← Chapters

ထိုအကြည့်…

Vol. 120 Ch. 1660

ထိုအကြည့်…

Vol. 120 Ch. 1660

တစ်နာရီ ကြာပြီးနောက် ပုံရိပ်ယောင်ပုံရိပ်သည် လူတိုင်းရှေ့တွင်ပင် ပျောက်ကွယ်သွားသည်။ ဝမ်လင်း၏မျက်လုံးရှေ့ကနေ ပျောက်ကွယ်သွား၏။ သင်္ဘောသားများအားလုံးသည် တုန်ယင်နေကြဆဲ ဖြစ်ကာ သူတို့သည် ငြိမ်သက်တိတ်ဆိတ်နေသည်။

သူတို့သည် ထိုပုံရိပ်အတွင်း တွေ့မြင်ခဲ့ရသည့်အရာကို မေ့နိုင်တော့မည် မဟုတ်ပေ။ အထူးသဖြင့် မီးတောင်ပေါက်ကွဲနေစဉ် ပြန့်ကျဲနေသော မီးလောင်ကျောက်စကျောက်နများကိုပင်။ ထိုမြင်ကွင်းက သူတို့ကို ၎င်းပုံရိပ်သည် အစစ်အမှန်လား၊ အတုအယောင်လား မခွဲခြားနိုင် ဖြစ်စေသည်။ သို့သော် သူတို့က ၎င်းမှာ ပင်လယ်ပြင်စိတ်ဝိညာဉ်၏ ဒေါသဟု သိထားကြ၏။

ဝမ်လင်းသည် သင်္ဘောပေါ်တွင် မှီနေပြီး သူ့ခွန်အားအားလုံး ဆုံးရှုံးသွားသည့်အလား။ သူ့ ပါးရေနားရေတွန့်နေသော မျက်နှာထက်မှ မျက်ရည်များ စီးကျနေလျက် သူ့အဝတ်အစားများမှာ စိုရွှဲနေသည်။ သူသည် ပျောက်ကွယ်သွားသော ပုံရိပ်ကို ကြည့်၏။ သူ့စိတ်မှာ ဗလာကျင်းနေသည်။ သူ့ စိတ်ထဲ၌ ကျန်နေခဲ့သည့်အရာဟူ၍ ထိုနူးညံ့သော အဖြူရောင်ပုံရိပ်အမျိုးသမီးသာ ဖြစ်လေ၏။

“ဒါဟာ အစစ်အမှန်လား၊ အတုအယောင်လား။ ဒါဟာ အိပ်မက်တစ်ခုလား…” အချိန်အတန်ကြာပြီးနောက် ဝမ်လင်းသည် ခေါင်းယမ်းကာ ပင်လယ်ပြင်ကို ကြည့်သည်။

အချိန်ကုန်လွန်လာသည်။ တစ်လ၊နှစ်လ၊သုံးလ…။

ဝမ်လင်း၏ ပင်လယ်ပြင် ခရီးစဉ်သည် ကိုးလမြောက်တွင် သူသည် ပင်လယ်ပြင်၏ အစစ်အမှန်ဒေါသကို တွေ့မြင်ရလေသည်။ ညပိုင်း၌ ကောင်းကင်တပြင်လုံး တိမ်စိုင်တိမ်မည်းများ ပြည့်ဖုံး၊ မိုးကြိုးလျှပ်စီးများ ပြည့်နေသည်။ လျှပ်စီးများ တလက်လက် လင်းလက်ကာ ပင်လယ်ထဲသို့ မိုးကြိုးတန်းများ ပစ်ချ၏။ ထိုအခါ ကောင်းကင်ယံမှာ မှောင်လိုက်၊လင်းလိုက် ဖြစ်ရသည်။

လျှပ်စီးလင်းလက်သွားတိုင်း ပင်လယ်ပြင်မှာ လင်းထင်းသွားသည်။ ထိုမျှလင်းလက်သွားသည့်အချိန်အတွင်း သင်သည် မြောက်တက်နေသော လှိုင်းလုံးများကို တွေ့မြင်ရလိမ့်မည်။ ကြမ်းကြုတ်သော လှိုင်းသံများသည် မိုးကြိုးပစ်သံနှင့် နင်လားငါလား ယှဉ်ပြိုင်နေ၏။

လေပြင်းများ တိုက်ခတ်နေ၏။ သင်္ဘောသားတိုင်းသည် သည်ပင်လယ်ပြင် ဒေါသပုန်ထနေသည်ကို အန်တု၍ သင်္ဘောကို သေသေချာချာ ထိန်းနေရင်း သေခြင်းရှင်ခြင်းကြား ကြောက်ကြောက်လန့်လန့် ရုန်းကန်နေကြသည်။

လူတိုင်း ဆုတောင်းနေကြ၏။ လူတိုင်းသည် နောင်နေ့အလင်းကို မမြင်နိုင်မှာစိုး၍ သူတို့၏ နောက်ဆုံးစကားများကို ချန်ထားခဲ့ချင်ကြသည်။

မုန်တိုင်းထန်နေ၏။ မိုးကြိုးသံ တုန်ဟည်းနေ၏။ လျှပ်စီးများလက်နေ၏။ ကြောက်မက်ဖွယ်လှိုင်းတံပိုးများ ထနေ၏။

ညနက်ထဲ၌ ဝမ်လင်းက သင်္ဘောပေါ်တွင် ရပ်နေပြီး သူ့ဘေးရှိ တိုင်လုံးတစ်ချောင်းကို မြဲမြဲကိုင်ထားသည်။ သူ့ခန္ဓာကိုယ်မှာ အပြင်းအထန် တုန်ယင်နေသည်။ လေပြင်း တိုက်ခတ်လာသည်နှင့် သူ့အဝတ်အစားများ ရွှဲနစ်ကုန်သည်သာ။ သူ့ဆံပင်ဖြူများထံမှ ရေစက်များ တပေါက်ပေါက် ကျနေသည်။ သို့သော် သူ့မျက်လုံးတို့ကမူ တောက်ပနေသည်ပင်။

လှိုင်းတံပိုးထံ ဒေါမာန်ကြီးနေသော ပင်လယ်ပြင်ကို ကြည့်နေရင်း သူ့မျက်လုံးသည် ပိုပို တောက်ပလာသည်။ သူ့စိတ်နှလုံးမှာ ဒီလောကတစ်ခွင် ခြုံလွှမ်းနိုင်သည့်အထိ အဆုံးမရှိ ချဲ့ကားလာသည်။

“ဒါဟာ ကောင်းကင်ဘုံရဲ့ စွမ်းအားပဲ။ ဒါကမှ အစစ်အမှန် အမှန်တရားပဲ။ ဒါဟာ သဘာဝရဲ့ ကြမ်းကြုတ်မှုပဲ…” ဝမ်လင်းသည် ရယ်မောလိုက်၏။ သူ၏ရယ်သံသည် လှိုင်းသံလေသံများနှင့် ယှဉ်ပါက အားနည်းလွန်းသည်။ သို့သော် သူ့စိတ်နှလုံးသား၏ ခွန်အားကိုမူ ဖော်ကျူးပေသည်။

သူသည် ရှင်သန်ဖို့ ရုန်းကန်နေသော သင်္ဘောသားများကို စောင့်ကြည့်နေ၏။ သူသည် လှိုင်းတံပိုးများကြား ပေါ်လိုက်မြုပ်လိုက် ဖြစ်ကာ ယိမ်းခါနေသော သင်္ဘောကို ကြည့်နေ၏။ ဝမ်လင်းသည် ထိုလူများကို ကြည့်နေရာ သူတို့၏စိတ်နှလုံးတွင်းရှိ လက်မခံနိုင်မှု၊ ငြင်းဆန်သောဆန္ဒကို တွေ့မြင်သည်။

သို့ပေမည့် ထိုဆန္ဒသည် အားပျော့သည်။ လေနှင့်မိုး၏ ရှေ့တွင် မပြောပလောက်တော့ပေ။

လေများလှိုင်းများ ပိုကြမ်းလာ၏။ အားကောင်းသော လှိုင်းတစ်ခု ကျရောက်လာကာ တော်တော်များများကို ဖျက်စီးသွားသည်။ ၎င်းက ရှောင်ဖို့ ကြိုးစားလိုက်သော သင်္ဘောသားတစ်ယောက်ပေါ်သို့ ကျရောက်သွား၏။ ထိုသူမှာ အချိန်မီ လှိုင်းတံပိုးကို မရှောင်လိုက်နိုင်ပေ။ ကံကောင်းစွာဖြင့် သူသည် ဒဏ်ရာအပြင်းအထန် မရလိုက်ပေ။ သူသည် ရုန်းကန်၍ ကုန်းထလာ၏။ သူက ကြိုးစများကို ဆွဲကာ ရှင်သန်ဖို့အတွက် ဆက်လက် ရုန်းကန်သည်။

သို့သော် သည်သင်္ဘောမှာ လှိုင်းတံပိုးများကြား အထီးကျန်သစ်ရွက်တစ်ရွက်အလား ဖြစ်နေ၏။ ၎င်းထံ၌ ပင်လယ်ကို အံတုနိုင်သည့် စွမ်းအား မပိုင်ဆိုင်ထားသည့်နှယ်။ သင်္ဘောတစ်ခုလုံးသည် ဆက်၍ တောင့်မခံနိုင်တော့ဘဲ မကြာခင် ပျက်စီးကြေမွတော့မည်ဟုပင် ထင်ရလေသည်။

မျှော်လင့်ချက်မဲ့သော အငွေ့အသက်က သင်္ဘောတစ်ခုလုံးအနှံ့ စိမ့်ဝင်ကာ လူတိုင်း၏နှလုံးသားတွင်း ပြည့်နှက်သည်။ ဝမ်လင်းသည် တိုင်ကို ဆက်၍ ကိုင်ထားခြင်း မရှိတော့ဘဲ သူ့အိုမင်းသည် အသက်အရွယ်ကို လစ်လျူရှု၍ သင်္ဘောသားများကို အကူအညီပေးသည်။ သူသည် ပင်လယ်လှိုင်းကို ခုခံနိုင်ဖို့ အကောင်းဆုံး လုပ်ဆောင်၏။

“အလျှော့မပေးနဲ့။ ငါတို့မှာ ခွန်အားရှိတယ်…” သက်လတ်ပိုင်းလူတစ်ယောက်သည် ကြိုးစတစ်စကို ကိုင်ထားရင်း အောက်သို့ စုန်ကျသွား၏။ လှိုင်းများက သူ့ဘေးကနေ ဖြတ်ကျော်သွားသည်။ ထိုသေရေးရှင်ရေးအခိုက်အတန့်တွင် သူသည် သူ သိသမျှ ပင်လယ်ပြင်သီချင်းများကို စတင်ဆိုလေတော့သည်။

အသက်နှစ်ဆယ်ပင် မပြည့်သေးသော ဆယ်ကျောက်သက်ကောင်လေးတစ်ယောက်ကလည်း သူ့နှဖူးထက်မှ ချွေးများကို သုတ်ကာ အော်ပြောလိုက်သည်။ “မျှော်လင့်ချက်ထားကြ။ ငါတို့မှာ အိပ်မက်တွေ ရှိသေးတယ်…” သူက အော်ဟစ်၍ သူ့ကိုယ်သူ အားတင်းလိုက်သည့်အလား။

“နောက်မတွန့်နဲ့။ ငါတို့မှာ မနက်ဖြန်ဆိုတာ ရှိလာလိမ့်မယ်…” ပိုပိုများပြားသော သင်္ဘောသားများသည် သူတို့စိတ်ထဲရှိသည့် သီချင်းများကို ပင်လယ်လေနှင့်လှိုင်းများကြား စတင် သီဆိုတော့သည်။ သူတို့၏အသံများသည် အတူတကွ ပဲ့တင်ထပ်ရာ ရှင်သန်လိုစိတ်အဖြစ် ပေါင်းစည်းသည်။

“အလျှော့မပေးနဲ့…ငါတို့မှာ ဆန္ဒရှိနေဆဲ…”

“မျက်လုံး မမှိတ်လိုက်နဲ့ ငါတို့ နေထွက်တာကို ကြည့်ရအုံးမယ်…”

“ကောင်းကင်နဲ့မြေကြီးဟာ ခွန်အားကြီးပါတယ်။ ဒါပေမဲ့ သူတို့ဟာ ငါတို့ရဲ့ ရှင်သန်လိုစိတ်နဲ့ အော်ဟစ်သံကို မဖုံးကွယ်ထားနိုင်ပါဘူး။ ငါတို့ဟာ ပင်လယ်ပြင်မှာ ရွက်လွင့်ခဲ့တယ်။ သေမှာ ဘယ်ကြောက်ပါ့မလဲ။ ပင်လယ်ပြင်စိတ်ဝိညာဉ်ဟာ ငါတို့ကို လန့်အောင် လုပ်နိုင်ပေမယ့် ငါတို့ကို စိတ်ဓာတ်ကျအောင် လုပ်နိုင်ပေမယ့်…ငါတို့ရဲ့ သီချင်းသံကိုတော့ ဘယ်လာ တားနိုင်ပါ့မလဲ…”

သင်္ဘောသားအားလုံးသည် ဟင်္သာပြဒါးဂြိုဟ်အနှံ့ ရှေးအချိန်များကတည်းက လက်ဆင့်ကမ်းခဲ့သော ထိုသီချင်းကို အော်ဟစ် သီဆိုကြလေသည်။

ထိုအသံများက သတ္တိအားကို ပေးစွမ်းလေ၏။ ရှင်သန်လိုစိတ်နှင့် သေခြင်းတရားအပေါ် အံတုလိုစိတ်ကို ပေးစွမ်းလေ၏။ ဝမ်လင်းသည် ထိုသီချင်းအော်ဟစ်ဆိုသံကို ကြားရသည့်အခါ သူ့ခန္ဓာကိုယ်သည် တုန်ယင်လာ၏။ သူ့မျက်လုံးသည် အရင်ထက် ပိုတောက်ပလာသည်။

“ဒါဟာ ကောင်းကင်ဘုံကို ဖိဆန်တဲ့ စိတ်ဆန္ဒပဲ။ ကောင်းကင်နဲ့မြေကြီးကို အန်တုဆန့်ကျင်တဲ့ စိတ်ဆန္ဒပဲ။ သေခြင်းရှင်ခြင်း၊ သေခြင်းရှင်ခြင်း။ ဒီဖိဆန်တဲ့ စိတ်ဆန္ဒဟာ သေခြင်းရှင်ခြင်းကြားမှာ မွေးဖွားလာခဲ့တာ…”

“စိတ်ဆန္ဒသာ မရှိရင် သေခြင်းရှင်ခြင်းဆိုတာလည်း မရှိဘူး။ ရှင်သန်ခြင်းဟာ ရှင်သန်ခြင်းသာ ဖြစ်တယ်။ သေဆုံးခြင်းဟာလည်း သေဆုံးခြင်းသာ ဖြစ်တယ်…။ ငါ နားလည်ပြီ…” ဝမ်လင်း၏စိတ်သည် တုန်ယင်နေ၏။ သူသည် ကံမ္မ၊သေခြင်းရှင်ခြင်း၊ အမှန်နှင့်အမှားတို့ကို အလုံးစုံ ဖြတ်မမြင်နိုင်သေး၍ စိတ်ရှုပ်ထွေးမှု ရှိနေဆဲပင်။ သို့ပေမည့် သူသည် သင်္ဘောသားများ၏ သီချင်းသံကို ကြားသည့်အခါ ရုတ်တရက် သူသည် ဉာဏ်အလင်း ရလာခဲ့သည်။

သေခြင်းနှင့်ရှင်ခြင်း။

လူတိုင်းသည် သေခြင်းရှင်ခြင်းကို ကြောက်လန့်ကြ၏။ ထိုကြောက်ရွှံ့မှုကနေ လမ်းကြောင်းနှစ်ခု ကွဲသွားသည်။ လမ်းတစ်လမ်းမှာ နာခံခြင်း ဖြစ်ပြီး နောက်တစ်လမ်းမှာ ဖိဆန်ခြင်းပင်။

သေခြင်းရှင်ခြင်းကို လိုက်နာခြင်းသည် သေခြင်းရှင်ခြင်း၏ ပထမဆုံးနယ်ပယ်သာ ဖြစ်သည်။

သို့ပေမည့် ၎င်းကို ဖိဆန်သောစိတ်ဆန္ဒအဖြစ် ပြောင်းလဲခဲ့ပါက ရှင်သန်ခြင်းကို ရှင်သန်ခြင်းဟု မမြင်၊ သေခြင်းကို သေခြင်းဟု မမြင်ဟု ဆိုလိုမည်ပင်။ ၎င်းမှာ ဒုတိယနယ်ပယ်ပင်။

လူအများက သေခြင်းရှင်ခြင်းကို ဖြတ်မြင်သည်ဟုသော စကားကို ဆိုတတ်ကြ၏။ သို့သော် အမှန်ကမူ လူတစ်ယောက်သည် သေခြင်းရှင်ခြင်းကို ဖြတ်မမြင်နိုင်ပေ။ အများဆုံးမှ လူတစ်ယောက်သည် သေခြင်းရှင်ခြင်းကို ရှင်းလင်းစွာ မြင်ဖို့သာ တတ်နိုင်ပေမည်။

ထိုဖိဆန်သော ဆန္ဒဖြင့် လူတစ်ယောက်သည် သေခြင်းရှင်ခြင်းကို လစ်လျူရှု၍ ရှင်သန်ခြင်းဟူသည် ပျော်ရွှင်မှု၊ သေရမှာ စိုးထိတ်နေဖို့ မလိုဟု ပြောနိုင်ပေမည်။ ၎င်းကား သေဖို့ ဆုံးဖြတ်ထားခြင်းသာ ဖြစ်ပြီး သေခြင်းရှင်ခြင်းကို ဖြတ်မြင်နိုင်ခြင်း မဟုတ်သေးပေ။

သေခြင်းရှင်ခြင်း၏ တတိယမြောက်နယ်ပယ်။ ဝမ်လင်း ရှာဖွေနေသည့်အရာမှာ သေခြင်းရှင်ခြင်းကို ဖြတ်မြင်နိုင်ဖို့၊ ဖိနှိပ်နိုင်ဖို့ မဟုတ်ပေ။ ၎င်းမှာ စကားတစ်ခွန်းစာတစ်ကြောင်းမျှသာ ဖြစ်၏။

၎င်းစာသားက ဝမ်လင်း၏စိတ်ထဲတွင် ပြည့်နေ၏။ သို့သော် သူက ၎င်းကို မပြောနိုင်ပေ။ တစ်ခုခုက သူ မပြောနိုင်အောင် ကာဆီးထားသည့်အလားပင်။

မိုးထဲလေထဲ၌ သေခြင်းရှင်ခြင်းအပေါ် ငုံ့ကြည့်သည့် သဘောရသည့် သည်စကားလုံးများသည် မိုးကြိုးသံတို့ကိုပါ ပျောက်ကွယ်သွားစေတော့၏။ လျှပ်စီးများကို လွင့်ပြယ်သွားစေ၏။ လေနှင့်လှိုင်းများကို တည်ငြိမ်သွားစေ၏။ ညသည် တဖြည်းဖြည်း ကုန်လွန်လာကာ နေ့တစ်နေ့၏ အာရုံဦးချိန် ရောက်လာသည်။ သေခြင်းရှင်ခြင်းအပေါ် ရှင်သန်လိုစိတ်ဖြင့် ဟစ်ကြွေးသီဆိုသံများသည် ဒီသင်္ဘောတစ်ခုလုံးတွင် ပဲ့တင်ထပ်လေသည်။

ဝမ်လင်းသည် ထိုသင်္ဘောသားများကို ကြည့်၍ ပြုံးမိ၏။ သူသည် သင်္ဘောဦးတွင် ထိုင်ချကာ မြင့်တက်လာသော နေမင်းကို ကြည့်သည်။ သူသည် နေထွက်လာစဉ် အဖြူရောင်ငှက်တစ်ကောင် ပျံသန်းသည်ကို တွေ့မြင်သည်။

ပင်လယ်ပြင်ထဲရှိ ဆယ့်တစ်လမြောက်တွင် မိုးကုပ်စက်ဝန်းတွင် ကုန်းမြေတစ်ခု မြင်နိုင်ရလေပြီ ဖြစ်၏။ သူတို့က ကုန်းမြေကို တွေ့သည့်အခါ ပျော်ရွှင်စွာဟစ်အော်သံများ သင်္ဘောပေါ်၌ ပဲ့တင်ထပ်လေသည်။

ဝမ်လင်းသည် တစ်နှစ်နီးပါး သိခဲ့သော သင်္ဘောသားများကို နှုတ်ဆက်စကား ပြောခဲ့၏။ သူသည် ထိုသင်္ဘောထံမှ ထွက်လာကာ သည်မရင်းနှီးသော သူစိမ်းကုန်းမြေသို့ ရောက်လာခဲ့လေပြီ။

ဤနေရာတွင် သူ့အိပ်မက်ထဲ၌ သိခဲ့ဖူးသော ကလန်များစွာ၊ ကျင့်ကြံသူများစွာနှင့်အတူ သေမျိုးနိုင်ငံများစွာလည်း ရှိနေနိုင်သည်။ သည်နိုင်ငံများကြားတွင် ဟိုဖန်နိုင်ငံဟု ခေါ်သော နိုင်ငံတစ်နိုင်ငံလည်း ရှိနေလေမည်။

ဝမ်လင်းသည် သူ့မွေးရပ်မြေကနေ ပင်လယ်ပြင်ကို ဖြတ်၍ ဒီကုန်းမြေပေါ်တွင် တည်တည်ငြိမ်ငြိမ် လျှောက်လာခဲ့သည်။ သူသည် လျှောက်လာနေရင်း မရင်းနှီးသော၊ တောင်များ၊ မျက်နှာများကို တွေ့မြင်သည်။

သူ့ဘဝ၌ သူသည် ဒီနေရာသို့ အရင်က ရောက်မလာခဲ့ဖူးသော်လည်း လွန်ခဲ့သောဆယ်နှစ်တည်းက သူ၏အမည်ဂုဏ်သတင်း ပျံ့နှံ့ခဲ့သော နေရာများစွာထဲ၌ ဤကုန်းမြေလည်း ပါဝင်ပေသည်။

သူသည် သူ့မွေးရပ်မြေတွင် ရှိစဉ်ကလောက် မကျော်ကြားလှသော်လည်း ဤက ဝမ်လင်းအတွက် ဂရုစိုက်မည့် အရာ မဟုတ်ပေ။ သူသည် ခရီးသည်တစ်ဦးသာ ဖြစ်၏။ သူသည် ဒီကုန်းမြေအနှံ့ဆက်၍ ခရီးဆက်မည်ပင်။ သူသည် တောင်များ၊မြစ်များ၊ မြို့များ၊နိုင်ငံများကို ဖြတ်သန်းသွားမည်။

ဖျပ်ခနဲအတွင်း သုံးနှစ်တာ ကုန်လွန်သွားခဲ့လေပြီ။

သူ ကျောက်နိုင်ငံကနေ ထွက်လာခဲ့သည်မှာ ဆယ့်ကိုးနှစ်တိုင်ခဲ့လေပြီ။ ဝမ်လင်း၏ခန္ဓာကိုယ်မှာလည်း အရင်ကလောက် ကျန်းမမသန်စွမ်းတော့ပေ။ သူ ပို၍ ပင်ပန်းလာခဲ့၏။ သူ့လက်ထဲတွင် တောင်ဝှေးတစ်ချောင်းကို ကိုင်ထား၏။ သို့သော် သူက ဆက်၍ ခရီးနှင်ဆဲပင်။

သူသည် ကလန်များစွာသို့ သွားရောက်ခဲ့၏။ သူသည် အင်မောတယ်များစွာကို တွေ့မြင်ခဲ့သည်။ သေမျိုးအင်ပါယာများကိုလည်း တွေ့မြင်ခဲ့သည်။ သည်တစိမ်းကုန်းမြေတွင် တဖြည်းဖြည်းဖြင့် သူ့နာမည်ကို လူများစွာက ပိုပို သိလာကြသည်။

မည်သည့်နိုင်ငံဖြစ်ဖြစ်၊ မည်သည့်ကလန်ဖြစ်ဖြစ် သည်နေရာရှိ လူအားလုံးသည် ဝမ်လင်းကို ဒီမျိုးဆက်၏ မဟာပညာရှိအဘိုးအိုတစ်ယောက်ဟု သိရှိကြသည်။ သူသည် လောကအနှံ့ ခြေဆန့်ကာ တစ်စုံတစ်ခုကို ရှာဖွေနေလေသည်။

သူသည် အသက်ပိုရလာလေလေ စကားပိုနည်းလာလေပင်။ သူ စကားကို မကြာဆိုသလို ပြောဖို့ မလိုတော့ပေ။ သူ့မျက်လုံးထဲရှိ ဉာဏ်ပညာဖြင့်ပင် လူအများကို မိန်းမောသွားစေနိုင်၏။ ထိုသူများ ပြန်သတိဝင်နိုးထလာသည့်အခါတွင်လည်း မည်သို့ မိန်းမောသွားခဲ့သည်ကို သိမည် မဟုတ်ပေ။

ဆယ့်ကိုးနှစ်မြောက်၏ ဆောင်းဦးရာသီတွင် ဝမ်လင်းသည် မီးတောင်များ ပြည့်နေသော နေရာတစ်ခုသို့ ရောက်လာသည်။ သူ ရောက်လာချိန်၌ အဝေးတွင် မီးတောင်တစ်ခု ပေါက်ကွဲနေသည်။ ဝမ်လင်းသည် ကောင်းကင်ထက်သို့ မြင့်တက်နေသော မီးခိုးလုံးများကို မြင်သည်။

အကွာအဝေးတစ်ခုမှ အပူလှိုင်းတစ်ခုက သူ့အပေါ်သို့ ကျရောက်လာ၏။ ဝမ်လင်းသည် ခေါင်းမော့ကာ ကောင်းကင်ထက်ရှိ အနက်ရောင်မီးခိုးငွေ့များကို ကြည့်သည်။ သူ့အိုမင်းသော မျက်လုံးထဲ၌ အရင်က လုံးဝ မဖြစ်ပေါ်ခဲ့ဖူးသော ညင်သာသောအကြည့်တစ်ခု လှစ်ဟပေါ်သည်။

သူသည် မီးခိုးငွေ့ကြားကနေ လှမ်းလျှောက်လာသော အဖြူရောင်ပုံရိပ်တစ်ခုကို တွေ့မြင်သည်။ ထိုပုံရိပ်သည် အမျိုးသမီးတစ်ယောက် ဖြစ်ပြီး အလွန်လှ၏။ သူမသည် ဒီပေါက်ကွဲနေသော မီးတောင်များထံမှ တစ်စုံတစ်ခုကို စုဆောင်းနေဟန် ရပြီး လက်ထဲတွင် ကျောက်စိမ်းပုလင်းတစ်လုံးကို ကိုင်ထားသည်။ သူမသည် လှည့်လာရာ အဝေးရှိ ဝမ်လင်းကို လှမ်းမြင်လိုက်သည်။

သူမ၏အကြည့်က ဝမ်လင်း မေ့နိုင်မည့် မဟုတ်သော တစ်စုံတစ်ရာပင်။ သူ့ခန္ဓာကိုယ်ကိုပါ တုန်ယင်သွားမိစေသည်။ သူသည် ထိုအကြည့်ကို ရဖို့ နှစ်ပေါင်းတစ်ထောင်ကျော် စောင့်ဆိုင်းနေခဲ့ရသည့်အလား။ သည်နေရာသို့ လာ၍ သည်အကြည့်ကို တွေ့ရဖို့ သူ့တစ်သက်လုံး စောင့်ဆိုင်းနေခဲ့ရသည့်နှယ် ထင်မှတ်ရလေသည်။

All Chapters