ကြင်နာမှုအဆုံးသပ်…
Vol. 119 Ch. 1639
ထိုသွေးအရိပ်သည် ရေတွင်းထဲမှ ထိုးထွက်လာချိန်၌ သည်ချိပ်ပိတ်မှုတွင် ဧရာမတွင်းပေါက်တစ်ခု ပေါ်လာလေ၏။
ထိုအပေါက် ပေါ်လာသည့်အခါ သည်လောကမှာ စတင် တုန်ခါသည်။ တွင်းပေါက်ကို ဗဟိုပြု၍ မရေမတွက်နိုင်သော အက်ကြောင်းများစွာ ပျံ့နှံ့၏။ အဝေးမှ ကြည့်ပါက ဤအရာသည် တုန်လှုပ်ဖွယ်မြင်ကွင်းတစ်ခုပင်။
အက်ကြောင်းများ ကောင်းကင်ထက်တွင် ပေါ်လာနေရင်း မရေမတွက်နိုင်သော အက်ရာများသည် ရေပြင်မျက်နှာပြင်ထက်၌လည်း ပေါ်လာ၏။ သည်လောကတစ်ခုလုံးသည် ပျက်စီးတော့မည့်အလား အပြင်းအထန် တုန်ခါသည်။
အရူးသည် ကောင်းကင်ထက်မှ ထွက်ပေါ်လာ၏။ အရှင်ကြက်သွေးရောင်စိတ်ဝိညာဉ်က တစ်စက်လေးမှ အောက်သို့ ပြန်မကြည့်ပေ။ သူသည် ကောင်းကင်ထက်တွင် အပေါက်ဖောက်ပြီးနောက် ရယ်မောကာ ထွက်ခွာသွားလေ၏။
“ကောင်လေး…မင်းကိုယ်ပေါ်မှာ ရှေးအော်ရာ ရှိနေတယ်။ ဒီအဘိုးအိုက မင်းကို သတ်သင့်တယ်။ ဒါပေမဲ့ မင်းက ငါ့ကို လွှတ်ပေးလိုက်တဲ့အတွက် ဒီကိစ္စကို ထည့်မတွက်တော့ဘူး။ ဟားဟား…နောက်ဆုံးတော့ ဒီအဘိုးအို လွတ်လပ်သွားပြီကွ…”
အရှင်ကြက်သွေးရောင်စိတ်ဝိညာဉ်၏အသံသည် ပဲ့တင်ထပ်၏။ သူ ထွက်ခွာခြင်းကို မည်သူကမျှ မတားဆီးနိုင်ပေ။ အုပ်စိုးသူသည်ပင် အရှင်ကြက်သွေးရောင်စိတ်ဝိညာဉ် တဖြည်းဖြည်း ပျောက်ကွယ်သွားသည် စောင့်ကြည့်နေရင်း အလေးအနက်ဟန်ပန် ဖြစ်လာ၏။
အရှင်ကြက်သွေးရောင်စိတ်ဝိညာဉ်ကို ဝမ်လင်း မျှော်လင့်ထားသလိုပင် ထိန်းချုပ်၍ မရနိုင်ပေ။ သို့သော် သူသည် နောင်တရသလိုခံစားမိရဆဲ ဖြစ်၏။ သို့သော် ထိုသူ့ကို လွှတ်ပေးလိုက်ခြင်းက အုပ်စိုးသူ ဝမ်လင်း၏အထက်ရှိ ရွှေရောင်သွေးထံ လက်ဆန့်တန်းယူသည့် အန္တရာယ်ကိုမူ ဖြေရှင်းပြီးသွားသည်။
သူသည် ချိပ်ပိတ်မှုကိုလည်း ချိုးဖျက် ဖွင့်လှစ်သွားသေး၏။ ထို့ကြောင့် ဝမ်လင်းသည် တဖန် လွတ်လွတ်လပ်လပ် လှုပ်ရှား၍ ရလာသည်။
ဝမ်လင်းသည် သူ့ညာလက်ကို ပင့်မြှောက်ကာ သူ၏အထက်ရှိ ရွှေရောင်သွေးကို ဖမ်းယူလိုက်၏။ ထိုသွေးစက်သည် အလွန်တရာ သန့်စင်ပြီး သူ၏ကောင်းကင်ဘုံသွေးမျိုးဆက် ဖြစ်သည်။ ထို့ကြောင့် ၎င်းကို သူ၏သိုလှောင်နေရာလွတ်အတွင်းသို့ ထည့်မထားနိုင်ပေ။ သူသည် ၎င်းကို လက်ထဲတွင် ကိုင်လျက် ကောင်းကင်ထက်ရှိ အပေါက်သို့ ဦးတည်လေ၏။
“ငါသာ ဒီနေရာကနေ ထွက်ခွာနိုင်ရင် ဒီကပ်ဘေးမှာ ရှင်သန်နိုင်လောက်တယ်။ အခု အပေါက်ကလည်း ပွင့်ဟသွားပြီ ဖြစ်တဲ့အတွက် အော်ရာဟာ စိမ့်ထွက်လိမ့်မယ်။ဒါဆို အတွင်းနယ်မြေရဲ့ တတိယအဆင့်ကျင့်ကြံသူတွေက ဒါကို သတိပြုမိလိမ့်မယ်…” ဝမ်လင်း၏မျက်လုံးထဲတွင် ရူးသွပ်မှုတို့ ပြည့်လာကာ သူသည် ကောင်းကင်ထက်သို့ ဦးတည်တိုးဝင်လေ၏။
အုပ်စိုးသူ၏ မူလဥပဒေသနှင့် ရေတွင်းထဲမှလမျှားခြင်းသည် ဝမ်လင်း၏ ကောင်းကင်ဘုံသွေးမျိုးဆက်ကို ထုတ်ယူပစ်ခဲ့၏။ သူ၏ရည်ရွယ်ချက်မှာ ကောင်းကင်ဘုံသွေးစက်ကို အရယူရန် ဖြစ်သည်။ ဝမ်လင်း ကိုယ်တိုင် ၎င်းကို စိတ်လိုလားစွာ ထုတ်ပေးခဲ့ခြင်း မဟုတ်သော်လည်း အုပ်စိုးသူသည် သူ ဆန္ဒရှိသည့်အရာကို ရယူနိုင်သော နည်းလမ်းများ ရှိနေသည်။
သို့သော် အရှင်ကြက်သွေးရောင်စိတ်ဝိညာဉ် ထိုးထွက်လာခြင်းကြောင့် သူသည် နောက်သို့ ပေရာချီ ဆုတ်သွားခဲ့ရ၏။ သူသည် အန္တရာယ်မဖြစ်သွားသော်လည်း သူ၏မူလခန္ဓာကိုယ်က ဒုတိယအကြိမ် သွေးအန်လိုက်ရ၏။
ပထမတစ်ကြိမ် သွေးအန်ရခြင်းမှာ သူ မြားကို ဖမ်းယူခဲ့ချိန်က ဖြစ်၏။
နောက်သို့ လွင့်စင်သွားရသည့်နောက် သူသည် ထိုသွေးစက်ကို ရနိုင်မည့် အခွင့်အရေးကို လက်လွှတ်လိုက်ရ၏။ ထို့အတွက်ကြောင့် ဝမ်လင်းအဖို့ မကောင်းသည့်အရာတစ်ခုတော့ မဟုတ်လေတော့ပေ။ သူ၏ရှေးဟောင်းနှင့်ကောင်းကင်ဘုံခန္ဓာကိုယ်တို့က လုံးဝ မပေါင်းစည်းနိုင်ရာ တွန်းကန်အားက သူ၏ခေါင်းထက်၌ ဝဲနေသော ဓားတစ်လက်အလား ဖြစ်နေခဲ့၏။ သူသည် သူ၏ခန္ဓာကိုယ်ဆက်တိုက် ပျက်စီးနေရင်း အလွန်အမင်း အန္တရာယ်များနေခဲ့သည်။
သို့သော် ခုချိန်၌ ရှေးဟောင်းနှင့် ကောင်းကင်ဘုံစွမ်းအားများကို အုပ်စိုးသူက ခွဲခြားထုတ်ပစ်လိုက်သည့်အတွက် တွန်းကန်အား၏ ပြဿနာကို ဖြေရှင်းသလို ဖြစ်သွားတော့သည်။ သူ့ခေါင်းပေါ်တွင် ဝဲနေသော ဓားသွားမှာလည်း ကွယ်ပျောက်သွားလေပြီ။
လောကရှိ အရာများသည် ထိုကဲ့သို့ မကြာဆိုသလို ဖြစ်တတ်သည်ပင်။ ဆုံးရှုံးမှုရှိသလို အကျိုးအမြတ်လည်း ရတတ်သည် မဟုတ်ပေလော။
ဝမ်လင်းသည် သူ၏ကောင်းကင်ဘုံခန္ဓာကိုယ်နှင့် ကောင်းကင်ဘုံသွေးမျိုးဆက်တို့ကို ဆုံးရှုံးခဲ့၏။ သို့သော် တစ်ချိန်တည်းမှာ သူ၏ခန္ဓာကိုယ်သည် ရှေးဟောင်းနတ်ဘုရားတစ်ပါး ပြန်ဖြစ်လာခဲ့သည်။ အံ့အားသင့်ဖွယ် ပြန်ကောင်းမွန်နိုင်စွမ်းသည် ထိုးတက်လာ၏။ ဆုံးရှုံးသွားသော သူ၏ကိုယ်တွင်းအင်္ဂါငါးခုမှာ စတင် ပြန်ပေါ်လာသည်။ သူ၏ဒဏ်ရာများ မြန်ဆန်စွာ ပြန်ကောင်းမွန်လာသည်။
သူ၏မူလစိတ်ဝိညာဉ်သည် သူ့ခန္ဓာကိုယ်အတွင်း၌ ပေါ်လာသည်။ ၎င်းသည် အားနည်းနေသော်လည်း ပြင်းထန်သောနာကျင်မှုတော့ ဆက်မဖြစ်တော့ပေ။ သူသည် ပို၍ သက်တောင့်သက်သာ ခံစားမိရ၏။
တစ်ချိန်တည်းမှာ သူ၏ကောင်းကင်ဘုံခန္ဓာကိုယ်မှ ထုတ်ယူခံရသော ရွှေရောင်သွေးသည်လည်း အုပ်စိုးသူ၏ ယူဆောင်ခြင်း မခံရပေ။ သူ့လက်ထဲတွင်သာ ရှိလေ၏။ သူ ရှင်သန်နိုင်ခဲ့လျှင်လည်း ၎င်းသွေးစက်ကို အတင်းအကြပ် ပေါင်းစည်းတော့မည် မဟုတ်ပေ။ ထိုသို့လုပ်ခြင်းမှာလည်း သိသာစွာ မဖြစ်နိုင်ပေ။ ရလဒ်အနေဖြင့် အသက်သေဆုံးသွားသည့်အထိ ဖြစ်နိုင်ပေ၏။
ဝမ်လင်းသည် ၎င်းကို ကောင်းကင်ဘုံခန္ဓာကိုယ် ရတနာတစ်ခုအဖြစ် သန့်စင်ရန်သာ ရွေးချယ်မည် ဖြစ်၏။ ထို့နောက် သူက ထိုရတနာကို သူ၏ခန္ဓာကိုယ်နှင့် သမူဟ ဖြစ်စေမည်။ သို့ဆိုလျှင် တွန်းကန်အား ပြဿနာကို ရှောင်ကွင်းကာ ၎င်း၏စွမ်းအားကို အသုံးပြုနိုင်စွမ်း ရှိနေလိမ့်မည် မဟုတ်လား။
ဝမ်လင်းသည် အရူးထံမှ သည်ကံကောင်းမှုကို ရခဲ့သည့်အချိန်၌ သူ့ထံ၌ ရွေးချယ်ရန် စွမ်းအား မရှိခဲ့ဘဲ အတင်းအကြပ် စုပ်ယူခဲ့ရ၏။ သူသာ ရွေးချယ်ခွင့်ရှိမည်ဆိုပါက ရှေးဟောင်းနှင့်ကောင်းကင်ဘုံစွမ်းအားများကို သူ၏ခုလက်ရှိ ကျင့်ကြံမှုအဆင့်နှင့် ပေါင်းစည်းရန် ကြိုးစားလိမ့်မည် မဟုတ်ပါ။ အရူး၏ မွေးရပ်မြေလောကတွင်ပင် ထိုသို့ ကြိုးစားခဲ့သည့်သူ မည်သူမျှ မရှိနိုင်လောက်ပေ။
ထိုသို့ အတင်းအကြပ် ကြိုးစားပါက ရလဒ်သည် သေခြင်းသာ ဖြစ်သွားနိုင်သည် မဟုတ်လော။
သို့သော် အုပ်စိုးသူ ဝမ်လင်းအပေါ် ဆောင်ယူလာသော သေခြင်းရှင်ခြင်းကပ်ဘေးက သူ၏သည်ပြဿနာကို ဖြေရှင်းပေးသွားခဲ့၏။ ကပ်ဘေးသည် ကပ်ဘေးသာ ဖြစ်၏။ သို့သော် ၎င်းက မဟာကံကောင်းမှုတစ်ခုလည်း ဖြစ်နိုင်သည်ပင်။
ဝမ်လင်းသည် အပေါက်ထံသို့ တရှိန်ထိုး ဦးတည်လာရင်း သည်အတွေးများ သူ၏စိတ်ထဲ၌ တဖျပ်ဖျပ် ပေါ်၏။
ထိုအပေါက် ပေါ်လာသည့်အခါ၌ အတွင်းရှိ အော်ရာအားလုံးသည် အထက်သို့ ဆန်တက် ပေါက်ကွဲလေ၏။
မူလတုန်းက ကွယ်ဝှက်ဖုံးကွယ်နေသော သည်လောကသည် ဆက်လက်၍ မဖုံးဖိထားနိုင်တော့ပေ။ ၎င်းကို အတွင်းနယ်မြေရှိ တတိယအဆင့်ကျင့်ကြံသူများက ချက်ခြင်း ခံစားမိလိုက်၏။
တိမ်ပင်လယ်ကြယ်အဖွဲ့အစည်း၌ အရှင်ဟုန်ရှန်က ဆင့်ခေါ်ခြင်းမြစ်ရှိ ခုနစ်ရောင်စုံနယ်မြေမှ သူတို့ ဖမ်းဆီးလာသော တတိယအဆင့်ကျင့်ကြံသူတစ်ယောက်ကို သန့်စင်လို့နေသည်။ သူသည် ထူးဆန်းမှုတစ်ခုခုကို သတိပြုမိသွားကာ ရုတ်တရက် မော့ကာ အကွာအဝေးတစ်ခုထံသို့ ကြည့်လိုက်၏။ သူ၏အမူအရာသည် ကြီးစွာ ပြောင်းလဲသွားသည်။
“မကောင်းတော့ဘူး…” အရှင်ဟုန်ရှန်သည် သူ၏ရှေ့ရှိ ရုပ်သေးကို ချက်ခြင်း သိမ်းဆည်းလိုက်ပြီးနောက် ရှေ့သို့ လှမ်းလိုက်၏။ သူသည် အမြန်ဆုံးနှုန်းကို အသုံးပြုကာ လှိုင်းဂယက်များထကာ ပျောက်ကွယ်သွားလေတော့၏။
သူ ပျောက်ကွယ်သွားသည့်အခိုက်တွင် အရှင်ကျုံးရွှမ်၏ ဆရာသည်လည်း သတိပြုမိသွား၏။ သူ၏မျက်လုံး သူငယ်အိမ်မှာ ကြုံ့သွားပြီး သူသည် ဒီလောကနှင့် မြန်ဆန်စွာ ပေါင်းစပ်လိုက်သည်။
တောက်ပသောလေဟာနယ်နယ်မြေ၊ မိုးကောင်းကင်ဘုံနယ်မြေထဲ၌ ချင်းလင်သည် တံခါးပိတ်ကျင့်ကြံကာ ဒဏ်ရာ ကုသနေ၏။ သူသည် မြူများ ဝန်းရံထားသော လျှို့ဝှက်ခန်းတစ်ခုအတွင်း၌ ရှိနေ၏။ သည်အခိုက်တွင် သူသည် ရုတ်တရက် မျက်လုံးဖွင့်လာပြီး တုန်လှုပ်မိသွားသည်။
“အုပ်စိုးသူ…” သူ၏မျက်နှာသည် ရှုံ့တွသွားကာ သူက ညာလက်ဖြင့် သူ့ရှေ့တွင် အဟတစ်ခု ဖြစ်ပေါ်အောင် ဆုတ်ဖြဲလိုက်၏။ သူ ချက်ခြင်း ပျောက်ကွယ်သွားလေသည်။
တောက်ပသောလေဟာနယ်အတွင်း၊ အလောင်းကောင်ကလန်ထဲ၌ အရှင်တောင်ပိုင်းတိမ်သည် အစီအရင်အလံများကို သန့်စင်လို့နေ၏။ ထိုအလံများသည် လာမည့်စစ်ပွဲကြီးအတွက်ပင်။ သို့သော် သူ သန့်စင်နေရင်း ရုတ်တရက် မော့ကြည့်လိုက်၏။ သူ၏အမူအရာမှာ ပြောင်းလဲသွားပြီး ချိပ်ပိတ်ထားသော အော်ရာကို သတိပြုမိလိုက်သည်။ ထို့နောက် သူသည် ရှေ့သို့ ချက်ခြင်း ခြေလှမ်းလိုက်လေ၏။
ဆင့်ခေါ်ခြင်းမြစ်အတွင်းရှိ တတိယအဆင့်ကျင့်ကြံသူများသည်လည်း ထိုအော်ရာကို သတိပြုမိသည်။ သူတို့အားလုံး စိုးရိမ်ပူပန်စွာ လှုပ်ရှားလာကြသည်။
အလုံးစုံကောင်းကင်၌ အစိမ်းရောင်ဝတ်ရုံဖြင့်လူတစ်ယောက်သည် ကြယ်များကြား ငြိမ်သက်စွာ လှမ်းလျှောက်နေသည်။ သူသည် တစ်စုံတစ်ခုကို ရှာဖွေနေသည့်အလား မကြည်မသာဟန်ပန်ဖြင့် ရှေ့သို့ ကြည့်နေ၏။ သို့သော် သူသည် မည်သည့်အရိပ်အယောင်ကိုမျှ မတွေ့ပေ။
ထိုသူမှာ ချင်းရွှေပင်။ သူသည် သက်ပြင်းချကာ ရှေ့သို့ ကြည့်ဟန် ပြင်လိုက်ပြီးမှ ရုတ်တရက် နောက်လှည့်ကြည့်လိုက်၏။ သူ၏အမူအရာမှာ ပြောင်းလဲသွားပြီး သူသည် တောက်ပသောလေဟာနယ်ကြယ်အဖွဲ့အစည်းရှိရာသို့ စိုက်ကြည့်လိုက်သည်။
“ဝမ်လင်း…” အတွင်းနယ်မြေ၌ ရုတ်ချည်း ပေါ်လာသော အော်ရာတစ်ခုကို ခံစားမိပြီးနောက် ချင်းရွှေသည် သူ၏ကိုယ်ရေးကိုယ်တာ ကိုစ္စကို ဆက်၍ မတွေးတော့ပေ။ သူ၏မျက်လုံးထဲတွင် အေးစက်မှုနှင့် သတ်ဖြတ်လိုစိတ် ပေါ်လာကာ သူသည် တောက်ပသောလေဟာနယ်ထံသို့ ဦးတည်လာတော့သည်။
ဆင့်ခေါ်ခြင်းမြစ်အတွင်း၌ ဝမ်လင်း၏ နတ်ဘုရားပြစ်ဒဏ်အတွင်း လွတ်မြောက်သွားခဲ့သော ထိုလူငယ်သည် သူရှာနေသောနေရာကို ခုထိ မရှာနိုင်သေးဘဲ ရှိ၏။ သူသည် သူ ထင်သည့်နေရာတိုင်းကို ပိုက်စိပ်တိုက်ရှာရန် ဆုံးဖြတ်ထားလေ၏။ ထိုသို့ တွေးနေရင်း သူ၏မျက်လုံးသည် ရုတ်တရက် လက်ခနဲ ဖြစ်ကာ တောက်ပသောလေဟာနယ်ကြယ်အဖွဲ့အစည်းထံသို့ ကြည့်လိုက်သည်။
“အယ်…” သူ့မျက်လုံးသည် ကျဉ်းမြောင်းသွားကာ လှိုင်းဂယက်များ ပေါ်လာပြီးနောက် သူသည် ပျောက်ကွယ်သွားလေသည်။
မိုးကြိုးကောင်းကင်ဘုံနယ်မြေ၌ ကျယ်လောင်စွာတုန်ဟည်းသံ ဖြစ်ပေါ်သည်။ ဆန်းကြယ်လှသော တစ္ဆေအိုကြီးကျန့်က လှမ်းထွက်လာကာ တောက်ပသောလေဟာနယ်ထံသို့ ဦးတည်လေသည်။
အရှင်ကြက်သွေးရောင်စိတ်ဝိညာဉ်က ထိုချိပ်ပိတ်မှုကို ချိုးဖျက်လိုက်သည့်အခါ၌ အစွမ်းထက်ကျင့်ကြံသူများစွာသည် ၎င်းကို သတိပြုမိသွားကြ၏။ သူတို့အားလုံးသည် နေရာအသီးသီးမှ အပြေးလှမ်းလာကြတော့၏။
အဖြစ်အပျက်အားလုံးသည် မြန်ဆန်လွန်း၏။ ဝမ်လင်းသည် အပေါက်ထံမှ လှမ်းထွက်ရန် ပြင်လိုက်သည်။ ဝမ်လင်းထွက်ခွာသွားတော့မည်ကို ကြည့်နေရင်း အုပ်စိုးသူ၏မျက်လုံးထဲတွင် ဆန်းကြယ်သောအလင်းတစ်ခု လှစ်ဟပေါ်၏။ သူသည် သူ၏အစီအစဉ်ကို အကျရှုံးခံမည် မဟုတ်ပေ။ ချိပ်ပိတ်မှု ပျက်စီး၍ အတွင်းနယ်မြေမှ လူတိုင်းက ၎င်းကို ခံစားမိခဲ့ကြ၏။ ထိုအခါ တစ္ဆေအိုကြီးကျန့် သို့မဟုတ် အတိတ်တုန်းက သူ့ကို ဟိန်းအော်သံတစ်သံဖြင့်ပင် ဒဏ်ရာအပြင်းအထန် ရစေခဲ့သော ဆန်းကြယ်သောလူသည်ပင် ချက်ခြင်း ပေါ်လာနိုင်လေ၏။ သို့ပင်ငြားလည်း သူသည် ဝမ်လင်း လွတ်မြောက်မည်ကို ခွင့်ပြုနိုင်မည် မဟုတ်ပေ။
“အိပ်မက်ပြာ။ ငါတို့ သဘောတူညီမှုကို မမေ့ပါနဲ့။ ငါ မင်း ဇနီးရဲ့ခန္ဓာကိုယ်ကို ရအောင် ကူညီပေးခဲ့ဖူးတယ်…” အုပ်စိုးသူ၏အသံသည် တည်ငြိမ်၏။ တစ်ချိန်တည်းမှာ သူက သူ၏သွေ့ခြောက်သောလက်ကို ကောင်းကင်ထက်သို့ ညွှန်လိုက်သည်။
သူ ထိုသို့ ပြောလိုက်သည့်နောက်တွင် ကောင်းကင်ထက်မှ သက်ပြင်းချသံတစ်သံ ထွက်ပေါ်လာသည်။ ဝမ်လင်းသည် ကောင်းကင်ထက်ရှိ အပေါက်ထဲသို့ ခြေလှမ်းဝင်စဉ် အပြာရောင်အလင်းစုဝေးလာကာ အလင်းမျက်နှာပြင်အကာတစ်ခုအဖြစ် ဝမ်လင်းကို ပိတ်ဆို့လေ၏။ ထိုမျှသာမက ယင်းအပြာရောင်အလင်းကာသည် ဝမ်လင်းကို အတွင်းသို့ပင် ပြန်ကန်ဝင်ရောက်သွားစေသည်။
သူသည် တိုက်ခိုက်မည် မဟုတ်ဟု ပြောခဲ့ဖူး၏။ သို့သော် ဤအခိုက်အတန့်တွင်မူ သူသည် တိုက်ခိုက်ခဲ့ရလေပြီ။
သူ တိုက်ခိုက်ကာ ဝမ်လင်း ထွက်သွားမည်ကို ပိတ်ဆို့လိုက်သည့်မှစ၍ သူတို့နှစ်ယောက်ကြားရှိ ဆက်ဆံရေးမှာ ရှင်းလင်းစွာ ကျိုးပြက်သွားလေပြီ။
ဝမ်လင်း၏မျက်လုံးထဲတွင် ရှုပ်ထွေးသောအကြည့်တစ်ခု ဖြစ်ပေါ်လာ၏။ သူသည် နောက်သို့ ပြန်ကန်လာစဉ် အုပ်စိုးသူ၏ ညာလက်က ကောင်းကင်ထက်သို့ ဆန့်တန်းလိုက်ရာ အနီရောင်အလင်းတစ်ချက် ပေါ်လာ၏။ သိပ်မကြာခင်တွင် လိမ္မော်ရောင်အလင်း ပေါ်လာသည်။ မျက်စိတစ်မှိတ်အတွင်း ခုနစ်ရောင်စုံအလင်းသည် ကောင်းကင်ထက်၌ ပြည့်နှက်လာ၏။
ထိုရောင်စုံခုနစ်ခုသည် အတူတကွ ယှက်လိမ်၏။ သိပ်မကြာခင်တွင် ဧရာမခုနစ်ရောင်စုံ လှံရှည်တစ်လက်သည် အုပ်စိုးသူ၏အထက်တွင် ပေါ်လာ၏။
သူက ထိုခုနစ်ရောင်စုံလှံကို ညာလက်ဖြင့် ဖမ်းကိုင်လိုက်ပြီး ဝမ်လင်းထံ အေးစက်စက်ကြည့်ကာ လှံကို ပစ်လွှတ်လိုက်လေ၏။
ခုနစ်ရောင်စုံလှံသည် လေထုကို တဝီဝီ ဖြတ်သန်းကာ အဖျက်အစီးအော်ရာနှင့် ဝမ်လင်း မခုခံနိုင်သောစွမ်းအားကို သယ်ဆောင်လာသည်။
ယင်းကား မရဏလှံတည်း။
***