အပိုင်း(၁၆၅၆)
Vol. 120 Ch. 1656
ရထားလှည်းတစ်စင်းသည် အရက်အိုးအနည်းငယ်နှင့် သူတို့နှစ်ယောက်ကို ခေါ်ဆောင်၍ မည်သူမျှ သတိမထားမိဘဲ စုမြို့ထံမှ ထွက်ခွာလာသည်။ ထိုလှည်းက ဖြေးဖြေးမှန်မှန် ဝမ်လင်း၏ မွေးရပ်မြေထံ ဦးတည်သည်။
နေဝင်ချိန် မဟုတ်သေးဘဲ အမျိုးသမီးနှစ်ယောက်က လှေပေါ်မှ ဆင်းသက်၍ စုမြို့၏ လမ်းမများအတိုင်း လျှောက်လှမ်းလာ၏။ သူတို့၏ပုံပန်းသွင်ပြင်မှာလည်း တဖြည်းဖြည်း ပြောင်းလဲလာကာ သာမန်ရုပ်သွင်များ ဖြစ်လာသည်။
“စီနီယာအစ်မ…နင်က ဒီမှာ ကြီးပျင်းခဲ့တာ။ လှေအပြင် နောက်ထပ် သွားလို့လာလို့ ကောင်းတဲ့နေရာလေးများ မရှိဘူးလား။ ငါတို့ အချိန်အကြာကြီး တံခါးပိတ်ကျင့်ကြံနေခဲ့ရတာ။ အခုမှ အပြင်ဘက် ထွက်လာရတာ ဖြစ်တဲ့အတွက် ငါတို့ ပျော်စရာလေးအချို့တော့ ရှိမှ ဖြစ်မယ်…”
“ငါ ငါ့မိဘတွေရှိ သွားလည်ပတ်လိုက်အုံးမယ်။ နင့် ငါ့နောက် လိုက်ခဲ့ပါ။ စုမြို့မှာက ပျော်ပါးလို့ရတဲ့နေရာ မရှိဘူး။ မနက်ဖြန်ကျရင် ငါတို့ မဟာပညာရှိစုတောက်ရှိ သွားလည်ကြမယ်။ အစောပိုင်းနှစ်တွေတုန်းက သူဟာ မိသားစုမိတ်ရင်းဆွေရင်းတစ်ယောက်ပဲ။ နင် အဲ့ကို သွားရင် မလေးမစား မလုပ်ပါနဲ့။ သူက သေမျိုးတစ်ယောက် ဆိုပေမယ့်လည်း ဆရာတောင် သူ့အပေါ် အတော်လေး လေးစားမှု ထားတယ်…”
သူတို့နှစ်ယောက် ပြောနေရင်း ကျောင်းတော်သားတစ်ယောက်က သူတို့စကားကို ကြားကာ ပြုံးလိုက်၏။ ထိုအမျိုးသမီးနှစ်ယောက်သည် သာမန်သာ ဖြစ်သည်ကို မြင်၏။ သို့သော် သူက လမ်းသွားနေရာကနေ ရပ်လိုက်ပြီး ရှင်းပြလိုက်သည်။
“အမျိုးသမီးတို့....သင်တို့က ကျောက်နိုင်ငံကနေ အချိန်အကြာကြီး ထွက်သွားခဲ့တာ ဖြစ်ရမယ်။ စုတောက်ဟာ လွန်ခဲ့တဲ့ဆယ်နှစ်ကျော်တည်းက သေသွားခဲ့ပြီလေ။ အခု ကျောက်နိုင်ငံရဲ့ မဟာပညာရှိရဲ့ နာမည်က ဝမ်လင်းပဲ။ သူက စုတောက်ရဲ့ တပည့်ဆိုလည်း ဟုတ်တယ်…”
ထိုအမျိုးသမီးနှစ်ယောက်သည် မင်သက်သွားသည်။ ကျောင်းတော်သားက ခေါင်းယမ်းကာ ပြုံး၍ ထွက်သွားလေ၏။
“ဝမ်လင်း…ဝမ်လင်း…အယ်…စီနီယာအစ်မ…ငါ မှတ်မိပြီ။ လှေပေါ်မှာ ငါတို့ကို ကြည့်နေခဲ့တဲ့ အဘိုးအိုလေ…သူက အိုနေပေမယ့် သူဟာ ဟိုကျောင်းတော်သားလေး ဝမ်လင်းပဲ…”
ကျိုးယုသည် လမ်းသွားနေရာကနေ ရပ်ကာ နောက်သို့ လှည့်ကြည့်လိုက်၏။ သူ၏ရှေ့တွင် လူငယ်တစ်ယောက်၏ ပုံရိပ် ပေါ်လာသည့်အလား။
“စီနီယာအစ်မ…စီနီယာအစ်မ…ဘာများ ဖြစ်လို့လဲ…” ရှုဖေးသည် တစ်ခုခုကို နားလည်သွားသည့်အလား သူမ၏စီနီယာအစ်မကို ကြည့်လိုက်သည်။
ကျိုးယုသည် ငြိမ်သက်စွာ စဉ်းစားနေပြီးနောက် ညင်သာစွာ ခေါင်းယမ်းပြ၏။ သူမသည် ရှုဖေးနှင့်အတူ လျှောက်လာခြင်း ဖြစ်၏။ သို့သော် သူမက ရှေ့သို့ ဆယ်လှမ်းခန့် လျှောက်ပြီးနောက် အံတင်းတင်းကြိတ်ကာ ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။
“ငါ့ကို စောင့်နေအုံး…” ထိုတစ်ခွန်းသာ ပြော၍ ကျိုးယုသည် ဖျတ်ခနဲ အကွာအဝေးတစ်ခုထံ ပျံသန်းသွားတော့၏။ သူမ၏ ရုတ်တရက် လှုပ်ရှားမှုက ပတ်ဝန်းကျင်ကို မင်သက်ကာ တအံ့တဪ ဖြစ်သွားစေသည်။ အနီးအနားရှိလူများသည် အလန့်တကြား ဖြစ်ကာ မယုံကြည်နိုင်ဟန် ဖြစ်ပေါ်သည်။ သူတို့သည် အချိန်အတန်ကြာ ကြောင်ရီသွားပြီးမှ တုန့်ပြန်နိုင်ကုန်သည်။
“အင်မောတယ်…”
“ဒါက အင်မောတယ်ပဲ…”
ရှုဖေးက ကျိုးယု၏ ပုံရိပ်ကို ကြည့်လိုက်ပြီး မျက်မှောင်အနည်းငယ် တွန့်ကွေးသွား၏။ သူမက သက်ပြင်းချလိုက်မိသည်။
ကျိုးယု၏ နတ်ဘုရားအာရုံသည် မြစ်ကို ဖြတ်သန်း၍ စုမြို့၏အထက်သို့ ပျံသန်းသည်။ သို့ပေမည့် အဆုံးသပ်တွင် သူမသည် ထိုပုံရိပ်ကို မရှာတွေ့နိုင်ပေ။
သူမသည် စုမြို့တစ်ခုလုံးကို ရှာကြည့်လိုက်သော်လည်း ရလဒ်ကတော့ အတူတူသာ။
“သူ ထွက်သွားတာလား…” ကျိုးယုသည် သူမ ဘာဖြစ်နေမှန်းကို သူမကိုယ်တိုင်ပင် မသိပေ။ သူမသည် ဝမ်လင်းကို တွေ့ချင်၏။ သို့သော် ကံကြမ္မာက သူမကို အရူးလုပ်ခဲ့သည်။
စုမြို့၏ အပြင်ဘက် ကီလိုမီတာဒါဇင်ချီအကွာ၌ ရထားလှည်းတစ်စင်းက တကျွိကျွိဖြင့် လမ်းမအတိုင်း ဖြေးဖြေးမှန်မှန် သွားနေ၏။ ဝမ်လင်းက ထိုလှည်းထဲတွင် ထိုင်နေပြီး လေများက သူ့အပေါ် တိုက်ခတ်လို့နေသည်။
သူသည် ရထားလှည်းခန်းစီးကနေ ခပ်မှိန်မှိန်ကောင်းကင်သို့ ကြည့်၍ တစ်စုံတစ်ခုကို တွေးတောနေပြီး အရက်သောက်နေ၏။ သူသည် အိုမင်းသည့်ပုံ မပေါက်သေးသော်လည်း ငယ်ရွယ်နုပျိုမှုတော့ မရှိလေတော့ပေ။ သူသည် အရက်ဆက်သောက်နေရင်းဖြင့် သူ့ခေါင်းတွင် ဆံပင်ဖြူအချို့ ပေါ်လာ၏။
သူက ကောင်းကင်ထက်တွင် ပျံဝဲနေသော အဖြူရောင်ငှက်ကိုလည်း တွေ့မြင်ပြီး ၎င်းက သူနှင့်အတူ သူ့မွေးရပ်မြေထံ ပျံသန်း ဦးတည်သည်။
သူသည် အခု အသက်အရွယ် ရလာခဲ့ပြီ ဖြစ်သည့်အတွက် ငယ်ရွယ်စဉ်တုန်းကလို မသန်မာတော့ပေ။ အချိန်အတန်ကြာ ရထားလှည်းစီးပြီးနောက် သူ့အရိုးအဆစ်များ နာကျင်လာ၏။ သူ အတော်လေး ပင်ပန်းနေလေပြီ။
ထိုသို့ဖြင့် သူတို့သည် နွေရာသီကို ဖြတ်ကာ ခရီးနှင်လာ၏။ လေးလခန့် ကုန်လွန်ပြီးနောက် ဝမ်လင်းနှင့်ဖိုးကံကောင်းတို့သည် ဆောင်းဦးရာသီအစ၌ ဟုန်ယွီတောင်အောက်ရှိ ဝန်းကျင်ဧရိယာသို့ ဝင်ရောက်လာကြသည်။
သူ ထွက်လာသည့်အခါ၌ လမ်းဘေးတွင် အနီရောင်၊အစိမ်းရောင် ပန်းများ ဖုံးနေ၏။ သူ ပြန်ရောက်လာသည်အခါတွင်မူ ပန်းပင်အများစုမှာ သွေ့ခြောက်၍ အဝါရောင် သမ်းနေလေပြီ။ ယင်းတို့သည် မကြွေကျသေးသော်လည်း ကြွေကျဖို့ သိပ်မလိုတော့ပေ။
“နှစ်ဆယ့်ရှစ်နှစ်…” ဝမ်လင်းသည် သူ့ဘေးပတ်လည်ရှိ မြက်ပင်၊သစ်ပင်တို့ကို ကြည့်သည်။ သူ့အမြင်မှာ ဝေဝါးလာ၏။ သူသည် သူ ထွက်လာခဲ့ချိန်၌ လူငယ်တစ်ယောက် ဖြစ်ခဲ့သည်ကို မှတ်မိသေး၏။ သို့သော် ခုချိန် သူ ပြန်ရောက်လာသည့်အခါတွင်မူ ရာစုနှစ်တစ်ဝက်နီးနီး အိုမင်းလာခဲ့လေပြီ။
ရထားလှည်းက မိန်းလမ်းမအတိုင်း ငြိမ်သက်တိတ်ဆိတ်သော တောင်တန်းများကြားရှိ ရွာလေးသို့ ဖြေးဖြေးမှန်မှန် ဦးတည်လာ၏။ ဝမ်လင်းသည် သည်နေရာရှိ အရာအားလုံးနှင့် အတော်လေး ရင်းနှီးပေသည်။ သူသည် ဤနေရာတွင် ကြီးပြင်းခဲ့သည် မဟုတ်လေလော။
သူ ပြန်ရောက်လာခြင်းက အိမ်နီးနားချင်းများကို အထူးတလည် အာရုံမစိုက်မိစေပေ။ သူက ဖိုးကံကောင်းကို ခေါ်ကာ လွန်ခဲ့သော နှစ်များက ထွက်လာခဲ့သော သူ့အိမ်သို့ ပြန်လာခဲ့လေပြီ။
သူ့မိဘများက ရှိနေကြဆဲပင်။ သို့သော် သူ့အဖေကတော့ ခုချိန်၌ သူ့ကိုယ်သူ တုတ်ကောက်တစ်ခု အဖော်ပြုနေရလေပြီ။ သူက ဝမ်လင်း၏ ဆံပင်များဖြူနေသော အမေ၏ အကူအညီဖြင့် နေရာတွင် ရပ်နေ၏။ သူတို့သည် လမ်းမကို ကြည့်ကာ အိမ်ပြန်လာသည့် သားကို ကြိုဆိုနေကြ၏။
သည်ကလေးက ကျောက်နိုင်ငံ၏ မဟာပညာရှိပင် ဖြစ်လာခဲ့သော်လည်း၊ ဝမ်မိသားစုကို ဂုဏ်မြင့်စေခဲ့သော်လည်း သူတို့အတွက်မူ ဝမ်လင်းသည် လွန်ခဲ့သောနှစ်ပေါင်းနှစ်ဆယ့်ရှစ်နှစ်ကနှင့် အတူတူပင်။ သူသည် ခုထိ သူတို့၏ကလေး ဖြစ်နေဆဲသာ။
ရထားလှည်းက ခြံဝန်းအပြင်တွင် ရပ်သွား၏။ ဝမ်လင်းသည် လှည်းအတွင်းမှ ထွက်လာရာ ချက်ခြင်း သူ့မိဘနှစ်ပါးကို မြင်သည်။
သူက ညင်သာစွာ ပြုံးလိုက်၏။ ဝမ်လင်းက ရှေ့သို့ လှမ်းလာပြီး ဒူးထောက်လိုက်သည်။
“အဖေ…အမေ…ထေ့ကျူး ပြန်လာပါပြီ….”
ဖိုးကံကောင်းက မျက်လုံးပေကလပ်ပေကလပ်လုပ်၏။ သူလည်း ရထားလှည်းကနေ ထွက်လာပြီးနောက် ဒူးထောက်ချကာ ကျယ်လောင်စွာ ပြောလိုက်၏။ “အဖေနဲ့အမေ…ဖိုးကံကောင်း ပြန်ရောက်လာပါပြီ…”
ဝမ်လင်း၏အဖေက ရယ်မောလိုက်၏။ သူက ဝမ်လင်းကို လစ်လျူရှုကာ ဖိုးကံကောင်းကို ခပ်သွက်သွက် ထစေလိုက်၏။ သူက ခေါင်းယမ်း၍ ရယ်ကာမောကာ ပြောလိုက်သည်။ “မင်းက အတိတ်တုန်းကနဲ့ တူတူပါပဲလား။ ဒီနှစ်တွေမှာ လင်းအာကို မင်း ဂရုစိုက်ပေးခဲ့ရတယ်။ ငါ မင်းကို ကျေးဇူးတင်ရုံနဲ့ မလုံလောက်ပါဘူး။ ဒါပေမဲ့ မင်း လင်းအာလို့ လိုက်လုပ်စရာ မလိုပါဘူးကွာ…”
ဝမ်လင်းသည် ထရပ်လိုက်ပြီး သူ့မိဘနှစ်ပါး၏ ပျော်ရွှင်နေသော အပြုံးများကို ကြည့်သည်။ ပြောမပြတတ်သော နွေးထွေးမှု သူ့စိတ်နှလုံးတွင်း ပေါ်လာသည်။ သူက သူ့အမေ၏လက်မောင်းကို ကိုင်ကာ သူ့အဖေကို တွဲပေးလိုက်သည်။ ဖိုးကံကောင်းကိုလည်း ခြံဝန်းထဲ သွားခိုင်းလိုက်သည်။
“ထေ့ကျူး…သား ဘယ်အချိန် ပြန်ထွက်သွားမှာလဲ…” ဝမ်လင်း၏အမေက သူမ၏သားကို ကြည့်သည်။ ဝမ်လင်းက သူမ၏ဂုဏ်ယူစရာ ဖြစ်၏။ဂ
“သူ့ကို ထေ့ကျူးလို့ ခေါ်နေတုန်းလား။ ဝမ်လင်းဟာ ခုဆို ကျောက်နိုင်ငံရဲ့ မဟာပညာရှိဖြစ်နေပြီ။ ရှင်မက မဟာပညာရှိဆိုတာကိုရော သိရဲ့လား။ အင်ပါယာတောင် သူ့ကို လေးစားရတယ်။ ဒီနှစ်တွေမှာ အင်ပါယာအရှင်ဟာ အမြဲတမ်းလိုလို ဘာလို့ လာနေလဲ မမြင်ဘူးလား…” ဝမ်လင်း၏အဖေက သူ့ဇနီးကို စိုက်ကြည့်၏။
“သား ဒီတစ်ကြိမ်တော့ ပြန်မသွားတော့ဘူး။ ထေ့ကျူးဟာ အဖေနဲ့အမေကို ဂရုစိုက်ပေးဖို့ ဒီမှာ နေအုံးမယ်….” ဝမ်လင်းက သူမအမေကို စိုက်ကြည့်၏။ သူသည် သူမ၏တခေါင်းလုံးရှိ ဆံပင်ဖြူများနှင့် မျက်နှာပေါ်ရှိ အရေးအကြောင်းများကို မြင်သည်။
ဝမ်လင်း၏ ပြန်ရောက်လာမှုက ရက်အနည်းငယ်အတွင်း သည်ရွာအတွင်း ဟိုးလေးတကြော် ဖြစ်သွား၏။ အိမ်နီးနားချင်းများ အသည်းအသန် လာရောက်လည်ပတ်ကာ သူတို့သည် သူတို့၏စိတ်နှလုံးအတွင်း၌ ဂုဏ်ယူရသော ကျောက်နိုင်ငံပညာရှိကို တွေ့မြင်ချင်ကြသည်။
အနီးအနားမြို့များရှိ ကျောင်းတော်သားများနှင့် အရာရှိများသည်ပင် ထိုသတင်းကို ကြားသည့်အခါ အပြေးအလွှား ရောက်လာကြ၏။ သူတို့နှင့်အတူ ဝမ်မိသားစု၏ ဆွေမျိုးများလည်း ပါသေးသည်။
သည်ရက်များအတွင်း ဝမ်လင်း၏အဖေက မြောက်မြောက်မြောက်မြောက် ဖြစ်နေ၏။ ထိုသို့ဖြစ်ရခြင်းမှာ သူ၏ဘဝတွင် ဂုဏ်အယူရဆုံး ကျောက်နိုင်ငံ၏ မဟာပညာရှိ သူ့သားကြောင့်ပင်။
လူအများအပြား လာသည်ကို မြင်သည့်အခါ ဝမ်လင်း၏အဖေသည် ပို၍ ဂုဏ်ယူလာ၏။ သူသည် ငွေစအချို့ကို ထုတ်ကာ ရွာထဲတွင် ကျွေးမွေးရန် ပြင်ဆင်သည်။
ရွာရှိ သည်လိုအလှူပေးခြင်းက အလွန်ရိုးရှင်းသည်။ သို့သော် လူအများအပြား၏ ဝန်းရံပါဝင်မှုကြောင့် သည်အခမ်းအနားက အတော်လေး ကောင်းမွန်လာ၏။ မြို့မှ စာဖိုးမှူးတစ်ယောက်ကို ချက်စရာပြုတ်စရာများ၊ ချက်မည့်ပြုတ်မည့်ပစ္စည်းများနှင့်အတူ ဖိတ်ခေါ်၍ ကိုယ်တိုင်ကိုယ်ကျ ချက်ပြုတ်စေသည်။
ဝမ်လင်းက သူ့အဖေ ပျော်ရွှင်နေသည်ကို တွေ့မြင်သည်။ ထို့အတွက် သူက ဘာတစ်ခုမျှ ဝင်မပြောပေ။ ဝမ်လင်း၏စိတ်နေစိတ်ထားအရ ပုံမှန်ဆို သည်လိုကျွေးတာမွေးတာ၊အခမ်းအနားလုပ်တာကို မကြိုက်ပေ။ အေးဆေးငြိမ်သက်သည်ကို ပို၍ နှစ်သက်သည်။
သို့ပေမည့် သူ့မိဘများ ပျော်နေမှတော့ သူသည် ခွင့်ပြုပေးမည်သာ။
ဝမ်မိသားစုသည် ဝမ်လင်းထံ လာရောက်လည်ပတ်ကြ၏။ သူတို့အားလုံးသည် ဝမ်လင်းကို လေးစားကြ၏။
သည်ဆွေမျိုးများကြား၌ အသက်ကြီးသော ဦးလေးများ၊ မိသားစုခေါင်းဆောင်များ၊ သူနှင့် ရွယ်တူများလည်း ပါဝင်သည်။
ဝမ်လင်းသည် ထိုအရာများကို ကြည့်နေရင်း အရင်က သူ တွေ့ကြုံခဲ့ရသည့်အရာများသည် အိပ်မက်တစ်ခုအလား ခံစားမိသည်။
နေဝင်လာချိန်၌ ဝမ်လင်း၏မိဘများက ပင်ပန်းလာသည့်ပုံ ရသည်။ ထို့ကြောင့် သူက သူတို့နှင့်အတူ ထွက်လာခဲ့၏။ စားပွဲသောက်ပွဲကလည်း တဖြည်းဖြည်း ပြီးဆုံးကာ နောက်ရက်အနည်းငယ်အတွင်း လူအများ ပြန်သွားကြလေသည်။ တောင်ခြေရွာလေးမျာ တဖန် ငြိမ်အေးလာပြန်သည်။
“ထေ့ကျူး…သား မငယ်တော့ဘူး။ ဘာကြောင့် အိမ်ထောင် မပြုသေးတာလဲ…” ဝမ်လင်း၏အဖေက နည်းနည်းသောက်ထား၏။ သူက တီးတိုးစကားအချို့ကို ပြောလိုက်၏။ ထို့နောက် သူသည် သက်ပြင်းချကာ ထိုအကြောင်းကို ဆက်၍ မပြောတော့ပေ။
ထိုသို့ဖြင့် ဝမ်လင်းသည် သူ ကြီးပြင်းခဲ့သော မွေးရပ်မြေတွင် နေဝင်နေထွက်အချိန်ကို စောင့်ကြည့်နေခဲ့၏။ နှစ်များ ကုန်လွန်လာသည်ကို စောင့်ကြည့်နေခဲ့သည်။
နောက်ငါးနှစ်ဆို ဝမ်လင်း သူ့အိမ်မှ ထွက်ခွာလာသည့်အချိန်နှင့် တွက်လျက် သုံးဆယ့်သုံးနှစ်မြောက် ဆောင်းဦးရာသီ တိုင်လေပြီ။ ဆောင်းဦးသစ်ရွက်များသည် လေအဝေ့တွင် တိုက်ခတ်လို့နေ၏။ မြေပေါ်သို့ သက်ဆင်း၏။ ဝမ်လင်း၏အဖေမှာလည်း အိပ်ယာထဲတွင် လှဲလျောင်းကာ ဝမ်လင်း၏လက်ကို ဆုပ်ကိုင်ထားသည်။ သူ့မျက်လုံးထဲတွင် အောက်မေ့တမ်းတမှုတို့ ရှိနေ၏။ သို့သော် ပို၍ သိသာသည်မှာ စိတ်ချက်လက်ချ ဖြစ်မှုနှင့် ဂုဏ်ယူမှုတို့ပင်။
“ထေ့ကျူး…သားအဖေရဲ့ဘဝဟာ သားကြောင့် မေ့ဖျောက်ခံရတော့မှာ မဟုတ်ဘူး။ သားအဖေဟာ စာမတတ်ပါဘူး။ ဒါပေမဲ့ သားအတွက် စာအုပ်တွေအများကြီး ရှာဖွေစုဆောင်းပေးခဲ့တယ်။ သား တစ်ခါ ပြောခဲ့ဖူးသလိုပဲ သံသယစက်ဝန်းဟာ ရာသီလေးခုလိုပဲတဲ့။ အဖေ မှတ်သားထားပါတယ်…” ဝမ်လင်း၏အဖေသည် ပြုံးနေ၏။ သို့သော် ထိုအပြုံးအောက်၊ စိတ်ချမှုနှင့်ဂုဏ်ယူမှုတို့အောက်တွင် စိုးကြောက်နေသောအငွေ့အသက်ကို ဝမ်လင်းသည် အာရုံခံမိသည်သာ။
သူ့အဖေသည် သေရမှာ ကြောက်နေ၏။ သူ ချစ်ရသူများကို မမြင်နိုင်တော့မှာ ကြောက်နေ၏။ အထီးကျန်ကာ ဘယ်နေ့သေမလဲ ကြောက်နေ၏။ သူသည် ဝမ်လင်း၏ လက်ကို မြဲမြံစွာ ဖမ်းဆုပ်ထားသည်။
သူ့မျက်လုံးထဲရှိ အလင်းမှာ မှိန်ဖျော့ကာ အကူအညီမဲ့မှုတို့ ပြည့်နေသည်။
“အဖေ…မကြောက်ပါနဲ့။ သား အဖေ့ဘေးမှာ ရှိပါတယ်…” ဝမ်လင်းသည် သူ့အဖေကို ကြည့်သည်။ သူ့မျက်လုံးထဲတွင်လည်း ဝမ်းနည်းမှုတို့ ရှိနေသည်။ သူသည် သူ့အဖေလက်ကို ဆုပ်ကိုင်ကာ ရှေ့သို့ ကိုင်းလိုက်၏။ ဝမ်လင်းသည် သူ့အဖေ၏ ပိန်သွယ်သော ခန္ဓာကိုယ်ကို လက်ဖြင့် ပွေ့ထားလိုက်သည်။
“အဖေ…အဖေမှာ သား ရှိပါတယ်။ မကြောက်ပါနဲ့…သားရှိပါတယ်…”
“အဖေ…သင် သားကို ပေးခဲ့တဲ့ မွေးနေ့လက်ဆောင်ကို မှတ်မိသေးလား။ ဒီသစ်သားမြင်းရုပ်လေးလေ…သား ဒါကို နောက်နေ့မှာ ရှာတွေ့ခဲ့တယ်…”
“အဖေ…”
ခြံဝန်းအပြင်ဘက်တွင် ရွာထဲ၌ သက်တမ်းရင့် နှစ်တစ်ရာကျော် အပင်ကြီးတစ်ပင် ရှိနေ၏။ ၎င်းအပင်၏ သစ်ရွက်အများစုမှ လေ၏ ဆောင်ယူခြင်း ခံရကာ သစ်ရွက်တစ်ရွက်သာ အပင်ပေါ်တွင် တွဲလွဲခိုကျန်သည်။ လေပြင်းက ထိုသစ်ရွက်ကို တိုက်ခတ်၏။ ထိုသစ်ရွက်သည် ခွန်အားရှိသမျှ အပင်တွင် ကပ်ငြိနိုင်ရန် ရုန်းကန်သည်။ အဆုံးသပ်တွင်တော့ ထိုသစ်ရွက်သည် ကြွေကျကာ ဝမ်မိသားစု၏ အခန်းထဲသို့ ကျဆင်းလာသည်။
ဝမ်လင်း၏အဖေသည် ဆက်၍ မကြောက်လန့်တော့ပေ။ သူသည် ဖြည်းဖြည်းချင်း မျက်လုံးမှိတ်လိုက်သည်။ သူသည် အသက်ရှုရပ်ကာ သူ့သား၏ လက်ပေါ်တွင် သေဆုံးသွားတော့သည်။
သစ်ပင်မှ ကြွေကျလာသော သစ်ရွက်မှာ စိတ်ဝိညာဉ်တစ်ခု ရလာသည့်အလား အကွာအဝေးတစ်ခုသို့ ပျံသန်းသွားတော့သည်။
***