← Chapters

ဟိုးလွန်ခဲ့သောနှစ်ရာချီက စကားတစ်ခွန်း

Vol. 120 Ch. 1649

ဟိုးလွန်ခဲ့သောနှစ်ရာချီက စကားတစ်ခွန်း

Vol. 120 Ch. 1649

ပြီးခဲ့သောရက်ပိုင်းက ဝမ်လင်းသည် မုန်တိုင်းကို မသိစိတ်ဖြင့် လွင့်ပါးသွားအောင် လုပ်ခဲ့သည့်အခါတုန်းက သွန်းထျန်၏စီနီယာအစ်ကိုသည် တစ်စုံတစ်ခုကို ခံစားမိခဲ့သည်။ ထို့နောက် သူသည် သူ့အသက်ဓာတ်အမြောက်အများကို သုံးစွဲ၍ ကိုးကြိမ်ကိုးခါရှေ့ဖြစ်ကြည့်ခဲ့သည်။

သူသည် စိတ်ဝိညာဉ်သန့်စင်ခြင်းကလန်၏ အနာဂတ်ကို ရှာကြည့်ခြင်း ဖြစ်၏။ သူသည် စိတ်ဝိညာဉ်သန့်စင်ခြင်းကလန်၏ ရှင်သန်နိုင်မည့် လမ်းကြောင်းကို ရှာခြင်း ဖြစ်သည်။

ရှေ့ဖြစ်ကြည့်ခဲ့သော ကိုးကြိမ်လုံးက သူ့ကို မယုံကြည်နိုင်ဖွယ်ရလဒ်ကို ပေးခဲ့သည်။ သူသည် ပထမဆုံးတစ်ခေါက်တွင် ၎င်းရလဒ်ကို မယုံကြည်ခဲ့ပေ။ သို့သော် ကိုးကြိမ်တိုင်တိုင် ထိုရလဒ်က အတူတူသာ ဖြစ်နေခဲ့သည့်အတွက် သူ ယုံရလေတော့သည်။

ရှေ့ဖြစ်ကြည့်သည့် ရလဒ်တိုင်းက ကျောက်နိုင်ငံကို ညွှန်ပြနေခဲ့၏။ အကြိမ်တိုင်းသည် ကျောက်နိုင်ငံထဲရှိ ကျောင်းတော်သားတစ်ယောက်ထံ ညွှန်ပြနေခဲ့ပေသည်။

ထို့အတွက်ကြောင့် သွန်းထျန်၏စီနီယာအစ်ကိုသည် တစ်လမ်းလုံး မျှော်လင့်ချက်ကြီးကြီးမားမား ဖြင့်လာခဲ့ခြင်း ဖြစ်သည်။ သည်နိုင်ငံသို့ ရောက်လာပြီးနောက် သူသည် ကျောင်းတော်သားအားလုံးနီးပါးကို ပြီးခဲ့သောရက်အနည်းငယ်က မေးခွန်းမေးခဲ့သည်။ သို့သော် သူ စိတ်ကျေနပ်သောအဖြေတစ်ခု မရသေးပေ။

ထိုကျောင်းတော်သားများသည် သေမျိုးများသာ ဖြစ်သည်မဟုတ်လား။ သူတို့က ထိုမေးခွန်းအတွက် မည်သို့မည်ပုံ ဖြေနိုင်ပါ့မည်နည်း။ သက်လတ်ပိုင်းလူ၏ ကျင့်ကြံမှုအဆင့်ဖြင့် ကျောက်နိုင်ငံမဆိုနှင့်ဦး သည်ဂြိုဟ်တစ်ခွင်လုံးတွင်ပင် အလွန်အစွမ်းထက်သူဟု ယူဆနိုင်သည်။ စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း…စိတ်ဝိညာဉ်အသွင်ပြောင်းခြင်း၊ အာဏာတက်ခြင်းအဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လို၏။

ထိုသက်လတ်ပိုင်းလူက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်ရာ လေပြင်းများ မြည်ဟည်းသွားသည်။ လေပြင်းအတွင်းရှိ အတောမသပ် တစ္ဆေငြီးသံများသည် ဝမ်လင်းနှင့်ဖိုးကံကောင်းတို့ကို ဝန်းရံသွားသည်။ ဤအဖြစ်က သည်ဧရိယာကို လောကကနေ ခွဲထွက်စေသည်။

ဖိုးကံကောင်းသည် အိပ်ပျော်နေဆဲ ဖြစ်၏။ သူ၏ဟောက်သံများက ပဲ့တင်ထပ်နေသည်။ ဝမ်လင်းက လှည့်၍ အမှောင်ထုလောကအတွင်းမှ လှမ်းထွက်လာသော ထိုလူ့ကို ကြည့်သည်။

ထိုလူသည် အင်မောတယ်တစ်ယောက် ဖြစ်၏။ ဝမ်လင်းက ထိုသည်ကို သိသည်။ သို့သော် သူသည် တစ်စက်လေးမှ မလန့်သွားပေ။ သူသည် ထိုသက်လတ်ပိုင်းလူက အစွမ်းထက်မည်ကိုလည်း ခပ်ရေးရေး တွေ့မြင်နိုင်သည်။ အမှန်တော့ သူကမူ အလွန်အားနည်း၏။

ဝမ်လင်းသည် ဘာကြောင့်မှန်းတော့ မသိပေ။ မိုးသည်းသောညအတွင်း သူ့စိတ်ထဲ အသံ ပေါ်လာသည့်အခါမှစ၍ သူ၏ခန္ဓာကိုယ်တွင် ထူးဆန်းသောပြောင်းလဲမှုတစ်ခု ဖြစ်ပွားလာခဲ့သည့်အလား။

ထိုပြောင်းလဲမှုမှာ ရှင်းပြ၍မရသော ခံစားမှုမျိုး ဖြစ်၏။ သူ စာမေးပွဲကို ဖြေဆိုပြီးနောက် အနှီခံစားချက်က ပိုသိသာလာသည်။

သူသည် သက်လတ်ပိုင်းလူကို တည်ငြိမ်စွာ ကြည့်၍ ပြောလိုက်၏။

“ပြောပါ…”

ထိုသက်လတ်ပိုင်းလူသည် အံ့အားသင့်သွား၏။ သူသည် ဝမ်လင်းနှင့် ပေအနည်းငယ်အကွာတွင် ရပ်ကာ ဝမ်လင်းကို သေသေချာချာ ကြည့်သည်။ သူ့အမြင်၌ ဝမ်လင်းသည် သာမန်ဆန်လွန်းသော သေမျိုးတစ်ယောက်သာ ဖြစ်ပြီး ကျင့်ကြံသူတစ်ယောက် မဟုတ်နေပေ။

သို့သော် ဝမ်လင်း၏တည်ငြိမ်မှုက ထိုသက်လတ်ပိုင်းလူကို ပုံမှန်ထက်ထူးကဲလှသည်ဟု ထင်မြင်မိစေ၏။ သူ တွေ့ဆုံခဲ့သော ကျောင်းတော်သားအားလုံးမှာ သူ့ရှေ့တွင် တုန်လှုပ်ချောက်ချားခဲ့ရသည်သာ ဖြစ်၏။

ဝမ်လင်းသည် သူ့အတွက် တည်တည်ငြိမ်ငြိမ်ရှိသော ပထမဆုံးကျောင်းတော်သား ဖြစ်နေ၏။

ယင်းကို တည်ငြိမ်မှုဟုပင် ဖော်ပြ၍ ရနိုင်မည် မဟုတ်ပေ။ သက်လတ်ပိုင်းလူ တွေ့မြင်သည်မှာ ဝမ်လင်းသည် သူ၏တည်ရှိမှုကို တစ်စက်လေးမှ ဂရုမစိုက်ဟု ထင်ခြင်းပင်။ ဝမ်လင်းက သူ့ကို အင်မောတယ်တစ်ယောက်ဟု မမြင်ဘဲ သေမျိုးတစ်ယောက်လိုသာ ထင်မြင်သည့်နှယ်။

သူ၏ကျင့်ကြံမှုအဆင့်ဖြင့် သေမျိုးအင်ပါယာများသည်ပင် ကြောက်လန့်မှုကြောင့် တုန်လှုပ်ရမည်ပင်။ သူ့ပတ်လည်ရှိ မမြင်ရသောဖိအားက သေမျိုးများ ခုခံနိုင်သောအရာ မဟုတ်ပေ။ ကျင့်ကြံသူများသည်ပင် သူတို့၏ ကြောက်ရွှံ့မှုကို ဖိနှိပ်ထားရလိမ့်မည်။

ထိုသူက သူ့ဘဝတွင် အခုလိုအရာမျိုးကို နှစ်ကြိမ်သာ ကြုံခဲ့ဖူး၏။ သူနှင့် ရင်ဆိုင်စဉ် တည်ငြိမ်ခဲ့သော သေမျိုးနှစ်ယောက်လုံးသည် ဟင်္သာပြဒါးဂြိုဟ်ပေါ်ရှိ အကြီးမြတ်ဆုံးပညာရှိများ ဖြစ်ကြ၏။

ထိုပညာရှိများက ကောင်းကင်နှင့်မြေကြီးကို နားလည်ကာ လောကကို ဖြတ်မြင်နိုင်စွမ်း ရှိကြသည်။ သူတို့၏အော်ရာများကလည်း အစွမ်းထက်ပြီး သရဲတစ္ဆေများကိုလည်း မကြောက်လန့်ကြပေ။ ချီဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူလေးတစ်ယောက်ကပင် သူတို့ကို သတ်ပစ်နိုင်သော်လည်း လူတစ်ယောက်သည် ကျင့်ကြံမှုအဆင့် ပိုမြင့်လေလေ သူတို့သည် ထိုပညာရှိများထံမှ အလားတူအော်ရာကို ပိုခံစားမိလေပင်။

ဝမ်လင်းသည် ထိုခံစားချက် သူ့အား ပေးသော တတိယမြောက်လူ ဖြစ်၏။ အနည်းငယ်စဉ်းစားပြီးနောက် ထိုလူသည် ဝမ်လင်းထံ လက်နှစ်ဖက်ဆုပ်ကာ ပြောလိုက်သည်။

“ဒီအဘိုးအိုက စိတ်ဝိညာဉ်သန့်စင်ခြင်းကလန်ရဲ့ အရှင်နန်ထျန်ပါ…”

“စာတစ်ကြောင်းနဲ့ ကောင်းကင်နဲ့မြေကြီးကို ဖတ်ရှုနိုင်တယ်။ နန်ဆိုတဲ့ စကားက အရာအားလုံးကို ဖုံးလွှမ်းနိုင်တယ်။ နာမည်ကောင်းပဲ…” ဝမ်လင်းသည် ပြုံး၍ ထိုသက်လတ်ပိုင်းလူထံ လက်နှစ်ဖက်ဆုပ်လိုက်၏။ ကြီးမြတ်သောပညာရှိတစ်ယောက်၏ အော်ရာသည် သူ၏ခန္ဓာကိုယ်တွင်း၌ ပိုအားကောင်းလာသည်။ ငြီးသံပေးနေသော တစ္ဆေများသည်ပင် သည်အော်ရာကို ရှိန်သည့်အလား နောက်သို့ ဖြည်းဖြည်းချင်း ဆုတ်သွားကြ၏။

ထိုအဖြစ်က သက်လတ်ပိုင်းလူကို တုန်လှုပ်မိသွားစေသည်။ သူသည် အသက်ခပ်ဝဝရှုသွင်းလိုက်၏။ သူ့မျက်လုံးထဲတွင်လည်း မျှော်လင့်ချက်တစ်ခု ပေါ်လာသည်။ သူသည် သည်လူ့ထံမှ သူ လိုချင်သောအဖြေကို ရနိုင်လောက်မည်ဟု ခပ်ရေးရေး ခံစားမိနေသည်။

“ငါ့စိတ်ဝိညာဉ်သန့်စင်ခြင်းကလန်ဟာ ရှင်သန်နိုင်မယ့်လမ်းကြောင်း ရှိမလားလို့ ဒီအဘိုးအို မေးချင်ပါတယ်။ သင်က ဒီအဘိုးဘိုရဲ့ မေးခွန်းကို ဖြေရှင်းပေးနိုင်ဖို့ မျှော်လင့်မိပါတယ်…”

သူ့ကလန်၏အမွေအနှစ်သည် အလွန်အရေးကြီးသည်။ သေမျိုးတစ်ယောက်ကို မေးမြန်းနေရခြင်းမှာ အတော်လေးတော့ ထူးဆန်းနေ၏။ နန်ထျန်ကိုယ်တိုင်ပင် ဤအရာမှာ ယုတ္တိမတန်ဟု ခံစားမိသော်ငြားလည်း ယုံကြည်နေရသည်။ ကံကောင်းစွာဖြင့် ဝမ်လင်း၏သာမန်ထက် ထူးကဲသောတည်ငြိမ်မှုက သူ့အတွက် မျှော်လင့်ချက် ရရှိစေခဲ့သည်။ သူသည် ဝမ်လင်း၏အဖြေကို စောင့်နေ၏။

ထိုမေးခွန်း၏အဖြေကို ကြားလိုက်ရသည့်နောက် ဝမ်လင်းသည် မင်သက်သွားကာ သူ ငြိမ်သက်စွာ စဉ်းစား၏။

“ငါ ဒီအမေးကို မဖြေနိုင်ဘူး…” အချိန်အတန်ကြာပြီးနောက် ဝမ်လင်းသည် ခေါင်းယမ်းလိုက်၏။ သူ့ထံ၌ စိတ်ဝိညာဉ်သန့်စင်ခြင်းကလန်နှင့် ပတ်သတ်၍ ဘာအကြံအဉာဏ်မှ ရှိမနေပေ။ သူသည် ၎င်းကလန်ကို အင်မောတယ်ကလန်တစ်ခုဟုသာ ခပ်ရေးရေး ခန့်မှန်းကြည့်နိုင်ရုံသာ တတ်နိုင်သည်။

ထိုသက်လတ်ပိုင်းလူက စကားမဆိုပေ။ သူသည် ခါးသီးဟန်အမူအရာ ထုတ်ဖော်၏။ သူသည် ခေါင်းယမ်းကာ သက်ပြင်းချမိသည်။ သူသည် ကောင်းကောင်ထက်သို့ ကြည့်ကာ သူ၏အပြုအမူလုပ်ဆောင်မှုသည် အမှန်တကယ်ပင် ယုတ္တိမတန်ဟု ခံစားမိ၏။ သူသည် သူ့ကလန်နှင့် ပတ်သတ်သည့် ကံကြမ္မာကို သေမျိုးတစ်ယောက်ကို မေးနေခြင်း ဖြစ်သည် မဟုတ်လား။

“ဒီအဘိုးအိုက သင့်ကို အနှောက်အယှက် ဖြစ်စေမိပြီ။ သင်ဟာ ကြီးမြတ်တဲ့ပညာရှိတစ်ယောက်ပါ။ ဒါ့ကြောင့် ဒီအဘိုးအိုက သင့်ရဲ့ မှတ်ဉာဏ်ကို မဖယ်ရှားတော့ဘူး…” ထိုအဘိုးအိုသည် မချိပြုံးပြုံးကာ သူ့လက်ကို ဝေ့ယမ်း၍ ထွက်ခွာရန် ဟန်ပြင်လိုက်သည်။ သူသည် အဝေးသို့ လှမ်းလျှောက်သွားနေရင်း သူ၏ပုံရိပ်သည် စိတ်ပျက်လက်ပျက်၊ စိတ်ရှုပ်ထွေးမှုတို့ အထင်းသား ပေါ်နေ၏။

ဝမ်လင်းသည် ထိုပုံရိပ်ကို ကြည့်မိသည်။ သူသည် မမြင်ရသောတောင်ကြီးတစ်ခုက သည်လူ့အပေါ်သို့ ဖိထားသလိုမျိုး ခပ်ရေးရေး ခံစားမိသည်။ ထိုတောင်၏အလေးချိန်အောက်တွင် သည်လူမှာ ပို၍ပင် နာကျင်နေရသည့်ပုံ ပေါ်သည်။

ဝမ်လင်းသည် သူ့အိပ်မက်များအကြောင်း တွေးမိ၏။ သူသည် သူ့စိတ်ထဲတွင် ပဲ့တင်ထပ်ခဲ့သော အသံကို ပြန်အမှတ်ရကာ တည်ငြိမ်စွာ ပြောလိုက်သည်။ “ငါ့ကို စိတ်ဝိညာဉ်သန့်စင်ခြင်းကလန်ရှိ ခေါ်သွားပေးပါ…”

ထွက်ခွာတော့မည့် သက်လတ်ပိုင်းလူသည် ရပ်တန့်ကာ နောက်လှည့်၍ ဝမ်လင်းကို ကြည့်သည်။ အချိန်အတန်ကြာပြီးနောက် သူသည် ခေါင်းညိတ်ကာ ဝမ်လင်းထံ လက်ညွှန်လိုက်သည်။ အနက်ရောင်လေပြင်း အဘက်ဘက်မှ စုဝေးလာကာ ဝမ်လင်းကို ဝန်းရံသည်။ ထိုလူသည် ကောင်းကင်ထက်သို့ ခြေလှမ်းလိုက်ပြီးနောက် ဝမ်လင်းနှင့်အတူ ပျောက်ကွယ်သွားလေသည်။

ကျောက်နိုင်ငံအတွင်း၌ မည်သူကမျှ သည်စာမေးပွဲဧရိယာ၏ အပြင်ဘက်၌ မန္တာန်တစ်ခု အသုံးပြုခဲ့သည်ကို သတိမပြုမိကြပေ။ မည်သည့်သေမျိုးကမျှ သည်အနက်ရောင်လေပြင်း ပေါ်လာသည်ကို မတွေ့မြင်နိုင်ကြပေ။ သစ်ပင်အောက်တွင်မူ ဖိုးကံကောင်းက အိပ်နေဆဲ၊ ဟောက်နေဆဲပင်။ သူက အနည်းငယ် ပွစိပွစိ ရေရွတ်ပြီးနောက် ဆက်၍ ပြန်အိပ်ပျော်သွားသည်။

ဟင်္သာပြဒါးဂြိုဟ်။ စိတ်ဝိညာဉ်သန့်စင်ခြင်းကလန်အထက်ရှိ ကောင်းကင်ယံတွင် ဝမ်လင်းသည် ဖြူရောသောဟန်ပန်ဖြင့် ပေါ်လာသည်။ သို့သော် သူကား အလွန်အမင်း တည်ငြိမ်၏။ သူ့ဘေးတွင် နန်ထျန် ရှိသည်။

“ဒါက ငါ့စိတ်ဝိညာဉ်သန့်စင်ခြင်းကလန်ပါ…” နန်ထျန်က အောက်ဘက်ရှိ ကုန်းမြေထံ လက်ညွှန်လိုက်ရာ တုန်ဟည်းသံ ပဲ့တင်ထပ်သည်။ ကလန်ကို ဖုံးလွှမ်းထားသော အနက်ရောင်မြူများက ပြန့်ကြဲသွားပြီး စိတ်ဝိညာဉ်သန့်စင်ခြင်းကလန်တစ်ခုလုံးသည် ဝမ်လင်းအမြင်တွင် ပေါ်လာလေတော့သည်။

ဝမ်လင်းသည် သ့ဘေးရှိ စိတ်ဝိညာဉ်သန့်စင်ခြင်းကလန်ကို ကြည့်ကာ သူ့စိတ်နှလုံးအတွင်းနက်ပိုင်း၌ ရင်းနှီးသလိုခံစားမှုတစ်ခု ပေါ်လာ၏။ သူသည် အရင်က သူ့အိပ်မက်များထဲ၌ ဤနေရာသို့ ရောက်ခဲ့ဖူးသလို ခံစားမိသည်။ သို့သော် သူ သေသေချာချာ တွေးကြည့်အခါတွင်မူ သူသည် ဘာတစ်ခုကိုမျှ မတွေးနိုင်တော့ပေ။

ခဏအကြာတွင် ဝမ်လင်းသည် အေးဆေးစွာ ပြောလိုက်သည်။ “ငါ ဟိုဒီလမ်းလျှောက်ကြည့်ချင်တယ်…”

“ကောင်းပြီ…” နန်ထျန်သည် တုံ့ဆိုင်းမနေပေ။ သူသည် ဝမ်လင်းအတွက် လေပြင်းများကို ထိန်းချုပ်ပေးလိုက်ပြီး သူ့ကို စိတ်ဝိညာဉ်သန့်စင်ခြင်းကလန်ထံ ခေါ်ဆောင်ပေးသည်။ ကလန်ထဲ၌ ကျင့်ကြံသူများစွာ ရှိနေ၏။ ကလန်ကို ဖွင့်လှစ်လိုက်ခြင်းက ထိုသူတို့၏ အာရုံကို စွဲဆောင်သွားသည်။ သူတို့သည် လှမ်းလာသည့်အခါ ချက်ခြင်းပင် ဝမ်လင်းနှင့် နန်ထျန်တို့ကို တွေ့မြင်လိုက်ရသည်။

“ကလန်ခေါင်းဆောင်ကို နှုတ်ဆက်ပါတယ်…”

အသံများ ပဲ့တင်ထပ်ကုန်၏။ စိတ်ဝိညာဉ်သန့်စင်ခြင်းကလန်ရှိ ကျင့်ကြံသူများသည် ထူးဆန်းသောဟန်ပန် ဖြစ်ကုန်သည်။ သူတို့သည် ဝမ်လင်းမှာ သေမျိုးတစ်ယောက်မှန်း မြင်နိုင်သည်။ သို့သော် သူတို့၏ကလန်ခေါင်းဆောင်က ဝမ်လင်းကို သည်နေရာသို့ ဘာကြောင့် ခေါ်လာမှန်းကိုမူ မသိဘဲ ဖြစ်နေ၏။

ဝမ်လင်း၏မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးမှုတို့ ရှိနေသည်။ သူသည် စိတ်ဝိညာဉ်သန့်စင်ခြင်းကလန်အနှံ့ လျှောက်သွားလေ၏။ သူသည် ဤနေရာမှာ သူ့အတွက် အလွန်ရင်းနှီးသလို ခံစားမိနေသည်။ သူသည် ဒီနေရာရှိ ရှေ့လာမည့်အန္တရာယ်များကိုပင် သိနေသည်။ သူ လျှောက်နေရင်း ထိုခံစားချက်က ပိုအားကောင်းလာသည်။

တောင်ထိပ်အောက်တွင် ဝမ်လင်းက ရပ်လိုက်၏။ သည်တောင်တွင် လှိုဏ်ဂူများစွာ ရှိနေ၏။ အောက်ဘက်ကနေပင် ယင်းလှိုဏ်ဂူများကို မြင်နိုင်သည်။ ရင်းနှီးသလို ခံစားချက်က ပိုအားကောင်းလာသည်။ သူသည် ဒီနေရာတွင် အချိန်တစ်ခုခု နေခဲ့ဖူးသည့်အလား။

နန်ထျန်က ဝမ်လင်းနောက်သို့ လိုက်လာဆဲ ဖြစ်ပြီး သူနှင့်အတူ အဖော်ပြုကာ ကလန်အနှံ့ လျှောက်လာ၏။ သူသည် ဝမ်လင်းကို ကြည့်နေရင်း သူ့မျက်လုံးထဲတွင် ဆန်းကြယ်သောအလင်းတစ်ခု လှစ်ဟပေါ်သည်။ တနေ့တာအချိန်များစွာ ဖြည်းဖြည်းချင်း ကုန်လွန်သွား၏။ ဝမ်လင်းသည် စိတ်ဝိညာဉ်သန့်စင်ခြင်းကလန်ရှိ ပင်မတောင်ဘေးနားသို့ နောက်ဆုံးတွင် ရောက်ရှိလာ၏။

ထိုတောင်ကို ကြည့်ပါက အနှီတောင်သည် အနက်ရောင်မြူများဖြင့် ခြုံလွှမ်းနေပြီး မိုးထိ မြင့်မားလှသည်။ အံ့ဖွယ်ဆန်းကြယ် မြင်ကွင်းတည်း။

သည်အခိုက်၌ ကောင်းကင်သည် မှိန်ဖျော့လာ၏။ ဝမ်လင်းက ပင်မတောင်ကို ကြည့်နေ၏။ ရင်းနှီးသောခံစားချက်က ရှိနေသော်လည်း တစ်ခုခု လိုနေသေးသလို ဖြစ်နေ၏။ အချိန်အတန်ကြာပြီးနောက် သူက ခေါင်းယမ်းကာ တစ်ခုခုပြောရန် ဟန်ပြင်လိုက်သည်။

ထိုစဉ် ပင်မတောင်ထံမှ အော်သံတစ်သံနှင့်အတူ တောင်ထိပ်ရှိ မြူများကြားမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာ၏။ ထိုပုံရိပ်က ဝမ်လင်းနှင့်နန်ထျန်တို့ထံ ခြေလှမ်းလိုက်သည်။

“စီနီယာအစ်ကို…ဒီလူက…” ရှေးဟောင်းအသံ ပဲ့တင်ထပ်လာရင်း အနက်ရောင်အရိပ်တစ်ခု ချည်းကပ်လာသည်။ သူသည် သက်လတ်ပိုင်းအရွယ် ရှိပြီး သူ၏အကြည့်က ဝမ်လင်းထံ ဝေ့ခတ်ကျရောက်လာ၏။

“သွန်းထျန်…ဒီလူဟာ ငါ ဖိတ်ခေါ်ခဲ့တဲ့ ကျောင်းတော်သားပညာရှိတစ်ယောက်ပဲ။ မင်းက အလံရဲ့ အလယ်ပိုင်းနဲ့ ပေါင်းစည်းနေတာ။ ဒါကို အနှောင်အယှက် အဖြစ်မခံနဲ့။ မြန်မြန်သွားပြီး တံခါးပိတ်လေ့ကျင့်ပါ…” ထိုသို့ပြောနေရင်း နန်ထျန်၏မျက်လုံးထဲတွင် ရှုပ်ထွေးသောစိတ်ခံစားမှု ဖြစ်ပေါ်သည်။

သွန်းထျန်က ပြုံးလိုက်၏။ ဝမ်လင်းသည် သူ့မျက်လုံးထဲတွင် သေမျိုးတစ်ယောက်အဖြစ်သာ ရှိသည်။ သူသည် တစ်ချက်သာ ကြည့်လိုက်ပြီးနောက် ဝမ်လင်းကို မှတ်မှတ်ထင်ထင် မထားတော့ပေ။ သူသည် လှည့်၍ ပြန်ပျောက်ကွယ်သွားသည်။

သူက ထိုသို့ ဖြစ်သော်လည်း ဝမ်လင်းကမူ သွန်းထျန်ကို တွေ့မြင်လိုက်ချိန်၌ တစ်ခုခုကို တွေးမိလိုက်သည့်အလား သူ့စိတ်မှာ တုန်ဟည်းသွား၏။ သွန်းထျန်၏ နောက်ဆုတ်သွားသော ပုံရိပ်ကို ကြည့်ကာ သူ့မျက်လုံးထောင့်မှ ဘာကြောင့်မှန်းမသိ မျက်ရည်နှစ်စက် ကျဆင်းသွားသည်။

ထိုအခိုက်၌ အဖြူရောင်ငှက်တစ်ကောင်သည် စိတ်ဝိညာဉ်သန့်စင်ခြင်းကလန်ကို ဖြတ်၍ ပျံသန်းသွား၏။ ၎င်းက ဖြတ်သန်းသွားရင်း ဆက်တိုက်အော်မြည်သံ ပြုသည်။

“ခုက စပြီး နောင်နှစ်ပေါင်းရာချီမှာ မင်း သေရမယ့်နေ့ ရောက်လာရင် လူတစ်ယောက် ရောက်လာလိမ့်မယ်။ သူဟာ မင်းတို့ စိတ်ဝိညာဉ်သန့်စင်ခြင်းကလန်အတွက် ရှင်သန်နိုင်မယ့် လမ်းကြောင်းပဲ…”

ဝမ်လင်းသည် သွန်းထျန်၏နောက်ကျောကို ကြည့်ကာ ခပ်ဖွဖွရေရွတ်လိုက်၏။ သူသည် မျက်ရည်များ ပိုစီးကျလာသည်။

နန်ထျန်သည် တုန်ယင်သွား၏။ သူသည် ဝမ်လင်းကို အချိန်အတန်ကြာ စိုက်ကြည့်နေပြီးနောက် လက်နှစ်ဖက်ဆုပ်လိုက်၏။ သူသည် ၎င်းစကားကို အလုံးစုံ မယုံကြည်ပေ။ သို့သော် သူ့စိတ်ထဲတွင်မူ ထိုစကားများကို မှတ်သားထားသည်။ သူက သည်အကြောင်းကို သွန်းထျန်အား မပြောပြခဲ့ပေ။ သူ မမေ့ဖျောက်ပစ်နိုင်သော ပညာရှိတစ်ယောက် ပြောခဲ့သည့် ခုကစပြီး နောင်နှစ်ရာချီ သူ သေရတော့မည့်ဟူသော စကားလုံးများသည် သူ့စိတ်ထဲတွင် ပြန်ပေါ်လာ၏။

***

All Chapters