အိပ်မက်ထဲက မေးခွန်း
Vol. 121 Ch. 1661
မိန်းမပျိုတစ်ယောက်၏ အလှတရားကို သူမ လှည့်၍ စောင်းငဲ့ကြည့်လိုက်ချိန်၌ ပေါ်လွင်သည်ဟု ရှေးစကား ရှိပေသည်။ သို့ပေမည့် ဒီအဖြူရောင်ဝတ်စုံဖြင့် အမျိုးသမီးကမူ လှည့်ကြည့်လာရုံသာ ရှိပြီး မပြုံးပေ။ ထိုမြင်ကွင်းကပင် ဝမ်လင်းအတွက် လုံလောက်သည်ထက် ပိုနေလေပြီ။
ထိုအကြည့်မှာ အတော်လေး တစိမ်းဆန်လှ၏။
အဖြူရောင်ဝတ်စုံဖြင့် အမျိုးသမီးသည် ဝမ်လင်းကို လှည့်ကြည့်လိုက်သော်လည်း ရင်းနှီးသည့်ဟန်အမူအရာ လုံးဝ မပြပေ။ သူမက သူစိမ်းတစ်ယောက်ကို လှမ်းကြည့်လိုက်သည့်အလား။
သူမက သူမ၏အကြည့်ကို ပြန်ရုတ်သိမ်းလိုက်ပြီးနောက် နောက်လှည့်ကာ အကွာအဝေးတစ်ခုထံသို့ ပျံသန်းသွားလေ၏။
ဝမ်လင်းသည် သူမကို မမြင်ရတော့သည့်အထိ မင်သက်ကာ စိုက်ကြည့်နေ၏။
ထိုအကြည့်တစ်ချက်က အတိတ်ကို တမ်းတအောက်မေ့ ပြန်မြင်ယောင်မိသွားစေသည်။ ဝမ်လင်းသည် မျက်လုံးမှိတ်လိုက်၏။ အချိန်အတန်ကြာပြီးနောက် သူက သက်ပြင်းချလိုက်မိသည်။
“ငါ့တဘဝလုံး ရင်းနှီးသလို ခံစားမိတဲ့ လူတွေအားလုံးနဲ့ တွေ့ခဲ့တယ်။ ဥပမာ ကျိုးယု၊ ရှုဖေးနဲ့ လျှိုမေတို့လို့မျိုးပေါ့…”
“ငါ ကျောက်နိုင်ငံကနေ ထွက်လာခဲ့တာ ဆယ့်ကိုးနှစ်ရှိခဲ့ပြီ။ ငါ့အိပ်မက်ထဲမှာ တွေ့မြင်ခဲ့တဲ့ ကျင့်ကြံသူတွေအားလုံးကလည်း ငါ့ကို ဒီလိုပဲ ရင်းနှီးသလို ခံစားမှု ပေးတာပဲ…”
“သူမ တစ်ယောက်တည်းကသာ…သူမကသာ…”
ဝမ်လင်း၏မျက်နှာသည် ပို၍ပင် အိုစာသွားသည်။ သူသည် သစ်ပင်အိုကို မှီ၍ မျက်လုံး ပြန်ဖွင့်လိုက်သည်။ သူ့မျက်လုံးထဲ၌ ရှုပ်ထွေးသောစိတ်ခံစားမှု လှစ်ဟပေါ်၏။
ဝမ်လင်းသည် ရှေ့သို့ မှိုင်းထိုင်းစွာ ဆက်လျှောက်လာနေရင်း ခါးသီးစွာ ခံစားမိသည်။
သူသည် မည်မျှဝေးဝေး လျှောက်ခဲ့ပြီးသည်ကို မသိပေ။ သူသည် နေဝင်ချိန်၊နေထွက်ချိန်တို့ကိုလည်း မမြင်ပေ။ သူသည် ဝေးသထက်ဝေးစွာ ဆက်လျှောက်နေသည်။
တစ်နေ့ပြီးတစ်နေ့၊ တစ်လပြီးတစ်လ။
သူ့မျက်လုံးထဲရှိ ရှုပ်ထွေးသောအမူအရာမှာ ပို၍ အားကောင်းလာ၏။ သို့သော် သူက ထိုရှုပ်ထွေးမှုကို သုံးကာ သူ သဘောပေါက် နားလည်ခဲ့သော အမှန်တရားကို လှစ်ဟနိုင်ရန် အသုံးပြုဆဲပင်။ သူက အခွင့်အရေးတစ်ခုကို ခံစားမိရ၏။ သူ ကိုယ်တိုင်ပင် မယုံကြည်ရဲသော လိမ်ညာမှုတစ်ခုကို ခံစားမိသည်။
ထို့နောက်တွင် တနေ့၌ သို့မဟုတ် နှစ်တစ်နှစ်၌ သူ့ရှေ့တွင် တောင်တစ်လုံး ပေါ်လာသည်။
၎င်းတောင်မှာ မီးတောင်သေတစ်လုံး ဖြစ်သည်။ အတိတ်တုန်းကတော့ သည်မီးတောင်သည် ချောရည်ပူများ အဆက်မပြတ် ပန်းထွက်ခဲ့တာ ဖြစ်နိုင်ကောင်းသည်။
သို့ပေမည့် ခုချိန်တွင်တော့ မီးတောင်သေ ဖြစ်သွားခဲ့လေပြီ။
ဝမ်လင်းသည် ထိုမီးတောင်သေအောက်ခြေတွင် ရပ်လိုက်၏။ သူက ထိုတောင်ကို ရီဝေစွာ ကြည့်နေသည်။ အချိန်အတန်ကြာပြီးနောက် သူ့မျက်လုံးထဲရှိ စိတ်ရှုပ်ထွေးမှုသည် ပြိုပျက်စီးသွား၏။ သူ့ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်ကာ သူသည် နောက်သို့ ခြေလှမ်းအနည်းငယ် အလိုလို ဆုတ်လိုက်မိသည်။
“ဒါပဲကို…” ဝမ်လင်းက ထိုတောင်နှင့် ရင်းနှီးပေ၏။ သည်တောင်မှာ သူ ပင်လယ်ပြင်ကို ဖြတ်သန်းလာခဲ့စဉ် တွေ့မြင်ခဲ့ရသော မီးတောင်ပေါက်ကွဲနေသည့် ပုံရိပ်ယောင်မြင်ကွင်းထဲမှ တောင်နှင့်တူတူပင် ဖြစ်နေ၏။
အက်ကြောင်းနှစ်ခုက နဂါးနှစ်ကောင်အလား ယှက်ထွေးလိမ်ကာ တည်ရှိနေ၏။ ထိုအချက်ကြောင့် ဝမ်လင်းက သည်တောင်ကို ပင်လယ်ထဲ၌ မြင်ခဲ့ရသောတောင်ဟု ပြောနိုင်ခြင်းပင်။
ထိုတောင်ကို ကြည့်ကာ ဝမ်လင်းသည် သူ့ကိုယ်သူ ဆက်၍ မလှည့်ဖြားတော့ပေ။
သူ့စိတ်သည် တုန်ယင်နေ၏။ ပထမဆုံးအကြိမ်အဖြစ် သူသည် သူ့ကိုယ်သူနှင့် လောကကို ရင်ဆိုင်လေပြီ။
“အတိတ်တုန်းတည်းက ငါ သိသင့်ခဲ့တာ။ ဒါပေမဲ့ ငါ ဒါကို မယုံကြည်ချင်ခဲ့ဘူး။ ငါဟာ ငါ့ကိုယ်ငါ လှည့်ဖြားနေခဲ့တာ။ မင်းကလည်း မင်းကိုယ်မင်း လိမ်နေခဲ့တာ…” ဝမ်လင်းသည် မီးတောင်သေထံ လက်ညှိုးထိုးကာ ရယ်မောလေ၏။ သူ့ရယ်သံထဲ၌ ဝမ်းနည်းမှုတို့ ပြည့်နေသည်။
“သူမ တစ်ယောက်တည်းပဲ...သူမဟာ ငါ့အပေါ်မှာ ရင်းနှီးတဲ့ခံစားမှုမျိုး ရှိမနေခဲ့ဘူး။ အဲ့အကြည့်ကလည်း ထူးဆန်းတယ်။ ဝမ်လင်း…အာ…ဝမ်လင်း…အတိတ်ဘဝမှာပဲ ဖြစ်ဖြစ်၊ နောင်ဘဝမှာပဲဖြစ်ဖြစ် မင်းဟာ လီမူဝမ်နဲ့အတူ ရှိမှာပဲ။ အဲ့တာဆိုရင်ရော မင်းက ငါ့ကို လာပြီးတော့ လီမူဝမ်နဲ့ ကြားက ကံမ္မကို ဖြတ်တောက်စေချင်အုံးပါ့မလား…”
“သူမကို လက်လွှတ်ပေးလိုက်ပြီး တစ်ယောက်နဲ့တစ်ယောက် တကယ့်သူစိမ်းတွေလို ဖြစ်လာနိုင်မလား…”
“အိပ်မက်ထဲကအတိုင်း ကျင့်ကြံသူတစ်ယောက်ဖြစ်တဲ့ငါဟာ ငါ့ဘဝအစစ်အမှန်ပဲ။ ဒါဆိုရင်ရော အိပ်ပျော်နေတဲ့ လီမူဝမ်ကို ဝမ်းနည်းရမှုကြောင့် ငါ့အပေါ် မေ့သွားစေအုံးမှာလား…”
“အနာဂတ်မှာဆိုရင်ရော၊ နောက်ထပ် သံသရာစက်ဝန်းတစ်ခု ရှိခဲ့ရင် ဒါမှမဟုတ် သူမဟာ ပျက်စီးနေတဲ့ စဦးစိတ်ဝိညာဉ်အဖြစ် ရှင်သန်နေစရာမလိုတဲ့၊ နာနာကျင်ကျင် စောင့်ဆိုင်းနေစရာ မလိုတော့တဲ့ နေရာမှာ နိုးထလာခဲ့ရင်ရော…”
“သူမ ပျော်ရဖို့အတွက်၊ ငါနဲ့ မတွေ့ဆုံခင်ရလို သူမရဲ့ ဘဝကို အေးအေးချမ်းချမ်း နေနိုင်ခဲ့ရင်ကော…မင်း သူမကို လက်လွှတ်ပေးနိုင်မှာလား…”
ဝမ်လင်းသည် ရယ်မောနေ၏။ သူသည် ရယ်မောနေရင်း မျက်ရည်များ လိမ့်ဆင်းကျလာသည်။
သူသည် ပို၍ လောကရှိ အရာအားလုံးကို နားလည်လာခဲ့၏။ သင်ယူနိုင်ခဲ့၏။ သေခြင်းရှင်ခြင်း၊အမှန်အမှား တို့ကို ဖြတ်မြင်နိုင်ခဲ့ခြင်းက ပုံမှန်ဆို လူတစ်ယောက်ကို စိတ်ရှုပ်ထွေးစေမည်သာ ဖြစ်သည်။ သို့သော် ခုချိန်တွင်မူ သူ့စိတ်နှလုံးမှာ ဆုတ်ပြတ်သပ်အောင် နာကျင်နေရသည်။
“ဝမ်လင်း…တကယ်ပဲ မင်း သူမကို လက်လွှတ်နိုင်လား။ မင်း သူမကိုယ်သူမ မေ့သွားဖို့ တကယ်ပဲ ဆန္ဒရှိရဲ့လား။ နှစ်ပေါင်းနှစ်ထောင်ကျော် အတူရှိခဲ့တဲ့ သူမနဲ့မင်းရဲ့ကြားက ကံမ္မကို ဖြက်တောက်ပစ်ချင်ရဲ့လား…” ဝမ်လင်း၏ အသံသည် ဗလုံးဗထွေး ဖြစ်နေ၏။
“ငါ့ဘဝမှာ အများကြီး တွေ့ကြုံဖြတ်သန်းခဲ့ဖူးပြီ။ ဒါတွေအားလုံးက ကံမ္မတရား ဘေးနားမှာ လည်ပတ်နေခဲ့တာ။ ကံမ္မ…ကံမ္မ…ဝမ်လင်း. မင်းဟာ ဒီကံမ္မကို ဖြတ်မမြင်နိုင်ပါဘူး။ မင်းရဲ့ ကျန်တဲ့ဘဝတစ်လျှောက်လုံး ကျင့်ကြံရင်တောင်၊ မင်းရဲ့ ကျင့်ကြံမှုအဆင့်ဟာ တုန်လှုပ်ဖွယ်ကောင်းနေရင်တောင်၊ မင်းက လောကကို အုပ်ချုပ်နိုင်ခဲ့ရင်တောင် မင်းဟာ ကံမ္မဆိုတာ ဘာလဲ နားလည်နိုင်မှာ မဟုတ်သေးဘူး…”
“မင်းဟာ တာအိုသစ်သီးသုံးလုံးကို ဝါးမြိုခဲ့ပြီး မင်းရဲ့ အိပ်မက်တာအိုမန္တာန်နဲ့ လွန်ခဲ့တဲ့နှစ်နှစ်ထောင်ကို ပြန်သွားခဲ့တယ်။ ရှုပ်ထွေးလှတဲ့ တာအိုဆန္ဒနဲ့အတူ မင်းရဲ့ ကိုယ်ပိုင်အတွေးတွေကို အသုံးပြု၊ တာအိုမန္တာန်ရဲ့ စွမ်းအားကို အသုံးပြုပြီး မင်းမှတ်ဉာဏ်ထဲကနေ ဒီလောကကို ဖန်တီးခဲ့တာပဲ…”
“မင်းက ဒီလောကကို ဖန်တီးခဲ့တာ။ ဒီမှာရှိတဲ့အရာအားလုံးကို မင်းပဲ ဖန်တီးခဲ့တာ။ ဒါကို ငါ မသိဘူးလို့ မင်း တကယ်ပဲ ထင်တာလား…” ဝမ်လင်း၏ရယ်သံမှာ ပို၍ပင် ဗလုံးဗထွေး ဖြစ်လာသည်။
“မင်းက အရာအားလုံးကို အတော်လေး အစစ်အမှန်ဖြစ်အောင် လုပ်ခဲ့တယ်။ အရာအားလုံးကို ပြီးပြည့်စုံစွာ ဖန်တီးခဲ့တယ်။ မင်းဟာ လျှိုကျင်းပြောင်ရှိက လှည့်ဖြားခြင်းတာအိုကိုပါ သင်ယူခဲ့ပြီး အရာအားလုံးကို မေ့ဖို့၊ အိပ်မက်အဖြစ် ရှိစေဖို့ မင်းကိုယ်မင်းပါ အရူးလုပ်ခဲ့တယ်။ ဒါတွေအားလုံးဟာ အိပ်မက်တာအိုမန္တာန်ပဲ။ ဒါပေမဲ့ မင်းငါ့ကို လျှော့တွက်ခဲ့တာ၊ မင်းကိုယ်မင်းလဲ လျှော့တွက်ခဲ့တာ…”
“မင်းဟာ ဝမ်လင်း၊ ချိပ်ပိတ်နယ်မြေအရှင်ပဲ။ မင်းရဲ့ ကျင့်ကြံမှုဟာ ကောင်းကင်ဘုံကို ဖိဆန်တယ်။ မင်းဟာ တတိယအဆင့်ကို မရောက်သေးဘဲ တတိယအဆင့်ကျင့်ကြံသူတွေကို သတ်နိုင်ခဲ့တယ်။ သေခြင်းရှင်ခြင်းကပ်ဘေးမှာ ရှင်သန်နိုင်ခဲ့တယ်။ တတိယအဆင့်ကျင့်ကြံသူတွေရဲ့ လေဟာနယ်နယ်ပယ်ထဲလည်း ဝင်ရောက်နိုင်တော့မှာ…”
“ဒါပေမဲ့ ငါဟာလည်း ဝမ်လင်းပဲ။ ငါ မကျင့်ကြံခဲ့ပေမယ့်လည်း ငါဟာ လောကကို နားလည်တယ်။ လောကရဲ့ အမှန်တရားကို သဘောပေါက်တယ်။ ငါဟာ နတ်ဘုရားတွေ၊ တစ္ဆေတွေကိုလည်း မကြောက်ရွှံ့ဘူး။ မင်း ငါ့ရှေ့မှာ ရှိနေရင်တောင် ဘာဖြစ်သေးသလဲ…”
“မင်းဟာ မင်းကိုယ်မင်း လှည့်ဖြားခဲ့ပြီး မင်းဖန်တီးတဲ့ လောကထဲမှာ မင်းကိုယ်မင်း နစ်မြောစေခဲ့တယ်။ မင်းဟာ တာအိုသစ်သီးသုံးလုံးနဲ့ ဒီလိုမျိုးဖန်တီးမယ်လို့ တွေးထင်ခဲ့တယ်။ မင်းဟာ မင်းရဲ့ ကိုယ်ပိုင်လောကကို ဖန်တီးပြီး ဒီကံမ္မစက်ဝန်းတွေကို ထပ်ခါထပ်ခါ ဖန်တီးခဲ့တယ်…”
“ငါက ဒါကို ဘယ်လိုလုပ် နားမလည်ဘဲ နေပါ့မလဲ…”
“မင်းက လောကအကြောင်း ဉာဏ်အလင်းရဖို့ မဟာပညာရှိတစ်ယောက်နဲ့ တွေ့ချင်ခဲ့တယ်။ ဒါ့ကြောင့် စုတောက် ပေါ်လာခဲ့တာ။ မင်းဟာ လျှိုမေနဲ့ မင်းရဲ့ ကံမ္မကို ဖြက်တောက်ပစ်ချင်ခဲ့တယ်။ ဒါ့ကြောင့် ငါဟာ သူမနဲ့ နှစ်ကြိမ်တွေ့ဆုံခဲ့ပြီး သူမကလည်း ငါ့ကို ဆေးလုံး ပေးခဲ့တာပဲ…”
“မင်းရဲ့ အိပ်မက်တာအို မတိုင်ခင် မင်းဟာ အနီရောင်လိပ်ပြာအကြောင်း ကြားသိခဲ့ရတယ်။ ဒါ့ကြောင့်ပဲ သူမကို မင်းရဲ့ အိပ်မက်ထဲ ခေါ်ဆောင်လာခဲ့တာ။ မင်းဟာ မင်းရဲ့ အိပ်မက်ကို အသုံးပြုပြီး ကံမ္မစက်ဝန်းတစ်ခုကို ပြီးပြည့်စုံစေခဲ့ချင်တာ…”
“မင်းဟာ နန်ထျန်နဲ့ စိတ်ဝိညာဉ်သန့်စင်ခြင်းကလန်တို့နဲ့ ပတ်သတ်လို့လည်း မမေ့နိုင်ဘူး။ ဒါ့ကြောင့် မင်းဟာ မင်ရဲ့ ဖန်တီးထားတဲ့ ဒီလောကထဲမှာ ကံမ္မနောက်တစ်ခုကို ပြီးပြည့်စုံစေခဲ့တာ။ ငါ မသိဘူးလို့ မင်း ထင်တာလား။ အစတုန်းကတော့ ငါ မသိခဲ့ဘူး။ ငါ စိတ်ရှုပ်ထွေးခဲ့တယ်။ ဒါပေမဲ့ ငါဟာ အရူးနဲ့တွေ့ဆုံခဲ့ပြီး သူ့ညာလက်ကောက်ဝတ်ကနေ ရွှေရောင်တောက်ပတာကို တွေ့မြင်ခဲ့တဲ့အချိန်မှာ ငါ သိခဲ့တယ်…”
“ငါလည်း ငါ့ကိုယ်ငါ လှည့်စားခဲ့တာပဲ။ ငါဟာ ဒီအကြောင်းကို အများကြီး မတွေးမိအောင် နေတယ်။ ဒါပေမဲ့ နှစ်ပေါင်းငါးဆယ်ကျော် ဖြတ်သန်းပြီးတဲ့နောက်မှာ ငါဟာ ငါ့ကိုယ်ကိုယ်ကိုယ်ကို နှစ်ပေါင်းငါးဆယ်ကျော် လိမ်ညာခဲ့ပြီး ဖြစ်တယ်။ ဒီနေ့တော့ ငါ ငါ့ကိုယ်ငါ ထပ်ပြီး မလှည့်ဖြားတော့ဘူး…”
“မင်းဟာ ဒါကို ကံမ္မလို့ ထင်ခဲ့တယ်။ ငါ မင်းကို ပြောလိုက်မယ်။ မင်း မှားတယ်။ မင်း လုံးဝမှားတယ်။ ငါ တခြားလူတွေနဲ့ ပတ်သတ်ပြီးတော့ ဂရုမစိုက်ဘူး။ ဒါပေမဲ့ မင်းဟာ လီမူဝမ်နဲ့ ပတ်သတ်တဲ့ ကံမ္မကို ဖြတ်တောက်ပစ်ချင်ခဲ့တယ်။ ငါ ဒါကို လက်မခံနိုင်ဘူး…”
“ဒါဟာ သူမကောင်းဖို့လို့ မင်း ထင်မှာပေါ့။ သူမကို နာကျင်မှု မခံစားဖို့လို့ မင်း တွေးမှာပေါ့။ ဒါပေမဲ့ ဒါတွေအားလုံးဟာ အတုအယောင်ပဲ။ အမှန်တရားဟာ ဘာလဲ၊ အတုအယောင်ဆိုတာ ဘာလဲ။ မင်းဟာ ငါ့လောက်တောင် မသိဘူး။ မင်း ဘာကြောင့် နားမလည်ရတာလဲ။ မင်း ဘာကြောင့် အသိမဝင် မနိုးထလာရတာလဲ…”
“မင်းက ဒီကံမ္မကို ဖြတ်တောက်နိုင်မယ်လို့ တွေးခဲ့တယ်။ ဒါပေမဲ့ မင်း တကယ် ဖြတ်နိုင်လား…” ဝမ်လင်းသည် အော်ဟစ်လိုက်လေ၏။
သူ အော်ဟစ်နေရင်း လောကသည် တုန်ဟည်းကာ အဆုံးမဲ့မိုးကြိုးများ ပဲ့တင်ထပ်၊ ကောင်းကင်ထက်တွင် လျှပ်စီးများ လင်းလက်သည်။ ကောင်းကင်ဘုံသည် ဒေါသထွက်လာသည့်အလား။
ကောင်းကင်ဘုံ ဒေါသထွက်လာသည့်အခိုက်၌ ကောင်းကင်ယံတွင် ဧရာမဝဲကတော့တစ်ခု ပေါ်လာသည်။ ထိုဝဲကတော့သည် ဒီလောကကို ဆုတ်ဖြဲပစ်လိုသည့်နှယ် လည်ပတ်သည်။ ဝဲကတော့အတွင်း၌ အဆုံးမဲ့လေဟာနယ်တစ်ခု ပေါ်လာသည်။
ထိုအဆုံးမဲ့လေဟာနယ်အတွင်း၌ ပါးလျသောအနီရောင်အလင်းတစ်ခု ရှိနေ၏။ ထိုအနီရောင်အလင်းအတွင်း၌ ခန္ဓာကိုယ်နှစ်ခုသည် မျက်လုံးမှိတ်ကာ လဲလျောင်းနေသည်။ တစ်ယောက်က မျက်လုံး ရုန်းကန်၍ ဖွင့်လာပြီး ဝမ်လင်း၏အော်သံက သူ့စိတ်ဝိညာဉ်ကို လှုပ်ခတ်စေကာ နိုးထလာမည့် အရိပ်အယောင် ပြသသည့်အလား။
“မင်း ဒီကံမ္မကို မဖြတ်တောက်ပစ်နိုင်ဘူး…” ဝမ်လင်းသည် သူ့ညာလက်ကို ကောင်းကင်ထက်ရှိ ဝဲကတော့ထံသို့ ညွှန်လိုက်သည်။ သူ့ဆံပင်ဖြူများ လွင့်ဝဲ၏။ စွမ်းအင်တန်းတစ်ခုသည် ကောင်းကင်ထက်သို့ ထိုးတက်သွားသည်။
“မင်း ဒါကို မဖြတ်တောက်နိုင်မှတော့ ငါ့ကို မနှောက်ယှက်နဲ့တော့။ မင်းပြောတဲ့ ကံမ္မဟာ ငါ့အမြင်မှာတော့ ဟာသတစ်ခုပဲ…” ဝမ်လင်းသည် သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်ရာ မိုးကြိုးသံများ တုန်ဟည်း၍ ဝဲကတော့သည် လည်ပတ်ရာကနေ ဖြည်းဖြည်းချင်း ရပ်တန့်သွားသည်။ ဝဲကတော့သည် သေးသထက် သေးလာပြီးနောက် အဖြူရောင်အစက်အပြောက်အဖြစ် ပြောင်းသည်။ ထို့နောက် အဖြူရောင်ငှက်တစ်ကောင် ဖြစ်သွားလေ၏။ ၎င်းငှက်သည် ကောင်းကင်ထက်တွင် အချိန်အတန်ကြာ လှည့်ပတ်ပျံသန်းနေပြီးနောက် အဝေးသို့ ပျံသန်းထွက်သွားတော့သည်။
ဝမ်လင်းသည် အရာအားလုံးကို နားလည်ခဲ့သည်မှာ အချိန်ကြာခဲ့ပြီ ဖြစ်သည်။ သူသည် မဟာပညာရှိ ဖြစ်၏။ သူသည် နားမလည်ဘဲ မည်သို့ နေပါ့မည်နည်း။
“ကံမ္မဆိုတာဘာလဲ။ သေခြင်းရှင်ခြင်းဆိုတာ ဘာလဲ။ အမှန်နဲ့အမှားဟာ ဘာလဲ။ ငါဟာ ဒီမေးခွန်းသုံးခုကြောင့် ရောက်လာခဲ့တာ။ ဘယ်သူကမှ ဒီမေးခွန်းတွေရဲ့ အဖြေကို ငါ့ထက် နားမလည်နိုင်မှာ မဟုတ်ဘူး။ အခုကစပြီး တာအိုသစ်သီးပဲ ဖြစ်ဖြစ်၊ မှတ်ဉာဏ်တွေပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် ဒီအတုအယောင်လောကဖြစ်ဖြစ်…ငါ့ကို လာမနှောက်ယှက်နဲ့တော့…”
***