← Chapters

စိတ်ဝိညာဉ်သန့်စင်ခြင်းကလန်၏ ကံမ္မအကြောင်းရင်း

Vol. 120 Ch. 1647

စိတ်ဝိညာဉ်သန့်စင်ခြင်းကလန်၏ ကံမ္မအကြောင်းရင်း

Vol. 120 Ch. 1647

အခုချိန်တွင် ကျောက်နိုင်ငံအနှံ့အပြားရှိ မြို့ကြီးများ၊ မြို့များ၊ ကျေးရွာများမှ ကျောင်းတော်သားများသည် ဘုရင့်စာမေးပွဲအတွက် မြို့တော်ထံ ဦးတည်လာနေကြသည်။ ထိုသူတို့တွင် ဝမ်လင်းကဲ့သို့ တစ်ကိုယ်တည်းသမားများလည်း ပါသည်။ သုံးယောက်တစ်စု၊ငါးယောင်တစ်စု အုပ်စုလိုက်လည်း ရှိသည်။ သူတို့သည် သတ်မှတ်ထားသော မြို့တော်(၄၉)မြို့ထံ ဦးတည်နေကြသည်။ ထိုစာမေးပွဲကို အောင်မြင်ပြီးပါက ဒုတိယကြိမ်မြောက်စာမေးပွဲကို စုမြို့တွင် ကျင်းပမည် ဖြစ်သည်။

စုမြို့သည် လူတစ်ယောက်ကြောင့် ကျော်ကြားခြင်းပင်။ ထိုသူ၏နာမည်မှာ စုတောက်ပင်။ သူသည် ကျောက်နိုင်ငံ၏ ပညာရှိချုပ်လည်း ဖြစ်သည်။ သူ့တည်ရှိမှုကြောင့် စုမြို့သည် ကျောက်နိုင်ငံရှိ ကျောင်းတော်သားများ၏ မြို့တော် ဖြစ်လာခဲ့ခြင်းပင်။

စုမြို့၏စာမေးပွဲတွင် ရလဒ်ကောင်းကောင်းရသူများသည် ရွေးချယ်ခံစုကျောင်းသားများ ဖြစ်လာမည်။

ဝမ်လင်းသည် သူ့မိဘနှစ်ပါး၏မျှော်လင့်ချက်၊ သူ့အနာဂတ်အတွက် ကိုယ်ပိုင်အမြင်တို့ကို သယ်ဆောင်ရင်း လမ်းအတိုင်း လျှောက်လာနေ၏။ သူ့နောက်တွင်မူ အခု အင်္ကျီအသစ် ဝတ်ထားပြီ ဖြစ်သော သက်လတ်ပိုင်းလူ ပါလာ၏။ သူက ဝါးကျောပိုးအိတ်ကို လွယ်ထားပြီး မည်သည့်နေရာကနေ ကြားခဲ့မှန်းမသိသည့် သီချင်းတစ်ပုဒ်ကို ငြီးနေ၏။ သူသည် တော်တော်လေး စိတ်အေးသက်သာ ဖြစ်နေသည်။

ကောင်းကင်သည် မီးခိုရောင်သမ်းနေသော်လည်း မိုးတော့ မရွာတော့ပေ။ သို့သော် လမ်းမကြီးပေါ်ရှိ ရေခိုးရေငွေ့များက အေးစိမ့်စိမ့်အငွေ့အသက်ကို ပေးနေ၏။ မိုးရွာထားသဖြင့် လမ်းမှာလည်း ဗွက်ထနေသည်။

အစတုန်းကတော့ မြို့သို့ ရောက်ရန် နေ့တစ်ဝက်ခန့်သာ လိုတော့မည် ဖြစ်သော်လည်း ဝမ်လင်းနှင့်သက်လတ်ပိုင်းလူတို့သည် ညနေစောင်းသည့်အခါမှ မြို့ကို မြင်ရလေတော့၏။

နေဝင်ချိန်က လိမ္မော်ရောင်အလင်းတို့ကို တိမ်လွှာများကြား ပက်ဖြန်းထားပြီး ဝါကျင့်ကျင့်နေအလင်းက မြို့ပေါ်သို့ ကျရောက်နေ၏။

“နောက်ဆုံးတော့ ရောက်လာခဲ့ပြီ…” ဝမ်လင်းသည် အသက်ဝဝရှုသွင်းလိုက်ပြီးနောက် နဖူးပေါ်မှ ချွေးကို သုတ်လိုက်သည်။ လမ်းတစ်လျှောက်တွင် သူသည် အရာတော်တော်များများကို တွေ့ကြုံခဲ့၏။ သူ ပြန်တွေးမိသည့်အခါ သူ့အတွေ့အကြုံမှာ ထူးဆန်းလှသည်ကို တွေ့ရှိမိ၏။

“ဖိုးကံကောင်း…မြို့က ငါတို့ရှေ့လေးမှာ။ ငါတို့ အဲ့မှာ ခဏလောက် နေထိုင်ကြမယ်…”

ဝမ်လင်းသည် ပြုံး၍ သူ့နောက်မှ အကူကို ကြည့်လိုက်သည်။ ထိုအကူမှာ သူ ဘုရားကျောင်းတွင်း၌ တွေ့ဆုံခဲ့သော သက်လတ်ပိုင်းအရွယ်အရူး ဖြစ်လေ၏။

“ငါ အဲ့နာမည်ကို မကြိုက်ဘူး…” သက်လတ်ပိုင်းလူက ခေါင်းယမ်း၍ ခါးသီးဟန်အမူအရာ ထုတ်ဖော်၏။

“ငါတော့ ဒီနာမည်ကို ကောင်းတယ်လို့ ထင်တာပဲ…” ဝမ်လင်းသည် ရယ်မောကာ ဖိုးကံကောင်းကို ခေါ်၍ မြို့တံခါးဝထံ ဦးတည်လာ၏။ သူ ရွာတွင်ရှိစဉ်က ရရှိခဲ့သော တုန်ကင်တစ်ခုကို ထုတ်ပြလိုက်ရာ မြို့စောင့်တပ်သားများက စစ်ဆေးကြည့်လိုက်ပြီး သူတို့ကို ဝင်ခွင့်ပြုလိုက်သည်။

ညနေစောင်းနေပြီ ဖြစ်သော်လည်း မြို့သည် သက်ဝင်လှုပ်ရှားနေ၏။ လမ်းပေါ်တွင် လူအများအပြား သွားလာလှုပ်ရှားနေကြ၏။ သူတို့မှာ စာမေးပွဲအတွက် အနယ်နယ်အရပ်ရပ်မှ ရောက်လာကြသူများပင်။ ဝမ်လင်းကတော့ နည်းနည်းနောက်ကျမှ ရောက်လာခဲ့၏။ ထို့ကြောင့် သူနှင့်ဖိုးကံကောင်းတို့သည် တည်းခိုခန်းလေးငါးခုကို ဝင်မေးကြည့်ပြီးနောက်တွင်ပင် လူပြည့်နေသည်ကို တွေ့လိုက်ရ၏။

ကောင်းကင်သည် ပို၍ မှောင်မှောင်လာသည်ကို ကြည့်ကာ ဝမ်လင်းသည် ပူပန်လာ၏။ ကံကောင်းစွာဖြင့် နောက်ဆုံးမေးလိုက်သော တည်းခိုးခန်တွင် အခန်းလွတ်တစ်ခန်း ကျန်နေသေး၏။ ဈေးနည်းနည်း ကြီးနေသော်လည်း အပြင်ဘက်တွင်လည်း လျှပ်စီးများကလက်၊ မိုးရွာတော့မည့်ဟန် ပြနေသဖြင့် ဝမ်လင်းသည် အံကြိတ်ကာ ဖိုးကံကောင်းကို ငွေစထုတ်ပေးခိုင်းလိုက်သည်။

ဖိုးကံကောင်းက ဝမ်လင်းအတွက် ထိန်းသိမ်း ကိုင်ဆောင်ပေးထားသော ငွေစကို ထုတ်ယူလိုက်၏။ သူ့စိတ်ထဲတွင်တော့ နှမြောနေမိသည်။ သူသည် သူ့ကိုယ်သူ ပွစိပွစိ ပြောလိုက်ရင်း ယင်းငွေစကို မပေးချင် ဖြစ်နေ၏။

“ငွေစက သိပ်တော့မများလှပါဘူး။ ငါ နှမြောနေမိတယ်။ အရင်တုန်းကလည်း ငွေကြေးဟာ အရေးကြီးလှတယ်လို့ ငါ တစ်နေရာရာမှာ ကြုံခဲ့ဖူးသလိုမျိုး ခံစားမိတယ်…”

သူသည် ခပ်တိုးတိုး ရေရွတ်နေစဉ် စားပွဲထိုးလေးက ဝမ်လင်းနှင့် သက်လတ်ပိုင်းလူတို့ကို ကြည့်လိုက်၏။ ထို့နောက် သူက သူတို့ကို ဧည့်သည်အခန်းထံ ပျင်းရိပျင်းတွဲ ခေါ်သွားပေး၏။ သူသည် ဝမ်လင်းကဲ့သို့ ကျောင်းတော်သားများကို မြင်ဖူးနေကြပင်။ အချို့ကတော့ ရက်ရောကာ ချမ်းသာကြ၏။ တခြားသူများကတော့ ဝမ်လင်းကဲ့သို့ပင် ဆင်းရဲကြသည်။

ဝမ်လင်း၏စိတ်နေစိတ်ထားသည် ရိုးစင်းလေ၏။ သူသည် စားပွဲထိုး၏အမူအရာကို သတိပြုမိသော်လည်း စိတ်ထဲမထားပေ။

အခန်းက သိပ်မကြီးလှပေ။ သို့သော် လူနှစ်ယောက် နေဖို့အတွက်တော့ မဆိုးလှပါ။ သို့သော်ငြားလည်း တံခါးဖွင့်လိုက်ချိန်၌ အောက်သိုးသိုးအနံ့ အခန်းတွင်းမှ ထွက်ပေါ်လာသဖြင့် ဝမ်လင်းသည် မျက်မှောင်ကြုတ်မိသွားသည်။ တည်ခိုးခန်းကောင်းကောင်းတစ်ခု မဟုတ်ပါက သည်လိုအနံ့မျိုးကို ခုလိုမိုးရာသီ၌ ရှောင်လွှဲ၍ ရလိမ့်မည် မဟုတ်ပေ။

စားသောက်စရာအချို့ကို ထုတ်စားပြီးနောက် ဝမ်လင်းသည် ဝတ်ထားမြဲအင်္ကျီအဝတ်အစားနှင့်ပင် အိပ်ယာထက်သို့ လှဲလိုက်၏။ သူက စားပွဲပေါ်ရှိ ဆီမီးအိမ်ကို ကြည့်လိုက်သည်။ သူသည် ဖိုးကံကောင်း၏ဟောက်သံကိုလည်း ကြားလိုက်ရသည်။

အိပ်ယာခင်းမှာလည်း အောက်သိုးသိုးအငွေ့အသက်ကို ပေးစွမ်းနေသဖြင့် လှဲလျောင်းရသည်မှာ သက်တောင့်သက်သာ မဖြစ်လှပေ။ အချိန်အတန်ကြာသည့်အထိ ဝမ်လင်းသည် အိပ်မပျော်နိုင် ဖြစ်နေ၏။ ထို့အတွက် သူ သက်ပြင်းချ၍ ထလာ၏။ ဝမ်လင်း စားပွဲပေါ်တွင် ထိုင်နေစဉ် ဖိုးကံကောင်းကတော့ ဟောက်နေမြဲ ဖြစ်၏။ သူက စာအုပ်တစ်အုပ်ထုတ်ကာ စားပွဲပေါ်ရှိ မီးအိမ်ကို အသုံးပြုကာ စာစဖတ်သည်။

သူ စာဖတ်နေရင်း ကောင်းကင်ထက်တွင်မူ လျှပ်စီးတို့လင်းလက်၊ မိုးခြိမ်းသံတို့ မြည်ဟိန်းနေလေ၏။ ထိုမိုးကြိုးသံမှာ ပြင်းထန်လှသဖြင့် တော်တော်နှင့် မပျောက်ကွယ်သွားရာ မြို့ထဲရှိ လူတော်တော်များများမှာ နိုးကုန်ကြသည်။

လေများကလည်း အပြင်းအထန် တိုက်ခတ်နေ၏။ ရွံ့သဲများက လေနှင့်အတူ လွင့်ပါလာပြီး အိမ်တိုင်းအိမ်တိုင်း၏ ပြတင်းတံခါးကို ထိမှန်ကုန်သည်။လေတိုက်ခတ်နေသဖြင့် ဝမ်လင်း၏အခန်းရှိ ပြတင်းပေါက်ထံမှလည်း အသံဗလံတို့ ထွက်ပေါ်နေသည်။ ဝမ်လင်းသည် စိတ်နှစ်၍ စာမဖတ်နိုင်ဘဲ ဖြစ်နေသည်။ သူသည် မျက်မှောင်ကြုတ်ကာ ခေါင်းမော့လိုက်သည်။

ထိုအခိုက်၌ လေအပြင်းအထန် တိုက်ခတ်သွားသဖြင့် ပြတင်းပေါက်သည် ရုတ်တရက် အပြင်းအထန် တွန်းထိုးခံရကာ ပြတင်းတံခါးရွက်နှစ်ခုက ပြတင်းဘောင်နှင့် ထိကာ ရေစက်ရေပေါက်များ ပါဝင်သော လေပြင်းများသည် ပြတင်းပေါက်ကို ဖြတ်၍ အခန်းထဲ ဝင်လာ၏။

စားပွဲပေါ်ရှိ မီးသည် ငြှိမ်းသေသွားကာ အခန်းသည် မှောင်မိုက်သွားသည်။ ဝမ်လင်း၏ဆံပင်များက လေတိုက်သဖြင့် နောက်သို့ လွင့်နေပြီး သူ့အဝတ်အစားများပါ တဖျပ်ဖျပ် ဖြစ်ကုန်သည်။ လေနှင့်မိုး အခန်းထဲ ကျူးကျော်လာသည်နှင့် သူ့လက်ထဲရှိ စာအုပ်သည်ပင် လွင့်သွားမတတ် ဖြစ်သွားရသည်။

ဝမ်လင်းသည် ခပ်သွက်သွက်ထကာ ပြတင်းပေါက်ကို သွားပိတ်၏။ သူ ပြတင်းပေါက်နား ရောက်လာစဉ် ကျယ်လောင်သောမိုးကြိုးသံသည် ပဲ့တင်ထပ်လေ၏။ ထိုအခါ ပြတင်းပေါက်မှ တိုးဝင်လာသော ကျယ်လောင်သောထိုအသံက ဝမ်လင်း၏စိတ်ကို တုန်ခါသွားစေသည်။

ထိုအခိုက်အတန့်တွင် ဝမ်လင်း၏ရှေ့တွင် လျှပ်စီးအလင်းတန်းတစ်ခု လင်းလက်သွားသည်။ တောက်ပသောအလင်းသည် တဖျပ်ဖျပ် လင်းလက်ကာ အိပ်ပျော်နေသောမြို့ကို ခြုံလွှမ်းထားလေသည်။

သည်အခိုက်အတန့်၌ ဝမ်လင်းသည် ညမှောင်မှောင်ထဲ သည်မြို့၏ သေးငယ်သောအစိတ်အပိုင်းတစ်ခုကို တွေ့မြင်လိုက်ရသည်။ သူသည် မင်သက်သွားမိ၏။

သူသည် သည်နေရာသို့ လာသည့်လမ်းတစ်လျှောက် သူ့အိပ်မက်ထဲ၌ တွေ့မြင်ခဲ့သော အဖြူရောင်ငှက်တစ်ကောင်ကို တွေ့မြင်လိုက်ရသည်။ ထိုငှက်သည် လေနှင့်မိုးကြိုးတို့ကြား လှည့်ပတ်ပျံသန်းနေသည်။

၎င်းကလည်း ဝမ်လင်း၏အကြည့်ကို သတိပြုမိသွားပုံ ရသည်။ အဖြူရောင်ငှက်က ဝမ်လင်းကို ကြည့်သည်။ ဤအခိုက်၌ သူတို့သည် အကြည့်ချင်းဆုံသည်။

မိုးကြိုးသံတို့က ပိုပြင်းထန်လာကာ လျှပ်စီးများ လင်းလက်နေသည်မှာ မရပ်တန့်တော့ပေ။ ကောင်းကင်သည် လျှပ်စီးအလင်းကြောင့် တဖျပ်ဖျပ် လင်းလက်နေရင်း ဝမ်လင်း၏စိတ်မှာ တုန်ခါနေမိ၏။ သူသည် နေရာတွင်ပင် ရှိနေပြီး တချို့အတွေးများက သူ့စိတ်ထဲ တဖြည်းဖြည်း စုဝေးလာသည့််အလား။ ထိုအတွေးများသည် ဝိုးတဝါးအသံတစ်သံအဖြစ်သို့ ပြောင်းလဲလာသည်။

ထိုအသံတွင် စိတ်ရှုပ်ထွေးမှုနှင့် ပြည့်နေပြီး ရှေးကျလှသည်။ ၎င်းအသံသည် ဝမ်လင်း၏စိတ်ထဲ၌ ပဲ့တင်ထပ်သည်။

“ကံမ္မ…ကံမ္မက ဘာလဲ။ ကံမ္မ…ဒါက ဘာကို ဆိုလိုတာလဲ…”

လေသည် ပြတင်းပေါက်ကို တိုက်ခတ်နေပြီး ဝမ်လင်း၏ခန္ဓာကိုယ်ကို အဆက်မပြတ် ထိမှန်သည်။ သူသည် ပြတင်းပေါက်ရှေ့တွင် ရပ်နေရင်း လေများ သူ့ကို တိုက်ခတ်သည်ကို ခွင့်ပြုထားသည်။ မိုးများရွာသွန်းကျလာ၏။ မိုးကြိုးသံများ တုန်ဟည်းသည်။ လျှပ်စီးများလင်းလက်သည်။ ဝမ်လင်း၏မျက်လုံးထဲတွင် အဖြူရောင်ငှက်မှလွဲ၍ ကျန်သည့်အရာအားလုံး ပျောက်ကွယ်သွားသည်။

ထိုငှက်သည် ၎င်း၏တောင်ပံကို တဖျပ်ဖျပ် ခတ်ကာ အလင်းတန်းအဖြစ်သို့ ပြောင်း၍ ဝမ်လင်းထံ ဦးတည်ဝင်လာသည်။ ၎င်းသည် ချက်ခြင်းနီးကပ်လာကာ ပြတင်းပေါက်ပေါ်သို့ ဆင်းသက်လာသည်။ ၎င်းသည် တောင်ပံနှစ်ဖက်ကို သိမ်းကာ ဝမ်လင်းကို ငြိမ်သက်စွာ ကြည့်လို့နေ၏။

ဝမ်လင်းကလည်း ၎င်းကို အချိန်အကြာကြီး ကြည့်နေသည်။

ဝမ်လင်းသည် ခပ်တိုးတိုး ရေရွတ်လိုက်၏။ “ဒီငှက်က ငါ့ကို စကားပြောနေတာလား…”

“ကံမ္မ…အဲ့တာက ဘာလဲ…” ဝမ်လင်း၏မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးမှု ပေါ်လာသည်။ ၎င်းငှက်က ဝမ်လင်းကို အဓိပ္ပာယ်ပါသောအကြည့်ဖြင့် ကြည့်ပြီးနောက် ပြတင်းတံခါးထံမှ ပျံသန်းထွက်သည်။ ၎င်းသည် ကောင်းကင်ထက်တွင် အကြိမ်အနည်းငယ် လှည့်ပတ်ပျံသန်းပြီးနောက် အော်မြည်သံပေးကာ တိမ်မည်းများကြား ဝင်ရောက်ပျောက်ကွယ်သွားသည်။

ယင်းငှက်က ထွက်ခွာသွားသော်လည်း ကောင်းကင်ထက်ရှိ မိုးကြိုးကမူ တုန်ဟည်းနေဆဲသာ။ တုန်ဟည်းသံများ ပိုပြင်းထန်လာရင်း ယင်းတို့က ဝမ်လင်း၏အတွေးကို နှောက်ယှက်သွားပုံ ရသည်။ သူသည် အလိုလိုမျက်မှောင်ကြုတ်ကာ အပြင်ဘက်သို့ လက်ညှိုးညွှန်လိုက်၏။

ထိုအခါ သူ့ညာမျက်လုံးထဲတွင် မိုးကြိုးသည် လင်းလက်၏။ မိုးကြိုးအမှတ်အသား လင်းလက်လာရင်း ကောင်းကင်ထက်ရှိ မိုးကြိုးသည် ရပ်တန့်သွားသည်။ မိုးကြိုးတို့၏အထက်ရှိ စိတ်ဆန္ဒတစ်ခုက ယင်းမိုးကြိုးကို နောက်ဆုတ်သွားစေသည့်အလား။

ထိုစိတ်ဆန္ဒက မိုးကြိုးတို့၏ ဘုရင်ဖြစ်ကာ အဆုံးမဲ့မိုးကြိုးများကို ထိန်းချုပ်နိုင်သည့်နှယ်။ ယင်းဆန္ဒက မိုးကြိုးကို နောက်ဆုတ်စေချင်လျှင် ထိုမိုးကြိုးသည် နောက်ဆုတ်ရမည်။ သည်လက်ညှိုးတစ်ချက်ညွှန်လိုက်သည်နှင့် အဆုံးမဲ့လျှပ်စီးများသည်ပင် ကွယ်ပျောက်သွားသည့်ပုံ ရသည်။

ထိုလက်ညှိုးချက်ကြောင့် လေသည်ပင် ပြိုလဲပျက်စီးကာ နောက်သို့ လွင့်ကန်သွားရသည်။ လေနှင့်အတူ မိုးပါ ပါသွား၏။ မိုးသည်ပင် စိတ်ဝိညာဉ်တစ်ခု ရှိလာသည့်ပုံရကာ ၎င်းမှာ ထိန်လန့်ကြောက်ရသည်။ မျက်စိတစ်မှိတ်အတွင်း မိုးရွာတာ ရပ်သွားသည်။

ရပ်တန့်သွားသည်မှာ ဒီမြို့ပေါ်သို့ ရွာသွန်းသောမိုး ဖြစ်၏။ မိုးကြိုးတို့၏ ဘုရင်ကဲ့သို့ စိတ်ဆန္ဒဖိအားအောက်တွင် ကျောက်နိုင်ငံရှိ မိုးရွာသွန်းမှုအားလုံး ရပ်တန့်သွားသည့်အလား။ မိုးကြိုးသည် ပျက်စီး၏။ လျှပ်စီးများ ကြေမွသည်။ တိမ်စိုင်တိမ်နက်များ လွင့်ပါးရသည်။

ကျောက်နိုင်ငံရှိ ကောင်းကင်ထက်တွင် ပျံသန်းနေသော ကျင့်ကြံသူများ ရှိကြ၏။ ထိုသူတို့တွင် ဝမ်ကျိုး၊ ရှုဖေး၊ ကျိုးယုနှင့် တခြားသူများ ပါဝင်သည်။ သူတို့သည် မိုးထဲတွင် ပျ့သန်းနေကြသည်။ သို့သော် သူတို့သည် ဤအခိုက်၌ ထိတ်လန့်တုန်လှုပ်ကုန်သည်။ သူ့တို့ရှေ့တွင် အဘိုးအိုတစ်ယောက်ရှိသည်။ ထိုအဘိုးအိုသည် နောက်လှည့်ကြည့်လိုက်ရာ သူ၏မျက်လုံးထဲတွင် အတိုင်းမသိတုန်လှုပ်မှု ပြည့်နှက်လာသည်။

“ဒီအော်ရာ…အောင့်မလေးလေး…ဒီကျင့်ကြံမှုအဆင့်က ဘယ်လိုမျိုးလဲ…”

ကျောက်နိုင်ငံ၏ တခြားတစ်ဖက်တွင် တိမ်မည်းများ ပြိုလဲသွားချိန်၌ အလင်းတန်းနှစ်ခု ပေါ်လာကာ အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်တို့ ထွက်ပေါ်လာသည်။ ထိုအမျိုးသမီးသည် လျှိုမေပင်။ သူမ၏မျက်နှာမှာ ဖြူရောနေ၏။ သူမသည် စိတ်ရှုပ်ထွေးဟန်ဖြင့် နောက်လှည့်ကြည့်လိုက်သည်။ သူမဘေးရှိလူ၏ အမူအရာမှာလည်း ကြီးစွာပြောင်းလဲသွားသည်။ သူသည် အလန့်တကြား အော်ဟစ်မိလုနီးနီး ဖြစ်သွားရ၏။

ကျောက်နိုင်ငံထဲရှိ ထျန်မြို့၌ ထျန်မိသားစု၏ စဦးစိတ်ဝိညာဉ်အဆင့် မွန်းစတားအို ထျန်ဟွာယွမ်သည် ကျင့်ကြံနေသည်။ သည်အခိုက်၌ သူသည် မျက်လုံးဖွင့်လာကာ အပေါ်မှ ကြောက်မက်ဖွယ်တစ်စုံတစ်ခုကို ခံစားမိလိုက်သည်။

ဟုန်ယွီကလန်၏ တောင်ထိပ်၌ အဝါရောင်ဝတ်စုံဖြင့် အဘိုးအိုတစ်ယောက်သည် ကောင်းကင်ထက်သို့ ကြည့်ကာ မျက်မှောင်ကြုတ်နေသည်။ သူသည် ဟောင်လုံပင်။ သို့သော် သည်အခိုက်၌ သူ၏အမူအရာမှာ အလေးအနက် ဖြစ်လာသည်။ သူ့လက်ဖြင့် ချိပ်ဟန်များကို ဆက်တိုက် ဖြစ်ပေါ်စေရာ သူ့လက်သည်းများကြားမှပင် သွေးများ စီးကျလာတော့သည်။ သူ့မျက်လုံးထဲတွင် ထူးဆန်းသောအလင်းတစ်ခု လှစ်ဟပေါ်ကာ သူသည် ထိုအရာကို မယုံကြည်ဝံ့ ဖြစ်နေသည့်အလား။

“ဒါ…ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…”

ဟင်္သာပြဒါးဂြိုဟ်၏ အဝေးတစ်နေရာတွင် အားကောင်းသောကလန်တစ်ခု ရှိနေ၏။ ထိုကလန်သည် အဆင့်ငါးကလန်အားလုံးကို ခြုံလွှမ်းနိုင်သည့်အထိ သန်မာအားကောင်းသည်။ ထိုကလန်တွင် စိတ်ဝိညာဉ်များနှင့် ပြည့်နှက်နေပြီး တစ္ဆေငြီးသံများ ပဲ့တင်ထပ်နေသည်။ အဝေးမှ ကြည့်ပါက ယင်းကလန်သည် ဧရာမအလံကြီးတစ်ခုနှင့်ပင် တူနေသေးသည်။

စိတ်ဝိညာဉ်များဖြင့် ပြည့်နှက်နေသော ကောင်းကင်ထက်တွင် လူတစ်ယောက် ထိုင်နေသည်။ သူသည် သက်လတ်ပိုင်းအရွယ်ရှိကာ သွန်းထျန်၏စီနီယာအစ်ကိုပင်။

“ငါ ဒါကို မရှာနိုင်ဘူး။ ဒီအဘိုးအိုဟာ (၃၇)ကြိမ်တိုင် ရှေ့ဖြစ်ကြည့်ခဲ့တယ်။ တစ်ကြိမ်မှ မအောင်မြင်ခဲ့ဘူး။ ဖြစ်နိုင်တာက ငါတို့ စိတ်ဝိညာဉ်သန့်စင်ခြင်းကလန်ဟာ တကယ်ပဲ မျှော်လင့်ချက်လုံးဝ မရှိတော့တာလား…”

***

All Chapters