အတိတ်ကို ပြန်စောင့်ငဲ့ကြည့်တော့ ဒါဟာ သံသရာစက်ဝန်း…
Vol. 119 Ch. 1646
မိန်းမောဟန်ဖြင့် ဝမ်လင်းသည် မီးဖိုကို ကြည့်နေသည်။ သို့သော် တံတွေးမျိုချသံက သူ့ကို နှောက်ယှက်သွားသည်။ သူသည် လှည့်ကြည့်လိုက်ရာ သူ့လက်ထဲရှိ အစာခြောက်ကို ကြည့်နေသော အရူးကို မြင်လိုက်သည်။ ထိုသက်လတ်ပိုင်းလူသည် အဆက်မပြတ် လျှာသပ်နေကာ အသနားခံဟန် လှစ်ဟပြနေ၏။
အရူးကို ကြည့်ကာ ဝမ်လင်းသည် ပြုံးလိုက်၏။ သည်အခိုက်၌ သူသည် ထိုသက်လတ်ပိုင်းလူကို သူစိမ်းတစ်ယောက်ကဲ့သို့ မခံစားမိတော့ဘဲ သနားသလို ခံစားမိသည်။
ဝမ်လင်းက သူ့ဝါးကျောပိုးအိတ်ထဲမှ အစာခြောက်ကို ထုတ်ကာ သက်လတ်ပိုင်းလူထံ လှမ်းပေးလိုက်သည်။
ထိုလူသည် မျက်လုံးပြူးသွား၏။ သူသည် တံတွေးမျိုချကာ အလျင်စလို လှမ်းလာသည်။ သူသည် အစာခြောက်ကို ယူကာ နှစ်ကိုက်သာ ကိုက်၍ စားပစ်လိုက်သည်။
“အရသာရှိလိုက်တာ…အရသာရှိလိုက်တာ။ ဒီဘုရင် မစားရမသောက်ရတာ ရက်တော်တော်ကြာပြီ….အား…ငါက ငါ့ကိုယ်ငါ ဘာကြောင့် ဘုရင် လို့ခေါ်လိုက်တာလဲ…” သက်လတ်ပိုင်းလူသည် တခဏတာ မင်သက်သွားပြီး ခေါင်းယမ်းလိုက်သည်။ သူသည် ထိုအကြောင်းကို ဆက်မတွေးတော့ဘဲ ဝမ်လင်းကို အသနားခံဟန်ဖြင့် ကြည့်လိုက်သည်။
ဝမ်လင်းသည် နောက်ထပ်အစာခြောက်အချို့ကို ထုတ်၍ ကမ်းပေးလိုက်၏။ သူသည် အေးအေးဆေးဆေး မေးလိုက်သည်။ “သင့် နာမည် ဘယ်လိုခေါ်လဲ။ သင် ဒီကို ဘာကြောင့် ရောက်လာတာလဲ။ သင့် မိသားစုကရော ဘယ်မှာလဲ…”
ထိုသက်လတ်ပိုင်းလူက သူ့ကို ရေရေရာရာမဟုတ်သော အကြောင်းရင်းတစ်ခုကို ပေးစွမ်းနေ၏။ သူသည် ထိုလူနှင့် ပို၍ ဆက်ဆံမိလေလေ ထိုခံစားချက်က ပိုအားကောင်းလာလေပင်။ သူတို့သည် အရင်က တစ်ယောက်နှင့်တစ်ယောက် သိကျွမ်းဖူးသည့်အလား ခံစားမိနေသည်။
သက်လတ်ပိုင်းလူက အစာခြောက်ကိုယူကာ စားရန် ဟန်ပြင်လိုက်စဉ် ဝမ်လင်း၏ စကားများကြောင့် မင်သက်သွားသည်။ ထို့နောက် သူသည် လက်ထဲရှိ အစာခြောက်ကို ကြည့်ကာ စငိုကြွေးတော့သည်။
“ငါ့ နာမည်ကိုလည်း ငါ မသိဘူး။ ငါ နိုးလာတဲ့အခါမှာ ငါဟာ တောင်တွေကြား ရောက်နေတာ။ ငါ ဘာကိုမှ မတွေးနိုင်တော့ဘူး။ ရွှေရောင်အလင်း၊ ငါ မှတ်မိတာတစ်ခုကတော့ ငါ သတိရလာတဲ့အခါမှာ ရွှေရောင်အလင်းတစ်ခု ငါ့ကို ဝန်းရံနေပြီး လူတော်တော်များများက ငါ့ကို ဖမ်းဖို့ ကြိုးစားကြတယ်ဆိုတာပဲ။ ဟားဟား…ဒါပေမဲ့ ဘယ်သူကမျှ ငါ့ကို မရှာနိုင်ကြဘူး…” ထိုသက်လတ်ပိုင်းလူက ငိုယိုကာ ပြောနေ၏။
ဝမ်လင်း၏အကြည့်သည် ပို၍ နူးညံ့လာသည်။ အစာခြောက်များကို အရူးစားပစ်သည်ကို သူ ကြည့်နေ၏။ သူ့ထံ၌ အစာခြောက်များများစားစား မကျန်တော့ပေ။ သူသည် ခေါင်းယမ်းကာ ပြုံးလိုက်၏။ ထို့နောက် ရေထည့်ထားသော ဘူးသီးခြောက်တစ်ခုကို ထုတ်ကာ အရူးထံ ကမ်းပေးလိုက်သည်။
အရူးသည် ပလုတ်ပလောင်း သောက်လိုက်ပြီးနောက် ကြို့ထိုးလိုက်၏။ သူက ပြုံးနေသော ဝမ်လင်းကို ကြည့်ကာ သူ့လက်ထဲရှိ ကြက်ခြေထောက်ကို လှမ်းပေးလိုက်သည်။
“ရော့ မင်းစားလိုက်။ ဒီကြက်ခြေထောက်က အရသာ မရှိတော့ဘူး…”
ဝမ်လင်းသည် ပြုံး၍ ထိုကြက်ခြေထောက်ကို ယူလိုက်သည်။ သူက ၎င်းကို မစားပေ။ သို့သော် ၎င်းကို သုတ်၍ သူ့ကျောပိုးအိတ်ထဲသို့ ထည့်သိမ်းလိုက်သည်။
ဘုရားကျောင်းအပြင်ဘက်ရှိ မိုးသည် ပို၍ပင် သည်းလာ၏။ မိုးကြိုးသံများ မြည်ဟည်း၊ လျှပ်စီးများလည်း လင်းလက်နေသည်။ ဘုရားကျောင်းတံခါးချပ်သည် လေတိုက်ခတ်သဖြင့် အဆက်မပြတ် လှုပ်ခါယမ်းနေသည်။
လောကတခွင်မှာ မှောင်မဲနေ၏။ ဘုရားကျောင်းတွင်းရှိ မီးဖိုထံမှ အလင်းစသာ ရှိ၏။ ယင်းကာ အမှောင်ထဲ၌ ခပ်ဖျော့ဖျော့အလင်းစပင်။
ဝမ်လင်းနှင့်အရူးတို့သည် မီးဖိုဘေးတွင် ထိုင်နေကြ၏။သူတို့၏စိုစွတ်နေသော အင်္ကျီအဝတ်အစားများမှာ သွေ့ခြောက်လာသည်။
ဝမ်လင်းသည် မီးဖိုကို ကြည့်၍ ခပ်တိုးတိုး ဆိုသည်။ “သင် ဘယ်သူလဲဆိုတာ မသိတာပဲ ကောင်းပါတယ်လေ။ တခါတလေ သင်ဟာ သင် ဘယ်သူလဲဆိုတာကို သိနေရင် သင်ဟာ အိပ်မက်ထဲက တစ်စုံတစ်ယောက်ဆိုပြီး မတွေးမိဘဲ မနေနိုင်မှာ မဟုတ်ဘူး။ ငါ ခုနောက်ပိုင်း တော်တော်လေး အိပ်မက်မက်နေတယ်။ အဲ့အိပ်မက်ကလည်း တကယ့်အစစ်အမှန်လိုပဲ။ ငါ ဒီအိပ်မက်ကို အစစ်အမှန်ကနေ မခွဲခြားနိုင်ဘူး…”
သက်လတ်ပိုင်းလူက ရေပလုတ်ပလောင်း သောက်ကာ ခေါင်းယမ်းရင်း ခပ်တိုးတိုးရေရွတ်လေ၏။
“ဘယ်သူပြောလဲ။ မင်းကိုယ်မင်း မသိတာဟာ ဘယ်လောက်နာကျင်ဖို့ ကောင်းလဲ ဆိုတာ ကြိုးစား တွေးကြည့်စမ်းပါ။ ဟက်…ဟက်…ငါသာ ဆိုရင် ဒါဟာ အိပ်မက်လား၊ဘာလား ဂရုစိုက်မနေဘူး။ ငါ ပျော်နေရသရွှေ့၊ ငါ ပျော်ရွှင်နေရသရွှေ့…အဆင်ပြေပြီ…”
ဝမ်လင်း၏မျက်လုံးသည် ကျဉ်းမြောင်းသွားသည်။ ထိုလူ၏စကားများက သူ့ကို လာထိသည်။
“ငါ ပျော်ရွှင်နေရသရွှေ့…အားလုံး အဆင်ပြေပြီ။ ငါ့အိပ်မက်ဟာ ဘုရင့်စာမေးပွဲကို အောင်မြင်ဖို့ပဲ။ ဒါမှသာ ငါ့မိဘတွေကို ကောင်းကောင်းမွန်မွန် ဘဝတစ်ခု ထားနိုင်မှာ။ ဆွေမျိုးတွေရဲ့ အထင်သေးတဲ့အကြည့်ကို မခံရမှာ…” ဝမ်လင်းသည် ငြိမ်သက်စွာ အချိန်အတန်ကြာ စဉ်းစားနေပြီးနောက် ခေါင်းညိတ်လိုက်သည်။
ဝမ်လင်းက မော့ကြည့်လိုက်၏။ သူသည် မီးဖိုထဲသို့ သစ်ကိုင်းခြောက်အချို့ကို ထပ်ထည့်ရင်း မေးလိုက်၏။ “သင်ကရော…။ သင့်အိပ်မက်ကရော ဘာလဲ…”
သက်လတ်ပိုင်းလူသည် သမ်းဝေကာ အိပ်ချင်လာသည့်ပုံ ရသည်။ သူက ဝမ်လင်း၏အမေးကို ကြားလိုက်သည့်ခါ ရုတ်တရက် တက်ကြွလာကာ စိတ်လှုပ်ရှားစွာ ပြောလာလေ၏။
“ငါလား…ငါ့မှာ အိပ်မက်တွေ အများကြီး ရှိတာပေါ့။ ငါ စိတ်ဝိညာဉ်ကျောက်တုံးတွေ အများကြီး လိုချင်တယ်။ ငွေကြေးလည်း ကြွယ်ဝချင်တယ်။ ငါ အရသာရှိတဲ့ အစားအသောက်တွေလည်း စားချင်တယ်…” ပြောနေရင်း အရူးက တံတွေးမျိုချလိုက်၏။
“စိတ်ဝိညာဉ်ကျောက်တုံးက ဘာကြီးလဲ…” ဝမ်လင်းသည် မင်သက်စွာ မေးလိုက်၏။
“စိတ်ဝိညာဉ်ကျောက်တုံးလား။ အား…ငါ စိတ်ဝိညာဉ်ကျောက်တုံးလို့ ပြောလိုက်တာပဲ။ ဒါပေမဲ့ ဒီစိတ်ဝိညာဉ်ကျောက်တုံးက ဘာလဲ…” သက်လတ်ပိုင်းလူသည် မင်သက်မိသွား၏။ သူသည် ခေါင်းကုတ်ကာ ဝမ်လင်းကို ကြည့်လိုက်သည်။
ဝမ်လင်းသည် အနည်းငယ် စဉ်းစားပြီးနောက် ပြုံးလိုက်၏။ သူသည် ထပ်မမေးတော့ပေ။ ထို့နောက် သူသည် အရူးနှင့် စကားစမြည် ပြောဆိုလေ၏။
သူတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် ပြောစရာစကားများ မကုန်မခမ်းနိုင်သည့်အလား။ အရူးသည် အစတုန်းကတော့ အိပ်ချင်နေပြီ ဖြစ်၏။ သို့သော် သူက စကား ပိုပြောလေလေ ပို စိတ်လှုပ်ရှား တက်ကြွလာလေပင်။ သူသည် ဘာကြောင့်မှန်းမသိ ဝမ်လင်းက သူ့အပေါ် နွေးထွေးသော ခံစားချက်ကို ပေးစွမ်းနေသည်ဟု ခံစားမိနေ၏။
အပြင်ဘက်တွင်တော့ လေများ တဝေါဝေါ တိုက်ခတ်နေ၏။ အေးစိမ့်စိမ့်ပင် ဖြစ်လာသည်။ သို့သော် သူတို့နှစ်ယောက်ကမူ အေးသည်ဟု မခံစားမိကြတော့ပေ။
နွေးထွေးမှုအငွေ့အသက်က သည်ဘုရားကျောင်းပတ်လည်တွင် လွှမ်းခြုံလာပြီး သည်နေရာရှိ အေးစိမ့်မှုသည် လွင့်ပါးလေသည်။
ညနက်လာပြီ ဖြစ်သော်လည်း မိုးက မစဲသေးပေ။ ပိုလို့ပင် သည်းလာ၏။ ဝမ်လင်းရှေ့ရှိ မီးဖိုသည် သစ်ကိုင်းခြောက်များ ထပ်မထည့်ပေးနိုင်တော့ရာ တဖြည်းဖြည်း အားပျော့လာ၏။ ထို့အတွက် မီးက အချိန်မရွေး ငြှိမ်းသေတော့မလို ဖြစ်လာသည်။
“ငါ မင်းကို လျှို့ဝှက်ချက်တစ်ခု ပြောပြမယ်။ ငါ ဒီလျှို့ဝှက်ချက်ကို ဘယ်သူ့ကိုမျှ မပြောပြဖူးဘူး…” အရူးသည် ဝမ်လင်းကို ဆန်းကြယ်စွာ ပြောဆိုလိုက်လေ၏။
ဝမ်လင်းက သူ့ကို ကြည့်ကာ ပြုံး၍ ခေါင်းညိတ်ပြသည်။ သူသည် စိတ်ဝင်စားဟန်လည်း ပြသည်။
သက်လတ်ပိုင်းလူက ဝမ်လင်းရှေ့တွင် သူ့ညာလက်ကို ဆန့်ထုတ်လိုက်၏။
“ကြည့်…ဒီကိုကြည့်…မင်း ဘာမြင်လဲ…” သက်လတ်ပိုင်းလူက သူ့ညာလက်ကောက်ဝတ်ကို ပြရင်း သူက ပို၍ပင် ဘဝင်ခိုက်ဟန် ဖြစ်လာသည်။
သို့သော် သူ့လက်မှာ ညစ်ပတ်နေသည်ကလွဲ၍ မည်သည့်အရာမျှ ရှိမနေပေ။ ဝမ်လင်းသည် ခဏတာ ကြည့်လိုက်ပြီးနောက် သူက ခေါင်းခါလိုက်သည်။
“အာ…မင်း ဘာမှ မမြင်ဖူးလား။ မဖြစ်နိုင်ဘူး။ ခဏစောင့်အုံး။ ငါ လက်သွားဆေးလိုက်အုံးမယ်…” အရူးသည် ဘုရားကျောင်းအတွင်းရှိ ရေအိုင်နေသော နေရာထံ အမြန်ပြေးသွားကာ သူ့ညာလက်ကို ဆေးကြောလိုက်၏။ ထို့နောက် သူက ဝမ်လင်းထံ ပြန်လာကာ သူ့ညာလက်ကို ထပ်မြှောက်ပြ၏။ သူက ဆန်းကြယ်လျှို့ဝှက်စွာ ခပ်တိုးတိုး ပြောလိုက်ပြန်သည်။ “မင်း ခု မြင်ပြီလား…”
ဝမ်လင်း၏အမူအရာက ထူးဆန်းလာ၏။ သူသည် ထပ်မံ ခေါင်းခါသည်။ သူက တကယ်ပင် မည်သည့်အရာကိုမျှ မမြင်ခြင်းပင်။
အရူးသည် စိတ်တိုလာကာ ဝမ်လင်းကို အော်လိုက်တော့၏။
“သေချာကြည့်လေ…မျက်လုံးပြူး ကြည့်။ မင်း…မင်း…ဘာမြင်လဲ။ မင်းလိမ်နေတာပဲ…မင်း ဒါကို ရှင်းရှင်းလင်းလင်း မြင်တယ်မလား…”
ဝမ်လင်းသည် သူ့နှဖူးသူ ရိုက်လိုက်ပြီးနောက် အရူး၏ညာလက်ကို ကိုင်ကာ အနီးကပ်ကြည့်ရှု၏။ ထို့နောက် သူက ပြုံး၍ ခေါင်းညိတ်လိုက်သည်။ “ငါ ဒါကို တွေ့ပြီ…ငါ တကယ် မြင်ပြီ…”
“ဟီးဟီး…ငါက တော်တယ်မလား…။ ဟက်…ငါ အဲ့လူကို သွားရှာရအုံးမယ်။ သူ ငါ့ကို သိလောက်တယ်…” အရူးက ဘေးတွင် ထိုင်ချလိုက်ပြီး သူ့လက်ကိုယ်သူ ကြည့်လိုက်၏။ သူက ဖြည်းဖြည်းချင်း ငေးတိငေးဟန် ဖြစ်သွားသည်။
“ငါ သူ့ကို ရှာဖို့ လိုတယ်။ သူက ငါ့ကို ဂရုစိုက်ပေးမယ်လို့ ကတိပေးထားတာကို ငါ ခပ်ရေးရေး ခံစားမိတယ်။ သူ ငါ့ကို ကစားဖို့ ခေါ်သွားပေးမယ်လို့လည်း ကတိပေးထားတယ်။ ဒါပေမဲ့ သူ ထွက်သွားခဲ့တယ်။ ငါ့ကို ဘယ်သူမှ အရေးမစိုက်ကြတော့ဘူး။ ငါ တစ်ယောက်တည်း ကျန်ခဲ့တာလေ။ ငါ သူ့ကို သွားရှာရမယ်။ ငါ သူ့ကို ရှာမှ ဖြစ်မယ်…”
အရူးသည် ခပ်တိုးတိုး ရေရွတ်လလိုက်ရင်း သူ၏အမူအရာမှာ ညှိုးငယ်သွားသည်။ ထို့နောက် သူ့ဆန့်ထားသောလက်ကို ပြန်ကွေးလိုက်ပြီး သူသည် သူ့လက်မောင်းကိုယ်သူ ကြည့်လိုက်သည်။ သူ့အသံသည်လည်း တဖြည်းဖြည်း တိုးသွားပြီးနောက် သူသည် အိပ်ပျော်သွားလေသည်။
ဝမ်လင်းသည် သက်ပြင်းချလိုက်ပြီး အင်္ကျီထူထူတစ်ထည်ကို ထုတ်ယူလိုက်သည်။ သူသည် ထိုသူမှာ ညစ်ပတ်နေသည်ကိုလည်း အလေးထားမနေပေ။ သူ့အဝတ်ကို ထိုသူ့အပေါ်သို့ ခြုံပေးလိုက်၏။ ဝမ်လင်း၏ ထိုလုပ်ဆောင်ပေးမှုက အရူးအပေါ် သက်ရောက်မှု ရှိသွားပုံရကာ အရူးက အဝတ်ကို ဆွဲယူလိုက်သေး၏။ထို့နောက် သူသည် ပြန်အိပ်ပျော်သွားသည်။ သူ့ညာလက်ကမူ ဝမ်လင်းနှင့်မျက်နှာချင်းဆိုင်တွင် ဖြစ်နေလေ၏။
ဝမ်လင်းသည် မီးဖိုဘေးတွင် ထိုင်နေရင်း တဖြည်းဖြည်း အားနည်းလာသော မီးတောက်များကို ကြည့်ရှုနေ၏။ သူသည် အပြင်ဘက်တွင် မိုးရွာသွန်းနေစဉ် တိတ်ဆိတ်နေသော ဒီဘုရားကျောင်းအတွင်း၌ ငြိမ်သက်စွာ စဉ်းစားနေလေသည်။
သူ့စိတ်နှလုံးမှာ ဆက်လက်၍ ရှုပ်ထွေးနေခြင်း မရှိတော့ပေ။ အိပ်မက်များသည် အိပ်မက်များသာ ဖြစ်၏။ မည်သို့မှ ပြောင်းလဲမှု ရှိလိမ့်မည် မဟုတ်ပေ။ အိပ်မက်တစ်ခု ဖြစ်နေခဲ့လျှင်ပင် သူသည် ပျော်ရွှင်ရဖို့သာ လိုပေမည်။ သူသည် ရှေ့သို့ ပြတ်ပြတ်သားသား လျှောက်လှမ်းနေရမည်သာ။
“ဒီအိပ်မက်ကို ငါ့ နောင်ဘဝလို့ သဘောထားကြည့်လိုက်မယ်။ အဲ့ဘဝဟာ အံ့အားသင့်စရာကောင်းပြီး အဓိပ္ပာယ်ပြည့်ဝမှု ရှိနေခဲ့ရင်တောင် အဲ့အိပ်မက်ရဲ့ အထီးကျန်ဆန်မှုနဲ့ ဝမ်းနည်းမှုဟာ လူတစ်ယောက်ရဲ့ နှလုံးသားကို နာကျင်ကိုက်ခဲစေတာပဲ…” ဝမ်လင်းသည် တချို့အရာများကို နားလည်သလိုလို ရှိလာ၏။
ဤအခိုက်အတန့်၌ မီးသည် မှိန်ဖျော့လာရင်း လုံးဝ ငြှိမ်းသေသွားတော့သည်။ မီးခိုးငွေ့များ မြင့်တက်လာပြီး ဘုရားကျောင်းအတွင်း အမှောင်ထုသည် ထပ်မံ ခြုံလွှမ်းလာသည်။ ဝမ်လင်းသည် ဘုရားကျောင်းကျောက်တိုင်တစ်ခုကို မှီ၍ အိပ်ပျော်တော့မလို ဖြစ်လာ၏။ အရူးကတော့ ဟောက်ပင်ဟောက်နေသည်။ သူ မျက်လုံး မှိတ်တော့မည့်အခိုက်၌ သူ့မျက်လုံးသည် ရုတ်တရက် ပြူးကျယ်သွားပြီး သူသည် အရူးဘက်သို့ လှည့်ကြည့်လိုက်သည်။
ခုချိန်၌ သည်ဘုရားကျောင်းမှာ မှောင်နေပြီ ဖြစ်၍ အရူးထံမှ ရွှေရောင်အလင်း ခပ်ဖျော့ဖျော့ ထွက်ပေါ်လာနေသည်ကို မြင်လိုက်ရသည်။ ထိုအလင်းသည် သူ့လက်ကောက်ဝတ်မှ ထွက်ပေါ်လာတာ ဖြစ်ပြီး ယင်းနေရာတွင် လက်ဝါးရာတစ်ခု ရေးတေးတေး ရှိသည်။
မမြင်ရသောလက်တစ်ဖက်က ထိုအရူး၏ ညာလက်ကို ဖမ်းဆုပ်ကာ သည်လက်ဝါးရာကို ထင်ချန်ထားစေသည့်အလား။
ထိုလက်ဝါးရာကို ကြည့်ကာ ဝမ်လင်း၏စိတ်ထဲ၌ အတော်လေးရင်းနှီးသလို ခံစားချက် ပေါ်လာသည်။ သူသည် ခဏတာ မင်သက်သွားပြီးနောက် သူ့လက်ကိုယ်သူ ပြန်ကြည့်လိုက်သည်။ သို့ပေမည့် လက်ဝါးရာသည် ဝေဝါးလွန်းသည်။ ထို့ကြောင့် တိတိပပ သေချာ မြင်ရဖို့ မဖြစ်နိုင်ပေ။ ဝမ်လင်းသည် အချိန်အတန်ကြာ မင်သက်နေပြီးနောက် ခေါင်းယမ်းလိုက်လေသည်။
တညလုံး မိုးရွာနေပြီး အာရုံဦးချိန်ထိ မရပ်သေးပေ။ မြေသင်းရနံ့တို့ကို သည်ဘုရားကျောင်းတွင်းကနေပင် ရနေသည်။
ညတစ်ည၊ အိပ်မက်ကင်းသောည။
ဝမ်လင်းသည် မျက်လုံးဖွင့်ကာ ကိုယ်လက်ဆန့်လိုက်၏။ ဘုရားကျောင်းအပြင်ဘက်ရှိ ကောင်းကင်ထက်သို့ ကြည့်လိုက်ပြီး သူက အညောင်းအညာဆန့်လိုက်၏။ သူသည် ခုထိ ဟောက်နေသော အရူးကို ကြည့်လိုက်သည်။ ထိုအရူး၏ညာလက်မှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး ရွှေရောင်လက်ဝါးရာကိုလည်း ထပ်မံ မမြင်ရတော့ပေ။
သူ့စိတ်နှလုံးအတွင်းနက်ပိုင်းရှိ သံသယစိတ်ကို ကွယ်ဝှက်ထားရင်း ဝမ်လင်းသည် သူ့အဝတ်ကို ချွတ်၍ သန့်ရှင်းသော နောက်တစ်ထည်နှင့် လဲလိုက်၏။ ထို့နောက် သူက အရူးကို အနည်းငယ်လှုပ်၍ နှိုးလိုက်၏။ အရူး အိပ်ယာထလာသည်ကို တွေ့သည့်အခါ သူက လက်နှစ်ဖက်ဆုပ်ကာ ပြုံးပြသည်။
“မနေ့ညာက ငါတို့ရဲ့ တွေ့ဆုံမှုဟာ ရေစက်ရှိလို့ပဲလို့ ယူဆလို့ရပါတယ်။ ငါ့နာမည်က ဝမ်လင်းပါ။ ငါ ဘုရင့်စာမေးပွဲကို သွားဖြေမလို့။ ငါတို့…” ဝမ်လင်း ထိုသို့ ပြောနေရင်း သူက ပြောလက်စကို ရပ်လိုက်၏။ အရူးသည် ခေါင်းငုံ့ကာ ဝမ်းနည်းပက်လက်ဟန် ဖြစ်သွားသည်။
အနည်းငယ်စဉ်းစားပြီးနောက် ဝမ်လင်းသည် သည်တနေ့တာအတွက် သိမ်းထားသော အစာခြောက်ကို ထုတ်လိုက်၏။ သူက ၎င်းကို အရူးရှေ့သို့ ချပေးလိုက်ရင်း ခပ်တိုးတိုး ပြောလိုက်သည်။ “ငါ သွားရတော့မယ်။ သင် အဲ့လူကို သေချာပေါက် ရှာတွေ့နိုင်မှာပါ…”
မည်သို့ပင်ဖြစ်စေ သူသည်လည်း ဝမ်းနည်းသလို ခံစားမိ၏။ သူသည် အရူးကို ကြည့်ကာ သက်ပြင်းချလိုက်၏။ ထို့နောက် သည်ဘုရားကျောင်းထဲမှ ထွက်လာတော့သည်။ သို့သော် သူ တံခါးဝမှ ထွက်မသွားခင် အရူး၏ အော်ငိုသံကို ကြားလိုက်ရလေ၏။
“သူတို့အားလုံး ငါ့ကို ထားသွားကြတယ်။ သူလည်း ထွက်သွားပြီ။ မင်းလည်း အခု ထွက်သွားပြီ။ ဘယ်သူမှ ငါ့ကို ဂရုမစိုက်ကြဘူး…”
ဝမ်လင်း၏ခြေလှမ်းများက ရပ်တန့်သွားပြီး သူသည် အပြင်ဘက်ရှိ ကောင်းကင်ထက်သို့ ကြည့်လိုက်၏။ ခဏကြာပြီးနောက် သူသည် နောက်လှည့်ကာ ဘုရားကျောင်းအတွင်းရှိ ငိုနေသော အရူးထံ ကြည့်ကာ နူးညံ့စွာ ပြောလိုက်သည်။
“ငါ…ငါ့မှာ အကူတစ်ယောက်မှ မရှိဘူး။ သင်က နည်းနည်းအသက်ကြီးနေပေမဲ့ ဒါက ပြဿနာ မရှိလောက်ပါဘူးလေ…”
ထိုအခိုက်အတန့်တွင် ဝမ်လင်းသည် သူ ပြောလိုက်သည့်အရာမှာ သံသရာစက်ဝန်းတစ်ခုလို ပုံစံမျိုး ဖြစ်နေသည်ကို မသိလိုက်ပေ။ အတိတ်တုန်းက အရူးနှှင့် ပထမဆုံး စတွေ့ခဲ့ချိန်က သူသည် ထိုသူ့ကို အရင်က တွေ့မြင်ခဲ့ဖူးသလိုလို ခံစားမိခဲ့သည်။ အတိတ်တုန်းက သူသည် ပြိုလဲကုန်းမြေရှိ လူသားစမ်းသပ်မှုအတွင်း၌ သူ့ကိုယ်သူနှင့် သူ့ဘေးရှိ အိမ်အကူတစ်ယောက်ကို ပြန်မြင်ခဲ့ရသလိုပင်။ ယင်းအဖြစ်အပျက်က အခုအခါတွင် စက်ဝန်းတစ်ပတ် ပြန်လည်လာသည့်နှယ်။ အတိတ်တုန်းက ထိုစမ်းသပ်မှုအတွင်း၌ သူ၏အိမ်အကူက အရက်အိုးကို ကိုင်ထားပြီး အရက်အတွက် ငွေကြေးနှင့် ပတ်သတ်၍ စိုးရိမ်ကြောင့်ကြ ဖြစ်နေခဲ့သည်။
(ဘာသာပြန်သူမှတ်ချက်… ပြိုလဲကုန်းမြေရှိ လူသားစမ်းသပ်မှုအတွင်း ဝမ်လင်းက သူ့ကိုယ်သူနှင့်အိမ်အကူတို့ဖြင့် တွေ့ဆုံခဲ့သည့် အခန်းကို စာစဉ်(၁၀၆)ရှိ အပိုင်း(၁၄၅၇)၊ အပိုင်း(၁၄၅၈) တို့တွင် ပြန်ဖတ်ကြည့်နိုင်ပါသည်။ )
***