← Chapters

လျှိုမေ

Vol. 120 Ch. 1657

လျှိုမေ

Vol. 120 Ch. 1657

သူ့အဖေ ဒီလောကမှ ထွက်သွားပြီးနောက် နှစ်နှစ်အကြာတွင် ဝမ်လင်း၏အမေဖြစ်သူမှာလည်း အိပ်ပျော်နေရာကနေ ဘယ်သောအခါမျှ နိုးထမလာတော့ပေ။ သူမ၏ မျက်နှာကမူ ပြုံးနေ၏။ သူမသည် ဝမ်လင်း၏အဖေဖြစ်သူနှင့် အိပ်မက်ထဲ၌ ပြန်တွေ့ဆုံနေသည့်အလား။ သူတို့နှစ်ယောက် ပြန်ပေါင်းစည်းကာ ပြန်မလာချင်တော့သည့်နှယ်။

သင် ကလေးဘဝတုန်းက သူ့ကို ဖေးကိုင်ထားသော လူတစ်ယောက် ရှိခဲ့မည်သာ။ သူမ မည်မျှ ပင်ပန်းနေပါစေ သင် အိပ်ပျော်သည့်အထိ အနားကနေ တီးတိုးစကားများ ပြောပေးနေမည်သာ။

သင် စိုနေသောအိပ်ယာထက်တွင် အိပ်မိ၍ အအေးမိမည်ကို ပူပန်သော လူတစ်ယောက် ရှိမည်ပင်။ သူမက သင် အိပ်ယာစိုနေမည်ကို စိုးထိတ်၍ တညလုံး အိပ်ပျက်ခံကာ ဂရုတစိုက် ကြည့်ပေးမည် ဖြစ်၏။

မောပန်းမှုကို အားတင်းတောင့်ခံ၍ သင် ဆာလောင်မှု မရှိစေရန်နှင့် စာလေ့လာနိုင်ဖို့ မနက်စာကို အစောကြီးထ ပြင်ဆင်ပေးမည့် လူတစ်ယောက် ရှိမည်ပင်။

သင် စာကျက်မှတ်လေ့လာပြီးနောက် စားသောက်သည့်အခါတွင်လည်း ငါး၏အမြှီးနှင့်ခေါင်းကိုသာ စားမည့်လူတစ်ယောက် ရှိပေသည်။ သင်က သူမကို ပြုံးကြည့်၍ ဘာကြောင့်မို့ ငါး၏ခန္ဓာကိုယ်ပိုင်းကို မစားတာလဲဟု မေးပါက သူမသည် ပြုံး၍ ခေါင်းနှင့်အမြှီးကိုသာ ကြိုက်၍ဟု ပြန်ဖြေမည်ပင်။ သင်ကလည်း သူမကို ယုံကြည်မည် ဖြစ်သည်။

သင် အရွယ်ရောက်လာသည့်အထိ သင့်အဝတ်အစားများကို လျှော်ဖွတ်မီးပူတိုက် သပ်သပ်ရပ်ရပ် ဖြစ်အောင် လုပ်ပေးမည် လူတစ်ယောက် ရှိလေသည်။

သူမသည် သင့်ကို ငြိမ်သက်စွာ ကြည့်နေပြီး တိတ်တဆိတ် ပြုံး၊ တိတ်တဆိတ် ပျော်ကာ နောက်ကွယ်ကနေသာ ရှိ၍ သူမ ပင်ပန်းလွန်းသဖြင့် မျက်လုံးမှိတ်သည့်အချိန်ထိ လုပ်ပေးမည့်သူပင်။

ထိုသူ့ကို အမေ ဟု ခေါ်ပေ၏။

နောက်ထပ် လူတစ်ယောက်လည်း ရှိသေးသည်။ သင် ကလေးဘဝတုန်းက သူ့ကို ကိုင်၍ လေထဲ၌ မြှောက်ကာ ဝင့်ကြွားစေမည့် လူတစ်ယောက်လည်း ရှိပေသည်။

သင် လမ်းမလျှောက်တက်ခင် သင် လဲကျနေစဉ် သင့်လက်ကို ဆုပ်ကိုင်ပေးထားမည့် လူတစ်ယောက် ရှိပေမည်။ သူသည် ရယ်မောကာ သင့်ဘဝ၏ ပထမဆုံးခြေလှမ်းကို လှမ်းနိုင်ဖို့ရာ ကူညီပေးလိမ့်မည်။

ထိုသူက သင့်လက်ကို ဆွဲ၍ သင့်ကို ရယ်မောစေကာ တောင်များ၊မြစ်များကို ဖြတ်သန်းစေမည်ပင်။ သင် အပေါ်သို့ မော့ကြည့်လိုက်လျှင် သူသည် တောင်၊ သူကသာ ကောင်းကင်ဖြစ်သည်ဟု ခံစားမိခဲ့လိမ့်မည် ဖြစ်သည်။

သင် ကြီးပြင်းလာသောအခါတွင်မူ ထိုလူမှာ သင့်ကို စိတ်အနှောက်အယှက် ပေးသည်ဟု ခံစားမိကောင်း ခံစားနိုင်သည်။ သို့ပေမည့် သင် အရွယ်ရောက်လာသည့်အခါ သင်သည် တဖြည်းဖြည်း ထိုလူ၏ ချစ်ခြင်းတရားကို သိမြင်လာမည်သာ။

ထိုသူ့ကို အဖေဟု ခေါ်ပေ၏။

ဝမ်လင်းသည် သူ့မိဘနှစ်ပါး၏ အုတ်ဂူရှေ့တွင် ထိုင်၍ မျက်ရည်များ စီးကျနေ၏။ သူသည် ရယ်ကာငိုကာ ဖြစ်နေသည်။ သူ့စိတ်ထဲ၌ သူ့မိဘများနှင့် အကြောင်းအရာ မှတ်ဉာဏ်များမှာ စွဲထင်နေပြီး သူတို့ကို ဘယ်တော့မှ မေ့လိမ့်မည် မဟုတ်ပေ။ သူသည် အရက်မသောက်ထားပေ။ သို့သော် ခုချိန်၌ အရက်သောက်ထားသည့်အလား မူးဝေနေ၏။

သူ့အိပ်မက်ထဲရှိ တခြားဘဝတွင်တော့ သူသည် သူ့မိဘနှစ်ပါးကို အမြင့်သို့ မတင်ပေးနိုင်ခဲ့။ သူ့အဖေ သေဆုံးချိန်၌ သူ့အဖေ၏ခန္ဓာကိုယ်ကို ဆုပ်ကိုင်မပေးထားနိုင်ခဲ့၊ သူ့အမေ ထာဝရ အိပ်မပျော်သွားခင် သူ့အမေ၏နှဖူးကို နမ်းရှုံ့မှု မပေးနိုင်ခဲ့ပေ။

သည်ဘဝတွင်တော့ သူ လုပ်နိုင်ခဲ့သည်။

ယောက်ျားတစ်ယောက်သည် ဇနီးနှင့်သားသမီး ရှိခဲ့ပါက သူ့မိဘနှစ်ပါးကို ဆုံးရှုံးရသည့်အခါ နာကျင်မှု သက်သာနိုင်မည် ဖြစ်သော်လည်း သူကမူ သူ တစ်ယောက်တည်းသာ ရှိလေ၏။ သူ့ဝမ်းနည်းမှုက ဒီလောကကို ထွေးခြုံသည်။

ခုချိန်မှစ၍ သူ မောပန်းလာသည့်အခါတိုင်း သူ့စိတ်ဝိညာဉ်ကို နွေးထွေးစေမည့် အရာ မရှိလေတော့ပေ။

ခုချိန်မှစ၍ သူ အထီးကျန်သည့်အခါ သူ့ကို ကြင်နာနွေးထွေးမှု ပေးမည့် အပြုံးဟူ၍ မရှိလေတော့ပေ။

ခုချိန်မှစ၍ သည်လောကတွင် သူသည် အထီးကျန်စွာ နေဝင်နေထွက်ကို ကြည့်နေရတော့မည်။

ဝမ်လင်းသည် အုတ်ဂူကို သုံးနှစ်သုံးမိုး စောင့်ရှောက်ပေးနေခဲ့၏။ သူ့ဆံပင်များသည်ပင် အားလုံး ဖြူလာခဲ့လေပြီ။ သူ့ခန္ဓာကိုယ်သည်လည်း မားမားမတ်မတ် မရှိတော့ဘဲ ခါးနည်းနည်းကိုင်းလာပြီ ဖြစ်သည်။

“သုံးဆယ့်ရှစ်နှစ်…” သူ့မျက်နှာထက်၌ အရေးအကြောင်းများ ရှိနေ၏။ သူသည် ယခုချိန်၌ အသက်ခြောက်ဆယ်နီးပါး အဘိုးအိုတစ်ယောက် ဖြစ်လာခဲ့လေပြီ။

ဖိုးကံကောင်းကမူ ပို၍ပင် အိုစာသေးသည်။ သူသည် ဝါးတုတ်တစ်ချောင်းကိုကိုင်ထားပြီး ဝမ်လင်းနောက်တွင် ရပ်နေ၏။ သူသည် သူ့ညာလက်ကောက်ဝတ်ကို ငြိမ်သက်စွာ ကြည့်နေ၏။ အချိန်အတန်ကြာပြီးနောက် သူက ညင်သာစွာ ခေါင်းညိတ်လိုက်သည်။

“ဘဝ…သုံးဆယ့်ရှစ်နှစ် ဘယ်လောက်များများ ရှိနိုင်သေးလဲ…။ ငါ တခြားလူတွေနဲ့ ပတ်သတ်လို့တော့ မသိဘူး။ ဒါပေမဲ့ ငါ့အတွက်တော့ နောက်ထပ် မရှိနိုင်တော့လောက်ဘူး…” ဝမ်လင်းသည် ခပ်တိုးတိုး ရေရွတ်လိုက်၏။ သူသည် ဒူးထောက်ချကာ သူ့မိဘနှစ်ပါး၏ အုတ်ဂူကို အရိုအသေးပေး ဦးညွတ်လိုက်၏။

“သင် ဘုရားကျောင်းအိုကြီးကို မှတ်မိသေးလား…” ဝမ်လင်းသည် ထ၍ ဖိုးကံကောင်းကို လှည့်ကြည့်သည်။

“အဲ့ဘုရားကျောင်းအိုထဲမှာ ငါဟာ စာအကူတစ်ယောက်လိုတယ်လို့ ပြောခဲ့ပြီး သင်က ငါ့နောက်ကို လိုက်လံခဲ့တယ်လေ…” ဝမ်လင်းသည် ဖိုးကံကောင်းကို ကြည့်၍ ပြုံးလာ၏။ သည်သုံးဆယ့်ရှစ်နှစ်အတွင်း ဖိုးကံကောင်းသည် သူနှင့်အတူ တစ်လျှောက်လုံး ရှိနေခဲ့ပေသည်။

“ဖိုးကံကောင်းဟာ စာအကူတစ်ယောက်အဖြစ် ရှိနေတုန်းပဲ…”

“သင်လည်း အိုပြီ။ ငါလည်း အိုလာခဲ့ပြီ။ ဒါပေမဲ့ ငါ လိုချင်တဲ့အရာတွေ ရှိနေတုန်းပဲ…။ ဖိုးကံကောင်း…ငါ့အိမ်ကို စောင့်ရှောက်ပေးဖို့ ကူညီပေးပါ။ ငါ့ကို စောင့်နေပါ။ ငါ ပြန်လာတဲ့အထိ စောင့်နေပါ…”

ဝမ်လင်းသည် ကောင်းကင်ထက်သို့ မော့ကြည့်လိုက်၏။ သူက အဖြူရောင်ငှက်ကို တွေ့မြင်သည်။

“ဒီလောကကို နားလည်တဲ့နေရာမှာ တစ်ခုခုလိုနေသေးတယ်။ ငါ ငါ့ဘဝရဲ့ ကျန်ရှိတဲ့အချိန်တွေမှာ ဟင်္သာပြဒါးဂြိုဟ်ပေါ်က နိုင်ငံအမျိုးမျိုးရှိ သွားချင်တယ်။ ငါ ပြန်ရောက်လာတဲ့အခါမှာ ဘာမှ ပြန်မပါလာတာလည်း ဖြစ်နိုင်တယ်။ ဒါမှမဟုတ် ဉာဏ်အလင်းပဲ ပါလာတာလည်း ဖြစ်နိုင်တယ်…”

သုံးဆယ့်ရှစ်နှစ်မြောက်၏ နွေဦးရာသီတွင် ဝမ်လင်းသည် တောင်ခြေရွာကနေ သူတစ်ယောက်တည်း ထွက်လာခဲ့သည်။ ဖိုးကံကောင်းသည် ရွာတွင်နေခဲ့ကာ ဝမ်လင်းပြန်အလာကို စောင့်နေမည် ဖြစ်သည်။ ဆယ်နှစ်လည်း ဖြစ်နိုင်သည်။ နှစ်နှစ်ဆယ်လည်း ဖြစ်နိုင်သည်။ တစ်သက်လုံးပင် ဖြစ်နိုင်သည်။

ဝမ်လင်းသည် ရထားလှည်းပေါ်တွင် ထိုင်နေပြီး ဟုန်ယွီတောင်ကနေ အဝေးသို့ ထွက်လာရင်း တစ်ကိုယ်တည်း သောက်နေ၏။ လအနည်းငယ် ကြာပြီးနောက် ရထားလှည်းသည် ကျောက်နိုင်ငံနယ်စပ်သို့ ရောက်လာသည်။ သူသည် ရထားလှည်းမောင်းသမားကို ငွေရှင်းပေးလိုက်ပြီးနောက် အသက်ဝဝရှိုက်သွင်းလိုက်၏။ သူသည် ကျောက်နိုင်ငံသို့ ပြန်ကြည့်ကာ ရှေ့သို့ ခြေတစ်လှမ်းလှမ်း၍ နယ်စပ်ကို ဖြတ်သည်။

အခုက သူ့ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် ကျောက်နိုင်ငံမှ ထွက်လာခြင်းပင်။ သူသည် အနာဂတ်က ဘယ်စီဘယ်ဝယ်မှန်း မသိပေ။ သို့သော် သူက ထိုအကြောင်းကို အများကြီး တွေးမနေပေ။ သူ သိသည်မှာ သူ့ခြေဖဝါးအောက်တွင် လမ်းရှိနေသည်ကိုသာ။

သူ ရှေ့သို့ ဆက်သွားနေစဉ် အလင်းတန်းများက သူ့အထက်ကနေ ပျံသန်းသွား၏။ သူက အပေါ်သို့ မော့မကြည့်ဘဲ ရှေသို့သာ တည်တည်ငြိမ်ငြိမ် ဆက်လျှောက်လာသည်။

အလင်းတန်းများထံမှ နူးညံ့ညင်သာသောအသံတစ်သံ ထွက်ပေါ်လာ၏။ ထိုအသံမှာ ကျင့်ကြံသူများကြားရှိ လှပသောအမျိုးသမီးတစ်ယောက်ထံမှ ဖြစ်သည်။ သူမသည် လှပသည့်အပြင် အတော်လေးလည်း စွဲဆောင်မှု ရှိသည်။ ထိုစွဲဆောင်မှုသည် အတုအပမဟုတ်ဘဲ ပင်ကိုယ်အလှဖြစ်၏။

သူမသည် လေထဲတွင် ရပ်ကာ အောက်ဘက်၌ လမ်းလျှောက်နေသော ဝမ်လင်းထံ ငုံ့ကြည့်လိုက်၏။ သူမက မျက်မှောင်ကြုတ်သွားပြီး သူမ၏မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးမှုတို့ ပြည့်လာသည်။

“ဘာဖြစ်လို့လဲ…ဂျူနီယာညီမလေးလျို…” သူမဘေးရှိ ကျင့်ကြံသူတစ်ယောက်က အံ့အားသင့်ဟန်ဖြင့် ဆိုလာသည်။

“ဘာမှ မဟုတ်ပါဘူး။ သင်တို့အားလုံး ကလန်ကို အရင်ပြန်နှင့်ကြ။ ငါ့ ကိုယ်ရေးကိုယ်တာ ကိစ္စလေးတချို့ ရှိလို့ပါ…”

ထိုလှပသောအမျိုးသမီးက ပြန်ဖြေလိုက်ပြီးနောက် သူမ၏ အဖော်များကို အာရုံစိုက်မနေတော့ဘဲ အောက်သို့ ပျံသန်းလာသည်။

စကားပြောလိုက်သော ကျင့်ကြံသူက မင်သက်သွားပြီးနောက် နောက်ကနေ လိုက်ရန် ဟန်ပြင်သည်။

“စီနီယာအစ်ကို…ငါ တစ်ယောက်တည်း ရှိချင်တယ်…” ထိုအမျိုးသမီး၏အသံက နူးညံ့၏။ သို့သော် သူမ၏အသံမှာ ပြတ်သားသည်။ ထိုကျင့်ကြံသူသည် ရပ်တန့်သွားပြီး အနည်းငယ် စဉ်းစားသွား၏။ ထို့နောက် သူသည် အံ့အားသင့်နေသော ကျန်သည့်အုပ်စုနှင့်အတူ ထွက်လာလေတော့သည်။

ဝမ်လင်းသည် ရပ်၍ လှည့်ကြည့်လိုက်သည်။ သူက ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည့်အခါ လှပသောအလင်းတန်းတစ်ခု နီးကပ်လာသည်ကို မြင်သည်။ ထိုအလင်းတန်းက သူနှင့် ပေတစ်ရာအကွာတွင် ရပ်တန့်သွားပြီး ခရမ်းရောင်ဝတ်စုံဖြင့် အမျိုးသမီးတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားသည်။

ထိုအမျိုးသမီးသည် အလွန်လှ၏။ သူမ၏အလှမျိုးကို သူ့ဘဝတွင် လုံးဝ မမြင်ဖူးခဲ့ပေ။ သူမသည် ကျိုးယုထက်ပင် အဆများစွာ ပိုလှနေသေးသည်။

သို့သော် ဝမ်လင်းသည် ထိုအလှအောက်တွင် မိန်းမောမသွားခဲ့ပေ။ သူက အရာအားလုံးနှင့် ဖြတ်မြင်ခဲ့ပြီး လောကရှိ အမှန်တရားနောက်သို့ လိုက်စားသည့်သူ ဖြစ်၏။ သူ့ထံ၌ ကိုယ်ပိုင်အတွေးအမြင် ပိုင်ဆိုင်ထားသည်။ သူ့အမြင်တွင် ထိုအမျိုးသမီးကလှပသော်လည်း သူမ မျက်လုံးမှိတ် သေဆုံးသွားသည်နှင့် မြေကြီးထဲ ရောက်ကာ တခြားအမျိုးသမီးများနှင့် ဘာမှ ကွာတော့မည် မဟုတ်ပေ။

ထိုအမျိုးသမီးက အိုမင်းနေပြီ ဖြစ်သော ဝမ်လင်းကို ကြည့်၏။ အချိန်အတန်ကြာပြီးနောက် သူမက အနည်းငယ်မျှ အရိုအသေပေးလိုက်သည်။

“စီနီယာ…ငါ သင့်ကို လွန်ခဲ့တဲ့ဆယ်စုနှစ်တွေက မြင်ခဲ့ဖူးတယ်။ အခု ငါတို့ တွေ့တာ ဒုတိယအကြိမ်ပဲ။ သင်ကော ငါ့ကို မှတ်မိသေးရဲ့လား…”

ဝမ်လင်းသည် သူမရှေ့ရှိ ထိုအမျိုးသမီးကို ကြည့်ကာ စတင် စဉ်းစား၏။ အချိန်အတန်ကြာပြီးနောက် သူက ပြုံး၍ ခေါင်းယမ်းကာ ဆိုလိုက်သည်။ ငါ “မမှတ်မိဘူး…”

“သင် မမှတ်မိမှတော့ ထားလိုက်ပါတော့။ စီနီယာ…ဘာကြောင့်မှန်း မသိပေမဲ့ ငါတို့ အရင်က တစ်နေရာရာမှာ တွေ့ဆုံဖူးသလိုမျိုး ငါ အမြဲတမ်း ခံစားမိနေတယ်။ ခုတစ်ကြိမ်မှ မဟုတ်ဘူး။ ပြီးခဲ့တဲ့အခေါက်တုန်းကလည်း အဲ့လိုပဲ။ ငါ စီနီယာရဲ့ နာမည်ကို သိချင်ပါတယ်…” ထိုအမျိုးသမီးက ပြုံး၍ နူးညံ့စွာ ပြောလိုက်သည်။

ဝမ်လင်းသည် တည်တည်ငြိမ်ငြိမ်ပင် ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ဒီအဘိုးအိုရဲ့ နာမည်ဟာ ဝမ်လင်းပါ…”

“ဝမ်လင်းလား…” ထိုအမျိုးသမီးက မျက်မှောင်ကြုတ်သွားပြီး အချိန်အကြာကြီး သေသေချာချာ စဉ်းစားနေ၏။

“သင်က မဟာပညာရှိဝမ်လင်းလား…”

“ဟုတ်တယ်…” ဝမ်လင်းက ခေါင်းညိတ်လိုက်၏။ သူ့မျက်လုံးထံမှ ရှေးကျသောအရှိန်အဝါကို ပေးစွမ်းနေ၏။ သူ့အကြည့်သည် လေးနက်ထည်ဝါမှုလည်း ရှိသည်။

“ငါ အမှတ်မှားတာပဲ ဖြစ်ရမယ်…” ထိုအမျိုးသမီးက အချိန်အတန်ကြာ တွေးနေပြီးနောက် ရင်းနှီးသလိုခံစားချက်နှင့် နာကျင်စွာခံစားရမှုက မည်သည့်နေရာကနေလာမှန်းကို စဉ်းစား၍ မရနိုင် ဖြစ်၏။ သူမက ဝမ်လင်းကို ကြည့်နေသည်။ သူမ သူ့ကို ကြည့်နေရင်း ဘာကြောင့်မှန်းမသိ ရင်းနှီးသလို ခံစားချက် ပိုပြင်းထန်လာသည်ကို နားမလည်နိုင် ဖြစ်မိ၏။ ဝမ်လင်း၏အိုမင်းသောမျက်နှာက သူမ၏စိတ်နှလုံးကို နာကျင်မိစေကာ ရှင်းပြ၍မရသော ဝမ်းနည်းမှုကို ဖြစ်စေသည်။

“ငါ့ကို ခွင့်ပြုပါအုံး။ နှုတ်ဆက်ပါတယ်…” သူမက သက်ပြင်းချလိုက်၏။ သူမသည် စိတ်ရှုပ်ထွေးဟန်၊ ရင်ဘက်ထဲရှိ နာကျင်မှုတို့ဖြင့် ထွက်ခွာရန် နောက်လှည့်လိုက်သည်။

ဝမ်လင်းက အေးအေးဆေးဆေး မေးလိုက်၏။ “အမျိုးသမီးငယ်ရဲ့ နာမည်က ဘယ်သူများလဲ ငါ သိလို့ရမလား…”

ထိုအမျိုးသမီးက ရပ်ကာ ပြန်လှည့်၍ ပြော၏။ “လျှိုမေပါ…” သူမ၏ လှပသောမျက်ဝန်းအောက်တွင် လူတစ်ယောက်၏ နှလုံးသားကို ခုန်ပေါက်သွားစေမည့် အပြုံးတစ်ခု လှစ်ဟပေါ်၏။ အနည်းငယ်မျှ ချီတုံချတုံ ဖြစ်ပြီးနောက် သူမသည် သိုလှောင်အိတ်ထဲမှ ဆေးလုံးတစ်လုံးကို ထုတ်ယူလိုက်သည်။

“သင်က အတော်လေး ပင်ပန်းနေလောက်ပြီ။ ဒီဆေးလုံးက သင့်စွမ်းအင်ကို ထိန်းထားနိုင်ဖို့ ကူညီပေးနိုင်ပါလိမ့်မယ်။ ငါတို့ တွေ့ရတာ ရေစက်ရှိလို့ပဲ။ ဒါ့ကြောင့် ဒါက သင့်အတွက် ငါ့ရဲ့လက်ဆောင်ပါ…” လျှိုမေက ဆေးလုံးကို အောက်သို့ ချပေးလိုက်၏။ သူမ၏အောက်တွင် တိမ်စိုင်ထုတစ်ခု ပေါ်လာပြီး သူမသည် လေထဲသို့ ပျံတက်လေ၏။ သူမသည် အလွန်လှပနေသည်။

“ဒါဟာ အရင်ဘဝလား၊ ဒါမှမဟုတ် သံသယစက်ဝန်းလား။ ဒါမှမဟုတ် အိပ်မက်တစ်ခုလား။ ဒါမှမဟုတ် ဘာမှမဟုတ်ဘူးလား…။ လျှိုမေ…လျှိုမေ…။ အိပ်မက်ထဲမှာ အဲ့အမျိုးသမီးက ငါ့ကို နာကျင်မှုကြောင့် နိုးထစေခဲ့တဲ့သူပဲ…” ဝမ်လင်းသည် ထိုဆေးလုံးကို ကြည့်သည်။ သူက သူ့အတွေးများကို ကောင်းကောင်း ဖုံးကွယ်ထားပေသည်။

အချိန်အတန်ကြာပြီးနောက် ထိုအမျိုးသမီး အဝေးသို့ မရောက်သွားခင် ဝမ်လင်းသည် ရုတ်တရက် မော့ကြည့်လိုက်သည်။ သူက အားကုန်သုံး၍ လှမ်းအော်ပြောလိုက်သည်။

“လျှိုမေ…နင် မှတ်ထားပါ။ ဘာပဲဖြစ်ဖြစ် နောင်ဘဝပဲ ဖြစ်ဖြစ် ဒါမှမဟုတ် အိပ်မက်ထဲမှာပဲ ဖြစ်ဖြစ်၊ သံသရာမှာပဲ ဖြစ်ဖြစ် ဝမ်လင်းဆိုတဲ့ နာမည်နဲ့ ကျင့်ကြံသူရဲ့ အနားကို မလာပါနဲ့။ သူ့နဲ့ သိဖို့ မလုပ်နဲ့။ သူနဲ့ မနီးစပ်စေနဲ့…”

လျှိုမေသည် ထွက်သွားခဲ့ပြီး ဖြစ်၏။ ဝမ်လင်းသည် သူ့စကားများကို သူမ ကြားသလား၊မကြားသလားကို မသိပေ။ သူသည် သူ့ခွန်အားကုန် အသုံးပြု၍ အော်ဟစ်လိုက်ခြင်းပင်။ အလင်းတန်းကမူ အရိပ်အယောင်ပင် မရှိတော့ပေ။

***

All Chapters