← Chapters

စုတောက်

Vol. 120 Ch. 1651

စုတောက်

Vol. 120 Ch. 1651

“ဒီလောကဟာ သက်ရှိအားလုံးရဲ့ တည်းခိုးခန်းပဲ…အချိန်ဟာ ခေတ်တွေရဲ့ ဧည့်သည်…။ သေခြင်းရှင်ခြင်းကြား ခြားနားမှုဟာ အိပ်မက်တစ်ခုက နိုးထလာသလိုပဲ…”

စုမြို့သည် ခြောက်လပိုင်းရာသီကနေ ပန်းများပွင့်သော ရာသီသို့ ကူးပြောင်းလာခဲ့လေပြီ။ သစ်ရွက်ကြွေများက လေအဝေ့တွင် လွင့်မြောလျက် ရှိ၏။ ခုချိန်၌ သစ်ရွက်များသည် ကောင်းကင်ထက်တွင် ပြည့်နှက်လေရာ လှပသောမြင်ကွင်းတစ်ခုကို ပုံဖော်သည်။ လေတိုက်ခတ်မှုက ပိုအားကောင်းလာခဲ့သည်။ လှပမှုအနှင့် ဤမြင်ကွင်းက ဝမ်းနည်းမှုအငွေ့အသက်ကိုပါ ပေးစွမ်းသည်။

ထိုသစ်ရွက်ကြေများသည် အိမ်ခြေမဲ့သည့်အလား ဟိုဟိုဒီဒီ လွင့်ကာလွင့်ကာ သွားနေ၏။ ယင်းတို့သည် လေနှင့်အတူသာ ရွှေ့လျားနိုင်ပြီး မည်သည့်နေရာသို့ ဦးတည်သွားသည်ကိုမူ မသိရနိုင်ပါ။ ဖြစ်နိုင်သည်မှာ ယင်းသစ်ရွက်များသည် မြစ်ရေပြင်ထက်သို့ ကျဆင်းရင်ကျဆင်း၊ သို့မဟုတ် ဖုန်မှုန့်များနှင့် မြေပြင်ထက်တွင် ရောနှောကောင်း ရောနှောသွားနိုင်သည်။ ထို့နောက်တွင် လေက ယင်းတို့ကို ဆောင်ယူတိုက်ခတ်လိမ့်မည်ပင်။

သစ်ရွက်များ၏ ကံကြမ္မာမှာ လေပင် ဖြစ်၏။ မတူညီသော လေတိုက်ခတ်မှုက ယင်းတို့ကို မတူညီသော ဘဝကို ပေးလေမည်။

သေးသွယ်ပါးလှပ်သော သစ်ရွက်ခြောက်တစ်ခုက လေအဝေ့တွင် လှေငယ်တစ်စင်းပေါ်ရှိ အဖြူရောင်ဝတ်စုံဖြင့် လူငယ်တစ်ယောက်၏ လက်ဝါးထက်သို့ ကျဆင်းသွားသည်။

ထိုလူငယ်သည် ဘယ်လက်တွင် အရက်အိုးတစ်လုံးကို ကိုင်ထားကာ ကဗျာတစ်ပုဒ်ကို ဖွင့်ထုတ်ရွတ်ဆိုနေရင်း သူသည် အရက်မော့နေသည်။ သူ့အသံမှာ မကျယ်လှပါ။ သို့သော် နားထောင်လို့ ကောင်း၏။ သူသည် ဒီလောက၏အဆုံးသပ်နောက် လိုက်လံရှာဖွေနေသည့်အလား။

ထိုလူငယ်၏အနောက်တွင် စာအကူဝတ်စုံဖြင့် သက်လတ်ပိုင်းလူတစ်ယောက် ရှိသည်။ သူသည် ခါးသီးဟန်အမူအရာဖြင့် ရှိနေ၏။ ထိုလူငယ် တစ်မော့မော့လိုက်တိုင်း သက်လတ်ပိုင်းလူ၏ စိတ်နှလုံးမှာ အနည်းငယ် ပိုနာကျင်သွားရသည်သာ။

“ပန်းအရက်တစ်အိုးရဲ့ ကုန်ကျစရိတ်ဟာ ငွေစခုနစ်ခုတောင်။ ဈေးကြီးလွန်းတယ်။ ဒါကို တစ်ဝက်ကြီး သောက်လိုက်တာဟာ ငွေစတစ်ပိုင်းကို ဝါးမြိုလိုက်တာနဲ့ တူတူပဲ…”

လူငယ်၏ လက်ထဲ ကျရောက်လာသော သစ်ရွက်သည် ခဏတာ ရပ်တန့်လို့သွားသည်။ သို့သော် ဤလက်ဝါးပြင်က ၎င်းသစ်ရွက်၏ အဆုံးသပ်နေရာ မဟုတ်လေပေ။ သက်ပြင်းချသံ ခပ်ဖျော့ဖျော့ ထုတ်လွှတ်လိုက်သည်ဟု ထင်ရပြီး ထိုသစ်ရွက်သည် လူငယ်၏လက်ထံမှ ပျံသန်းထွက်သည်။ ယင်းသစ်ရွက်သည် အကွာအဝေးတစ်ခုထံသို့ တဖျပ်ဖျပ် လွင့်ဝဲသွားလေသည်။

မြစ်ကမ်းဘေးတွင် ပွင့်ဖူးနေသော မက်မွန်ပင်တောအုပ်တစ်ခု ရှိသည်။ ထိုသစ်ရွက်ခြောက်သည် အဝေးသို့ လွင့်လာရင်း မက်မက်ပန်းပွင့်များထံမှ တစ်ဆင် မြစ်ရေပြင်ထဲ ကျဆင်းသွားလေ၏။

“သစ်ရွက်ခြောက်တွေ လေနဲ့အတူ ကခုန်ပြီး မက်မွန်ပွင့်တွေဟာ မြစ်ရေနဲ့အတူ ညင်သာစွာ စီးဆင်းတယ်…” ဝမ်လင်းသည် အရက်သောက်နေရင်း သူ့ရယ်သံမှာ ပဲ့တင်ထပ်နေ၏။

လှေသမားနှင့် သူတို့နှစ်ယောက်အပြင် လှေပေါ်တွင် လှပသောအမျိုးသမီးသုံးယောက်လည်း ရှိနေကြ၏။ တစ်ယောက်သည် ကုချင်းတီးကာ ကျန်နှစ်ယောက်က တေးဆို၍ ကခုန်နေသည်။ လှေငယ်သည် မြစ်အတိုင်း စီးမြောလာကာ ကျောက်တံတားတစ်ခုကို ဖြတ်၍ အေးဆေးငြိမ့်ငြောစွာ အကွာအဝေးတစ်ခုဆီ ဦးတည်သည်။

“ဖိုးကံကောင်း…အရက် ပေးအုံး…” ဝမ်လင်းသည် ရယ်ကာမောကာဖြင့် ဖိုးကံကောင်းထံ လှည့်ကြည့်လိုက်သည်။

ဖိုးကံကောင်းသည် ခါးသီးဟန်ဖြင့် သက်ပြင်းဆက်တိုက် ချမိနေ၏။ သူသည် အရက်အိုးတစ်လုံးကို ထုတ်ယူကာ ဝမ်လင်းထံ မပေးချင်ပေးချင်နှင့် လှမ်းပေးလိုက်သည်။ သူသည် ငိုတော့မည့်ဟန် စကားစပြောလာ၏။

“သခင်လေး…ငါတို့မှာ တကယ်ပဲ ငွေစ သိပ်မကျန်တော့ဘူး။ ငါတို့ ဒီလှေကိုလည်း ငှားသေးတယ်။ အရက်လည်း ဝယ်သေးတယ်။ ငါတို့ကို အဖော်ပြုပေးဖို့ မိန်းကလေးသုံးယောက်ကိုလည်း ငှားထားသေးတဲ့အတွက် ကုန်ကျစရိတ် အတော်လေး များနေပြီ။ ငါတို့ မြစ်ကမ်းပေါ်သွားပြီး ဈေးသက်သာတဲ့ တည်းခိုခန်းတစ်ခု ငှားပြီး ပိုက်ဆံ ချွေတာကြရင်ရော ဘယ်လိုလဲ…”

“ဘာကို အလျင်လိုနေတာလဲ…။ ငါ စောင့်နေတဲ့သူက ခုထိ ရောက်မလာသေးဘူးလေ…”

ဝမ်လင်းသည် ခေါင်းယမ်းကာ ပြုံးလိုက်၏။ သူသည် အရက်အိုးတစ်အိုးကို ထုတ်ယူကာ ထိုင်ချ၍ စသောက်သည်။ သူသည် မိန်းမလှ၏ကုချင်းသံကို နားထောင်သည်။ ကုချင်းသံသည် နူးညံ့ရွှင်မြူးဖွယ် ကောင်းလှသည်။ သို့သော် ယင်းအသံသည် ဝမ်လင်း၏နားအတွင်းသို့ မဝင်လာနိုင်ပေ။

“သခင်လေး…ငါ ဖွက်ထားတဲ့ ငွေစအားလုံးလည်း ထုတ်ပြီးသွားပြီ။ သင်…သင်…။ ဟူး…ငါတို့ ဒီလိုသာ ဆက်သုံးနေရင် လာမယ့်ခုနစ်ရက်အတွင်း ငါတို့ သူတောင်းစားတွေ ဖြစ်ကုန်တော့မယ်…”

“တစ်လကျော်လောက် ရှိပြီ။ သင် စောင့်နေတာက ဘယ်ကောင်များလဲ။ ဘာလို့ ခုထိ မလာကြသေးတာလဲ…” ဖိုးကံကောင်းသည် ဝမ်လင်းကို ခါးသီးစွာ အထွန့်တက်နေပြီး သူ့စိတ်နှလုံးမှာ နာကျင်နေမိသည်။

သူသည် အတော်လေး ရယ်စရာ ကောင်းနေသည့်နှယ် ကခုန်နေရာကနေ ခဏနားနေသော အမျိုးသမီးက ရယ်မောလိုက်လေ၏။

ဖိုးကံကောင်းသည် မျက်လုံးပြူးမျက်ဆန်ပြူးဖြင့် ထိုအမျိုးသမီးကို ကြည့်လိုက်သည်။ သူသည် ခပ်တိုးတိုး ရေရွတ်လိုက်ပြီးနောက် အရက်အိုးကို ကောက်ယူကာ အားပါးတရ မော့သောက်လိုက်သည်။

“ငါ နောက်ထပ် ထပ်သောက်ဖို့ လိုသေးတယ်…။ ဒါက အရက်ကောင်းပဲ။ တစ်မော့ကို ငွေစတစ်ဝက် ကျသင့်တယ်…”

“ကုချင်းသံက သိပ်တော့ ဟန်မကျသေးဘူး…” ဝမ်လင်းသည် လှေဘေးကို မှီကာ ဖြည်းညင်းစွာ ခေါင်းယမ်းလိုက်သည်။ အချိန်အတန်ကြာပြီးနောက် သူသည် အသောက်များသွားသည့်ပုံ ပေါ်သည်။ သူ ထရပ်ကာ ကုချင်းတီးနေသော အမျိုးသမီးနား လျှောက်သွား၏။ သူက ကုချင်းပေါ်သို့ သူ့လက်ကို တင်လိုက်၏။ အမျိုးသမီးက သူမ၏လက်နှစ်ဖက်ကို ပြန်ရုတ်သိမ်းလိုက်ပြီး သူမ၏မျက်နှာမှာ နီမြန်းသွားသည်။

“ငါ သီချင်းတစ်ပုဒ်ကို မှတ်မိတယ်။ ငါ အဲ့သီချင်းရဲ့ နာမည်ကိုတော့ မသိဘူး။ ဒါပေမဲ့ ငါ ဒီသီချင်းကို အိပ်မက်ထဲမှာ ကြားခဲ့ရတာ။ ဒါက ဒီလိုတော့ ဖြစ်မယ်ထင်တယ်…” ဝမ်လင်းသည် မျက်လုံးမှိတ်လိုက်ပြီး ကုချင်းစတင် တီးခတ်သည်။

ပထမပိုင်း၌ ကုချင်းသံသည် အကြမ်းထည်ဆန်ကာ သီချင်းတစ်ပုဒ်နှင့် တူမနေပေ။ သို့သော် ဝမ်လင်း အာရုံစိုက်တီးခတ်နေရင်း သီချင်းသံ ပိုပီသလာသည်။

ကုချင်းသံမှ ပြေမပြတတ်သော ဝမ်းနည်းမှုတစ်ခု ထွက်ပေါ်လာကာ အဘက်ဘက်သို့ ပျံ့နှံ့သည်။

လှေပေါ်တွင် အနားယူနေသော အမျိုးသမီးနှစ်ယောက်မှာ ရီဝေစွာဖြင့် ဝမ်လင်းထံ ကြည့်သည်။ ဒီဂီတ၏ ဝမ်းနည်းမှုမှာ ပေါ့ပါးလွန်းသည်။ သို့သော် ယင်းက လူတစ်ယောက်၏ စိတ်ဝိညာဉ်ထဲထိ ရောက်နိုင်သည်။ သင်သာ ဒီကုချင်းသံကို ကြားရပါက သင်သည် မမင်သက်မိဘဲ နေနိုင်လိမ့်မည် မဟုတ်ပေ။

အစောပိုင်းက ကုချင်းတီးခဲ့သော အမျိုးသမီးက ဝမ်လင်းဘေးနားတါင် ထိုင်နေ၏။ သူမ၏မျက်လုံးသည် တောက်ပနေကာ သူမဟာ ကုချင်းဂီတထဲ နစ်မြောသွားသည့်အလား။

ဖိုးကံကောင်းသည်ပင် ထိုင်နေရင်း မင်သက်မိနေ၏။ သူသည် အရက်တစ်ခွက်ပြီးတစ်ခွက် သောက်နေတော့သည်။ သူက သူ့စိတ်ထဲရှိ နှမြောခြင်းကိုပါ မေ့သွားပြီး သူ့ညာလက်ကောက်ဝတ်ကို စိုက်ကြည့်လိုက်သည်။

လီမူဝမ်သည် ကုချင်းဂီတ တီးခတ်ခဲ့ဖူးလေ၏။

ဤအခိုက်၌ ဝမ်လင်း၏မှိတ်ထားသော မျက်လုံးထဲမှ မျက်ရည်များ စီးကျလာသည်။ သူ့မျက်ရည်များသည် ကုချင်းပေါ်သို့ ကျရောက်သွားကာ သီချင်းနှင့်အတူ ပေါင်းစပ်သွားဟန်ရပြီး ဒီဂီတသံနှင့် အတူတကွ ပျံ့လွင့်လေသည်။

သူသည် ညတိုင်းအိပ်မက်မက်နေခဲ့၏။ သူသည် အတော်များများကို တွေ့မြင်ခဲ့သည်။ သို့သော် သူ့အနေဖြင့် လူတိုင်းကို မရှင်းမလင်းသာ တွေ့မြင်ခဲ့ရခြင်းပင်။ ထိုအိပ်မက်ထဲမှ ပုံရိပ်များသည် ဝေဝါးသော်ငြားလည်း ဝမ်းနည်းမှုခံစားချက်ကမူ အားကောင်းလှသည်။

သည်ကုချင်းသံစဉ်အောက်၌ လှေငယ်သည် မြစ်အတိုင်း စီးဆင်းကာ တံတားများစွာကို ဖြတ်သန်းလာပြီးနောက် ညနေဆည်းဆာအချိန်သို့ပင် ရောက်လာခဲ့လေပြီ။

ဝမ်လင်းသည် တစ်လကျော် စောင့်နေခဲ့၏။ သို့သော် သူ့အိပ်မက်ထဲမှ လူသည် ခုထိ ကိုယ်ထင်လာမပြသေး၊ ထွက်ပေါ်မလာသေးပေ။

ထိုလှေငယ် ကျောက်တုံးတံတားအောက် ဖြတ်သန်းသွားချိန်၌ တံတားပေါ်တွင် ပုံရိပ်နှစ်ခု မည်သည့်အချိန်ကမှန်းမသိ ပေါ်လာပြီး ဝမ်းနည်းဖွယ်ကုချင်းသံကို နားထောင်လို့နေသည်။

ထိုလူနှစ်ယောက်သည် ဆံပင်ဖြူနှင့်အဘိုးအိုနှစ်ယောက် ဖြစ်ကြသည်။ တစ်ယောက်သည် အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ နေရာတွင် ရပ်နေရုံဖြင့် ထိုသူသည် မားမားမတ်မတ် ဖြစ်လှသည်။ သူ့ထံမှ အသက်အိုမင်းဟန်တို့ ပေးစွမ်းပြီး သူ၏မျက်လုံးထဲ၌ ဉာဏ်ပညာကို ဖော်ကျူးနေသည်။ နေရာတွင် ရပ်နေရုံဖြင့် သူ့ထံမှ ကြီးမြတ်သောပညာရှိအရှိန်အဝါကို ပေးစွမ်းသည်။

သူသည် စုတောက်ပင်။

စုတောက်သည် မြစ်ရေပြင်ထက် မြောကာစီးဆင်းသွားသော လှေငယ်ကို ကြည့်နေရင်း သူ့ထံမှ စိတ်ခံစားချက်ပါသော အကြည့်တစ်ခု လှစ်ဟပေါ်သည်။ သူသည် ကုချင်းတီးခတ်နေသော ဝမ်လင်းကို တွေ့မြင်သည်။ သူက ပြောလိုက်၏။ “ဝမ်းနည်းဖွယ် သီချင်းတစ်ပုဒ်ပဲ။ ဒီလိုဝမ်းနည်းမှုမျိုးကို လူတစ်ယောက်အနေနဲ့ နှစ်ပေါင်းများစွာ ဝမ်းနည်းမှု တွေ့ကြုံပြီးမှသာ ဖော်ကျူးနိုင်မှာ။ ဒါက သာမန်လူတစ်ယောက် တီးခတ်နိုင်တဲ့ သီချင်းမဟုတ်ဘူး…”

စုတောက်၏နောက်မှ အဘိုးအိုကလည်း သက်ပြင်းချလိုက်၏။ ဝမ်လင်းသာ ထိုသူ့ကို တွေ့မြင်ပါက သူသည် ထိုလူမှာ သူ စာမေးပွဲတွင် ရေးဖြေခဲ့ချိန်၌ အပြီးထိ စောင့်ကြည့်ခဲ့သော ကြီးကြပ်သူအဘိုးအိုမှန်း သိပေလိမ့်မည်။

“တပည့်က သူ ကုချင်းတီးခတ်နိုင်လိမ့်မယ်လို့ မမျှော်လင့်ထားမိပါဘူး။ ငါ သူ့ရဲ့ စာမေးပွဲအဖြေလွှာကို တွေ့တဲ့အချိန်မှာ ငါဟာ ဒီကောင်လေးက သာမန်မဟုတ်ဘူးလို့တော့ ခံစားမိခဲ့တယ်။ ငါ သင့်ကို လာတွေ့တဲ့အချိန်မှာ ဒီကောင်လေးကို လှေပေါ်မှာ ငါ မြင်ခဲ့တယ်။ ဒါ့ကြောင့် သူ့ကို တွေ့ရအောင်လို့ ငါ သင့်ကို ဒီနေရာကို ခေါ်လာခဲ့တာပါ…ဆရာ…”

ထိုအဘိုးအိုက စုတောက်ကို တလေးတစား ဦးညွတ်ကာ ပြောပြလိုက်သည်။

လှေငယ်သည် ပိုဝေးသော နေရာသို့ ခရီးဆက်သွားပြီ ဖြစ်ကာ ကုချင်းသံလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ သည်အခိုက်တွင် စုတောက်သည် ပြုံးလာ၏။ သူသည် တံတားအောက်သို့ ခြေလှမ်းအနည်းငယ် ဆင်းလာပြီး အောက်ဘက်ရှိ လှေထံ လှမ်းအော်လိုက်သည်။

“လူငယ်လေး…ဒီအဘိုးအိုကို မင်း ကံမ္မအပေါ် ဘယ်လို ထင်မြင်လဲဆိုတာ ပြောပြပါအုံး…”

ဝမ်လင်း၏ လက်နှစ်ဖက်သည် ကုချင်းတီးခတ်နေရာကနေ ရပ်တန့်သွားသည်။ သူသည် မျက်လုံးဖွင့်ကာ နောက်ဘက်သို့ စိတ်ရှုပ်ထွေးဟန်ဖြင့် ကြည့်လိုက်သည်။ သူ့နေရာကနေ သူသည် အဘိုးအိုတစ်ယောက်ကိုသာ မြင်နိုင်ပြီး တံတားတစ်ဖက်ရှိ ဒုတိယတစ်ယောက်ကိုမူ မမြင်နိုင်ပေ။

သည်အခိုက်၌ ညရောက်လာခဲ့ကာ ကောင်းကင်ထက်တွင် လသာလာလေပြီ။ ညအမှောင်အတွင်း၌ အဘိုးအို၏ပုံရိပ်သည် အနည်းငယ်မျှ မထင်မရှား ဖြစ်နေ၏။ တံတားသည်ပင် လရောင်အောက်တွင် ကွယ်ဝှက်နေသည့်အလား။

ဝမ်လင်း၏အကြည့်သည်ပင် ဝေဝါးသွားကာ သူသည် ထိုအဘိုးအို၊ ထိုတံတားတို့ကို ကြည့်သည်။ သူသည် ခပ်တိုးတိုး ရေရွတ်လိုက်၏။ “ကံမ္မ…”

“ဒါက ဒီလို မဖြစ်သင့်ဘူး။ အချိန်သာ ပြန်ပြောင်းစီးနိုင်ခဲ့ရင်၊ သံသရာစက်ဝန်းသာ ရှိရင်၊ အိပ်မက်အတိုင်းသာ ဆိုရင် ငါဟာ ငါ့အိပ်မက်ထဲက ငါ့ကိုယ်ငါ ပြန်တွေ့ဆုံသင့်တယ်။ ဒါပေမဲ့ အခု ငါက ဘာကြောင့် ဒီအဘိုးအိုနဲ့ တွေ့ဆုံရတာလဲ။ ဒါက ဘာကြောင့်လဲ…”

ဝမ်လင်းသည် တစ်လကျော် စောင့်နေခဲ့သည်။ သူသည် သူ့ကို စိတ်ရှုပ်ထွေးမှုကနေ နိုးထစေခဲ့သော မြင်ကွင်းပုံရိပ်ကို စောင့်ဆိုင်းနေခဲ့သည်။ သူ တနေ့လုံး သောက်နေခဲ့သည်။ အိပ်မက်ထဲ၌ သူသည် စုမြို့၏ တံတားတစ်ခုပေါ်တွင် နောက်ထပ်ဝမ်လင်းတစ်ယောက်ကို တွေ့မြင်ခဲ့ရသည်။

သို့ပေမည့် အခု သူ့အိပ်မက်ထဲကအတိုင်း သူ့ကိုယ်သူ မတွေ့ရဘဲ သည်အဘိုးအိုကိုသာ တွေ့ဆုံရသည်။

“ဒါကို ရှင်းပြလို့ မရနိုင်ဘူး။ ငါဟာ စိတ်ဝိညာဉ်သန့်စင်ခြင်းကလန်နဲ့ ပတ်သတ်လို့ သိထားတယ်။ ငါဟာ စိတ်ဝိညာဉ်သန့်စင်ခြင်းကလန်မှာ ပေါ်လာမယ့် တစ်ယောက်ကိုတောင် ခပ်ရေးရေး ခန့်မှန်းမိခဲ့တယ်။ ငါဟာ အဲ့မှာ ဉာဏ်အလင်း ရခဲ့တယ်။ ဒါပေမဲ့ အခုတော့ ဒီနေရာမှာ ငါ သူ့ကို မတွေ့ရဘူး…” ဝမ်လင်း၏မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးမှုတို့ ပြန်ပြည့်လာသည်။ သူသည် နားမလည်နိုင်ပေ။ သူကိုယ်တိုင်သည်ပင် မှုန်ဝါးဝေဝါးလာတော့သည်။

ဝမ်လင်းသည် စိတ်ရှုပ်ထွေးဟန် အခြေအနေနှင့် ရှိနေစဉ် လှေငယ်သည် ပိုပို ဝေးသထက် ဝေးလာသည်။

အဘိုးအိုက ဝမ်လင်း မဖြေသည်ကို တွေ့မြင်သည့်အခါ သူသည် ပြုံး၍ ထပ်အော်ပြောလိုက်သည်။

“လူငယ်လေး…မင်း တွေးမိတဲ့ ကံမ္မအကြောင်း ဒီအဘိုးအိုကို ပြောပြပါ…”

“ကံမ္မ…ငါဟာ ကံမ္မအကြောင်းရင်းပဲ။ ငါဟာ ကံမ္မအကျိုးဆက်ပဲ…” ဝမ်လင်း၏အသံသည် တဖြည်းဖြည်း ရောက်ရှိလာပြီး လှေနှင့်အတူ ဖြည်းဖြည်းချင်း ပြန်ပျောက်ကွယ်သွားသည်။

စုတောက်သည် ပြုံး၍ ပျောက်ကွယ်သွားသော လှေကို ကြည့်လိုက်သည်။ သူသည် နောက်လှည့်ကာ သူ့နောက်ရှိ ကျောင်းသားကို ကြည့်လိုက်၏။

“သူ့နာမည် ဘယ်လိုခေါ်လဲ…”

All Chapters