှစ်သာရအရှိန်အဝါကို ဝုန်းဒိုင်းကြဲ ထုတ်ဖော်တော့မည့်အလား အနှစ်သာရအငွေ့အသက်ပမာဏအမျိုးမျိုးကို ထုတ်လွှတ်နေသည်။

မန်ဟို့ကို ဝန်းရံထားသော ဝိညာဉ်မီးအိမ် ၃၃ လုံးအနက် ၁၈ လုံးမှာ လောင်နေပြီး ၁၅ လုံးက ငြိမ်းနေလေသည်။ လောင်နေသော ဝိညာဉ်မီးအိမ် ၁၈ လုံးအနက် တစ်လုံးသည် ပဓာနမီးအိမ်ဖြစ်၏။ ၎င်းသာ ဖျက်စီးခံလိုက်ရလျှင် မန်ဟို သေရလိမ့်မည်။

ရုတ်တရက်ဆိုသလို ဝိညာဉ်မီးအိမ် ၁၈ လုံးအနက်မှ တစ်လုံး ဖျတ်ခနဲ ငြိမ်းသွားသည်။

အချိန်များကုန်ဆုံးနေသည်နှင့်အမျှ မီးအိမ်များစွာ ငြိမ်းနေသည်။ ထိုသို့ငြိမ်းသွားတိုင်း အနက်ရောင်အငွေ့များ လွင့်လူတက်လာပြီး မန်ဟို့ကိုယ်ထဲ ဝင်ရောက်လာတတ်၏။

သူ၏ကျင့်ကြံခြင်းအခြေခံ၊ သူ၏အရှိန်အဝါနှင့် သူ၏အပြင်အားကိုယ်တို့အားလုံး မယုံကြည်နိုင်ဖွယ်တိုးတက်မှုကို ကြုံတွေ့နေရလေသည်။

ရွှေတုန်းလျှိုထံမှ ကံကြမ္မာကောင်းသည် သူ ရည်ရွယ်ထားခဲ့သည့်အတိုင်း တသွေမတိမ်း လုပ်ဆောင်နေသည်။ ၎င်းက မန်ဟို့ကို အင်အားအကြီးဆုံးအထွတ်အထိပ်တန်ခိုးရှင်အဖြစ် ပြောင်းလဲ‌ပေးနေသည်။

ဖြစ်စဉ်မှာ အတော်လေးနှေးကွေးပြီး အချိန်များစွာကြာမြင့်ကောင်း ကြာမြင့်နိုင်သော်လည်း ရပ်တန့်မည်မဟုတ်ပေ။

တစ်ချိန်တည်းမှာပင် အင်မော်တယ်နတ်ဘုရားကမ္ဘာလည်း လိပ်ပြာနှင့် နီးကပ်လာနေချေပြီ။ ပါရာဂွန်ပင်လယ်အိပ်မက်က မန်ဟို့ကို အတန်ကြာကြည့်ပြီးနောက်ဆုံး ဆုံးဖြတ်ချလိုက်၏။

သူမက ထရပ်၍ ဝမ်းနည်းနေသောအမူအရာဖြင့် အာကာပြင်ကျယ်စကြဝဠာကို ကြည့်ပြီးနောက် တိုးညင်းစွာ ပြောသည်။ “အဲဒီမျိုးဆက်က လူတိုင်း ... ထွက်သွားကြပြီ။ အခု သူတို့အားလုံးထဲမှာ အသုံးမကျဆုံးဖြစ်တဲ့ ငါ့အလှည့်ပဲ

“နတ်ဆိုးလောကကို အရှေ့မှာ ငါ မြင်နေရတယ်။ အင်မော်တယ်နတ်ဘုရားလောကလည်း လိုက်မှီတော့မယ်

“ငါက ပါရာဂွန်အားလုံးထဲမှာ သုံးစားမရဆုံးတစ်ယောက်ပဲ။ ငါ့ကျင့်ကြံခြင်းအခြေခံက မလုံလောက်သလို၊ ငါ့မှာ ဗျူဟာခင်းနိုင်စွမ်းလည်း မရှိဘူး။ ငါလုပ်ခဲ့တာတွေကလည်း ဘာမှကိုမပြောပလောက်ဘူး...” သူမက တိတ်ဆိတ်စွာ ရပ်နေသည်။

“တောင်ပင်လယ်လောက ဖျက်စီးခံခဲ့ရတာကို ငါ ကြည့်ခဲ့ရတယ်။ သူမ,ထွက်လာတာကို ငါ ကြည့်ခဲ့ရတယ်။ လိပ်ပြာ ကြယ်တာရာကောင်းကင်ထဲ ပျံဝင်လာတာကိုလည်း ငါ ကြည့်ခဲ့တယ်။ အခု ရန်သူတွေ လိုက်လာနေတာကိုလည်း ငါကြည့်နေရတယ်။ ကြည့်နေတာအပြင် ငါ တတ်နိုင်တာဘာရှိလဲ...

“ငါဟာ ဒီဘဝမှာ အချိန်အကြာကြီး နေထိုင်ခဲ့တာတောင်မှ အသုံးမကျတုန်းပဲ။ လုပ်ခဲ့ဖူးတာဆိုလို့ အက်ရှလွန်အဖွဲ့နဲ့ပတ်သက်တဲ့ အစီအစဉ်ပဲ ရှိခဲ့တယ်။ အခုတော့ အဲဒီအစီအစဉ်ရဲ့ ရည်ရွယ်ချက်ကို အကောင်အထည်ဖော်ဖို့ အချိန်ကျလာခဲ့ပြီ

“တောင်ပင်လယ်လောကရဲ့ မျှော်လင့်ချက်က ငါမဟုတ်ဘူး သူပဲ” သူမသည် သတိလစ်နေသောမန်ဟို့ကို လှည့်ပြီးနောက် စိတ်ပိုင်းဖြတ်၍ ညာလက်ကို ဆန့်တန်းကာ လိပ်ပြာ၏တောင်ပံတစ်ဖက်ကို လက်ညှိုးထိုးလိုက်သည်။

ချက်ချင်းပင် လိပ်ပြာတောင်ပံ၏ကမ္ဘာအတွင်းထဲမှ လူနှစ်ယောက် ပျောက်ကွယ်သွားသည်။ သူတို့သည် မန်ဟိုမှလွဲ၍ အသက်ရှင်ကျန်ခဲ့သော အက်ရှလွန်ကျင့်ကြံသူနောက်ဆုံးနှစ်ယောက် ဖြစ်၏။ တခဏကြာသော် သူတို့က ပင်လယ်အိပ်မက်၏အရှေ့တွင် ပြန်ပေါ်လာသည်။

တစ်ယောက်က ပထမတောင်မှ အက်ရှလွန်ကျင့်ကြံသူ တာအိုကောင်းကင်။

နောက်တစ်ယောက်က သတ္တမတောင်၏ အက်ရှလွန်ကျင့်ကြံသူ ယွီဝမ်ကျန်း။

သူတို့နှစ်ယောက်လုံး စစ်ပွဲအတွင်း ရရှိခဲ့သော ဒဏ်ရာများမှ ပြန်မသက်သာသေးသော်လည်း ပြန်ပေါ်လာ၍ မည်သည့်နေရာရောက်နေမှန်း သဘောပေါက်လျှင်ချင်း မန်ဟို့ကို လှမ်းကြည့်ပြီးနောက် ပါရာဂွန်ပင်လယ်အိပ်မက်ကို လက်ယှက်အရိုအသေပေးသည်။

သူမက သူတို့ကို တိတ်ဆိတ်စွာ ကြည့်၍ နူးညံ့ကြင်နာစွာ မေး၏။ “အဆင်သင့်ဖြစ်ပြီလား”

တာအိုကောင်းကင်နှင့် ယွီဝမ်ကျန်း ခေါင်းညိတ်လိုက်စဉ် သူတို့မျက်နှာထက်တွင် မယိမ်းယိုင်သော ခိုင်မာပြတ်သားမှုတို့ ထင်ဟပ်နေသည်။ သူတို့နှစ်ယောက်လုံး အရာရာတိုင်းကို ဆုံးရှုံးခဲ့ပြီးလေပြီ။ သူတို့အိမ်၊ သူတို့မိသားစုလည်း မရှိတော့။ မိတ်ဆွေများလည်း လက်တစ်ဆုပ်သာ ရှိတော့သည်။

သူတို့နှလုံးသားထဲ၌ အမှန်တကယ် ကျန်ရစ်ခဲ့သည်မှာတော့ ပြင်းထန်စွာ လောင်မြိုက်နေသည့် အမုန်းမီးလျှံများပင် ဖြစ်၏။

“ကောင်းပြီ” ပင်လယ်အိပ်မက်က ဆက်ပြောသည်။ “ငါ တွေးနိုင်ခဲ့တဲ့ တစ်ခုတည်းသော ဗျူဟာ၊ နှစ်ပေါင်းများစွာ ငါ ပြင်ဆင်ခဲ့တဲ့ အစီအစဉ် .... အက်ရှလွန်တာဝန်ကို ဖော်ဆောင်ဖို့ အချိန်ကျပြီ။ ခဏနေရင် ငါ ထုတ်လွှတ်မယ့် ဘဝပြန်ဝင်စားမှော်အစွမ်းတစ်ခုကို မင်းတို့ရဲ့အသက်စွမ်းအားတွေနဲ့ အားဖြည့်ပေးရမယ်။ မင်းတို့ထဲက တစ်ယောက်က အင်မော်တယ်နတ်ဘုရားလောက၊ တစ်ယောက်ကတော့ နတ်ဆိုးလောကဆီပို့ခံရမယ်

“အဲဒီရောက်သွားရင် မင်းတို့က ရန်သူကို တွန်းလှန်ရမယ့် သူလျှိုတွေလိုပဲ။ မင်းတို့အတွက် အနာဂတ်မရှိဘူး။ သေရင်တောင် သေရလိမ့်မယ်။ ငါ့အစီအစဉ် လုံးဝမအောင်မြင်တော့ဘဲ မင်းတို့ အဲဒီအင်အားစုနှစ်စုကို မတွန်းလှန်နိုင်ခြေကတောင် ပိုများနေတယ်”

ပင်လယ်အိပ်မက်က မျက်လုံးများပိတ်၍ သူမကိုယ်သူမ ပြောသည်။ “ဒါပေမဲ့ .. ကြိုးစားကြည့်လို့ တန်ပါသေးတယ်” ထို့နောက် သူမ၏မျက်လုံးများ တောက်ပလာသည်။ သူမသည် ညာလက်ဖြင့် ယွီဝမ်ကျန်း၏နဖူးကို အသာအယာလှမ်းထိလိုက်၏။ သူ့ခန္ဓာကိုယ်မှာ တဆတ်ဆတ် တုန်ရီလာပြီးနောက် သူ့နဖူးပေါ်ရှိ အက်ရှလွန်အမှတ်မှ အရောင်အဝါများက သူ့ကို လွှမ်းခြုံသွားသည်။ ၎င်း သူ့တစ်ကိုယ်လုံးကို လွှမ်းခြုံသည့်အခါ ယွီဝမ်ကျန်းသည် ပြာကျသွား၏။

ထို့နောက် သူ ပျောက်ကွယ်သွားသည်။

သူ၏ဝိညာဉ်မျှင်မှာ ပါရာဂွန်ပင်လယ်အိပ်မက်၏ အသက်စွမ်းအားအနှစ်သာရမှတစ်ဆင့် အာကာပြင်ကျယ်ကြီးထဲ တွန်းပို့ခံလိုက်ရ၏။ ထိုနေရာတွင် ၎င်းသည် ... နတ်ဆိုးလောကထံ သွားဖို့လမ်း၊ ဘဝပြန်ဝင်စားနိုင်မယ့်လမ်းကို ရှာဖွေလိမ့်မည်။

“ငါ့မှတ်ဉာဏ်တွေကို မင်းရဲ့လမ်းပြ ဖြစ်စေလိုက်ပါ။ ငါ့အသက်စွမ်းအားကို မင်းရဲ့လမ်းကြောင်း ဖြစ်စေလိုက်ပါ။ ငါ့ကျင့်ကြံခြင်းအခြေခံစွမ်းအားကို ယူပြီး ဘဝပြန်ဝင်စားခြင်းသံသရာထဲ ဝင်ရောက်ပါ။ ပါရာဂွန်အင်မော်တယ်လောကစစ်ပွဲတုန်းက နတ်ဆိုးလောကမှာ အမှတ်အသားတစ်ခု ငါ ချန်ထားနိုင်ခဲ့တယ်... သွားလေလော့ အက်ရှလွန်ကျင့်ကြံသူ”

ယွီဝမ်ကျန်း၏ဝိညာဉ်သည် နတ်ဆိုးလောက၏ ဘဝပြန်ဝင်စားခြင်းသံသရာထဲ ဝင်ရောက်ဖို့ ထူးဆန်းသောလမ်းတစ်လမ်းအတိုင်း အာကာပြင်ကျယ်ကြီးထဲ တိုးဝင်ပျောက်ကွယ်သွား၏။ မည်သည့်မှော်အတတ်ကို သုံးခဲ့သည်လဲ မပြောတတ်ပေ။ သို့သ်ော ဤသည်မှာ ပါရာဂွန်ပင်လယ်အိပ်မက်၏ တစ်ခုတည်းသောအစီအစဉ် ဖြစ်သည်။ လေဟုန်ခွင်းလောက၏ အယောင်ဆောင်ပုန်ကန်မှုကပင် သူမအစီအစဉ်မဟုတ်ခဲ့ဘဲ ရွှေတုန်းလျှို၏အစီအစဉ် ဖြစ်ခဲ့၏။

တာအိုကောင်းကင်၏မျက်လုံးများ လင်းလက်သွားသည်။ ထို့နောက် သူက အသက်ပြင်းပြင်းရှူ၍ မျက်လုံးပိတ်လိုက်၏။

ထိုအခိုက်အတန့်မှာပင် သူ့နဖူးထက်ရှိ အက်ရှလွန်အမှတ်က ကွန့်မြူးတောက်ပလာပြီးနောက် သူကား လိပ်ပြာပေါ်မှ ပျောက်ကွယ်သွားတော့သည်။

ဤအရာများကို လုပ်ဆောင်ပြီးသည့်အခါ ပါရာဂွန်ပင်လယ်အိပ်မက်မှာ သွေးတစ်ပွက်အန်၍ အားယုတ်သွားပုံရသည်။ သူမသည် တောင်ပင်လယ်လောကစစ်ပွဲတုန်းက အသက်စွမ်းအားကို လောင်ကျွမ်းခဲ့ရပြီး ဤအစီအစဉ်ကိုလည်း အနှစ်သာရတချို့စတေးပြီးမှသာလျှင် အကောင်အထည်ဖော်နိုင်ခဲ့၏။ ယခုတော့ သူမမှာ အချိန်မရွေးငြိမ်းတော့မည့် မီးအိမ်တစ်လုံးနှင့် တူနေချေပြီ။

“ကဲ နောက်ဆုံးတော့ ငါ့အလှည့်ပေါ့” သူမက ပြုံးလျက် အင်္ကျီလက်စကို ခါ၍ ရှေ့တစ်လှမ်းလိုက်ရာ အာကာပြင်ကျယ်ထဲတွင် ပေါ်လာသည်။ ထို့နောက် သူမလက်နှစ်ဖက်လုံးကို ဘေးသို့ ဖြန့်ကားလိုက်၏။ သူမကိုယ်ထဲမှ ထစ်ချုန်းသံများ ပဲ့တင်ထပ်လာပြီး တစ်ချိန်တည်းမှာပင် မမြင်ရသောမီးလျှံက သူမကို မီးလောင်တိုက်သွင်းတော့သည်။

သူမ၏လှုပ်ရှားမှုများတွင် တွန့်ဆုတ်နေသောအရိပ်အယောင် မြူမှူန်လေးပင် မပါပေ။ သူမဝိညာဉ်ပြိုကွဲသွားသည့်အခါ ဘဝပြန်ဝင်စားသံသရာထဲ မဝင်ရောက်နိုင်တော့မှန်း သူမ သိသည်။ တာအိုအခြေ ပျက်စီးသွားမည်ကိုလည်း သူမ သိသည်။ သို့ထိတိုင် သူမသည် ရှိရှိသမျှအသက်စွမ်းအားအလုံးစုံကို လျင်မြန်စွာ လောင်ကျွမ်းပစ်နေ၏။

ထိုအခိုက်အတန့်တွင် သူမသည် ပြန်လည်ငယ်ရွယ်သွား၏။ အံ့မခန်းလိလိအငွေ့အသက်များက ဖျက်စီးခြင်းဝဲသဖွယ် သူမကို ဝန်းရံလျက် တလိပ်လိပ်ထနေသဖြင့် သူမခန္ဓာကိုယ်မှာ ပြင်းပြင်းထန်ထန် တုန်ရီနေလေသည်။

သူမသည် ခန္ဓာဖောက်ခွဲမည့်အစား သူမ၏နောက်ဆုံးလက်ကျန် ကျင့်ကြံခြင်းအခြေခံကို မီးလောင်တိုက်သွင်းလျက် အရပ်လေးမျက်နှာသို့ ဖြာထွက်သွားသော နတ်ဘုရားအာရုံစွမ်းအား ဖြစ်လာစေ၏။

နောင်လာနောက်သားများ ဘေးကင်းလုံခြုံစွာ နေထိုင်နိုင်မည့် အရပ်မျက်နှာကို ရှာ၍ ထိုအရပ်မျက်နှာသို့ တောင်ပင်လယ်လောကနှင့် လိပ်ပြာကြီးကို လွှတ်လိုက်ဖို့ သူမသည် အသေခံရင်း ရှာနေလေသည်။

သူမသည် အမြဲထာဝရ ပါရာဂွန်တစ်ဦးဖြစ်၏။

အစွမ်းထက်ဆုံးကျင့်ကြံခြင်းအခြေခံ မရှိကောင်းမရှိလိမ့်မည်၊ အားကိုးမရနိုင်အောင် အားကိုးမရနိုင်လိမ့်မည်။ သို့သော် သူမနှလုံးသားက တောင်ပင်လယ်လောကအတွက် ရှင်သန်နေကြောင်း မိုးနှင့်မြေသာမက နေနှင့်လပါ သက်သေတည်ပေးနိုင်၏။

ကျင့်ကြံခြင်းအခြေခံနှင့် အသက်ဓာတ်တို့ လောင်ကျွမ်းမှုမှ အားဖြည့်ပေးထားသော သူမ၏နတ်ဘုရားအာရုံသည် တဝုန်းဝုန်းမြည်လျက် ဖြာထွက်နေသည်။ ၎င်းက အာကာပြင်ကျယ်ကြီးတစ်လျှောက် ပျံ့နှံ့သွားပြီး တောင်ပင်လယ်လောကရှင်သန်နိုင်မည့် အခွင့်အရေးလေးအတွက် အသည်းအသန် ရှာဖွေနေသည်။

နီးသထက်နီးလာနေသော အင်မော်တယ်နတ်ဘုရားလောကနှင့် နတ်ဆိုးလောကကိုလည်း သူမ ခံစားလိုက်ရသည်။ သူမ၏နတ်ဘုရားအာရုံ မရပ်မနား ဖြာထွက်နေသည်နှင့်အမျှ သူမ၏ခန္ဓာကိုယ်သည် လျင်မြန်စွာ ခြောက်ကပ်လာနေ၏။ အဆုံးသတ်တွင် သူမမှာ ပြိုကွဲစပြုလာတော့သည်။ သူမခြေထောက်နှစ်ချောင်းလုံး အလင်းမှုန်များအဖြစ် ပြောင်းလဲသွားပြီးနောက် မှေးမှိန်စပြုလာသည်။

သို့ထိတိုင် သူမကား လက်မလျှော့သေး... တောင်ပင်လယ်လောကအတွက် မျှော်လင့်ချက်ကို ခေါင်းမာမာရှာဖွေနေ၏။

All Chapters