အာကာပြင်ကျယ်စကြဝဠာ၏ ကြယ်တာရာကောင်းကင်
Vol. 100 Ch. 1398
မန်ဟိုနှင့်အစွမ်းထက်ပညာရှင်များဖြင့် ခြံရံလျက် လိပ်ပြာကြီး ပျံသန်းနေစဉ် လိုဏ်ခေါင်းသည် တသိမ့်သိမ့်တုန်ခါနေ၏။ မရေမတွက်နိုင်သော ဝဲများ ပေါ်လာသည်။ ပေါက်ကွဲအားလှိုင်းတို့က စုဝေးလျက် လိပ်ပြာ၏အမြန်နှုန်းကို ကြောက်ခမန်းလိလိ မြှင့်တင်ပေးလိုက်သော်လည်း ... သူတို့ ပြန်လှည့်ကြည့်လိုက်သည့်အခါ ....တောင်ကြီးသဖွယ် လိုဏ်ခေါင်း၏အပြင်၌ ရပ်နေသော ရွှေတုန်းလျှိုကို မြင်ရသေး၏။
မန်ဟို ရွှေတုန်းလျှိုကို ကြည့်နေစဉ် သူ၏အနီရောင်သူငယ်အိမ်များတွင် ရှုပ်ထွေးသောခံစားချက်များ ပြည့်နှက်နေသည်။
ရွှေတုန်းလျှိုသည် ရုတ်တရက် အရွယ်အစားကြီးမားလာပြီး မအိုတော့ဘဲ အသန်စွမ်းဆုံးအသက်အပိုင်းအခြားသို့ ရောက်ရှိသွား၏။
သူ၏လက်နှစ်ဖက်က မုဒြာလက်ကွက်များဖော်ကာ သူ့ပတ်ပတ်လည်တွင် ကြောက်ခမန်းလိလိအရှိန်အဝါတစ်ခု ထကြွလာစေသည်။ အနှစ်သာရ ၉ ခုကျင့်ကြံခြင်းအခြေခံစွမ်းအားက သူ့ကိုယ်ထဲတွင် အုံကြွသောင်းကျန်း၍ တောက်ပကွန့်မြူးသောအရောင်အဝါကို ဖြန့်ကျက်လိုက်သည်။
သို့သော် သူ့မှာ အမှန်တကယ် လှုပ်ရှားနိုင်ပုံမရပေ။ သူ၏ကျင့်ကြံခြင်းအခြေခံက တဟုန်ထိုးမြင့်တက်နေသော်လည်း သူ လုပ်နိုင်သမျှမှာ ... လိုဏ်ခေါင်း၏အပေါက်ဝကို ပိတ်ဖို့ သူ့ကိုယ်သူအသုံးပြု၍ ရပ်နေရုံသာ ဖြစ်သည်။ အပေါက်ထဲဝင်ချင်လျှင် ... ရန်သူတို့သည် သူ့ကို အရင်ဆုံး သတ်ရလိမ့်မည်။
ခန္ဓာကိုယ်အရွယ်အစားကြီးမားလာပြီး ကျင့်ကြံခြင်းအခြေခံအဆင့် မြင့်တက်လာသည့်အခိုက်အတန့်မှာပဲ ... လျှို့ဝှက်ဆန်းကြယ်သောနည်းလမ်းတစ်ခုဖြင့် သူသည် မန်ဟို့ကိုယ်ထဲရှိ တောင်ပင်လယ်လောကမျိုးစေ့နှင့် ဆက်သွယ်မှုတစ်ခု ဖန်တီးလိုက်၏။
၎င်းက တာအိုတစ်ခုအား ပေးပို့လိုက်သလိုမျိုး၊ စိတ်ကို လွှဲပြောင်းပေးလိုက်သလိုမျိုးဖြစ်ရာ .. မန်ဟို့အား တုန်ရီလာစေပြီး သူ့စိတ်ကိုလည်း တဝုန်းဝုန်း မြည်လာစေသည်။ ကောင်းကင်ဘုံတာအို၏ အတိုင်းမဲ့သောအသိအမြင်၊ ကျင့်ကြံခြင်းအခြေခံများနှင့်ပတ်သက်၍ တစ်ဖက်ကမ်းခတ်နှံ့စပ်မှုအပြင် မှော်သိုင်းကွက်များနှင့် စပ်လျဉ်း၍ နက်ရှိုင်းသော နားလည်မှုတို့အားလုံးမှာ ... ရွှေတုန်းလျှိုဆီမှ မန်ဟို့ထံ လွှဲပြောင်းပေးပို့ခံနေရသည်။
ဤရွေ့ဤမျှသာဆိုလျှင် ရေးကြီးခွင်ကျယ်မဟုတ်သော်လည်း အဆုံးမဲ့ကျင့်ကြံခြင်းအခြေခံစွမ်းအားနှင့် အသက်စွမ်းအားအနှစ်သာရအားလုံးသည် မန်ဟို့ကိုယ်ထဲ စီးဆင်းဝင်ရောက်နေ၏။ သူ့ကိုယ်အတွင်း၌ အလွန့်အလွန်ကြီးမားသော ပြောင်းလဲမှုများ ဖြစ်ပွားနေသဖြင့် သူ့မှာ တဆတ်ဆတ်တုန်ရီနေလျက် ဟိန်းဟောက်လိုက်ရ၏။
လိုဏ်ခေါင်းအပြင်တွင် အင်မော်တယ်နတ်ဘုရားကမ္ဘာသားများက မချင့်မရဲအော်ဟစ်နေကြလေသည်။
“အဲ့ဒါ အင်မော်တယ်တာအိုလွှဲပြောင်းမှုပဲ”
“သူက တခြားတစ်ယောက် အဆင့်တက်နိုင်အောင် ကူညီပေးဖို့ သူ့ကိုယ်သူ မျိုးစေ့တစ်စေ့အဖြစ် အသုံးချရင်း အသေခံနေတာ...”
“အဲဒီမှော်အတတ်က ပါရာဂွန်အင်မော်တယ်လောကက ကျန်ခဲ့တဲ့အတတ်တစ်ခုပဲ။ ဒါပေမဲ့ မူရင်းက လုံးဝရက်စက်ယုတ်မာတယ်။ အဆင့်တက်ဖို့ အခြားလူတစ်ယောက်ကို စားပစ်ရတာမျိုး။ ဒါပေမဲ့ ... ဒီလူက အဲဒီမှော်အတတ်ကို ပြောင်းပြန်သုံးနေတာပါလား”
စကားသံများ၏အလယ်တွင် အနှစ်သာရ ၉ ခုအမျိုးသမီးပါရာဂွန်မှာ တခဏမျက်မှောင်ကြုတ်သွားပြီးနောက် အေးစက်စက်နှာမှုတ်ရင်း ရှေ့တစ်လှမ်းတက်သည်။ မျက်ခုံးဖြူအဘိုးအိုလည်း သက်ပြင်းချ၍ ရှေ့ဆက်လျှောက်လာသည်။ ကျန်အနှစ်သာရ ၈ ခုပါရာဂွန်များလည်း ချဉ်းကပ်လာကြ၏။
သူတို့အားလုံး ရွှေတုန်းလျှိုကို အမဲဖြတ်တော့မည့်အလား ချဉ်းကပ်သွားကြသဖြင့် ထစ်ချုန်းသံများ ကြားရရန် သိပ်မကြာလိုက်ပေ။ ရွှေတုန်းလျှိုသည် တဟားဟား ရယ်လိုက်ပြီး အင်မော်တယ်နတ်ဘုရားကမ္ဘာမှ ကျင့်ကြံသူများကို ကြည့်နေစဉ် သူ၏မျက်လုံးများက လင်းလက်တောက်ပလာ၏။
“ငါတို့က တောင်ပင်လယ်ကျင့်ကြံသူတွေ... တောင်ပင်လယ်တွေအတွက် ရှင်မယ်၊ တောင်ပင်လယ်တွေအတွက် သေမယ်” သူ့လက်နှစ်ဖက်က မုဒြာလက်ကွက်တစ်ကွက်ဖော်၍ နတ်ဘုရားစွမ်းရည်တစ်ခုအား ဆင့်ခေါ်သည်။ သူသည် သူ့တစ်ကိုယ်လုံးကို မီးလောင်တိုက်သွင်း၍ သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားကို ထုတ်လွှတ်လိုက်၏။ ထိုစွမ်းအားက တစ်စိတ်တစ်ပိုင်းက ရန်သူများကို ခုခံလိုက်ပြီး ကျန်တစ်စိတ်တစ်ပိုင်းက မန်ဟို့ဆီ ရောက်သွားသည်။
ရွှေတုန်းလျှိုမှာ ဒဏ်ရာပေါင်းမရေမတွက်နိုင်အောင် ရသွားသဖြင့် သွေးအန်လိုက်ရသည်။ သို့သော် သူက နည်းနည်းလေးပင် နောက်တွန့်မသွား။ လိုဏ်ခေါင်း၏အပြင်တွင် ရယ်မြဲရယ်လျက် ရပ်နေသည်။
“ငါက ကိုးတံဆိပ်မဟုတ်ပေမယ့် ငါ့ကိုယ်ထဲမှာ ကိုးတံဆိပ်ရဲ့ ခန္ဓာမဲ့ဝိညာဉ်မျှင်တစ်မျှင် ရှိတယ်.. သူကပဲ ငါ့ခန္ဓာကိုယ်နဲ့ ပြန်ဝင်စားလာတာလား ၊ ငါကပဲ သူ့ကို အသုံးချပြီး လောကထဲ ပြန်ရောက်လာတာလား မပြောတတ်ဘူး...ငါ ဘယ်သူလဲဆိုတာ နှစ်သန်းပေါင်းမရေမတွက်နိုင်အောင် စဉ်းစားခဲ့ပေမယ့် အဖြေကို ငါတစ်လျှောက်လုံး သိထားခဲ့ပြီးသားပဲ။ ငါက ...အစတုန်းက သောကဝိညာဉ်သေတစ်ကောင်ဖြစ်ခဲ့တယ်။ ဒါပေမဲ့ အဲဒါလည်း အရေးမကြီးပါဘူး အကုန်အတူတူပဲမဟုတ်လား ....
“ငါဟာ ကြွေလွင့်သွားတဲ့ နတ်ဘုရားတစ်ပါးရဲ့ ကိုယ်ပွားကို ပြန်ခေါ်ပြီး အဲဒီရန်သူကို တောင်ပင်လယ်လောကထဲမှ နေခွင့်ပြုခဲ့တယ်။ စီရင်သူအရှင်နဲ့လည်း တာအိုအကြောင်း ဆွေးနွေးပြီး သက်ရှိသတ္တဝါအားလုံးရဲ့ကောင်းကင်ဘုံအကြောင်း မေးမြန်းခဲ့တယ်
“ငါ တတ်နိုင်သမျှ အကုန်လုပ်ပေးခဲ့ပါတယ်... တချို့ကတော့ ငါ့ကို မုန်းလိမ့်မယ်၊ တချို့ကတော့ ရှုံ့ချကြလိမ့်မယ်။ ဒါပေမဲ့ တောင်ပင်လယ်လောကနဲ့ပတ်သက်လာရင် ငါ နောင်တတစ်စက်မှ မရဘူး။ ငါဟာ တောင်ပင်လယ်လောကအတွက် ရှင်သန်ခဲ့သလို၊ အခုလည်း အဲဒီအတွက်ပဲ သေမယ်။ ငါ့ဆန္ဒပြည့်ဝသွားပြီ ငါ နောင်တလုံးဝမရဘူး
“ငါတို့က တောင်ပင်လယ်ကျင့်ကြံသူတွေ၊ တောင်ပင်လယ်တွေအတွက် ရှင်မယ်၊ တောင်ပင်လယ်တွေအတွက် သေမယ်” ရွှေတုန်းလျှို တဟားဟားရယ်နေစဉ် သူ၏မျက်ဝန်းများ၌ ရူးမိုက်သောအရိပ်အယောင်သည် ပထမဆုံးအကြိမ် ပေါ်လာ၏။ ရန်သူများ၏သတ်ဖြတ်ခြင်းမခံရခင်မှာပင် သူသည် ကျန်တောင်ပင်လယ်ကျင့်ကြံသူများ ရွေးချယ်ခဲ့သည့်အတိုင်း ရွေးချယ်လိုက်၏။
ခန္ဓာဖောက်ခွဲခြင်း
ခန္ဓာဖောက်ခွဲမှသာ လိုက်လာနေသောလူများကို ဒဏ်ရာရစေနိုင်မည်။
ခန္ဓာဖောက်ခွဲမှသာ သူ၏အမွေကို မန်ဟို့ထံ မြန်မြန်ဆန်ဆန် ရောက်ရှိစေလိမ့်မည်။
ရွှေတုန်းလျှိုကား ခန္ဓာဖောက်ခွဲနေလေပြီ။
ထိုသို့ဖြစ်ပျက်သည်နှင့်တစ်ပြိုင်နက် လိုဏ်ခေါင်းထဲရှိ ဝဲများသည် ပို၍လျင်မြန်စွာ လည်လာပြီး လိပ်ပြာကြီး၏အမြန်နှုန်းကို မြှင့်တင်ပေးလိုက်၏။ ၎င်းအတွက် ဝေးဝေးရောက်သွားရန် တဒင်္ဂသာ ကြာလိုက်သည်။ ထိုအခိုက်အတန့်မှာပဲ မန်ဟို့စိတ်ထဲတွင် မိုးထစ်ချုန်းသံများ ပြည့်နှက်သွားသည်။ မရေမတွက်နိုင်သောတာအိုများက သူ့အတွေးများကို စိုးမိုး၍ သူ၏အသိအမြင်အား ကျယ်ပြန့်လာစေသဖြင့် သူ့မှာ သိသိသာသာ တုန်ရီနေတော့သည်။
သွေးများ သူ့ပါးစပ်မှပန်းထွက်သွားပြီး နောက်ဆုံးတော့ သူ့မှာ မျက်လုံးများဝေဝါးကာ သတိလစ်သွားတော့သည်။ ပါရာဂွန်ပင်လယ်အိပ်မက်က သူ့ကို ကပျာကယာ လှမ်းပွေ့လိုက်၏။ ထို့နောက် သူမနှင့် လိပ်ပြာပေါ်က လူတိုင်းသည် လိုဏ်ခေါင်း၏ထွက်ပေါက်နား၌ မျက်စိကျိန်းမတတ် တောက်ပနေသောအလင်းရောင်များကို ရှုပ်ထွေးနေသောခံစားချက်များဖြင့် လှမ်းကြည့်လိုက်ကြသည်။
ထိုနေရာမှ ပေါက်ကွဲသံကြီး ထွက်လာရန် သိပ်မကြာလိုက်ပေ။ တခဏကြာသော် အင်မော်တယ်နတ်ဘုရားကျင့်ကြံသူများစွာ ဝင်ရောက်လာကြသည်။ တစ်ချိန်တည်းမှာပင် သူတို့၏မြေထုကြီးလည်း လိုဏ်ခေါင်းထဲ ဝင်လာ၏။ လိုဏ်ခေါင်းမှာ ကွဲကြေစပြုလာတော့သည်။
ထိုအခိုက်အတန့်မှာပဲ လိပ်ပြာမှာ လိုဏ်ခေါင်းအဆုံး၏ အပြင်သို့ ဆွဲငင်ခံလိုက်ရ၏။
အချိန်သည် မည်မျှကြာခဲ့ပြီလဲ မပြောနိုင်တော့သည့်တိုင်အောင် နှေးကွေးသွားသယောင်ပင်။ ပုံမှန်အတိုင်းပြန်ဖြစ်သွားသောအခါ သူတို့သည် ယခုလေးတင် ပေါ်လာခဲ့သော ဝဲတစ်ဝဲမှ ထွက်လျက် အာကာပြင်ကျယ်စကြဝဠာ၏ ကြယ်တာရာကောင်းကင်ထဲ ဝင်ရောက်သွားကြလေပြီ။
တောင်ပင်လယ်ကျင့်ကြံသူများ လှမ်းကြည့်လိုက်သောအခါ အဆုံးမရှိသော ကြယ်တာရာကောင်းကင်ကြီးတစ်ခုကို မြင်လိုက်ရ၏။ ဤနေရာတွင် နက္ခတ်တာရာများ၊ ဂြိုဟ်များမရှိပေ။ အလိပ်လိပ်ထနေသော မြူများသာ အထပ်ထပ်တည်ရှိနေသည်။
သူတို့အားလုံး နောက်လှည့်ကြည့်လိုက်လျှင်တော့ ... ဝါးဝါးတားတားဝဲတစ်ဝဲကို မြင်ရနိုင်သည်။ ထိုဝဲ၏အတွင်းကို ကြည့်ပါက မရေမတွက်နိုင်သောအလင်းစက်များကို မြင်ရလိမ့်မည်။ ထိုအလင်းစက်များကြား၌ တောင်ပင်လယ်လောက တည်ရှိခဲ့ဖူးလေသည်။
ဤသည်မှာ ဤကျင့်ကြံသူအများစုအတွက် အပြင်လောကကြီးကို ပထမဆုံးမြင်ဖူးခြင်းဖြစ်ရာ ... အတော်လေး စိမ်းနေ၏။
မန်ဟိုမှာ မေ့မျောနေဆဲဖြစ်သော်လည်း သူ့ကိုယ်ထဲတွင် ကြောက်မက်ဖွယ်စွမ်းအားတစ်ရပ်က တဝုန်းဝုန်းထစ်ချုန်းလည်ပတ်လျက် အစပျိုးလာနေပုံရသည်။
လိပ်ပြာသည် အာကာပြင်ကျယ်စကြဝဠာထဲ လျင်မြန်စွာ ပျံသန်းသွား၏။ သို့သော် ၎င်းထွက်လာခဲ့သောနေရာမှ ထစ်ချုန်းသံများ ပဲ့တင်ထပ်လာရန် သိပ်မကြာလိုက်ပေ။ ဧရာမမြေထုကြီးတစ်ခု ထွက်လာနေသဖြင့် ဝဲမှာ ပို၍ကျယ်လာပြီးနောက် ပေါက်ကွဲသွားတော့သည်။
တောင်ပင်လယ်လောက၏ နေရာဟောင်းနှင့် ဆက်နေသော ထိုဝဲကား ... ထာဝရပျောက်ကွယ်သွားလေပြီ။
ယခုလေးတင် ထွက်လာခဲ့သည့်မြေထုမှာတော့ ... ဒေါသငွေ့များနှင့် အသတ်အဖြတ်အငွေ့များကို အရပ်လေးမျက်နှာသို့ ချက်ချင်း ဖြန့်ကျက်လိုက်သော အင်မော်တယ်နတ်ဘုရားကမ္ဘာမှတစ်ပါး အခြားမဟုတ်ပေ။
“အာကာပြင်ကျယ်စကြဝဠာရဲ့ အဆုံးမဲ့ကြယ်တာရာကောင်းကင်။ သူတို့တွေ လွတ်မှာမဟုတ်ဘူး”
“အင်မော်တယ်နတ်ဘုရားကမ္ဘာ တစ်ယောက်ယောက်ကို လိုက်ဖမ်းရင် လွတ်ရိုးထုံးစံမရှိဘူး”
တခဏကြာသော် သူတို့သည် မန်ဟိုတို့ထွက်သွားသည့် အရပ်မျက်နှာကို ဆုံးဖြတ်၍ လိုက်သွားကြ၏။
အင်မော်တယ်နတ်ဘုရားကမ္ဘာ လိုက်သွားသည့်အချိန်မှာတင် အာကာပြင်စကြဝဠာထဲ၌ အဖော်မဲ့သင်္ဘောတစ်စင်း ပေါ်လာသည်။ သင်္ဘောဦးတွင် ထိုင်နေသော အဘိုးအိုတစ်ဦးက မျက်လုံးဖွင့်၍ အဝေးကို လှမ်းကြည့်လိုက်သည်။
အချိန်အနည်းငယ်ကြာသော် သူက ခေါင်းခါ၍ သက်ပြင်းချလိုက်သည်။
“အမှန်တရားကိုသာ သူတို့ သိခဲ့ရင် ဒီလိုလုပ်ပါဦးမလား” သူက တိုးညင်းစွာ ရေရွတ်လိုက်သည်။ သူတစ်ယောက်တည်းသာ ... သူ ပြောသည့် ‘သူတို့’ ကို သိလိမ့်မည်။
သင်္ဘောသည် တစတစ မှေးမှိန်လာ၏။ အဘိုးအိုက သူ၏အဆုံးမရှိခဲ့သောခရီးစဉ်အတိုင်း ဆက်သွားလေသည်။ ကြည့်ရသရွေ့ တောင်ပင်လယ်လောကတွင် ခဏရပ်နားခဲ့မှုမှာ တစ်သက်တာခရီးစဉ်၏ စက္ကန့်ပိုင်းလေးမျှသာ ဖြစ်ခဲ့သယောင်ပင်။ ယခုတွင် သူကား အဝေးတစ်နေရာသို့ ဆက်လက်ထွက်ခွာသွားတော့သည်။
“ငါတို့ ဘယ်တော့မှ ထပ်မတွေ့လောက်တော့ဘူးထင်ပါရဲ့။ ဒါပေမဲ့ အဲဒီမိစ္ဆာက ... တော်တော်လေး စိတ်ဝင်စားစရာကောင်းတယ်” သူက သက်ပြင်းချလိုက်ပြီး သူ့မျက်ဝန်းများသည် အတွေးများဖြင့် တောက်ပနေ၏။
သင်္ဘောပျောက်ကွယ်သွားသည့်အချိန်မှာပင် ပိန်ချုံးချုံးကျင့်ကြံသူတစ်ဦး နောက်တစ်နေရာမှ ပေါ်လာသည်။ သူ့ဘေးတွင် ဧရာမခြင်ကြီးတစ်ကောင် ပျံဝဲနေ၏။ နှစ်ယောက်လုံး အဝေးကို လှမ်းကြည့်နေသည်။
ကျင့်ကြံသူမှာ စုတ်တီးစုတ်ပဲ့ဖြစ်နေသော်လည်း လောလောဆယ်တွင် မျက်မှောင်ကြုတ်လျက် တွေဝေတွန့်ဆုတ်နေ၏။
“ဒီစစ်ပွဲက တကယ်ဖြစ်ဖို့ လိုလို့လား။ အရူးတွေ ... အကုန်လုံး အရူးတွေ.... အင်မော်တယ်ပေါ်ထွက်မလာအောင်အတွက်၊ သူ့ကို မိစ္ဆာဖြစ်စေဖို့အတွက်လေးနဲ့ ဒီလိုလုပ်ကြတယ်တဲ့လား...” ဝမ်မုသာ ဤနေရာတွင် ရှိလျှင် စုတ်တီးစုတ်ပဲ့ပိန်ချုံးချုံး အဘိုးအိုကို ချက်ချင်း မှတ်မိလိမ့်မည်။ ထိုအဘိုးအိုက ဝမ်မျိုးနွယ်စု၏ ဝါးတောအုပ်ထဲတွင် သူ့ကို ကျင့်စဉ်များ သင်ကြားပေးခဲ့သော သူ့ဆရာမှတစ်ပါး အခြားမဟုတ်ပေ။
တအောင့်ကြာသော် ပိန်ချုံးချုံးကျင့်ကြံသူက သက်ပြင်းချသည်။
“ဟိုခွေးသူတောင်းစားကတော့ ဘယ်နေရာကိုမှန်းမသိ ထွက်သွားတာက ကြာလှပြီ။ ဒါပေမဲ့ အရင်ကလိုဖြစ်ရပ်တွေ ပြန်ဖြစ်နေပြီ ဟူး.... ထားတော့၊ ငါ ဝင်မပါတာဘဲ ကောင်းပါတယ်” ပိန်ချုံးချုံးကျင့်ကြံသူသည် ခေါင်းခါပြီးနောက် အဝေးသို့ ထွက်သွားသည်။ သူ့အမြင်အရ အင်မော်တယ်နတ်ဘုရားကမ္ဘာ လုပ်နေသောအရာမှာ အတန်ငယ်လွန်သည့်အပြင် ရက်ပင် ရက်စက်၏။ သို့သော် အဆုံးသတ်တွင် ... သူတို့ကို မှားသည်ဟုလည်း မဆိုနိုင်ပေ။
သတ်ဖြတ်သူပင် အဝေးသို့လှမ်းကြည့်ရင်း ပေါ်လာသည်။ လက်ရှိဖြစ်ပျက်နေသောအရာက အဓိပ္ပါယ်မရှိကြောင်း သူပင် ခံစားရပုံပေါ်၏။
ဤအခိုက်အတန့်တွင် ... လက်ရှိအဖြစ်အပျက်များကြောင့် မည်သည့်လေမုန်တိုင်းကြီး တိုက်ခတ်လာမည်လဲ ... ဘယ်သူမှမမြင်နိုင်သေးပေ။
အတုမရှိအင်မော်တယ်က မိစ္ဆာဖြစ်လာခဲ့ပြီး ထိုအတုမရှိမိစ္ဆာသည် .... အာကာပြင်ကျယ်စကြဝဠာတစ်ခုလုံးကို ပြောင်းလဲပစ်နိုင်၏။
နောက်ဆုံးစစ်ပွဲ၌ ဖြစ်ပွားခဲ့သောအဖြစ်အပျက်အားလုံးက တောင်ပင်လယ်လောကသားကျင့်ကြံသူများ၏ ရင်ထဲတွင် ရွှေတုန်းလျှိုနှင့်ပတ်သက်၍ ရှုပ်ထွေးသောခံစားချက်များ ဖြစ်ပေါ်လာစေသည်။
ရွှေတုန်းလျှိုက တောင်ပင်လယ်လောကကို မျှော်လင့်ချက်ပေးခဲ့၏။ သူတို့ ခိုကိုးရာမဲ့လျက် စိတ်ပျက်လက်မှိုင်ကျနေသည့်အချိန်တွင် ရှင်သန်လွတ်မြောက်နိုင်မည့် အခွင့်အရေးသေးသေးလေးကို ပေးခဲ့သည်။ ထိုအခွင့်အရေးလေးသည် တစတစ ကြီးမားလာခဲ့ပြီး နောက်ဆုံးတွင်တော့ .... သူတို့အားလုံး လွတ်မြောက်လာခဲ့၏။
လိပ်ပြာကြီးအနေဖြင့် ပျက်စီးကောင်းပျက်စီးနိုင်သေးသော်လည်း အမှန်မှာ ... ဝဲထဲမှ ထွက်၍ အာကာပြင်ကျယ်စကြဝဠာသို့ ဝင်ရောက်လာခဲ့သည့်အခိုက်အတန့်ကတည်းက တောင်ပင်လယ်လောကမှာ မုချပျက်သုဉ်းရမည့်ကပ်ဘေးမှ လွတ်မြောက်လာခဲ့လေပြီ။
ဤအခိုက်အတန့်တွင် တောင်ပင်လယ်လောက၏ကံတရားကို ပဲ့ကိုင်ထားသည်မှာ တောင်ပင်လယ်လောကပင် ဖြစ်၏။
ချုပ်နှောင်မှုများ၊ စည်းများ မရှိ။ ကောင်းကင်ဘုံ ၃၃ ဘုံလည်းမရှိ၊ တောက်ဖန်လည်း မရှိ၊ ကမ္ဘာစည်းလည်း မရှိချေ။ သူတို့ကို အပေါ်မှ ဖိနှိပ်ထားသည့် အင်အားစုနှစ်စုလည်း မရှိတော့။
တောင်ပင်လယ်လောကသားများ လွတ်လပ်မှုစစ်စစ်ကို ရရှိသွားပြီဟုပင် ပြောနိုင်သည်။ ပါရာဂွန်အင်မော်တယ်လောက ပျက်သုဉ်းပြီးနောက် နှစ်ပေါင်းသန်းချီ ကြာခဲ့ပြီး ထိုအတောအတွင်း သူတို့မှာ ... တစ်ကြိမ်တစ်ခါလေးမှ မလွတ်လပ်ခဲ့ကြပေ။
ယခုတွင် နောက်မှလိုက်ဖမ်းခံရသေးသော်လည်း တောင်ပင်လယ်လောကသားကျင့်ကြံသူများမှာ ... လွတ်လပ်သွားပြီဖြစ်သည်။
သို့သော် ထိုလွတ်လပ်မှုအတွက် ပေးခဲ့ရသော တန်ဖိုးမှာ တိုင်းတာ၍ပင်မရပေ။ အသက်ရှင်ကျန်ခဲ့သူကျင့်ကြံသူများမှာ ရွှေတုန်းလျှိုရယူပေးခဲ့သည့် မဖြစ်နိုင်ပုံပေါ်ခဲ့သော အခွင့်အရေးကို ပြန်တွေးကြည့်သောအခါ ရွှေတုန်းလျှိုကို မုန်းလည်းမုန်းမိသလို ၊ လေးလည်း လေးစားမိကြ၏။
ကျင့်ကြံသူ ၉၉ ရာခိုင်နှုန်း သေဆုံးသွားခဲ့ရသည်။ အလဲအလှယ်အနေဖြင့် လိပ်ပြာ၏တောင်ပံတစ်ချက်ခတ်တိုင်း တောင်ပင်လယ်လောကသားကျင့်ကြံသူများ၏ ဝိညာဉ်များ ပျောက်ကွယ်သွားလေသည်။
တောင်ပံကို အားဖြည့်ပေးနေသည်မှာ ဖန်ရှုံ့ဖုန်းနှင့် မန်လီတင်မဟုတ်ဘဲ ... တောင်ပင်လယ်ကျင့်ကြံသူများ၏အသက်များဟု ရည်ညွှန်းလျှင် ပိုမိုသင့်တော်ပေလိမ့်မည်။