← Chapters

ဆယ်နှစ်

Vol. 120 Ch. 1652

ဆယ်နှစ်

Vol. 120 Ch. 1652

အဘိုးအို စုစန်းက ခပ်မြန်မြန် ပြောလိုက်သည်။ “သူ့နာမည်က ဝမ်လင်းပါ…”

“သူ့အဖြေလွှာစာရွက် ငါ့ကို ပေး…” စုတောက်၏မျက်လုံးထဲတွင် ပျော်ရွှင်မှု အငွေ့အသက် ရှိနေသည်။

စုစန်းသည် ထိုစကားကို ကြားလိုက်သည့်အခါ ပြုံးလိုက်၏။ ထို့နောက် သူသည် အဖြေလွှာစာရွက်ကို ထုတ်ပေးလိုက်သည်။ သူ ဒီနေရာသို့ လာခဲ့ခြင်းမှာ စုစန်းကို ဤပုံမှန်ထက်ထူးကဲသော အဖြေလွှာစာရွက်ကို ပြသချင်သောကြောင့်ပင်။

သို့ပေမည့် သူ ဒီသို့ ရောက်လာသည့်နောက် စုတောက်သည် ယနေ့မတိုင်ခင်ထိ ၎င်းအဖြေလွှာကို မကြည့်ခဲ့ပေ။ ဝမ်လင်း၏အဖြေလွှာကို ကိုင်ထားရင်း သေချာကြည့်လိုက်ပြီးနောက် စုတောက်က ခေါင်းညိတ်လိုက်၏။

“ဒီကောင်လေးဟာ ဒီအဘိုးအိုရဲ့ နောက်ဆုံးတပည့် ဖြစ်လာလိမ့်မယ်…” ပြုံး၍ စုတောက်သည် လှေထံသို့ လှည့်ကြည့်လိုက်သည်။ လရောင်အောက်တွင် သူနှင့်လှေကြား၌ လွင့်ဝဲနေသော သစ်ရွက်တစ်ရွက် မြောလွင့်သည်။ စုတောက်သည် လှေကို ကြည့်နေသည်လော၊ သစ်ရွက်ကို ကြည့်နေသည်လော သိနိုင်ဖို့မှာ မဖြစ်နိုင်ပါ။

အချိန် ကုန်လွန်လာ၏။ သင်သည် အချိန်နောက်သို့ လိုက်လံရှာဖွေလိုလျှင်ပင် ၎င်း၏သဲလွန်စကိုပါ တွေ့ရလိမ့်မည် မဟုတ်ပေ။

ရက်အတော်အတန် ကြာမြင့်ပြီးနောက် ဝမ်လင်းက ဖိုးကံကောင်းနှင့်အတူ လှေမှ ထွက်ခွာလာ၏။ သူသည် ကမ်းဘေးတွင် ရပ်ကာ သူ တစ်လကျော် နေထိုင်ခဲ့သော လှေနှင့် သူ တစ်လကျော် စောင့်ဆိုင်းနေခဲ့သော မြစ်ပြင်ကို ကြည့်သည်။ သူသည် အချိန်အကြာကြီး ငြိမ်သက်စွာ စဉ်းစားနေသည်။

နာရီဝက်ခန့်ကြာပြီးနောက် ဝမ်လင်းသည် ခေါင်းယမ်းကာ သက်ပြင်းချလိုက်သည်။ သူသည် လှည့်၍ ထွက်ခွာတော့မည့်အချိန်တွင် ကောင်းကင်ထက်မှ အော်မြည်သံတစ်သံ ကြားလိုက်ရသည်။ ဝမ်လင်း၏ခန္ဓာကိုယ်သည် တုန်ယင်သွားပြီး သူက ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည်။

သူသည် သူနှင့်ရင်းနှီးသော အဖြူရောင်ငှက်က ကောင်းကင်ထက်တွင် ဝဲပျံနေသည်ကို တွေ့မြင်လိုက်ရသည်။ ထိုငှက်သည် အကွာအဝေးတစ်ခုရှိ တံတားပေါ်တွင် တဖြည်းဖြည်း ဆင်းသက်သည်။ ၎င်းက ဝမ်လင်းကို ကြည့်လိုက်ပြီးနောက် တိမ်စိုင်များကြား ပျံသန်းသွားသည်။

ဝမ်လင်းသည် ခပ်တိုးတိုး ရေရွတ်လိုက်၏။ “ဒီတော့ ဒါက မင်းလား…”

ဝမ်လင်းသည် စုမြို့ရှိ စာမေးပွဲတွင် မပါဝင်တော့ပေ။ သူ လှေမှ ထွက်ခွာလာသည့်နေ့၌ ပညာရှိချုပ်စုတောက်၏ အိမ်သို့ ဖိတ်ခေါ်ခြင်း ခံရ၏။ သူ့ကို ဖိတ်ခေါ်သည့်သူမှာ ကြီးကြပ်သူအဘိုးအိုစုစန်းပင်။

စုတောက်၏ အိမ်မှာ သိပ်မကြီးပေ။ သို့သော် သပ်ရပ်သည်။ ငြိမ်သက်တိတ်ဆိတ်ကာ စိတ်အေးငြိမ်းမှုကို ပေးသည်။ ခြံဝန်းထဲ၌ ဝမ်လင်းသည် တံတားပေါ်တွင် သူ့ကို မေးခွန်းမေးခဲ့သော အဘိုးအိုကို တွေ့မြင်သည်။

ဖိုးကံကောင်းသည် ဝမ်လင်းနှင့်စုတောက်တို့ ပန်းအရက် သောက်၍ စကားစမြည် ပြောနေကြစဉ် ခြံဝန်းအပြင်ဘက်တွင် ထိုင်စောင့်နေသည်။

“ဒီအဘိုးအိုရဲ့ဘဝမှာ တပည့်များစွာ ရှိခဲ့တယ်။ ဒါပေမဲ့ သုံးယောက်ပဲ အစစ်အမှန်တပည့် ဖြစ်လာခဲ့ကြတယ်။ ခုကစပြီး မင်းက ငါ့နောက်ဆုံး တပည့်ပဲ။ ဒီအဘိုးအိုက မင်းကို အင်ပါယာစာမေးပွဲကို ဝင်မဖြေစေချင်ဘူး။ မင်းရဲ့ စိတ်နေစိတ်ထားနဲ့လည်း အဲ့တာက မသင့်တော်ဘူး။ ဒီအဘိုးအို မင်းကို ငါ သေသွားခဲ့တဲ့နောက် ဒီကျောက်နိုင်ငံရဲ့ မဟာပညာရှိ ဖြစ်လာစေချင်တယ်…”

“ကျောက်နိုင်ငံသာမကဘဲ ဟင်္သာပြဒါးဂြိုဟ်ပေါ်မှာ နိုင်ငံများစွာ ရှိတယ်။ ဒီအဘိုးအိုက မင်းကို ဂြိုဟ်တစ်ခုလုံးရဲ့ မဟာပညာရှိတစ်ယောက် ဖြစ်လာစေချင်တယ်။ ဒီဘဝကတော့ မင်းအတွက် ချမ်းသာကြွယ်ဝမှု၊ အာဏာတွေ ပိုင်ဆိုင်စေမှာ မဟုတ်ဘူး။ ဒါပေမဲ့ မင်းဟာ လောကကို နားလည်နိုင်စွမ်း ရှိပြီး မင်းရဲ့ ကိုယ်ပိုင်အတွေးအခေါ် ပိုင်ဆိုင်တဲ့သူ ဖြစ်လာစေမယ်…”

“ဒီလောကမှာ ငါတို့လို သေမျိုးတွေ ရှိသလို အင်မောတယ်တွေလည်း ရှိကြတယ်။ အင်မောတယ်အမြောက်အများက ငါ့ရှိ လာတတ်ကြပြီး တာအိုလမ်းကြောင်းကို လျှောက်လှမ်းပုံကို ငါ့ရှိ မေးကြတယ်။ ဒါပေမဲ့ သူတို့အားလုံးက ငါက ငြင်းဆန်ခဲ့တယ်…”

“ဒီအဘိုးအိုက ပြုံးပြီး ကောင်းကင်ထက်ကို ကြည့်တယ်။ ငါ့မှာ ကိုယ်ပိုင်စိတ်ကူးစိတ်သန်းတွေ အများကြီးပဲ။ ငါဟာ တာအိုနောက်ကို မလိုက်လံဘူး။ ဒါပေမဲ့ လောကရဲ့ အမှန်တရားကိုတော့ နားလည်အောင် ဆင်ခြင်တယ်။ ငါ့ခန္ဓာကိုယ်ဟာ မသန်မာပေမယ့် ငါ့စိတ်ဟာ ထာဝရ တည်ရှိနိုင်ပြီး လှောင်ချိုင့်ကို ဖွင့်လှစ်နိုင်တယ်။ ဒီအင်မောတယ်တွေဟာ ငါ့လို သေမျိုးကို လက်တစ်ချောင်းတည်းနဲ့ သတ်ပစ်နိုင်ပေမယ့် သူတို့ဟာ လောကရဲ့ မဟာပညာရှိရှေ့မှာဆို သူတို့ရဲ့ မြင့်မြတ်တဲ့ဦးခေါင်းကို ငုံ့ပေးကြရတာပဲ…”

“အင်မောတယ်တွေက ကောင်းကင်နဲ့မြေကြီးကို ဖိဆန်ဖို့ ကျင့်ကြံကြတယ်။ ဒါပေမဲ့ ငါတို့ ပညာရှိတွေကတော့ ကောင်းကင်နဲ့မြေကြီးကို နားလည်ဖို့ ဆင်ခြင်တယ်။ ဒါဟာလည်း ကောင်းကင်နဲ့မြေကြီးကို ဆန့်ကျင်တဲ့နည်းလမ်းတစ်မျိုးပဲ…”

“မိုးကောင်းကင်မှာ စိတ်ဝိညာဉ်တစ်ခု ရှိမယ်ဆို ၎င်းရဲ့အမြင်မှာ အင်မောတယ်တွေဟာ ငါတို့လို သေမျိုးတွေသာသာလို့ မြင်လိမ့်မယ်။ သူတို့ဟာလည်း သေမျိုးပဲ။ ငါတို့အားလုံးဟာ သေမျိုးတွေပဲ။ ခြားနားတာဆိုလို့ သူတို့ဟာ တောင်တွေကို ခြေမွနိုင်တဲ့ စွမ်းအား ပိုင်ဆိုင်ကြပြီး ငါတို့ကတော့ ကောင်းကင်နဲ့မြေကြီးကို နားလည်ကြတယ်…”

“ဒီဆရာဟာ စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်းအဆင့်ကို ရောက်ဖို့ ကျင့်ကြံတဲ့ငါ့တပည့်တွေကို လုပ်ဆောင်ပေးခဲ့တယ်။ တချို့ကတော့ ပိုနက်ရှိုင်းတဲ့တာအိုနောက် ဆက်လိုက်စားကြတယ်…”

“ဒီလိုဘဝမျိုးဟာ သာမန်မဟုတ်တဲ့ သာမန်ဘဝပဲ။ ဝမ်လင်း…မင်း ဒီလမ်းကြောင်းကို ရွေးချယ်ချင်လား…” ထိုအခိုက်အတန့်တွင် စုတောက်သည် သာမန်အဘိုးအိုတစ်ယောက်မျှသာ ဖြစ်သော်လည်း ဝမ်လင်းသည် သူ့ထံမှ ခွန်အားအပြည့်အော်ရာတစ်ခုကို ခံစားမိသည်။

ထိုအော်ရာသည် လောက၏အမှန်တရားကို ဆင်ခြင်နားလည်ခြင်းကနေ လာခြင်း ဖြစ်သည်။ ကိုယ်ပိုင်အတွေးအခေါ်ရှိသူ၏ အရှိန်အဝါလည်း ဟုတ်သည်။ ယင်းက စုတောက်ကို ထိပ်ဆုံး၌ ရပ်တည်စေနိုင်ခြင်းလည်း မည်သည်။

ထိုစိတ်ဆန္ဒသည် စုတောက်၏ ခန္ဓာကိုယ်တွင်းရှိ လောင်ကျွမ်းနေသော မီးတောက်တစ်ခု၊ ၎င်းက ကောင်းကင်ဘုံကို လှုပ်ခါစေနိုင်သည်။

“ပညာရှိ၊ မဟာပညာရှိ။ နောက်ဆုံးမှတော့ အရှင်ပညာရှိ…” စုတောက်သည် လက်နောက်ပစ်ကာ ဝမ်လင်းကို ကြည့်သည်။

ဝမ်လင်းသည် ငြိမ်သက်စွာ စဉ်းစားနေ၏။ အချိန်အတန်ကြာပြီးနောက် သူသည် ဒူးထောက်ကာ စုတောက်ကို ဦးညွတ်လိုက်သည်။

အခုအခါ၌ ဝမ်လင်းသည် ဆယ့်ကိုးနှစ်အရွယ်၊ စုတောက်ကမူ ရှစ်ဆယ့်သုံးနှစ် ရှိလေပြီ။

စုတောက်သည် ဝမ်လင်း၏လက်ကို ဖမ်းဆုပ်ကာ ပြုံး၍ ဝမ်လင်းကို မြေပြင်ထက်မှ ဆွဲထူပေးသည်။ သူတို့၏စကားသံများသည် ဒီခြံဝန်းအတွင်း၌ ပဲ့တင်ထပ်နေသည်။

“ဒီအဘိုးအိုဟာ ကောင်လေးတစ်ယောက်အဖြစ် ဒီလောကကို ဝင်ရောက်လာခဲ့ပြီး သက်လတ်ပိုင်း ဖြစ်တဲ့အခါ အိမ်ပြန်လာခဲ့တယ်။ ငါဟာ ကျောက်နိုင်ငံအနှံ့ သွားလာခဲ့သလို တခြားနိုင်ငံတွေကိုလည်း သွားရောက်ခဲ့တယ်။ ငါဟာ တောင်တွေ၊ မြစ်တွေ၊ ဘဝတွေကို တွေ့မြင်ခဲ့တယ်။ ငါ့အသက်ငါးဆယ်မှာ ငါ့ဇနီးဟာ သေဆုံးခဲ့တယ်။ ဒီအဘိုးအိုဟာ ပူဆွေးသောက ရောက်ခဲ့ရပြီးတဲ့နောက် သူမကို ဂူသွင်းသင်္ဂြိုဟ်ပေးခဲ့တယ်။ အဲ့အချိန်မှာ ငါဟာ လောကနဲ့ ပတ်သတ်လို့ ဉာဏ်အလင်း ရခဲ့တယ်။ ငါ ဘဝအကြောင်း တွေးမိတိုင်း ငါဟာ ငါ သူမနဲ့ သိခဲ့တဲ့အချိန်ကို ပြန်အမှတ်ရမိတယ်…”

“အဲ့လိုနဲ့ ငါ့အတွေးတွေဟာ ကံမ္မအဖြစ် ပြောင်းလဲခဲ့တယ်…”

“ကံမ္မဆိုတာ ဘာလဲ။ ဒီလောကမှာ ကံကြမ္မာစက်ဝန်းဟာ ဘာကြောင့် တည်ရှိရတာလဲ…”

တစ်ညတာ ကုန်လွန်သွား၏။ ဝမ်လင်း၏ဘဝသည် ထိုတစ်ညနှင့် ပြောင်းလဲသွားခဲ့သည်။ သူသည် အင်ပါယာစာမေးပွဲနောက်သို့ မလိုက်စားတော့ပေ။ သို့သော် သူသည် သူ့ကိုယ်ပိုင်လိုအင်ဆန္ဒများကို စဉ်းစားတော့သည်။ သူ့မိဘများကို ဖြည့်ဆည်းရန်အပြင် သူသည် လောကကို နားလည်ချင်၏။ သူ့စိတ်ထဲရှိ အသံ၏အမှန်တရားကိုလည်း နားလည်ချင်သည်။

“ကံမ္မဆိုတာ ဘာလဲ…။ သေခြင်းရှင်ခြင်းဟာ ဘာလဲ။ အမှန်နဲ့အမှားဆိုတာ ဘာလဲ…”

သူနှင့်ဖိုးကံကောင်းတို့သည် စုတောက်၏အိမ်တော်တွင် နေထိုင်ကြကာ စုတောက်၏ သင်ကြားချက်ကို နေ့စဉ် နားထောင်သည်။ သူ၏ခန္ဓာကိုယ်တွင်းရှိ မဟာပညာရှိတစ်ယောက်၏ အော်ရာသည် ပိုပိုအားကောင်းလာသည်။

လူဒါဇင်ချီခန့် ရွေးချယ်ခံစု ဂုဏ်ပုဒ်ကို လက်ခံရရှိကြပြီး ဘုရင့်စာမေးပွဲအတွက် မြို့တော်သို့ သွားကြသည်။ အချို့ကမူ အောင်မြင်၍ အချို့က ကျရှုံးခဲ့သည်။ သို့သော် မည်သည့်အရာကမျှ ဝမ်လင်းကို ဆက်၍ လှုပ်ခတ်စေခြင်း မရှိတော့ပေ။

သူသည် စာမေးပွဲ မဖြေခဲ့ပေ။ သို့သော် ဝမ်လင်း၏ဂုဏ်သလင်းက ကျောက်နိုင်ငံတွင် ဟိုးလေးတကြော် ဖြစ်လာခဲ့သည်။ သူသည် စုအိမ်တော်ကနေ မထွက်လာသော်လည်း အချိန်ကုန်လာသည်နှင့်အမျှ လူအများက စုတောက်နှင့် ဝမ်လင်းတို့ထံ လာလည်ပြီး နှုတ်ဆက်ကြသည်။

ဝမ်လင်းသည် လူတော်တော်များများကို တွေ့မြင်ခဲ့၏။ သေမျိုးကျောင်းတော်သားများ၊ ချမ်းသာကြွယ်ဝသူများနှင့် ကျင့်ကြံသူများပင် ပါသည်။ သူသည် ပို၍ပင် တည်ငြိမ်လာခဲ့ပြီး အရက်သောက်ရသည်ကိုလည်း ပိုနှစ်သက်လာသည်။ ပို၍လည်း အေးငြိမ်းလာသည်။

မျက်စိတစ်မှိတ်အတွင်း နှစ်များစွာ ကုန်လွန်သွားသည်။ သစ်ရွက်များ ကြွေကျနေရင်းဖြင့် ဝမ်လင်းသည်လည်း လူလတ်ပိုင်းအရွယ်သို့ ရောက်လာခဲ့လေပြီ။ သူသည် လွန်ခဲ့သော ဆယ်နှစ်က ကျောင်းတော်သားဖြစ်ခဲ့ချိန်က စုတောက် သူ့ကို ခေါ်ဆောင်ခဲ့သော နေရာ ခြံဝန်းထဲတွင် ရပ်၍ သစ်ရွက်များဖုံးလွှမ်းနေသော မြေပြင်ကို ကြည့်နေသည်။

စုတောက်က ပို၍ အိုမင်းလာသည်။ သူသည် မသောက်နိုင်တော့ပေ။ လွန်ခဲ့သောဆယ်နှစ်တုန်းကလို ဝမ်လင်းနှင့် တစ်ညလုံးလည်း စကားမပြောနိုင်တော့ပေ။ သူသည် ကုလားထိုင်တစ်ခုပေါ်တွင် ထိုင်နေရပြီး အစေခံနှစ်ယောက်၏အကူဖြင့်သာ လှုပ်ရှားနိုင်တော့၏။ သူသည် ဝမ်လင်းကဲ့သို့ပင် ကြွေလွင့်နေသော သစ်ရွက်များကို စောင့်ကြည့်နေသည်။

ဝမ်လင်း၏အမူအရာသည် တည်ငြိိမ်သည်။ အစေခံနှစ်ယောက်ကို ပြန်လွှတ်ပြီးနောက် သူက စုတောက်၏ထိုင်ခုံကို တွန်းပေးသည်။

“လင်းအာ…ဒီသစ်ရွက်တွေကို ကြည့်။ သူတို့ဟာ ဒီနေရာမှာ တစ်နှစ်ပြီးတစ်နှစ် ရှိကြတယ်။ ဆရာ သေသွားခဲ့ရင်တောင် ရာသီတိုင်း သူတို့ဟာ ရောက်လာကြအုံးမှာ…”

စုတောက်၏ အသံသည် အိုမင်းနွမ်းနယ်နေပြီ။ သို့သော် သူ့စိတ်ဝိညာဉ်ကမူ အတော်လေး ကောင်းမွန်၏။ သူက ညာလက်ကို မြှောက်လိုက်ရာ သစ်ရွက်တစ်ရွက် သူ့လက်ဝါးထက်သို့ ကျဆင်းလာသည်။

ဝမ်လင်းသည် တိုးညင်းစွာ ပြောလိုက်၏။ “ဒီသစ်ရွက်ဟာ ဘဝပဲ…”

စုတောက်သည် ထိုသစ်ရွက်ကို ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်၏။ “ဘဝဟာ ကံမ္မစက်ဝန်းတစ်ခုမျှသာ မဟုတ်ဘူး။ ဒါဟာ မင်းရဲ့ ရှေ့မှာ လွင့်မြောနိုင်တယ်။ ဒါပေမဲ့ မင်း ဒီနောက်ကို လိုက်လံရင် မင်း ဒါကို မဖမ်းဆုပ်နိုင်ဘူး။ ဒီသစ်ရွက်က သူ မောပန်းတဲ့အခါမှ မင်းလက်ပေါ် ကျဆင်းလာမှာ ဖြစ်တယ်…”

ထိုသို့ပြောရင်း နူးညံ့သောလေပြေတစ်ခု တိုက်ခတ်လာရာ သူ့လက်ထဲရှိ သစ်ရွက်သည် လေနှင့်အတူ ပျံဝဲသွားတော့သည်။

“ကံမ္မ…ကံမ္မ…။ ဝမ်လင်း….မင်း မရေမတွက်နိုင်တဲ့ ဒီသစ်ရွက်တွေကြားမှာ မင်းလမ်းကိုမင်း ရှာနိုင်ရင် မင်းဟာ ကံမ္မဆိုတာ ဘာလဲ သိလာလိမ့်မယ်…” စုတောက်သည် ပြုံး၍ ကောင်းကင်ထက်သို့ လက်ညွှန်လိုက်သည်။

ဝမ်လင်းသည် စုတောက် လက်ညွှန်လိုက်သော နေရာသို့ မော့ကြည့်လိုက်သည်။ သို့ပေမည့် ကောင်းကင်ထက်တွင် သစ်ရွက်မြောက်များစွာ လွင့်ဝဲနေသည် ဖြစ်ရာ သူသည် စုတောက် လက်ညွှန်လိုက်သော သစ်ရွက်က မည်သည့်သစ်ရွက်မှန်း မသိဖြစ်၏။

“မင်း ဒီသစ်ရွက်ကို မမြင်နိုင်ဘူး။ ဘာလို့လဲဆိုတော့ ဒီသစ်ရွက်ဟာ ငါ့ဘဝတစ်ခုလုံး ဖြစ်နေလို့ပဲ…” စုတောက်သည် မျက်လုံးမှိတ်လိုက်၏။ မျက်ရည်စီးကြောင်းနှစ်ခု လိမ့်ဆင်းကျလာသည်။

“ါဟာ သစ်ရွက်နှစ်ခုပဲ။ သူတို့ဟာ လေကြောင့် အတူတကွ ယှက်လိမ်နေတာ။ ဒါဟာ သူမနဲ့ ငါ့ရဲ့ ဘဝပဲ…” စုတောက်၏မျက်လုံးထဲတွင် သစ်ရွက်အားလုံး ပျောက်ကွယ်သွားပြီး အတူတကွပူးတွဲတည်ရှိ‌သော သစ်ရွက်နှစ်ရွက်သာ တည်ရှိလေတော့သည်။ ယင်းသစ်ရွက်နှစ်ရွက်တို့သည် ဝေးသထက်ဝေးသထက် ပျံဝဲသွားကြသည်။

“အဲ့နှစ်က …သစ်ရွက်ခြောက်တွေ ကောင်းကင်ထက် လွင့်ဝဲတဲ့အချိန်အခါတုန်းက ငါဟာ မင်းကို တံတားတစ်ခုပေါ်မှာ တွေ့ခဲ့တယ်။ ငါ မင်းရဲ့ မျက်လုံးထဲက စိတ်ရှုပ်ထွေးမှုကို တွေ့မြင်ခဲ့တယ်။ ငါ ထင်မိတာကတော့ မင်းဟာ အခြေအမြစ်မဲ့တဲ့ သစ်ရွက်တစ်ရွက်လိုပဲ။ မင်းဟာ အကူအညီမဲ့နေပြီး စိတ်ရှုပ်ထွေးနေခဲ့တယ်။ မင်း နားမလည်နိုင်တဲ့ ပြဿနာတစ်ခုခု ရှိနေခဲ့သလိုမျိုးပေါ့…”

“ငါ မင်းကို မြင်ခဲ့တယ်။ သစ်ရွက်တစ်ရွက် လွင့်ဝဲသွားတာကိုလည်း မြင်ခဲ့တယ်။ ဒါဟာ မင်းရဲ့ ဘဝပဲ။ ဒီသစ်ရွက်ဟာ မင်းရဲ့ ရှေ့မှာပဲ လွင့်ဝဲနေတာ။ ဒါပေမဲ့ မင်း အဲ့တာကို မြင်နိုင်စွမ်း မရှိခဲ့ဘူး။ ဒါ့ကြောင့်လည်း မင်း ငါ့ရှိ ရောက်လာခဲ့တာ…”

“ငါ အဲ့သစ်ရွက်ကို တွေ့မြင်ခဲ့တယ်။ ဒါပေမဲ့ မင်းကတော့ ငါဟာ မင်းကိုပဲ ကြည့်နေတာလို့ ထင်ခဲ့မှာပဲ။ ငါဟာ ဒီသစ်ရွက်ကို မေးခွန်းမေးခဲ့တယ်။ ဒါပေမဲ့ မင်းကတော့ ငါ မင်းကို မေးခဲ့တယ်လို့ပဲ ထင်မှာ…”

“အဲ့အချိန်တုန်းက ငါ မင်းကို ကူညီပေးသင့်လားလို့ စဉ်းစားနေခဲ့တာ…” စုတောက်သည် ခေါင်းလှည့်လိုက်၏။ သူ၏အိုမင်းသောမျက်နှာထက်တွင် ကြင်နာသည့်အရိပ်အယောင် ပေါ်ကာ သူသည် ဝမ်လင်းကို ကြည့်လိုက်သည်။

ဝမ်လင်း၏ခန္ဓာကိုယ်သည် တုန်ယင်သွားသည်။

“မင်းဟာ ငါ့ဘဝရဲ့ နောက်ဆုံးကံမ္မပဲ…။ ငါဟာ မင်းကို အရင်တုန်းက တစ်နေရာရာမှာ မြင်ခဲ့ဖူးသလိုမျိုး အမြဲတမ်း ခံစားမိခဲ့တယ်…” စုတောက်သည် ပြန်လည့်ကာ ကောင်းကင်ထက်သို့ ကြည့်သည်။

“နှစ်တွေကုန်လွန်လာတော့ လူတွေဟာ ဒီသစ်ရွက်က ဒီမြို့ကို ဖုံးလွှမ်းနေတာ တွေ့မြင်ရလိမ့်မယ်။ သူတို့ဟာ ဒီသစ်ရွက်တွေက သူတို့ရဲ့ ဆက်နွှယ်တဲ့လူကို ရှာဖို့ ရောက်လာတာကိုတော့ နားလည်နိုင်ကြမှာ မဟုတ်ဘူး။ သစ်ရွက်တိုင်းဟာ လူတစ်ယောက်ရဲ့ ဘဝတစ်ခုလုံးကို ကိုယ်စားပြုကြတယ်…”

“ဒါပေမဲ့…အဆုံးသပ်မှာတော့…သူတို့ဟာ ရေထဲကိုပဲ ကျဆင်းသွားခဲ့ရတယ်။ ဖုန်မှုန့်တွေထဲ ကျဆင်းခဲ့ရတယ်။ ငါတို့ရဲ့ မျက်လုံးရှေ့မှာ ပျောက်ကွယ်ကုန်ကြတယ်။ သူတို့က ငါတို့ကို မရှာနိုင်တာ မဟုတ်ဘူး။ ဒါပေမဲ့ ငါတို့ဟာ ဘယ်သစ်ရွက်ကို ငါတို့ ပိုင်ဆိုင်မှန်း မသိကြတာ…”

ဝမ်လင်းသည် ဖြည်းဖြည်းချင်း ခေါင်းမော့ကာ ကောင်းကင်ထက်ရှိ စီးမြောလွင့်မြောနေသော သစ်ရွက်များကို ကြည့်လိုက်သည်။

သူသည် သစ်ရွက်အုပ်တစ်အုပ်ကို တွေ့မြင်လာရသည်။ သစ်ရွက်နှစ်ရွက်သည် အတူတကွ ပေါင်းစည်းသွားကြသည့်နှယ်။ ယင်းသစ်ရွက်များသည် လေဘယ်လောက်ကြမ်းကြမ်း ခွဲထွက်ကြတော့မည် မဟုတ်ပေ။

တစ်နေရာရာမှ ကုချင်းသံ ထွက်ပေါ်လာကာ နားထဲသို့ စီးမြောလာသည့်နှယ်။ အမျိုးသမီးတစ်ယောက်သည် ထိုင်စောင့်နေပြီး သူမကို အဖော်ပြုပေးမည့် တစ်ဦးတည်းသောသူကို စောင့်ဆိုင်းနေခြင်းမှာ ဤကုချင်းသံ ဖြစ်နေသည့်အလား ထင်မှတ်ရလေသည်။

***

All Chapters