← Chapters

မိုးသည်းညတစ်ညမှာ ရှေးဟောင်းဘုရားကျောင်းထံ ပြန်ရောက်လာတဲ့ စိတ်ဝိညာဉ်…

Vol. 119 Ch. 1645

မိုးသည်းညတစ်ညမှာ ရှေးဟောင်းဘုရားကျောင်းထံ ပြန်ရောက်လာတဲ့ စိတ်ဝိညာဉ်…

Vol. 119 Ch. 1645

ဝမ်လင်းသည် ကောင်းကင်ထက်သို့ စိုက်ကြည့်နေသည်။ ထိုအလင်းတန်းနှစ်ခုသည် အကွာအဝေးတစ်ခုထံသို့ ပျောက်ကွယ်သွားတော့သည်။

“သူမက ဘယ်သူလဲ…ငါ ရင်းရင်းနှီးနှီး သိနေသလိုပဲ…” ဝမ်လင်းသည် ခပ်တိုးတိုး ရေရွတ်လိုက်၏။ သူ၏စိတ်နှလုံးတွင်လည်း နာကျင်စွာ ခံစားလိုက်ရသည်။ ထိုခံစားချက်သည် ရှင်းမပြတတ်သော ဝမ်းနည်းမှုနှင့် ပေါင်းစည်းကာ ထူးဆန်းသောအားတစ်ခုအဖြစ် ပြောင်းလဲ၍ ဝမ်လင်း၏ အသက်ရှုသံကို မြန်ဆန်လာစေပြီး သူ့မျက်နှာကို ဖြူရောစေသည်။

သူသည် မိုးကုပ်စက်ဝန်းထံ ငေးကြည့်ရင်း နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်မိ၏။ သူ၏ နာကျင်နေသော ရင်ဘက်ကို လက်ဖြင့်ဖိထားရသည်။ ထိုနာကျင်မှုသည် ဒီရေလှိုင်းအလား။ ပြောမပြနိုင်လောက်သည့် နာကျင်မှုမျိုးပင်။ သူ့နှလုံးသား တစစီဖြစ်သွားသည့်အလား။

ထိုအရာများက ကောင်းကင်တွင် ပျံသန်းသွားသော အမျိုးသမီးကြောင့် ဖြစ်လာခြင်းပင်။ ထိုအမျိုးသမီးက ဝမ်လင်း၏စိတ်ထဲ၌ လွန်ခဲ့သောနှစ်ပေါင်းမရေမတွက်နိုင်ခင်တည်းက တည်ရှိနေခဲ့သည့်အလား ထင်ရသည်။

အချိန်အတန်ကြာပြီးနောက် ဝမ်လင်း၏မျက်နှာမှာ သွေးရောင်ပြန်သမ်းလာ၏။ သူသည် အသက်ခက်ခက်ခဲခဲ ရှုနေရပြီး မျက်လုံးမှိတ်လိုက်သည်။

“ဒီတော့ အင်မောတယ်တွေက တကယ်ပဲ တည်ရှိတာကို။ ဒါဆိုရင် ငါ့အိပ်မက်…ငါ့အိပ်မ်က အစစ်အမှန်များလား…” ဝမ်လင်းသည် မိုးရွာသွန်းပြီးနောက် စိုထိုင်းနေသော မြေကြီးပေါ်တွင် မတ်တပ်ရပ်ကာ ငြိမ်သက်စွာ စဉ်းစားနေသည်။ ကောင်းကင်သည် လုံးဝ လင်းထင်းလာသည့်အချိန်ကြမှ ဝမ်လင်းသည် မျက်လုံးပြန်ဖွင့်လာ၏။ ထို့နောက် သူသည် ရှေ့သို့ တိတ်ဆိတ်စွာ ဆက်လျှောက်သွားတော့သည်။

“အင်မောတယ်တစ်ယောက်ကို ငါ အိပ်မက်မက်တာလား။ ဒါမှမဟုတ် အင်မောတယ်တစ်ယောက်က ငါလို့ အိပ်မက်မက်ခဲ့တာလား…” ဝမ်လင်းသည် နားမလည်ပေ။

ဝမ်လင်းသည် မိန်းလမ်းမပေါ်သို့ လှမ်းလျှောက်လာပြီးနောက် သူသည် မြို့တော်ထံသို့ ထပ်မံ ဦးတည်သည်။ သူသည် ပတ်ဝန်းကျင်ကို လေ့လာကြည့်ရှုလိုစိတ်လည်း မရှိတော့ပေ။ သူသည် ဝါးကျောပိုးအိတ်လွတ်ကာ ငြိမ်သက်စွာ ဆက်လျှောက်သွား၏။

နေထွက်လာလိုက်၊ နေဝင်သွားလိုက်။

ဝမ်လင်းသည် တနေ့လုံး မိန်းလမ်းမအတိုင်း လျှောက်နေ၏။ သူ ပင်ပန်းလာသည့်အခါ သူက လမ်းဘေးတစ်ဖက်တွင် ထိုင်ချကာ အစာခြောက်အချို့ကို ထုတ်၍ စားသည်။ အနည်းငယ် အနားယူပြီးနောက် သူ ဆက်လျှောက်သည်။

မြင်းခွာသံများနှင့် ရထားလှည်းသံများသည် အကွာအဝေးတစ်ခုမှ ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည့်အခါ ဝမ်လင်းက ဘေးတစ်ဖက်သို့ ရှောင်ပေးလိုက်၏။ မြင်းများ၊ လှည်းများ ဖြတ်သန်းသွားပြီးနောက် သူသည် လမ်းမပေါ်သို့ ပြန်တက်ကာ ဆက်လျှောက်သည်။

မျက်စိတစ်မှိတ်အတွင်း ခုနစ်ရက်တာ ကုန်ဆုံးသွားခဲ့လေပြီ။ သည်ခုနစ်ရက်အတွင်း ဝမ်လင်း၏အားနည်းသော ခန္ဓာကိုယ်မှာ တဖြည်းဖြည်း ပိုပို သန်မာလာ၏။ နေထွက်သည်မှစ၍ နေဝင်သည့်အချိန်ထိ ဝမ်လင်းသည် လမ်းပေါ်တွင် လျှောက်နေခဲ့သည်။ လမ်းမပေါ်၌ တည်းခိုခန်းတစ်ခုခု ရှိပါက သူသည် အနားယူမည်။

သို့မဟုတ်ပါက သူသည် ရွာတစ်ရွာမှ မီးခိုးငွေ့များ ထွက်ပေါ်လာသည်ကို တွေ့မြင်ပါက သူ့အတွက် ပိုအဆင်ပြေသည်။ ရွာတွင် အနားယူရခြင်းက တည်းခိုးခန်းတွင် နေခြင်းထက် သူ့အတွက် ပိုသက်တောင့်သက်သာ ဖြစ်သည်။

သို့သော် အချိန်အများစုတွင်တော့ ဝမ်လင်းသည် သူဟာ သည်လောကတွင် တစ်ယောက်တည်း ရှိနေသည့် ပုံရိပ်ယောင်တစ်ခုအလားဟု ခံစားမိ၏။ သူသည် လမ်းလျှောက်နေရင်း အရိပ်ထဲတွင် ပြန်မြင်ရသော သူ့ကိုယ်သူကိုလည်း တွေ့သည်။ ထို့နောက် သူသည် ညအခါကျလျှင် ကောင်းကင်ထက်ရှိ ကြယ်များကို ရေတွက်ရင်း သူ့အိမ်နှင့်မိဘနှစ်ပါး၏ နွေးထွေးမှုအကြောင်း တွေးရင်း ဖြည်းဖြည်းချင်း အိပ်စက်လိမ့်မည်။

ညလေက အေးသဖြင့် ဝမ်လင်းသည် မကြာမကြာ နိုးနိုးလာတတ်၏။ သူ နိုးလာချိန်တိုင်း သူက ငြိမ်သက်တိတ်ဆိတ်နေသော ဘေးပတ်ဝန်းကျင်ကို ကြည့်မည်။ သူသည် ထိုအမှောင်ထုနှင့် အတော်လေး အသားကျသလို ခံစားမိပြီး သူက စိုးကြောက်ခြင်း မရှိပေ။ သူက ဘေးပတ်ပတ်လည်သို့ ကြည့်ပြီး ထပ်မံ အိပ်စက်သည်။

ကျောက်နိုင်ငံတွင် မိုးရာသီအချိန်အခါ ဖြစ်နေ၏။ မိုးရွာတာ ရပ်နေလျှင်ပင် ကောင်းကင်ထက်တွင် တိမ်စိုင်များဖုံး၊ မိုးကြိုးတို့ ပဲ့တင်ထပ်သည်။ မိုးသည် နေ့တစ်ဝက်ခန့် အရွာ ရပ်ပြီးလျှင်တော့ ထပ်မံ ရွာချတတ်၏။

ရှစ်ရက်မြောက် နေဝင်ဆည်းဆာချိန်တွင် ဝမ်လင်းသည် ထီးကို ကဗျာကသိ ထုတ်ကာ မချိပြုံးပြုံး၍ ရှေ့သို့ ပြေးရလေ၏။ မိုးသည် သူ့ထီးပေါ် ရွာဆင်းကျလာခဲ့သည်။ မိုးကြိုးသံများ မြည်ဟည်းနေ၏။ ညနေချိန်ဖြစ်သော်လည်း ကောင်းကင်ကမူ မှောင်မဲနေလေပြီ။

“တစ်ရက်ကျော်လောက် ခရီးနှင်ပြီးရင်တော့ ငါ မြို့တော်ကို ရောက်တော့မှာ။ ဒါပေမဲ့ မိုးက ပိုပိုသည်းလာတယ်…” မြေပြင်ထက်တွင်လည်း ဗွက်ထနေသဖြင့် သူ့အဝတ်များပေါ်သို့ ရေများ လာလာစင်နေသည်။ သူ့ဝတ်စုံအစိမ်းမှာ ရေများ ရွှဲနစ်လာသဖြင့် သူသည် အေးလာသည်။

ရေခိုးရေငွေစွက်သော လေကပါ တိုက်ခတ်လာသဖြင့် အအေးဓာတ်သည် အရိုးထိစိမ့်နေ၏။ ဝမ်လင်းသည် တုန်ရီနေပြီး သူ့ထီးကို နောက်ကျောရှိ ဝါးကျောပိုးအိတ်ထံ ပိုဆောင်းထားရသည်။ ထိုအိတ်ထဲ၌ စာအုပ်များ၊ အစာခြောက်များနှင့် သူ့လဲစရာပြုစရာ အဝတ်များ ရှိနေသည်။ ၎င်းတို့ကို ရေစို၍ မဖြစ်ပေ။

ဝမ်လင်းသည် မိုးထဲလေထဲ ခပ်သွက်သွက် လျှောက်လာရင်း မိုးခိုဖို့ သူ့ဘေးပတ်လည်သို့ ကြည့်၏။ သူသည် အကွာအဝေးတစ်ခုရှိ အိမ်ပုံစံအရိပ်အယောင်ကို လှမ်းမြင်လိုက်ရသည်။

သူက ၎င်းနေရာထံ လျှောက်လာ၏။ အနားရောက်လာသည့်အခါ သူသည် စွန့်ပစ်ဘုရားကျောင်းတစ်ခုကို တွေ့မြင်လိုက်ရသည်။

ထိုဘုရားကျောင်းသည် ကြီးမားခြင်း မရှိသလို ပျက်စီးနေပြီ ဖြစ်သည်။ ကျောင်းတော်ဝင် တံခါးနှစ်ချပ်ရှိကာ တစ်ချပ်က ဟနေ၏။ တံခါးပေါ်ရှိ အနီရောင်ဆေးမှာ လွင့်ပြယ်နေပြီး တံခါးကွင်းသည်ပင် ဖုန်တက်နေလေပြီ။

တံခါးနောက်တစ်ချပ်ကမူ ပျက်စီးနေသည်။

လေနှင့်မိုးက ပိုသည်းလာသဖြင့် တံခါးချပ်သည် ပိုပြင်းပြင်းထန်ထန် လှုပ်ခတ်သည်။

ဝမ်လင်းသည် အမြန်လှမ်းလာရင်း သူ့ရှေ့ရှိ ဘုရားကျောင်းဝန်းထဲသို့ ဝင်လာ၏။ ထိုဝန်းထဲတွင် အမှိုက်သရိုက်များ၊ ချုံနွယ်ပိတ်ပေါင်းများ ပြည့်နေ၏။ လေနှင့်မိုးသည် ချုံနွယ်များကို ကွေးညွတ်စေသည်။

လျှပ်စီးများလင်းလက်သဖြင့် ဝမ်လင်းသည် ဘုရားကျောင်းထဲရှိ အရာအားလုံးကို ကောင်းကောင်း မြင်လိုက်ရ၏။ ဝမ်လင်းသည် အလန့်တကြားဖြစ်ကာ နောက်သို့ ခြေလှမ်းအနည်းငယ်ပင် ဆုတ်မိသွားသည်။ သူက ဘုရားကျောင်းထောင့်၌ အဖြူရောင်အရိုးစုများကို တွေ့မြင်လိုက်ရပေသည်။

သူ့စိတ်နှလုံး ခုန်ပေါက်သွား၏။ သူ့မျက်နှာမှာလည်း ဖြူရောသွားသည်။ သို့သော် မိုးက ပိုသည်းလာသည်။ သူသည် အံတင်းတင်းကြိတ်ကာ ထိုအရိုးစုများကို လစ်လျူရှု၍ ဘုရားကျောင်းတွင်းသို့ ဝင်လာလေသည်။

ဘုရားကျောင်းထဲ၌ ပေဒါဇင်ချီမြင့်သော ကြီးမားသည့် ရုပ်တုတစ်ခု ရှိသည်။ ၎င်းရုပ်တု၏ ပုံပန်းသွင်ပြင်ကို တွေ့မြင်ဖို့တော့ မဖြစ်နိုင်တော့ပေ။ ၎င်း၏အရောင်မှာ မှိန်ဖျော့နေသည်မှာ ကြာလှနေလောက်ပြီ ဖြစ်၏။

ဘုရားကျောင်းအတွင်း၌လည်း ရေများ ရှိနေ၏။ အမိုးများက ပျက်စီးနေသဖြင့် မိုးစက်များ ကျဆင်းကာ ကြမ်းပြင်တွင် ရေများ စုဝေးနေခြင်းပင်။

ဝမ်လင်းသည် အသက်ဝဝရှုသွင်းလိုက်၏။ သူသည် အရင်ဆုံး ရုပ်တုကို ခါးကိုင်းကာ ဂါဝရပြုသည်။ ထို့နောက် သူ့ ဝါးကျောပိုးအိတ်ကို ရေလွတ်သည့်နေရာတွင် ချလိုက်၏။ ထို့နောက်တွင် သူက သူ့ရှေ့ရှိ သစ်ကိုင်းခြောက်အချို့ကို ချကာ မီးမွှေးသည်။

ထိုသစ်ကိုင်းခြောက်များမှာ နည်းနည်းတော့ အစိုဓာတ် ရှိနေ၏။ ထို့ကြောင့် ဝမ်လင်းသည် အကြိမ်များစွာ ကြိုးစားသော်လည်း မီးမွှေးမရသေးဘဲ ဖြစ်နေသည်။ သူက အတော်လေး အေးနေပေပြီ။ သူသည် ယင်းသစ်ကိုင်းခြောက်များကို ထပ်မံ မီးမွှေးဖို့ ကြိုးစားလိုက်ပြန်သည်။

သို့သော် ထိုအခိုက်တွင် ဘုရားကျောင်းအပြင်ဘက်တွင် မိုးကြိုးပစ်ချသွား၏။ ထိုအခါ ဝမ်လင်း၏လက်နှစ်ဖက်သည် တုန်ရင်သွားသည်။ အရိပ်ကြီးတစ်ခုပေါ်လာကာ သည်ဧရိယာကို ခြုံလွှမ်းသွား၏။

“ဘယ်သူလဲ…” ဝမ်လင်းသည် ရုတ်တရက် မော့ကာ စိတ်ထဲရှိ ကြောက်ရွှံ့မှုကို ဖိနှိပ်၍ တံခါးထံသို့ ကြည့်လိုက်သည်။

သူ့အသံသည် တော်တော်ကျယ်သွား၏။ သူက အော်ဟစ်လုမိနီးနီးပင်။ ဘုရားကျောင်းတွင်းသို့ လှမ်းဝင်လာဟန် ပြင်နေသောလူမှာလည်း လန့်သွားသည်။

“ဘယ်သူလဲ….” အပြင်ဘက်မှ အလန့်တကြားအသံတစ်သံ ထွက်ပေါ်လာ၏။ အပြင်ဘက်မှလူသည် သက်လတ်ပိုင်းလူတစ်ယောက် ဖြစ်သည်။

ဘုရားကျောင်းတွင်းရှိ ဝမ်လင်းကို သေချာ ကြည့်လိုက်ပြီးနောက်မှ ထိုလူသည် အနည်းငယ် စိတ်သက်သာရာ ရသွားသည်။ သူသည် အထဲသို့ အမြန်ဝင်လာကာ ဝမ်လင်းကို ဖျပ်ခနဲ ကြည့်လိုက်သည်။ ထို့နောက် သူက သူ့ရင်ဘက်ကို ပုတ်ကာ ဝမ်လင်းကို အော်လေ၏။

“မင်း ငါ့ကို လန့်အောင် လုပ်တာပဲဟ…”

ဝမ်လင်းသည် ခဏတာ မင်သက်သွားမိ၏။ သူသည် မချိဟန် ပြုံးလိုက်မိသည်။ သူသည် စိတ်အေးသွားကာ ထို့နောက် သက်လတ်ပိုင်းလူထံ လက်နှစ်ဖက်ဆုပ်၍ တောင်းပန်လိုက်၏။ “ညက မှောင်နေတော့ ရှင်းရှင်းလင်းလင်း မမြင်နိုင်ဘူး ဖြစ်သွားပါတယ်။ မိုးကြိိုးကလည်း ရုတ်တရက်ကြီး ပစ်ချလာခဲ့တယ်လေ။ ဒါ့ကြောင့် အစ်ကို စိတ်ထဲမထားဖို့ ငါ မျှော်လင့်မိပါတယ်…”

သက်လတ်ပိုင်းလူသည် နှာခေါင်းရှုံ့လိုက်၏။ အနည်းငယ် ပွစိပွစိ ပြောပြီးနောက် သူက ဝမ်လင်းက ဆက်အရေးမစိုက်တော့ပေ။ သူက ဘေးတစ်ဖက်တွင် ထိုင်ချလိုက်ပြီး သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းကာ တဝက်စိုနေသော ကြက်ပေါင်တစ်ချောင်းကို ထုတ်ယူလိုက်၏။ ထိုကြက်ပေါင်ကို ကြည့်ရင်း ထိုသူက အာပြဲကြီးနှင့် ငိုတော့သည်။

သူ့ငိုသံက မိုးသည်းသောညတွင် အတော်လေး သနားဖို့ ကောင်းနေသည်။ ဝမ်လင်းသည် စိမ့်ခနဲ ခံစားမိသွား၏။ ဝမ်လင်းသည် ခပ်ဝေးဝေးသို့ ရွှေ့သွားပြီးနောက် သစ်ကိုင်းခြောက်များကို မီးမွှေးနိုင်သွားလေ၏။

မီးအလင်းရောင်အောက်၌ သည်ဘုရားကျောင်းတွင်းရှိ အရာအားလုံးမှာ ပိုရှင်းလင်းမြင်သာလာ၏။

သက်လတ်ပိုင်းလူသည် အော်ဟစ်ငိုယိုရင်း စိုစွတ်နေသော ကြက်ပေါင်ကို ကိုက်၏။ ထို့နောက် သူက ကျယ်လောင်စွာ ထရယ်ပြန်သည်။ ထိုအခါ ဝမ်လင်းသည် မင်သက်သွားမိသည်။

“အရူးတစ်ယောက်ပဲ…” ဝမ်လင်းသည် ခပ်ဝေးဝေးသို့ ပိုတိုးသွားသည်။ အပြင်ဘက်တွင်သာ မိုးမရွာပါက သူသည် ထွက်သွားဖို့သာ ရွေးချယ်မည် ဖြစ်၏။ သည်နေရာမှာ မိန်းလမ်းမဘေးတွင် ဖြစ်သော်လည်း မိုးသည်းသောညတစ်ည၌ အရူးတစ်ယောက် ပေါ်လာခဲ့ပါက ကျောချမ်းစရာ ကောင်းနေမည်သာ။

သက်လတ်ပိုင်းလူက ရယ်မောပြီးနောက် ထပ်မံ ငိုပြန်သည်။

“သူတို့ ငါ့ကို ဂရုမစိုက်ကြဘူး။ သူတို့ ငါ့ကို ဂရုမစိုက်ဘူး။ ငါ မမှတ်တော့ဘူး…။ ငါ ဘယ်သူလဲ…”

သူ့အော်ငိုသံက ဒီဘုရားကျောင်းအတွင်း၌ ပြည့်နှက်နေပြီး ဝမ်လင်းသည် သနားသလို ခံစားမိသည်။ သူက အရူးထံ လှည့်ကြည့်ကာ သက်ပြင်းချမိသည်။

“လူတစ်ယောက် မနိုးထခင် ဘဝဟာ အိပ်မက်ပဲ။ ဘဝဟာ ပြဇာတ်တစ်ပုဒ်လို။ ဒါပေမဲ့ ငါ ဘယ်သူလဲ။ အိပ်မက်ထဲမှာ ရှင်သန်ပြီး၊ နိုးထခြင်းမှာ သေဆုံးတာလား။ ဒါမှမဟုတ် အိပ်မက်ထဲမှာ သေဆုံးပြီး နိုးထခြင်းမှာ ရှင်သန်တာလား။ မျက်လုံးအဖွင့်အပိတ် လုပ်တဲ့ ခဏလေးအတွင်းမှာ သေခြင်းရှင်ခြင်းအခိုက်အတန့်တွေ။ ဒါမှမဟုတ် လူတစ်ယောက်ဟာ အစစ်အမှန်ရှင်သန်ခြင်းနဲ့ အတုအယောင်ရှင်သန်ခြင်းကို မခွဲခြားနိုင်တာလား…”

“ဘဝဟာ သံသရာစက်ဝန်းတစ်ခုပဲ။ ဖြစ်နိုင်တာက ကံကြမ္မာစက်ဝန်း။ ဒါပေမဲ့ ငါ ဘယ်အချိန်မှာ နိုးထလာမလဲ…” ဝမ်လင်းသည် ခပ်တိုးတိုး ရေရွတ်နေရင်း သူ့မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးမှုတို့ ပြည့်လာသည်။ သည်နေ့များအတွင်း သူ့အိပ်မက်များက သူ့ကို စိတ်ရှုပ်မိစေ၏။ သူသည် ပြီးခဲ့သော ခုနစ်ရက်အကြောင်း ပြန်တွေးမိရင်း တစ်စုံတစ်ခုကို ခပ်ရေးရေး ခံစားမိသည်။

သက်ပြင်းချကာ ဝမ်လင်းသည် သူ့ကျောပိုးအိတ်ထဲမှ အစာခြောက်အချို့ကို ထုတ်ယူ၍ သူ့ရှေ့ရှိ မီးဖိုကို ကြည့်သည်။ သူက အပြင်ဘက်ရှိ မိုးသံကို နားထောင်ရင်း ငြိမ်သက်စွာ စတင် စားသောက်သည်။

မိုးသည် ကောင်းကင်ထက်မှ တောင်တန်းများ၊ မြေပြင်ထက်၊ ဒီဘုရားကျောင်းပေါ်သို့ သည်းသည်းမဲမဲ ရွာချနေသည်။ ဘုရားကျောင်းအတွင်း မီးဖိုဘေး၌ သည်လောကမှ မပိုင်ဆိုင်ဟန်ရသော အိပ်မက်စိတ်ဝိညာဉ်နှစ်ခု ဝင်ရောက်လာခဲ့သည်။

တစ်ယောက်သည် မီးဖိုကို ကြည့်၍ တစ်ယောက်က ကြက်ပေါင်ကို ကိုက်နေ၏။ သူတို့နှစ်ယောက်ကြားရှိ ရုပ်တုကမူ ထိုနှစ်ယောက်ကို ကြည့်နေသည့်အလား ပြုံးနေသည်။

***

All Chapters