မြားတစ်စင်း၏ခွန်အား
Vol. 119 Ch. 1637
ဝမ်လင်းသည် နောက်ဆုတ်သွားသော ထိုလေးယောက်ကို အေးတိအေးစက် ကြည့်နေ၏။ ထိုသူတို့၏အမူအရာများသည် ကြီးစွာ ပြောင်းလဲကာ လွတ်မြောက်ဖို့ရာ အသည်းအသန် ကြိုးစားနေ၏။
သူတို့လေးယောက်သည် ဝမ်လင်းထက် ကျင့်ကြံမှုအဆင့်မြင့်မားလှသော အစွမ်းထက်ကျင့်ကြံသူများ ဖြစ်ကြပေ၏။ သို့သော် ခုချိန်၌ သူတို့၏ကိုယ်စားခန္ဓာကိုယ်များသာ သည်နေရာတွင် ရှိနေရာ သူတို့၏ကျင့်ကြံမှုအဆင့်ကို အတွင်းနယ်မြေရှိ ကျင့်ကြံသူများ မထောက်လှမ်းမိနိုင်အောင် စိတ်ဝိညာဉ်လေဟာနယ်အလယ်အဆင့်ထိ ဖိနှိပ်ထားခံရသည်။
သို့ရာတွင် ထိုလေးယောက်သည် ဝမ်လင်းကို သေခါနီးဖြစ်အောင် အကြိမ်ကြိမ် တွန်းအား ပေးနိုင်ခဲ့၏။ ဝမ်လင်းကသာ ပြိုလဲကုန်းမြေ၌ နယ်မြေလောင်ကျွမ်းခြင်းထီကို မသင်ယူခဲ့ပါက သူသည် ထိုသူတို့၏ ပထမဆုံးပူးပေါင်းတိုက်ခိုက်မှုတွင်ပင် သေဆုံးသွားနိုင်လောက်၏။
ဝမ်လင်းကသာ အရူးထံမှ ကံကောင်းခြင်းကို မရခဲ့ပါက သူသည် ကောင်းကင်ဘုံအင်ပါယာကိုယ်လုပ်တော်နှစ်ယောက်ကြောင့် သေဆုံးသွားနိုင်လောက်သည်။
အလားတူပင် သူသည် လေးနှင့်မြားသာ မရှိပါက အရာအားလုံး စွန့်လွှတ်တိုက်ခိုက်လျှင်ပင် လွတ်မြောက်နိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။
ထိုလေးယောက်ကို စိုက်ကြည့်နေရင်း ဝမ်လင်း၏မျက်လုံးထဲ၌ သတ်ဖြတ်လိုစိတ် ပြည့်နှက်လာ၏။ သူက ထိုမြားကို တစ်ကြိမ်သာ စေလွှတ်နိုင်သော စွမ်းအားရှိ၏။ ထိုတစ်ကြိမ် အသုံးပြုရန် သူ၏ အသက်ဓာတ်များကို စတေးရမည် ဖြစ်၏။ ထို့နောက်တွင် သူ၏ စတေးရန် သူ၏အသက်ဓာတ်များ ကျန်ရှိတော့မည် မဟုတ်ပါ။
သူက ထိုမြားကို အုပ်စိုးသူအတွက် ပြင်ဆင်ထားခဲ့ခြင်း ဖြစ်၏။ အသန်မာဆုံးသော ထိုလူက ခုထိ မပေါ်လာသေးချေ။ သူက သူ့ကို သတ်လိုသော လူတိုင်း ကိုယ်ထင်ပြလာမည့်အချိန်ထိ စောင့်ချင်ခဲ့ပြီးမှ သည်ကပ်ဘေးကို အဆုံးသပ်ရန် ဤမြားကို အသုံးပြုမည် ဖြစ်၏။
သို့ရာတွင် အရာအားလုံးမှာ ဝမ်လင်း ဆန္ဒရှိသလို မည်သို့ ဖြစ်လာနိုင်ပါ့မည်နည်း။ သူသည် ကောင်းကင်ဘုံ မဟုတ်ပေ။ ထို့ကြောင့် သူသည် အခြားသူများ မည်သို့လုပ်၊ မည်သို့တွေးဟု ပြောင်းလဲပစ်နိုင်ခြင်း မရှိချေ။
သူတို့လေးယောက် နီးကပ်လာသည်နှင့် ဝမ်လင်းက သူသာ ထိုမြားကို မထုတ်လိုက်ပါက အုပ်စိုးသူ ရောက်မလာခင်ပင် သူ သေရတော့မည်ကို သိနေ၏။
သူ၏အင်မောတယ်ခန္ဓာကိုယ်မှာလည်း ပြီးပြည့်စုံခြင်း မရှိလေပေ။ ၎င်းက သူ့ကို အနည်းငယ်မျှ အကူအညီဖြစ်စေသော်လည်း ယင်းကပင် ဝမ်လင်းကို များစွာ ထိခိုက်မှုကိုပါ ဖြစ်စေနိုင်၏။ ဝမ်လင်းသည် အကြိမ်အနည်းငယ် ခန္ဓာကိုယ်ပျက်စီးခြင်းကို ဆက်တွေ့ကြုံရပါက သူ၏စိတ်ဝိညာဉ်ခွန်အားမှာ အမှန်တကယ် ပျက်စီးတော့မည်ကို သိ၏။ ထိုသူတို့ သူ့ကို မသတ်ခင်ပင် သူ အမှန်တကယ် သေသွားနိုင်လောက်သည်။
ထိုအခါ ကျန်နေသည့်အရာမှာ အင်မောတယ်ခန္ဓာကိုယ်တစ်ခုသာ ဖြစ်ပေတော့မည်။ ထိုအင်မောတယ်ခန္ဓာကိုယ်မှာ သူ၏ခန္ဓာကိုယ်သာ ဖြစ်ပြီး သူ၏စိတ်ဝိညာဉ် မဟုတ်တော့ပေ။
“သတ်…” ဝမ်လင်းက လေးကြိုးကို လဝန်းအသွင်ဖြစ်အောင်ထိ ဆွဲတင်ထားသော သူ၏ညာလက်ကို ဖြေလျှော့လိုက်လေ၏။ သူ၏ညာလက်မှာ တုန်ယင်၏။ လေးကြိုးသည် စူးရှရှအသံ မြည်ကာ ဤလောကတွင် ပဲ့တင်ထပ်၏။ လေးကြိုးမှ အားအားလုံးသည် မြားထံသို့ ကူးပြောင်းသည်။
ထိုမြားသည် လေးကြိုးနှင့်အတူ ရွှေ့လျားနိုင်၏။ လေးကြိုးထံမှ ဆန်းကြယ်သောအားက ဖြတ်သန်းစီးဆင်းလာသည့်အခါ မြားသည် ထိုးထွက်သွား၏။
လောကသည် ကြီးစွာ ပြောင်းလဲသွားသည်။
တဝီဝီလေတိုးသံ လောကတခွင် ပဲ့တင်ထပ်၏။ သည်မြားမှာ သေခြင်းအလင်းတန်းအလား ရူးသွပ်စွာ ထိုးထွက်သွားသည်။
၎င်းသည် ဝမ်လင်း၏စိတ်ဝိညာဉ်၊ မူလစိတ်ဝိညာဉ်နှင့် သူ၏ခန္ဓာကိုယ်တွင်းရှိ စွမ်းအားအားလုံးနှင့်အတူ ထိုးထွက်သွားလေ၏။ သူ၏ရှေးဟောင်းစွမ်းအင်၊ ကောင်းကင်ဘုံသွေးမျိုးဆက်စွမ်းအင်၊ အရာအားလုံး ပါဝင်သည်။
မြား ပျံသန်းထွက်သွားသည်နှင့် အရာအားလုံးမှာ မမြင်ရသောအခိုးအငွေ့အဖြစ်သို့ ပြောင်းလဲကာ မြား၏ စုပ်ယူခြင်း ခံရသည်။ သူသည် ထိုမြားတစ်ချက်စာအတွက်သာ လုံလောက်သော စွမ်းအားကို ပိုင်ဆိုင်၏။
လေးကြောင့် ဝမ်လင်း၏ခန္ဓာကိုယ်မှာ တုန်ယင်၏။ သူသည် နောက်သို့ ပေရာချီဆုတ်လိုက်၏။ သို့သော် လေးကို ဆွဲတင်ထားရသည့် ကန်အားကမူ သက်ရောက်ခံရဆဲသာ။ သွေးများစီးကျလာပြီးနောက် သူသည် အကွာအဝေးတစ်ခုရှိ ရေပြင်ထဲ လွင့်ထွက်သွားသည်။
သို့ပေမည့် သူသည် ရှေ့တည့်တည့်သို့ သုန်မှုန်စွာ ကြည့်နေ၏။ သူက ထိုးထွက်သွားသော တုန်လှုပ်ဖွယ်မြားကို စိုက်ကြည့်သည်။
ထိုမြား ထိုးထွက်သွားသည်နှင့် တည်ငြိမ်သောရေပြင်တွင် နက်ရှိုင်းသောလျှိုတစ်ခု ပေါ်လာလေ၏။ ထိုလျှိုသည် မြားနှင့်ယှဉ်သည့်အလား မြားပျံသန်းသွားသည့်အတိုင်း ချဲ့ကားထွက်သည်။ ဧရာမလက်ကြီးတစ်စုံက သည်ရေပြင်ကို ထိုးခွင်းဆုတ်ဖြဲလိုက်သည့်အလား။
ကောင်းကင်ထက်တွင်လည်း ကြီးမားသော အက်ကြောင်းတစ်ခု ပေါ်လာသည်။ ထိုအက်ကြောင်းမှာ ပျံ့နှံ့ကာ ဝမ်လင်းကို သတ်ရန် အစီအစဉ်ချထားသော သည်အစွမ်းထက် သတ်ဖြတ်ခြင်းအစီအရင်ကို ချိုးဖျက်တော့မည့်နှယ်။
ထိုလေးယောက်သည် ကြောက်လန့်တကြား နောက်ဆုတ်၏။ ကောင်းကင်အရှင်လေဟာနယ်နတ်ဘုရားက အမြန်ဆုံးနှင့် အဝေးဆုံးပင်။ သူနှင့်မနီးမဝေးတွင် ကောင်းကင်ဘုံအင်ပါယာကိုယ်လုပ်တော်နှစ်ယောက် လိုက်လာ၏။ သူတို့၏မျက်နှာများထက်၌ နာကျင်မှုများ ပြသနေကာ သူတို့၏မျက်လုံးထဲတွင် မျှော်လင့်ချက်မဲ့မှုတို့ ဖြစ်ပေါ်သည်။
ဝတ်စုံဖြူနှင့်လူက ကျင့်ကြံမှုနှင့်အဆင့်အတန်း အနိမ့်ဆုံးပင်။ သူသည် မှီအောင် မလိုက်နိုင်ဘဲ နောက်ကောက် ကျန်ခဲ့သည်။ ထို့အတွက် ထိုသူသည် မြားနှင့် အနီးဆုံးလူ ဖြစ်လာ၏။
မြားသည် ကောင်းကင်နှင့်မြေပြင်ကို ထိုးခွင်းကာ အဘက်ဘက်သို့ လှိုင်းဂယက်များ ဖန်တီးသည်။ မြားထံမှ ကြောက်မက်ဖွယ်သတ်ဖြတ်လိုစိတ် ထွက်ပေါ်နေ၏။ မြားကိုယ်ထည်ပေါ်ရှိ စာလုံးများသည် ခပ်ဖျော့ဖျော့ လင်းလက်မှုကို ပေးသည်။
ဤအခိုက်၌ သည်မြားကို ရပ်တန့်နိုင်လောက်မည့် လူတစ်ယောက် သို့မဟုတ် အရာတစ်ခုခု လုံးဝ မရှိတော့သည့်အလား။ ချက်ခြင်းပင် ၎င်းမြားက ဝတ်စုံဖြူလူထံ နီးကပ်လာချေပြီ။
ထိုဝတ်စုံဖြူနှင့်လူမှာ သေလောက်အောင် ဖြူရောသွား၏။ သူသည် ကျောက်စိမ်းပြားကို ချေမွကာ ထွက်သွားရန် ဟန်ပြင်သည်။ သို့သော် ကျောက်စိမ်းပြားသည်တစစီဖြစ်သွားသော်လည်း မည်သည့်တုန့်ပြန်မှုမှ မပြပေ။ သည်အခိုက်၌ မြားသည်နီးကပ်လာကာ သူ၏နဖူးထက်တွင် ပြင်းထန်သောနာကျင်မှုကို ခံစားလိုက်ရပြီး သွေးအန်သည်။
သူသည် သူ မလွတ်မြောက်နိုင်တော့သည်ကို သိလိုက်၏။ သူက မာန်သွင်းကာ နောက်လှည့်၍ မန္တာန်တစ်ခု အသုံးပြုရန် ဟန်ပြင်သည်။ သို့သော် သူ နောက်လှည့်လိုက်ချိန်တွင် မြားသည် အံ့မခန်းအမြန်နှုန်းနှင့် နီးကပ်လာကာ သူ၏မျက်ခုံးနှစ်ခုကြားသို့ ထိမှန်သွားလေပြီ။
ကျယ်လောင်စွာ ပေါက်ကွဲသံ မြည်ဟည်း၏။ ဝတ်စုံဖြူနှင့်လူ၏ ဦးခေါင်းသည် ပေါက်ကွဲထွက်သွားသည်။ မြား ဖြတ်သန်းထွင်းဖောက်သွားရင်း သူ၏ခန္ဓာကိုယ်မှာ တစ်လွှာချင်း လွင့်ပျောက်သွား၏။
ထိုအဖြစ်က ကျန်သည်သုံးယောက်ကို တုန်ယင်ကာ စိတ်လွတ်လုနီးနီး ဖြစ်သွားစေသည်။
လနက်နှင့် ဖုံးလွှမ်းနေသဖြင့် ကောင်းကင်ဘုံအင်ပါယာကိုယ်လုပ်တော်၏ အမူအရာကိုမူ မမြင်ရပေ။ သို့သော် သူမ၏မျက်လုံးထဲတွင် ကြောက်ရွှံ့မှုနှင့် မျှော်လင့်ချက်မဲ့မှုတို့ ရှိနေသည်။ မြားသည် နီးကပ်လာ၏။
ထိုကောင်းကင်ဘုံကိုယ်လုပ်တော်သည် ရုတ်တရက် လှည့်လိုက်၏။ သူမ၏လက်ကို ပင့်မြှောက်လိုက်ရာ အလင်းအကာများ အလွှာလိုက် ပေါ်လာသည်။ သို့ပေမည့် မြားက ထိုအရာများကို ထွင်းဖောက်ကာ နီးကပ်လာသည်။
ခုလို သေရေးရှင်ရေး အခိုက်အတန့်၌ သူမသည် သွေးအန်လိုက်ပြီး သွေးလူတစ်ယောက်ကို ဖန်တီးသည်။ ၎င်းက ပုံစံအသွင် စတင် ဖြစ်ပေါ်သည်။ သို့သော် မြားက ထွင်းဖောက်၍ ထိုကောင်းကင်ဘုံကိုယ်လုပ်တော်ထံ တိုးဝင်လာတော့သည်။
အဖြစ်အပျက်မှာ မြန်လွန်းလှ၏။ သူမက အစောပိုင်းက တီးခတ်ခဲ့သော စောင်းကို ထုတ်ယူလိုက်သည်။ ထိုစောင်းမှာ ကောင်းကင်ဘုံအုပ်စိုးသူထံမှ လက်ဆောင် ဖြစ်ပြီး အလွန်တရာအစွမ်းထက်သော ရတနာတစ်ခုပင်။
သို့သော် ထိုစောင်းက သူမကို ကာကွယ်ပိတ်ဆို့ပေးရုံ ရှိသေး ၎င်းက မရေမတွက်နိုင်သော အစိတ်အပိုင်းများအဖြစ် တစစီဖြစ်သွားသည်။ ကောင်းကင်ဘုံအင်ပါယာကိုယ်လုပ်တော်သည် အလန့်တကြားအော်ဟစ်ကာ နောက်ဆုတ်သည်။ သို့သော် သူမ ခြေလှမ်းနှစ်လှမ်းပင် မလှမ်းနိုင်ခင် မြားက စောင်းကို ထွင်းဖောက်ကာ သူမ၏ဦးခေါင်းကို ဖောက်ထွက်သွားသည်။
ထိုကောင်းကင်ဘုံအင်ပါယာကိုယ်လုပ်တော်သည် ဝတ်စုံဖြူလူကဲ့သို့ ပေါက်ကွဲထွက်ကာ သူမ၏ခန္ဓာကိုယ်သည် ကွယ်ပျောက်လွင့်ပါးသွား၏။ မြားသည် ဆက်လက်၍ တရှိန်ထိုး ရှေ့ဆက်လာသည်။
တုန်လှုပ်ဖွယ်ရာ မြားက တဆက်တည်း လူနှစ်ယောက်ကို သတ်ပစ်လိုက်ပြီး ဖြစ်၏။ ထို့ကြောင့် ၎င်း၏ အရှိန်အဟုန်အချို့ လျော့ပါးသွားသည်။ သို့သော် ၎င်း၏စွမ်းအားကမူ ကြောက်မက်ဖွယ်ကောင်းနေဆဲပင်။ သည်အခိုက်တွင် ၎င်းမြားက တတိယလူ ဖြစ်သော ရှေ့ဖြစ်ဟောမန္တာန် အသုံးပြုသည့် အမျိုးသမီးထံ ဦးတည်လာသည်။
ထိုအမျိုးသမီးသည် ဝတ်စုံဖြူလူနှင့် သူမ၏အမဖြစ်သူတို့၏ သေဆုံးပျက်စီးမှုကို မျက်မြင်တွေ့ခဲ့ရပြီး ဖြစ်၏။ သူမ၏မျက်နှာထက်တွင် ခါးသီးဟန်အမူအရာ ဖြစ်ပေါ်သည်။ သည်ခန္ဓာကိုယ်က ကိုယ်စားခန္ဓာ ဖြစ်သော်လည်း ပုံမှန်သေဆုံးခြင်း ဆိုပါက အဆင်ပြေအုံးမည်။ သို့သော် သည်မြားကြောင့် သေဆုံးရခြင်းပါက သူမ၏မူလခန္ဓာကိုယ်ပေါ်သို့ ဒဏ်ရာပြင်းထန်စွာ သက်ရောက်မည် ဖြစ်သည်။ ယင်းမြားကို သည်လောကမှ မပိုင်ဆိုင်ပေ။ ထိုမြားသည် သူမ၏မွေးရပ်မြေမှ ရတနာ၊ လီမိသားစု၏ ကျော်ကြားလှသော ရတနာ ဖြစ်ချေ၏။
မျှော်လင့်ချက်မဲ့မှုကို ခံစားရ၍ ထိုအမျိုးသမီးက ဆက်မပြေးတော့ပေ။ သူမက နောက်လှည့်ကာ သူမ၏အမြင်တွင် ကြီးသထက် ကြီးလာသော မြားကို မျက်နှာချင်းဆိုင်လိုက်၏။ သူမက မျက်လုံးမှိတ်ထားလိုက်တော့သည်။
သူမ မျက်လုံးမှိတ်လိုက်သည်နှင့် မြားက သူမ၏နှဖူးထက်သို့ နီးကပ်လာတော့သည်။ ထွင်းဖောက်တော့မည့် အခိုက်တွင် သူမ၏ရင်ဘက်မှ ခုနစ်ရောင်စုံအလင်း ထွက်ပေါ်လာ၏။ သူမ၏လည်တိုင်ပေါ်၌ အနက်ရောင်ဘဲဥပုံကျောက်တုံးဖြင့် ပြုလုပ်ထားသော ဆွဲပြားတစ်ခု ရှိလို့နေသည်။ ထိုကျောက်တုံးထံမှ ခုနစ်ရောင်စုံအလင်း ထွက်ပေါ်လာခြင်းပင်။
ထိုကျောက်တုံးလည်ဆွဲက သူမရှေ့သို့ လွင့်မြောလာကာ ခုနစ်ရောင်စုံအလင်းက သူမကို ဝန်းရံသွားသည်။
ထိုအခိုက်တွင် မြားသည် သူမ၏နဖူးကို ထွင်းဖောက်သွား၏။ သူမသည် မြားဖြတ်သန်းသွားသည့်ထိ မျက်လုံးမဖွင့်ပေ။ သူမက မည်သည့်ဒဏ်ရာမှ မရလိုက်သော်လည်း သူမရှေ့တွင် မြောလွင့်နေသော ကျောက်တုံးလည်ဆွဲပေါ်တွင်မူ အက်ကြောင်းတစ်ခု ပေါ်ထွက်လာသည်။
“ငါ့ အချစ်ရဆုံး ကိုယ်လုပ်တော်၊ ငါ နင့်ကို ဒီကျောက်တုံး လက်ဆောင်ပေးလိုက်မယ်။ ဒါက နင့်ကို ကာကွယ်ပေးလိမ့်မယ်။ ဒါ့ကြောင့် ငါ မရှိတဲ့ တနေ့ကျရင် ဒီကျောက်တုံးက နင်နဲ့အတူ ရှိပေးလိမ့်မယ်…” ကောင်းကင်ဘုံအုပ်စိုးသူ၏ စကားလုံးများသည် သူမ၏နားထဲတွင် ပဲ့တင်ထပ်လေ၏။
မြားသည် ထိုအမျိုးသမီးကို ထွင်းဖောက်သွားပြီးနောက် မြူပုံစံအသွင် ကောင်းကင်အရှင်လေဟာနယ်နတ်ဘုရားထံသို့ လိုက်ပါလာ၏။ ထိုမြားက သည်မြူကို ထွင်းဖောက်သည့်အခါ လောကတခွင် ကျယ်လောင်စွာ မြည်ဟည်းသံ ပဲ့တင်ထပ်သည်။
ထိုမြူသည် ရုတ်တရက် ပျက်စီးသွား၏။ ၎င်း ပျက်စီးသွားသည့်အခိုက်တွင် ၎င်းသည် မြန်ဆန်စွာ သိပ်သည်းလာပြီး ဝတ်ရုံနက်အဘိုးအိုတစ်ယောက်အသွင် လှစ်ဟပေါ်လာ၏။ သူ၏မျက်နှာမှာ ဖြူရောနေသည်။ သူသည် နောက်ဆုတ်ရန် ဟန်ပြင်လိုက်စဉ် သူ့ခန္ဓာကိုယ်သည် ထပ်မံ ပျက်စီးသည်။
နာကျင်ထိတ်လန့်စွာ အော်သံ ပဲ့တင်ထပ်၏။ အချိန်တိုအတွင်း ကောင်းကင်အရှင်သည် အကြိမ်ကြိမ် ပျက်စီး၏။ သူ နောက်ဆုံးအကြိမ် ပြန်ဖြစ်ပေါ်လာချိန်၌ သူ၏မျက်ခုံးနှစ်ခုကြားမှ အမှတ်အသားသည် တစစီပျက်စီးကာ မြားသည် သူ၏ခန္ဓာကိုယ်ကို ထွင်းဖောက်သွားလေသည်။
ရှေးဟောင်းကြယ်အဖွဲ့အစည်း၏ သခင်ငါးပါးထဲမှတစ်ယောက် ဖြစ်သူ ကောင်းကင်အရှင်လေဟာနယ်နတ်ဘုရားသည် နာကျင်ထိတ်လန့်စွာ အော်ဟစ်ကာ ပေါက်ကွဲထွက်သွား၏။ မြူများမှာလည်း သဲလွန်စမရှိ လွင့်ပါးပျောက်ကွယ်သွားသည်။
“အုပ်စိုးသူ…ဒီအဘိုးအိုက သင့်အတွက် မြားကို တားဆီးပေးခဲ့ပြီး ဖြစ်တယ်။ သင် ဒီအဘိုးအိုကို ရှင်းပြချက်တစ်ခု ပေးရမယ်…” သူ ပျောက်ကွယ်သွားရင်း သူ၏ဗလုံးဗထွေးအော်သံ ပဲ့တင်ထပ်သည်။
မြား၏စွမ်းအားကို ကောင်းကင်ဘုံအား တုန်လှုပ်စေခြင်း ဟူသော စကားလုံးဖြင့်သာ ဖော်ပြနိုင်ပေမည်။
လူသုံးယောက်ကို သတ်ပြီးနောက် မြားထံ၌ စွမ်းအားများများစားစား မကျန်တော့ပေ။ သို့သော် ၎င်းက ကောင်းကင်တွင် တဝီဝီလှည့်ပတ် မြည်ဟည်းနေဆဲသာ။ ၎င်းက ကောင်းကင်ကို ချိုးဖျက်ရန် တာဆူကာ ဝမ်လင်း၏ သည်ကပ်ဘေးကို အပြင်ဘက်ကမ္ဘာသို့ ထုတ်လွှတ်စေချင်ပုံ ရသည်။
သို့ရာတွင် ထိုမြားက ကောင်းကင်ထက်သို့ နီးကပ်လာသည့်အခါ အပြာရောင်အလင်း စတင်လင်းလက်၍ လူတစ်ယောက်သည် ငြိမ်သက်စွာ လှမ်းလျှောက်ထွက်လာသည်။ ထိုသူသည် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ၏မျက်နှာကိုပါ ဖုံးနေ၏။ ပြင်းထန်သောဖိအားက သူ၏ခန္ဓာကိုယ်မှ ပျံ့နှံ့လာသည်။
သူက သူ၏သွေ့ခြောက်သောလက်ကို ဆန့်ထုတ်ကာ မြားကို ဖမ်းယူလိုက်သည်။
သူ၏ခန္ဓာကိုယ်သည် တုန်ယင်သွားပြီးနောက် သူသည် ဖြည်းဖြည်းချင်း ခေါင်းမော့ကာ ဝမ်လင်းကို ကြည့်သည်။ သူသည် တည်ငြိမ်ရှတသောလေသံဖြင့် ပြောလာ၏။
“ရှေးဟောင်းသင်္ချိုင်းထဲက စွမ်းအားကို ငှားယူ အသုံးပြုခဲ့တဲ့ မင်းရဲ့ ဟိန်းအော်သံ၊ တိမ်ပင်လယ်ရဲ့ ပထမဆုံးတိုက်ပွဲမှာ ပြင်ပနယ်မြေကျင့်ကြံသူတွေကို ပိတ်ဆို့တားဆီးခဲ့တာ။ ဝမ်လင်း…နောက်ဆုံးတော့ ငါတို့ ထပ်တွေ့ကြပြီ။ ဒီအဘိုးအိုက အုပ်စိုးပဲ…”
***