← Chapters

ရွှယ်ယွဲ့နိုင်ငံမှ ဧည့်သည်

Vol. 120 Ch. 1658

ရွှယ်ယွဲ့နိုင်ငံမှ ဧည့်သည်

Vol. 120 Ch. 1658

ဝမ်လင်းသည် သူ့စကားများက အသုံးဝင်သည်၊မဝင်သည်ကို မသိပေ။ သူသည်လည်း စိတ်ရှုပ်ထွေးသော အခြေအနေ ဖြစ်နေ၏။ အချိန်အတန်ကြာပြီးနောက် သူသည် ဆေးလုံးကို ကောက်ယူသိမ်းသည်။ ထို့နောက်တွင် သူသည် သက်ပြင်းချကာ ဆက်လျှောက်သွားလေ၏။

သူက တစ်ကိုယ်တည်း ဟင်္သာပြဒါးဂြိုဟ်တွင် ခရီးနှင်နေ၏။ သူသည် တစ်နေရာတည်းတွင် မနေပေ။ သူ၏လောကအပေါ် နားလည်မှုနှင့်အတူ မြစ်များ၊ တောင်းများအနှံ့ ဖြတ်သန်းသွားလာနေ၏။ သူသည် နိုင်ငံတစ်ခုမှသည် နောက်နိုင်ငံတစ်ခုသို့ ဆက်လျှောက်နေသည်။

နှစ်များ ကုန်လွန်လာ၏။ ဝမ်လင်းက လျှိုမေပေးခဲ့သော ဆေးလုံးကို သောက်ခဲ့သည်။ ထိုဆေးလုံးက သူ့ကိုစွမ်းအင်ပေးကာ လောကအနှံ့ ခြေဆန့်ချင်သည့် သူ့ဆန္ဒကို ဖြည့်ဆည်းပေးနိုင်သော ခွန်အားကို ပေးလေသည်။

လမ်းတစ်လျှောက်တွင် သူသည် မရေမတွက်နိုင်သော တစိမ်းတပြင်မျက်နှာများကို မြင်တွေ့ခဲ့ရသည်။ ထိုသူများကြားထဲတွင် တချို့က အကြင်နာတရား ရှိကြသည်။ တချို့က ကြမ်းကြုတ်ကြသည်။ တချို့က ခေါင်းမာကြသည်။

သူသည် ဓားပြများနှင့်လည်း ကြုံ့ခဲ့ရသေးသည်။ သို့သော် သူ ထိုသို့သောလူများနှင့် တွေ့ကြုံရတိုင်း နေရာတွင်ပင် မားမားရပ်နေရုံဖြင့် သူ့ထံမှ ခွန်အားပြည့်အရှိန်အဝါတစ်ခုကို ပေးစွမ်းလေ၏။ ဝမ်လင်းသည် ကျင့်ကြံသူများကိုပင် ထိတ်လန့်စေသူ ဖြစ်ရာ သေမျိုးများနှင့် ပတ်သတ်၍ ပြောနေစရာပင် မလိုတော့ပေ။

သူ ဆက်ခရီးနှင်လာရင်း သူ့မျက်နှာမှာ ပို၍ အိုစာလာသည်။ သို့သော် သူ့မျက်လုံးတို့ကမူ သာ၍ တောက်ပလာသည်။ ယင်းမျက်လုံးတို့၌ အတိုင်းမသိဉာဏ်ပညာနှင့် ဆင်ခြင်ဉာဏ်တို့ ပါဝင်နေသည်။ သူ့စိတ်မှာ ပြန်လည်မွေးဖွားကာ ဆင့်ကဲဖွံ့ဖြိုးနေ၏။

သူသည် မြို့များစွာသို့ သွားခဲ့၏။ လူများစွာကို တွေ့ခဲ့၏။ သူသည် မြို့တော်ပေါင်းများစွာသို့လည်း ရောက်ခဲ့သည်။ သူသည် အင်ပါယာမြို့တော်များရှိ အရာရှိများနှင့် တွေ့ဆုံရလည်း သူ့ပုံပန်းသွင်ပြင်၊ သူ့စကားလုံးများဖြင့် ထိုသူတို့ကို သူ့အပေါ် တဖြည်းဖြည်းလေးစားမှု ရှိလာအောင် လုပ်နိုင်ခဲ့သည်သာ။

သူသည် မြင့်မားသောအဆင့်အတန်းရှိသူ အင်ပါယာများနှင့်လည်း တွေ့ခဲ့သည်ပင်။ သူ့အမြင်၌ ထိုလူများမှာလည်း ဘာမှ ထူးခြားသွားတာ မရှိလေပေ။

ဝူနိုင်ငံ၊ နန်းတော်အတွင်း၌ တပ်သားထောင်ချီ ခြံရံထားသည်။ အင်ပါယာက အမိန့်ပေးလိုက်ပါက ထိုစစ်တပ်သည် လှုပ်ရှားပေမည်။ ထိုအင်ပါယာက ဝမ်လင်းကို သူ့နိုင်ငံတွင် နေစေလိုပြီး နိုင်ငံ၏ မဟာပညာရှိ ဖြစ်လာစေလိုသည်။

သို့သော် အဆုံးသပ်၌ ဝမ်လင်းသည် ပြုံး၍ ခေါင်းယမ်းကာ ထွက်ခွာလာခဲ့သည်ပင်။ ကောင်းကင်ထက်တွင် မိုးကြိုးသံတို့ မြည်ဟည်းပြီး ထိုကောင်းကင်မှာ အရောင်များ ပြောင်းလဲသည်။ စစ်သားထောင်ချီမှာလည်း သူ့ကို မတားဆီးဝံ့ပေ။ သူ ထွက်ခွာလာသည့်နောက် သူတို့အားလုံးသည် ဝမ်လင်းထံ တလေးတစား လက်နှစ်ဖက်ဆုပ်၍ နှုတ်ဆက်ကြလေ၏။

စွန်နိုင်ငံ၌လည်း စွန်အင်ပါယာနှင့် သူ့နောက်လိုက် အမှုထမ်းထောင်ချီသည် ဝမ်လင်း ခရီးထပ်ဆက်သည်ကို သူ့နောက်ကနေ လိုက်ပါပို့ဆောင်ပေးကြလေ၏။

သူ ဆက်၍ ခရီးနှင့်လာစဉ် မဟာပညာရှိဝမ်လင်း ဟူသော အမည်မှာ ဟင်္သာပြဒါးဂြိုဟ်ပေါ်တွင် မုန်တိုင်းထန်လေပြီ။ သည်မုန်တိုင်းမှာ ပို၍ ပြင်းထန်လာပြီး မရေမတွက်နိုင်သော လူများစွာက သူ၏နာမည်ကို မှတ်မှတ်ထင်ထင် ဖြစ်ကြလေ၏။

လမ်းတစ်လျှောက်တွင် ဝမ်လင်းသည် မရေမတွက်နိုင်သော တောင်များကို တွေ့မြင်ခဲ့၏။ သူသည် တောင်များပေါ်တွင် ရပ်ကာ လောကကို ကြည့်၍ ခွန်အားစွမ်းပကားကို ခံစားသည်။ သူသည် အင်မောတယ်များနှင့်လည်း တွေ့ခဲ့သည်ပင်။

ဟင်္သာပြဒါးဂြိုဟ်ပေါ်တွင် ကျင့်ကြံခြင်းနိုင်ငံများ၌ ကလန်များစွာ ရှိကြ၏။ ထိုကလန်အများစုကို ရှုမျှော်ခင်းကောင်းသော တောင်များပေါ်တွင် တည်ဆောက်ထားကြခြင်းပင်။ သို့သော် အချို့ကလန်များကိုမူ အန္တရာယ်များသောဧရိယာများတွင် တည်ဆောက်ထားကြသည်။

သူ ဖြတ်သန်းသွားသည့်တောင်တိုင်းတွင် ဝမ်လင်းသည် သူ့စိတ်ဆန္ဒအတိုင်း ကလန်တစ်ခုသို့ ဝင်ရောက်ကြည့်ရှုချင်ပါက ကြည့်ရှုသည်သာ ဖြစ်သည်။

ထိုကလန်များ၏ အကာအကွယ်အစီအရင်များသည် အမျိုးမျိုးဖြစ်သော်လည်း မည်သည့်အစီအရင်ကမှ ဝမ်လင်းကို မတားဆီးနိုင်ကြပေ။

ထိုအခါ နှစ်ပေါင်းများစွာ တံခါးပိတ်ကျင့်ကြံနေသော အကြီးအကဲများသည်ပင် ဝမ်လင်းထံမှ အစွမ်းထက်အရှိန်အဝါကြောင့် နိုးထလာကြရသည်။

ဝမ်လင်းသည် ကလန်ထဲသို့ တည်တည်ငြိမ်ငြိမ်ဝင်ရောက်၊ တည်တည်ငြိမ်ငြိမ် ပြန်ထွက်သွားသည်သာ။ သူသည် တောင်ကို ကြည့်၏။ ရှုခင်းများကို ပျော်မွေ့၏။ လောကကို ဆင်ခြင်လေ၏။

ကျင့်ကြံခြင်းလောကတွင်ပင် သေမျိုးမဟာပညာရှိ ဝမ်လင်းဟူသော နာမည်သည် တဖြည်းဖြည်း သတင်းပျံ့လာခဲ့သည်။ ဟင်္သာပြဒါးဂြိုဟ်ပေါ်ရှိ ဝမ်လင်းကို သိသော ကျင့်ကြံသူတိုင်းသည် လေးစားကြောက်ရွှံ့ကြသည်။ သူတို့က ဝမ်လင်း၏စွမ်းအားကို စိုးကြောက်သည် မဟုတ်၊ သူ့အတွေးအမြင်ကို လန့်ကြခြင်းတည်း။

“အင်မောတယ်ဖြစ်ဖြစ်၊ သေမျိုးဖြစ်ဖြစ်…အားလုံးဟာ ဒီတိုင်းဖြစ်တည်မှုတွေပဲ…”

ဝမ်လင်းသည် သူ သွားခဲ့သောနေရာတိုင်းတွင် တချို့စကားလုံးများကို ချန်ထားခဲ့လေ့ရှိသည်။

ကျင့်ကြံသူများကြား၌ ဉာဏ်အလင်းရဖို့၊ လောကကို ကြည့်မြင်နိုင်ဖို့ သူနှင့် စကားပြောဆိုသော လူများစွာ ရှိ၏။ သူတို့သည် သူတို့၏ကိုယ်ပိုင်နယ်ပယ်များကို ဖွဲ့စည်း၍ စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်းအဆင့်သို့ ရောက်ရှိကြသည်။ စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်း သို့မဟုတ် ထိုအဆင့်ထက် မြင့်သော ကျင့်ကြံသူများသည်ပင် သူ့ထံ လာရောက်စကားပြောကာ သူ၏စကားများကြောင့် တုန်လှုပ်ခြင်း ဖြစ်ရပေသည်။

တစ်နှစ်။ တစ်နှစ်။ အချိန်ကုန်လွန်လာ၏။ မျက်စိတစ်မှိတ်အတွင်း ဆယ့်နှစ်နှစ်တာကာလ တိုင်ခဲ့လေပြီ။

သည်ဆယ့်နှစ်နှစ်တာ ကာလအတွင်း ဝမ်လင်းသည် နေရာပေါင်းစုံသို့ သွားရောက်ခဲ့ပြီး ဖြစ်၏။ သူ မရောက်ရှိခဲ့သော နေရာများစွာသို့ပင် သူ၏အမည်မှာ မသိလိုက်မသိဘာသာ ပျံ့နှံ့ခဲ့လေပြီ။

လွန်ခဲ့သောဆယ့်နှစ်နှစ်က သူသည် ကျောက်နိုင်ငံကနေ တစ်ကိုယ်တည်း ထွက်လာခဲ့၏။ သူသည် ခုထိလည်း တစ်ကိုယ်တည်း ဟင်္သာပြဒါးဂြိုဟ်အနှံ့သို့ ခရီးနှင်ကာ ဆက်လျှောက်နေသည်။

ယနေ့၌ နှင်းများကျဆင်းနေစဉ် ဝမ်လင်းသည် သူ အမည်ပင်မသိသော နိုင်ငံတစ်ခုသို့ ရောက်လာခဲ့သည်။ ထိုနိုင်ငံမှာ ကြီးမားလွန်းပြီး ကျောက်နိုင်ငံသုံးနိုင်ငံပေါင်းစာလောက်မျှ ရှိသည်။

ဝမ်လင်းသည် သူ့အိပ်မက်ထဲရှိ မြို့တော်သို့ ရောက်လာခဲ့သည်။ နှင်းများကျနေစဉ် သူသည် ဂိတ်ဝတွင် ရပ်နေရင်း သူ၏အိုမင်းသောမျက်နှာထက်၌ အတိတ်ကိုအောက်မေ့ဟန် ဖြစ်ပေါ်သည်။ သူသည် အပေါ်ထပ်အင်္ကျီကို ခပ်တင်းတင်း ဖြစ်စေပြီး မြို့ထဲသို့ ဝင်လာခဲ့လေသည်။

နှင်းများဖုံးလွှမ်းနေသော မြေပြင်ထက်တွင် လျှောက်နေရင်း ဝမ်လင်းသည် မြို့ထဲရှိ ငြိမ်သက်တိတ်ဆိတ်သောလမ်းထဲ ဝင်လာသည်။ ဘေးနှစ်ဖက်နှစ်ချပ်တွင် ဆိုင်များစွာ ရှိနေ၏။ သို့သော် ဆိုင်များထဲ၌ လူသူကျဲပါးလှသည်။

ဒီရင်းနှီးသော နေရာကို ကြည့်၍ သူ့အိပ်မက်ထဲမှ ပုံရိပ်များသည် ပို၍ပင် အစစ်အမှန် ဆန်လာသည်။ ဝမ်လင်းသည် ရှေ့သို့ ဆက်လျှောက်လာရင်း မိန်းမောသည့်အနေအထားသို့ ဝင်ရောက်သွားသည်။

တန်၊တန်၊…တန်… အကွာအဝေးတစ်ခုမှ သံထုသံ ထွက်ပေါ်လာသည်။ ဝမ်လင်းသည် လှမ်းကြည့်လိုက်ရာ ပန်းပဲဆိုင်တစ်ခုကို တွေ့မြင်လိုက်ရ၏။

ထိုဆိုင်ထဲ၌ သက်လတ်ပိုင်းလူတစ်ယောက်က တူတစ်လက်ကို ကိုင်ကာ သံထည်ကို ထုနေသည်။

နှင်းများကျဆင်းနေသော်လည်း ထိုသူက အအေးဓာတ်မခံစားမိသလိုပင်။ သူသည် တူကို လွှဲ၍ ဆက်တိုက် ရိုက်နှက်လို့နေ၏။

သူ့ဘေးတွင် ကလေးထိုင်ခုံငယ်တစ်ခု ရှိနေပြီး ၎င်းနေရာ၌ အနွေးထည်ထူထူ ဝတ်ထားသော အသက်ခုနစ်နှစ်၊ရှစ်နှစ်ခန့်ကလေးတစ်ယောက် ထိုင်နေ၏။ ထိုကလေးလေးက သက်လတ်ပိုင်းလူကို စိတ်လှုပ်ရှားဟန်ဖြင့် ကြည့်နေသည်။

“စန်နူး..” ဝမ်လင်း၏အမြင်သည် ပို၍ ဝေဝါးလာပြီး သူက ညင်သာစွာ ခေါင်းယမ်းလိုက်၏။ သူ့ရှေ့ရှိ ကလေးငယ်မှာ သူ့အိပ်မက်ထဲမှ စန်နူးဟူသော ကလေးငယ်ပင် ဖြစ်နေ၏။

“ဦးလေး…သင် အပြင်မှာ ရပ်နေတာ အတော်ကြာပြီ။ အထဲဝင်ပြီး နွေးနွေးထွေးထွေးနေလေ…” သက်လတ်ပိုင်းလူက သူ့တူကို ချကာ သူ့ရင်ဘက်ရှိ ချွေးများကို သုတ်လိုက်သည်။ သူက ဆိုင်အပြင်ဘက်ရှိ ဝမ်လင်းဘက်သို့ လှည့်ကာ ပြုံးလိုက်၏။

ဝမ်လင်းသည် ခဏတာ မင်သက်သွားပြီးနောက် ပြုံး၍ ခေါင်းညိတ်လိုက်၏။ သူက ပန်းပဲဖိုထဲသို့ ဝင်သွားလိုက်ရာ လေပူများက သူ့ကိုယ်ပေါ်ရှိ နှင်းတော်တော်များများကို အရည်ပျော်သွားစေသည်။

“မိန်းမရေ…အရက်နည်းနည်းယူလာခဲ့ပေးအုံး… “ ထိုလူက အပေါ်ထပ်အင်္ကျီတစ်ထည် ကောက်ဝတ်လိုက်၏။ အသက်အရွယ်ကြီးရင့်နေပြီ ဖြစ်သော ဝမ်လင်းကို ကြည့်ကာ သူက ဝမ်လင်းကို ထိုင်ဖို့ ကူပေးလိုက်ပြီးနောက် ဘေးတွင် ဝင်ထိုင်လိုက်သည်။

ထိုသူက ပြုံး၍ ဆို၏။ “ဦးလေးက…ဒီဒေသခံ မဟုတ်ဘူးထင်တယ်…”

“ဝမ်လင်းသည် ဆိုင်သို့ ကြည့်ကာ နူးညံ့စွာ ပြောလိုက်သည်။ ငါ ဒီကို တစ်ကြိမ်မက ရောက်ခဲ့ဖူးပါတယ်။ အခုတော့ ဒီကို ထပ်ရောက်လာပြန်ပြီ။ ငါ ဟိုဟိုဒီဒီလှည့်ပတ် ကြည့်လိုက်အုံးမယ်…”

အသက်ခုနစ်နှစ်၊ရှစ်နှစ်ခန့်ကောင်လေးက ဝမ်လင်းကို စူးစမ်းလိုစိတ်ဖြင့် ကြည့်နေသည်။ သူက သူ့အမေ၏ ခေါ်သံကို ကြားသည့်အခါ ထကာ အပြေးလေး သွား၏။ သိပ်မကြာခင် သူသည် အရက်အိုးကိုင်ထားသော သက်လတ်ပိုင်းအမျိုးသမီးတစ်ယောက်နှင့်အတူ ပြန်ပေါ်လာသည်။ ထိုအမျိုးသမီးက ဝမ်လင်းအတွက် အရက်တစ်ခွက် ငှဲ့ပေးလိုက်၏။

“ဦးလေး…ရာသီဥတုက အေးတယ်။ သင် နည်းနည်းနွေးသွားအောင် အရက်တစ်ခွက်လောက် သောက်လိုက်ပါအုံး။ ဦးလေးက ဒီကို သင့်ရဲ့ဆွေမျိုးတွေရှိ လာတာလား…”

ဝမ်လင်းသည် ပြုံးလိုက်၏။ သူသည် စကားပြန်မဆိုပေ။ သူက အရက်ခွက်ကို ကောက်ကိုင်ကာ တစ်ငုံငုံပြီးနောက် တစ်ကျိုက်တည်း သောက်ချလိုက်လေ၏။

“ဦးလေး…ငါ့စန်မိသားစုရဲ့ အရက်ဟာ သိပ်ကောင်းတယ်နော်။ ဟုတ်တယ်မလား။ ဟားဟား။ ငါ့အဖိုးက ပန်းပဲသမားမဟုတ်ဘူး။ သူက အရက်ရောင်းတဲ့သူလေ။ ဒီပန်းပဲဖိုကို ဖွင့်တာကတော့ ငါ့လက်ထပ်ကျမှ ဖွင့်ခဲ့တာ…”

ထိုအမျိုးသားကလည်း သူ့အရက်ခွက်ကို ကောက်ယူကာ ရယ်မောကာ ပြောဆိုပြီး မော့လိုက်သည်။

ပန်းပဲဆိုင်အတွင်းရှိ မီးသည် အားကောင်းလှ၏။ ထို့အတွက် အပြင်ဘက်မှ နှင်းများကို အန်တုနိုင်နေသည်။

ဝမ်လင်းသည် နေရာတွင် ထိုင်၍ စန်မိသားစု၏ အရက်ကို သောက်နေ၏။ သူသည် အိပ်မက်လား၊ တကယ်လား မပြောနိုင် ဖြစ်နေသည်။

အချိန်အတန်ကြာပြီးနောက် နှင်းများ ကျဆင်းလာသည်မှာ လျော့ပါးလာပြီး ဝမ်လင်းသည် ထရပ်၍ နှုတ်ဆက်စကားဆိုသည်။ ဝမ်လင်းအပေါ် ဂရုဏာသက်နေသော အမျိုးသားက အရက်တချို့ကို ဝမ်လင်းအတွက် လက်ဆောင်ထည့်ပေးလိုက်သည်။

ဝမ်လင်း ထွက်လာချိန်၌ ကောင်းကင်ထက်တွင် မှောင်နေလေပြီ။ သို့သော် နှင်းများကျဆင်းနေသည့်အတွက် မြေပြင်ကမူ လင်းထင်းနေသေး၍ အတန်ဝေးဝေးထိ မြင်ရနိုင်သည်။ သူ ဆက်လျှောက်နေရင်း သူ့နောက်မှ ပန်းပဲဆိုင်သည် တဖြည်းဖြည်း ပျောက်ကွယ်သွားလေ၏။ သူသည် လရောင်အောက်၌ ဆက်လျှောက်လာ၏။

ထို တခဏတာ အနားယူခဲ့ပြီးနောက် ဝမ်လင်းသည် တစ်စုံတစ်ခုကို နားလည်သွားခဲ့သည့်ပုံ ရ၏။ သူသည် ဟင်္သာပြဒါးဂြိုဟ် အနှံ့သို့ ဆက်ခရီးနှင်နေပြီး နေရာများစွာသို့ သွားခဲ့သည်။ အခုဆို ဝမ်လင်း ကျောက်နိုင်ငံမှ ထွက်လာခဲ့တာ ဆယ့်ငါးနှစ်မြောက် ဖြစ်လာခဲ့သလို သူ့အသက်မှာလည်း ခုနစ်ဆယ်နီးနီး ရှိလာခဲ့လေပြီ။

သူ့ခါးမှာ ပိုကိုင်းလာခဲ့သည်။ သို့‌သော် သူ့မျက်လုံးများက ပိုတောက်ပလာခဲ့၏။ မည်သူကမျှ သူ့မျက်လုံးများကို ရဲရဲ မကြည့်ဝံ့လေပေ။ သူ့မျက်လုံးထဲ၌ ကံမ္မပါဝင်၏။ သေခြင်းရှင်ခြင်း ပါဝင်၏။ အမှန်နှင့်အမှား ပါဝင်နေ၏။ သူ့ဆရာ စုတောက်သည်ပင် ခုလိုမျိုး ဉာဏ်အလင်းများ မပိုင်ဆိုင်ထားခဲ့လေပေ။

ဆယ့်ငါးနှစ်မြောက်၏ နွေရာသီတွင် ထူးဆန်းသောနိုင်ငံတစ်ခုအတွင်း၌ မိုးများ ရွာသွန်းနေစဉ် ဝမ်လင်းက လမ်းမဘေးရှိ အဆောက်အဦတစ်ခုထဲ၌ ရပ်နေ၏။ သူသည် အပြင်ဘက်ရှိ မိုးရွာသွန်းနေသည်ကို ကြည့်နေသည်။ သူသည် မိုးများကို ဖြတ်သန်း၍ အကွာအဝေးတစ်ခုရှိ ပင်လယ်တစ်ခုကို ဝိုးတဝါး တွေ့မြင်သည်။

ထိုပင်လယ်မှာ ကြီးမားလွန်းကာ ၎င်းက ကုန်းမြေနှစ်ခုကို ပိုင်းခြားထားပေးသည်။

ပင်လယ်၏ တခြားတစ်ဖက်၌ နိုင်ငံများစွာ ရှိ၏။ ၎င်းမှာ ဝမ်လင်း သွားချင်သော နောက်ဆုံးနေရာပင်။ ထိုနေရာတွင် သူ၏ တခြားဘဝထဲတွင် သူ ချင်ခင်စုံမက်ရသော အမျိုးသမီးတစ်ယောက် ရှိသည်။ ထို့ကြောင့် သူ တစ်ခေါက်လောက် သွားကြည့်ရပေမည်။

မိုးများက အတန်းလိုက်ရွာသွန်းနေ၏။ ဝမ်လင်းသည် မိုးရွာသွန်းသည်ကို ကြည့်၍ မိုးသံကို ဖြည်းဖြည်းချင်း မျက်လုံးမှိတ်ကာ နားထောင်သည်။ သူ မျက်လုံးမှိတ်လိုက်စဉ် အကွာအဝေးတစ်ခုမှ အမျိုးသမီးတစ်ယောက်၏ပုံရိပ် ချဉ်းကပ်လာနေသည်။

ထိုအမျိုးသမီးကို အေးစက်စက်အော်ရာတစ်ခုက ခြုံလွှမ်းထားသည့်ပုံပင်။ သူမ လျှောက်လာနေရင်း အက်သံများ ကြားရကာ မိုးသည်ပင် အေးခဲသွားသည့်အလား။

သူမက ကလေးတစ်ယောက်ကို ချီပွေ့ထား၏။ ထိုကလေးအပေါ်သို့ မည်သည့်မိုးစက်မျှ ကျမနေဘဲ သူက အိပ်ပျော်နေသည်။

ထိုအမျိုးသမီးက အဆောက်အဦရှေ့တွင် ရပ်လိုက်၏။ သူမက သက်လတ်ပိုင်းအရွယ်ပင်။ သို့သော် သူမသည် လှပနေဆဲ။ နူးညံ့နေဆဲပင်။ သို့ပေမည့် သူမ၏အေးစက်စက်အော်ရာက အားကောင်းသော သတ်ဖြတ်လိုစိတ်ကို ဖော်ကျူးပေးစွမ်းနေ၏။

“သင်က မဟာပညာရှိဝမ်လင်းလား…”

ဝမ်လင်းသည် မျက်လုံးဖွင့်လိုက်၏။ သူသည် သူ့ရှေ့ရှိ အမျိုးသမီးကို တည်ငြိမ်စွာ ကြည့်၍ ခေါင်းညိတ်ပြသည်။

တစ်ယောက်က အဆောက်အဦထဲတွင် ရပ်နေ၍ မိုးမရွာ၊ တခြားတစ်ယောက်မှာ အပြင်ဘက်တွင် ရပ်နေသော မိုးမရွာပေ။ သူမ၏ပတ်လည်ရှိ မိုးစက်များအားလုံးမှာ ရေခဲအဖြစ်သို့ ပြောင်းသည်။

“ငါဟာ ရွှယ်ယွဲ့နိုင်ငံကလာခဲ့တာပါ။ ငါ သင့်ကို မေးခွန်းတစ်ခု မေးချင်တယ်…” ထိုအမျိုးသမီး၏အသံမှာ အေးစက်လေ၏။

***

All Chapters