တွေ့ဆုံမှု
Vol. 120 Ch. 1650
သူအိပ်ယာထဲ၌ သေအံ့မူးမူး ဖြစ်ခဲ့ချိန်က လွန်ခဲ့သောနှစ်ပေါင်းရာချီက အမည်မဲ့ပညာရှိတစ်ယောက်၏ စကားလုံးများကို ပြန်ကြားယောင်မိသည်။ သူ့ဘဝအဆုံးသပ်ခါနီးချိန်ထိ ထိုစကားလုံးများသည် သူ့စိတ်ထဲတွင် ပြည့်နေခဲ့သည်။ သူသည် စိတ်ဝိညာဉ်အလံ၏ အဓိကစိတ်ဝိညာဉ်များထဲမှ တစ်ခု ဖြစ်လာခဲ့လေသည်။
သူ့နောက်ဆုံးအချိန်၌ သူ့နတ်ဘုရားအာရုံကို စိတ်ဝိညာဉ်သန့်စင်ခြင်းကလန်အနှံ့သို့ ဖြန့်ကျက်လိုက်သည်။ သူသည် အဝေးသို့ ပျံသန်းသွားသော လူတစ်ယောက်၊ ထိုလူက စိတ်ဝိညာဉ်သန့်စင်ခြင်းကလန်၏ တပည့်များကြား ရောနှောသွားသည်ကို တွေ့မြင်ခဲ့သည်။
ထိုသို့ တွေ့မြင်ခဲ့ရသည့်အခါ၌ နန်ထျန်၏ နတ်ဘုရားအာရုံသည် တုန်ယင်သွားခဲ့ရသည်။ နန်ထျန်သည် ထိုလူမှာ လွန်ခဲ့သောနှစ်ပေါင်းရာချီက သူ မေးခွန်းမေးခဲ့သော ပညာရှိ ဖြစ်နေသည်ကို တွေ့လိုက်ရခြင်းပင်။
စိတ်ရှုပ်ထွေးမှု၊ အံ့မခန်းထင်မြင်ချက်တစ်ခုနှင့်အတူ နန်ထျန်၏နတ်ဘုရားအာရုံမှာ လွင့်ပါးပျောက်ကွယ်သွားခဲ့ကာ သူ၏စိတ်ဝိညာဉ်သည် စိတ်ဝိညာဉ်အလံ၏ တစိတ်တပိုင်း ဖြစ်လာခဲ့သည်။
ဝမ်လင်းသည် ကျောက်နိုင်ငံရှိ မြို့ထဲသို့ ပြန်ရောက်လာခဲ့ပြီပင်။ သူသည် စာမေးပွဲဧရိယာအပြင်ဘက်ရှိ သစ်ပင်ဘေးနား၌ ရပ်နေ၏။ ဖိုးကံကောင်းကမူ ထိုနေရာတွင် အိပ်ပျော်နေဆဲပင်။ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးမှာ အိပ်မက်တစ်ခုလိုပင်။
“ကံမ္မ…ငါ ဒါကို နည်းနည်းတော့ နားလည်လာပြီ…” ဝမ်လင်းသည် ကောင်းကင်ထက်သို့ ကြည့်လိုက်ရာ အဖြူရောင်ငှက်ကို ထပ်မံတွေ့မြင်လိုက်ရ၏။ ထိုငှက်က ကောင်းကင်ထက်တွင် လှည့်ပတ်ပျံသန်းပြီးနောက် တိမ်စိုင်များကြား ပျောက်ကွယ်သွားလေ၏။
ဖိုးကံကောင်းကို နှိုးလိုက်ပြီးနောက် သူတို့နှစ်ယောက်သည် တည်းခိုခန်းသို့ ပြန်လာခဲ့ကြ၏။ ကောင်းကင်ထက်မှ လရောင်ပင် ပက်ဖြန်းကျလာပြီ ဖြစ်ကာ သူတို့၏အရိပ်များကို ဆန့်ထွက်စေသည်။
စာမွေးပွဲပြီးသည့်နောက် အဆင့်သတ်မှတ်ချက်ကို နောက်ရက်အချို့ကြာမှ ထုတ်ပြန်မည် ဖြစ်၏။ ကျောင်းတော်သားအားလုံးသည် ထိုနေ့ကို စိတ်ပူပန်စွာ စောင့်ဆိုင်းနေကြသည်။ ထိုအဆင့်သတ်မှတ်ချက်အတွင်း ဝင်ရောက်သူတိုင်း နောက်ထပ်စာမေးပွဲကို ဖြေဆိုခွင့် ရလိမ့်မည် ဖြစ်သည်။
ထိုအခွင့်အရေးသည် စုမြို့ရှိ စာမေးပွဲသို့ သွားရောက်ရမည် ဖြစ်ကာ ကောင်းကင်ထိ ပျံတက်နိုင်မည့် အခွင့်အလမ်းလည်း ဟုတ်ပေသည်။ သူတို့သာ ရွေးချယ်ခံစုဟူသော ဂုဏ်ပုဒ်ကို ရပါက သူတို့သည် သူတို့၏နောက်ဆုံး ရုန်းကန်မှုအနေဖြင့် ကျောက်မြို့တော်သို့ သွားနိုင်မည့် အခွင့်အရေးကို ရပေမည်။
သူတို့သာ ပညာရှိချုပ်စု၏ အသိအမှတ်ပြုမှုကို ရရှိပါက သူတို့သည် ကျော်ကြားလာပေလိမ့်မည်။ သူတို့သည် စုတောက်တပည့် ဖြစ်လာခဲ့ပါက သူတို့ ရရှိသော ဂုဏ်ကျက်သရေသည် အံ့မခန်း ဖြစ်လိမ့်မည်။
ဤကား ကျောက်နိုင်ငံရှိ ကျောင်းတော်သားအားလုံးနီးပါး၏ ဆန္ဒပင်။
နိုင်ငံတခုလုံး၌ စုမြို့သို့ ဝင်ရောက်နိုင်မည့် အခွင့်အရေးကို ရသောသူ ငါးဆယ်ပင် မပြည့်ပေ။ ဝမ်လင်းသည် ထိုစာရင်း၏ ထိပ်ဆုံးတွင် မရှိသော်လည်း သူသည် လူငါးဆယ်ကြားတွင် ပါဝင်လေ၏။
ဝမ်လင်းသည် သူ့နာမည်ကို တွေ့မြင်သည့်အခါ၌ သူသည် စိတ်လှုပ်ရှားမှု မခံစားမိပေ။ သူသည် အဆင့်သတ်မှတ်ချက်ကို တည်ငြိမ်စွာ ကြည့်၍ ဂုဏ်ယူစိတ်လှုပ်ရှားနေသော ဖိုးကံကောင်းနှင့်အတူ ထွက်လာသည်။ သူက သူ့နာမည်ကို သေချာစေရန် မြို့ခန်းမသို့သွားခဲ့ပြီး လာမည့်စာမေးပွဲအတွက် အသိအမှတ်ပြုလက်မှတ်ကို သွားယူခဲ့သည်။ အင်ပါယာရုံးတော်၏ ငွေကြေးချီးမြှင့်မှုကိုလည်း ရခဲ့သေးသည်။
ထိုအဖြစ်က ဖိုးကံကောင်းကို စိတ်လှုပ်ရှားစေခဲ့၏။ သူက ဝမ်လင်း အဆင့်သတ်မှတ်ချက်အတွင်း ဝင်၍ စိတ်လှုပ်ရှားခြင်းမဟုတ် ငွေစရ၍ စိတ်လှုပ်ရှားခြင်းပင်။
လပိုင်းလေးအတွင်း အတွေ့အကြုံများက ဝမ်လင်းကို မသိမသာ ပြောင်းလဲစေခဲ့သည်။ သူသည် ညစဉ်လည်း အိပ်မက်များ မက်နေဆဲ ဖြစ်ပြီး အသားကျနေခဲ့လေပြီ။
သူ့စိတ်နေစိတ်ထားမှာလည်း ပြောင်းလဲလာခဲ့၏။ သူသည် စာမေးပွဲကျရှုံးမည့်အပေါ် စိတ်ပူပန်နေမှုလည်း ရှိမနေတော့ပေ။
အောင်လျှင် အောင်ခြင်း ဖြစ်ပြီး ရှုံးလျှင်တော့ ရှုံးခြင်းပင် မဟုတ်လား။
လူတစ်ယောက်၏ နှလုံးကသာ ရေပြင်အလား တည်ငြိမ်နေရမည် ဖြစ်သည်။ အချိန်တိုအတွင်း ဝမ်လင်းသည် သူ့ကိုယ်သူပင် ထိုမျှ ပြောင်းလဲသွားခဲ့သည်ကို သဘောမပေါက်ခဲ့ပေ။
ကြီးမြတ်သောပညာရှိတစ်ယောက်၏ အော်ရာက သူ့ခန္ဓာကိုယ်ပေါ်တွင် တဖြည်းဖြည်း ပိုကြီးထွားလာခဲ့၏။ မရေမတွက်နိုင်သော ကျောင်းတော်သားများကြား၌ သူ၏ တည်ငြိမ်သောမျက်လုံးများက ပုလဲလုံးအလားပင်။
“ဘဝဟာ အိပ်မက်တစ်ခုလိုပဲ။ ငါ ဒီအိပ်မက်ကနေ နိုးထချင်စိတ် မရှိသေးဘူး…”
အောင်ပွဲခံနေကြသော ကျောင်းတော်သားအချို့ ရှိသလို့ စိတ်ပျက်လက်ပျက် ဖြစ်နေသော ကျောင်းတော်သားများလည်း မနည်းလှပေ။ ထိုအချိန်၌ ဝမ်လင်းသည် ဖိုးကံကောင်းနှင့်အတူ ထွက်လာခဲ့သည်။ သူ သည်မြို့သို့ လာခဲ့သလိုပင် သူသည် တည်တည်ငြိမ်ငြိမ် ပြန်ထွက်ခွာလာ၏။
ဖိုးကံကောင်းသည် ဝမ်လင်းနောက်သို့ တကောက်ကောက်လိုက်လာရင်း သူတို့၏ ငွေစများကို ဆက်တိုက်တွက်ချက်ကြည့်နေ၏။ တခါတရံ သူက ခပ်တိုးတိုး ရေရွတ်နေပြီး ခေါင်းကိုက်သည့်ဟန်အမူအရာ ထုတ်ဖော်သည်။
မြို့ဂိတ်ပေါက်၌ ဝမ်လင်းသည် ရပ်လိုက်၏။ သူ့အကြည့်က သိပ်မဝေးသောနေရာရှိ အရက်ဆိုင်တစ်ဆိုင်ထံသို့ ကျရောက်သွားသည်။ “ဖိုးကံကောင်း…အရက်သွားဝယ်လိုက်ကွာ…” ရုတ်တရက်ကြီး သူသည် သောက်ချင်စိတ် ပေါ်လာခြင်းပင်။
“ငွေစကြေးစက နည်းနည်းပဲ ရှိတာကို သင်က အရက်သောက်ချင်နေတာလား…” ဖိုးကံကောင်းသည် မျက်လုံး ကစားလိုက်ပြီး သူ့ရင်ဘက်ပတ်လည်ရှိ အဝတ်စကို ဆုပ်ကာ ခေါင်းယမ်းလိုက်လေသည်။
“ငွေစတွေ ရေတွက်နေတော့ ဘာဖြစ်မလဲ။ ရွှေစထောင်ချီတောင် ပြန့်ကျဲသွားနိုင်ပြီး အမြဲတမ်း ပြန်ပြန်ရလာတတ်တာပဲလေ…။ မြန်မြန် အရက်သွားဝယ်လိုက်ပါ…” ဝမ်လင်းသည် ပြုံး၍ ဖိုးကံကောင်းကို တွန်းထိုးလိုက်သည်။
ဖိုးကံကောင်းသည် သက်ပြင်းအရှည်ကြီး ချလိုက်၏။ ထို့နောက် သူသည် စိတ်မပါလက်မပါဖြင့် အရက်ဆိုင်နား ရောက်လာပြီး ဝမ်လင်းကို ပါးစပ်အဟောင်းသား ဖြစ်သွားစေသည့်အထိ ဈေးစစ်လေတော့၏။ ထိုအခါ အရက်ဆိုင်ပိုင်ရှင်က မချိပြုံးပြုံး၍ နောက်ဆုံးတွင် မတတ်နိုင်ဘဲ အရက်နှစ်အိုးကို တန်ဖိုးနည်းပါးစွာဖြင့် ရောင်းပေးလိုက်သည်။
ထိုသို့ဆိုလျှင်ပင် ဖိုးကံကောင်းသည် သူ့ငွေစကို ထုတ်ယူရသည့်အခါ၌ မျက်နှာရှုံ့တွနေ၏။ သူသည် ပွစိပွစိ ပြောတော့သည်။
“ငါ့ဟာ…ငါ့ဟာ…ဒါက ငါ့ငွေစတွေ…”
ဝမ်လင်းသည် ရယ်မောကာ အရက်အိုးကို ယူလိုက်၏။ သူသည် အားပါးတရ သောက်ချလိုက်သည်။ ဖိုးကံကောင်းသည် သူ့နောက်မှ ခါးသီးသောအမူအရာဖြင့် ခပ်မြန်မြန် လိုက်ပါလာသည်။
သည်အခိုက်၌ နေ့မွန်းတည့်ချိန် ရောက်လေပြီ။ သူတို့နှစ်ယောက် ပိုပို ဝေးသထက်ဝေးဝေး လျှောက်လာကြသည်။ ဝမ်လင်း ပတ်လည်ရှိ အထီးကျန်ဝမ်းနည်းမှုအော်ရာသည် များစွာ လွင့်ပါးသွားခဲ့ပြီး ထိုအစား စိတ်သက်သာရာရမှုက အစားထိုး ဝင်လာသည်။
“သခင်လေး...သင် ဘယ်ကို သွားမှာလဲ…” ဖိုးကံကောင်း၏အသံ ထွက်ပေါ်လာ၏။
“စုမြို့။ ငါကြားတာတော့ အဲ့က အရက်တွေက အတော်လေး ကောင်းသတဲ့။ ငါ အဲ့မှာ လူတစ်ယောက်ကို စောင့်ဖို့ လိုတယ်…” ဝမ်လင်းသည် နောက်ထပ် အရက်တစ်ငုံ သောက်လိုက်ပြန်သည်။ သူသည် ဆံပင်ကို မချည်နှောင်ထားသည် ဖြစ်ရာ သူ့နောက်သို့ ဆံပင်များ လွင့်ဝဲနေရင်း သူ ရယ်မောနေလေသည်။
စုမြို့သည် ကျောက်မြို့တော်၏ တောင်ဘက် ကီလိုမီတာနှစ်ရာ့ငါးဆယ်အကွွာတွင် ရှိသည်။ ထိုမြို့သည် ရှည်လျားကာ မြစ်အချို့က မြို့ကို ဖြတ်၍ စီးဆင်းနေသည်။ စုမြို့သည် မြစ်ကမ်းပါးရှိသော မြို့တစ်မြို့ ဖြစ်သည်။
စုမြို့သည် စုတောက်ကြောင့် ကျော်ကြားခြင်းပင်။ စုမြို့သည် ပါရမီရှင်များ စုဝေးနေသော နေရာလည်း ဟုတ်၏။ အလှအပများလည်း ကင်းမဲ့မနေပေ။
မြစ်များအတွင်း၌ လူးလာခေါက်ပြန် သွားနေသော လှေများလည်း ရှိ၏။ နေ့နေ့ညည ကခုန်သီဆိုမှုများဖြင့် သည်မြို့မှာ အသက်ဝင်လှသည်။ ကဗျာများ၊ လှပသောအကများ၊ ကုချင်းဂီတသံတို့က တမြို့လုံးတွင် ပြည့်နှက်နေသည်။
ပန်းအရက်ကို ရောင်းချကြသော အရက်ဆိုင်များမှာလည်း ကျောင်းတော်သားများနည်းတူ နာမည်ကျော်လှသည်သာ။ မြို့တော်ရှိ အရာရှိများကပါ စုမြို့မှ ပန်းအရက်ကို ဝယ်ယူသောက်ကြသည် ဟူ၏။
ပညာရှိချုပ် စုတောက်သည် သူ၏အစောပိုင်းနှစ်များတုန်းက သည်အရက်ကို သောက်ရတာ ကြိုက်နှစ်သက်ခဲ့ပြီး သူ လောကကို ဆင်ခြင်နေရင်း မကြာဆိုသလို သောက်တတ်ပေ၏။ သူ ကျော်ကြားလာသည့်အခါ ပန်းအရက်မှာလည်း ပို၍ ကျော်ကြားလာခဲ့လေသည်။
မျက်စိတစ်မှိတ်အတွင်း နှစ်လတခရီး ကုန်လွန်လာ၏။ ဝမ်လင်းနှင့်ဖိုးကံကောင်းတို့သည် စုမြို့သို့ လမ်းပေါ်ရှိ လှုပ်ခါနေသော ရထားလှည်းတစ်ခုထဲ၌ ထိုင်နေကြသည်။ ဝမ်လင်းသည် တစ်လမ်းလုံး အရက်သောက်လာပြီး အပြင်ဘက်သို့ ငေးနေခဲ့သည်။ တခါတရံ သူသည် သောက်လိုက်ပြီးနောက် ထထရယ်မောသည်။
“သခင်လေး…ထပ်မသောက်ပါနဲ့တော့။ သင် သောက်တဲ့ အရက်ပမာဏက လန့်စရာ ကောင်းနေပြီ။ သင် သောက်နေတာ နှစ်လ။ နှစ်လလုံးနော်။ သင် အရက် ဘယ်လောက်တောင် သောက်ပစ်ခဲ့ပြီးပြီးလဲ။ သင်သောက်ပစ်လို့ပဲ ပါလာတဲ့ ငွေလည်း ကုန်သလောက် ဖြစ်နေပြီ…” ဖိုးကံကောင်းသည် စိတ်မကောင်းချင်းကြီးစွာ အော်ပြောနေ၏။ သူ့အသံထဲတွင် စိတ်နှလုံးကိုက်ခဲမှုတို့ ပြည့်နေသည်။
“သင် ဆက်သောက်နေရင် ငါတို့ စုမြို့ကို ရောက်သွားခဲ့ရင်တောင် ငါတို့ တည်းခိုခန်းတည်းဖို့ ဘာငွေစမှ ကျန်တော့မှာ မဟုတ်ဘူး။ သင့်ကို သောက်ဖို့ ဘယ်သူကများ ပြောလိုက်တာလဲ။ ဒီလောက်အများကြီး သောက်ဖို့ ဘယ်သူကများ ပြောလိုက်တာလဲ…” သည်နှစ်လအတွင်း ဖိုးကံကောင်း၏ တတွတ်တွတ်အသံများက ပို၍ မြိုင်လာ၏။
သို့သော် ယင်းက ဝမ်လင်းကို စိတ်အနှောက်အယှက် မဖြစ်စေသည့်အပြင် သူ့ကို ရင်းနှီးသလိုပင် ခံစားမိစေသည်။
“ပြဿနာမရှိဘူး။ သင်ဟာ စာအကူဖြစ်ပြီး အိမ်တော်ထိန်းလည်း ဟုတ်တယ်။ ငွေမရှိတော့ရင်လည်း သင် တချို့တလေရအောင် သွားရှာခဲ့ချေ…” ဝမ်လင်းသည် ဖိုးကံကောင်းကို စနောက်ကာ ရယ်မောနေ၏။ သူသည် ခါးသီးသည့်အမူအရာ ဖြစ်နေသော ဖိုးကံကောင်းကို ကြည့်ကာ တစ်ကျိုက် မော့ချလိုက်၏။
ဖိုးကံကောင်းသည် တဖွဖွပြောနေရင်း နေဝင်ဆည်းဆာအလင်းပင် ပေးစွမ်းလာတော့သည်။ ရထားလှည်းက ဆက်လက်သွားနေရင်း စုမြို့နှင့် နီးလာသည်။
စုမြို့သည် အလွန်ကြီးမား၏။ အင်အားအပြည့်ရှိသော မြို့တစ်မြို့နှင့်ပင် တူလေသည်။ သို့ပေမည့် ဤကား အပြင်ဘက်ပိုင်းအသွင် ဖြစ်ပြီး မြို့တွင်းတွင်မူ မြစ်များ စီးဆင်းနေကာ ကြော့မော့သောခံစားချက်ကို ပေးစွမ်းနေသည်။
ရထားလှည်းခကို ပေးပြီးနောက် ဖိုးကံကောင်းသည် သူ့လက်ထဲရှိ လက်ကျန်ငွေစအနည်းငယ်ကို ကြည့်လိုက်ပြီး ငိုမိလုနီးနီး ဖြစ်သွားမိ၏။ တစ်လမ်းလုံး သုံးခဲ့ရသော ငွေအများစုသည် ဝမ်လင်း၏ အစာအိမ်ထဲ အရက်အဖြစ် ရောက်သွားခဲ့လေပြီ။
ဝမ်လင်း၏ အရက်သောက်နိုင်စွမ်းကလည်း မသိလိုက်မသိဘာသာ တိုးလာ၏။ သူသည် နှစ်ခွက်သောက်ပြီးနောက် မူးမှောက်သွားသည့်လူမျိုး မဟုတ်လေတော့ပေ။
ရထားလှည်းကနေ ထွက်လာပြီးနောက် ဝမ်လင်းက အင်္ကျီအဝတ်အစားကို သေသေသပ်သပ်ဖြစ်အောင် ပြုပြင်လိုက်၏။ သူသည် အဖြူရောင်ဝတ်စုံဖြင့် အတော်လေး ကြော့ရှင်းကာ ဆံပင်ရှည်များက လွင့်ဝဲလို့နေသည်။ သူသည် လက်ထဲရှိ အရက်အိုးကို ကိုင်ထားရင်း သူ့ပတ်လည်ရှိ ပညာတတ်အငွေ့အသက်မှာ လွင့်ပါးသွားကာ လွတ်လပ်မှုအာရုံ အစားထိုးလေ၏။
သူသည် စုမြို့ရှိ လမ်းများပေါ် လျှောက်လှမ်းလာရင်း လမ်းပေါ်တွင် လူများစွာကို တွေ့မြင်သည်။ ထိုလူများထဲမှ တစ်ဝက်မှာ ကျောင်းသားများ ဖြစ်သည်။ သည်မြို့ကို အလှဆင်ပေးသော မိန်းမလှများလည်း ရှိလေ၏။
ဝမ်လင်း၏ရုပ်ရည်မှာ သာမန်ပင် ဖြစ်သော်လည်း သူ့ပုံပန်းသွင်ပြင်က ထူးခြားနေ၏။ သူသည် လမ်းအတိုင်းလျှောက်လာရင်း အမျိုးသမီးတော်တော်များများ၏ အာရုံစိုက်ခြင်းကို ခံရသည်။ လှပသောအမျိုးသမီးများက ဝမ်လင်းပေါ်သို့ အကြည့်ရောက်ကုန်သည်။ သူကတော့ တည်ငြိမ်စွာပင် ကိုယ့်လမ်းကိုယ်ဆက်လျှောက်လာသည်။
ဖိုးကံကောင်းက သူ့နောက်မှ ကပ်လိုက်လာသည်။ ပြီးခဲ့သောနှစ်လအတွင်း သူသည် ခါးသီးဟန်အမူအရာ ဆက်တိုက် ဖြစ်ပေါ်နေ၏။ သည်အခိုက်အတန့်တွင်လည်း ထို့အတူသာ။ သူသည် သက်ပြင်းသာ ချနေသည်။
စုမြို့၏ နေဝင်ရီတရောအချိန်၌ လရောင်သည်ပင် တဖြည်းဖြည်း ပေါ်ထွက်လာခဲ့ပြီ။ မြစ်ပေါ်တွင် လှေများ မြောပါနေရင်း ဂီတသံတို့ကို ကြားရသည်။ ဝမ်လင်းသည် တံတားပေါ်တွင် ရပ်နေကာ မြစ်ထဲရှိ လှေများကို ကြည့်သည်။ ကုချင်းသံသည် သူ့နားထဲတွင် ပြည့်နှက်လာသည်။
“သခင်လေး…သင် ဘယ်သူ့ကို စောင့်နေတာလဲ…” ဖိုးကံကောင်းက လှေတစ်စင်းပေါ်တွင် ကခုန်နေသော အမျိုးသမီးအချို့ထံ အကြည့်ရောက်နေ၏။ သူ့မျက်လုံးသည် တောက်ပကာ သတွေးမြိုချသည်။
ဝမ်လင်းသည် တည်တည်ငြိမ်ငြိမ်ပင် ခပ်တိုးတိုး ရေရွတ်လိုက်၏။ “ငါ့အိပ်မက်ထဲက လူတစ်ယောက်ကို စောင့်နေတာ။ သူ ငါ့ရှိလာပြီး ငါ့အတွက် အရက်တစ်အိုး လက်ဆောင်ပေးလိမ့်မယ်။ သူ ရောက်လာခဲ့ရင် ငါ့ခန့်မှန်းချက်တွေထဲက တစ်ခုကို အတည်ပြုနိုင်ပြီ…”
ဖိုးကံကောင်းသည် ဝမ်လင်း၏လက်ထဲရှိ အရက်အိုးအလွတ်ကို ကြည့်လိုက်ပြီး ဂရုတစိုက် ပြောလိုက်၏။ “ငါတို့ ဒီနေရာမှာပဲ ရပ်စောင့်နေမှာလား။ ငါတို့ ဈေးပေါတဲ့ တည်းခိုခန်းတစ်ခုခုကို အရင်ဆုံးသွားရှာကြရင်ကော…”
သူသည် ဝမ်လင်း အရက်ထပ်ဝယ်မည်ကို လန့်နေခြင်းပင်။
ဝမ်လင်းက ခေါင်းယမ်းလိုက်ပြီး ပြုံးတုံ့တုံ့ လုပ်လိုက်၏။ သူသည် ဖိုးကံကောင်းကို ကြည့်ကာ ပျင်းရိပျင်းတွဲဟန်ဖြင့် ပြောလိုက်သည်။
“ငါမှတ်မိတာတော့ ငွေစတော်တော်များများ ကျန်သေးတာပဲ။ အထူးသဖြင့် စာမေးပွဲပြီးတဲ့နောက် ငါတို့ ငွေတော်တော်များများ ဆုချီးမြှင့်ခံခဲ့ရတယ်လေ…”
“အော…အဲ့တာလား…အား မေ့သွားတာ…” ဖိုးကံကောင်းသည် မျက်လုံး ပေကလပ်ပေကလပ် လုပ်လိုက်သည်။
“မင်းဖွက်ထားတဲ့ ငွေစကို ထုတ်ပြီး ပန်းအရက်တချို့ သွားဝယ်၊ ပြီးတော့ လှေတစ်စင်းပါ ငှားလိုက်…။ ငါတို့ ဒီမှာ ရက်နည်းနည်းလောက် နေကြမယ်…” ဝမ်လင်းသည် ပြုံး၍ သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်ပြီး ဖိုးကံကောင်းကို ဆက်မကြည့်တော့ပေ။
လေများ တိုက်ခတ်နေသဖြင့် မြစ်မျက်နှာပြင်ပေါ်တွင် လှိုင်းကြပ်ခွပ်လေးများ ထသွားပြီး ဝမ်လင်းထံ ကျရောက်လာသည်။ ထိုလေက ညင်သာကာ မအေးစိမ့်ပေ။ ၎င်းလေက နွေးထွေးမှုအငွေ့အသက်ကိုပါ သယ်ဆောင်လာသေးသည်။ လေနှင့်အတူ ကုချင်းသံပါ ရောယှက်ပါလာသည်။
ဝမ်လင်းသည် ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “သင် ရောက်လာတော့မှာလား…”
***