သေခြင်းရှင်ခြင်း
Vol. 119 Ch. 1640
“ခုနစ်ရောင်စုံလှံ…” အရူးသည် အရင်တုန်းက သည်မန္တာန်ကို အသုံးပြုပြခဲ့ဖူး၏။ ဝမ်လင်းသည် ၎င်းမန္တာန်၏ ဂါထာနှင့်ချိပ်ဟန်များကိုပင် သိထားသည်။ သို့ပေမည့် သူသည် ၎င်းကို နားမလည်ပေ။ ထို့ကြောင့် သူက ဤမန္တာန်ကို အသုံးမပြုနိုင်ပေ။
သို့သော် သူသည် ဒီခုနစ်ရောင်စုံလှံတွင် လောကကို ဖျက်စီးနိုင်သည့် စွမ်းအား ပါဝင်သည်ကိုမူ သိသည်။ ယင်းကား နယ်မြေလောင်ကျွမ်းခြင်းထီးကဲ့သို့ပင် သည်လောကမှ မပိုင်ဆိုင်သည့် အစွမ်းထက်မန္တာန်တစ်ခု ဖြစ်၏။
ဝမ်လင်း၏ရှေ့ရှိ အရာအားလုံး လွင့်ပါးကွယ်ပျောက်ကာ ကျန်သည့်အရာဟူ၍ ခုနစ်ရောင်စုံအလင်းသာ ဖြစ်သည်။ သူ၏မျက်လုံးထဲတွင် မျှော်လင့်ချက်မဲ့မှုတို့ ပြည့်နှက်သလို သေဆုံးခြင်းအော်ရာက သူ့ခန္ဓာကိုယ်ကို ခြုံလွှမ်းလာသည်။
ဝမ်လင်းသည် သူ ထိုလှံချက်ကို မရှောင်နိုင်၊ မလွတ်မြောက်နိုင်၊ မခုခံနိုင်သည်ကို သိသည်။ ထိုခုနစ်ရောင်စုံလှံသည် အစစ်အမှန်သေခြင်းတရားကပ်ဘေးတစ်ခု ဖြစ်လေ၏။
သူ၏အမြင်တွင် တိမ်တိုက်များ လှိမ့်တက်လာသော မြင်ကွင်း တဖန် ပေါ်လာ၏။ သူသည် အနက်ရောင်တိမ်စိုင်များထံမှ လွတ်မြောက်ရန် ကြိုးစားသည့် အကူအညီမဲ့စွာ သေဆုံးသွားခဲ့ရသော အဖြူရောင်ငှက်တစ်ကောင်၏အဖြစ်ကို ပြန်မြင်ယောင်မိနေသည်။
၎င်းငှက်သည် ရုန်းကန်ခဲ့၏။ သို့သော် အဆုံးသပ်၌ တိမ်စိုင်တိမ်နက်များ၏ ဝါးမြိုခြင်းကို ခံခဲ့ရလေသည်။
ကောင်းကင်သည် ခုနစ်ရောင်စုံအလင်းဖြင့် ခြုံလွှမ်းနေ၏။ လှံက နီးသထက် နီးလာ၏။ ဝမ်လင်းက ခါးသီးစွာ ပြုံးမိသည်။ သူသည် ဤသေခြင်းတရားကပ်ဘေးကနေ မလွတ်မြောက်နိုင်လောက်တော့သည်ကို သဘောပေါက်ခဲ့ပြီ။
“အဖေ၊အမေ…ထေ့ကျူး ပင်ပန်းလွန်းနေပြီ…။ သား သင်တို့နဲ့အတူ အဖော်ပြပေးဖို့ လာခဲ့တော့မယ်…” ဝမ်လင်း၏မျက်လုံးထဲရှိ မျှော်လင့်ချက်မဲ့မှုက ပျောက်ကွယ်ကာ စိတ်သက်သာရာရမှု အစားထိုးလာသည်။
သူသည် ပင်ပန်းလွန်းနေခဲ့ပြီ။ သူ အနားရလိုချင်၏။ သူ မျက်လုံးမှိတ်လို၏။ သူ သေမျိုးတစ်ယောက်လို အပူအပင်မဲ့ ရှင်သန်လိုသည်။ သူသည် အသေအကြေ ရှင်သန်ရအောင် ရုန်းကန်နေရမှုများကို မရင်ဆိုင်ချင်တော့ပေ။
သူသည် ဟင်္သာပြဒါးဂြိုဟ်ပေါ်တွင် ကျင့်ကြံသူများ ရှိနေသည်ကို မသိလိုတော့ပေ။ တခြားကျင့်ကြံခြင်းနိုင်ငံများ ရှိသည်ကိုလည်း မသိလိုတော့၊ ဟင်္သာပြဒါးဂြိုဟ်၏ အပြင်ဘက်တွင် ကျင့်ကြံခြင်းမဟာမိတ်ရှိနေသည်ကိုလည်း မသိလိုတော့ပေ။
သူသည် ဟင်္သာပြဒါးဂြိုဟ်အပြင်ဘက်၌ ဤကဲ့သို့ တခြားဂြိုဟ်များ မရေမတွက်နိုင်အောင် ရှိနေသည်ကိုလည်း မသိချင်တော့ပေ။
သူသည် တောက်ပသောဟင်းလင်းပြင်၏ အပြင်ဘက်၌ အလုံးစုံကောင်းကင်၊ တိမ်ပင်လယ်၊ ဆင့်ခေါ်ခြင်းမြစ်တို့ ရှိနေသည်ကိုလည်း မသိချင်တော့ပါ။
သူသည် အတွင်းနယ်မြေရှိ ဖြစ်ပျက်သမျှ၊ရှိသမျှအရာများစွာကို မသိချင်တော့၊ သူသည် ပြင်ပရှိ အပြင်နယ်မြေအကြောင်းကိုလည်း မသိချင်တော့ပေ။
သူ အသက်ရှင်သန်နေရင်း သူသည် ဤကဲ့သို့ နောက်ထပ်နောက်ထပ် အရာများစွာ ရှိနေသည်ကို ရေးတေးတေး သဘောပေါက်လာခဲ့ပေ၏။
“အားလုံးပြီးသွားပြီ။ ငါ လွတ်လပ်သွားပြီ။ ဝမ်အာ…ငါတောင်းပန်ပါတယ်။ အဆုံးသပ်မှာတော့ ငါ နင့်ကို ပြန်နိုးထစေနိုင်တဲ့ ခွန်အား မရလာခဲ့ဘူး။ ပိုင်အာ…ငါ တောင်းပန်ပါတယ်။ မင်းရဲ့အဖေက အကောင်းဆုံးလုပ်ပေးခဲ့ပါတယ်…”
ဝမ်လင်းသည် ခါးသီးစွာ ခံစားမိနေရင်း သူသည် မျက်လုံးမှိတ်ထားလိုက်တော့သည်။
ဤအရာများသည် ခုနစ်ရောင်စုံလှံက သူ့ထံ နီးကပ်လာနေရင်း မသေခင် သူ၏နောက်ဆုံးအတွေးများပင်။
သူ မျက်လုံးမှိတ်ထားရင်း သူ၏ရင်ဘက်ပေါ်ရှိ ဝတ်စုံမှာ ပျက်စီး၏။ သူ၏ရင်ဘက်မှာလည်း ပျက်စီး၏။ အသွေးအသားများ ပိုင်းထွက်ကုန်သည်။ သူ၏မျက်နှာမှာလည်း အတူတူပင်။ အမှုန့်အမွှားကနေ အမှုန့်အမွှားအဖြစ်သို့၊ မြေကြီးကနေ မြေကြီးဆီသို့။
ခုနစ်ရောင်စုံအလင်းသည် ပေရာချီမျှသာ လိုတော့သည့်အခါ၌ သူ၏မျက်လုံးရှေ့တွင် နွေးထွေးသောပုံရိပ်များ ပေါ်လာသည်။
ခြံဝန်းတစ်ခုအတွင်း၌ သူ၏အဖေက ဆေးတံခဲကာ အငွေ့များ မှုတ်ထုတ်၊ ပြီးနောက် ဆေးတံကို ပြန်ချသည်။ သူ့လက်ထဲတွင်လည်း ထွင်းထုနေသော သစ်သားပန်းပုမြင်းရုပ်လေး တစ်ခု ရှိသည်။ သူ၏မျက်နှာမှာ ပြုံးနေ၏။ ထိုပန်းပုရုပ်လေးမှာ သူ့သား ထေ့ကျူး(ဝမ်လင်း)၏ ခုနစ်နှစ်ပြည့် မွေးနေ့လက်ဆောင် ဖြစ်သည်။
ဝမ်လင်းက သူ့အဖေနား လေးဘက်ထောက် သွားရင်း အဖေဖြစ်သူ၏ မေးစေ့ကို သူ့လက်လေးများနှင့် ပွတ်သပ်ကာ သူ၏မျက်လုံးထဲတွင်လည်း စိတ်လှုပ်ရှားမှုတို့ ပြည့်နေသည်။ သူသည် မြင်းရုပ်လေးကို စောင့်ကြည့်နေ၏။ သူ၏မျက်လုံးထဲ၌ သူ့အဖေမှာ ပြိုင်ဘက်ကင်း တုနှိုင်းမဲ့ပင်။ သူ၏အဖေကသာ ကောင်းကင်ဘုံပင်။ သူ၏အဖေက အရာအားလုံးကို လုပ်နိုင်သည်ဟု မြင်၏။
သိပ်မဝေးသောနေရာတွင် သူ့အမေက ဒယ်ခွက်တစ်ခုကို ကိုင်ထားသည်။ ကြက်ဘဲများကို အစာကြွေးနေရင်း သူမက သားအဖနှစ်ယောက်ထံ ကြည်ကြည်နူးနူး လှမ်းကြည့်လို့နေသည်။
ထိုပုံရိပ်များသည် တဖြည်းဖြည်း မရေမတွက်နိုင်သော အစိတ်အပိုင်းများအဖြစ် တစစီဖြစ်ကာ လွင့်ပါးသွားလေသည်။ ထိုအစိတ်အပိုင်းများသည် တောင်ကြားတစ်ခုအတွင်း၌ တဖြည်းဖြည်း ပုံစံအသွင် ပြန်ဖွဲ့စည်းလာသည်။
ထိုတောင်ကြားထဲ၌ သစ်သားအိမ်ငယ်လေးတစ်လုံး ရှိ၏။ လီမူဝမ်က ထိုအိမ်ရှေတွင် ထိုင်နေသည်။ သူမရှေ့ရှိ အမျိုးသားဖြစ်သူကို ညင်သာစွာ ကြည့်နေရင်း သူမ၏နူးညံ့သော မျက်နှာလေးပေါ်တွင် ပျော်ရွှင်မှု ထင်ဟပ်နေ၏။ သူမသည် သည်အခိုက်အတန့်ကို စောင့်နေခဲ့သည်မှာ ကြာလွန်းခဲ့ပြီ မဟုတ်လား။ ခုချိန်၌ သူမသည် သူ့ကို ထာဝရအလား ငြိမ်သက်စွာ ထိုင်ငေးကြည့်နေ၏။
သူမ၏ နူးညံ့သောလက်က အိုဟောင်းသောကုချင်းတူရိယာပေါ်သို့ ရွှေ့လျားသွားကာ ပျော့ပျောင်းညင်သာသော တေးဂီတကွက်များကို တီးခတ်လေ၏။
ဂီတသံ ပဲ့တင်ထပ်ရင်း ဝမ်လင်းသည် လီမူဝမ်ကို ကြည့်ကာ သူမ၏ပုံတုပန်းပုရုပ်ကို ထွင်းထုနေလေ၏။
သူတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် အကြည့်ချင်းဆုံနေ၏။ တောင်ကြားမှာ ရှင်းမပြတတ်သောခံစားချက် ထုံးလွှမ်းကာ မမေ့ရက်နိုင်စရာပင်။
ယင်းပုံရိပ်လည်း ဖြည်းဖြည်းချင်း ပျောက်ကွယ်သွား၏။ ၎င်းသည် အစိတ်စိတ်ဖြစ်ပြီးနောက် နောက်တစ်ဖန် ပြန်ဖွဲ့စည်းသည်။ သူသည် မြင့်မားသောတောင်ထိပ်တစ်ခု ပေါ်၌ ရှိနေ၏။ လေပြင်းများ တိုက်ခတ်နေရင်း ဝမ်လင်းသည် တောင်ထိပ်ပေါ်တွင် တိတ်ဆိတ်စွာ ရပ်နေ၏။ သူသည် ဝမ်းနည်းမှု၊ အထီးကျန်မှုတို့ ကြီးစိုးလျက်။
သူက ရှေ့တည့်တည့်သို့ ကြည့်နေရင်း သူ၏မျက်လုံးတွင်း၌ အတိတ်အရိပ်တို့ သမ်းနေ၏။ ယင်းတောင့်တအောက်မေ့မှုကို ကောင်းကောင်း ဖုံးကွယ်ထားသော်လည်း ၎င်းမှာ အလွန်အားကောင်းသဖြင့် သူ၏အရိပ်တွင်း၌ စိမ့်ထွက်နေလေသည်။ ယင်းဝမ်နည်းရိပ်က သူ့နောက်ရှိ လူငယ်တစ်ယောက်၏ မျက်လုံးတွင်းသို့ ကျရောက်သွားသည်။
ထိုလူငယ်သည် ဖျင်ကြမ်းဝတ်စုံကို ဝတ်ဆင်ထား၏။ သူသည် သူ၏အဖေနောက်တွင် ရှိနေချိန်၌ လေများ မည်မျှ ပြင်းထန်ပါစေ၊ သူ့အပေါ်သို့ ကျရောက်လာသည့်အခါတွင် ညင်သာပျော့ပျောင်းသွားလေ၏။ သူ၏အဖေက သူ့ကမ္ဘာကို ထောက်ပိုးပေးထားသော တောင်တစ်တောင်ကဲ့သို့ပင်။ သူ့အဖေသာရှိနေပါက သူသည် တောင်ထိပ်သည် မြင့်မားလွန်းမည်၊ လေများ ပြင်းထန်လွန်းမည်ကို မစိုးရွှံ့ပေ။
သူ့အဖေနှင့်ဆိုပါက သူသည် မည်သည့်အရာကိုမျှ စိုးရွှံ့ထိတ်လန့်နေမည် မဟုတ်ပေ။
ထိုလူငယ်က သူ့အဖေ၏ နောက်ကျောကိုကြည့်ကာ စိတ်လိုလက်ရ ပြောလာ၏။ “အဖေ…ပိုင်အာ သင်နဲ့အတူ ထာဝရ ရှိချင်ပါတယ်။ သားတို့ ဘယ်တော့မှ မခွဲခွာကြဘူး…”
ဝမ်လင်း၏စိတ်ထဲတွင် ပေါ်လာသည့် နောက်ဆုံးပုံရိပ်မှာ ပျက်စီးသွားလေ၏။ သူ၏ခန္ဓာကိုယ်မှာလည်း ထိုစိတ်ကူးပုံရိပ်နှင့်အတူ ပျက်စီးသွားတော့မည်။ ခုနစ်ရောင်စုံလှံသည် တဝီဝီမြည်သံပေးလျက် ဝမ်လင်းထံ နီးကပ်သထက် နီးလာသည်။
သို့ရာတွင် ထိုအခိုက်အတန့်၌ အပြာရောင်အလင်း ဖုံးလွှမ်းနေသော ကောင်းကင်ထက်ရှိ အပေါက်ထံမှ အသံတစ်သံ ထွက်ပေါ်လာသည်။
“အား…”
ထိုအသံသည် အလွန်အမင်း ရုတ်ချည်းဆန်၏။ အပြာရောင်အလင်းသည်ပင် ၎င်းကို မရပ်တန့်နိုင်ပေ။ ထိုအသံသည် ဒီလောကတွင် ပဲ့တင်ထပ်လာရင်း အုပ်စိုးသူ၏အမူအရာမှာ ပြောင်းလဲသွားသည်။ ကောင်းကင်နှင့်မြေကြီး ပြိုလဲပျက်စီးလျှင်ပင် လုံးဝ ပြောင်းလဲခြင်း မရှိသော သူ၏အကြည့်ထဲ၌ အလွန်အမင်းကြောက်လန့်မှု ပြည့်နှက်သွားသည်။
အရှင်ကြက်သွေးရောင်စိတ်ဝိညာဉ် ပေါ်လာသည့်အချိန်တွင်ပင် သူသည် ခုလိုပုံစံမျိုး မဖြစ်ခဲ့ပေ။ သို့သော် အခု သူသည် စကားတစ်လုံးကိုသာ ကြားရသည့်အခါ၌မူ သူ၏စိတ်ပင် ပြိုလဲလုနီးနီး ဖြစ်သွားရကာ နောက်သို့ အလိုလို ဆုတ်မိသွားသည်။ သူ့မျက်နှာထက်တွင် မယုံကြည်နိုင်ဖြစ်မှုနှင့် အသည်းအသန်ကြောက်ရွှံ့မှုတို့ ပြည့်နှက်လာသည်။ သူသည် ထိုစိတ်ခံစားမှုကို ဖုံးကွယ်၍ပင် မထားနိုင်ပေ။
“ဟားဟား…နောက်ဆုံးတော့ ဒီဘုရင် မင်းကို ရှာတွေ့ပြီ။ သေစမ်း….မင်းက တကယ်ပဲ ဒီဘုရင်ကို ချောင်ထိုးထားခဲ့တာပဲ။ ဒါကို ဒီဘုရင် ခွင့်မပြုနိုင်ဘူး…” အပြာရောင်အလင်းအောက်တွင် အရူးသည် လက်ထဲတွင် ကြက်ပေါက်တစ်ဝက်ကို ကိုင်ကာ ထွက်ပေါ်လာ၏။ သူသည် အပြာရောင်အလင်းထံမှ လှမ်းလျှောက်လာသည်။
အရူးပေါ်လာသည်နှင့် သူ၏ခန္ဓာကိုယ်မှ အားကောင်းသော ရွှေရောင်အလင်း ပျံ့နှံ့လာသည်။
အုပ်စိုးသူ၏အမူအရာမှာ ပြောင်းလဲသွား၏။ သူသည် နှစ်ပေါင်မရေမတွက်နိုင်အောင် ကျင့်ကြံခဲ့ပြီး ဖြစ်သည်တောင်မှ သူ၏စိတ်သည် ပြိုလဲရသည်။
“သ…သခင်…” အုပ်စိုးသူသည် အရူးကို ကြည့်ကာ သူ၏အသိစိတ်ပင် လွတ်ထွတ်လုမတတ် ဖြစ်သွား၏။ သူ၏မျက်နှာမှာ ချက်ခြင်း ဖြူရောသွားသည်။
အရူးက ထိုသို့ ပြောလိုက်ပြီးနောက် သူက ဝမ်လင်းနှင့်ခုနစ်ရောင်စုံလှံကို မြင်သွား၏။ ဘန်းခနဲ ပေါက်ကွဲကာ လှံသည် ဝမ်လင်းကို ခုနစ်ရောင်အလင်းတို့ဖြင့် ထွေးခြုံလေသည်။
အရူးသည် ခဏတာ မင်သက်သွားပြီးနောက် သူက တုန်လှုပ်ဖွယ်အော်ဟစ်လိုက်၏။ အုပ်စိုးသူကို လုံးဝလစ်လျူရှုကာ သူ့ခန္ဓာကိုယ်ကို ရွှေရောင်အလင်း ဝန်းရံစေလျက် ခုနစ်ရောင်စုံအလင်းထဲ ခြေလှမ်းဝင်သည်။
“မင်း သေလို့မရဘူး။ မင်း ဒီဘုရင်နဲ့ ခုထိ မကစားပေးရသေးဘူး။ မင်းက ငါ ကစားဖို့ နေရာတော်တော်များများ ခေါ်သွားပေးမယ်လို့လည်း ကတိပေးထားသေးတယ်…” အရူး၏မျက်လုံးထဲတွင် ရူးသွပ်မှုတို့ ပြည့်လာကာ သူသည် အော်ဟစ်လေ၏။ သူသည် ခုနစ်ရောင်စုံအလင်းထံ တရှိန်ထိုး ဝင်ရောက်ကာ ဝမ်လင်း၏ပျက်စီးနေသော ခန္ဓာကိုယ်ကို ထွေးပိုက်လိုက်သည်။
ထိုခုနစ်ရောင်စုံလှံ၌ အဖျက်အစီးအော်ရာတစ်ခု ပါဝင်ပေ၏။ အရူးက ဝမ်လင်းကို ထွေးပွေ့လိုက်ချိန်တွင် ထိုအဖျက်အစီးအားသည် ပေါက်ကွဲထွက်လာသည်။ ခုနစ်ရောင်စုံလှံသည် ကြောက်မက်ဖွယ်ကောင်းလှကာ ၎င်း၏စွမ်းအားသည် အကြိမ်များစွာ ပေါက်ကွဲထွက်ပြီး တစ်ကြိမ်ထက်တစ်ကြိမ် ပိုပြင်းထန်ပေသည်။
ဆက်တိုက် ကျယ်လောင်စွာ ပေါက်ကွဲမှုများ တရစပ် ပဲ့တင်ထပ်သည်။ လောကသည် တုန်ခါပြီး ကောင်းကင်သည် အတင်းအကြပ် ဖွင့်လှစ်ဆုတ်ဖြဲခြင်း ခံရသည်။
အောက်ဘက်ရှိ ရေပြင်သည်ပင် ပေါက်ကွဲ၏။ သည်ချိပ်ပိတ်ထားသော လောကမှာ အစိတ်စိတ်အပိုင်းပိုင်း ဖြစ်ကုန်၏။ ထိုအစိတ်အပိုင်းများသည် အဘက်ဘက်သို့ မုန်တိုင်းတစ်ခုအလား ပြန့်ကျဲသည်။
ထိုမုန်တိုင်းသည် လောကကို ဖွင့်လှစ်၏။ ဟင်းလင်းပြင်ကိုပါ ဆုတ်ဖြဲပစ်သည်။ သည်ချိပ်ပိတ်လောက တည်ရှိမှုအားလုံးကို ဖွင့်လှစ်ပစ်သည်။ ထို့နောက် တွင်းနက်ကြီးတစ်ခု ရုတ်တရက် ပေါ်လာသည်။ ထိုတွင်းနက်သည် မည်သည့်နေရာသို့ ဦးတည်သည်မှန်း မသိရလေပေ။ ၎င်းသည် ပိန်းပိန်းမှောင်နေ၏။
အရူးသည် ပြီးပြည့်စုံသော ကောင်းကင်ဘုံအင်မောတယ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသူ ဖြစ်၏။ သည်ပျက်စီးမှုအတွင်း သူ၏ခန္ဓာကိုယ်မှာ အကြိမ်များစွာ လွင်ပါးပျောက်ကွယ်၏။ အဆုံးသပ်တွင် ခုနစ်ရောင်စုံလှံ၏ အဖျက်အစီးအားအောက်တွင် သူသည် သတိမေ့နေသော ဝမ်လင်းကို ကိုင်ထားလျက် သူတို့နှစ်ယောက်သည် တွင်းနက်၏ စုပ်ယူခြင်းကို ခံလိုက်ရတော့သည်။
ချိပ်ပိတ်လောက ပျက်စီးနေရင်း အုပ်စိုးသူ၏ခန္ဓာကိုယ်သည် ဝေဝါးလာ၏။ သူသည် ပျောက်ကွယ်သွားပြီ ဖြစ်သော တွင်းနက်ထံ စိုက်ကြည့်ကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။
“သူ တကယ်ပဲ ရူးသွားတာပဲ။ တကယ့်ကို ရူးသွားတာ နေမှာ။ ဝမ်လင်းကို ကောင်းကင်ဘုံအင်မောတယ်ခန္ဓာကိုယ် ပေးလိုက်တာ သူပဲ ဖြစ်ရမယ်။ သူသာ မရူးခဲ့ရင် ဒီလိုမျိုး လုံးဝ လုပ်မှာ မဟုတ်ဘူး။ သူက ဒဏ်ရာအပြင်းအထန်လည်း ရထားတယ်။ အတိတ်တုန်းက သူ့စရိုက်အတိုင်းဆို သူဟာ ဘယ်သူ့ကိုမှ ကယ်တင်လိမ့်မှာ မဟုတ်ဘူး။ သူ…တကယ်ပဲ…တကယ်ကို ရူးသွားပြီ။ သူ ငါ့ကိုလည်း လုံးဝ မမှတ်မိတော့ဘူး…”
ထိုသို့တွေးရင်း အုပ်စိုးသူသည် စိတ်သက်သာရာ ရသွားကာ သူ၏ခန္ဓာကိုယ်သည် တဖြည်းဖြည်း ပျောက်ကွယ်လာ၏။
သူ လုံးဝ ပျောက်ကွယ်တော့မည့်အခိုက်တွင် သူ့ဘေးမှ လူတစ်ယောက် လှမ်းလျှောက်ထွက်လာ၏။ ထိုလူမှာ တစ္ဆေအိုကြီးကျန့်ပင်။ သူ ပေါ်လာသည်နှင့် သူက အုပ်စိုးသူ၏ ဝေဝါးနေသော ခန္ဓာကိုယ်ထံသို့ လက်ညွှန်လိုက်သည်။
အုပ်စိုးသူသည် ရုတ်တရက် ခေါင်းလှည့်ကြည့်လိုက်၏။ သို့သော် သူသည် မိန်းမောနေမိသဖြင့် သတိလွတ်နေ၏။ ခုချိန်တွင် သူ့အဖို့ ရှောင်ရန် နောက်ကျလွန်းသွားခဲ့ပြီ။ သူသည် နာကျင်စွာ ငြီးငြူလိုက်ရပြီးနောက် သူ၏ပုံရိပ်မှာ သဲလွန်စမရှိ ပျောက်ကွယ်သွားလေတော့သည်။
တစ္ဆေအိုကြီးကျန့်က တွင်းနက်ပျောက်ကွယ်သွားသော နေရာသို့ ကြည့်ကာ စဉ်းစားနေ၏။ သည်ချိပ်ပိတ်လောကမှာ ပြင်ပနယ်မြေရှိ တတိယအဆင့်ကျင့်ကြံသူများစွာ ဖန်တီးထားခဲ့ခြင်း ဖြစ်သည်။ ချိပ်ပိတ်လောက၏ ကောင်းကင် အပေါက် ဖြစ်သွားကာ အော်ရာများ စိမ့်ထွက်လာခဲ့လျှင်ပင် သူ့အဖို့ သည်နေရာသို့ ရောက်ရန် အချိန်အနည်းငယ် ပိုယူခဲ့ရလေ၏။
“ခြေတစ်လှမ်းလောက် နောက်ကျသွားတာပဲ။ ကောင်းကင်ဘုံသွေးနဲ့ ပတ်သတ်လို့တော့ ကံမကောင်းဘူး။ ဟိုအရူးကတော့…အဲ့အရူးဟာ သူ့ရဲ့မှတ်ဉာဏ်ထဲက ဟိုလူများ ဖြစ်နေနိုင်မလား။ အဲ့လူ အမှန်တကယ် ရူးသွပ်သွားလိမ့်မယ်လို့တော့ ငါ မထင်ဘူး။ သူတို့ကို တွင်းနက်က ဝါးမြိုသွားခဲ့တာပဲ။ ဒီတွင်းနက်ရဲ့ အော်ရာဟာ ဂူနံရံအလွှာကဆိုတာ သိသာတယ်။ ကောင်းကင်ဘုံအင်မောတယ်ဖြစ်ဖို့ ခြေတစ်လှမ်း…ခြေတစ်လှမ်းပဲ…” တစ္ဆေအိုကြီးကျန့်သည် ခေါင်းယမ်းကာ ပြန်ထွက်ခွာသွားလေ၏။
***