လီမူဝမ်…
Vol. 120 Ch. 1659
ဝမ်လင်းသည် ထိုအမျိုးသမီးကို ကြည့်သည်။ သူ့အကြည့်က ဂွမ်းကပ်ဖြင့် ထွေးခြုံပေးထားသော ကလေးငယ်ပေါ်သို့ ကျရောက်သွားသည်။ အနည်းငယ် စဉ်းစားပြီးနောက် သူက ခေါင်းညိတ်လိုက်သည်။
ထိုအမျိုးသမီး၏အမူအရာမှာ မထူးခြားနားပင်။ သူမ၏မျက်လုံးထဲတွင် ဆောင်းရာသီလေ ပါဝင်နေသည့်အလား။ သူမသည် ဝမ်လင်းကို ကြည့်၏။
“သင့်နာမည်ဟာ ဟင်္သာပြဒါးဂြိုဟ်အနှံ့ ကျော်ကြားပါတယ်။ ငါ ရွှယ်ယွဲ့နိုင်ငံကို လာတဲ့တစ်လမ်းလုံး သင့်အကြောင်း ကြားခဲ့ရတယ်။ ဆရာဟာ ကျင့်ကြံသူများစွာကို လောကကို နားလည်စေဖို့အတွက်လည်း ကူညီပေးခဲ့တဲ့ မဟာပညာရှိ ဖြစ်တယ်…”
“ငါ ဒီနေ့ လာခဲ့တာက ဒီကလေးအတွက်ပါ…” ထိုအမျိုးသမီးက အိပ်ပျော်နေသော ကလေးငယ်ကို ငုံ့ကြည့်လိုက်၏။ သူမ၏အေးစက်စက် မျက်လုံးထဲတွင် နူးညံ့ကြင်နာမှု ဖျပ်ခနဲ ပေါ်သည်။
သူမ ချီပွေ့ထားသော လက်ထဲရှိ ကလေးငယ်ကို ကြည့်သည့်အခါ၌ သူမ၏အေးစက်စက်အသံသည်ပင် လျော့ပါးသွားလေ၏။ သူမက ပြောလိုက်သည်။ “လူတိုင်းက ဆရာဟာ လောကကို ဖြတ်မြင်ပြီး ကံမ္မကို နားလည်တယ်လို့ ပြောကြတယ်။ သေခြင်းရှင်ခြင်းဟာ မထူးခြားနားလှဘူးလို့ ဆိုတယ်လို့ ပြောတယ်။ အမှန်နဲ့အမှားကြား လျှောက်လှမ်းတယ်လို့ ပြောတယ်။ သင် ဒီကလေးရဲ့ ကိုယ်ပိုင်လမ်းကြောင်းကို ပေးစွမ်းနိုင်မလား…”
“သူမ မွေးဖွားလာတဲ့အချိန်မှာ ဒီကလေးရဲ့ မိဘနှစ်ပါးလုံးက သေဆုံးသွားခဲ့ကြပြီ။ ငါ ဖြတ်သွားဖြတ်လာခဲ့တဲ့ အချိန်မှာ သူမကို မြင်ခဲ့စဉ်က သူမဟာ အေးခဲတောင့်တင်းနေပြီး သေရတော့မှာ။ ငါ သနားသွားပြီး သေသေချာချာကြည့်လိုက်တော့ သူမဟာ အလွန်ပါရမီပါတာကို တွေ့လိုက်တယ်။ သူမရဲ့ခန္ဓာကိုယ်ထဲမှာ ဒြပ်စင်ငါးခုရဲ့ အော်ရာ ပိုင်ဆိုင်ထားတယ်။ သူမသာ ရှင်သန်နိုင်ခဲ့မယ်ဆိုရင် ဟင်္သာပြုဒါးဂြိုဟ်အတွက် နေတစ်စင်းလို ဖြစ်လာမှာပဲ…”
“ဒါပေမဲ့ သူမရဲ့ဘဝဟာ ကြမ်းတမ်းလိမ့်မယ်။ ငါ ရှေ့ဖြစ် ကောင်းကောင်းကြည့်တတ်တော့ ဒီကလေးမဟာ ကပ်ဘေးတစ်ခုကို ရင်ဆိုင်ရလိမ့်မယ်ဆိုတာ ငါ ကြိုတွေ့မြင်ခဲ့တယ်။ ငါ သူမနဲ့ ဆုံမှတော့ ငါကိုယ်တိုင်လည်း ပါဝင်ပတ်သတ်လာခဲ့ရတော့တယ်။ သူမရဲ့ ကပ်ဘေးကို ကျော်လွှားနိုင်ဖို့ ကူညီပေးရမယ့် တစ်စုံတစ်ယောက် ဖြစ်လာခဲ့ရတယ်…”
“သူမ ပိုကြီးပြင်းလာလေလေ သေခြင်းရှင်ခြင်းကပ်ဘေးဟာ ပို ရှင်းလင်းလာလေပဲ။ ငါ့ကျင့်ကြံမှုအဆင့်ဟာ အကန့်အသတ် ရှိတော့ ငါဟာ သူမကြီးပြင်းလာတာကနေ ဟန့်တားထားနိုင်ဖို့ မန္တာန်တစ်ခုကိုပဲ အသုံးပြုနိုင်ပြီး သူမကို ကလေးငယ်တစ်ယောက်ရဲ့ အနေအထားတိုင်း ရှိနေစေရတယ်…”
“ဆရာဟာ အရည်အချင်း သိပ်ရှိတယ်လို့ ငါ ကြားခဲ့ရပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့ ကူညီနိုင်မလားလို့ ငါ ထင်ခဲ့တာ…” သူမသည် ညင်ညင်သာသာ ပြောနေရင်းပင် သူမ၏အသံက အေးစက်နေ၏။
ထိုအခိုက်တွင် ကောင်းကင်ထက်၌ လျှပ်စီးလင်းလက်ကာ မိုးခြိမ်းသွားသည်။ မိုးကြိုးသံသည် ကျယ်လောင်သွားဟန်ရကာ အိပ်ပျော်နေသော ကလေးငယ်က နိုးလာ၏။ သူမသည် မျက်လုံးဖွင့်ကာ စတင် ငိုကြွေးတော့သည်။
မိုးကြိုးခြိမ်းသံ ပြီးဆုံးသွားသော်လည်း ကလေးငယ်၏ငိုငံက ရှိနေဆဲပင်။
ဝမ်လင်းသည် ထိုကလေးငယ်ကို ကြည့်ကာ နူးညံ့စွာ ပြောလိုက်သည်။ “သူမကို ငါ ချီပါရစေ…”
ထိုအမျိုးသမီးက ခဏတာ စဉ်းစားပြီးနောက် ဝမ်လင်းထံ ကလေးငယ်ကို လက်လွှဲပေးလိုက်၏။ ဝမ်လင်းသည် ထိုကလေးငယ်ကို ပွေ့ကာ ငုံ့ကြည့်လိုက်သည်။ ထိုကလေးငယ်လေးမှာ မိန်းကလေး ဖြစ်၏။ သူမသည် ငိုနေသော်လည်း အတော်လေးကို ချစ်ဖွယ်ကောင်းနေတုန်းပင်။ သူမ၏စိတ်ဝိညာဉ်ထဲ၌ ထင်းကျန်နေသော အနီရောင်အစက်အပြောက်တစ်ခုပါ ရှိနေသည့်အလား။
သူမ၏မျက်လုံးမှ မျက်ရည်များစီးကျနေသဖြင့် သူမကို ခြုံလွှမ်းပေးထားသော ဂွမ်းပတ်မှာ စိုလာသည်။
၎င်းမှာ ထူးဆန်း၏။ ထိုကလေးငယ်လေးက နိုးလာချိန်၌ အမျိုးသမီး၏လက်ထဲတွင်မူ ငိုနေသည်။ သို့သော် ဝမ်လင်းလက်ထဲတွင်မူ တဖြည်းဖြည်း အငိုတိတ်သွားသည်။ သူမ၏အပြစ်ကင်းစင်သော မျက်လုံးလေးကို ဖွင့်ကာ ဝမ်လင်းကို ကြည့်နေ၏။
ဝမ်လင်းက ပြုံးလိုက်၏။ သူ့ညာလက်ဖြင့် ကလေးငယ်လေး၏ နှာခေါင်းကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။ ထိုပေါက်စနလေးသည် ချက်ခြင်းပင် ပျော်ရွှင်သွားဟန်ဖြင့် ခပ်ကျယ်ကျယ် ထရယ်တော့သည်။
ဝမ်လင်းသည် ညင်သာစွာ မေးလိုက်သည်။ “သူမရဲ့ နာမည်က ဘာများလဲ…”
ထိုအမျိုးသမီးက အနည်းငယ် စဉ်းစားပြီးနောက် ပြောလာသည်။ “သူမရဲ့ မိဘတွေက အစောကတည်းက သေသွားခဲ့ကြတာ။ ဒါ့ကြောင့် ငါ သူတို့ကို မသိဘူး။ ဒီနှစ်တွေမှာ ငါ့အနေနဲ့ ဒီကလေးမလေးကို နာမည်တစ်ခုတလေ မပေးခဲ့ဖူးဘူး။ သင်ပဲ ဒီကလေးမလေးကို နာမည်ပေးပေးရင်ရော …အဆင်မပြေဘူးလား…” သူမ၏အသံသည် အေးစက်မှု ပါနေဆဲပင်။
ဝမ်လင်းသည် ပြုံးပျော်နေသော ကလေးမငယ်လေးကို ကြည့်သည်။ သူသည် ထိုကလေးမလေး၏ ခန္ဓာကိုယ်ထံမှ ရင်းနှီးသလိုအော်ရာကို ခပ်ရေးရေး ခံစားမိသည်။ အချိန်အတန်ကြာပြီးနောက် ဝမ်လင်းသည် မိုးရွာသွန်းနေသည်ကို မော့ကြည့်လိုက်၏။ အကွာအဝေးတစ်ခုတွင်တော့ မိုးများ ရွာသန်းနေသည်ပင်။ ထိုစဉ် ရောင်စုံလိပ်ပြာတစ်ကောင်သည် လေနှင့်မိုးကို ကာကွယ်နိုင်ရန် သစ်ရွက်အောက်တွင် ကွယ်နေ၏။
၎င်း၏တောင်ပံများက မိုးရေများဖြင့် စိုရွှဲနေခဲ့ပါက ၎င်းသည် ပျံသန်းနိုင်လိမ့်မည် မဟုတ်ပေ။
၎င်းလိပ်ပြာ၏ ခန္ဓာကိုယ်က လေနှင့် ထိမှန်ခြင်း ခံရပါက လူတစ်ယောက်အတွက်ဆို မုန်တိုင်းတစ်ခု ထိမှန်ခြင်း ခံရသည်နှင့် တူပေလိမ့်မည်။
သစ်ရွက်အောက်ရှိ လိပ်ပြာကို ကြည့်ကာ ဝမ်လင်း၏မျက်လုံးထဲ၌ ဉာဏ်အလင်း လှစ်ဟပေါ်သည်။ သူက ထိုလိပ်ပြာကို အချိန်အတန်ကြာ ကြည့်နေ၏။
“သူမကို အနီရောင်လိပ်ပြာလို့ပဲ ခေါ်ကြတာပေါ့။ သူမဟာ ဘဝမှာ ဝံ့ဝံ့ကြွားကြွား ထင်ပေါ်စွာနဲ့ လျှောက်လှမ်းနိုင်လိမ့်မယ်…”
ဝမ်လင်း၏ စကားလုံးများသည် ညင်သာတိုးဖွလေ၏။ သူသည် ထိုကလေးမငယ်လေးကို ကြည့်သည့်အခါ၌ ရှင်းမပြတတ်သောခံစားချက်တစ်ခု ဖြစ်ပေါ်သည်။ ထိုကလေးမလေးက ဝမ်လင်း၏စကားကို နားလည်လိုက်သည့်အလား ထပ်မံ ရယ်မောပြန်သည်။
“ငါက ဘာမန္တာန်ကိုမှ မသိပါဘူး။ သူမရဲ့ သေခြင်းရှင်ခြင်းကပ်ဘေးကို ဘယ်လို ရှောင်လွှဲဖို့ ဘယ်လို ကူညီရမလဲလည်း မသိဘူး။ ငါဟာ အိပ်မက်ထဲမှာတော့ တစ်စုံတစ်ရာကို တွေ့မြင်ခဲ့တယ်။ ငါ သင့်အတွက် ဒါကို ရေးဆွဲပြမယ်။ သင် ဒါကို နားလည်နိုင်ရင် သူမရဲ့ သေခြင်းရှင်ခြင်းကပ်ဘေးကို ဖြေရှင်းကောင်း ဖြေရှင်းနိုင်လိမ့်မယ်…” ဝမ်လင်းသည် သက်ပြင်းချကာ ထိုကလေးငယ်မလေးကို အေးတိအေးစက်အမျိုးသမီးထံ ပြန်ပေးလိုက်သည်။ သူသည် ညာလက်ကို ပင့်မြှောက်၍ မိုးစက်များထံ ဦးတည်ကာ သည်အဆောက်အဦထဲရှိ ကျောက်ပြားတစ်ခုထံသို့ ဆန့်တန်းလိုက်သည်။ သူသည် တစ်စုံတစ်ခုကို ပြန်စဉ်းစားနေသည့်နှယ် မျက်လုံးမှိတ်လိုက်ပြီးနောက် ရှုပ်ထွေးသောပုံစံကွက်တစ်ခုကို ရေးဆွဲလေသည်။
ထိုပုံစံကွက်သည် အစီအရင်တစ်ခုပင်။ ထိုအစီအရင်မှာ အလွန်တရာ ရှုပ်ထွေးသည်။ ၎င်းက ရွှယ်ယွဲနိုင်ငံမှ အမျိုးသမီးကို တုန်လှုပ်သွားစေ၏။ သူမသည် ၎င်းကို သေသေချာချာ မှတ်သားထားလိုက်သည်။
အချိန်အတန်ကြာပြီးနောက် ဝမ်လင်းသည် သူ့နောက်ဆုံး ရေးဆွဲချက်ကို အပြီးသပ်ကာ မျက်လုံး ပြန်ဖွင့်လာသည်။
“နင်…ဒါကို နားလည်မယ်ဆိုရင် ကလေးမငယ်လေးရဲ့ ဆံပင်တစ်မျှင်ကို ယူပြီး ဒီအစီအရင်ထဲ နေရာချထားပါ…” ဝမ်လင်းသည် စိတ်ရှုပ်ထွေးဟန်ဖြင့် ကောင်းကင်ထက်သို့ မော့ကြည့်လိုက်သည်။
ကျောက်ပြားပေါ်ရှိ ပုံစံကွက်မှာလည်း လေနှင့်အတူ တဖြည်းဖြည်း လွင့်ပါးပျောက်ကွယ်သွားကာ ရှင်းလင်းစွာ ထပ်မမြင်ရတော့ပေ။ ရွှယ်ယွဲ့နိုင်ငံမှ အမျိုးသမီးသည် ခဏတာ မျက်လုံးမှိတ်လိုက်ပြီးနောက် ဝမ်လင်းထံ ဦးညွှတ်လိုက်သည်။ သူမသညည် ကလေးမငယ်ကို ပွေ့ချီကာ မိုးရွာထဲ လျှောက်လှမ်းသွားတော့သည်။
ဝမ်လင်းသည် ထိုအမျိုးသမီး၏ နောက်ကျောကို မကြည့်ပေ။ သူက အဆောက်အဦကို စိုက်ကြည့်နေ၏။ အားပျော့လာသော မိုးရွာသွန်းမှုကို ကြည့်ရှုနေ၏။ သူ့မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးမှု ရှိနေသည်။
“ကံမ္မ…အတိတ်ဘဝရဲ့ ဒီကံမ္မဟာ အစစ်အမှန်လား…ဒါမှမဟုတ် အမှားလား။ ဒီကံမ္မကို ငါ့ဘာသာပဲ ပြီးပြည့်စုံနိုင်မှာ…” ဝမ်လင်းသည် နားမလည်ပေ။ အဆောက်အဦအပြင်ဘက်တွင် မိုးရွာတာ ရပ်သွားပြီး သက်တံတစ်ခု ပေါ်လာခဲ့သည်။
သစ်ရွက်အောက်တွင် မိုးခိုနေခဲ့သော လိပ်ပြာမှာလည်း လေထဲသို့ ပျံသန်းသွားလေသည်။ ၎င်းသည် ဝမ်လင်းရှေ့သို့ ပျံဝဲလာပြီးနောက် အကွာအဝေးတစ်ခုသို့ ပျံသန်းထွက်သွားတော့သည်။
သက်ပြင်းချ၍ ဝမ်လင်းသည် အဆောက်အဦထဲမှ လှမ်းထွက်လာသည်။ သူသည် ပင်လယ်ထံသို့ ဦးတည်၍ လျှောက်လှမ်းလာသည်။
ကျောက်နိုင်ငံကနေ ထွက်လာပြီး ဆယ့်ငါးနှစ်မြောက်နေ့တွင် ဝမ်လင်းသည် ပင်လယ်အနီးအနားသို့ ရောက်လာခဲ့လေပြီ။ ပင်လယ်ခြားထားသော ကုန်းမြေနှစ်ခုကြား ကုန်သည်သင်္ဘောကြီးတစ်စင်းက ရွက်လွှင့်လေသည်။ သူသည် ဟိုဘက်ကုန်းမြေရှိ လောကကို ကြည့်မြင်ဖို့ ခရီးနှင်တော့မည်။
ပင်လယ်သည် အဆုံးအဆမဲ့ကာ ထုထည်ကြီးလှ၏။ သင်္ဘောကြီး ရွက်လွှင့်နေရင်း လေများတိုက်ခတ်၊ လှိုင်းများ လှိမ့်တက်သည်။ သင်္ဘောပေါ်တွင် ရပ်နေရင်း ဝမ်လင်းသည် ပင်လယ်လေပြေရနံ့ကို ရသည်။ သူ့ဆံပင်ဖြူများက လွင့်ဝဲနေသည်။ ပင်လယ်လေ တိုက်ခတ်နေ၏။ သို့သော် ယင်းလေမှာ အချိန်၏အရိပ်အယောင်ကိုမူ တိုက်ခတ်လွင့်ပါးစေနိုင်ခြင်း မရှိလေပေ။
အခုက ဝမ်လင်းအနေဖြင့် ပင်လယ်ကို ဖြတ်သန်းခရီးနှင်တာ ပထမဆုံးပင်။ သို့သော် သူသည် သက်တောင့်သက်သာသာ ဖြစ်၏။ သူက ရေပြင်ကို ကြည့်နေ၏။
ပင်လယ်ထက်ရှိ ကောင်းကင်ယံ၌ ဇင်ယော်ငှက်များ အုပ်စုဖွဲ့ကာ ဝဲပျံ့လို့နေသည်။ နေအလင်းက ပင်လယ်တပြင်လုံး ခြုံလွှမ်းထားသည်။
တစ်လ၊နှစ်လ၊သုံးလ…။ ငါးလခန့်ကြာပြီးနောက် သင်္ဘောကြီးသည် ပင်လယ်အနက်ပိုင်းသို့ လုံးဝ ဝင်ရောက်လာခဲ့လေပြီ။ လေများ တိုက်လတ်နေရင်း သင်္ဘောသားများကလည်း ပင်လယ်ပြင်သီချင်းများကို သီဆိုကြလေ၏။ ဝမ်လင်းက ပြုံးမိသည်။
ခြောက်လမြောက်ရှိ ထိုနေ့တွင် မနက်ခင်းအစောပိုင်း နေမင်း မြင့်တက်လာချိန်၌ ဝမ်လင်းသည် အပြင်ဘက်ရှိ ဆူညံဆူညံအသံများကြောင့် နိုးလာ၏။ သူက လှမ်းလျှောက်လာရာ တစ်နှစ်ခွဲမျှ သူနှင့်အတူ ရှိနေသော သင်္ဘောသားများသည် သင်္ဘောကြမ်းပြင်ပေါ်တွင် ဒူးထောက်နေသည်ကို မြင်လိုက်ရသည်။ သူတို့သည် အရှေ့အရပ်ကို မူတည်၍ ဆုတောင်းပူဇော်နေကြခြင်းပင်။
ဝမ်လင်းသည် လှမ်းကြည့်လိုက်ရာ သူ့ခန္ဓာကိုယ်မှာ တုန်ယင်သွားလေ၏။
ပင်လယ်ပြင် အရှေ့အရပ်၌ မှုန်ရီသော ကောင်းကင်ကြားမှာ ပုံရိပ်ယောင်ပုံရိပ်တစ်ခု ထွက်ပေါ်နေသည်။ ထိုပုံရိပ်သည် မီးတောင်တစ်ခု ဖြစ်ကာ ၎င်းသည် ပေါက်ကွဲနေသည်။ တောင်များသည် တုန်ဟည်းကာ အက်ကြောင်းကြီးနှစ်ခုက နဂါးနှစ်ကောင် ယှဉ်ထွေးလိမ်ကာ ပေါ်လာသည့်နှယ်။ ၎င်းမှာ သင်္ကေတတစ်ခု ဖြစ်၏။
အဆုံးမဲ့ချောရည်ပူများ ပန်းထွက်နေပြီး အခိုးအငွေ့များလည်း လှိုက်တက်၍ ပုံရိပ်အတွင်းရှိ ကောင်းကင်ကို ဖုံးလွှမ်းလျက် ရှိသည်။ ၎င်းမှာ ပုံရိပ်တစ်ခုမျှသာ ဖြစ်၏။ ထိုမီးတောင်ပေါက်ကွဲသည့် မြင်ကွင်းသည် သင်္ဘောပေါ်ရှိ လူတိုင်းကို ဒူးထောက်နေစေခြင်းပင်။
အဝေးမှ ကြည့်ပါက ထိုပုံရိပ်သည် လောကနှင့် ပေါင်းစပ်နေသည့်နှယ်။ အစစ်အမှန်ဆန်၏။ သို့သော် တစ်ချိန်တည်းမှာလည်း မှုန့်မှိုင်း၍မပြတ်မသားဖြစ်မှု အငွေ့အသက်ကိုလည်း ပေးစွမ်းနေသည်။ ၎င်းပုံရိပ်ကို လူအများအနေဖြင့် အစစ်အမှန်လား၊ အတုအယောင်လား မပြောနိုင် ဖြစ်ရသည်။
ဝမ်လင်းသည် ထိုပုံရိပ်ယောင်လောကကို စိုက်ကြည့်နေရင်း သူ့စိတ်မှာ တုန်ဟည်းနေ၏။
“အမှန်နဲ့အမှား…အမှန်နဲ့အမှား…။ ဆိုရိုးအရတော့ ပင်လယ်ပြင်မှာ ရှန့်လို့ခေါ်တဲ့ စိတ်ဝိညာဉ်တစ်ခု ပိုင်ဆိုင်ထားတယ်တဲ့။ ဒီစိတ်ဝိညာဉ် အသက်ရှုမှုဟာ တံလျှပ်တစ်ခုကို ဖန်တီးတယ်…ဒီမြင်ကွင်း…ဒီမြင်ကွင်းဟာ အစစ်လား၊ အတုလား။ ဒီမြင်ကွင်းပုံရိပ်ဟာ တနေရာရာမှာ တကယ်ပဲ တည်ရှိတာလား။ ဒါမှမဟုတ် အတုအယောင်လား…” “ပင်လယ်စိတ်ဝိညာဉ်…ဒေါသမထွက်ပါနဲ့။ ဒေါသမထွက်ပါနဲ့။ ဒေါသ မထွက်ပါနဲ့…” သေမျိုးသင်္ဘောသားများသည် တုန်ယင်နေလျက် ဒူးထောက် ဆုတောင်းနေကြသည်။ သူတို့၏စိတ်နှလုံးများ တုန်ခါနေ၏။ ၎င်းမြင်ကွင်းပုံရိပ်ကို တွေ့မြင်ဖူးသည်မှာ သူတို့အဖို့ ပထမဆုံး မဟုတ်သော်လည်း သူတို့သည် ထိုသို့သောပုံရိပ်ကို များများစားစား မမြင်ဖူးခဲ့ကြပေ။
ရှေးအဆိုအရ ပင်လယ်ထဲ၌ ပုံရိပ်ယောင်မြင်ကွင်းတစ်ခုကို တွေ့မြင်ရခြင်းမှာ ပင်လယ်စိတ်ဝိညာဉ်က ဒေါသထွက်၍ ပင်လယ်ရှိ သက်ရှိအားလုံးကို အပြစ်ပေးမည်ဟူ၍ပင်။
ဝမ်လင်း၏ အကြည့်မှာ ဝေဝါးနေ၏။ သူသည် သေမျိုးများ ပြန်ထကာ သင်္ဘောပေါ်ရှိ ကုန်စည်များကို ပင်လယ်ထဲ ပစ်ချသည်ကိုလည်း မမြင်ပေ။ ထိုသူတို့က ပင်လယ်စိတ်ဝိညာဉ်အတွက် ကုန်စည်များကို စတေးသည့်အနေဖြင့် ပူဇော်သည့်အနေဖြင့် ပင်လယ်ထဲ ပစ်ချနေခြင်းပင်။ ပင်လယ်စိတ်ဝိညာဉ်၏ ဒေါသကို တောင်းပန်ပြေလျှော့စေရန် ကြိုးပမ်းနေကြခြင်း ဖြစ်သည်။
“ဒါဟာ အတုအယောင်ပဲ ဖြစ်လိမ့်မယ်။ တကယ် မတည်ရှိနိုင်ဘူး။ လုံးဝ ပုံရိပ်ယောင်ပဲ။ ဒါဟာ ဒီလောကမှာ ပေါ်လာနိုင်တဲ့ အရာတစ်ခုခု မဟုတ်နိုင်ဘူး…”
“ဒါဟာ ပင်လယ်ပြင်အောက်မှာ အင်မောတယ်တစ်ယောက် ကျင့်ကြံနေတာလည်း ဖြစ်နိုင်တယ်။ သူတို့ရဲ့ မန္တာန်တွေက ဒီလိုမြင်ကွင်းမျိုးကို ဖြစ်စေနိုင်တယ်…” ဝမ်လင်းသည် ခပ်တိုးတိုး ရေရွတ်လိုက်၏။ သူသည် လောက၏အမှန်တရားကို တွေ့မြင်ခဲ့ပြီး ဖြစ်၏။ သို့သော် သူ အခု တွေ့မြင်ရသည့်အရာမှာ အံ့မခန်း ဖြစ်လို့နေသည်။
ဝမ်လင်းသည် အသက်ဝဝရှုသွင်းကာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “အတုအယောင်…ဒါဟာ အတုအယောင်ပဲ…” သို့ပေမည့် သူ့အသံသည် ရုတ်တရက် ရပ်တန့်သွားပြီး သူ မျက်လုံးပြူးသွားသည်။ သူ့ညာလက်ကို မြှောက်ကာ အကွာအဝေးတစ်ခုရှိ မီးတောင်ပုံရိပ်ယောင်ထံ အလိုလို လက်ညှိုးထိုးမိလိုက်သည်။ သူ့မျက်လုံးထဲတွင်လည်း မယုံကြည်နိုင်မှုတို့ ပြည့်နှက်လာ၏။
“ဒါက…သူမပဲ…”
ပုံရိပ်ယောင်မီးတောင်ပုံရိပ် အတွင်း၌ အမည်းရောင်မီးခိုးငွေ့များ ပြည့်နှက်နေစဉ် အမျိုးသမီးတစ်ယောက် ပေါ်လာသည်။ သူမသည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမသည် အလွန်အမင်း လှပခြင်း မရှိသော်လည်း နူးညံ့ညင်သာမှုကို ပေးစွမ်းသည်။ သူမ၏ဆံပင်ရှည်များသည် လွင့်ဝဲလျက် သူမ၏ ဝတ်ရုံနှင့်အတူ တဖျတ်ဖျတ် ကခုန်သည်။ သူမသည် နတ်သမီးလေးတစ်ပါးအလား ထင်မှားရလေ၏။
ထိုအမျိုးသမီးသည် အမည်းရောင်မီးခိုးတိမ်စိုင်များကြားကနေ လှမ်းထွက်လာပြီး သူမ၏ ကျောက်စိမ်းကဲ့သို့လက်ကို အောက်ဘက်သို့ ညွှန်လိုက်သည်။ ပေါက်ကွဲနေသော မီးတောင်သည် တုန်ခါသွားပြီး ပျောက်ကွယ်တော့မည့် အရိပ်အယောင် ပြသလာသည်။
ဝမ်လင်းသည် ထိုအမျိုးသမီးကို တွေ့မြင်သည့်အခါ နေရာတွင်ပင် ကြောင်ရီစွာ ရပ်နေမိပြီး သူ့ခွန်အားအားလုံး ဆုံးရှုံးသွားသည့်အလား။ ဘာကြောင့်မှန်းမသိရသော ဝမ်းနည်းမှုအငွေ့အသက်က မြင့်တက်လာခဲ့ကာ သူ့ခန္ဓာကိုယ်အနှံ့ မုန်တိုင်းတစ်ခုနှယ် တိုက်ခတ်သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးသည် ဝမ်းနည်းမှုကြောင့် တုန်ရီနေ၏။ သူ့မျက်လုံးထံမှ မျက်ရည်စီးကြောင်းနှစ်ခု လိမ့်ဆင်းကျလာသည်။
“ဒါက သူမပဲ…” ဝမ်လင်းသည် အိုမင်းနေပြီ ဖြစ်၏။ သို့သော် အခုချိန် သူသည် ပို၍ပင် အိုစာသွားသည်။ သူသည် သင်္ဘောလက်ယမ်းပေါ် မှီလိုက်ပြီး ပုံရိပ်ယောင်အတွင်းရှိ အဖြူရောင်ဝတ်စုံဖြင့် အမျိုးသမီးကို ကြည့်နေမိသည်။ သူ့အကြည့်က ထာဝရ တည်ရှိ ကြာမြင့်တော့မည့်နှယ်။
***