ကောင်းကင်ဘုံသား၏ အိပ်မက်လား၊ သို့မဟုတ် ကောင်းကင်ဘုံအိပ်မက်လား
Vol. 119 Ch. 1641
ဟင်္သာပြဒါးဂြိုဟ်သည် နူးညံ့သောအလင်းတစ်ခုကို ပေးစွမ်းနေ၏။ အဝေးမှကြည့်ပါက ထိုဂြိုဟ်သည် ငြိမ်းချမ်းနေသလိုပင်။ အသံဗလံတို့ ဆူညံနေခြင်း မရှိဘဲ မမြင်ရသောအမှုန့်အမွှားလေးတစ်ခုသာ ပျက်စီးသွားသည့်အလား။
ထိုအမှုန့်အမွှားလေးသည် ဝမ်လင်း၏ကပ်ဘေး တည်နေရာပင် ဖြစ်လေ၏။
တစ္ဆေအိုကြီးကျန့် ပျောက်ကွယ်သွားပြီးနောက် ဟင်္သာပြဒါးဂြိုဟ်ပတ်လည်တွင် ပိုပိုများပြားသော လှိုင်းဂယက်များ ပေါ်လာ၏။ သိပ်မကြာခင်တွင် ကောင်းကင်တစ်ခုလုံး လှိုင်းဂယက်များ ပြည့်ဖုံးလာကာ စိုးရိမ်တကြီး ပုံရိပ်များ လှမ်းထွက်လာကြ၏။ အရှင်ဟုန်ရှန်၊ အရှင်တောင်ပိုင်းတိမ်၊ ချင်းလင်၊ ချင်းရွှေ…စသဖြင့်။
သူတို့သည် တစ်ယောက်ပြီးတစ်ယောက် ပေါ်လာကြခြင်းပင်။ အစွမ်းထက်နတ်ဘုရားအာရုံများသည် ဧရိယာတခွင်လုံးကို ဖြန့်ကျက်ကာ ထိုပျက်စီးသွားသော ဖုန်မှုန့်ထံထိ ကျရောက်လာတော့သည်။ လူတိုင်းသည် ငြိမ်သက်စွာ စဉ်းစားသွားကုန်၏။
သူတို့သည် ဝမ်လင်း၏အော်ရာကို မခံစားမိနိုင် ဖြစ်၏။ ဝမ်လင်းသည် အတိတ်တုန်းကကဲ့သို့ သေသွားသည့်အလား ပျောက်ကွယ်သွားလေပြန်ပြီ။
အရှင်ဟုန်ရှန်၏မျက်လုံးထဲတွင် ဝမ်းနည်းမှုတို့ ပြည့်လာ၏။ အချိန်အတန်ကြာပြီးနောက် သူသည် တိုးညင်းစွာ ဆိုသည်။ “သူ မသေသေးဘူး…”
“စစ်ပွဲကြီးက စတင်တော့မှာ။ ပြင်ပနယ်မြေက ဒီသတင်းကို ဖြန့်လိမ့်မယ်…” ချင်းလင်သည် သက်ပြင်းချကာ ပျက်စီးသွားသောဖုန်မှုန့်ထံသို့ ကြည့်လိုက်သည်။ အတိတ်တုန်းက ဝမ်လင်း၏ပုံရိပ်သည် သူ၏ရှေ့တွင် တဖျပ်ဖျပ် ပေါ်လာသည်။
ချင်းရွှေသည် အကွာအဝေးတစ်ခုရှိ ကြယ်များကို မော့ကြ့ည့်သည်။ သူ့အကြည့်မှာ အလွန်အေးစက်၏။ သူ၏ခန္ဓာကိုယ်ထံမှ သတ်ဖြတ်ခြင်းအနှစ်သာရအော်ရာ ပျံ့လွင့်လာကာ သည်ဧရိယာကို ထွေးခြုံသည်။
“ငါ သူ့နေရာ အစားဝင်မယ်။ ငါ့ကိုယ်ငါ တိမ်ပင်လယ်တိုက်ပွဲမှာတုန်းက သူ့နေရာအစားထိုး လိုက်မယ်…” ချင်းရွှေသည် မျက်လုံးမှိတ်လိုက်၏။ သူ၏မျက်နှာမှာ တဖြည်းဖြည်း ပြောင်းလဲလာသည်။ တဖြည်းဖြည်း သူသည် ဝမ်လင်း၏ပုံပန်းသွင်ပြင်နှင့် ပိုတူလာ၏။ သူ၏အေးစက်စက်အသွင်ဟန်ပန်သည်ပင် ဝမ်လင်းနှင့် ပိုတူလာသည်။
သူသည် သူ့သမီးကို ရှာဖွေခြင်းနှင့်သူ၏လွတ်လပ်မှုကို လက်လွှတ်လိုက်၏။ သူသည် ဝမ်လင်း၏အသွင် ဆောင်ယူဖို့ ရွေးချယ်လိုက်သည်။ တိမ်ပင်လယ်၏ တိုက်ပွဲတည်နေရာရှိ သင်္ကေတတစ်ခု ဖြစ်လာရန် ရွေးချယ်သည်။
“ဂျူနီယာညီလေး…ငါ မင်းအတွက် ပြန်လက်စားချေပေးမယ်။ ဒီကိစ္စမှာ ပါဝင်ခဲ့တဲ့လူတိုင်းကိုတော့ ငါ့မှာ အခွင့်အရေး တစ်မျှင် ရှိရင်တောင် ငါ မင်းအတွက် လက်စားပြန်ချေမယ်…” ချင်းရွှေသည် မျက်လုံးမှိတ်ကာ သူ၏အရိပ်ကို ကွယ်ဝှက်လိုက်လေ၏။
သည်နေရာရှိ ရောက်လာသော လူအများစုသည် ဝမ်လင်းအဖို့ သည်ကပ်ဘေးကို မရှောင်နိုင်လောက်မည်ကို သိသည်။ သူတို့သည် ပြင်ပနယ်မြေက သူတို့၏ ထောက်လှမ်းမှုကို ရှောင်ရှားကာ အချိန်အတန်ကြာ စီစဉ်ထားခဲ့ပြီးမှ အလစ်တိုက်ခိုက်လာခဲ့ခြင်းကို သိပေသည်။
ဝမ်လင်းအတွက် သည်ကပ်ဘေးကို ရှောင်နိုင်ဖို့မှာ အလွန်တရာ ခက်ခဲမည်သာ။ သူ သေသွားတာ ဖြစ်နိုင်ကောင်း၏။
ငြိမ်သက်တိတ်ဆိတ်နေရင်း လူတိုင်းသည် တဖြည်းဖြည်း လူစုပြန်ခွဲသွား၏။ သို့ပေမည့် သူတို့၏ရင်ထဲရှိ ဒေါသကမူ ပိုပို တောက်လောင်လာသည်။
အကွာအဝေးတစ်ခုရှိ ဟင်္သာပြဒါဂြိုဟ်ကမူ ညင်သာသောအလင်းကို ထုတ်လွှတ်နေဆဲ။ ဝမ်လင်းနှင့် သိကြသော လူတိုင်းမှာလည်း သူတို့၏ ဆိုင်ရာလောကတွင် နစ်မြုပ်နေကြဆဲ။ သူတို့သည် ခုထိ သည်နေရာတွင် မည်သို့ ဖြစ်ပျက်ခဲ့သည်ကို မသိကြပေ။
ကျိုးဝူထိုင်သည် ဟင်္သာပြဒါးရုပ်တုပေါ်တွင် ထိုင်၍ ငြိမ်သက်စွာ အရက်သောက်နေဆဲ ဖြစ်လေ၏။
ကျောက်နိုင်ငံ အင်ပါယာမြို့တော်အတွင်းရှိ ထိုအိမ်အိုနှင့် ခြံဝန်းကလည်း သူနေရာနှင့်သူ ရှိနေဆဲပင်။ အုတ်ဂူမှာလည်း ထီးတည်းကျန်နေဆဲသာ။
ကောင်းကင်ဘုံခုတ်ပိုင်းခြင်းပုဆိန်ကို ဆွဲကိုင်ထားသော ဝမ်လင်း၏ဧရာမရုပ်တုကြီးကလည်း ကောင်းကင်ထက်သို့ ကြည့်ရှုလို့နေဆဲပင်။
ရက်အတော်အတန်ကြာပြီးနောက် ထိုရုပ်တုအောက်တွင် အေးစက်စက်လူငယ်တစ်ယောက်က ငြိမ်သက်စွာ ရပ်နေ၏။ သူသည် ဖြည်းဖြည်းချင်း ဒူးထောက်ချကာ ဦးညွှန်ဂါဝရပြုသည်။ သူ၏မျက်လုံးထောင့်မှ မျက်ရည်စတို့ လိမ့်ဆင်းကျလာနေ၏။
“ဆရာ…လူတိုင်းရဲ့အကြည့်အောက်မှာ ကျွန်တော်ဟာ တောက်ပလာတဲ့အခါကျရင် ဆယ့်သုံးဟာ ဆရာရဲ့ တပည့်လို့ ကြေငြာပါ့မယ်…”
ရက်များစွာ ကုန်လွန်ပြီးနောက် လှပသောအမျိုးသမီးတစ်ယောက်ကလည်း မျက်ရည်အရွှဲသားနှင့် ရောက်လာ၏။ သူမနှင့်အတူ အနည်းငယ်အိုနေသော ကျားတစ်ကောင် ပါလာသည်။ သူမက ရုပ်တုကို ငြိမ်သက်စွာ ကြည့်နေရင်း သူမ၏ပါးပြင်ထက်သို့ မျက်ရည်များစီးကျသည်။
“ဦးလေး…ကျွန်မ ကျိုးယုပါ။ ယုအာလေးလေ…”
ရက်များစွာ ကြာလွန်ပြီးနောက် ဗလတောင့်တောင့်လူကြီးတစ်ယောက်သည် ရုပ်တုရှေ့သို့ ရောက်လာကာ ရယ်မော၏။ သူသည် ရယ်နေရင်းရယ်နေရင်း သူ၏မျက်လုံးထဲမှ မျက်ရည်တို့ စီးကျလာသည်။ သူသည် ရုပ်တုနှင့်အတူ သောက်လိုက်သည့်အလား အရက်အိုးနှစ်အိုးကို ထုတ်ယူလိုက်၏။ သောက်နေရင်း ထိုလူကြီး စတင် ငိုကြွေးလေသည်။
“ငါသာ မင်းကို ကျင့်ကြံခြင်းလမ်းကြောင်းထဲ လျှောက်လှမ်းဖို့ လမ်းညွှန်မှု မပေးခဲ့ရင် ငါတို့သာ အတိတ်တုန်းက မတွေ့ခဲ့ရင် ငါဟာ အတိတ်တုန်းက ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ကို မယူဆောင်ခဲ့ရင်။ မင်းဟာ အတိတ်တုန်းက ဆယ်ကျော်သက်ရွယ်လေးပဲ ဖြစ်နေခဲ့မယ်ဆိုရင်…”
ရက်ပေါင်းများစွာ ကြာပြီးနောက် ကျက်သရေရှိရှိ လှပသော အမျိုးသမီးတစ်ယောက်သည် ရုပ်တုရှေ့တွင် လာရပ်၏။ သူမသည် အချိန်အကြာကြီး နေရာတွင်ပင် ရပ်နေသည်။ သူမသည် ရုပ်တုကို နေဝင်၊နေထွက် တစ်ချိန်လုံး ကြည့်နေသည်။ နေ့ရက်စက်ဝန်းများစွာ ကုန်လွန်ပြီးမှ သူမသည် တိတ်ဆိတ်စွာ ထွက်ခွာသွား၏။ သူမ နောက်လှည့်လိုက်ချိန်၌ မျက်ရည်နှစ်စက် မြေပြင်ထက်သို့ စီးဆင်းကျသွားသည်။
သူမသည် မူပင်းမေပင်။
ရက်များစွာ ကုန်လွန်ပြီးနောက် ရေစက်အကွက်ပုံစံ စီခြယ်ထားသော ဝတ်စုံဖြင့် အမျိုးသမီးတစ်ယောက်သည် ဟင်္သာပြဒါးဂြိုဟ်ထံသို့ အမောတကော ရောက်လာ၏။ သူမသည် ထိုရုပ်တုကို ကြည့်ကာ အတိတ်ကို ပြန်မြင်ယောင်မိသည်။
“အရှင်က ငါ့ကို သိမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ငါကတော့ အရှင့်ကို သိပါတယ်…”
ရက်များစွာ ကုန်လွန်ပြီးနောက်၊ လများစွာ ကုန်လွန်ပြီးနောက်…အချိန်ကာလသည် မေ့မေ့ပျောက်ပျောက် ဖြစ်သွားသည့်အလား။ အစလား၊ အဆုံးလား မသိရဘဲ ထိခိုက်ပျက်စီးနေသော ခန္ဓာကိုယ်နှစ်ခုသာ ရှိလေ၏။
ဤနေရာတွင် သက်ရှိများ၊ အရာဝတ္ထုများ မရှိဘဲ နက်မှောင်သောလေဟာနယ်တစ်ခုပင်။ သည်နေရာမှာ ထာဝရ တိတ်ဆိတ်နေသည့်နှယ်။ သည်လေဟာနယ်အတွင်း၌ ခပ်ဖျော့ဖျော့ စက်ဝန်းအသွင် သွေးရောင်အလင်းတစ်ခုရှိ၏။ ထိုစက်ဝန်းအတွင်း၌ ဝမ်လင်း၏ခန္ဓာကိုယ်မှာ များစွာထိခိုက်ပျက်စီးနေကာ အမာရွက်များ၊ဒဏ်ရာများနှင့် ပြည့်နှက်နေသည်။
သူ့ဘေးတွင် အရူးသည် မျက်လုံးမှိတ်နေ၏။ သို့သော် သူ့မျက်နှာကမူ ပြာနှမ်းနေသည်။ သူခန္ဓာကိုယ်ပေါ်တွင်မူ ဒဏ်ရာများ ရှိမနေပေ။ သို့သော် သူ့မျက်ခုံးနှစ်ခုကြားတွင်မူ ခုနစ်ရောင်စုံအလင်း ရှိနေ၏။ ခုနစ်ရောင်စုံလှံက အရူး၏အင်မောတယ်ခန္ဓာကိုယ်ကို ထိခိုက်အောင် မလုပ်နိုင်ပေ။ သို့သော် ၎င်းက အတိတ်တုန်းက ဒဏ်ရာအပြင်းအထန်ရပြီးနောက် အကွာအကွယ်မဲ့နေသော သူ့စိတ်ဝိညာဉ်ကိုမူ ထိခိုက်စေခဲ့သည်။
ထိုသွေးစက်ဝန်းအလင်းသည် ဝမ်လင်းလက်ထဲရှိ ရွှေရောင်သွေးစက်ကြောင့် ဖြစ်ပေါ်နေခြင်းပင်။ ထိုအလင်းသည် သူတို့ကို ညင်သာစွာ ဝန်းရံပေးထားပြီး ဝမ်လင်းက ကြိုးစား၍ မျက်လုံးဖွင့်သည်။ သူသည် သူ အိပ်ပျော်သွားသည်မှာ အချိန်မည်မျှ ကြာသွားမှန်း မသိပေ။
ခါးသီးစွာ ခံစားလိုက်ရရင်း ဝမ်လင်းက သတိမေ့နေသော အရူးကို ကြည့်လိုက်၏။ သူ၏အကြည့်က နူးညံ့လာသည်။ သူသည် သက်ပြင်းချကာ သူ့လက်ကို မြှောက်နိုင်ရုံမျှ မြှောက်လိုက်၏။ အကြိမ်အတော်အတန် လက်ဝေ့ယမ်းလိုက်ပြီးနောက် သူက သူ၏သိုလှောင်နေရာလွတ်ကို ဖွင့်လှစ်လိုက်သည်။
တာအိုသစ်သီးသုံးလုံး ပျံသန်းထွက်လာကာ သူ့လက်တွင်းသို့ ကျရောက်လာ၏။ ထိုသစ်သီးသုံးလုံးသည် အလင်းတန်းသုံးခုအဖြစ်သို့ ပြောင်းကာ ဝမ်လင်း၏ပါးစပ်အတွင်းသို့ အံ့မခန်းဗရမ်းဗတာတာအိုစိတ်ဆန္ဒများနှင့်အတူ ဝင်ရောက်လာတော့သည်။
ဝမ်လင်း၏မျက်လုံးထဲ၌ သူ့ဘဝ၏ အသုံးသပ်ချိန်၌ အားအကောင်းဆုံးအလင်းကို လှစ်ဟပြနေ၏။ သူ၏ဘယ်လက်ဖြင့် အရူးကို ဖမ်းကိုင်လိုက်ပြီးနောက် သူ့ညာလက်ဖြင့် သူ့မျက်ခုံးနှစ်ခုထံ လက်ညွှန်လိုက်သည်။
“အိပ်မက်တာအို…” သူ့စွမ်းအားလက်ကျန်ကို သုံး၍ သူသည် သူ ဖန်တီးခဲ့သော အိပ်မက်တာအိုဟူသည့် တတိယမြောက်မူလမန္တာန်ကို အသုံးပြုလိုက်၏။
သူ့အိပ်မက်တာအိုကို အသုံးပြုကာ သူသည် လွန်ခဲ့သောနှစ်ပေါင်းထောင်ချီအချိန်ကို အိပ်မက်ပြန်မက်သည်။ ထိုအိပ်မက်ထဲ၌ သူသည် သူ၏သေခြင်းရှင်ခြင်း၊ ကံမ္မ၊ အမှန်နှင့်အမှားအနှစ်သာရများကို ပြီးပြည့်စုံအောင် လုပ်ပေမည်။
သူ့ညာလက်ကို အောက်သို့ ပြန်ချကာ ဝမ်လင်းသည် မျက်လုံးမှိတ်လိုက်လေတော့၏။
“အစ်ကိုလေး…အစ်ကိုလေး…ထတော့…”
“အား…မင်း ဘာလို့ အရက်အများကြီး သောက်ခဲ့တာလဲ။ ငါ သန့်ရှင်းပေးရတော့မယ်။ ကျေးဇူးပြုပြီး ထပါတော့…” လမ်းဘေးတစ်ဖက်ရှိ စားသောက်ဆိုင်တစ်ခုအတွင်း၌ အစိမ်းရောင်ဝတ်စုံဖြင့် စားပွဲထိုးတစ်ယောက်သည် စားပွဲပေါ်တွင် အသောက်လွန်ကာ မှောက်နေသော လူငယ်တစ်ယောက်ကို အကူအညီမဲ့စွာ တွန်းနှိုးနေ၏။
“ကျောင်းတော်သားတစ်ယောက်ကို။ ဒါကြောင့် နှစ်ခွက်လောက်ပဲ သောက်ပြီး မှောက်သွားတာ…” စားပွဲထိုးက ခက်ခက်ခဲခဲ တွန်းနှိုးနေ၏။
“ကောင်းကင်ဘုံဟာ သက်ရှိိအားလုံး တည်းခိုရာ။ ခရီးသွားရာချီ ဖြတ်သန်းသွားလာခဲ့တာဟာ အချိန်ပဲ။ အိပ်မက်ထဲမှာ မွေးဖွားလို့။ ပျော်ရွှင်မှု၊ ဒါမှမဟုတ် ပျော်စရာကောင်းတဲ့အိမ်မက်…။ ကဗျာကောင်းတစ်ပုဒ်၊ ကဗျာကောင်းတစ်ပုဒ်…”
လူငယ်သည် ရီဝေဝေအကြည့်ဖြင့် စားပွဲထိုးကို ကြည့်ကာ တခစ်ခစ်ရယ်သည်။
“ဟားဟား…ငါ မင်းကို ပြောပြလိုက်မယ်။ ငါ အိပ်မက်တစ်ခု မက်တယ်။ ငါဟာ အင်မောတယ်တစ်ယောက် ဖြစ်တယ်လို့ အိမ်မက်မက်ခဲ့တယ်ကွ…”
ထို့နောက် ထိုလူငယ်သည် ကြမ်းပြင်ပေါ်သို့ ပစ်ကျကာ ဟောက်သံ စတင် ပေးလေ၏။
***