← Chapters

အပိုင်း(၁၆၄၄):

Vol. 119 Ch. 1644

အပိုင်း(၁၆၄၄):

Vol. 119 Ch. 1644

ခရမ်းရောင်ဝတ်စုံနှင့် မိန်းကလေးသည် ညင်သာစွာ ခေါင်းညိတ်လိုက်ပြီး အစိမ်းရောင်ဝတ်စုံဖြင့်မိန်းကလေးနှင့်အတူ ထရပ်လာသည်။ သူတို့သည် ထွက်ခွာရန် ဟန်ပြင်ပြီးမှ သူမသည် ဝမ်လင်းကို လှည့်ကြည့်သည်။ ဝမ်လင်း၏ပုံရိပ်ကို သူမ၏စိတ်နှလုံးတွင်း၌ ရေးထွင်းထားလိုသည့်အလား။

ထွက်ခွာတော့မည့် အခိုက်တွင် ခရမ်းရောင်ဝတ်စုံဖြင့် မိန်းကလေးက ခဏတာ မင်သက်သွား၏။ အစိမ်းရောင်ဝတ်စုံနှင့်မိန်းကလေးက လှေထဲကနေ ထွက်ခွာသွားပြီး ဖြစ်ကာ စွဲငင်ခြင်းမန္တာန်ကို သုံး၍ ဓားပျံတစ်လက်ပေါ်တွင် ရောက်နေလေပြီ။

“စီနီယာအစ်မ…သွားကြစို့…” ထိုမိန်းကလေး၏အသံသည် မိုးထဲလေထဲဖြတ်ကာ ထွက်ပေါ်လာသည်။

ထိုမိန်းကလေးသည် တုန်ယင်နေသော ဝမ်လင်း၏ခန္ဓာကိုယ်ကို ကြည့်ကာ ငြိမ်သက်စွာ လှမ်းလျှောက်သွားသည်။ သူမသည် ကျောက်စိမ်းကဲ့သို့ လက်ဖြင့် သူမ၏သိုလှောင်အိတ်ကို ထိလိုက်ရာ ထူထဲသောအနွေးထည်အင်္ကျီတစ်ထည် လက်ကြားထဲတွင် ပါလာ၏။ သူမက ထိုအင်္ကျီကို ဝမ်လင်းပေါ်သို့ ညင်ညင်သာသာ ခြုံလွှမ်းပေးလိုက်ပြီး ခပ်တိုးတိုး ဆိုသည်။

“အတိတ်ဘဝဟာ တကယ်ပဲ ရှိတာလား…” ထိုမိန်းကလေးက သက်ပြင်းချကာ ထွက်ခွာလာ၏။

မိုးသည် ပိုမိုသည်းထန်စွာ ရွာသွန်းသည်။

မိုးစက်များ ကျဆင်းနေရင်း ထီးတည်းလှေငယ်တစ်စင်းသာ မြစ်ပြင်ထက် မြောလွင့်နေ၏။ ထိုအဖြစ်က ရှင်းမပြတတ်သောခံစားမှုကို ပေးစွမ်းသည်။ အလားတူပင် အထီးကျန်မှု အငွေ့အသက်လည်း ရှိလေ၏။

လေသည် တဖြည်းဖြည်း ဝေးသထက်ဝေးသွားကာ တဖြည်းဖြည်း အထီးကျန်ညအတွင်း ကွယ်ပျောက်သွားလေသည်။ လှေပေါ်ရှိ ခပ်ဖျော့ဖျော့မီးအိမ်ကမူ အမှောင်ထုအတွင်း လှုပ်ခတ်ဝေ့ယမ်းနေသည်ကို တွေ့မြင်နေရဆဲပင်။

ယင်းအထီးကျန်လှေငယ်သည် အိပ်မက်တစ်ခု၏အဆုံးသပ်သို့ ဖြည်းဖြည်းချင်း ရွက်လွှင့်နေသည့်အလား။

လှေပေါ်သို့ ထိမှန်ကျရောက်သော မိုးစက်သံများသည် ဆက်တိုက် ထွက်ပေါ်နေသည်။ သို့သော် ဝမ်လင်းသည် လှေပေါင်းမိုးအခန်းထဲ၌ အိပ်မက်လှလှမက်လို့နေသည်။

သူ့ခန္ဓာကိုယ်ပေါ်ရှိ အနွေးထည်သည် သင်းပျံ့ပျံ့မွှေးရနံ့တစ်ခုကို ပေးစွမ်းလျက် သူ့နှာခေါင်းအတွင်း ဝင်ရောက်လာပြီး သူ့ကို အိပ်မက်ထဲသို့ ခေါ်ဆောင်လေသည်။

“ရှုဖေ…စီနီယာအစ်မကျိုးယု။ ဝမ်ကျိုး။ ဝမ်ဟောင်…။ ကျန်းဟူ…” ဝမ်လင်းသည် အိပ်ပျော်နေရင်း ခပ်တိုးတိုး ရေရွတ်နေသည်။ ထိုမိန်းကလေးနှစ်ယောက်သာ ထွက်မသွားဘဲ ဝမ်လင်း၏စကားများကို ကြားလိုက်ရပါက သူတို့သည် တုန်လှုပ်မိကုန်လိမ့်မည်။

သို့သော် ခုတော့ သူတို့သည် ဝမ်လင်း၏စကားများကို မကြားရနိုင်တော့ပါ။

ဝမ်လင်း၏အိပ်မက်သည် အခြားဘဝတစ်ခုလိုပင်။ ထိုအိပ်မက်ထဲ၌ သူသည် ဟုန်ယွီကလန်၌ ရှုဖေးနှင့် စီနီယာအစ်မကျိုးတို့ကို တွေ့မြင်သည်။ ဟုန်ယွီကလန်ရှိ တောင်ထိပ်ပေါ်တွင် အဖြူရောင်ငှက်တစ်ကောင် တဖျပ်ဖျပ် ပျံသန်းသွားသည်ကိုလည်း တွေ့မြင်သည်။

အချိန်အတန်ကြာပြီးနောက် ဖယောင်းတိုင်မီးအလင်းသည် တဖြည်းဖြည်း ငြှိမ်းသေကာ ညနှင့်တစ်သားတည်း ဖြစ်လာလေသည်။

နံနက်အစောပိုင်း၌ မိုးရွာတာ ရပ်တန့်သွားခဲ့ပြီ။ မိုးကုပ်စက်ဝန်းသည် တဖြည်းဖြည်း တောက်ပလာသည်။ သို့သော် ၎င်းသည် အမှောင်ထုကို အလုံးစုံ လွင့်ပါးပြန့်ကျဲသွားအောင် မလုပ်နိုင်သေးပေ။ လောကသည် မှောင်ရီလို့နေဆဲ။

တစ်ညလုံး မိုးရွာသွန်းသဖြင့် မြစ်ရေသည်ပင် အနည်းငယ် ပိုမြင့်တက်လာခဲ့၏။ မြစ်ရေတက်လာသည်ကို မျက်စိဖြင့် ကြည့်လျှင် သတိပြုမိဖို့ ခက်မည် ဖြစ်သော်လည်း မြစ်ကမ်းဘေးကို ကြည့်ပါက သိသိသာသာ တွေ့နိုင်ပေမည်။

မိုးစက်များက မြေကြီးပေါ် ရွာသွန်းခဲ့သဖြင့် ရွှံ့နွံများစွာ ဖြစ်စေကာ မြစ်ထဲသို့ စီးဆင်းသည်။ လှေငယ်တစ်စင်းသည် မြစ်အတိုင်း စုန်ဆင်းသွားပြီး မြစ်ကမ်းတစ်ခုထံ နီးသထက်နီးလာသည်။

အဆုံးသပ်၌ ထိုလှေငယ်က မြစ်ကမ်းပေါ်ရှိ ရွံ့နွံထဲသို့ ရွှေ့လာပြီး ရပ်တန့်သွားလေသည်။

လှေက မြစ်ကမ်းထံ ထိမိသည့်အခါ လှေပေါင်းမိုးအခန်းတွင်း၌ ဝမ်လင်းသည် လှေနံရံနှင့် ခေါင်းဆောင့်မိသွား၏။ သူက နာကျင်စွာဖြင့် မျက်လုံးဖွင့်လာ၏။ သူသည် ဖြည်းဖြည်းချင်း မနေ့ညက အဖြစ်သနစ်ကို ပြန်မှတ်မိလာ၏။ သို့ပေမည့် သူ့ပတ်လည်သို့ ကြည့်လိုက်သည့်အခါတွင်မူ ထိုမိန်းကလေးနှစ်ယောက်သည် သဲလွန်စမရှိ ပျောက်ကွယ်သွားကြလေပြီ။

ပြီးခဲ့သောညက အိပ်မက်တစ်ခုလိုပင်။ ထိုမိန်းကလေးနှစ်ယောက်၏ လှပသောပုံရိပ်များသည် သူ့စိတ်ထဲ၌ ငြိတွယ်ကျန်ခဲ့သည်။

“ဒါဟာ ပုံရိပ်ယောင်တစ်ခုများ ဖြစ်ခဲ့တာလား…” ဝမ်လင်းသည် စိတ်ရှုပ်ထွေးလာ၏။ သူက သူ့ကိုယ်ပေါ်ရှိ အနွေးထည်ကို ကြည့်လိုက်၏။ ၎င်းမှာ မိန်းကလေးတစ်ယောက် ပိုင်ဆိုင်သည်မှာ ထင်ရှားသည်။

သို့ပေမည့် သူ့စိတ်ထဲ၌ ထိုမိန်းကလေးနှစ်ယောက်အပြင် အလွန်တရာစစ်မှန်သော အိပ်မက်တစ်ခု ရှိသေး၏။ သူက ထိုအိပ်မက်ထဲ၌ သည်မိန်းကလေးနှစ်ယောက်ကိုလည်း တွေ့မြင်သည်။

အဖြစ်အပျက်အားလုံးက ဝမ်လင်းကို ကြီးစွာ စိတ်ရှုပ်ထွေးမိစေသည်။ ဖယောင်းတိုင်မှာလည်း ငြှိမ်းသေသွားခဲ့သည်မှာ ကြာနေပြီ။ ထို့ကြောင့် သူသည် လှေပေါင်းမိုးအခန်းတွင်းသို့ ရေးတေးတေးသာ မြင်ရလေ၏။

အချိန်အတန်ကြာပြီးနောက် ဝမ်လင်းသည် လှေပေါင်းမိုးထဲမှ လှမ်းထွက်လာကာ မှုန်မှိုင်းနေဆဲလောကကို ကြည့်လိုက်သည်။ ပတ်ဝန်းကျင်တစ်ခုလုံး ထုံထိုင်မှုန်မှိုင်းနေ၏။ ထို့ကြောင့် သူသည် အဝေးသို့ လှမ်းမမြင်ရနိုင်ဘဲ ရှိသည်။ လေများ တိုက်ခတ်သဖြင့် သူ အေးသလို ခံစားမိသည်။ သူက မြေသင်းရနံ့ကိုပါ ရလိုက်၏။ သူသည် အသက်ဝဝရှိုက်သွင်းလိုက်၏။

“ဒါက အိပ်မက်တစ်ခုပဲ တကယ်ဖြစ်နေနိုင်လား…” ဝမ်လင်းသည် ခါးကိုင်းလိုက်၏။ မိုး မရွာတော့သည့်နောက် သည်ဧရိယာတစ်ခုလုံးမှာ တိတ်ဆိတ်လို့နေသည်။ ထိုတိတ်ဆိတ်မှုက ဝမ်လင်းကို သည်လောကတွင် သူတစ်ယောက်တည်း ရှိနေသည့်နှယ် ပြုလုပ်သည်။

ဘေးပတ်ပတ်လည်သို့ ကြည့်လိုက်ရင်း ဝမ်လင်းသည် သူ့ခန္ဓာကိုယ်ထံမှ မည်သည့်ကြောင့်မှန်းမသိ အထီးကျန်ဆန်မှု ပျံ့နှံ့လာသည်ကို ခံစားမိသည်။ သူသည် မှုန်ရီသော ကောင်းကင်ထက်သို့ ကြည့်ကာ ထိုအထီးကျန်မှုက ပိုအားကောင်းလာသည်။

လေများ တိုက်ခတ်နေသဖြင့် သူ့အနက်ရောင်ဆံပင်များမှာ နောက်သို့ လွင့်ဝဲနေသည်။

“နည်းနည်းအေးသလိုပဲ…” ဝမ်လင်းသည် ခေါင်းငုံ့လိုက်၏။ သူသည် ရုတ်ချည်းပေါ်လာသော အထီးကျန်မှုမှာ ဘာကြောင့် အားကောင်းလှသည်ကို နားမလည်နိုင် ဖြစ်ရသည်။ ထိုအထီးကျန်မှုက သူ့ကို သူ၏မိဘများအကြောင်း၊ သူ့အိမ်အကြောင်းကို ပြန်တွေးမိစေသည်။

ထို့အပြင် သူမမှတ်မိပုံရသော အမျိုးသမီးတစ်ယောက်အကြောင်းကိုလည်း တွေးမိစေသည်။

ထိုအခါ သူ့မျက်လုံးမှ မျက်ရည်စီးကြောင်းနှစ်ခု ကျဆင်းလာသည်။

“ငါ ဘာကြောင့် ငိုမိနေတာလဲ…” ဝမ်လင်းသည် သူ့လက်ကို မြှောက်ကာ မျက်ရည်စကို သုတ်လိုက်သည်။ ဝမ်လင်း၏မျက်လုံးထဲတွင် ဝမ်းနည်းမှုတို့ အတိုင်းမသိ ပြည့်နေသည်။ ထိုဝမ်းနည်းမှုကို သူ ကိုယ်တိုင်ပင် သတိမပြုမိပုံ ရသည်။

“ငါ ဘာဖြစ်နေတာလဲ…” ဝမ်လင်းသည် ခေါင်းငုံ့ကာ စိုစွတ်နေသော လှေကြမ်းပြင်ကို လစ်လျူရှုကာ ထိုင်ချလိုက်သည်။

အထီးကျန်စွာ ခံစားနေရင်း သည်လောက၌ သူတစ်ယောက်တည်းပဲ ရှိတော့သည့်အလား။

ဝမ်လင်းသည် တဖြည်းဖြည်းမိန်းမောသွားသည်။ သူ၏ရှေ့တွင် ချောက်နက်ကြီးတစ်ခု ရှိနေသည့်အလား။ ထိုချောက်နက်သည် အဆုံးမရှိစုပ်အားဖြင့် ကောင်းကင်ကိုပါ ၎င်းအတွင်းသို့ ဆွဲချပစ်နိုင်စွမ်း ရှိသည့်နှယ်။ ထိုချောက်နက်၏ အတွင်းနက်ပိုင်းတွင် အက်ကြောင်းတစ်ခု ရှိနေသည်။ အထီးကျန်ပုံရိပ်တစ်ခုက ထိုအက်ကြောင်းအတွင်း၌ ထိုင်နေသည်။

ထိုနေရာသည် အလွန်တိတ်ဆိတ်သည်။ စုပ်အားသံမှလွဲ၍ မည်သည့်အသံဗလံမှ ရှိမနေပေ။ အထီးကျန်ပုံရိပ်က သူ့ကို ကျောခိုင်းထား၏။ ဝမ်လင်းသည် ထိုပုံရိပ်၏မျက်နှာကို မမြင်ရသော်လည်း သူသည် ထိုပုံရိပ်ထံမှ အထီးကျန်ဆန်မှုနှင့် ဝမ်းနည်းမှုကို ခံစားမိသည်။

မိန်းမောနေရင်း သူသည် ဝတ်စုံဖြူဝတ်ဆင်ထားသော လူငယ်တစ်ယောက် ကြယ်များကြား တိတ်ဆိတ်စွာ လျှောက်လှမ်းနေသည်ကို တွေ့မြင်သည်။ ထိုသူ၏ပုံရိပ်မှာလည်း အထီးကျန်မှု အငွေ့အသက်ကို ပေးနေသည်။

သူ့မျက်လုံးမှ မျက်ရည်များ စီးကျလာပြန်သည်။ ထိုဝမ်းနည်းမှုမှာ သူ၏စိတ်ဝိညာဉ်မှ ထွက်ပေါ်လာခြင်း၊ သည်လောကမှ ထွက်ပေါ်လာခြင်းပင်။ သည်လောကသည်ပင် သူ၏စိတ်ဝိညာဉ်၊ သူ့အိပ်မက် ဖြစ်နေသည့်အလား။ သည်အခိုက်၌ သူသည် ဤနေရာရှိ ငြိမ်သက်မှုနှင့်အထီးကျန်ဆန်မှုတို့ကို တွေ့ရှိရသည်။

မှုန်ရီသော ကောင်းကင်အောက်တွင် ဝမ်လင်းသည် ရေမျက်နှာပြင်ကို အချိန်အကြာကြီး ငေးကြည့်နေသည်။

လေအေးများ ထပ်မံ တိုက်ခိုက်လာမှသာ သူသည် အလွန်အေးစိမ့်မှုကို ခံစားမိကာ သူ့ဘယ်လက်ကို အလိုလိုမြှောက်၍ သိပ်မဝေးသော နေရာရှိ ဖယောင်းတိုင်ထံ လက်ညွှန်လိုက်သည်။ ဖယောင်းတိုင်သည် တဖြည်းဖြည်း ပြန်ထွန်းလင်းလာသည်။

ဝမ်လင်းသည် သူ့ကိုယ်တိုင် ထိုသို့ လုပ်လိုက်မိသည်ကိုပင် သေချာမသိပေ။ သူ့မျက်လုံးထဲတွင် ဝမ်းနည်းမှုတို့သာ ထာဝရကြီးစိုးနေသည့်အလား။

တိတ်ဆိတ်မှု၊ မှုန်မှိုင်းမှုအောက်၌ ဖယောင်းတိုင်မီးက သည်ပတ်ဝန်းကျင်ကို အလင်းပေးသည်။ ယင်းအလင်းမှာ အားနည်းသော်လည်း နွေးထွေးမှုကို ပေးသည်။

အဝေးမှ ကြည့်ပါက လှေငယ်ပေါ်ရှိ ပုံရိပ်တစ်ခုသည် တစ်ကိုယ်တည်းအထီးကျန်ဆန်မှုကို ပေးစွမ်းနေပေသည်။

အချိန်ကုန်လာနေရင်း ကောင်းကင်သည် အလင်းဓာတ် ရလာ၏။ အမှောင်ထုသည် မြေကမ္ဘာထံမှ ပြန့်ကျဲသည်။ ပတ်ဝန်းကျင်တစ်ခုလုံး ကြည်ကြည်လင်လင် ဖြစ်လာသည်။

ကောင်းကင်ထက်တွင်တော့ တလိပ်လိပ် ဖြစ်နေသော အနက်ရောင်တိမ်စိုင်များ ရွှေ့လျားနေဆဲပင်။ တောင်တစ်တောင်ထံမှ ငှက်တစ်ကောင်သည် တိမ်စိုင်တိမ်မည်းများထံ ပျံသန်းတိုးဝင်သည်။ တိမ်စိုင်များကို ထွင်းဖောက်ပြီးနောက် ၎င်းသည် အကြိမ်အနည်းငယ် လှည့်ပတ် ပျံသန်းကာ ဝမ်လင်းထံ ဦးတည် ပျံလာတော့သည်။

မကြာခင်တွင် ထိုငှက်သည် ဝမ်လင်းအနား ရောက်လာသည်။ သူက ခေါင်းမော့ကြည့်လိုက်ရာ အဖြူရောင်ငှက်တစ်ကောင်ကို တွေ့မြင်လိုက်၏။ ယင်းငှက်က ဝမ်လင်းကို ငုံ့ကြည့်လိုက်သည့်ပုံပင်။ ဝမ်လင်းက သိသိသာသာ ဝမ်းနည်းမှု အရိပ်အယောင်ကို သတိပြုမိလိုက်နိုင်သည်။ သူ မင်သက်သွားမိစဉ် ငှက်သည် အကွာအဝေးတစ်ခုထံသို့ ပျောက်ကွယ်သွားလေသည်။

ထိုငှက် ထွက်သွားသည့်အခါ ဝမ်လင်း၏နှလုံးသားထဲရှိ ဝမ်းနည်းမှုမှာ ဖြည်းဖြည်းချင်း လွင့်ပါးလာသည်။ ဖယောင်းတိုင်မီးမှာလည်း ငြှိမ်းသေသွားလေပြီ။

“ငါ ဘာဖြစ်နေတာလဲ…” ဝမ်လင်းသည် သတိပြန်ဝင်လာသည့်ပုံ ရ၏။ သူက သူ့လက်ထိပ်ပေါ်ရှိ မျက်ရည်စက်ကို စိုက်ကြည့်လိုက်သည်။ သူသည် ထိုမျက်ရည်လိမ့်ဆင့်း ကျသွားသည်ကို စောင့်ကြည့်သည်။ အချိန်အတန်ကြာပြီးနောက် ဝမ်လင်းသည် ထရပ်ကာ စိတ်ရှုပ်ထွေးဟန်ဖြင့် သူ့ပစ္စည်းများကို ထုတ်ပိုင်းယူဆောင်လိုက်သည်။ သူက ထိုမိန်းကလေး၏ အနွေးထည်ကိုလည်း သူ့နောက်ကျောပိုးအိတ်ထဲ ထည့်ကာ လှေထံမှ လှမ်းလျှောက်လာလေသည်။

သူ လှေကနေ ဆင်းလျှောက်လာသည့်အခိုက် သူက လှေသို့ နောက်လှည့်ကာ ပြန်ကြည့်သည်။ ထို့နောက်တွင် သူသည် အကွာအဝေးတစ်ခုထံသို့ လျှောက်လှမ်းသွားသည်။

သို့ပေမည့် ထိုအခိုက်တွင် အကွာအဝေးတစ်ခုရှိ လှိမ့်တက်နေသော တိမ်စုတိမ်ဝေးထံမှ တဝီဝီအသံ ထွက်ပေါ်လာသည်။ ထိုအသံသည် မြည်ဟည်းကာ ဝမ်လင်းသည် အလိုလို မော့ကြည့်မိလိုက်သည်။ သူသည် အံ့မခန်းမြင်ကွင်းတစ်ခုကို တွေ့မြင်လိုက်ရသည်။

ကောင်းကင်ကို ထွင်းဖောက်မည်ဟုပင် ထင်မှားရသော အလင်းတန်းများ တိမ်မည်းများကို ဖြတ်သန်းသွားနေ၏။ ထိုအလင်းတန်းထဲမှ တစ်ခုသည် ရုတ်တရက် ဝမ်လင်း၏အထက်တွင် ရပ်လိုက်သည်။ အပြာရောင်ဝတ်စုံဖြင့် အမျိုးသမီးတစ်ယောက် လှစ်ဟပေါ်ထွက်လာသည်။ သူမက အောက်ငုံ့ကြည့်လိုက်ရာ ဝမ်လင်းနှင့် အကြည့်ချင်းဆုံသည်။

“အယ်…” သူမ၏မျက်လုံးထဲ၌ စိတ်ရှုပ်ထွေးဟန် ဖြစ်ပေါ်သည်။

တခြားအလင်းတန်းတစ်ခုထံမှ ချောမောသောလူငယ်တစ်ယောက် လှမ်းထွက်လာပြီး သူက ညင်သာစွာ မေးလိုက်သည်။ “ဘာဖြစ်လို့လဲ ဂျူနီယာညီမလေးလျှို…”

“ဘာမှမဟုတ်ပါဘူး။ ညီမ ဒီကျောင်းတော်သားကို တစ်နေရာရာမှာ မြင်ဖူးသလို ရှိလို့ပါ…” ထိုအမျိုးသမီးက ခေါင်းယမ်းကာ အကွာအဝေးတစ်ခုထံသို့ ပျံ့သန်းသွားသည်။

“သေမျိုးတစ်ယောက် မလား။ ငါတို့ ဆရာနဲ့ မြန်မြန်တွေ့ဖို့ သွားရမယ်။ ပြီးရင် ရွှေရောင်အလင်း ထုတ်လွှတ်တဲ့နေရာကို သွားရအုံးမယ်နော်…” ထိုလူငယ်က ဝမ်လင်းထံ ကြည့်လိုက်၏။ ထို့နောက် သူ့အကြည့်ကို ပြန်ရုတ်သိမ်းကာ အမျိုးသမီးဖြစ်သူထံ ကြည့်သည်။

***

All Chapters