ကောင်းကင်ဘုံနှင့်ရှေးဟောင်းကို ခွဲခြားပစ်ခြင်း
Vol. 119 Ch. 1638
ဝမ်လင်းသည် ခေါင်းမော့ကာ ဝတ်ရုံနက်နှင့်လူကို ကြည့်လိုက်သည်။ ဝမ်လင်းသည် သည်လူ့ကို မည်သို့ မေ့နိုင်ပါ့မည်နည်း။ ထိုလူမှာ အုပ်စိုးသူပင်။
ရှေးဟောင်းကြယ်အဖွဲ့အစည်း၏ သခင်ငါးပါး၏ခေါင်းဆောင်ဆိုလည်း ဟုတ်သည်။ ကောင်းကင်နှင့်မြေကြီးကို ဆန့်ကျင်ကာ အကြံအစည်ကြီးကြီး၊ လှည့်ဖြားဉာဏ်အပြည့်နှင့် လူတစ်ယောက်ဆိုလည်း ဟုတ်သည်။
ချိပ်ပိတ်နယ်မြေအရှင်သခင်ဟောင်း အသတ်ခံရခြင်း၊ ကောင်းကင်ဘုံနယ်မြေလေးခုကို ဖျက်စီးခြင်း၊ ကောင်းကင်ဘုံအင်ပါယာချင်းလင်အပေါ် အကြံအစည် ထားရှိခြင်း၊ တက်တူးကလန်တွင်းရှိ လီကောင်း၏မြားကို ရှာရန် အထိုင်ကျခြင်း၊ တာအိုပညာရှင်ရေကို သစ္စဖောက်စေခြင်း၊ အရှင်စစ်မို၏ ကျရှုံးမှု၊ ကျန့်မိသားစုဘိုးဘေး သေဆုံးခြင်းနှင့် အမျိုးမျိုးသော တခြားအဖြစ်သနစ်များတွင် အုပ်စိုးသူ၏အရိပ် ပါဝင်နေပေသည်။
ရှေးဟောင်းကြယ်အဖွဲ့အစည်းတွင် ဝမ်လင်းသည် သူ၏စိတ်ကို ကြိုးကိုင်ခံရသလိုမျိုး ခပ်ရေးရေး ခံစားမိခဲ့ဖူး၏။ ထိုအကြောင်းကို ခုချိန်တွင် ပြန်တွေးမိသည့်အခါ ထိုသို့ဖြစ်ရခြင်းသည် အုပ်စိုးသူကြောင့်ဟုသာ ထင်မိလေ၏။
ဝမ်လင်း၏မှတ်ဉာဏ်အတွင်း သူ မမေ့ဖျောက်ပစ်နိုင်သော မန္တာန်တစ်ခု ရှိ၏။ ၎င်းမှာ ရေတွင်းထဲမှလမျှားခြင်းပင်။
သူသည် အုပ်စိုးသူဟု သူ သံသယရှိသော တတိယမြောက်ဟင်္သာငှက်နှင့် ရင်ဆိုင်ရချိန်၌ ထိုမန္တာန်ကို တွေ့မြင်ခဲ့ဖူးသည်။ သူက အခုလည်း ရေပြင်ကို တွေ့မြင်သည့်အခါ သည်ကပ်ဘေးမှာ ရေတွင်းထဲမှ လမျှားခြင်း ဖြစ်နေမည်ကို ထိတ်လန့်နေခဲ့၏။
အမျှားခံရသည့်အရာကမူ ဟင်္သာပြဒါးဂြိုဟ်နှင့် ဝမ်လင်းတို့ပင်။
“ရေတွင်းထဲက လမျှားခြင်း…” ဝမ်လင်းသည် ရေပြင်ထက်သို့ ရပ်ကာ ကောင်းကင်ထက်သို့ တည်ငြိမ်စွာ ကြည့်လိုက်၏။
အုပ်စိုးသူနှင့် ဝမ်လင်းကြားတွင် မသေဘဲ ကြောင်ရီစွာ ရှိနေသော ကောင်းကင်ဘုံအင်ပါယာကိုယ်လုပ်တော် ရှိနေ၏။ သူမသည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ကာ ငြိမ်သက်စွာ ရှိသည်။
“ဝတ်ရုံနက်ဖြင့်လူက ပြုံးလိုက်ဟန်ရပြီး ခပ်ရှရှအသံဖြင့် ပြောလာ၏။ အိပ်မက်ပြာက မင်းကို သနားခဲ့တာကြောင့်သာ မဟုတ်ရင် မင်းဟာ ခုဆို ဒီအဘိုးအိုရဲ့ ပွန်းတစ်ကောင် ဖြစ်လာခဲ့လောက်ပြီ…” ထို့နောက် သူက ညှစ်ချေလိုက်ရာ မြားသည် တုန်ယင်လျက် သူ၏လက်ထဲတွင် ပျောက်ကွယ်သွားလေသည်။
သူသည် ထိုမြား၏ စွမ်းအားကို လန့်နေခဲ့မိ၏။ ထို့ကြောင့်လည်း သူ စောစောစီးစီး မထွက်ပေါ်လာခြင်းပင်။ သူက ဝမ်လင်း မြားကို အသုံးပြုပြီးသည့်အချိန်ထိ စောင့်နေပြီးမှ သူ့ကိုယ်သူ ဖော်ပြလာခြင်း ဖြစ်သည်။
ထိုမြားသည် ဝမ်လင်း၏ခန္ဓာကိုယ်တွင်းရှိ လေးနှင့် ချိတ်ဆက်မှုတစ်ခု ဖြစ်ပေါ်ထားခဲ့ပြီး ဖြစ်၏။ ၎င်းသည် ပျောက်ကွယ်သွားပြီးနောက် ထူးဆန်းသောနည်းလမ်းမှတစ်ဆင့် သူ၏ခန္ဓာကိုယ်တွင်း၌ ပြန်ပေါ်လာသည်။ အတိတ်တုန်းက လီကောင်းသာ မသေခဲ့ပါက ထိုမြားမှာ လီကောင်း၏ခန္ဓာကိုယ်တွင်းသို့ ပြန်ရောက်နေခဲ့လောက်ပြီ ဖြစ်သည်။
“ငါ့ကို ပြောပါ။ မင်း မင်းရဲ့ ကောင်းကင်ဘုံသွေးမျိုးဆက်ကို ဘယ်က ရလာခဲ့တာလဲ…”
ဝတ်ရုံနက်လူက ထိုသို့ ပြောရင်း ဝမ်လင်းထံ ဖြည်းဖြည်းချင်း လှမ်းလျှောက်လာ၏။ သူ၏ခြေလှမ်းသည် နှေးသော်လည်း ခြေလှမ်းတိုင်းက ဝမ်လင်းကို တုန်ရီစေသည်။ သူ၏ခန္ဓာကိုယ်မှ အတိုင်းမသိဖိအားက အဘက်ဘက်သို့ ပျံ့နှံ့သည့်ဟန် ထင်ရသည်။
ပို၍ အံ့ဖွယ်ဖြစ်သည်မှာ ဝတ်ရုံနက်အဘိုးအို၏ပုံရိပ်က ရေပြင်ပေါ်တွင် ထင်ဟပ်ကာ ဝမ်လင်းထံ လျှောက်လှမ်းလာခြင်းတည်း။
ထိုအဖြစ်မှာ အုပ်စိုးသူနှစ်ယောက် ဖြစ်နေပြီး တစ်ယောက်သည် ကောင်းကင်ထက်၌ တစ်ယောက်သည် မြေပြင်ပေါ်တွင် ဖြစ်နေသည့်အလား။
ထိုဖိအားသည် ရုတ်ချည်းနှစ်ဆတိုးလာ၏။ ကောင်းကင်နှင့်မြေကြီးထံမှ အပြိုင်ထွက်ပေါ်လာသည့်နှယ်။ ထိုအဖြစ်က ဝမ်လင်း၏မျက်နှာကို ဖြူရောသွားစေသည်။ သူသည် သူ၏ခန္ဓာကိုယ်ကို တစ်စက်လေးမှ မလှုပ်ရှားနိုင်ပေ။
သို့သော် သူ၏မျက်လုံးကမူ တည်ငြိမ်လျက်သာ။ အရာအားလုံးသည် ခုအခြေအနေထိ ရောက်လာခဲ့ပြီး ဖြစ်၏။ ဝမ်လင်းက သည်ကပ်ဘေးတွင် အသက်ရှင်နိုင်ရန် ခက်ခဲမည်မှန်းကို သိပေသည်။ သူသည် ယင်းမြားကို ပစ်လွှတ်လိုက်သည့်အခါ၌ ဤအချက်ကို ကောင်းကောင်းသဘောပေါက်သည်။
“မပြောသေးဘူးလား။ ကိစ္စမရှိဘူး။ မင်းရှိကနေ ငါ့ဘာသာ အဖြေရအောင် ယူလိုက်မယ်…” ဝတ်ရုံနက်အဘိုးအိုက ခေါင်းယမ်းကာ သူ၏ သွေ့ခြောက်သောလက်ကို ပင့်မြှောက်လိုက်၏။ သူက ဝမ်လင်းထံ လက်ညွှန်လိုက်လေသည်။
ထိုအခါ အပြာရောင်ကောင်းကင်သည် သဲလွန်စမရှိ ပျောက်ကွယ်သွားပြီး ရွှေရောင်အလင်း အစားထိုးလာ၏။ ထိုရွှေရောင်အလင်းသည် ကောင်းကင်တွင် ရုတ်တရက် ပေါ်လာသော နေတစ်စင်းထံမှ ထွက်ပေါ်လာသော နေရောင်ပင်။
မူလဥပဒေသ အော်ရာသည် ပျံ့လွင့်လာသည်။ နေအလင်းရောင် လင်းလက်ရင်း အုပ်စိုးသူ၏ပုံရိပ်မှာ နက်မှောင်လာ၏။ သူသည် ရှေ့သို့ လျှောက်လာရင်း သူ၏ပတ်လည်တွင် ရောင်ခြည်စက်ဝန်းများ ပေါ်လာသည်။
“ဒီမြားကလွဲလို့ မင်းမှာ ငါ့ကို ဆန့်ကျင်နိုင်တဲ့အရာ တစ်ခုမှ မကျန်တော့ဘူး။ အစကတည်းက အလင်းရှိတယ်။ အလင်းဟာ ဒီအဘိုးအိုနားလည်ခဲ့တဲ့ အနှစ်သာရတွေထဲက တစ်ခုပဲ။ မူလအနှစ်သာရ ဥပဒေသ…။ မူလဥပဒေသရဲ့ စွမ်းအားအောက်မှ မင်းရဲ့ ရှေးဟောင်းစွမ်းအားနဲ့ ကောင်းကင်ဘုံစွမ်းအားဟာ ပြန်ကွဲထွက်လာလိမ့်မယ်…” အုပ်စိုးသူ၏အသံသည် ရှေးကျလှ၏။ ဒီလောကမှာ ရှိသော အလင်းအားလုံးသည် စုဝေးလာပြီး ဝမ်လင်းပေါ်တွင် တောက်ပသောအလင်းတိုင်လုံးအသွင် ဖြစ်တည်သည်။
ဝမ်လင်းသည် ခုခံနိုင်စွမ်းမဲ့ရ၏။ ထိုအလင်း ဝန်းရံလာနေရင်း သူ၏ခန္ဓာကိုယ်မှ ပြင်းထန်သောနာကျင်မှု ထွက်ပေါ်လာသည်။ ထိုအလင်းသည် နေကဲ့သို ပူပြင်းသည်။ ဝမ်လင်းသည် မူလဥပဒေသကို ရင်းနှီးစွာ ခံစားမိလျက် သူ၏ခန္ဓာကိုယ်တွင်းရှိ လေလွင့်စိတ်ဝိညာဉ်များ အပါအဝင် အရာအားလုံး လောင်ကျွမ်းခံနေရသည်။
သည်မူလဥပဒေသသည် လေလွင့်စိတ်ဝိညာဉ်များအဖို့ အသေကြောက်သောအရာ ဖြစ်၏။ နာကျင်ထိတ်လန့်စွာ အော်သံများ ဆူညံ့ပွက်ကာ ဝမ်လင်း၏ခန္ဓာကိုယ်တွင်းရှိ လေလွင့်စိတ်ဝိညာဉ်များ လွင့်ပျောက်ကုန်သည်။ လေလွင့်စိတ်ဝိညာဉ်များ မရှိတော့သည်နှင့် ဝမ်လင်း၏ခန္ဓာကိုယ်သည် တွန်းကန်အားနှင့်အလင်း၏အောက်တွင် ပျက်စီးသည်။
မူလဥပဒေသသည် ဝမ်လင်း၏အသွေးအသားတွင်းသို့ အတင်းအကြပ် စီးဝင်၏။ ၎င်းက ဝမ်လင်း၏ရှေးဟောင်းစွမ်းအားနှင့် ကောင်းကင်ဘုံစွမ်းအားတို့ကို ခွဲခြားပစ်ရန် တာဆူသည်။
လူတစ်ယောက်သည် ဝမ်လင်း၏ခန္ဓာကိုယ် ပြန်ဖွဲ့စည်းပြီးနောက် သူ၏ခန္ဓာကိုယ်တွင်းရှိ ရွှေရောင်အလင်းသည် တရကြမ်း ထိုးထွက်တော့မည်ကို မြင်နိုင်ပေသည်။
အတင်းအကြပ် ခွဲထုတ်ခံရသည့်ခံစားချက်မှာ သူ ပေါင်းစည်းခဲ့စဉ်က အချိန်ထက် အဆများစွာ ပိုပြင်းထန်လေ၏။ ဝမ်လင်း၏အမူအရာမှာ ရှုံ့တွနေ၏။ သို့သော် သူသည် မည်သည့်အသံတစ်သံမျှ မထွက်ပေ။ သူက အုပ်စိုးသူကိုသာ စိုက်ကြည့်နေ၏။ သူသည် ဤအဖြစ်ကို မှတ်သားထားမည်သာ။ ယနေ့ သူ့အပေါ် ဖြစ်ပျက်ခဲ့သမျှကို မှတ်သားထားမိမည်ပင်။
သူ့ထံ၌ နောက်ဘဝ ရှိခဲ့ပါက၊ သူ ယနေ့မသေခဲ့ပါက သူ ယနေ့ ခံစားခဲ့ရသော နာကျင်မှုအားလုံးအတွက် ဆယ်ဆ၊ အဆတစ်ရ ပြန်ပေးဆပ်ပေမည်။
သူ့ထံ၌ ခုထိ အသုံးမပြုရသေးသော ဝှက်ဖဲတစ်ခု ရှိနေဆဲပင်။
ထိုဝှက်ဖဲသည် သူ၏ ထိန်းချုပ်မှုကနေ လွတ်ထွက်သွားနိုင်၏။ သို့သော် သည်အခိုက်၌ ဝမ်လင်းသည် ဂရုစိုက်မနေနိုင်ပေ။ သို့သော် သူ စောင့်နေ၏။ အကောင်းဆုံးအခိုက်အတန့်ကို စောင့်နေ၏။ အုပ်စိုးသူ နီးသထက်နီးလာမည်ကို စောင့်နေ၏။ ဖြစ်နိုင်သည်မှာ ထိုဝှက်ဖဲက အရာအားလုံးကိုပါ ပြောင်းလဲနိုင်စွမ်း ရှိကောင်း ရှိနိုင်ပေလိမ့်မည်။
ဝတ်ရုံနက်နှင့်လူသည် ဝမ်လင်းက သူ့ကို စိုက်ကြည့်နေသော်လည်း သူ၏အမူအရာမှာ တစ်စက်လေးမျှ ပြောင်းလဲမသွားပေ။ သူ၏ညာလက်ညှိုးကို တခြားလက်လေးချောင်းနှင့်အတူ ဖြည်းဖြည်းချင်း ဆန့်ထုတ်ကာ လက်ဝါးအသွင် ဖြစ်ပေါ်စေသည်။ မူလဥပဒေသသည် ဝမ်လင်း၏ ရှေးဟောင်းနှင့်ကောင်းကင်ဘုံစွမ်းအားများကို ခွဲထုတ်ပစ်နေရင်း သူသည် ဝမ်လင်းထံ နီးသထက် နီးလာ၏။ ထို့နောက် သူ့ညာလက်ကို ဝမ်လင်းထံ လှမ်းလိုက်၏။
“ရေတွင်းထဲမှ လမျှားခြင်း…” ဝတ်ရုံနက်အဘိုးအိုသည် လက်ဆန့်ထုတ်လိုက်ရင်း ရေမျက်နှာပေါ်ရှိ သူ၏အလင်းပြန်သောပုံရိပ်မှာလည်း ဝမ်လင်းထံ လက်ဆန့်တန်းသည်။
သူသည် ဝမ်လင်း၏ခန္ဓာကိုယ်ထံမှ ကောင်းကင်ဘုံသွေးမျိုးဆက်ကို အကြမ်းနည်းသုံးကာ ခွဲထုတ်ပစ်လိုသည်။
သူ လှုပ်ရှားနေစဉ် ဝမ်လင်း၏ခန္ဓာကိုယ်မှ ဆုတ်ဖြဲခံရသည့်နာကျင်မှု လှိုက်တက်လာ၏။ ထိုနာကျင်မှုသည် သူ့ကို အော်ဟစ်စေလုနီးပါးပင်။ သို့သော် သူသည် တောင့်ခံထား၏။ သူ၏မျက်နှာပေါ်ရှိ သွေးကြောများ ဖောင်းကြွလာသည်။ သူ့မျက်လုံးသည် နီရဲ၏။ သို့သော် သူသည် အုပ်စိုးသူကိုယ်သာ စိုက်ကြည့်နေသည်။
“နည်းနည်း ထပ်ကပ်လာအုံး…”
ဝမ်လင်း၏ခန္ဓာကိုယ်မှ ရွှေရောင်အလင်းမြောက်များစွာ ပျံ့နှံ့ကာ သူ၏ဒွာရပေါက်များထံမှ အတောမသပ် ရွှေရောင်သွေးများ စီးကျလာ၏။ ထို့အပြင် ဝမ်လင်း၏အရိုးတွင်း၌ သွေးဖြင့် ပြုလုပ်ထားသော အရေးကြီးသည့် ရိုးတွင်းခြင်ဆီမှာလည်း ညှစ်ထုတ်ခြင်း ခံရလေ၏။
ပြင်းထန်သောနာကျင်မှုအောက်တွင် ဝမ်လင်း၏ခန္ဓာကိုယ်တွင်းရှိ သွေးများအားလုံး ပျံ့လွင့်လေသည်။ သူ၏ ရိုးတွင်းခြင်ဆီပါ ပါဝင်သည်။ အရူး သူ့ကို ပေးခဲ့သော ကံကောင်းမှုအားလုံးသည် သူ၏ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာသည်။
အဝေးမှ ကြည့်ပါက ထိုမြင်ကွင်းသည် အလွန်တရာ တုန်လှုပ်ဖွယ်ပင်။ ဝမ်လင်း၏ခန္ဓာကိုယ်မှ ပက်ဖြန်းသော ရွှေရောင်သွေးများသည် လူသားအသွင် ဆောင်လာ၏။ ထိုအသွင်မှာ ဝမ်လင်းနှင့် တူသည်။
၎င်းမှာ စိတ်ဝိညာဉ်တစ်ခုလိုပင်။ ဝမ်လင်းသည် နှစ်ပိုင်းခွဲထုတ်ခံရသည့်နှယ်။ ရွှေရောင်အလင်းဖြင့် ပြုလုပ်ထားသော ပုံရိပ်က ဝမ်လင်းထံမှ ကွဲထွက်လာ၏။ ၎င်းသည် ဝမ်လင်း၏ခေါင်းထက်တွင် တစ်လက်မချင်း မြင့်တက်လာသည်။
ထိုရွှေရောင်ပုံရိပ် ပျံသန်းထွက်လာသည့်အခါ ဝမ်လင်း၏ရှေးဟောင်းနတ်ဘုရားကြယ်များ ပေါ်လာ၏။ သို့သော် ၎င်းတို့မှာ ရွှေရောင်မသမ်းတော့ပေ။ သူ၏ညာမျက်လုံးတွင်းရှိ ရှေးဟောင်းမိစ္ဆာကြယ်များသည်ပါ ရွှေရောင်အလင်းကို ဆုံးရှုံးသွားလေပြီ။
ဝတ်ရုံနက်နှင့်လူ၏ မျက်လုံးသည် တလက်လက် ဖြစ်လာကာ သူက ရှေ့သို့ ကြမ်းတမ်းစွာ လက်ဆန့်ထုတ်၏။ ကျန်သည် ရွှေရောင်အလင်းတို့ ကျိုးပျက်သွားသည်။ ဝမ်လင်း၏ ကောင်းကင်ဘုံသွေးမျိုးဆက်မှာ သူ၏ခန္ဓာကိုယ်ကနေ လုံးဝ ခွဲထုတ်ယူခြင်း ခံလိုက်ရသည်။
ထိုအခါ ရွှေရောင်ပုံရိပ်သည် ရွှေ့လျားကာ ရွှေရောင်သွေးတစ်စက်အဖြစ် ပြောင်းလဲ၏။
ထိုသွေးစက်တွင် အင်မောတယ်ကောင်းကင်ဘုံခန္ဓာကိုယ်အတွက် တစ်ဝက်တိတိ ပြီးပြည့်စုံသော စာလုံး ပါဝင်သည်။ ထိုသွေးစက်သည် အရူး ဝမ်လင်းကို ပေးခဲ့သော ကံကောင်းမှုကနေ သန့်စင်ထားခဲ့ခြင်း ဖြစ်သည်။
ကောင်းကင်ဘုံသွေးဆက် မရှိတော့သည်နှင့် တွန်းကန်အားလည်း မရှိတော့ပေ။ ဝမ်လင်းသည် အရူးနှင့် စတွေ့ခဲ့ချိန်က အနေထားအတိုင်း ပြန်ရောက်သွားလေပြီ။ သူ၏ခန္ဓာကိုယ်တွင်းမှ တစီစီအသံများ ပဲ့တင်ထပ်ပြီး သူသည် သူ၏ရှေးဟောင်းနတ်ဘုရားခန္ဓာကိုယ်သို့ ပြန်ရောက်ရှိသွားလေသည်။
“အင်မောတယ်ကောင်းကင်ဘုံခန္ဓာကိုယ်…။ ဒါဟာ အင်မောတယ်ကောင်းကင်ဘုံခန္ဓာကိုယ်ပဲ။ မင်း ဒါကို ဘယ်နေရာကနေ ရလာခဲ့တာလဲ…” ဝတ်ရုံနက်အဘိုးအိုသည် ဝမ်လင်း၏အထက်တွင် မြောလွင့်နေသော ရွှေရောင်သွေးကို ကြည့်၏။ သူ၏မျက်လုံးထဲတွင်လည်း အားကောင်းသော စိတ်လှုပ်ရှားမှု ရှိနေရုံသာမက သိသိသာသာ ကြောက်ရွှံ့မှုပါ ရှိနေ၏။
အုပ်စိုးသူအဖို့ ခုလိုမျိုး အမူအရာ ဖြစ်ပေါ်သည်မှာ ဖြစ်ခဲလွန်းသည်။ ထိုသွေးကသာ သူ့ကို ဒီလိုမျိုး ဖြစ်စေနိုင်၏။ သူသည် ဝမ်လင်းနှင့် ပတ်သတ်၍ အရာအားလုံးကို သိထားပေ၏။ သို့သော် သူ့အဖို့ ဝမ်လင်း မြေနိမ့်သားရဲအတွင်း၌ ဖြစ်ပျက်ခဲ့သမျှကို သိရန် နည်းလမ်းတော့ ရှိမနေပေ။
ထိုအခိုက်တွင် အုပ်စိုးသူသည် ရှေ့သို့ လှမ်း၏။ သူ၏ညာလက်ကို ရွှေရောင်သွေးစက်ထံ လက်ဆန့်တန်းလိုက်သည်။
သူ ထိုသို့ လှုပ်ရှားလာစဉ် ဝမ်လင်း၏မျက်လုံးထဲတွင် ကြောက်မက်ဖွယ်အေးစက်စက် အကြည့် ဖြစ်ပေါ်လာသည်။ သူသည် သူ့လျှာထိပ်ကို ကိုက်ကာ သူ၏ရှေးဟောင်းသွေးများကို မြားတစ်စင်းအလား ထွေးထုတ်ပစ်လိုက်သည်။ သူက သူ၏သိုလှောင်နေရာလွတ်ကို ဖွင့်လှစ်လိုက်ရာ အနက်ရောင်နန်းတော် ပေါ်လာသည်။
ထိုနန်းတော် ပေါ်လာသည်နှင့် လောကသည် နက်မှောင်ကာ ဝမ်လင်း၏ရှေးဟောင်းသွေးက ထိုနန်းတော်၏ ပြတင်းပေါက်များထဲမှ တစ်ခုပေါ်သို့ ကျရောက်သွားပြီး အနီရောင်စွန်းထင်းသွားသည်။
“ရှေးဟောင်းဝမ်လင်းဆိုတဲ့ ငါ့အမည်နာမနဲ့ ငါဟာ သင့်ရဲ့ ချိပ်ပိတ်မှုကို ဖြေလျှော့ပြီး သင့်ကို လွတ်လပ်ခွင့် ပေးတယ်။ ငါ့ကို ကူညီပြီး ငါ့ရန်သူကို သတ်ပေးပါ…” ဝမ်လင်း၏ကျင့်ကြံမှုအဆင့်ဖြင့် သူသည် ပြတင်းပေါက်တစ်ခုကိုသာ ဖွင့်လှစ်နိုင်ပြီး ယဲ့မိုချိပ်ပိတ်ထားသော အစွမ်းထက်စိတ်ဝိညာဉ်များထဲမှ တစ်ခုကိုသာ ထုတ်လွှတ်ပေးနိုင်သည်။
သူ့အသံ ပဲ့တင်ထပ်သွားရင်း အနက်ရောင်နန်းတော်၏ ပြတင်းပေါက်သည် တုန်ခါလာ၏။ အက်သံများ ထွက်ပေါ်လာကာ ၎င်းသည် ရုတ်တရက် ပျက်စီး၏။ ပြင်းထန်သော စိတ်လှုပ်တရှား ဖြစ်သော ဟိန်းအော်သံတစ်သံ ထိုပျက်စီးသွားသော ပြတင်းပေါက်ထံမှ ထွက်ပေါ်လာသည်။
“သောက်ယဲ့မို…မင်းက ဒီအဘိုးအို၊ အရှင်ကြက်သွေးရောင်စိတ်ဝိညာဉ်ကို နှစ်ပေါင်းမရေမတွက်နိုင် ချိပ်ပိတ်ထားခဲ့တယ်။ ဒီနေ့တော့ နောက်ဆုံးမှာ ဒီအဘိုးအို လွတ်လပ်သွားပြီ…” ထိုအော်သံနှင့်အတူ အနီရောင်အရိပ်တစ်ခု ထိုးထွက်လာ၏။ ထိုအရိပ်၏ မျက်နှာကို မြင်ရဖို့ မဖြစ်နိုင်ပေ။ ၎င်းသည် သွေးနီရောင်ဟူ၍သာ သိလိုက်ရ၏။ သူနှင့်အတူ တုန်လှုပ်ဖွယ်အော်ရာတစ်ခု ထွက်ပေါ်လာသည်။
အုပ်စိုးသူသည် အလွန်နီးကပ်နေ၏။ ထို့ကြောင့် သူသည် ထွက်ပေါ်လာသော သွေးအရိပ်၏ ထိခတ်ခြင်းကို ခံလိုက်ရ၏။ သူသည် နောက်သို့ ပေရာချီ လွင့်ထွက်သွားပြီး သူ၏မျက်နှာကို အုပ်နေသော ဝတ်ရုံစပါ လန်သွားရာ သူ၏ပုံပန်းသွင်ပြင် လှစ်ဟပေါ်သည်။
“အရှင်ကြက်သွေးရောင်စိတ်ဝိညာဉ်…”
ထိုအနီရောင်အရိပ်သည် ရယ်မောကာ သူသည် အုပ်စိုးသူနှင့် ဝမ်လင်းတို့ကို ကြည့်ပင် မကြည့်ပေ။ ဖျပ်ခနဲအတွင်း သူသည် အကွာအဝေးတစ်ခုရှိ ကောင်းကင်ဘုံကိုယ်လုပ်တော်ထံ ဦးတည်သွား၏။ သွေးအရိပ်သည် ထိုအမျိုးသမီးကို ဝန်းရံသွားကာ သူမသည် အလန့်တကြား အော်ဟစ်၏။ သူမ၏နူးညံ့သောခန္ဓာကိုယ်မှာ အရည်ပျော်ကျသွားပြီး သွေးအရိပ်၏ ဝါးမြိုခြင်း ခံလိုက်ရသည်။
သွေးအရိပ်သည် ရယ်မောရင်း ကောင်းကင်ထက်သို့ ထိုးတက်သွား၏။ အပြာရောင်တစ်ချက် လင်းလက်ကာ ဧရာမအပေါက်ကြီးတစ်ခု ပေါ်လာ၏။ သွေးအရိပ်သည် ထိုအပေါက်သို့ ဦးတည်ဝင်ရောက်လာသည်။
ထိုအခိုက်အတန့်၌ အတွင်းနယ်မြေရှိ အစစ်အမှန် ဟင်္သာပြဒါးဂြိုဟ်ပေါ်တွင် သေမျိုးမြို့တော်တစ်ခု၌ အရူးသည် ဆီရွှမ်းနေသော ကြက်ပေါင်တစ်ချောင်းကို ကိုင်ထား၏။ သူသည် သူဖုန်းစားအုပ်စုကြားတွင် ထိုင်နေကာ ထိုသူတို့၏ မနာလွန်အားကျသော အကြည့်အောက်တွင် ကြက်ပေါင်ကို တစ်ကိုက်ကိုက်လိုက်သည်။ သူသည် ကောင်းကင်ထက်သို့ ကြည့်ကာ ငေးမောနေလေ၏။
“သေစမ်းကွာ…။ သူ ဒီနေရာမှာ မရှိတော့ဘူးဟ။ သူက ဒီဘုရင်ကို ထပ်ပြီး ဂရုမစိုက်တော့ဘူးပဲ။ မဟုတ်သေးဘူး။ ငါ သူ့ကို သွားရှာဖို့ လိုတယ်။ သူ ငါ့ကို ထားခဲ့လို့ မဖြစ်ဘူး။ အား…”