ဟုန်ယွီတောင်ခြေမှ အိမ်…
Vol. 120 Ch. 1655
ဝမ်လင်း၏စကားလုံးများက မကျယ်လောင်သော်လည်း ကောင်းကင်တုန်လှုပ်ဖွယ်ပင်။
ဓားကိုင်ထားသော လူငယ်၏အမူအရာသည် ကြီးစွာ ပြောင်းလဲသွား၏။ သူသည် အခြေခံတည်ဆောက်ခြင်းအစောပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်သာ ဖြစ်သည်။ သူက ဝမ်လင်းကို ကြည့်မိသည့်အခါ ဝမ်လင်းသည် အလွန်ကြီးမားနေပုံ ပေါ်နေ၏။ ဝမ်လင်း၏ အော်ဟောက်မှုက ကောင်းကင်ကိုပါ အရောင်များ ပြောင်းလဲသွားစေသည်။
ထိုခွန်အားအရှိန်အဝါသည် မမြင်ရသော အရံအတားတစ်ခုအလား လူငယ်၏မျက်နှာကို ဖြူရောသွားစေသည်။ သူသည် အမှန်တကယ် သွေးအန်လိုက်ရပြီး သူ့ဓားမှာလည်း အရောင်ဖျော့သွားသည်။ သူသည် ရှေ့ဆက်မတိုးဝံ့တော့ပေ။ သူ့လက်ထဲရှိ ဓားမှာလည်း မြေပေါ်သို့ လွတ်ကျသွားသည်။ ထို့နောက် သူသည် အမြန်ဆုတ်သည်။
“မဖြစ်နိုင်ဘူး…မဖြစ်နိုင်ဘူး…။ မင်းက သေမျိုးတစ်ယောက်ပဲ။ ပုရွတ်ဆိတ်တစ်ကောင်သာသာပဲ။ မင်း ငါ့ကို ထိတ်လန့်အောင် လုပ်နိုင်မှာ မဟုတ်ဘူး…”
ထိုလူငယ်သည် ဗလုံးဗထွေးအော်ဟစ်ကာ နောက်ဆုတ်နေသည်။ ထိုအဖြစ်က ဒူးထောက်နေသော လူအများကို မယုံကြည်နိုင် ဖြစ်သွားစေသည်။
ခေတ်များတလျှောက် သည်လိုအရာမျိုးကို အရင်က လုံးဝ မမြင်ဖူးခဲ့ကြပေ။ သေမျိုးတစ်ယောက်သည် အင်မောတယ်ကျင့်ကြံသူတစ်ယောက်ကို ဆူမာန်ရဲ၏။
ထိုလူငယ် နောက်ဆုတ်နေစဉ် နောက်ထပ်လူငယ်တစ်ယောက် လှမ်းထွက်လာ၏။ သူ၏ကျင့်ကြံမှုက ထိုလူငယ်ထက် မြင့်မား၏။ သူသည် အခြေခံတည်ဆောက်ခြင်းအလယ်အဆင့်တွင် ရှိသည်။ သူသည် ရှေ့သို့ လှမ်းလိုက်ပြီး သူ့လက်နှစ်ဖက်ကို သူ၏ရောင်းရင်းကလန်ဝင်၏ နောက်ကျောသို့ ဖိပေးလိုက်သည်။ သူက မားမားရပ်နေသော ဝမ်လင်းနှင့်ဖိုးကံကောင်းတို့ကို ကြည့်လိုက်သည်။
ထိုသို့ကြည့်လိုက်ရုံဖြင့် သူသည် သူ့ကို တုန်ရီမိစေသော ဝမ်လင်းအထက်ရှိ အရှိန်အဝါကို ခပ်ရေးရေး တွေ့မြင်လိုက်ရ၏။ ထိုအော်ရာသည် အားကောင်းသည်။ အကြည့်တစ်ချက်ဖြင့်ပင် သူ့စိတ်ထဲ ရှုပ်ထွေးသောအတွေးမြောက်များစွာ ပြည့်နှက်သွားသည်။ ကြည့်ရသည်မှာ ထိုအော်ရာက သူ့စိတ်ကို ဖျက်စီး၍ သူ့ကို အတင်းအကြပ် သွေးအန်စေနိုင်သည့်အလား။
“ငါဟာ လောကကို နားလည်ခဲ့တယ်။ ဒါ့ကြောင့် ငါဟာ အင်မောတယ်တွေကို သေမျိုးအဖြစ် ရှုမြင်တော့ရော ဘာဖြစ်သေးသလဲ။ မင်းတို့နှစ်ယောက် မဆိုနဲ့။ ဟင်္သာပြဒါးဂြိုဟ်ပေါ်က အင်မောတယ်တွေအားလုံး လာရင်ရော ဘာဖြစ်သေးသလဲ…”
ဝမ်လင်းသည် မော့ကြည့်လိုက်၏။ သူ့မျက်လုံးထဲတွင် လျှပ်စီးလင်းလက်သွားသည့်အလား။ သူ့ဆံပင်ရှည်များက လွင့်ဝဲနေ၏။ သူသည် အရက်မော့လိုက်ပြန်သည်။
ကြောက်ရွှံ့နေသော လူငယ်သည် သူ၏ဦးရေပြားပါ ထုံထိုင်းသလို ခံစားလိုက်ရသည။ သည်လိုအရာများက သူ စိတ်ကူးနိုင်သည်ထက် ကျော်လွန်နေ၏။ ဝမ်လင်းသည် အားနည်းသည့်ပုံ ပေါက်သော်လည်း သူက ဝမ်လင်းထံကနေ ကောင်းကင်နှင့်မြေကြီးကိုပါ မကြောက်ရွှံ့သောအော်ရာအငွေ့အသက်ကို ခံစားမိသည်။ ၎င်းမှာ သူတို့ကို ထိခိုက်စေနိုင်သော မန္တာန်နှင့် ယှဉ်၍ ရသည်။ ထိုအရှိန်အဝါက သူ့ကို လေးစားမှု ဖြစ်ပေါ်စေသည်။
“ဒီအရှိန်အဝါက ဘာဖြစ်နိုင်မလဲ။ သူဟာ သေမျိုးတစ်ယောက်သာသာပဲ။ သေမျိုးလေးပဲ။ သူ့မှာ ဒီလိုအော်ရာမျိုး ဘာကြောင့် ပိုင်ဆိုင်နိုင်တာလဲ။ ဒီလူ…ဒီလူ့ကို ရန်စလို့ မရနိုင်ဘူး…”
သူက ဒီအတိုင်း ပြန်မထွက်သွားဝံ့တော့ပေ။ သူသည် လေထဲ၌ လေးစားသည့်ဟန်အမူအရာကို လှစ်ဟပြသည်။ သူသည် ဝမ်လင်းထံ သူ၏အကြီးအကဲတစ်ယောက်ကို နှုတ်ဆက်သည့်အလား လက်နှစ်ဖက်ဆုပ်သည်။
“ဒါက ငါတို့အမှားပါ။ မဟာပညာရှိက ဗွေမယူဖို့ ငါ မျှော်လင့်မိပါတယ်။ ငါတို့ ခု ထွက်သွားပါတော့မယ်။ နောက်ထပ်လည်း စုမြို့ကို ဘယ်တော့မှ ပြန်မလာတော့ပါဘူး…” ထိုလူငယ်က ထိုသို့ပြောပြီးနောက် သူ့အဖော်ကို ခေါ်ကာ ခပ်မြန်မြန် ထွက်သွားတော့သည်။ ရုတ်တရက် ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်သက်တိတ်ဆိတ်သွားသည်။
ဝမ်လင်းသည် နေရာတွင်ပင် မားမားရပ်လျက် အရက်မော့နေသည်။ လေပြင်းများက သူ့အင်္ကျီစများကို တိုက်ခတ်သွားသည်။
ဝမ်လင်းက လက်ထဲရှိ အရက်ခွက်ကို ချလိုက်ပြီး သူ့အကြည့်က လူအုပ်ကြီးထံ ကျရောက်သွားသည်။ သူသည် အစောပိုင်းတုန်းက မေးခွန်းမေးခဲ့သော စုရီကို တွေ့မြင်သည်။ စုရီမှာ ဖြူဖပ်ဖြူရော ဖြစ်နေ၏။
စုရီက ခေါင်းငုံ့ထားပြီး သူ့ခန္ဓာကိုယ်က စတင် တုန်ယင်လာသည်။ အချိန်အတန်ကြာ ရုန်းကန်ကြိုးစားပြီး သူ ထရပ်ကာ ဝမ်လင်းကို ဦးညွှတ်လိုက်၏။
“စုရီက ကျောက်နိုင်ငံရဲ့ မဟာပညာရှိကို နှုတ်ဆက်ပါတယ်…”
“ငါတို့ ကျောက်နိုင်ငံရဲ့ မဟာပညာရှိကို နှုတ်ဆက်ပါတယ်…” ကျောင်းတော်သားအားလုံးသည် သူတို့၏လက်နှစ်ဖက်ကို တလေးတစား ဆုပ်လိုက်ကြ၏။ ယနေ့အဖြစ်အပျက်ကို သူတို့ လုံးဝ မေ့ပစ်နိုင်တော့မည် မဟုတ်ပေ။
အပြင်ဘက်ရှိ ရထားလှည်းများထဲမှ အဘိုးအိုများသည်လည်း ခေါင်းငုံ့သွားကြသည်။ သူတို့မျက်လုံးထဲရှိ အထင်သေးဟန်များလည်း ပျောက်ကွယ်သွားလေပြီ။
သူတို့သည် သေမျိုးအဖြစ် သူတို့၏ဘဝက အင်မောတယ်တစ်ယောက်ကို ထိတ်လန့်စေလိမ့်မည်ဟု စိတ်ကူး၍ပင် မကြည့်ဖူးကြပေ။ သို့သော် ခုချိန်၌ သူတို့သည် ၎င်းအချင်းအရာကို မျက်မြင် တွေ့ကြုံခဲ့ရပြီ။
“မင်းရဲ့အတွေးတွေဟာ ကြီးမြတ်ပြီး မင်းဟာ လောကရဲ့ အမှန်တရားကို နားလည်နိုင်တယ်ဆိုရင် အင်မောတယ်တွေကိုလည်း ပုရွတ်ဆိတ်တွေလို ရှုမြင်ကြည့်နိုင်လိမ့်မယ်…”
ထိုစကားသည် ယနေ့မှစ၍ ကျောက်နိုင်ငံတစ်ခွင်သို့ ပျံ့နှံ့လေတော့မည်။
“ငါ ပင်ပန်းနေပြီ…” ဝမ်လင်းသည် အရက်အိုးကို ယူကာ စားသောက်ဆိုင်ထံသို့ အကြည့်ရောက်သွားသည်။ ထိုဆိုင်အတွင်းရှိ သက်လတ်ပိုင်းလူသည် ချွေးပြန်နေပေပြီ။ သူသည် ဝမ်လင်းကို တန်ပြန်မကြည့်ဝံ့ဘဲ ခေါင်းငုံ့ကာ ဦးညွတ်လိုက်၏။ ဝမ်လင်းနှင့်ဖိုးကံကောင်းတို့သည် လှည့်ထွက်ကာ ခြံဝန်းထဲကနေ အိမ်တော်ထံ ပြန်သွားသည်။
မရေမတွက်နိုင်သော ကျောင်းတော်သားများသည် အချိန်အတန်ကြာ ဦးညွတ်အရိုအသေ ပေးပြီးနောက် တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြသည်။ နောက်ဆုံးတွင် လူတိုင်းသည် တဖြည်းဖြည်း ပြန်ထွက်သွားကြကာ စုမြို့မှာလည်း ဖြည်းဖြည်းချင်း ပြန်ငြိမ်သက် တိတ်ဆိတ်သွားတော့သည်။ မည်သူကမျှ ဝမ်လင်းကို မေးခွန်းထုတ်၊သံသယဝင်သည့် စကားမျိုး မပြောဝံ့တော့ပေ။ အရင်တုန်းက ပေါ်ခဲ့ဖူးသော သံသယစကားများမှာလည်း သဲလွန်စမရှိ ပျောက်ကွယ်သွားလေပြီ။
သည်ကိစ္စကြောင့် ဝမ်လင်း၏ဂုဏ်သတင်းမှာ ကျောက်နိုင်ငံတွင် မြင့်မားလာခဲ့သည်။ သူသည် သူ့ဆရာ စုတောက်၏ မဟာပညာရှိဟူသော ဂုဏ်ပုဒ်ကို လုံးဝ အစားထိုး ရရှိလာခဲ့သည်။ အင်မောတယ်များကိုပါ ကြောက်လန့်စေသော မဟာပညာရှိ။
အချိန်ကုန်လွန်လာ၏။ ဝမ်လင်း၏ ဆယ်နှစ်တာသင်ခန်းစာပို့ချချက်သည် ဆက်လက် ရှိနေသည်။ သို့သော် မည်သူကမျှ သူ့ကို မေးခွန်းထုတ်ဖို့ အရည်အချင်း မပြည့်မှီကြပေ။ သူ့ရှိ ရောက်လာသည့်လူတိုင်းက သူ၏သင်ကြားချက်များကိုသာ တလေးတစား နားထောင်ကြရသည်။
မျက်စိတစ်မှိတ်အတွင်း ရှစ်နှစ်တာ ကုန်လွန်သွားခဲ့လေပြီ။
ထိုရှစ်နှစ်တာအချိန်အတွင်း ဝမ်လင်းသည် အသက်လေးဆယ်အရွယ်သို့ ရောက်လာကာ ရာစုနှစ်တစ်ဝက်နီးပါး သက်တမ်း နေထိုင်ခဲ့ပြီးလေပြီ။ သူ့ဆံပင်များသည်ပင် စတင် ဖြူလာ၏။
သည်ရှစ်နှစ်အတွင်း ဝမ်လင်းသည် ပန်းအရက်သောက်ရင်း ဖိုးကံကောင်းနှင့်အတူ လှေပေါ်တွင် ထိုင်၍ တလတွင် ရက်အနည်းငယ်မျှ ကုန်ဆုံးလေ့ရှိသည်။ သူသည် အမြဲလိုလို တစ်ယောက်ယောက်ကို စောင့်ဆိုင်းနေခဲ့သည်။
သို့ပေမည့် ဝမ်လင်း၏လှေက တံတားအောက်တွင် ဖြတ်သန်းသွားနေခဲ့သော်လည်း ထိုလူကမူ ခုထိ ရောက်မလာခဲ့သေးပေ။
“သခင်…သင် ဘာကို စောင့်နေတာလဲ…” ဖိုးကံကောင်းသည် ကျန်းကျန်းမာမာ ရှိနေတုန်းပင်။ သို့သော် သူက ပို၍ ကပ်စီးနဲလာ၏။ သူသည် မကြာဆိုသလို သူ့ညာလက်ကောက်ဝတ်ကို ရီဝေစွာ ကြည့်တတ်ပြီး တစ်စုံတစ်ခုကို ပြန်ပြန်စဉ်းစားကြည့်တတ်သည်။ သို့သော် သူသည် မမှတ်နိုင်ဆဲ ဖြစ်သည်။
ဝမ်လင်း၏မျက်နှာက အနည်းငယ်မျှ အိုမင်းလာ၏။ သူသည် ကောင်းကင်ထက်သို့ ကြည့်လျက် ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ငါဟာ ငါ့ကိုယ်ငါကို စောင့်နေတာပါ။ ငါကိုယ်တိုင်နဲ့တွေ့ဖို့အတွက် စောင့်နေတာ ဖြစ်တယ်…”
လေထဲတွင် ပျံဝဲနေသော အဖြူရောင်ငှက်တစ်ကောင်လည်း ရှိနေဆဲ ဖြစ်သည်။ ၎င်းငှက်သည် ဝမ်လင်းနှင့် နှစ်ဆယ့်ရှစ်နှစ်လုံးလုံး အတူတကွ ရှိနေခဲ့သည်။
ဝမ်လင်း ကောင်းကင်ထက်သို့ ကြည့်နေရင်း သူက အနည်းငယ် ပင်ပန်းလာသည့်ပုံ ပေါ်ကာ လှေကို မှီထားလိုက်၏။ သူ့နားထဲ ကုချင်းသံ တိုးဝင်လာနေရင်း သူ အိပ်ပျော်မလို ဖြစ်လာသည်။ ထိုဂီတသံက သူ့အိပ်မက်နှင့် ပေါင်းစပ်သွားသည့်အလား။
ဖိုးကံကောင်းကတော့ သက်ပြင်းချကာ သူ့ညာလက်ကောက်ဝတ်ကို ရီဝေစွာ ကြည့်သည်။
နေ့လယ်ခင်း နေအလင်းရောင်သည် ခပ်စူးစူး ဖြစ်မနေဘဲ နွေးထွေးနေ၏။ နေအလင်းက ဝမ်လင်း၏ခန္ဓာကိုယ်ပေါ်သို့ ပက်ဖြန်းနေပြီး သူသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသည်။ သို့ပေမည့် သည်ရာသီတွင် လေတွင် လွင့်ဝဲနေသော သစ်ရွက်ကြွေများ ရှိလို့နေ၏။ ထိုသစ်ရွက်ကြွေတစ်ရွက်က ဝမ်လင်း၏မျက်နှာပေါ်သို့ ညင်သာစွာ ထိခတ်သွားသဖြင့် သူ မျက်လုံးဖွင့်လာသည်။
လှေသည် ဆက်လက် ရွှေ့လျားနေဆဲပင်။
သူ့ရှေ့ရှိ သစ်ရွက်ကြွေကို ကြည့်ကာ ဝမ်လင်းသည် ရုတ်တရက် ပြုံးလိုက်မိသည်။
“ဖိုးကံကောင်း…လွန်ခဲ့တဲ့နှစ်နှစ်ဆယ်ကျော်က ငါတို့ စုမြို့ကို ရောက်လာခဲ့တဲ့အချိန်ကို မှတ်မိသေးလား။ အတိတ်တုန်းကလည်း ဒီလိုပဲ ငါတို့ဟာ လှေပေါ်မှာ ရှိခဲ့သလို သစ်ရွက်တွေလည်း အမြောက်အများ ရှိနေခဲ့တယ်လေ…”
သူ ရယ်မောနေရင်း လှေသည် ဖြတ်သန်းသွားနေ၏။ လှေဖြတ်သန်းသွားချိန်၌ နူးညံ့ကာ စွဲဆောင်မှုရှိသော အသံနှစ်သံသည် တခြားလှေတစ်စင်းထံမှ ထွက်ပေါ်လာသည်။
“စီနီယာအစ်မ….ဒီသစ်ရွက်ကြွေတွေက စိတ်ရှုပ်ဖို့ တော်တော်ကောင်းတာပဲ။ ဒီသစ်ရွက်တွေ ကိုယ်ပေါ်ကျလာတဲ့အခါ တကယ့်ကို မသက်မသာ ခံစားရတယ်…”
“နင် ဒီသစ်ရွက်တွေအကြောင်း မတွေးရင် သူတို့ရဲ့ တည်ရှိမှုကိုလည်း စဉ်းစားမိမှာ မဟုတ်ဘူး။ ဂျူနီယာညီမလေး…နင့်စိတ်နှလုံးက မတည်ငြိမ်သေးဘူး…”
ထိုစကားသံများကို ကြားလိုက်ရသည့်နောက် ဝမ်လင်းသည် မင်သက်သွားမိ၏။ သူသည် သူတို့နှစ်ယောက်ကို သိသလို ခံစားမိသည်။ သူသည် ထရပ်ကာ လှမ်းကြည့်လိုက်၏။ သူက လှေအထက်ရှိ အမျိုးသမီးနှစ်ယောက်၏ပုံရိပ်များကို တွေ့မြင်လိုက်သည်။
ထိုအမျိုးသမီးနှစ်ယောက်သည် ငယ်ရွယ်ကာ လှပလွန်း၏။ သူတို့သည် သစ်ရွက်ကြွေများကြား ရပ်နေကြ၏။ လေက သူတို့၏ ဝတ်စုံကို တဖျတ်ဖျတ် တိုက်ခတ်ရာ သူတို့နှစ်ယောက်ကို ပို၍ပင် လှပစေတော့သည်။
“အော်…သူတို့ပဲကိုး…” ဝမ်လင်းသည် ပျောက်ကွယ်သွားသော ထိုလှေကို စိုက်ကြည့်နေ၏။ သူ့စိတ်ထဲတွင် လွန်ခဲ့သောနှစ်ပေါင်းနှစ်ဆယ်ကျော်က မိုးသည်းညတစ်ညမှ ထိုလှေအကြောင်း ပြန်ပေါ်လာသည်။
သူ ကြည့်နေရင်း ညင်သာစွာ ပြုံးမိ၏။
သူသည် အတိတ်တုန်းက ထိုအမျိုးသမီးနှစ်ယောက်ထဲမှ တစ်ယောက် သူ့ကို ပေးခဲ့သော အပေါ်အင်္ကျီအထူကိုလည်း သူ့ဝါးကျောပိုးအိတ်ထဲ၌ ထည့်သိမ်းထားဆဲ ဖြစ်သည်။ သူသည် ၎င်းအင်္ကျီကို လုံးဝ ထုတ်မဝတ်ခဲ့ပေ။
ဝမ်လင်းသည် သက်ပြင်းချမိ၏။ သူသည် သူ့ဆံပင်ဖြူများကို လက်ဖြင့် ထိကိုင်လိုက်သည်။ သို့သော် သူက် သူတို့ကို လှမ်းမခေါ်ပေ။ သူသည် နေရာတွင်ပင် ထိုင်ကာ အရက်သောက်နေသည်။
သူ့ဘဝတွင် သူ့စိတ်နှလုံးကို ရွှေ့လျားစေအောင် လုပ်နိုင်သော အမျိုးသမီးတစ်ယောက်ကို လုံးဝ မတွေ့မြင်ခဲ့ဖူးပေ။ ဖိုးကံကောင်းနှင့်အရက်အပြင် သူနှင့် အတူတကွ ရှိပေးသော အရာဟူ၍ ကောင်းကင်ထက်ရှိ အဖြူရောင်ငှက်တစ်ကောင်သာ ရှိသည်။
သူ့ထံ၌ ဇနီးမယား မရှိပေ။ သူသည် သူ့ဘဝကို နှစ်ပေါင်းနှစ်ဆယ့်ရှစ်နှစ်လုံးလုံး အထီးကျန်စွာ လျှောက်လှမ်းခဲ့သည့်အလား။
သူ့စိတ်နှလုံးကို လှုပ်ရှားနိုင်သည့် အမျိုးသမီးတစ်ယောက် ရှိခဲ့သည်ဆိုလျှင်ပင် သူမကို ပထမဆုံး တွေ့ခဲ့ချိန်ကသာ ဖြစ်နိုင်ပေလိမ့်မည်။ သူ့ကို အပေါ်ထပ်အင်္ကျီ လက်ဆောင်ပေးခဲ့သော ကျိုးယုဟူသော အမျိုးသမီး ဖြစ်နိုင်လောက်မည်။
လှေဦးကို မှီထားလျက် အရက်သောက်နေရင်း ဝမ်လင်းသည် အောက်ဘက်ရှိ ရေပြင်ကို ငုံ့ကြည့်လိုက်၏။ သူက ရေပြင်ပေါ်တွင် သူ့အိုမင်းသော မျက်နှာ ရောင်ပြန်နေသည်ကို မြင်လိုက်ရသည်။ ခုချိန်၌ သူ့ထံ၌ ဆံပင်ဖြူများ ပိုများလာခဲ့လေပြီ။
ထိုအမျိုးသမီးနှစ်ယောက်၏ လှေက ဝမ်လင်းလှေကို ကျော်၍ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ ၎င်းကား ဘဝ၏ မတူညီသော ဦးတည်ချက်နှစ်ခုလိုပင်။ သူတို့သည် မတူညီသောလမ်းကြောင်းအတိုင်း ဆက်သွားကြလိမ့်မည်။
“အယ်…စီနီယာအစ်မ…အဘိုးအိုတစ်ယောက် ငါတို့ကို ကြည့်နေတယ်လို့ ငါ ထင်တယ်…” ရှုဖေးက ဝမ်လင်း၏ နောက်ကျောကို ကြည့်လိုက်၏။
ထိုလှေသည် ကျောက်တုံးတံတားအောက် ဖြတ်သန်းနေ၏။
ကျိုးယုသည် လှည့်၍ သူမ၏ စူးရှသော မျက်ဝန်းတို့ဖြင် ဝေ့ကြည့်လိုက်သည်။ သို့ပေမည့် သူမ၏နေရာကနေ ကြည့်ပါက ကျောက်တံတား ကွယ်နေ၍ သူမသည် မည်သည့်အရာကိုမျှ မမြင်လိုက်ရပေ။ သူမသည် နတ်ဘုရားအာရုံဖြင့်လည်း စစ်ဆေးမကြည့်ပေ။
လှေငယ်နှစ်စင်းသညည် ပိုပို ဝေးဝေးသွားလေ၏။
ဝမ်လင်းသည် လှေပေါ်တွင် ထိုင်ကာ ဖိုးကံကောင်းကို ညင်သာစွာ ပြောလိုက်သည်။
“ဖိုးကံကောင်း…ငါတို့ စုမြို့ကနေ ထွက်သွားကြရအောင်။ ငါ ဒီမှာ စောင့်နေတာ နှစ်ဆယ့်ရှစ်နှစ် ရှိခဲ့ပြီ။ ငါတို့ ထပ်မစောင့်တော့ဘူး။ ငါတို့ အိမ်ပြန်ကြစို့…”
“အိမ်လား…။ အိမ်က ဘယ်မှာလဲ…” ဖိုးကံကောင်းသည် မင်သက်သွားသည်။
“ဟုန်ယွီတောင်ရဲ့ တောင်ခြေမှာ…” ထိုလှေက ကမ်းကပ်လိုက်ပြီး ဝမ်လင်းနှင့် ဖိုးကံကောင်းတို့ ဆင်းလာ၏။ သူက သူတို့ နှစ်ပေါင်းနှစ်ဆယ့်ရှစ်နှစ် နေထိုင်ခဲ့သော မြစ်ပြင်နှင့် စုမြို့ကို ပြန်လှည့်ကြည့်လိုက်သည်။
သူတို့ သည်နေရာသို့ ရောက်လာခဲ့ချိန်တုန်းက သစ်ရွက်ကြွေများ လေထဲလွင့်ဝဲ ကျဆင်းနေချိန် ဖြစ်သည်။ သူတို့ ထွက်သွားတော့လည်း ထို့အတူသာပင်။
***