← Chapters

နိုးထမလာတဲ့အခါ

Vol. 119 Ch. 1643

နိုးထမလာတဲ့အခါ

Vol. 119 Ch. 1643

ထိုမိန်းကလေးသည် အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ အလွန်လှသည်။ သူမ၏ ထီးလက်ကိုင်ရိုးမှာ သစ်ပင်ပင်စည်တစ်ခုနှင့် အတော်လေးတူ၏။ ထီးအမိုးများသည်ပင် သစ်ရွက်များနှင့် တူနေလေ၏။ ခြုံငုံ၍ ဆိုပါက ထိုထီးသည် အတော်လေး ထူးခြားလှသည်။

ထိုမိန်းကလေး၏အသားအရေမှာ ပန်းရောင်သမ်းနေပြီး လှပလွန်းသညည်။ သူမက မျက်မှောင်ကြုတ်ကာ စိုက်ကြည့်နေလျှင်ပင် အလှတရားအငွေ့အသက်ကို ပေးစွမ်းသည်။

ထိုအခိုက်၌ မိုးရေလိုက်ကာစက ဝမ်လင်းနှင့်မိန်းကလေးတို့ကြား ပိုင်းခြားထားကာ မိုးစက်များ မြစ်ပြင်ထက်သို့ ရွာသွန်းကျနေသည်။

ဝမ်လင်းသည် ထိုမြင်ကွင်းကို ကြည့်နေရင်း သူ့မျက်နှာသည် ရုတ်တရက် နီမြန်းလာသည်။

အခုက သူ့အနေဖြင့် ပထမဆုံးအကြိမ် ရွာမှ ထွက်လာခဲ့ခြင်း ဖြစ်၏။ သူသည် ထိုမျှ လှသောမိန်းကလေးကို မမြင်ဖူးခဲ့ပေ။ ရွာရှိ သူ့စကားဖော်မိန်းကလေးများနှင့် သည်မိန်းကလေးကို ယှဉ်ပါက သေမျိုးနှင့်တန်ခိုးရှင်ကြား နှိုင်းယှဉ်သကဲ့သို့ ဖြစ်ပေမည်။

ထိုမိန်းကလေးမှာ သုန်မှုန်နေ၏။ သို့သော် သူမက ဝမ်လင်းက သူမကို စိုက်ကြည့်နေရင်း မျက်နှာနီမြန်းလာသည်ကို တွေ့လိုက်ရသည့်နောက် မပြုံးမိဘဲ မနေနိုင် ဖြစ်သွား၏။ သူမ၏စိတ်မှာ ရာသီဥတုအလား အပြောင်းအလဲ မြန်လှ၏။

“ဟေး…စာကြမ်းပိုးလေး…နင် ကြည့်လို့ ဝပြီလား…” ထိုမိန်းကလေးက ပြုံးလိုက်၏။ သူမ၏အသံမှာ ခေါင်းလောင်းသံအလား။ ဝမ်လင်း၏နားထဲသို့ တိုးဝင်လာသည်။

ပညာတတ်အငွေ့အသက်နှင့် ပြည့်နေသော ဝမ်လင်း၏မျက်နှာမှာ ပို၍ပင် နီမြန်းလာ၏။ သူက လှေပေါ်ရှိ မိန်းကလေးထံ အလျင်အမြန် ဦးညွှတ်လိုက်၏။

“ရိုင်းစိုင်းသလို ဖြစ်သွားပါတယ်။ အမျိုးသမီးအနေနဲ့ စိတ်ထဲ မထားဖို့ ငါ မျှော်လင့်မိပါတယ်…”

ထိုမိန်းကလေး၏ ရယ်သံက ပဲ့တင်ထပ်၏။ ဝမ်လင်း၏ ကြောင်တောင်တောင်အမူအရာကို ကြည့်ကာ ထိုအမျိုးသမီးက စကားပြောဟန် ပြင်လိုက်စဉ် နူးညံ့ညင်သာသောအသံတစ်သံ လှေအတွင်းမှ ထွက်ပေါ်လာ၏။

“ဂျူနီယာညီမလေး…”

ထိုအသံ ထွက်ပေါ်လာသည့်အခါ လှေဦးခန်း တစ်နေရာသည် ပွင့်ဟလာကာ နူးညံ့သောမိန်းကလေးပုံရိပ်တစ်ခု လှစ်ဟ ထွက်ပေါ်လာ၏။ ထိုမိန်းကလေး၏မျက်နှာက ဝမ်လင်း၏ မျက်စိရှေ့ ပေါ်လာသည့်အခါ မိုးရွာနေခြင်းပင် ရပ်တန့်သွားသည့်အလား။

ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏မျက်လုံးတို့က လတစ်စင်းကဲ့သို့ တောက်ပနေ၏။ သူမ၏ပုံပန်းသွင်ပြင်သည် အသက်ရှုမှားလောက်စရာပင်။ သည်လောက၌ သူမတစ်ယောက်တည်းသာ တည်ရှိတော့သည့်အလား။

သူမသည် အလွန်လှ၏။ သို့သော် သူမ၏မျက်လုံးထဲ၌ ဝမ်းနည်းမှုအရိပ်အယောင် သမ်းနေ၏။ သူမ၏ မျက်လုံးထဲ၌ ဝမ်းနည်းမှု၊ နွမ်းနယ်မှု၊ တွေဝေမှုတို့ ရှိနေသည်။ သူမ၏ ထိုမျက်ဝန်းတို့ကို တွေ့မြင်လိုက်ရသူတိုင်း၏ စိတ်ထဲ၌ သနားကြင်နာမှု မြင့်တက်လာပေမည်။

သူမက အစိမ်းရောင်ဝတ်စုံနှင့်မိန်းကလေးကို ကြည့်နေရင်း စိတ်ပျက်မှုအရိပ်အယောင်လည်း သူမ၏မျက်လုံးထဲ၌ ရှိနေသည်။

အစိမ်းရောင်ဝတ်စုံနှင့်မိန်းကလေးက ပြုံး၍ ခရမ်းရောင်ဝတ်စုံဖြင့်မိန်းကလေးကို လက်လှမ်းဆွဲလိုက်သည်။ သူမသည် ဝမ်လင်းထံ လက်ညွှန်ကာ တေးဆိုငှက်အလား သူမ၏အသံ ထွက်ပေါ်လာလေသည်။

“စီနီယာအစ်မ…ဒီကျောင်းတော်သားက တကယ်ပဲ ရိုင်းလှတယ်။ အရင်ဆုံး သူက ရိုင်းရိုင်းစိုင်းစိုင်း ပြောခဲ့တယ်။ ပြီးတော့ ငါ့ကို စိုက်ကြည့်နေတာ။ ဒါပေမဲ့ သူက စိတ်ဝင်စားစရာပဲ…”

ခရမ်းရောင်ဝတ်စုံနှင့်မိန်းကလေးက ပြုံးလိုက်ပြီး သူမ၏အကြည့်က ဝမ်လင်းထံ ရောက်လာ၏။ သူမသည် သူ့ကို တွေ့မြင်သည့်အခါ ခဏတာ မင်သက်သွားသည်။ သေချာကြည့်လိုက်ပြီးနောက် သူမ၏မျက်လုံးထဲ၌ စိတ်ရှုပ်ထွေးဟန် ဖျပ်ခနဲ ပေါ်သည်။

“ငါ သူ့ကို အရင်က တစ်နေရာရာမှာ တွေ့ဖူးသလို ခံစားမိတယ်…”

ဝမ်လင်းသည် မိန်းကလေးနှစ်ယောက်၏ အကြည့်ခံနေရသည့်အခါ သူ၏မျက်နှာမှာ ပို၍ နီမြန်းလာ၏။ သူက ချောင်းအနည်းငယ် ဟန့်လိုက်ပြီး သူ့လက်နှစ်ဖက်ကို ဆုပ်ကာ နှုတ်ဆက်ဟန် ပြုသည်။ သူသည် ဘာပြောရမှန်းမသိ ဖြစ်နေ၏။

“ဝမ်လင်း…အာ…ဝမ်လင်း…မင်း စာအုပ်တွေအများကြီး ဖတ်ဖူးတယ်။ ဒါတောင် မင်းက ဘယ်လိုလုပ် ဒီမိန်းကလေးနှစ်ယောက်ကို အခုလိုပုံစံမျိုး ကြည့်နေရတာလဲ။ တည်တည်ငြိမ်ငြိမ်ဖြစ်ရင် အကောင်းဆုံးပဲ။ မိုးရွာတာ ရပ်သွားတာနဲ့ ငါ့ ခရီးထပ်ဆက်သင့်တယ်…” ဝမ်လင်းသည် မိုးရေစွက်သောလေကို အားပါးတရ ရှိုက်သွင်းလိုက်ပြီး သူ့စိတ်နှလုံးကို တည်ငြိမ်အောင် လုပ်သည်။

ခရမ်းရောင်ဝတ်စုံနှင့်မိန်းကလေးက ဝမ်လင်းကို ခဏတာ ကြည့်လိုက်ပြီးနောက် နူးညံ့စွာပြောလိုက်၏။ “ဆရာ…ဒီမိုးက မနက်ဖြန်ထိ မစဲမှာ စိုးမိတယ်။ ငါတို့ ခုလို တွေ့ရတာ ရေစက်ရှိလို့ပဲ။ ဒါ့ကြောင့် သင် လှေပေါ်တက်လာပြီး မိုးလာခိုပါ့လား…”

သူမ၏စကားများက ပေါ့ပါးသော်လည်း မိုးရေများကို ဖြတ်ကာ ပျံ့လွင့်လေ၏။

“ဒါက…” ဝမ်လင်းည် အနည်းငယ် ချီတုံချတုံ ဖြစ်နေပြီး ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည်။ တိမ်စိုင်တိမ်နက်များက ကောင်းကင်ကို ဖုံးလွှမ်းနေဆဲ ဖြစ်ကာ မိုးသည်လည်း တော်တော်နှင့် ရပ်မည့်ပုံ မရပေ။

“သင် ငါတို့လှေပေါ် တက်လာပြီး မိုးခိုဖို့ အကောင်းနဲ့ ခေါ်တာပါ။ သင် ဘာလို့ တွေဝေနေတာလဲ။ ငါတို့က သင့်ကို စားပစ်မယ် ထင်လို့လား…” အစိမ်းရောင်ဝတ်စုံနှင့်မိန်းကလေးက ထိုသို့ ဆိုကာ ဝမ်လင်းကို စိုက်ကြည့်သည်။

“ဂျူနီယာညီမလေး…” ခရမ်းရောင်ဝတ်စုံနှင့်ထိုမိန်းကလေးက သူမကို အကူအညီမဲ့စွာ ကြည့်လိုက်လေ၏။

ဝမ်လင်းသည် ခါးသီးစွာ ပြုံးလိုက်ပြီး သူ့ဝါးကျောပိုးအိတ်ကို ကောက်ယူလိုက်သည်။ သူက ထီးဆောင်း၍ မြစ်ကမ်းဘေးထံ ရောက်သော ရွှံ့လမ်းကို ဖြတ်လျှောက်လာသည်။

ရေနှင့်မြေကြီးတို့က ရောနှောကာ ဗွက်ထနေ၏။ သူ့ခြေလှမ်းလာနေရင်း ရွှံ့စရွှံ့နတို့ သူ့ဘောင်းဘီကို စင်လေသည်။ မြစ်ကမ်းဘေးသို့ လျှောက်လာနေရင်း ဝမ်လင်းက ခြေချော်ကာ လဲကျမလို ဖြစ်သွား၏။

ထိုစဉ် မွှေးရနံ့တစ်ခု သူ့နှာခေါင်းထဲ စီးဝင်လာကာ ဝမ်လင်း လဲကျမည်ကို နူးညံ့ညက်ညောသောခန္ဓာကိုယ်လေးတစ်ခုက ထောက်ကန်ပေးလိုက်လေ၏။ ထိုသူမှာ ခရမ်းရောင်ဝတ်စုံနှင့်မိန်းကလေးပင်။ သူမသည် မြေပြင်ထက်သို့ ညင်သာစွာ ကန်၍ အားယူလိုက်ပြီး ဝမ်လင်းကို ခေါ်ကာ လှေပေါ်သို့ လှပစွာ ပျံဝဲကျသွားသည်။

“ကျေးဇူးအများကြီး တင်ပါတယ်…အမျိုးသမီး…” ဝမ်လင်းသည် လှေပေါ်တွင် ရပ်လိုက်၏။ သူ့မျက်နှာမှာ နီတောက်နေသည်။

“ဆရာ…နင် အရမ်းယဉ်ကျေးနေစရာ မလိုပါဘူး။ ကျေးဇူးပြုပြီး…ထိုင်ပါ…” ခရမ်းရောင်ဝတ်စုံနှင့်မိန်းကလေးက သူမ၏လက်ကို လွှတ်ပေးလိုက်ပြီးနောက် တခစ်ခစ်ရယ်ကာ ထိုင်ချလိုက်၏။ အစိမ်းရောင်ဝတ်စုံနှင့်မိန်းကလေးကလည်း သူမ၏ထီးကို သိမ်းကာ သူမ၏ဘေးတွင် ထိုင်ချကာ ဝမ်လင်းကို စုန်ဆန်ကြည့်သည်။

ဝမ်လင်းသည် ရင်ခုန်နေသည်။ သူ မွေးလာတည်းက ခုထိ သည်မျှ စိတ်ကယောက်ကယက် မဖြစ်ခဲ့ဖူးပေ။ သူသည် ဝါးကျောပိုးအိတ်ကို ချပြီးနောက် ထိုမိန်းကလေးနှစ်ယောက်၏ မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်၏။ သူ့နှဖူးထက်တွင် ရှက်ရွှံ့မှုကြောင့် ချွေးများ စို့လာ၏။

“ဆရာ…နင် စိတ်လှုပ်ရှားပူပန်နေဖို့ မလိုပါဘူး…” ခရမ်းရောင်ဝတ်စုံနှင့်မိန်းကလေးက ဝမ်လင်း၏ပုံပန်းသွင်ပြင်ကိုကြည့်ကာ ပြုံးလိုက်၏။ သူမက လက်မြှောက်ကာ ဖယောင်းတိုင်တစ်ချောင်းကို ထွန်းလိုက်သည်။

ဖယောင်းတိုင်မီး အခန်းထဲ၌ လင်းထိန်သွား၏။

အစိမ်းရောင်ဝတ်စုံနှင့်မိန်းကလေးက ဝမ်လင်း၏အမူဟန်ပန်ကို ပိုကြည့်မိလေလေ သူမသည် သူ့ကို ပို၍ စိတ်ဝင်စားမိလေပင်။ ထိုအဖြစ်က ဝမ်လင်းကို ပို၍ ရှက်ရွှံ့စေလေ၏။

“ဒီကျောင်းတော်သားရဲ့ နာမည်က ဝမ်လင်းပါ။ ဂုဏ်သရေရှိ မိန်းကလေးနှစ်ယောက်ကို ငါ နှုတ်ဆက်ပါတယ်။ ငါ့ကို လှေပေါ်မှာ နေခွင့်ပြုတဲ့အတွက် သင်တို့ကို ကျေးဇူးတင်ပါတယ်…” ဝမ်လင်းသည် အသက်ဝဝရှုသွင်းလိုက်ပြီးနောက် ထရပ်ကာ သူ့လက်နှစ်ဖက်ကို အမျိုးသမီးနှစ်ယောက်ထံသို့ ဆုပ်၍ နှုတ်ဆက်ဟန် ပြုသည်။

မိုးရွာသွန်းနေရင်း လှေသည် မြစ်ရေပြင်၌ ငြိမ်သက်စွာ မြောနေ၏။ လှေအမိုးကို မိုးစက်များ လာထိမှန်သံကိုပင် ကြားရလေ၏။

အဝေးမှ ကြည့်ပါက ကောင်းကင်သည် နက်မှောင်လာနေပြး လှေက မိုးစက်များကြား တဖြည်းဖြည်း ကွယ်ဝှက်လာသည့်နှယ်။ လှေထံမှ ညင်သာသောအလင်းတစ်ခု ထွက်ပေါ်လာပြီး သည်အေးစက်စက်မိုးအောက်၌ ရှင်းမပြတတ်သောနွေးထွေးမှုကို ပေးစွမ်းသည်။

“ဝမ်လင်း…ငါ သူ့ကို တစ်နေရာရာမှာ မြင်ခဲ့ဖူးသလိုမျိုး ဘာကြောင့် ခံစားမိနေတာလဲ။ သူ့နာမည်ကိုလည်း အတော်လေး ရင်းနှီးသလို ရှိနေတယ်…” ခရမ်းရောင်ဝတ်စုံနှင့်မိန်းကလေးသည် ဝမ်လင်းကို ကြည့်လိုက်၏။ အစောပိုင်းတုန်းက သူမ၏စိတ်ရှုပ်ထွေးမှု ထပ်ပေါ်လာသည်။

“အယ်…နင့်နာမည်က ဝမ်လင်းလား။ ငါလည်း ဒီနာမည်ကို အရင်က ကြားခဲ့ဖူးသလိုလိုပဲ…” အစိမ်းရောင်ဝတ်စုံနှင့်မိန်းကလေးက ဝမ်လင်းကို သေချာကြည့်ကာ စဉ်းစားနေလေ၏။

အစိမ်းရောင်ဝတ်စုံနှင့်မိန်းကလေးသည် အချိန်အတန်ကြာ တွေးနေပြီး ခေါင်းမော့လာသည်။ သူမသည် ဝမ်လင်းကို ပြုံး၍ ကြည့်ကာ ပြောလိုက်၏။ “ထူးဆန်းလိုက်တာ။ ငါ နင့်ကို အရင်က ဘယ်မှာမြင်ခဲ့ဖူးလဲ၊ နင့်နာမည်ကို ဘာကြောင့် ကြားဖူးသလို ဖြစ်နေလဲ စဉ်းစားလို့ မရဘူး…”

“ငါ့နာမည်က ရှုဖေးပါ။ ဒါက ငါ့စီနီယာအစ်မကျိုး။ သူမရဲ့ နာမည်ကိုတော့ နင့်ဘာသာပဲ မေးကြည့်လိုက်တော့…” ရှုဖေးသည် တစ်ခစ်ခစ်ရယ်၏။ သူမသည် အလွန်ချစ်စရာ ကောင်းသည့်ပုံ ပေါ်သည်။

“ငါ့နာမည်က ကျိုးယုပါ…” ခရမ်းရောင်ဝတ်စုံနှင့် မိန်းကလေးက နူးညံ့စွာပြောလိုက်၏။ သူမ၏မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးမှု ရှိနေပြီး အထူးသဖြင့် ရှုဖေးက ဝမ်လင်း၏နာမည်ကို ရင်းနှီးသလိုလို ရှိသည်ဟု ပြောလိုက်သည့်အခါတွင်ပင်။ သူမသည် ဘာကြောင့်မှန်း မသိနိုင် ဖြစ်ရ၏။

အချိန်ကုန်လွန်လာကာ ကောင်းကင်ထက်ရှိ တိမ်လွှာတိမ်စိုင်များ ပါးလျားလာ၏။ လအလင်းရောင်သည်ပင် ရံဖန်ရံခါပေါ်လာသည်။

မိုးကမူ ပိုသည်းလာကာ မိုးရေစက်သံများက အရာအားလုံးကို အစားထိုးနေ၏။ လေများတိုက်ခတ်နေကာ ဖယောင်းတိုင်မီးကို ယိမ်းထိုးလှုပ်ခတ်စေသည်။

ဝမ်လင်းသည် အေးသလို ခံစားမိ၏။ သို့သော် သူသည် ထိုမိန်းကလေးနှစ်ယောက်က ပုံမှန်အတိုင်းသာ ရှိနေသည်ကို တွေ့မြင်သည်။ သူတို့က လေအေးများကို သတိမမူမိသည့်အလား။

ဝမ်လင်းသည် ကြည့်နေရင်း ရုတ်တရက် သူသည် မိန်းမောသွားလေသည်။

ညအမှောင်ထုအတွင်း၊ ငြိမ်သက်တိတ်ဆိတ်သော မြစ်ပြင်ထဲ၌ သည်လှေငယ်တစ်စင်းသာ ရှိနေသည့်အလား။ လှေအတွင်းမှ လှပသောမိန်းကလေးနှစ်ယောက်သည်ပင် အစစ်အမှန် မဟုတ်တော့သကဲ့သို့ ခံစားမှုကို ပေးစွမ်းသည်။

ဝမ်လင်းသည် မိန်းမောနေရင်း အေးစက်မှုကို ခံစားမိ၏။ သူ၏အမြင်သည် ဝေဝါးသွားကာ သူသည် အိပ်ချင်လာသည်။ သို့သော် သူက သူ့ကိုယ်သူ ပြန်ထိန်းလိုက်၏။ သူသည် လှေဦးအခန်းနံရံကို နောက်မှီလိုက်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “သင်တို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် ဂျူနီယာ၊စီနီယာဆိုပြီး ခေါ်ဆိုကြတယ်။ အမျိုးသမီးကျိုးကလည်း လှေပေါ်ဆီ ငါ့ကို ခေါ်ပြီး ခုန်ပျံတက်လာခဲ့တာ။ သင်တို့နှစ်ယောက်ဟာ သိုင်းပညာရှင်တွေပဲ ဖြစ်ရမယ်…”

“ငါတို့က သိုင်းလောကက မဟုတ်ပါဘူး။ နင်က တကယ် စိတ်ဝင်စားဖို့ ကောင်းတာပဲ စာကြမ်းပိုးလေး။ ငါတို့ဟာ မသေမျိုးလမ်းကို ကျင့်ကြံနေကြတဲ့လူတွေ။ အစစ်အမှန်တန်ခိုးရှင်တွေပေါ့…” အဝေးမှ ခပ်ဝါးဝါးအသံ လွင့်ပျံ့လာရင်း ဝမ်လင်းသည် ပို၍ အိပ်ချင်လာသည်။

သူသည် ဟုန်ယွီကလန်နှင့် ပတ်သတ်၍ တစ်စုံတစ်ယောက်က သူ့ကို ပြောပြနေသလိုမျိုး ခံစားမိနေသည်။

“ငါ အိပ်မက်ထပ်မက်ပြန်ပြီလား…” ဝမ်လင်းသည် မျက်လုံးမှိတ်ကာ အိပ်ပျော်သွားတော့သည်။

လှေသည် ပြင်းပြင်းထန်ထန် လှုပ်ခါကာ ဖယောင်းတိုင်ပါ လှုပ်ရမ်းသွားသည်။ အစိမ်းရောင်ဝတ်စုံနှင့်မိန်းကလေးက သူမ၏စီနီယာအစ်မကို စိတ်ရှုပ်ထွေးဟန်ဖြင့် ကြည့်လိုက်သည်။

“စီနီယာအစ်မ။ သူက သေမျိုးတစ်ယောက်ပဲ။ သင် ဘာကြောင့် သူ့ကို အိပ်ပျော်သွားအောင် မန္တာန်တစ်ခု အသုံးပြုလိုက်တာလဲ…”

ခရမ်းရောင်ဝတ်စုံနှင့်အမျိုးသမီးက အိပ်ပျော်သွားသော ဝမ်လင်းကို ကြည့်လိုက်သည်။ အချိန်အတန်ကြာပြီးနောက် သူမသည် ညင်သာစွာ ပြောလိုက်သည်။ “ငါ ဒီလူ့ကို အရင်က တွေ့မြင်ခဲ့ဖူးရမယ်။ ဒါပေမဲ့ ဘယ်နေရာမှာလဲတော့ ငါ မမှတ်မိနိုင် ဖြစ်နေတယ်။ သူ့နာမည်ကိုလည်း ငါ ရင်းနှီးသလိုပဲ…”

“ဝမ်လင်း…ဝမ်လင်း…” အစိမ်းရောင်ဝတ်စုံနှင့် မိန်းကလေးက မျက်မှောင်ကြုတ်လိုက်၏။ သူမ၏မျက်လုံးထဲတွင်လည်း စိတ်ရှုပ်ထွေးဟန် ရှိနေသည်။

ခဏအကြာတွင် ခရမ်းရောင်ဝတ်စုံနှင့်မိန်းကလေးက ခေါင်းခါကာ သက်ပြင်းချလိုက်သည်။ “ထားလိုက်ပါတော့လေ။ ဒီအကြောင်းကို ဆက်မတွေးဘဲ နေကြရအောင်။ ဖြစ်နိုင်တာက ငါတို့ အရင်ဘဝကများ တွေ့ခဲ့ဖူးသလားပဲ…”

“အရင်ဘဝကလား…” အစိမ်းရောင်ဝတ်စုံနှင့်မိန်းကလေးက ရယ်မောကာ အပြင်ဘက်ရှိ မှောင်မဲနေသော ကောင်းကင်ထံသို့ ကြည့်လိုက်သည်။

“စီနီယာအစ်မ…အချိန်ကျတော့မယ်။ ငါတို့ ဝမ်ကျိုးကို သွားတွေ့ရမှာ။ ဒီတစ်ကြိမ် ကလန်ခေါင်းဆောင်က အရှေ့အရပ်က ရွှေရောင်အလင်းကို သတိပြုမိခဲ့ပြီး ရတနာတစ်ခု ထွက်ပေါ်လတာ ဖြစ်နိုင်တယ်လို့ တွက်ထားခဲ့တယ်။ ကလန်တော်တော်များများလည်း သွားရှာကြပြီ။ ငါတို့ရဲ့ ကျင့်ကြံမှုအဆင့်က ပါဝင်ဖို့ လုံလောက်အောင် မမြင့်မားပေမဲ့လည်း အတွေ့အကြုံကောင်းကောင်း ရတာပေါ့…”

***

All Chapters