← Chapters

မင်း လုပ်ဝံ့လား

Vol. 120 Ch. 1654

မင်း လုပ်ဝံ့လား

Vol. 120 Ch. 1654

လောကရှိ ကျောင်းတော်သားအားလုံးကို ဆယ်နှစ်လုံးလုံး သင်ခန်းစာပေးခြင်း။

ထိုသတင်းသည် စုမြို့မှသည် ကျောက်နိုင်ငံတခွင်လုံးသို့ တောမီးအလား ပျံ့နှံ့သွားသည်။ ဝမ်လင်းကို မေးခွန်းထုတ်သည့် လူတိုင်းက ထိုသတင်းကို ကြားသည့်အခါ အကုန်လုံး ပါးစပ်အဟောင်းသား ဖြစ်ကုန်သည်။

စုတောက်သည်လည်း ထိုသို့ သင်ခန်းစာ တစ်ကြိမ် ပေးခဲ့ဖူး၏။ သို့သော် စုတောက်၏ သင်ခန်းစာမှာ တစ်နှစ်သာ ကြာသည်။

သို့ပေမည့် သည်ဝမ်လင်းကမူ ဆယ်နှစ်ဟု ပြောဝံ့နေသည်။ ထိုသို့သော အရာမျိုးကို မောက်မာပြီး မာနကြီးသည်ဟုပင် ဖော်ပြ၍ ရနိုင်မည် မဟုတ်၊ အလွန်အမင်း မောက်မာခြင်းဟုသာ ဖော်ပြနိုင်ပေမည်။ သည်လို သင်ခန်းစာများပေးခြင်းသည် သိုင်းလောကရှိ ဆယ်နှစ်အတွင်း မည်သူ့ကိုမဆို စိန်ခေါ်ခြင်းများနှင့် အလားတူသည်။

ထိုကိစ္စသည် အလျင်အမြန် ပျံ့နှံ့သွားသည်။ ကျောက်အင်ပါယာ နောက်ကွယ်မှ ထောက်ပံ့ပေးထားသော မရေမတွက်နိုင်သော ကျောင်းတော်သားများနှင့် လူအများသည် သူတို့ကိုယ်သူတို့ အရည်အချင်း ပြည့်မှီသည်ဟု တွေးကာ စုမြို့ထံသို့ ဦးတည်လာတော့သည်။

ကီလိုမီတာငါးရာ ရှည်လျားသော မိန်းလမ်းမပေါ်ရှိ တည်းခိုခန်းတစ်ခုတွင် လူများစွာ ရှိနေ၏။ ထိုနေရာရှိ လူအများစုမှာ ကျောင်းတော်သားများ ဖြစ်ကာ သူတို့သည် ဝမ်လင်း၏သင်ခန်းစာပို့ချမည့်အကြောင်း ပြောဆိုနေကြသည်။

“စုတောက်ရဲ့ မောက်မာလှတဲ့တပည့်က ဆယ်နှစ်တောင်သင်ခန်းစာပို့ချမယ်ဆိုတဲ့ သတင်း မင်းတို့ ကြားပြီပြီလား။ ဒီသတင်းဟာ လောကကိုတောင် တုန်လှုပ်သွားစေခဲ့တယ်ဟ…”

“ဟားဟား…လူတိုင်းနီးပါး ဒီသတင်းကို သိထားကြပြီ။ ဒီဝမ်လင်းက အရည်အချင်း ရှိမှာတော့ ငါ ပြောနိုင်တယ်။ ဒါပေမဲ့ သူဟာ ကျောက်နိုင်ငံရဲ့ မဟာပညာရှိ ဖြစ်ဖို့တော့ အရည်အချင်း မပြည့်မှီသေးဘူး…”

“ငါတော့ ဒီလိုမထင်ဘူး။ သူက ဆယ်နှစ်တာလို့ ပြောရဲမှတော့ သူဟာ သူ့ကိုယ်သူ ယုံကြည်ချက် ရှိတယ်လို့ ဆိုလိုတယ်။ ငါ ကြားတာတော့ လွန်ခဲ့တဲ့ရက်အနည်းငယ်က သူ့ရှိ သွားလည်ခဲ့တဲ့ ကျောင်းတော်သာဒါဇင်ချီလည်း အားလုံး ရှုံးနိမ့်ပြီး တပ်ခေါက်ပြန်လာခဲ့ရတယ်တဲ့…”

တည်းခိုခန်း၏ ပြတင်းပေါက်ဘေးနားမှ စားပွဲတစ်ခုထံမှ နှာခေါင်းရှုံ့သံတစ်သံ ထွက်ပေါ်လာသည်။ ထိုနေရာတွင် လူလေးယောက် ထိုင်နေသည်။ လူငယ်သုံးယောက်နှင့် အဘိုးအိုတစ်ယောက်တို့ပင်။ ထိုအဘိုးအိုက နားထောင်နေရင်း လဘ္ဘက်ရည်သောက်နေသည်။ သူသည် တည်ငြိမ်သည့်ဟန်ပန် ရှိကာ သူ့မျက်လုံးထဲ၌ အထင်သေးမှုကို ကွယ်ဝှက်ထားသည်။

“ပထမစာမေးပွဲလေး အောင်မြင်ခဲ့တဲ့ တစ်စုံတစ်ယောက်ဟာ သင်ခန်းစာပို့ချမယ်လို့ ပြောဝံ့တယ်ပေါ့လေ။ ဆရာ....အတိတ်တုန်းက သူ့ကို လက်မခံခဲ့သင့်ဘူး။ မဟာပညာရှိဆိုတဲ့ ဂုဏ်ပုဒ်ဟာ ငါ စုရီ ရသင့်တာ…”

အလားတူ ဖြစ်ရပ်မျိုးသည် ကျောက်နိုင်ငံ အနှံ့အပြားတွင် ဖြစ်ပျက်နေ၏။

စုမြို့ထဲတွင် စုအိမ်တော်၏တံခါးဝကို တနေကုန် ဖွင့်ထားသည်။ ၎င်းတံခါးကို ဆယ်နှစ်လုံးလုံး ပြန်ပိတ်မည် မဟုတ်ပေ။

ဝမ်လင်းသည် ခြံဝန်းထဲတွင် ထိုင်၍ ပန်းအရက်ကို သောက်ကာ သူ့ရှေ့ရှိ ကျောင်းတော်သားရာချီကို အေးစက်စက် ကြည့်နေသည်။ သူ ဆယ်နှစ်တာ သင်ခန်းစာ ပို့ချမည်ဟု ကြေညာပြီးနောက် လေးလတင်းတင်း ပြည့်ခဲ့လေပြီ။ လူထောင်ကျော်သည် သည်အိမ်တော်သို့ ရောက်လာခဲ့ကြပြီး ဖြစ်သည်။

ယနေ့တွင် နောက်ထပ်လူတစ်ရာ ရောက်လာကြရာ ခြံဝန်းထဲတွင် ပြည့်နေ၏။ တချို့လူများသည် တံခါးအပြင်ဘက်တွင် ရှိနေပြီး ပိုဝေးသောနေရာ၌ပင် ရထားလှည်းများစွာ ရှိလို့နေသေးသည်။

အချိန်ကုန်လာသည်နှင့်အမျှ ကျောက်နိုင်ငံ အနှံ့အပြားမှ ပိုမိုများပြားသော ကျောင်းတော်သားများသည် စုမြို့ထံသို့ အသည်းအသန် ရောက်လာနေကြ၏။

“ငါက သွန်းယွင်ပါ။ ငါဟာ ဆရာနဲ့ စာမေးပွဲဖြေဆိုခဲ့တဲ့ တူညီတဲ့မျိုးဆက်ကပဲ။ အခု ငါ နန်းတော်မှာ အရာရှိ လုပ်နေတယ်။ ငါ ဆရာ့ကို မေးခွန်းတစ်ခု မေးချင်တယ်။ ကူညီပေးနိုင်မလား…” သက်လတ်ပိုင်းလူတစ်ယောက်သည် မြေပြင်ထက်မှ ထရပ်သည်။ သူသည် မားမားရပ်နေရုံဖြင့်သူ့ထံမှ မော်ကြွားသည့်အရှိန်အဝါ ပေးစွမ်းနေသည်။

“ရာသီလေးမျိုး ပြောင်းလဲမှုတွေရဲ့ အဓိပ္ပာယ်ကို ငါ နားမလည်နိုင်ဘူး ဖြစ်နေပါတယ်။ ဆရာက ကူညီပြီး ငါ့ကို ပြောပြပေးဖို့ မျှော်လင့်မိပါတယ်…” ထိုသက်လတ်ပိုင်းလူက ဝမ်လင်းကို ကြည့်ကာ သူ့လက်နှစ်ဖက်ကို မသိမသာဆုပ်၍ နှုတ်ဆက်ဟန် ပြုသည်။

“မင်းဟာ နွေဦးရာသီမှာ မွေးပြီး နွေရာသီမှာ ကြီးပြင်းမယ်။ ဆောင်းဦးရာသီမှာ အိုမင်းပြီး ဆောင်းရာသီမှာ သေဆုံးမယ်။ မင်း ငါ့ကို မေးတာဟာ နွေဦး၊နွေ၊ ဆောင်းဦးနဲ့ ဆောင်းရာသီ အကြောင်းမလား။ ဒါပေမဲ့ ငါ့အမြင်မှာတော့ မင်းဟာ အိုမင်းလာနေပြီး နာဖျားလို့ သေဆုံးတော့မယ်…” ဝမ်လင်းသည် အရက် တစ်ကျိုက်မော့လိုက်၏။

ဝမ်လင်း၏တုန့်ပြန်မှုအဖြေကြောင့် ထိုလူသည် အံ့အားသင့်သွား၏။ “ဒါဆိုရင် လူတစ်ယောက်ဟာ ဘာကြောင့်အိုမင်းပြီး နာဖျား သေဆုံးရတာလဲ…”

ဝမ်လင်းသည် အေးအေးဆေးဆေး ပြောလိုက်၏။ “ဘာလို့လဲဆိုတော့ မင်းဟာ အသက်ရှင်နေသေးလို့ပဲ…”

သက်လတ်ပိုင်းလူသည် နေရာတွင်ပင် အချိန်အတန်ကြာ မင်သက်နေမိ၏။ သို့သော် သူ့မျက်လုံးထဲတွင်မူ စိတ်ရှုပ်ထွေးမှု ရှိနေဆဲပင်။ သူသည် နားမလည်သေးပေ။

“မင်း သေသွားတဲ့အခါမှာ မင်းဟာ မင်းဘဝရဲ့ မွေးဖွားတဲ့အခါကစလို့ သေတဲ့အချိန်ထိအကြောင်းကို တွေးမိလိမ့်မယ်။ ဒီဖြစ်စဉ်ဟာ ရာသီလေးခုကနေ မလွတ်မြောက်နိုင်ဘူး။ ဧည့်သည်ပြန်ပို့လိုက်တော့…” ဝမ်လင်းသည် သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်ရာ အစေခံတစ်ယောက် ရောက်လာသည်။ ထိုအစေခံသည် မင်သက်ကာ တစ်ခုခုကို နားလည်သလို ဖြစ်နေသော သက်လတ်ပိုင်းလူကို ခေါ်သွားလေ၏။

“ငါ သင့်ကို မေးချင်တာ တစ်ခုရှိပါတယ်ဆရာ။ ငါဟာ ပါရမီရှိတဲ့ ကျောင်းတော်သားတစ်ယောက်ပါ။ ငါ့မွေးရပ်မြေမှာ လူတွေနဲ့ တွေ့ဆုံခဲ့တဲ့အချိန် ဘယ်သူကမျှ ငါ့ကို မနိုင်ခဲ့ဘူး။ ဒါပေမဲ့ အသက်သုံးဆယ်ပြည့်ပြီးတာတောင် ဘာအတွက်ကြောင့် ငါဟာ တခြားအရာတွေမှာ မဖြစ်ထွန်းခဲ့တာလဲ…”

အဘိုးအိုတစ်ယောက်က စိတ်ရှုပ်ထွေးဟန်ဖြင့် ဝမ်လင်းထံသို့ လက်နှစ်ဖက်ဆုပ်ကာ အရိုအသေပြုသည်။

“ကျောက်နိုင်ငံရဲ့ တောင်တွေဟာ အနိမ့်အမြင့်ရှိကြတယ်။ မြင့်တဲ့တောင်တွေဟာ ထိပ်ဆုံးကို ရောက်ချင်မှ ရောက်မယ်။ နိမ့်တဲ့တောင်တွေမှာလည်း စိတ်ဝိညာဉ်သွေးကြော ပိုင်ဆိုင်နေတာ ဖြစ်ချင်ဖြစ်နိုင်တာပဲ။ မင်းဟာ ပိုမြင့်မားတဲ့တောင်တွေနဲ့ နှိုင်းယှဉ်နေတာပဲ။ သူတို့ကို တောင်တွေအဖြစ် ဘာလို့ မကြည့်မြင်တာလဲ။ ဧည့်သည်ပြန်ပို့လိုက်တော့…”

ပတ်ဝန်းကျင်မှလူများသည် အံ့အားတသင့်ဖြစ်ကုန်၏။ ကျောင်းတော်သားမြောက်များစွာသည် တုန်လှုပ်ကာ စတင်စဉ်းစားခန်း ဝင်ကုန်သည်။

ခြံဝန်းထဲတွင် ရှိမနေသော တံခါးအပြင်မှ လူငယ်တစ်ယောက်က လှမ်းအော်၍ မေးလာ၏။ “ဒီလောကမှာ ဘာကြောင့် မိုးရွာတာလဲ ငါ ဆရာ့ကို မေးချင်ပါတယ်။ မိုးဆိုတာ ဘာလဲ…”

“မေးခွန်းကောင်းပဲ…” ဝမ်လင်းသည် ထရပ်ကာ လက်ထဲတွင် အရက်ခွက် ကိုင်၍ လှေကားအတိုင်း လှမ်းတက်ကာ အမြင့်ဆုံးတွင် နေရာယူလိုက်၏။ သူသည် အောက်ဘက်ရှိ လူများကို ကြည့်သည်။ ခုချိန်၌ သည်နေရာတွင် လူများစွာ ရှိနေ၏။ သူ အကွာအဝေးတစ်ခုသို့ လှမ်းကြည့်လိုက်သည့်အခါတွင်လည်း သူသည် ပိုများပြားသောလူများ လှမ်းလာနေသည်ကိုပါ မြင်သည်။

သည်မြို့တစ်ခုလုံးသည် သက်ဝင်လှုပ်ရှားနေ၏။ ဝမ်လင်းကို မေးခွန်းထုတ်ခဲ့သော လူအားလုံးနီးပါးသည် ယနေ့တွင် ဤနေရာသို့ ရောက်နေကြသည်။ ဝမ်လင်း၏အကြည့်က အကွာအဝေးတစ်ခုရှိ စားသောက်ဆိုင်တစ်ခုထံ ကျရောက်သွားသည်။ သူသည် စားသောက်ဆိုင်ထဲ၌ ထိုင်နေသော သက်လတ်ပိုင်းလူတစ်ယောက်ကို မြင်သည်။

ထိုလူသည် တန်ဖိုးကြီးဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ့ထံမှ စွမ်းပကားတစ်ခု ပေးစွမ်းနေ၏။ သူ့နောက်တွင်လည်း သက်တော်စောင့်များစွာ ရှိနေသည်။ သူသည် စုအိမ်တော်ထံသို့ အေးစက်စက် ကြည့်နေ၏။ သူ့အကြည့်က စင်မြင်၏အမြင့်ဆုံးတွင် ရပ်နေသော ဝမ်လင်းထံ ကျရောက်လာသည်။

ဝမ်လင်းကို ကြည့်နေသည့်အခါ သက်လတ်ပိုင်းလူ၏မျက်လုံးသည် သုန်မှုန်လာ၏။ ဝမ်လင်းကို ကြည့်နေရင်း သူသည် အတိတ်တုန်းက စုတောက်ကို ကြည့်ရသလို ခံစားမိသည်။

သူ့ဘေးတွင် တာအိုဝတ်စုံဖြင့်လူငယ်နှစ်ယောက် ရှိနေ၏။ သူတို့သည် မျက်လုံးမှိတ်ထားပြီး တည်ငြိမ်သောဟန်အမူအရာ ပိုင်ဆိုင်ထားသည်။

“စုတောက် သေသွားခဲ့ပြီ။ သူလည်း သေရတော့မယ်။ ကျောက်နိုင်ငံဟာ မဟာပညာရှိတစ်ယောက် မလိုအပ်ဘူး။ ဒါပေမဲ့ သူ့ကို ငါတို့ သေမျိုးတွေက သတ်လို့ မရနိုင်ဘူး။ သင်တို့ အင်မောတယ်နှစ်ယောက်ကို ကူညီခိုင်းဖို့ ဒုက္ခများစေပြီ။ သင်တို့ရဲ့ တောင်းဆိုချက်ကို ငါ အကောင်းဆုံး ဖြည့်ဆည်းပေးမှာပါ…”

လူငယ်နှစ်ယောက်ထဲမှ တစ်ယောက်က မောက်မာသည့်ဟန်ဖြင့် ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “သေမျိုးတစ်ယောက်ကများ…မင်း သူ့ကို သေစေချင်တယ်မလား။ သူ သေရလိမ့်မယ်…”

ဝမ်လင်းသည် အရက်မော့လိုက်၏။ သူ့ပုံစံက အေးအေးဆေးဆေး နိုင်လှသည်။ သူသညည် မေးခွန်းမေးလိုက်သော လူငယ်ကို ကြည့်လိုက်၏။

“ငါ့ အိပ်မက်ထဲမှာ ငါ တစ်စုံတစ်ခု ကြားခဲ့ရတယ်။ ငါ မင်းကို လက်ဆောင်ပေးလိုက်မယ်။ မိုးဟာ ကောင်းကင်ကနေ မွေးဖွားပြီး မြေပြင်ထက်မှာ သေဆုံးရတယ်။ ဒီကြားက ဖြစ်စဉ်ဟာ ဘဝပဲ…”ထိုသို့ ပြောလိုက်သည့်နောက် ချီးကျူးထောပနာပြုသံများ မြည်ဟည်းသွား၏။ ထိုအသံများ ပျံ့နှံ့လာသဖြင့် ခြံဝန်းအပြင်ဘက်မှ လူများသည်ပင် ကြားရလေသည်။ ခြံဝန်းအပြင်ဘက်ရှိ ရထားလှည်များထဲမှ အဘိုးအိုအများစုသည်ပင် လှုပ်ရှားသွားကြသည်။ အနည်းငယ်ဆို ငြိမ်သက်စွာ ထရပ်၍ ဝမ်လင်းထံ လက်နှစ်ဖက်ဆုပ် အရိုအသေပြု နှုတ်ဆက်ကြသည်။ ထို့နောက် သူတို့၏ အစေခံများကို ခေါ်ကာ ပြန်ထွက်သွားကြတော့သည်။

ထိုစကားတစ်ခွန်းဖြင့်ပင် သူတို့သည် မဟာပညာရှိဟူသော ဂုဏ်ပုဒ်မှာ မမှားယွင်းသည်ကို သိလိုက်ကြရ၏။

“ဆရာဟာ စုတောက်နောက် ဆယ်နှစ်ကျော် လိုက်လံခဲ့ပြီး အတော့်ကို ဗဟုသုတကြွယ်ဝလှတယ်လို့ ငါ ကြားခဲ့ရပါတယ်။ ငါ မေးကြည့်ချင်တာက ဒီလောကမှာ အင်မောတယ်တွေ ရှိကြတယ်။ ငါတို့ သေမျိုးတွေဟာ သူတို့အတွက် ဘာကြောင့် ပုရွတ်ဆိတ်သာသာ ဖြစ်နေတာလဲ…” ခြံဝန်းထံမှ အဘိုးအိုတစ်ယောက်၏အသံ ထွက်ပေါ်လာသည်။ ထိုအဘိုးအို လျှောက်လာချိန်၌ ဘေးပတ်လည်ရှိ လူများသည် လမ်းဖယ်ပေးကြသည်။

ထိုအဘိုးအို၏ ဂုဏ်သတင်းမှာ မြင့်မားလှတာ သိသာသည်။ ဝမ်လင်းကမူ သူ့ကို မသိပေ။ သို့သော် သည်နေရာတွင် လူများစွာ ရှိနေ၏။ သူတို့အားလုံးက ထိုအဘိုးအိုကို တလေးတစား ဦးညွတ်ကြသည်။

“အင်မောတယ်တွေဟာ တန်ခိုးအစွမ်း ပိုင်ဆိုင်ကြတယ်။ ဒီအစွမ်းဟာ သူတို့ရဲ့ နှလုံးသားနဲ့ ပေါင်းစပ်နေပြီး သူတို့ရဲ့ စိတ်နှလုံးဟာ အတိုင်းမသိ တိုးတက်ခဲ့ကြတယ်။ ဒါ့ကြောင့် သူတို့ဟာ သေမျိုးတွေကို ပုရွတ်ဆိတ်သာသာ မြင်ကြတာပဲ။ ဒါပေမဲ့ မင်းမှာ လောကကို ဆင်ခြင်နားလည်နိုင်တဲ့ စိတ်ကူးအတွေးအခေါ် ပိုင်ဆိုင်ထားရင် လောကရဲ့ အမှန်တရားကို နားလည်ရင် မင်းဟာ အင်မောတယ်တွေကို ကြောက်လန့်စရာ မဟုတ်လို့ မြင်လိမ့်မယ်။ မင်းဟာ အင်မောတယ်တွေကို ပုရွတ်ဆိတ်သာသာလို့ မြင်ကြည့်ရင်ရော ဘာဖြစ်မလဲ…” ဝမ်လင်းသည် အရက်မော့ကာ ရယ်မောလိုက်လေ၏။

ထိုအဘိုးအို၏ခန္ဓာကိုယ်သည် တုန်ယင်သွားသည်။ ခဏတာ တိုးတိုးတိတ်တိတ် အသံများ ထွက်ပေါ်လာပြီးနောက် သူက ဝမ်လင်းကို ဦးညွတ်လိုက်သည်။ ထို့နောက် သူသည် သူ့အစေခံ၏ အထောက်အပံမပါဘဲ ပြန်ထွက်သွားတော့သည်။

ကျောင်းတော်သားပညာရှိများသည် မေးခွန်းများ မေးနေရင်း ဝမ်လင်းကလည်း အရက်သောက်လိုက်၊ ပြန်ဖြေလိုက်၊ ရယ်မောလိုက် ရှိနေ၏။ ပိုပိုများပြားသော ကျောင်းတော်သားများသည် ဝမ်လင်းကို အရိုအသေးပေး၍ ထွက်သွားနေသည်။

သို့ပေမည့် ထွက်မသွားသေးသော လူများစွာလည်း ရှိသေး၏။ ထပ်ရောက်လာကြသော သူများသည်ပင် ရှိသေးသည်။

“ဆရာ…ရှေးဟောင်းဓားတွေဟာ တိမ်စိုင်တွေ ပိုင်ဆိုင်တယ် ဆိုတဲ့ ဆိုရိုးစကားတစ်ခွန်းရှိတယ်…ဒါဟာ…” ထိုသူ၏ စကားမဆုံးခင်မှာပင် ဝမ်လင်းက ဖြတ်ပြောလိုက်သည်။

“ငါ စာဟောင်းပေဟောင်းတွေ မေ့ကုန်ပြီ။ ငါဟာ လောကရဲ့ အမှန်တရားကို ငါ့ကိုယ်ပိုင်အတွေးအခေါ်နဲ့သာ ဆင်ခြင်နားလည်ထားတယ်။ ငါ တချို့အရာတွေကို မေ့နေပြီ။ ထပ်မမေးတော့နဲ့…”

“ဆရာ ပညာရှိစုဟာ သူ့တဘဝလုံး ကံမ္မရဲ့အဓိပ္ပာယ်နောက် လိုက်လံ ရှာဖွေခဲ့တယ်။ ဒါဟာ ပညာရှိတွေ နှစ်ပေါင်းထောင်ချီ ရှာဖွေခဲ့တဲ့အရာဆိုလည်း ဟုတ်တယ်။ ဒါပေမဲ့ ဘယ်သူကမျှ မသိဘူး။ ဆရာကော ဒါကိုနားလည်ရင် ရှင်းပြပေးနိုင်မလား။ ဒါဆို ကျွန်တောလည်း ကောင်းကောင်း နားလည်သွားနိုင်လောက်တယ်…”

“ကံမ္မဟာ ကံမ္မပဲ။ ဒါကို နားလည်ဖို့ မလိုဘူး။ ဒါဟာ တွေ့ကြုံဖြတ်သန်းဖို့ပဲ လိုတာ။ ရှင်းပြစရာ ဘာမှ မရှိဘူး။ မင်း ဒါကို နားလည်နိုင်မယ်ဆိုရင် မင်း ဒါကို နားလည်တယ်။ မင်း နားမလည်ရင်လည်း နားမလည်ဘူးပဲ။ ငါ ဒီမှာ ကံမ္မအကြောင်း ဆယ်နှစ်လုံးလုံး ရှင်းပြနေရင်တောင် မင်း နားလည်ချင်မှ နားလည်နိုင်လိမ့်မယ်…” ဝမ်လင်းသည် အရက်ကို လက်စသပ် သောက်လိုက်ပြီးနောက် ဘေးတစ်ဖက်သို့ လွှတ်ပစ်လိုက်သည်။

“ဖိုးကံကောင်း…အရက်ယူလာပါအုံး…”

နှမြောမည့်အစား ဖိုးကံကောင်းသည် ဂုဏ်ယူနေ၏။ သူသည် ခပ်မြန်မြန်ပင် အရက်တစ်အိုးကို ထုတ်ယူကာ ဝမ်လင်းထံ ကမ်းပေးလိုက်သည်။

“ငါ ပညာရှိဝမ်ကို မေးချင်တယ်။ အစောပိုင်းတုန်းက သင်ဟာ လောကအပေါ် သင့်ရဲ့ ကိုယ်ပိုင်အတွေးနဲ့ ချဲ့ထွက်မြင်ပြီး အင်မောတယ်တွေကို ကြောက်ရွှံ့စရာ မလိုဘူးလို့ ပြောခဲ့တယ်မလား။ သင်က အင်မောတယ်တွေကို ပုရွတ်ဆိတ်တွေအဖြစ် ကြည့်မြင်နိုင်တယ်လို့လည်း ပြောခဲ့သေးတယ်။ အဲ့ဒါဆို သင်ကိုယ်တိုင် အဲ့လို လုပ်နိုင်လား…” ထိုသို့ ပြောလိုက်သည့်သူမှာ သုန်မှုန်နေသော အဘိုးအိုတစ်ယောက်ပင်။ သူသည် ဝမ်လင်းကို လူအုပ်ကြားထဲမှ စိုက်ကြည့်နေသည်။

ဝမ်လင်းက ထိုသူ့ကို သိ၏။ ထိုသူသည် စုတောက်၏ ပထမဆုံးတပည့်၊ အင်ပါယာရုံးတော်တွင် ကျော်ကြားသော စုရီပင်။

“ငါ ဘာကြောင့် မလုပ်နိုင်ရမှာလဲ…” ဝမ်လင်းသည် အရက်မော့ကာ ရယ်လိုက်၏။

သူ ထိုသို့ ပြောလိုက်ချင်းချင်း အကွာအဝေးတစ်ခုရှိ စားသောက်ဆိုင်ထဲတွင် ထိုင်နေသော သက်လတ်ပိုင်းလူ၏ ဘေးမှ လူငယ်နှစ်ယောက်ထဲမှ တစ်ယောက်သည် မျက်လုံးဖွင့်လာသည်။ သူ့ခန္ဓာကိုယ်သည် လက်ခနဲ ဖြစ်ကာ အလင်းတန်းအဖြစ် ပြောင်း၍ ဝမ်လင်းထံ ဦးတည်ဝင်လာတော့သည်။

“မောက်မာလိုက်တာ။ အင်မောတယ်တွေကို မရိုမသေ လုပ်ဝံ့တဲ့အတွက် သေရမယ်…” စွမ်းပကားနှင့် ပြည့်နေသော အသံတစ်သံ ပဲ့တင်ထပ်သွား၏။ အောက်ဘက်ရှိ ကျောင်းတော်သားများအားလုံး၏ အမူအရာများသည် ပြောင်းလဲကုန်ကာ အလန့်တကြား ဒူးထောက်ကုန်သည်။

“အင်မောတယ်လား…”

“တကယ့်ကို အင်မောတယ်တစ်ယောက်ပဲ…”

“ဝမ်လင်းဟာ အင်မောတယ်တွေကို မလေးမစား လုပ်ခဲ့တယ်။ အခု အင်မောတယ်တစ်ယောက် ဒီကို ရောက်လာပြီး သူ့ကို အပြစ်ပေးတော့မယ်။ သူ သေဖို့ ထိုက်တန်တယ်…”

အလင်းတန်းတစ်ခုသည် နီးကပ်လာပြီး အေးစက်စက်ဓားအလင်းတစ်ခု စိမ့်တက်လာ၏။ တာအိုဝတ်ရုံဖြင့် ထိုလူငယ်က ဓားတစ်လက်ကိုင်ထားသည်။ သူ့မျက်လုံးထဲတွင်လည်း အထင်သေးဟန်တို့ ပြည့်နှက်နေ၏။ သူက ဘေးပတ်လည်သို့ ကြည့်လိုက်ပြီးနောက် ချက်ခြင်းပင် ဝမ်လင်းနားသို့ ရောက်လာလေသည်။

ထိုလူငယ် နီးကပ်လာသည့်အခါတွင် ဝမ်လင်းသည် ကြောက်ရွှံ့မှုကင်းစွာ ဟိန်းဟောက်လိုက်သည်။

“မင်း လုပ်ဝံ့လား…” သူ ထိုသို့ ပြောလိုက်သည့်နောက်တွင် သူ့ခန္ဓာကိုယ်မှ အစွမ်းထက်အော်ရာတစ်ခု ပေါက်ကွဲထွက်လာသည်။ မမြင်ရသောဖိအားတစ်ခု ဒီလောကကို ခြုံလွှမ်းလာ၏။ ကောင်းကင်နှင့်မြေကြီး တုန်ဟည်းကာ မရေမတွက်နိုင်သော မိုးကြိုးလျှပ်စီးများ ပေါ်လာသည်။ အရင်တုန်းက သည်လောကမှာ တည်ငြိမ်၏။ သို့သော် ခုချိန်တွင်မူ ရုတ်တရက် ပြောင်းလဲသွားသည်။

ထိုရုတ်ချည်းပြောင်းလဲမှုက ဒူးထောက်နေသော ကျောင်းတော်သားအားလုံး၏ အမူအရာများကို ပြောင်းလဲသွားစေသည်။ ထိုအဖြစ်က အဝေးရှိ စားသောက်ဆိုင်းအတွင်း၌ ထိုင်နေသော သက်လတ်ပိုင်းလူ၏ အမူအရာကိုပါ ချက်ခြင်း ဖြူရောသွားစေသည်။

***

All Chapters